တစ်ဦးတည်းသာ
Vol. 46 Ch. 681
ကျိုးဟောင်သည် အလွန်ဒေါသထွက်နေသော်လည်း ဘာမှ မတတ်နိုင်ခဲ့ပေ။ ဤသည်မှာအာကာသသားရဲ၏ နည်းလမ်းဖြစ်ကြောင်း သူသိပေသည်။
ဤသန္ဓေပြောင်းသားရဲများ ပြန်ဆုတ်သွားပြီးနောက် ကျိုးဟောင်သည် ပျက်စီးသွားသော ကျန်းနန်အခြေစိုက်စခန်းကို ကြည့်ပြီး အလွန်ဝမ်းနည်းမိပြီး သူ့စိတ်ခံစားမှုအားမထိန်းနိုင်ခဲ့ပေ။
ဤသည်မှာစစ်ပွဲတစ်ခုဖြစ်ပြီး ၎င်းသည် အသေးစားစစ်ပွဲသာ ရှိသေးသည်။ အကယ်၍ သန္ဓေပြောင်းသားရဲများသည် ရဲရဲဝံ့ဝံ့ရှေ့တိုးလာပါက ၎င်းတို့လုံးဝတွန်းလှန်နိုင်မည်မဟုတ်ပေ။ အထူးသဖြင့် ယဇ်ပလ္လင်အောက်ရှိ အာကာသသားရဲဖြစ်သည်။ ၎င်းသာအလောတကြီးဖြစ်လာပါက ကျိုးဟောင်နှင့် အခြားသူများ အသတ်ခံရမည်မှာ သေချာပေသည်။
ဤအချိန်တွင် ရှုလင်နှင့် အခြားသူများသည် ကျိုးဟောင်ဘေးတွင် ဆင်းသက်လာကြသည်။ ရှုလင်သည် ကျိုးဟောင်၏ ရင်ခွင်ထဲသို့ ပြေးဝင်လိုက်ပြီး သူမ၏မျက်လုံးများမှာ လွမ်းဆွတ်မှုများဖြင့် ပြည့်နေခဲ့သည်။ သူမသည်ကျိုးဟောင်အား တင်းတင်းကျပ်ကျပ်သာဖက်ထားခဲ့သည်။ သူမသည်မျက်ရည်များကျလာသော်လည်း ဘာမှမပြောပေ။
ကျိုးဟောင်သည် လွန်ခဲ့သော ဆယ်လအတွင်း ရှုလင်သည် သူ့အတွက် အလွန်စိုးရိမ်ပူပန်နေမည်ကို သိသည်။ သူသည် သူမကို ထိုသို့ဖြစ်နေသည်ကို မကြည့်ရက်နိုင်ခဲ့ပေ။ သူသည် ရှုလင်ကို ပွေ့ဖက်ပြီး သူမ၏ကျောကို ခပ်ဖွဖွလေးပုတ်ပေးလိုက်သည်။
“အမ်... ဒီအချိန်မှာငါ့စကားက လေထုကို နည်းနည်းလေး ထိခိုက်စေမယ်ဆိုပေမယ့် ပြောစရာရှိတာတော့ပြောရဦးမှာပဲ..."
ဤအချိန်တွင်ကောင်းကင်ဘုံဘုရင်ကျူးက အနေရခက်စွာပြောလိုက်သည်။ သူပြောပြီးသည်နှင့် ရှုလင်၏ လှပသောမျက်နှာလေးသည် ချက်ချင်းနီရဲလာပြီး ကျိုးဟောင်၏ ရင်ခွင်ထဲမှ လျင်မြန်စွာရုန်းထွက်လိုက်သည်။
“ကောင်းကင်ဘုံဘုရင်ကျူး”
ကျိုးဟောင်မှာပြုံးပြကာနှုတ်ဆက်လိုက်သည်။
“ကျိုးဟောင် အချိန် သိပ်မရှိဘူး အတိုချုပ်ပြောကြရအောင် ဒီကိစ္စက အရမ်းပြင်းထန်တယ် မြန်မြန်ဆန်ဆန် သန့်စင်ဘုရားကျောင်းကို အစီရင်ခံကြရအောင်”
ကျိုးဟောင်သည် ဤအရာကိုကြားသောအခါ ချက်ချင်းအံ့သြသွားခဲ့သည်။
“ဘုရားကျောင်း...”
“ဒါက ငါတို့လူသားမျိုးနွယ်ရဲ့ အထွတ်အမြတ်အထားဆုံးသိုင်းပညာရှင်မဟာမိတ်အဖွဲ့ပဲ တိုက်ကြီးငါးခုရဲ့ အုပ်ချုပ်သူတွေ စုဝေးနေကြပြီ ဒီတစ်ကြိမ်မှာ အထူးအစည်းအဝေးတစ်ခုလုပ်မှာ အထွတ်အထိပ်ကောင်းကင်ဘုံအဆင့်ပညာရှင်တွေ အားလုံးပါဝင်မှာ ပြီးတော့မင်းကိုလည်း ဖိတ်ကြားထားတယ်”
ကျိုးဟောင်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ တကယ်တမ်းတွင် အစီရင်ခံရန်အပ်သော ကိစ္စအချို့ရှိနေပေသည်။
ဤတိုက်ပွဲသည် ကျန်းနန်အခြေစိုက်စခန်းအား အလွန်ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။ ပြန်လည်ထူထောင်ရန် အလွန်ခက်ခဲသော်ငြား ကြိုးစားနေရဦးမည်ဖြစ်သည်။
ရှုလင်သည် ကျိုးဟောင်ကို သူ့မိဘများနှင့်တွေ့ရန် ခေါ်သွားခဲ့သည်။ မိဘများ ဘေးကင်းကြောင်းတွေ့သောအခါ ကျိုးဟောင်မှာသက်ပြင်းချလိုက်မိသည်။
သားဖြစ်သူ ဒဏ်ရာမရသည်ကိုမြင်သောအခါ ကျိုးရွှယ်ကောနှင့် ဇနီးသည်တို့မှာသက်ပြင်းချလိုက်ကြသည်။
သူ့မိဘများကို နေရာချထားပြီးနောက် ကျိုးဟောင်သည် လုံနတ်ဘုရားစစ်သင်္ဘောပေါ်တက်ကာ စစ်နတ်ဘုရားတပ်ရင်းသို့ တန်းတန်းမတ်မတ် ဦးတည်ထွက်လာခဲ့သည်။
ကျိယောင်ယွဲ့သည် ကျိုးဟောင် မသေဆုံးသေးကြောင်း စကော်လာဆီမှ အစောကတည်းက သိရှိခဲ့ပြီးဖြစ်ကာ အလွန်ပျော်ရွှင်နေခဲ့သည်။
ကျိုးဟောင်သည် စစ်နတ်ဘုရားတပ်ရင်း၏ ရုံးချုပ်သို့ ရောက်ရှိလာပြီးနောက် စစ်နတ်ဘုရားတပ်ရင်း၏ အမြင့်ဆုံး အစည်းအဝေးခန်းသို့ ချက်ချင်းဝင်သွားခဲ့သည်။
ကျိုးဟောင် သူတော်စင်ဘုံအဆင့်တစ်ဝက်သားရဲနှစ်ကောင်နှင့် တိုက်ခိုက်သည့် ဗီဒီယိုသည်အစောပိုင်းကတည်းက ဌာနချုပ်သို့ပြန်လည်ပို့ဆောင်ထားပြီးပြီဖြစ်ကာ အားလုံးသည် ကျိုးဟောင်၏ တိုက်ခိုက်ရေးစွမ်းအားကြောင့် ထိတ်လန့်သွားခဲ့ကြသည်။
စစ်နတ်ဘုရားတပ်ရင်းတစ်ခုလုံးတွင် ကျိယောင်ယွဲ့နှင့် လင်းထျန်တို့နှစ်ယောက်သာ သူတော်စင်ဘုံအဆင့်တစ်ဝက် ကျင့်ကြံမှုရှိပြီး အထွတ်အထိပ်ကောင်းကင်ဘုံအဆင့်ပညာရှင်မှာ ငါးဦးသာ ရှိသည်။
ကောင်းကင်ဘုံအဆင့်ပညာရှင်သည်လည်း များများစားစားမရှိ။ ၅၀ ခန့်သာရှိသည်။
ဤအမြင့်ဆုံးအဆင့်အစည်းအဝေးတွင် လူရှစ်ဦးသာရှိသည်။ ကျိယောင်ယွဲ့နှင့် လင်းထျန်တို့သည် ပင်မထိုင်ခုံများတွင် ထိုင်နေကြသည်။ ကျိုးဟောင်ဝင်ရောက်လာပြီးနောက် ပထမတန်းတွင် ထိုင်ရန် စီစဉ်ပေးခဲ့သည်။
ဤရုတ်တရက်ကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ပြောစရာဘာမှမရှိသော်လည်း ကျိုးဟောင်တွင်ရှိသည်။
သို့သော်လည်း သူသည် အရာအားလုံးကို ချက်ချင်းချပြလိုက်ရန်မသင့်တော်ပေ။ မည်သို့ပင်ဖြစ်စေ ကျိုးဟောင်၏စိတ်ထဲတွင် ကျိယောင်ယွဲ့နှင့် အခြားသူများသည် သူ့အားတစ်ခုခုကို ဖုံးကွယ်ထားသည်ဟု ခံစားနေရပေသည်။
“ဒီတစ်ခါမှာတော့ မျိုးနွယ်ခြားတွေက အတော်လေးရန်လိုကြတယ် ဒါက ကျောက်စာတိုင်နဲ့ ဆက်စပ်နေလောက်တယ် သူတို့က ကျောက်စာတိုင်ကို ယူပြီး သန္ဓေပြောင်းသားရဲတွေကိုထပ်ပြီးသန္ဓေပြောင်းစေခဲ့တယ်် ကျွန်တော်တို့လူသားတွေအတွက် အခြေအနေက အတော်လေးအန္တရာယ်များနေပြီ”
“ဟုတ်တယ် စီနီယာကျိ၊ စီနီယာလင် ၁၃ ခုမြောက်အက်ကွဲကြောင်းကက လုံးဝပြိုလဲသွားပြီ ကျန်းနန်အခြေစိုက်စခန်းရဲ့ တစ်ဝက်လည်း ဖျက်ဆီးခံခဲ့ရတယ် ကျွန်တော်တို့ အိမ်ပြန်တည်ဆောက်ပြီး ကာကွယ်ရေးလိုင်းတစ်ခုတည်ဆောက်ဖို့ အချိန်လိုတယ် ဒါပေမဲ့ ကျွန်တော်တို့မှာ အချိန်မရှိဘူး”
ကောင်းကင်ဘုံအဆင့်အထွတ်အထိပ်ပညာရှင်များက ဝမ်းနည်းစွာ ပြောလာကြသည်။
ကျိုးဟောင်သည် ဘာမှမပြောပေ။ ကျိယောင်ယွဲ့နှင့်လင်းထျန်တို့သည်လည်း ၎င်းတို့အားနှစ်သိမ့်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြသည်။
မကြာမီ ကျိယောင်ယွဲ့သည် ၎င်းတို့အားတာဝန်ကြီးတစ်ခု ပေးပြီးနောက်ထွက်သွားခိုင်းလိုက်ပေရာ အခန်းထဲတွင်ကျိုးဟောင်သာကျန်ခဲ့သည်။
“ကျိုးဟောင် မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဘယ်လိုလုပ်ပြီးဒီလောက်မြန်မြန် တိုးတက်လာတာလဲ မင်းက ၄ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပဲရှိသေးတာကို ဘယ်လိုလုပ်ပြီး သူတော်စင်ဘုံအဆင့်တစ်ဝက် တိုက်ခိုက်ရေးစွမ်းအားကို ထုတ်နိုင်နေတာလဲ”
ကျိယောင်ယွဲ့သည် အလွန်အံ့သြနေပြီး တိုက်ရိုက်မေးလိုက်သည်။
လင်းထျန်သည်လည်း ထိုနည်းအတိုင်းပင်။ သူသည် ကျိုးဟောင်ကို ပထမဆုံးအကြိမ်တွေ့တုန်းက ကျိုးဟောင်သည် ကောင်းကင်ဘုံအဆင့်တစ်ဝက်သာရှိသေးသည်။ အချိန်ဘယ်လောက်မှမကြာသေးသော်လည်း ယခုအခါ ကျိုးဟောင်သည် သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ဖြစ်နေပေပြီ။
“စီနီယာကျိ ကျွန်တော် ၁၃ ခုမြောက် ရှေးဟောင်းအပျက်အစီးမှာအခွင့်အလမ်းကောင်းရခဲ့လို့ အခုလိုစွမ်းရည်ရှိလာတာပါ”
ကျိုးဟောင်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး ကျိယောင်ယွဲ့နှင့် လင်းထျန်ကို ကြည့်ကာချက်ချင်းမေးလိုက်သည်။
“စီနီယာတို့ စီနီယာတို့... ကျွန်တော့်ကို တစ်ခုခုဖုံးကွယ်ထားသေးလား”
ဤစကားအားကြားသောအခါ ကျိယောင်ယွဲ့နှင့် လင်းထျန်တို့၏ အမူအရာများမှာချက်ချင်းပြောင်းလဲသွားပြီး ကျိုးဟောင်အား ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။
“ကျိုးဟောင် မင်းဘာကိုဆိုလိုတာလဲ ငါတို့ မင်းကို ဘာတွေဖုံးကွယ်ထားလို့လဲ ”
ကျိုးဟောင်သည် ရုတ်တရက် ဤသို့ပြောရခြင်းအကြောင်းရင်းကို ၎င်းတို့နားမလည်ခဲ့ပေ။
“ဒီလိုပါ စီနီယာကျိ ကျွန်တော် အပျက်အစီးထဲမှာ အဘိုးကြီးတစ်ယောက်ကို တွေ့ခဲ့တယ် ဒီအဘိုးကြီးက မူလကျောက်စာရဲ့ စွမ်းအားကို အသုံးပြုနိုင်တယ် ပြီးတော့သူက ခင်ဗျားတို့ရဲ့ ဆရာလို့ပြောတယ်”
ကျိုးဟောင်၏စကားဆုံးသည်နှင့် ကျိယောင်ယွဲ့နှင့် လင်းထျန်တို့၏ အမူအရာများသည်သိသိသာသာပြောင်းလဲသွားခဲ့သည်။
စကားတစ်ခွန်းမှမပြောဘဲ ၎င်းတို့နှစ်ဦးသည် ချက်ချင်းကိရိယာများကို ထုတ်ယူပြီး အစည်းအဝေးခန်းအားချိပ်ပိတ်လိုက်သည်။ ကျိယောင်ယွဲ့သည် ကျိုးဟောင်မသိသော ကျင့်ကြံရေးသိုင်းအား အသုံးပြုပြီး အကာအကွယ်တစ်ခုချကာ ပတ်ဝန်းကျင်ရှိအငွေ့အသက်အားဖုံးကွယ်လိုက်သည်။
၎င်းတို့ယခုလိုလုပ်နေသည်ကိုမြင်သောအခါ ကျိုးဟောင်သည် ချက်ချင်းအံ့သြသွားခဲ့သည်။
ဤသို့ပြုလုပ်ပြီးနောက် ကျိယောင်ယွဲ့နှင့် လင်းထျန်တို့သည် ကျိုးဟောင်ကို စိုးရိမ်တကြီးကြည့်လိုက်သည်။
“ကျိုးဟောင်... မင်းပြောတာ... မင်း ငါတို့ဆရာကို တွေ့ခဲ့တယ်ပေါ့ သူဘယ်မှာလဲ”
ကျိယောင်ယွဲ့သည် စိုးရိမ်တကြီးပြောလိုက်ပြီး လင်းထျန်သည် ပို၍ပင်စိုးရိမ်ပုံပေါက်နေခဲ့သည်။
“အပျက်အစီးထဲက ချိပ်ပိတ်ထားတဲ့ ပလ္လင်တစ်ခုရဲ့အောက်မှာ ချိပ်ပိတ်ထားတဲ့အာကာသသားရဲတစ်ကောင်ရှိတယ် ခင်ဗျားတို့ဆရာ အဲဒီမှာ နှစ် ၅၀ ကြာ ပိတ်မိနေခဲ့တာ..."
ကျိုးဟောင်မှာ ချက်ချင်းပြောလိုက်သည်။
ဤသို့ပြောပြီးနောက် ကျိယောင်ယွဲ့သည် ချက်ချင်းငိုတော့သည်။
“ငါသိတယ် ငါသိတယ် ငါဆရာ့ကို မြင်တိုင်း သူ့ရဲ့ အငွေ့အသက်က အရမ်းအားနည်းလာတယ် အဆုံးမှာ ဆရာပျောက်သွားပြီး ငါတို့ ဆရာရဲ့ ကိုယ်ပွားတစ်ခုနဲ့ပဲ တွေ့နိုင်ခဲ့တယ် အဲဒီသန္ဓေပြောင်းသားရဲကို ချိပ်ပိတ်ဖို့ သူကအရာအားလုံးကိုရင်းခဲ့ပြီး သူ့ရဲ့ ကိုယ်ပွားကိုတောင်မထိန်းသိမ်းထားနိုင်တော့ဘူး”
ကျိယောင်ယွဲ့သည် အလွန်ဝမ်းနည်းစွာပြောလိုက်သည်။ ကျိုးဟောင်သည် သူမကို ဤမျှဝမ်းနည်းနေသည်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။
သူမသာမက လင်းထျန်သည်လည်းငိုကြွေးလာခဲ့သည်။
“ဆရာက အနာဂတ်ဟာ ငါတို့အပေါ်မှာမူတည်တယ်လို့ ပြောခဲ့တယ် ဒါပေမယ့် အဲဒီအာကာသသားရဲကို ဘယ်လိုရင်ဆိုင်ရမှာလဲ"
လင်းထျန်သည် စိတ်ပျက်အားငယ်စွာ ပြောလိုက်သည်။
ကျိုးဟောင်သည် ဤစကားကိုကြားသောအခါ လူသားမျိုးနွယ်သည် ကြီးမားသော အကျပ်အတည်းထဲတွင်ရောက်ရှိနေကြောင်း နားလည်လိုက်သည်။
“စီနီယာကျိ စီနီယာလင် ခင်ဗျားတို့ အခု ကျွန်တော့်ကို ပြောပြနိုင်မလား ကျွန်တော်တို့လူသားမျိုးနွယ်မှာ သူတော်စင်ဘုံအဆင့်ပညာရှင်ဘယ်နှစ်ယောက် ရှိလဲ မျိုးနွယ်ခြားတွေ ကျူးကျော်လာရင် ကျွန်တော်တို့ဘယ်လို ခုခံရမလဲ”
ကျိုးဟောင်မှာ တိုက်ရိုက်မေးလိုက်သည်။
ကျိယောင်ယွဲ့နှင့် လင်းထျန်တို့သည် ပျက်ယွင်းနေသောအမူအရာများဖြင့် သက်ပြင်းချလိုက်သည်။
“လူသားမျိုးနွယ်မှာရှိတဲ့ ...တစ်ဦးတည်းသောသူတော်စင်ဘုံအဆင့်ပညာရှင်ကငါတို့ရဲ့ဆရာပဲ သူ့အပြင်... နောက်ထပ်သူတော်စင်ဘုံအဆင့်ပညာရှင်... မရှိဘူး။”
ဤစကားဆုံးသွားပြီးနောက် ကျိုးဟောင်သည် ထိုနေရာတွင်ပင်ကြက်သေသေသွားခဲ့သည်။
သူတော်စင်ဘုံအဆင့်ပညာရှင်မရှိဘူးဟူသောအဓိပ္ပာယ်သည်... ... သူတို့အတွက် ပြီးဆုံးသွားပြီဟူသောအဓိပ္ပာယ်ပင်မဟုတ်ပေလော။
အာကာသသားရဲ ပေါ်လာချိန်တွင်သူတော်စင်ဘုံအဆင့်တွင် ရှိမည်ဖြစ်ပေရာ လူသားများက မည်သို့ခုခံကြမည်နည်း။ သူတို့မည်သို့ အသက်ရှင်ကြမည်နည်း။
....................................................................................