နာမည်စာရင်းတွင် ရူးသွပ်ဖွယ်ကောင်းလောက်အောင် မြင့်တက်လာခြင်း
Vol. 7 Ch. 673
ဗဟိုဧကရာဇ်မြို့တော်တစ်ဝှမ်းတွင် သတင်းများ တောမီးပမာ ပျံ့နှံ့သွားလေရာ သတင်းကြားလိုက်ရသည့်လူတိုင်း မှင်သက်သွားကြလေသည်။ လူအများစုက ထိုနာမည်ကို မည်သည့်အတွက်ကြောင့်ရင်းနှီးနေမှန်း ပြန်စဥ်းစားလိုက်ရပြီး အချို့မှာ လိုက်ပင်မေးရလေသည်။ သို့သော် နောက်ဆုံးတွင် လူတိုင်း အံ့သြတုန်လှုပ်သွားရသည်သာ ဖြစ်သည်။
အမှန်တကယ်တော့ ထိုနာမည်ကြားလိုက်သည်နှင့် အဖြစ်အပျက်အလုံးစုံကို ချက်ချင်းပြန်သတိရသွားသည့် လူများလည်းရှိ၏။
" မိစ္ဆာပိုင်ပေါ်လာပြီ "
" ဒါဆို သူ မသေဘူးပေါ့။ သူက မြေရိုင်းဒေသထဲရောက်နေတာတောင်မကဘူး ယင်ယန်ဝိညာဥ်အဆင့်ကိုပါ တကယ်ကြီးရောက်နေတာပါလား "
" ချီးတဲ့မှပဲ။ ပေါ်တင်လာချဲတာပဲကွ။ မျက်နှာပြောင်လိုက်တာ။ ယင်ယန်ဝိညာဥ်ပေါ်မှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ရင် ဘာဖြစ်လာမလဲဆိုတာ မိစ္ဆာပိုင်မသိတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ငါတို့အားလုံး သူရောက်နေတယ်ဆိုတာ သိအောင် ဒါတမင်သက်သက်လုပ်တာ "
အများအားဖြင့် ဗဟိုဧကရာဇ်မြို့တော်သည် အံ့သြတုန်လှုပ်နေသည်မှန်သော်လည်း သရဲကြီးတပ်ဖွဲ့ကား ပို၍ပင် ဆိုးသည်။ လူအများစုက ဒေါသတကြီးအော်ဟစ်ဆဲဆို၍ ငရဲကရာဇ်ကျောက်တိုင်ဆီသို့ အပြေးအလွှားသွားနေကြသည်ကို မြင်နိုင်သည်။
အမှန်တွင် ဗဟိုဧကရာဇ်မြို့တော်ရှိ လူတိုင်းမှာ ပိုင်ရှောင်ချန်းနာမည်ကို အထင်မကြီးကြပေ။ လူအများစုက ဇာတ်လမ်းဇာတ်အိမ်များသည် ချဲ့ကားထားခြင်းသာဖြစ်ပြီး သူ့ကဲ့သို့ လူမျိုးအတွက် အုတ်အော်သောင်းနင်းဖြစ်ရန် မထိုက်တန်ဟု တွေးထားကြသည်။
" ဒါက လက်ခံနိုင်စရာအကြောင်းကိုမရှိဘူး။ ပိုင်ရှောင်ချန်း အင်မတန်ကြွားတတ်တာ ယုံတောင်မယုံနိုင်ဘူး။ ဘဝင်မြင့်နေလိုက်တာ ။ အရှက်ကိုမရှိဘူး "
"ဟမ့်။ ဒါတွေအားလုံးက အလကား ပုံပြင်တွေပဲ မလား။ လူတွေပြောသလို ပိုင်ရှောင်ချန်းက အရေးကြီးတယ်ဆိုတာ ငါမယုံဘူး။ သူက ဘာမှမဟုတ်တဲ့ကောင်ပါကွာ "
" သရဲကြီးတပ်ဖွဲ့က ဘာလို့ လွယ်လွယ် ရှုံးသွားရတာဆိုတာ ဆင်ခြေပေးချင်လို့ လျှောက်ပြောတာပါကွာ။ မဟာတံတိုင်းပေါ်က တခြား ဂိုဏ်းသုံးဂိုဏ်းက စစ်နည်းဗျူဟာတစ်ခုတည်းကိုပဲ သုံးနေတတယ်ဆိုတာ ကောင်းကင်တံတားေဒသက လူတွေဖြစ်နေတာကြောင့်လေ "
တုံ့ပြန်ချက်များက မည်သို့ပင်ဖြစ်စေ တစ်မြို့လုံး တုန်လှုပ်သွားကြသည်။
ပုံမှန်ဆိုလျှင် ဆူညံပွက်လောရိုက်ခြင်းများသည် တမုဟုတ်ချင်း ငြိမ်သက်သွားကြပြီး အရာအားလုံး ပုံမှန်အတိုင်းဖြစ်သွားကြမည်ဖြစ်သည်။ သို့သော် မည်သူမှ မထင်မှတ်ထားသည့် တစ်စုံတခု ဖြစ်ပျက်သွားလေသည်။
ပိုင်ရှောင်ချန်း၏ နာမည်အား လူတိုင်း ကြည့်နေကြစဥ် သူ၏နာမည်သည် နောက်ဆုံးနေရာမှ ပျောက်ကွယ်သွားပြီးနောက် ထိပ်ဆုံး ၂၀ အတွင်း ပြန်ပေါ်လာ၏။
သူ့နာမည်ဘေးတွင်ကား နံပါတ် ၁ မဟုတ်တော့။ နံပါတ်( ၂ ) ဖြစ်နေချေပြီ။
မျက်လုံးများအားလုံးသည် လက်ဖက်ရည်ပန်းကန်ပြားတမျှ ပြူးကျယ်သွားကြပြီး မည်သူမှ တအံ့တသြအော်ဟစ်ရန် အခွင့်အရေးမရလိုက်ခင်မှာပင် ပိုင်ရှောင်ချန်း၏ နာမည်က နောက်တစ်ကြိမ် ပျောက်သွားပြန်သည်။ ဤတစ်ကြိမ်တွင် ၄င်းက အဆင့် ၁၅ သို့ရောက်သွားပြီး ဘေး၌ နံပါတ် ၃ ကို မြင်နိုင်သည်။
သို့သော် ဤမျှနှင့် မပြီးသေး။ ပိုင်ရှောင်ချန်း၏နာမည် ပျောက်သွားပြန်ပြီးနောက် အဆင့် ၈တွင် ပြန်ပေါ်လာသည်။
ထိုနေရာတွင် သူ့နာမည်ဘေးရှိ နံပါတ်သည် လေးဖြစ်သည်။ တခဏကြာသော် ၄င်းက စိတ်စွမ်းအင်အဆင့်ငါးဆဖြင့် အဆင့်လေး တက်သွား၏။
မရေမတွက်နိုင်သော တအံတသြပင့်သက်ရှိုက်သံများ ကြားလိုက်ရသည်။ သို့သော် လူအုပ်ကြီးမှာ အံ့ဩနေသည်ကို မနိုင်မနင်း မျိုသိပ်ထားရသည်ဖြစ်၍ နောက်ဆုံးမထိန်းနိုင်တော့ပေ။
" ဘုရားရေ "
" ငါးဆ.... စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းငါးဆ"
" ဒီကောင် ပိုင်ရှောင်ချန်း ဘယ်လိုတောင် လုပ်နေတာလဲကွာ "
လူတိုင်းမှာ မျက်စိဖြင့်တပ်အပ်မြင်နေသည့်အရာကြောင့် ခေါင်းများချာချာလည်၍ အံသြခြင်းလှိုင်းလုံးကြီးများ တဝုန်းဝုန်းဝင်ဆောင့်လျက် လုံးဝမှင်သက်နေကြပြီဖြစ်သည်။ ချက်ချင်းပင် လူများသည် သူတို့၏ မိတ်ဆွေရောင်ရင်းများ၊ အထက်လူကြီးများထံ သတင်းများ ပေးပို့လိုက်ကြ၏။
ထိုမတိုင်ခင်က လူအနည်းစုသာ ပိုင်ရှောင်ချန်း၏နာမည်ပေါ်လာမှုကြောင့် အံသြမှင်သက်သွားကြသည်ဖြစ်ပြီး အများစုသည် သူ၏ ဂုဏ်သတင်းများက ချဲကားထားသည်ဟု ယုံကြည်ခဲ့ကြလေသည်။ သို့သော် အချိန်တိုလေးအတွင်းမှာပင် သူက ငရဲဧကရာဇ်ကျောက်တိုင်ပေါ်တွင် ငါးဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော ယင်ယန်ဝိညာဥ်ဖြင့် အဆင့် ၄ အထိ တောက်လျှောက်တက်သွားလေသည်။ ချက်ချင်းပင် ဇာတ်လမ်းများချဲ့ကားပြောထားခြင်းဖြစ်သည်ဟု ယုံကြည်ထားသည့် လူများသည် အံသြတုန်လှုပ်စွာ ပင့်သက်ရှိုက်လိုက်ကြရတော့သည်။
"ဘာ။ သူက သူ့ရဲ့ ယင်ယန်ဝိညာဥ်ပေါ်မှာ ဒီလောက်မြန်မြန် ငါးဆစိတ်စွမ်းအင်အဆင့်မြှင့်လိုက်တယ်လား"
" ဒီမိစ္ဆာပိုင်က ဘာတုန်းကွာ။ ဒီလောက်မြန်အောင် ဘယ်လိုလုပ်နေတာပါလိမ့်။ သူ ဒီလောက် မဆင်မခြင်လုပ်တတ်တယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး။ သူသေချင်နေပြီလား"
ဗဟိုဧကရာဇ်မြို့တော်ကို အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေသည့် အံ့သြတုန်လှုပ်ခြင်းလှိုင်းများသည် ဆက်လက်သာ ပြင်းထန်လာတော့သည်။မြို့တော်ရှိ အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများ အားလုံး ထိုအကြောင်းကို ကြားသွားကြပြီး လုံးဝမယုံကြည်နိုင်အောင် ဖြစ်သွားကြလေသည်။ တချိန်တည်းမှာပင် ငရဲဧကရာဇ်ကျောက်တိုင်ထံသို့ လူအများ တဖွဲဖွဲ ပျံသန်းရောက်ရှိလာကြတော့သည်။
ထိုနေရာတွင် စုဆုံနေကြသည့် နတ်ဘုရားအာရုံစီးကြောင်း အမြောက်အမြားလည်း ရှိသည်။
ထိုအချိန်တွင် သရဲကြီးမြို့တော်ရှိ တံခါးပိတ်ကျင့်ရာအခန်းတွင် ပိုင်ရှောင်ချန်းသည် ယင်ယင်ဝိညာဥ်ပုံစံဖြင့် လိပ်ဒယ်အိုးထဲ၌ အလွန်သဘောကျနှစ်ခြိုက်လျက် တင်ပျဥ်ခွေထိုင်နေသည်။
"ဟားဟားဟား ဒီလို ကျင့်ကြံခြင်းမျိုးကို ချစ်လိုက်တာကွာ။ ဒီလိုပဲ ဖြစ်သင့်တာ "
ယင်ယန်ဝိညာဥ်ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ တဖျပ်ဖျပ်လင်းလက်နေပြီး သူ၏ အရှိန်အဝါသည် စိတ်လှုပ်ရှားမှုများဖြင့် တဟုန်ထိုးတက်နေလေသည်။
ယခုအခါ သူ၏ ယင်ယန်ဝိညာဥ်အပေါ်၌ ငွေရောင်အမှတ်အသားငါးခုရှိနေသည်သာမက သူမည်မျှ သန်မာနေကြောင်းကိုလည်း ပြတ်ပြတ်သားသား အာရုံခံနိုင်ပြီဖြစ်သည်။
" နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခုလုံး တံခါးပိတ်ကျင့်လိုက်သလိုပါပဲလား"
သူက အားပါးတရရယ်မောပြီးနောက် နှုတ်ခမ်းကို သပ်လိုက်ပြီး အနီးအနားရှိ ခြောက်ရောင်ခြယ်မီးတောက်ထံ လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။
မီးတောက်က လိပ်ဒယ်အိုးထံ ပျံသန်းလာပြီးနောက် ထစ်ခြုန်းမြည်သံများ ကြားလိုက်ရကာ နောက်ထပ် ငွေရောင်အမှတ်အသားတစ်ခုပေါ်လာ၏။ သူက နောက်ထပ်တစ်ကြိမ် စိတ်စွမ်းအင်မြှင့်တင်ပြီးပြီဖြစ်သည်။
ခြောက်။ ခုနစ်။ ရှစ်။
သူက တခဏလေးပင် မရပ်နားဘဲ တစ်ချက်တည်းနှင့် အဆင့်မြှင့်တင်ခြင်းသုံးခါ ဆောင်ရွက်လိုက်လေသည်။ ဤအချိန်တွင် သူ၏ ယင်ယန်ဝိညာဥ်ပေါ်၌ အဆုံးအစမရှိသော စွမ်းအားများဖြင့် တလက်လက်တောက်ပနေသည့် အမှတ်အသားရှစ်ခုကို မြင်လိုက်ရလေသည်။ ထိုအထဲတွင် လည်ပတ်နေသော အရောင်များကိုလည်း မြင်နိုင်ပြီး တချိန်တည်းမှာပင် ကောင်းကင်နှင့်မြေကြီး၏ အေးစိမ့်ချီများက မည်သို့မျှ မဟုတ်တော့သည့်အလား။
" အားပြင်းလိုက်တာ။ အီး ကောင်းလိုက်တာ "
သူက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေရင်း ကိုးရောင်ခြည်မီးတောက်ထံ ဝှေ့ယမ်းလိုက်သည်။ အချိန်အနည်းငယ်ကြာသော် သူ၏ ယင်ယန်ဝိညာဥ်အပေါ်တွင် ကိုးခုမြောက် ငွေရောင်အမှတ်အသားတစ်ခုကို မြင်ရလေသည်။
သို့သော် ဤမျှနှင့်မပြီးသေး။ ပိုင်ရှောင်ချန်းက ရင်တဒိန်းဒိန်းခုန်နေရင်း ဆယ်ကြိမ်မြောက် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို စတင်လိုက်သည်။ လိပ်ဒယ်အိုးထဲမှ ငွေရောင်အလင်းများ စူးရှတောက်ပလာပြီးနောက် ဆယ်ခုမြောက် အမှတ်အသားပေါ်လာတော့သည်။
သူ၏ ယင်ယန်ဝိညာဥ်သည် ပို၍ သန်မာလာကြောင်း ပိုင်ရှောင်ချန်းပြောနိုင်လေရာ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပျော်ရွှင် ဝမ်းမြောက်မှုများဖြင့် တဆတ်ဆတ်တုန်ယင်နေတော့သည်။ သူက အလွန်စွမ်းအားကြီးလာပါက မည်မျှအံ့သြစရာကောင်းမည်ဖြစ်ကြောင်း မကြာခဏတွေးကြည့်ခဲ့သော်လည်း ထိုခံစားချက်ကို ဘယ်တုန်းကမှ ကိုယ်တိုင်မကြုံခဲ့ဖူးပေ။ ယခုတွင်တော့ သူကြုံတွေ့နေရချေပြီ။
အမှန်တကယ်တော့ ဗဟိုဧကရာဇ်မြို့တော်ရှိ လူများအတွက်မူ ယင်ယန်ဝိညာဥ်အပေါ်တွင် စိတ်စွမ်းအင်မြှင့်တင်ခြင်းများ တစ်ခုပြီးတစ်ခု ပိုင်ရှောင်ချန်း ဆောင်ရွက်နေသည့်အချက်က သူတို့ကို လိပ်ပြာလွင့်မတတ်ဖြစ်သွားစေတော့သည်။ သူတို့၏ ဦးနှောက်ကို ကောင်းကင်မိုးကြိုး တစ်ချက်ပြီးတစ်ချက်ပစ်ချခံလိုက်ရသည့်အလား ခံစားလိုက်ရတော့သည်။
သူတို့မှာ ပိုင်ရှောင်ချန်း၏နာမည် အဆင့်လေးမှ သုံးသို့ တက်သွားပြီးနောက် သုံးမှ နှစ်သို့ တက်သွားသည်ကို စောင့်ကြည့်နေကြသည်။ တစ်ဆက်တည်းမှာပင် ၄င်းက ပထမနေရာရောက်သွားတော့သည်။
ပိုင်ရှောင်ချန်းသည် သူ၏ ယင်ယန်ဝိညာဥ်အပေါ်တွင် စိတ်စွမ်းအင်အဆင့် ရှစ်ဆ မြှင့်တင်ပြီးသွားလေပြီ။
ဤအတိုင်းသာဆိုလျှင် အခြေအနေက ရေးကြီးခွင်ကျယ်မဟုတ်ပေ။ သူလုပ်နေသည်က ဖြစ်နိုင်သည့်အတိုင်းအတာမှာ ရှိသေးသည် မဟုတ်ပါလော။ သို့သော် သူ့နာမည်ဘေးတွင် နံပါတ် ၉ ပေါ်လာပြီးနောက် ၁၀ ပေါ်လာလေသည်။
ဝိညာဥ်ကျင့်ကြံသူများအားလုံးမှာ လိပ်ပြာလွင့်သွားသည့်အလား ခံစားလိုက်ရသည်အထိ တုန်လှုပ်သွားကြတော့သည်။
သူသည် မှော်ပစ္စည်းများအပေါ်တွင် အဆင့်မြှင့်တင်ခြင်းများပြုလုပ်သည်နှင့် လုံးဝကွဲပြားခြားနားသည့် ယင်ယန်ဝိညာဥ်တစ်ခုပေါ်တွင် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။ မှော်ပစ္စည်းတစ်ခု ပျက်စီးသွားလျှင် အသစ်ပြန်ရနိုင်သည်။ သို့သော် ယင်ယန်ဝိညာဥ်အပေါ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းပြုလုပ်ရာ၌ မအောင်မြင်ခဲ့လျှင် ထိုလူကား ထာဝရသေဆုံးသွားမည်ဖြစ်သည်။
ငရဲဧကရာဇ်သည် သူ၏ဆက်ခံသူက ယင်ယန်ဝိညာဥ်အပေါ်တွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရမည်ဟု သတ်မှတ်ထားသည်မှာ ရဲတင်းရာကျသည်။ သို့သော် သာမန်ဝိညာဥ်ကျင့်ကြံသူများအတွက် ထိုလုပ်ရပ်သည် လူတစ်ယောက်၏အသက်ကိုစွန့်စားရခြင်းသာဖြစ်သည်။
စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းတစ်ဆသည် လူအများစု လက်ခံနိုင်သော အရာဖြစ်ပြီး နှစ်ဆ သို့မဟုတ် သုံးဆကိုလည်း လက်ခံနိုင်သေးသည်။ သို့သော် ၎င်းထက်မြင့်မားလာပါက မအောင်မြင်နိုင်နှုန်းက အလွန်အန္တရာယ်များလွန်းလှသည်။ ဤနေရာတွင် လူတိုင်း မျက်စိဖြင့်တပ်အပ်မြင်နေရသည်မှာ အံ့ဖွယ်သရဲဖြစ်ရပ်ကြီးသာ ဖြစ်တော့သည်။
၄င်းမှာ မြေရိုင်းဒေသတွင် တစ်ခါမှ မကြားဖူးခဲ့သော အရာဖြစ်သည်။ ၄င်းကား လုံးဝရူးလောက်စရာပင်။
" သူက တစ်ကနေ တစ်ဆယ်အထိ တစ်ခါတည်း သွားတာကွ။ ပြီးတော့ သေလဲ မသေဘူး "
" ချီးပဲ။ ဘယ်လိုတောင် ကံကောင်းတာတုံးကွာ "
" သူ သေချင်နေတာလား၊ ဘာလား"
မတုန်လှုပ်သွားသည့်လူဟူ၍ မရှိပေ။ သူတို့၏ အမြင်အရ ပိုင်ရှောင်ချန်းသည် အရူးပမာ သူ့အသက်ကို ကစားနေခြင်းသာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မှ ထိုကဲ့သို့ သူတို့၏ ယင်ယန်ဝိညာဥ်ကို မြှင့်တင်ရဲမည်မဟုတ်ပေ။
ထိုအချိန်တွင် သောကကင်းဝေးကိုးသွယ်မြို့တော်ရှိ တော်ဝင်နန်းတော်နှင့်ကပ်လျက် နေရာလေးတစ်ခုတွင် ဒေါသတကြီးပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်သွား၏။ ထို့နောက် ပိန်ပိန်သွယ်သွယ် လူငယ်တစ်ယောက်က နန်းတော်ထဲမှ ဝုန်းဒိုင်းကြဲထွက်လာလေသည်။ သူ၏ ခန့်ညားချောမောသော ရုပ်ရည်သည် ဒေါသများဖြင့် ရှုံ့မဲ့နေပြီး အော်ဟစ်လိုက်သည်။
" ပိုင်ရှောင်ချန်း၊ ငါ ကျိုးဟုန်က အသက်ကို စွန့်ပြီး ယင်ယန်ဝိညာဥ်ကို စိတ်စွမ်းအင် ခြောက်ဆမြှင့်တင်ခဲ့တာကွ။ မင်းဘယ်လိုတောင် ဆယ်ဆမြှင့်တင်ရဲတာတုန်း။ မင်း သေသွားရမှာလေကွာ "
ကျိုးဟုန်၏ ရင်ထဲတွင် ခါးသီးမှုများ ပြည့်နှက်နေတော့သည်။ အစက သူ၏ ပန်းတိုင်မှာ ကုန်းစွန်းရီကို ကျော်ရန်ဖြစ်ပြီး ထိုသို့ပြုလုပ်နိုင်ရန် အတော်လေး ယုံကြည်မှု ရှိခဲ့သည်။ အဆိုးဆုံးအနေဖြင့် အနည်းဆုံးတော့ ကုန်းစွန်းရီ၏ အောင်မြင်မှုနှင့် တန်းတူဖြစ်သွားမည်ဟု တွေးထားခဲ့သည်။
သို့သော် ပိုင်ရှောင်ချန်းပေါ်လာပြီး စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းဆယ်ဆပြုလုပ်ခဲ့ကြောင်း သတင်းကြားလိုက်သောအခါ သူ၏ မျှော်လင့်ချက်များ တစစီကြေမွသွားတော့သည်။
" မင်း မသမာတဲ့နည်းတွေ သုံးနေတာပဲဖြစ်ရမယ်။ မဟုတ်ရင် မင်း ဘယ်နည်းနဲ့မှ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ တပ်သားတွေ မြေရိုင်းဒေသထဲ သွားရှာကြစမ်း။ ပိုင်ရှောင်ချန်း ဘယ်မှာလဲ ရှာကြ။ သူ့ကို ရှာကြစမ်းကွာ "
ကျိုးဟုန်၏ စကားများကြောင့် သောကကင်းဝေးကိုးသွယ်မြို့သည် ယောက်ယက်ခတ်သွားပြီး သူ၏အမိန့်အတိုင်း ချက်ချင်းပင် ဆောင်ရွက်ကြလေသည်။ အမှန်တကယ်တော့ ထိုအရာအားလုံး၏ အကြောင်းရင်းမှာ ကျိုးဟုန်သည် မြို့တော်တွင် နန်းလျာဆက်ခံသူတစ်ယောက်ဖြစ်နေသောကြောင့်ပင်။
တူညီသော ဖြစ်ရပ်များသည် ငရဲဧကရာဇ်ကျောင်တိုင်ပေါ်ရှိ လူများ၏ နေရပ်များဖြစ်သည့် အခြားနေရာများ နှင့် အောက်လမ်းဆရာမျိုးနွယ်စုများရှိရာ မြေရိုင်းဒေသ၏ အခြားနေရာများတွင်လည်း ဖြစ်ပွားသွားသည်။ လူတိုင်းသည် မည်သည့်နေရာသို့ ပိုင်ရှောင်ချန်း ရောက်နေကြောင်း ခန့်မှန်းရန် ကြိုးစားနေကြပြီး မရေမတွက်နိုင်သော လူများသည် သူ့ကို လိုက်ရှာနေကြ၏။
ဘုရင့်မြို့တော်လေးမြို့အနက် စစ်အောင်မြို့တော်၌ တစ်လုံးတည်း ထီးထီးကြီးတည်ရှိနေသော တောင်ကြီးထက်တွင် သက်ကယ်များမိုးထားသည့် တစ်ထပ်ဆောင်တစ်ခုကို မြင်နိုင်လေသည်။ ထိုအေဆာင်ကလေးအတွင်း ဓားသွားပမာ ဖြောင့်တန်းနေသော မျက်ခုံးမွှေးများနှင့် ကြယ်ပွင့်လေးများသဖွယ် စူးရှတောက်ပနေသည့် မျက်လုံးများနှင့် လူငယ်တစ်ယောက် ထိုင်နေ၏။ သူ့ကို အတွင်းကျကျသိသည့်လူတိုင်း သူ၏တည်ကြည်၍ မာနကြီးသော အမူအရာနှင့် အသားကျနေပြီဖြစ်လေသည်။ သို့သော် ယခုအခိုက်အတန့်တွင် သူ၏ မျက်နှာသည် ဖြူဖပ်ဖြူလျော်ဖြစ်ေနပြီး သူ၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ တောက်ပနေသည်။
" ပိုင်ရှောင်ချန်း "
သူက ရေရွတ်လိုက်၏။ တခဏကြာသော် သူ့လက်ထဲတွင် ကိုင်ထားသည့် အရိုးပေလွှာကို ငုံ့ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲ၌ လက်မခံနိုင်သော အလင်းတစ်ခုပေါ်လာတော့သည်။ ဤလူငယ်သည် ဘုရင်များအကြားထဲ၌ စွမ်းအားအကြီးဆုံးဖြစ်သည့် စစ်အောင်ဘုရင်၏ တစ်ဦးတည်းသောသားဖြစ်သည်။ သူကား မြေရိုင်းဒေသရှိ မျိုးဆက်ထဲတွင် သခင်မလေးဟုန်ချိန်နောက်က ဒုတိယစွမ်းအားအကြီးဆုံးဖြစ်သည့် ကုန်းစွန်းရီပင် ဖြစ်ပေသည်။