ပြိုင်ဆိုင်မှု
Vol. 46 Ch. 685
“ကျိယောင်ယွဲ့၊ လင်းထျန် နောက်ပြီး ဆင့်ကဲပြောင်းလဲပုံဆောင်ခဲရဲ့ အကျိုးသက်ရောက်မှုကို သိတဲ့သူတွေ… သူတို့ ထဲကဘယ်သူမှ ဒါက ဘာလုပ်နိုင်လဲ၊ ဘာအတွက် အသုံးပြုနိုင်လဲဆိုတာ မပြောခဲ့ကြဘူးပဲ”
ကျိုးဟောင်၏မျက်လုံးများက စူးရှနေခဲ့သည်။
“ငါထင်ထားတဲ့အတိုင်းပဲ စီနီယာကျိက ဒီအရာအကြောင်းကို အနည်းနဲ့အများ သိထားပေမဲ့ သူကတိတ်နေဖို့ပဲ ရွေးချယ်လိုက်တယ် ဒါက… ဒီအရာမှာ လူတွေကို အရူးအမူး ဖြစ်စေနိုင်တဲ့အစွမ်းတစ်ခုခု ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ”
ကျိုးဟောင်မှာ လုံးဝ အနားယူဖို့ မဝံ့ရဲဘဲ ပင်လယ်နက် စုံစမ်းရေးကိရိယာကိုသာအာရုံစိုက်ထားပြီး အလျင်အမြန် ရှာဖွေနေခဲ့သည်။ ထို့သို့ရှာဖွေနေသည်မှာ မိနစ်သုံးဆယ်မျှကြာသွားခဲ့သည်။
ကျိုးဟောင်မှာ မိနစ်အနည်းငယ်အတွင်းမှာပဲ ဒုတိယမြောက် ဆင့်ကဲပြောင်းလဲပုံဆောင်ခဲအား ရှာဖွေတွေ့ရှိခဲ့တာကို အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ထို့အပြင် ထိုအရာကို ရရှိခဲ့တဲ့သူမှာကျိယောင်ယွဲ့ ဖြစ်သည်။
“ကျိုးဟောင် ကျိုးဟောင်”
ဆက်သွယ်ရေးနာရီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဒီအသံက.. ချိုက်မက်လား"
ကျိုးဟောင်မှာ ပြန်ဖြေလိုက်သည်။
“ဟားဟားဟား မင်းက ငါ့ကို မှတ်မိသေးတာကိုး မင်းတို့စစ်နတ်ဘုရားတပ်ရင်းက တကယ်ကို အထင်ကြီးစရာကောင်းတယ် မိနစ်အနည်းငယ်ပဲ ရှိသေးပေမဲ့ မင်းတို့ရဲ့ဥက္ကဌက ဆင့်ကဲပြောင်းလဲပုံဆောင်ခဲကို ရသွားပြီ”
ချိုက်မက်က ပြုံးရင်း ပြောလိုက်သည်။
“အိုး၊ မင်းက အချက်အလက်ရတာတော့ မြန်တဲ့ပုံပဲ”
ကျိုးဟောင်က လျင်မြန်စွာ ဖုန်းချလိုက်သည်။ စီနီယာကျိ ဆင့်ကဲပြောင်းလဲ ပုံဆောင်ခဲအား ရရှိခဲ့သည့်အတွက် ကျိုးဟောင်မှာအနည်းနှင့်အများ ပျော်ရွှင်နေသော်လည်း စိုးရိမ်နေဆဲပင်။ အဘယ့်ကြောင့်ဆိုသော် မိနစ်အနည်းငယ်သာရှိသေးသော်ငြား ချိုက်မက်မှာ ယခုလောက် မြန်မြန်ဆန်ဆန် သိနေခဲ့ပေသည်။
ဆက်သွယ်ရေးကို ဖြတ်တောက်ပြီးနောက် ကျိုးဟောင်က ပိုပြီး အာရုံစိုက်ကာ ရှာဖွေနေခဲ့သည်။
“ပထမဆုံး ဆင့်ကဲပြောင်းလဲ ပုံဆောင်ခဲက ငါ့ဆီမှာ၊ ဒုတိယတစ်ခုက စီနီယာကျိဆီမှာ ဒီပုံစံကို ကြည့်ရတာ… ပင်လယ်နက်ထဲမှာ ဆင့်ကဲပြောင်းလဲ ပုံဆောင်ခဲတွေ အများကြီး ရှိနေလောက်တယ်”
မိနစ်နှစ်ဆယ်မျှသာ ကြာမြင့်လိုက်ပြီးနောက် လူများကို အန်ချင်လာစေသည့် အနံ့တစ်ခုသည် ကျောက်တုံးအလွှာတစ်ခုလုံးမှ ပျံ့နှံ့လာခဲ့သည်။ သူ၏အနံ့အာရုံကောင်းသည့် နှာခေါင်းဖြင့် ကျိုးဟောင်က အနံ့ကို အမှတ်ရကာ အတွင်းတွင် ထူးဆန်းသော အနံ့တစ်ခု ရောနှောနေသည်ကို သတိပြုမိလိုက်သည်။
ကျိုးဟောင်၏ မျက်လုံးများမှာလင်းလက်သွားခဲ့သည်။
“ဒါ ဆင့်ကဲပြောင်းလဲပုံဆောင်ခဲပဲ ဖြစ်ရမယ်"
“ဇီ...ဇီ.... ဇီ...."
ချက်ချင်းပင် မယုံနိုင်လောက်အောင် မာကျောသော ကျောက်တုံးအလွှာသည် စက္ကူကဲ့သို့ နူးညံ့စွာ ကွဲသွားသည်။
တုန်ခါနေသည့်အသံသည် အခြားအသံများနှင့် ရောနှောနေခဲ့သည်။
“သေစမ်း ဘာဖြစ်နေတာလဲ”
မြေပြင်ပေါ်မှ ရုပ်အလောင်းကို မြင်ပြီး ကျိုးဟောင်မှာအံ့သြသွားခဲ့သည်။
သူ့ရှေ့ မလှမ်းမကမ်းတွင် တောင်ကိုရီးယားသိုင်းပညာရှင်တစ်ဦးနှင့် တူသော ရုပ်အလောင်းတစ်ခုကို သူတွေ့လိုက်ရသည်။ ပိုနီးအောင် လျှောက်သွားသောအခါ ထိုသူ၏ ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်နေသည်ကို တွေ့လိုက်ရသည်။ ထိုသိုင်းပညာရှင်၏ကိုယ်အထက်ပိုင်းက နာကျင်စွာ ရုန်းကန်နေဆဲဖြစ်ပြီး အားနည်းနေသော လက်များကို ဆန့်တန်းထားပုံအရ တစ်ခုခုကို ဖမ်းဆုပ်ချင်နေပုံရသည်။ ကံမကောင်းစွာဖြင့်… သူ့ရဲ့ ခန္ဓာကိုယ်သည် ကျယ်ပြောလှသော ပစိဖိတ်သမုဒ္ဒရာထဲမှာ ထာဝရ ကျန်ရှိနေတော့မှာ ဖြစ်သည်။
ရွှစ်...
ရုတ်တရက် လူတစ်ယောက်က အလောင်းဘေးဘက်သို့အလျင်အမြန်ပြေးလာပြီး ဒူးထောက်လိုက်သည်။
“ချွဲကျင့်မင်! ချွဲကျင့်မင်! ထပါဦး! မင်း သူ့ကို တကယ်ပဲ သတ်လိုက်တာလား ရောဘတ်၊ မင်းက အရမ်းတရားလွန်သွားပြီ”
တောင်ကိုရီးယားသိုင်းပညာရှင် သုံးဦးသည် တစ်ယောက်ကိုတစ်ယောက် ဒေါသတကြီး ကြည့်နေကြသည်။ သူတို့၏ မျက်နှာချင်းဆိုင်တွင် ဥရောပသမဂ္ဂမှ ၆ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ဦး ရပ်နေခဲ့သည်။
“သူက ၃ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်လေးတစ်ယောက်ပဲကို သူသာ ဆင့်ကဲပြောင်းလဲ ပုံဆောင်ခဲကို ကောင်းကောင်းမွန်မွန်နဲ့ပေးလိုက်မယ်ဆိုရင် သူ့ရဲ့ အသက်ကို ချမ်းသာပေးနိုင်လောက်သေးတယ် ဘယ်သူက သူ့ကို ခုခံဖို့ ပြောလို့လဲ အားကြီးသူက အားနည်းသူကို သားကောင်အဖြစ် ဖမ်းစားတာပဲ ဒီလို ရိုးရှင်းတဲ့နိယာမကို မင်းတို့ မသိဘူးလား”
ဤအချိန်တွင် ကျိုးဟောင်မှာထိုနေရာသို့ရောက်ရှိလာခဲ့သည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်က ကျိုးဟောင်ကို မြင်သောအခါ ချက်ချင်းပင် စိုးရိမ်သွားခဲ့သည်။
“ကျိုးဟောင်ပါလား မကောင်းဘူး… အမြန်သွားကြရအောင်”
ဥရောပသမဂ္ဂမှ လူလေးဦးသည် ကျိုးဟောင် ရောက်လာသည်ကို မြင်သောအခါ ချက်ချင်း ထွက်ပြေးသွားခဲ့ကြသည်။
“သေစမ်း မကောင်းတဲ့ကောင်တွေ”
တောင်ကိုရီးယားသားများမှာ မိမိတို့၏အားနည်းမှုအတွက် ဒေါသတကြီးဖြင့်အံသာကြိတ်နိုင်ကြပေသည်။
ကျိုးဟောင်မှာ ရုပ်အလောင်းကို ကြည့်လိုက်ပြီး စီနီယာကျိအား ချက်ချင်း ဆက်သွယ်လိုက်သည်။
“စီနီယာကျိ ကျွန်တော် ကျိုးဟောင်ပါ ခုနက ဥရောပသမဂ္ဂက တောင်ကိုရီးယားတွေဆီကနေ စွမ်းအားမြှင့်တင်ပေးနိုင်တဲ့ပုံဆောင်ခဲကို လုယူသွားပြီး တောင်ကိုရီးယားဘက်က ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ဦးကိုတောင် သတ်သွားတယ်”
“ကျိုးဟောင် ခုက နိုင်ငံအသီးသီးက လူတွေ တစ်ယောက်နဲ့တစ်ယောက် စတင်တိုက်ခိုက်နေကြပြီ မင်းပြောတဲ့အတိုင်းဆိုရင် သေဆုံးမှုတွေ ပိုများနေလောက်ပြီလို့ ငါခန့်မှန်းတယ် လက်ရှိအခြေအနေက တစ်ယောက်ချင်းတည်းရဲ့ အခြေအနေ မဟုတ်တော့ဘူးဒါဟာ နိုင်ငံတွေနဲ့ အဖွဲ့အစည်းအသီးသီးကြားက ယှဉ်ပြိုင်မှုတစ်ခုပဲ ဒါက မယုံနိုင်လောက်အောင် ရက်စက်တယ်”
“နားလည်ပါတယ်”
ကျိုးဟောင်မှာ ပြန်ဖြေလိုက်သည်။
ကျိုးဟောင်သည် သူ့တွင်အင်အားမရှိပါက ဆင့်ကဲပြောင်းလဲပုံဆောင်ခဲအား ကိုင်ထားခြင်းသည်ကပ်ဆိုးတစ်ခု ဖြစ်လိမ့်မည်ဆိုတာကို သဘောပေါက်လိုက်သည်။ ထို့နောက် ကျိုးဟောင်က ဆုံးဖြတ်ချက်ချပြီး ထိုနေရာမှထွက်ခွာလာခဲ့သည်။
သို့သော်လည်း ပြိုင်ဆိုင်မှုမှာ ပိုပြီး ပြင်းထန်လာပြီဖြစ်ကြောင်းကို ကျိုးဟောင်သိလိုက်သည်။
ထိုအချိန်မှစ၍ နိုင်ငံအသီးသီးသည် ပို၍ ရူးသွပ်လာကြပြီး ပြိုင်ဆိုင်မှုကလည်း ပို၍ ပို၍ ပြင်းထန်လာခဲ့သည်။
ညဘက်တွင် ကျိယောင်ယွဲ့နှင့် လင်းထျန်တို့သည် ပဉ္စမ၊ ဆဋ္ဌမနှင့် သတ္တမမြောက် ဆင့်ကဲပြောင်းလဲပုံဆောင်ခဲများအား တစ်ချိန်တည်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ကျိယောင်ယွဲ့နှင့် လင်းထျန်တို့သည် ဆင့်ကဲပြောင်းလဲပုံဆောင်ခဲ ခုနစ်ခုကို အတူတူ ရရှိခဲ့ကြသည်။
နာရီဝက်မျှ ကြာပြီးနောက်…
“ဟင်... ဒါက…”
“ဒါ ဒါ ဒါက ဟုတ်တယ် ဒီထူးဆန်းတဲ့ အနံ့က ဆင့်ကဲပြောင်းလဲပုံဆောင်ခဲကနေ လာတာပဲ ဖြစ်ရမယ်”
ကျိုးဟောင်မှာ ပြုံးလိုက်ပြီး ဆင့်ကဲပြောင်းလဲပုံဆောင်ခဲအားရှာဖွေရန် ချက်ချင်း ချဉ်းကပ်သွားခဲ့သည်။ သူ တွေဝေနေပါကအခြားလူများမှာ ပုံဆောင်ခဲများအား သူ့ထံမှ လုယူသွားမည်ဖြစ်ကြောင်း ကျိုးဟောင် ကောင်းကောင်း သိပေသည်။
ဘုန်း....
ပေါက်ကွဲသံနှင့်အတူ ထူးဆန်းသောအနံ့သည် ကျောက်တုံးမှ ထွက်ပေါ်လာခဲ့သည်။
မီးခိုးများ ပျံ့လွင့်သွားသောအခါ ကျိုးဟောင်က ဆင့်ကဲပြောင်းလဲပုံဆောင်ခဲအား တွေ့ရှိလိုက်ရပြီး အံ့အားသင့်သွားခဲ့သည်။
“၃ခု ဒါက တကယ်ပဲ ဆင့်ကဲပြောင်းလဲ ပုံဆောင်ခဲ ၃ခုပဲ”
ကျိုးဟောင်မှာ သူ့ရဲ့ အံ့အားသင့်မှုကို လျစ်လျူရှုပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။
သူ၏ မမြင်နိုင်သော စိတ်စွမ်းအားသည် မမြင်နိုင်သော ပိုက်ကွန်တစ်ခုကဲ့သို့ ဆင့်ကဲပြောင်းလဲ ပုံဆောင်ခဲ သုံးခုကို လျင်မြန်စွာဖုံးအုပ်လိုက်သည်။ သူသည် မီတာသုံးဆယ်ကျော် အကွာအဝေးတွင် ရှိနေသော်လည်း ပုံဆောင်ခဲများသည်သူရှိရာနေရာသို့ လျင်မြန်စွာရောက်လာခဲ့သည်။
ဝုန်း...
ပုံရိပ်၃ခုမှာ အဝေးမှ လျှောက်လာပြီး ကျိုးဟောင်ဆီသို့ အလျင်အမြန် ပြေးလာခဲ့သည်။ သေချာကြည့်လိုက်သောအခါ ၎င်းတို့သည် ဥရောပသမဂ္ဂ၏ ကောင်စီအဖွဲ့ဝင်များဖြစ်ပြီး သူတို့ထဲမှ တစ်ယောက်က ရောဘတ် ဖြစ်သည်။
“ဆင့်ကဲပြောင်းလဲပုံဆောင်ခဲတွေ....သုံးခုတောင်...”
ဥရောပသမဂ္ဂမှလူများသည် ဤအရာကို မြင်သောအခါ လုယူရန် အလျင်အမြန် သွားလိုက်ကြသည်။
“ဒီ ဆင့်ကဲပြောင်းလဲ ပုံဆောင်ခဲတွေက ငါ့ဟာ"
ကျိုးဟောင်၏ အကြည့်များမှာ အလွန်စူးရှနေခဲ့သည်။
“သိမ်း..."
ကျိုးဟောင်မှာ ဆင့်ကဲပြောင်းလဲပုံဆောင်ခဲအား ငှက်မွေးတစ်ထောင်ချပ်ဝတ် ဖြင့် ဖွဲ့စည်းထားသော “ငှက်မွေးတစ်ထောင် ဝတ်စုံ” ထဲသို့ ချက်ချင်းထည့်လိုက်သည်။ တစ်နည်းအားဖြင့်ဆိုပါက ထိုလူများသည် ကျိုးဟောင်အားမသတ်နိုင်ပါက ဆင့်ကဲပြောင်းလဲပုံဆောင်ခဲများအား လုယူမည့်ကိစ္စကိုမေ့လိုက်ရတော့မည်ဖြစ်သည်။ ကျိုးဟောင်က ဥရောပသမဂ္ဂမှ ကောင်စီအဖွဲ့ဝင်များနှင့် ရောဘတ်အားအေးစက်စွာ ကြည့်လိုက်သည်။
“အားလုံးပဲ အရင်သွားလိုက်ပါဦးမယ်”
ကျိုးဟောင်က တောက်ပသော အလင်းတန်းတစ်ခုအဖြစ် ပင်လယ်နက်ထဲသို့ ချက်ချင်းပင်တိုးဝင်သွားခဲ့သည်။
တောက်ပသော အလင်းတန်းသည် ချက်ချင်း ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် ဥရောပသမဂ္ဂမှ ကောင်စီအဖွဲ့ဝင် နှစ်ဦးသည် ကျိုးဟောင် ပုံဆောင်ခဲများနှင့်အတူ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။ သူတို့သည် ချက်ချင်း ဒေါသထွက်သွားပြီး ရောဘတ်ကို ကြည့်လိုက်ကြသည်။
အနက်ရောက်ဆံပင်ကောက်ကောက်ဖြင့် လူငယ်တစ်ဦးမှာမနေနိုင်ဘဲမေးလိုက်သည်။
“စီနီယာ ရောဘတ် အဲဒါကစုစုပေါင်းဆင့်ကဲပြောင်းလဲပုံဆောင်ခဲ ၃ခုတောင်နော် ကျိုးဟောင်က ဒီလိုပဲအလွယ်တကူ ယူသွားတာလား”
“ငါ့အမြင်မှာတော့ ငါတို့ရဲ့ ရောဘတ်က အဲ့ဒီ ဆင့်ကဲပြောင်းလဲပုံဆောင်ခဲလို့ ခေါ်တဲ့အရာကို လုံးဝ ဂရုမစိုက်တဲ့ပုံပဲ မဟုတ်ရင် ရောဘတ်ရဲ့ ခွန်အားနဲ့ဆိုရင် ဆင့်ကဲပြောင်းလဲ ပုံဆောင်ခဲကို လုယူဖို့ကအလွယ်လေးပဲမဟုတ်ဘူးလား”
ကျန်တစ်ယောက်မှာ လှောင်ပြောင်သည့်သဘောဖြင့် ပြောလိုက်သည်။
ထိုနှစ်ဦးသည် တွဲဖက်ညီညီ ပြောဆိုနေကြသည်။ ၎င်းတို့သည် ရောဘတ်မှာအစောပိုင်းကတည်းက သူတို့၏အတွေးများအားရိပ်စားမိကြောင်းကို မသိကြပေ။
“မင်းတို့နှစ်ယောက် ဆင့်ကဲပြောင်းလဲပုံဆောင်ခဲတွေကိုလိုချင်တယ်ဆိုရင် ကိုယ့်ဖာသာ ကိုယ်လိုက်သွားကြ မင်းတို့က ငါ့ကိုအသုံးချလို့ရမယ်လို့ တကယ် ထင်နေကြတာလား ယုံလားငါအခုပဲ မင်းတို့ကို သေတွင်းပို့ပေးလိုက်မယ် ဟမ့်"
ထိုသို့ပြောပြီးနောက် ရောဘတ်မှာ နောက်လှည့်ပြီး ထွက်ခွာသွားခဲ့သည်။
ဥရောပသမဂ္ဂမှ ကောင်းကင်ဘုံအဆင့်ပညာရှင်နှစ်ဦးသည် ရှုပ်ထွေးစွာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ကျိုးဟောင်တစ်ယောက်တည်းဖြင့် ဆင့်ကဲပြောင်းလဲပုံဆောင်ခဲ သုံးခု ရသွားတာကို မြင်ပြီးနောက် သူတို့သည်အလွန်မနာလိုဖြစ်ကာ ထိုပုံဆောင်ခဲများကို လုယူချင်နေကြသည်။
သို့သော်လည်း ပြဿနာမှာ ကျိုးဟောင်သည်တကယ်ကိုပုံမှန်မဟုတ်ပေ။ ကျိုးဟောင်မူလအဆင့်တွင် ရှိနေတုန်းကပင် ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ဦးကို သတ်နိုင်ခဲ့ပေရာ ယခု ကျိုးဟောင်သည်ကောင်းကင်ဘုံအဆင့်ကို ရောက်နေပြီဖြစ်ပေရာ သူ၏ ခွန်အားကို အထင်မသေးသင့်ပေ။ ကျိုးဟောင်သည် သူတို့နှစ်ယောက် အနိုင်ယူနိုင်တဲ့သူ မဟုတ်ပေ။
သို့သော်လည်း သူတို့နှစ်ယောက်က အလွယ်တကူ ကိုင်တွယ်လို့မရသူများဖြစ်ပေရာ ချက်ချင်းပင်ထိုသတင်းအားဖြန့်လိုက်ကြသည်။
မကြာခင်မှာပင် ကျိုးဟောင်တစ်ယောက် ဆင့်ကဲပြောင်းလဲပုံဆောင်ခဲ သုံးခုကို ရရှိခဲ့သည်ဟူသော သတင်းက နိုင်ငံအားလုံးဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
....................................................................................