ကြီးကျယ်သော ခံစားချက်
Vol. 7 Ch. 674
သောကကင်းဝေးကိုးသွယ်မြို့တော်နှင့် စစ်အောင်မြို့တော်သည်သာ လုံးလုံးလျားလျား တုန်လှုပ်သွားရသော မြို့တော်များ မဟုတ်ပေ။ ဝိညာဥ်ခရီးမြို့တော်သည်လည်း အုတ်အော်သောင်းနင်းဖြစ်သွားသည်။ သို့သော် ထိုနေရာတွင် နန်းမွေနန်းလျာ ဆက်ခံသူ များလွန်းလှသည်။ အမှန်မှာ တော်ဝင်သွေးမျိုးဆက်နှင့် ဆက်သွယ်မှုများရှိသည့် လူပေါင်းတစ်သောင်းကျော်ပင် ရှိသည်။ ထိုဆက်ခံသူများအနက် အချို့ကို လက်ရွေးစင်အဖြစ် သတ်မှတ်နိုင်သော်လည်း မည်သူကမှ ကုန်းစွန်းရီ သို့မဟုတ် ကျိုးဟုန်တို့ကဲ့သို့ လက်ဖျားခါလောက်အောင် ထူးချွန် ပြောက်မြောက်ခြင်း မရှိကြပေ။
ပိုင်ရှောင်ချန်းပေါ်လာခဲ့ပြီး ဗဟိုဧကရာဇ်မြို့တော်တွင် ဖြစ်ပျက်နေသောအရာများနှင့်ပတ်သက်သည့် သတင်းများ သရဲကြီးမြို့တော်သို့ ရောက်သောအခါ အုတ်အုတ်ကျက်ကျက်ဖြစ်သွားပြန်သည်။
ပိုင်ရှောင်ချန်းမှာ ထိုသည်အား မသိသေးပေ။ ကျင့်ကြံခြင်းအဆင့်တက်သည့်အတွက် သူ အလွန်သဘောကျကျေနပ်နေပြီး သူ၏ ယင်ယန်ဝိညာဥ်မှာမူ လိပ်ဒယ်အိုးထဲတွင် ပျော်ပျော်ကြီးထိုင်နေ၏။ သူက မျက်လုံးများ တလက်လက်တောက်ပနေရင်း လက်ချောင်းများကို ဆယ့်တစ်ရောင်ခြယ်မီးတောက်ထံ ဝှေ့ယမ်းလိုက်သည်။
" ဟီး..ဟီးး. ဆက်သွားကြတာပေါ့ကွာ "
ထို့နောက် သူ၏လိပ်ဒယ်အိုးသည် နောက်တစ်ကြိမ် လင်းလက်လာသည်။ သို့သော် ဤတစ်ကြိမ်တွင် ငွေရောင်အလင်းများမဟုတ်ဘဲ ရွှေရောင်များဖြစ်သည်။ အချိန်အနည်းငယ်ကြာသော် သူ၏ ယင်ယန်ဝိညာဥ်ပေါ်ရှိ ငွေရောင်အမှတ်အသားဆယ်ခု ပျောက်ကွယ်သွားပြီး ရွှေရောင်အမှတ်အသားတစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။
သူ၏ ယင်ယန်ဝိညာဥ်မှာ ချက်ချင်း အတော်အတန်ကြီးထွားလာရာ ပိုင်ရှောင်ချန်းကို ပင့်သက်ရှိုက်သွားစေတော့သည်။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းဆယ်ဆပြုလုပ်ပြီးနောက် အမြဲတမ်းဖြစ်တတ်သော ပြောင်းလဲခြင်းကို သတိရလိုက်သောအခါ သူ ရုတ်တရက် စိတ်လေးသွားလေသည်။
"ငါရဲ့ ယင်ယန်ဝိညာဥ်က ပုံစံတော့ မပြောင်းစေလောက်ဘူးမလား "
သူက ရွှေရောင်အလင်းများ တဖြေးဖြေးပျောက်ကွယ်သွားသည်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်လိုက်ပြီးနောက် သူ၏ ယင်ယန်ဝိညာဥ်ကို စစ်ဆေးကြည့်လိုက်သည်။ အခြေခံအပြောင်းအလဲများ မရှိသည်ကို တွေ့သည့်အခါတွင်မှ သူ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်တော့သည်။
" အရင်ကထက်တောင် သန်မာလာပါလား၊ အင်း အခုလို သွားနေပုံအရ ဆယ့်လေးဆစိတ်စွမ်းအင်အဆင့်မြှင့်တင်လိုက်ရင် ယင်ယန်ဝိညာဥ်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်သွားမှာပဲ။ ပုံမှန်ဆို ငါ အံ့မခန့်နည်းလမ်းတွေကို သုံးရင်တောင်မှ အဲဒီလိုလုပ်ဖို့ နှစ်တစ်ထောင်ကျော်လောက် လိုမှာ "
သူ့စိတ်ထဲတွင် ထိုအတွေးများပေါ်လာသည်နှင့် သူက ကျော်မသွားနိုင်သည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူက ဆယ့်နှစ်ဆ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို စတင်လုပ်လိုက်သည်။
ဂျိန်းခနဲ ထစ်ခြုန်းမြည်ဟည်းသွားပြီး သူ၏ ယင်ယန်ဝိညာဥ်ပေါ်တွင် ဒုတိယရွှေရောင်အမှတ်အသားတစ်ခု ပေါ်လာသည်။ သို့သော် သူက ထိုနေရာတွင် မရပ်သေး။ မကြာမီ သုံးခုမြောက် နှင့် လေးခုမြောက် အမှတ်အသားများ ထွက်ပေါ်လာတော့သည်။
လေးခုမြောက်ရွှေရောင်အမှတ်အသားနှင့်အတူ ပြင်းထန်လှသောခွန်အားကြီး၏ ခံစားချက်က သူ၏ ယင်ယန်ဝိညာဥ်တွင် ပြည့်နှက်သွားလေသည်။ ယခု သူသာ အနည်းငယ် အားစိုက်ထုတ်လိုက်ပါက အစောပိုင်းအဆင့်မှ အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်သို့ တက်နိုင်တော့မည်ဟု ခံစားနေရလေပြီ။
သို့သော် ယခုအခိုက်အတန့်တွင် ထိုသို့ပြုလုပ်ရန် သူ ပြင်ဆင်ထားခြင်းမရှိရာ ဤနေရာတွင် ရပ်လိုက်ရုံမှတစ်ပါး သူ ရွေးချယ်စရာမရှိတော့ချေ။ ထို့နောက် သူက မျက်လုံးများကို ဖွင့်၍ သူ၏ ယင်ယန်ဝိညာဥ်ကို ငုံ့ကြည့်လိုက်သည်။ သူ့ယင်ယန်ဝိညာဥ်၏ စောစောပိုင်းက အခြေအနေနှင့် လက်ရှိပုံပန်းသွင်ပြင်က မိုးနှင့်မြေအလား ကွာခြားနေလေပြီ။
" ငါ လုပ်နိုင်တာ ဒီလောက်ပဲ"
သူက ရေရွတ်လိုက်သည်။
" ဒါပေမဲ့ ငါ ဆယ့်ငါးဆ စိတ်စွမ်းအင်အဆင့်မြှင့်တင်နိုင်တာနဲ့ အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်ကို ရောက်သွားလိမ့်မယ် "
သူစကားပြောနေချိန်တွင် သူ၏ ယင်ယန်ဝိညာဥ်သည် သူ၏အပြင်အားကိုယ်ထဲ ပြန်ဝင်သွား၏။
သူ၏ ယင်ယန်ဝိညာဥ်ပေါ်တွင် လေးခုမြောက် ရွှေရောင်အမှတ်အသားပေါ်လာသောအခါ ဗဟိုဧကရာဇ်မြို့တော်က ကျောက်တိုင်ပေါ်ရှိ ပိုင်ရှောင်ချန်း၏ နာမည်ဘေးတွင် နံပါတ် ၁၄ ပေါ်လာ၏။ ထိုသို့ ဖြစ်သွားသည်နှင့် စောင့်ကြည့်နေကြသော ဝိညာဥ်ကျင့်ကြံသူများ အဆုံးစွန်အထိ ကြက်သေသေသွားကြတော့သည်။ မြေရိုင်းဒေသငရဲဧကရာဇ်၏ ဆက်ခံသူသည် ပိုင်ရှောင်ချန်းသာဖြစ်လာပါက မည်သို့မည်ဖုံ ဖြစ်ပျက်လာမည်ကို မည်သူမှ မတွေးနိုင်တော့ပေ။ ၄င်းမှာ စဥ်းစားရန် ကြီးကျယ်လွန်းနေသည်။
ကောင်းကင်နှင့် မြေပြင်တွင် စူးရှတောက်ပသောအလင်းများ ပြိုးပြိုးပြက်ပြက်လက်သွားပြီး သရဲကြီးတပ်ဖွဲ့ထဲမှ မိန်းမပျိုလေးတစ်ယောက် ပျံသန်းလာသဖြင့် အပေါ်ထက် တိမ်တိုက်များထဲရှိ နဂါးကြီးသည် သိသာစွာပင် တုန်လှုပ်သွား၏။ သူမသည် လှပကြော့ရှင်းပြီး ရင်သပ်ရှုမောဖွယ် ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်ထားသည့်တိုင် အဆုံးစွန်ထိ ကြောက်မက်ဖွယ်ကောင်းလှသော အသတ်အဖြတ် အရှိန်အဝါလည်း ရှိနေသည်။ ထိုမျှသာမက သူမ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ၊ အမျက်ဒေါသများဖြင့် ပြည့်နှက်နေ၏။ သူမကား ........ သခင်မလေးဟုန်ချိန်မှလွဲ၍ တခြားလူမဟုတ်ပေ။
သူမ၏ ကျင့်ကြံခြင်းအခြေခံသည် အချိန်အတော်ကြာကတည်းက သက်သာခဲ့ပြီးဖြစ်သော်လည်း တံခါးပိတ်ကျင့်နေခဲ့သောကြောင့် အပြင်ဘက်တွင် ဖြစ်ပျက်နေသည့်အရာတစ်ခုကိုမှ သတိမပြုမိခဲ့ပေ။ သို့သော် သူမ၏ ငယ်သားများနှင့် အဆင့်မြင့် အရာရှိများက ပိုင်ရှောင်ချန်းနှင့်ပတ်သက်၍ သူမ၏ မုန်းတီးစိတ်ကို သိထားကြလေရာ သူမထံ သတင်းများ ပို့လိုက်ကြခြင်းဖြစ်သည်။
သူမသည် အလွန်ဆိုးရွား၍ ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော ပိုင်ရှောင်ချန်းက မည်သို့ပြုလုပ်ခဲ့သည်ကို ကြားလိုက်သောအခါ ရူးသွပ်လုမတတ်ဖြစ်သွားတော့သည်။ သူမက ငရဲဧကရာဇ်ကျောက်တိုင်ထံ အမြင့်ဆုံးအရှိန်ဖြင့် တဟုန်ထိုးပျံသန်းလိုက်ပြီး ပထမနေရာရှိ နာမည်ကို စူးစိုက်ကြည့်လိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ယင်လာကာ သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်းတောက်လောင်လာတော့သည်။
သခင်မလေးဟုန်ချိန်ရောက်လာသည်ကို လူအများစု သတိပြုမိလိုက်သောအခါ ခေါင်းများ ငုံ့၍ လေးစားစွာ လက်ယှက်လိုက်ကြသည်။ သူမသည် မကြာသေးမီကမှ မျိုးဆက်၏ နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည့်တိုင် သူမ၏ အတိုက်အခိုက်စွမ်းရည်သည် သာမန်ထက် များစွာကျော်လွန်ကြောင်း လူတိုင်း သိကြလေသည်။
" ပိုင်ရှောင်ချန်း၊ ပိုင်ရှောင်ချန်း "
သူမ၏မျက်နှာပေါ်တွင် တင်းမာခက်ထန်နေသော အရိပ်အယောင်များ ရှိနေပြီး သူမ၏မျက်လုံးများတွင် အေးစက်သော အလင်းများ စူးရှတောက်ပလာတော့သည်။ ဤအခိုက်အတန့်တွင် သူမသည် ပိုင်ရှောင်ချန်း..... ကောင်းကင်တာအိုယင်ယန်ဝိညာဥ်အဆင့်ရောက်သွားပြီဖြစ်ကြောင်း သိလိုက်သည်။ သူမသည် ဒေါသများ တဟုန်းဟုန်းတောက်နေလျက် အရိုးပေလွှာတစ်ခုကို ထုတ်ကာ သူမ၏ လက်အောက်ခံများနှင့် အရာရှိများထံ စာတစ်စောင်ပို့လိုက်သည်။
" ဘာပဲပေးဆပ်ရပါစေ ပိုင်ရှောင်ချန်းကို ရအောင်လိုက်ရှာ။ ငါသူ့ကို အသက်ရှက်ရက် လိုချင်တယ်"
တပ်ဖွဲ့က မဆိုင်းမတွ ဆောင်ရွက်တော့သည်။ တပ်စခန်းအတွင်း တပ်သားများသည် သခင်မလေးဟုန်ချိန်၏ အမိန့်အတိုင်း ပိုင်ရှောင်ချန်းကို လိုက်ရှာရန် ပြင်ဆင်ရင်း ဟိုဟိုသည်သည် ပြေးလွှားကာ ယောက်ယက်ခတ်နေတော့သည်။
ဗဟိုဧကရာဇ်မြို့တော်ရှိ တစ်နေရာတွင် မိန်းမပျိုလေးတစ်ယောက်သည် အခြားသူများနည်းတူ ငရဲဧကရာဇ်ကျောက်တိုင်ရှိ အခြေအနေများကို အနီးကပ်စောင့်ကြည့်နေလျက်ရှိသည်။ သခင်မလေးဟုန်ချိန်နှင့် မတူသည်မှာ သူမ၏မျက်လုံးများထဲတွင် သွေးအေးရက်စက်မှုများမရှိဘဲ စိတ်လှုပ်ရှားမှုများနှင့် စိုးရိမ်ပူပန်မှုများသာ ရှိသည်။
သူမကား ....... အဏ္ဏဝါခေါ်သံဂိုဏ်းမှ ချင်းမေ့ယွမ်ကလွဲ၍ တခြားလူမဟုတ်ပေ။
သူမသည် မြေရိုင်းသူဖြစ်ပြီး သူမ၏ ဆရာသည် အလွန်အရေးပါသော လူတစ်ယောက်ဖြစ်ရာ ဗဟိုဧကရာဇ်မြို့တော်တွင် တုဖက်ကင်းသော ရာထူးတစ်ခုကို ပေးအပ်ထားလေသည်။ သို့သော် သူမသည် အဏ္ဏဝါခေါ်သံဂိုဏ်းတွင်လည်းကောင်း၊ ရှင်းကုံကျစ်တာအိုဂိုဏ်းမှာရှိစဥ်ကလည်းကောင်း၊ ကောင်းကင်တံတားပင်လယ်ကို ဖြတ်၍ ရွက်လွင့်လာခဲ့သည့် သင်္ဘောပေါ်တွင်လည်းကောင်း၊ ဖြစ်ပျက်ခဲ့သည့်အရာမှန်တမျှကို ဘယ်တော့မှ မမေ့နိုင်ခဲ့ပေ။
ပိုင်ရှောင်ချန်းပျောက်နေသည်ဟု ပထမဆုံး သူမ ကြားခဲ့စဥ်က သူသေပြီဟု ထင်မှတ်ခဲ့ပြီး ဖြေမဆည်နိုင်အောင် ပူဆွေးသောကရောက်ခဲ့ရသည်။
သို့သော် ယခုတွင် သူ၏နာမည်သည် ကျောက်တိုင်ပေါ်တွင် ပေါ်လာခဲ့လေရာ သူမ၏မျက်လုံးများ တလက်လက်ရွှန်းလဲ့တောက်ပနေတော့သည်။
" နင်ဘယ်ကိုေရာက်နေတာလဲ ရှောင်ချန်းရယ်... "
ဗဟိုဧကရာဇ်မြို့တော်ရှိ အင်ပါယာနန်းတော်အတွင်း ဗဟိုဧကရာဇ်ကို တံခါးပိတ်ကျင့်ကြံရန် အမိန့်ပေးခဲ့သည့် လူတစ်ယောက်ဖြစ်သော မဟာကောင်းကင်အကြီးအကဲရှိသည်။ ဗဟိုဧကရာဇ်မှလွဲလျှင် သူသည် နန်းတွင်းရှိ အမျိုးမျိုးသော ဌာနများအပေါ် အချုပ်အခြာအာဏာဆုပ်ကိုင်ထားသည့် တစ်ယောက်တည်းသောလူဖြစ်သည်။ ရုတ်တရက် မဟာကောင်းကင်အကြီးအကဲက မျက်လုံးကို ဖွင့်လိုက်၏။
ထိုအခိုက်အတန့်တွင် မြို့တော်အပေါ်ရှိ နဂါးကြီးသည် တဆတ်ဆတ်တုန်ခါသွားပြီး မြို့တော်ရှိ စွမ်းအားကြီးသော ပညာရှင်များသည်လည်း တုန်ရီသွားကာ မဟာကောင်းကင်အကြီးအကဲအတွက် အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်လန့်သဖြင့် သူတို့၏ နတ်ဘုရားစွမ်းရည်များကို ပြန်လည်ခေါ်ယူလိုက်ကြသည်။
မဟာကောင်းကင်အကြီးအကဲ၏ မျက်လုံးများသည် သက်ရှိသက်မဲ့အရာခပ်သိမ်းကို ထိုးဖောက်၍ ချက်ချင်းပင် ငရဲဧကရာဇ်ကျောက်တိုင်နှင့် ပထမနေရာသိမ်းပိုက်ထားသည့် နာမည်အပေါ်တွင် ရပ်သွားသည်။
တခဏကြာသော် သူက အကြည့်လွှဲလိုက်ပြီး အမိန့်တစ်ခုပေးလိုက်သည်။
" ပိုင်ရှောင်ချန်းကို ရှာပြီး ငါ့ဆီခေါ်လာခဲ့ "
အမိန့်များသည် မဟာကောင်းကင်အကြီးအကဲထံမှ မဟုတ်ဘဲ လက်ရှိ ဗဟိုဧကရာဇ်ကိုယ်တိုင်က ပေးလိုက်ခြင်းဖြစ်နေသည်။ ထို့ကြောင့်ပင် ကောင်းကင်ဘုရင်လေးပါးမှာ ထိုအမိန့်ကို လက်ခံရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ.....
မကြာမီ မြေရိုင်းဒေသရှိ လူတိုင်း ပိုင်ရှောင်ချန်းရှာပုံတော်ထွက်နေကြလေပြီ။
ထိုအချိန်တစ်ဝိုက်၌ ပိုင်ရှောင်ချန်းက မျက်လုံးများဖွင့်လိုက်ရာ တံခါးပိတ်ကျင့်ကြံရာအခန်းတစ်ခန်းလုံးတွင် လျှပ်စီးတန်းများ၏ တဖျောက်ဖျောက်မြည်သံများကဲ့သို့ အရာများပြည့်သွားတော့သည်။ တချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်မှ ယင်ယန်ဝိညာဥ်အဆင့် ဖိအားများ ပေါ်ထွက်လာသည်။
သူက အသက်တစ်ချက်ရှိုက်လိုက်ပြီး သူ့ကိုယ်သူ အလျင်အမြန်စစ်ဆေးကြည့်လိုက်သည်တွင် သူ့မျက်နှာပေါ်၌ ဝမ်းမြောက်သွားသော အရိပ်အယောင်များ ထင်ဟပ်သွား၏။ သူသည် အစောပိုင်းယင်ယန်ဝိညာဥ်အဆင့်၏ မဟာရပ်ဝန်းထဲရောက်နေပြီဖြစ်ပြီး သူ၏ ယင်ယန်ဝိညာဥ်အပေါ်တွင် ရွှေရောင်အမှတ်အသားလေးခုရှိနေလေပြီ။ သူ့အတွက် သူ၏ဂုဏ်ယူခြင်းများအား မည်သည့်နည်းနှင့်မျှ မြိုသိပ်ထားနိုင်မည်မဟုတ်လေရာ သူက အင်္ကျီလက်ကို ခမ်းနားစွာ ဝှေ့ယမ်း၍ တရားထိုင်ရာအခန်း၏ တံခါးပေါက်ကို ဖွင့်လိုက်သည်။ ထို့နောက် သူက ကြီးကျယ်မြင့်မြတ်သော ပုံစံဖြင့် ဟိတ်ဟန်ထုတ်ကာ လမ်းလျှောက်သွားလေသည်။
သူက အမြုတေအဆင့်တွင် မဟုတ်ကြောင်း လူတိုင်းသေချာသိသွားရန် နည်းနည်းလောက် ကြွားလုံးထုတ်ရန် စဥ်းစားလိုက်ပြိး နတ်ဘုရားအာရုံများထုတ်လိုက်စဥ် သူ့ပတ်လည်တွင် အုတ်အော်သောင်းနင်း ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
လူအများ အကြောင်းအရာတစ်ခုတည်းကို ဆွေးနွေးငြင်းခုံနေကြကြောင်း သူ ကြားလိုက်ရပြီး ထိုအကြောင်းက သူ့ကို ချက်ချင်းပင် ကြောက်လန့်တုန်ရီသွားစေသည်။ သူ၏ စောစောက ခမ်းနားကြီးကျယ်ခြင်းတို့မှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ပျော်ရွှင်ဝမ်းမြောက်မှုများအားလုံး အငွေ့ပျံသွားကာ ထိတ်လန့်တုန်လှုပ်ခြင်းနှင့် အကြောက်တရားများက အစားထိုးဝင်ရောက်လာတော့သည်။
" ခင်ဗျားကြားလား။ ပိုင်ရှောင်ချန်း ပေါ်လာပြီတဲ့။ ဘာလဲ ခင်ဗျား ပိုင်ရှောင်ချန်း ဘယ်သူလဲဆိုတာ မသိဘူးလား။ ကဲ ရှင်းပြရသေးတာပေါ့...."
" သူက သူ့ယင်ယန်ဝိညာဥ်ပေါ်မှာ ဆယ့်လေးဆ စိတ်စွမ်းအင်မြှင့်တင်ခဲ့တယ်။ အဲဒါ လုံးဝရူးချင်စရာပဲဗျာ။ အဲဒါ စွမ်းအားကြီးတဲ့ မှော်ရတနာတစ်ခုခုနဲ့ လုပ်ခဲ့တာပဲ ဖြစ်မယ် "
" ဗဟိုဧကရာဇ်က မြေရိုင်းဒေသက လူတိုင်းကို သူ့ကိုရှာပြီး အသက်ရှင်ရက်ဖမ်းဖို့ အမိန့်ထုတ်ထားတယ်။ အင်းပေါ့ အဲဒါကလွဲပြီး တခြားနည်းမှမရှိတာ။ သူသာ ငရဲဧကရာဇ်ရဲ့ ဆက်ခံသူဖြစ်သွားလို့ကတော့ ဟာသကြီးဖြစ်သွားမှာ "
ပိုင်ရှောင်ချန်းသည် လူအများ ပြောနေသည့်အရာများကို ကြားလိုက်ရသောအခါ သူ့မျက်နှာမှာ သွေးဆုပ်ဖြူရော်သွားပြီး အကြောက်တရားများကြောင့် မျက်နှာပျက်တော့မတတ်ဖြစ်နေချေသည်။ သူ့ ခေါင်းထဲသို့ဝင်ရောက်လာသည့် အကြောင်းအရာများ၏ သော့ချက်ကို ရုတ်တရက် ပြန်သတိရလိုက်သောအခါ နောက်သို့ ယိမ်းယိုင်သွားတော့သည်။ ယင်ယန်ဝိညာဥ်ပေါ်တွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းတစ်ခု ပြုလုပ်သည့် မည်သူမဆို သူတို့၏နာမည်ကို ငရဲဧကရာဇ်ကျောက်တိုင်ပေါ်ရှိ မျက်နှာပြင်ပေါ်တွင် ပြသခံရမည်ဖြစ်သည်။
" အမယ်လေး ဒါကအကြီးကြီးပဲ "
သူကတွေးလိုက်သည်။ သူသည် ဒုက္ခအိုးကို တုတ်နှင့်ထိုးလိုက်မိကြောင်း သိလိုက်သဖြင့် ရင်ထဲတွင် နောင်တများ လှိုက်တက်လာနေပြီဖြစ်သည်။ စိုးရိမ်သောကများဖြင့် ရင်တဒိန်းဒိန်းခုန်ရင်း ဟိတ်ဟန်ထုတ်ရန် အကြံများကို သူ အလျင်မြန် ရုတ်သိမ်းလိုက်သည်။ သူက သူ၏ ယင်ယန်ဝိညာဥ်ကို မည်သည့်အခြေအနေ မည်သည့်အချိန်အခါတွင်မှ မည်သူကို့မျှစစ်ဆေးခွင့်မပြုရန်လည်း ဆုံးဖြတ်လိုက်သည်။ ကံကောင်းထောက်မစွာ သူဆောင်ရွက်ခဲ့သည့်စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများအားလုံးကြောင့် သူက အလွန်တရာ စွမ်းအားကြီးနေသည်။ လူအများစုက သူသည် ယင်ယန်ဝိညာဥ်အဆင့်တွင် ဖြစ်ကြောင်း အာရုံခံနိုင်သည့်တိုင် သူ့ယင်ယန်ဝိညာဥ်၏ အသေးစိတ်တစ်ခုကိုမှ မြင်နိုင်မည်တော့ မဟုတ်ပေ။
သူ၏ မျက်နှာဖုံးမှ ထိန်းညှိချက်များကြောင့် အစောပိုင်းယင်ယန်ဝိညာဥ်အဆင့်၏ မဟာစက်ဝန်းတွင်ဖြစ်ရမည့်အစား ယခုလေးတင်မှ အဆင့်တက်လာသည့်ပုံပေါ်သွားသည်။ ထိုသို့သူလုပ်လိုက်ချိန် မြို့စောင့်တပ်၏ ကင်းစောင့်ဝိညာဥ်ကျင့်ကြံသူများဖြစ်သည့် အလင်းတန်းပေါင်းများစွာ ပေါ်လာ၏။ သူတို့က လက်ယှက်၍ သူ့ကို အရိုအသေပေးပြီးနောက် တစ်ယောက်က ပြောသည်။
" အရှင်ကြီးက တံခါးပိတ်ကျင့်ပြီးလို့ထွက်လာရင် အမှုဆောင်ချုပ် ပိုင်ကို ချက်ချင်းလာတွေ့ဖို့ အမိန့်ပေးလိုက်ပါတယ်"
" ဟမ် "
ပိုင်ရှောင်ချန်း၏ နှုတ်မှလွှတ်ခနဲ ထွက်သွားက တဆတ်ဆတ် တုန်ယင်လာပြီး ရင်တဒိန်းဒိန်းခုန်လာတော့သည်။