← Chapters

သွေးလောင်ကျွမ်းခြင်း နည်းစနစ်။

Vol. 6 Ch. 71

သွေးလောင်ကျွမ်းခြင်း နည်းစနစ်။

Vol. 6 Ch. 71

ကူချန်ယွင်သည် ညာလက်ဖြင့် လှံကိုင်ထားပြီး မြင်းတစ်ကောင်ပေါ်ထိုင်နေကာ ဇက်ကြိုးကို ဘယ်လက်၌ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

အနည်းငယ် ကလေးဆန်သော မျက်နှာအသွင်အပြင်မျိုးနှင့် ဟန်မင်ထံသို့ တည်ငြိမ်စွာကြည့်၏။

တစ်ဖက်တွင် ပြိုင်ဘက်ဖြစ်သော်မှ ဤကောင်လေး အရမ်းကြည့်လွန်းနေသည်ကို ဟန်မင်တစ်ယောက် ဝန်ခံရပေမည်။ အနည်းဆုံးတော့ သူ့ထက် သာ၏။

နွေဦးဓားနန်းတော်တွင် ဤကောင်လေးအပေါ် သဘောကျနေသည့် မိန်းမငယ်များစွာ ရှိနေသည်။

ချောမောပြီး သန်မာခြင်းဟူသည် ထိုမိန်းကလေးများအပေါ် အပြည့်အဝလွှမ်းမိုး နိုင်ပေသည်။ ထို့နောက် ပြုံးကာ၊

“ ကူမိသားစုရဲ့ ဒုတိယသခင်လေးက ကောလဟာလတွေအတိုင်း ... ချောမောလှ ပါပေတယ်။ ”

-ဟု ချီးကျူးလိုက်၏။

ကူချန်ယွင်က မျက်မှောင်ကြုတ်ပြီး တစ်ဖက်လူသည် အနည်းငယ်မျှ ထူးဆန်းနေ သည်ဟု ခံစားလာမိသည်။

တစ်ဖက်လူသည် မြို့ကိုတိုက်ခိုက်ရန် အလျင်လိုနေပုံ မပေါ်ချေ။ ယင်းသည် ၎င်းတို့၏ ရည်ရွယ်ချက်အပေါ် ခန့်မှန်းရခက်စေ၏။

“ မင်းရဲ့နွေဦးဓားနန်းတော်နဲ့ ငါတို့ကူမိသားစုက အမြဲတမ်းသီးသန့်နေခဲ့တာပဲ ဒီရက်ထဲ ထူးထူးခြားခြား ပြောင်းလဲလာတာ ဘာသဘောလဲ။ ”

“ ဒါတွေက နန်းတော်သခင်ကိစ္စပဲ ငါက အမိန့်အတိုင်း လုပ်နေတာ ... ဒုတိယသခင်လေး သိချင်ရင် နန်းတော်သခင်ကို လိုက်တွေ့ဖို့ ငါခေါ်သွားပေးမယ်။ ”

“ ဟမ့် ... ။ ”

“ ဟား ဟား ဟား ... ။ ”

ချန်ယွင်က တစ်ဖက်လူသည် သူ့ကိုရည်ရွယ်ချက်ရှိရှိ ရန်စနေခြင်းဖြစ်သည်။ ထိုမြင်ကွင်းကြောင့် ဟန်မင်မှရယ်၏။

ပြီးနောက် ဓားကိုဖြုတ်ယူလျက် ချန်ယွင်ဆီသို့ဓားဖျားဖြင့် ထိုးညွှန်ပြလိုက်ကာ၊

“ ဒုတိယသခင်လေးက မင်းက အသက်ငယ်ငယ်နဲ့ ရဲစွမ်းသတ္တိရှိတယ်ဆိုတာ ငါကြားတယ် ... ငါဟန်မင် ဒီနေ့ မင်းကို စမ်းသပ်ဖို့ ဒီမှာရောက်နေပြီ။ ”

-ဟု ဖိတ်ခေါ်လိုက်၏။

ချန်ယွင်က ပြန်မဖြေဘဲ လှံနက်ကို ကျောပြင်ပေါ်မှေးကိုင်လျက်ဖြင့် အေးစက်စွာ ပြန်ကြည့်လေသည်။

“ သွား ... ။ ”

“ သွား ... ။ ”

ထို့နောက်တွင် နှစ်ယောက်သား မြင်းများကိုကန်လျက် တစ်ပြိုင်နက်ထဲရှေ့သို့ ပြေးဝင်လိုက်တော့၏။

နှစ်ဖက်စလုံးရှိ စစ်သည်တော်တိုင်း သတိကြီးစွာ ကြည့်နေကြချေပြီ။ ဟန်မင်သည် စီနီယာတစ်ယောက်ဖြစ်ပြီး ချန်ယွင်နှစ်ယောက် သို့မဟုတ် သုံးယောက်နှင့်ညီမျှသည်။

သူ့လက်ထဲရှိဓားကို သံမဏိဖြင့် သွန်းလုပ်ထားကာ ကိုယ်ထည်သည် နှင်းကဲ့သို့ တောက်ပ၏။

တစ်ဖက်တွင် ချန်ယွင်၏ လှံနက် အဖျားသည် အေးစက်သော ကြယ်အလင်းများ လင်းလက်နေခဲ့သည်။

“ ဟမ့် ... ။”

နှစ်ယောက် ထိပ်တိုက်တွေ့ဆုံတော့၏။ ဟန်မင်သည် သူ့တိုက်ခိုက်မှု၏ ဦးတည်ရာကို အလျားလိုက် ကြားဖြတ်ဟန့်တားမှုအဖြစ် ပြောင်းလဲလိုက်သည်။

“ ထန် ... ထန် ... ။ ”

မြင်းသည်တော်များအတွက် လက်နက်အတိုအရှည်၏ အားသာချက်ကို မီးမောင်း ထိုးပြနေချေပြီ။

ရလာဒ်အနေဖြင့် ကူချန်ယွင်ခမျာ သူ့လက်ထဲမှ လှံနက်ကို မထိန်းနိုင်လုနီးပါး ထုံကျင်သွားတော့၏။

ဟန်မင်သည်လည်း အံ့သြသွားသည်။ သူသည် ချီစုစည်းခြင်းနယ်ပယ် နှောင်းပိုင်းတွင် ဖြစ်သည်။ ခွန်အားသည် နယ်ပယ်တူများ ကြားတွင် ပြိုင်ဘက်ကင်း၏။

သို့သော် ငယ်ရွယ်ပြီး ကျင့်ကြံမှု အားနည်းသော ကူချန်ယွင်သည် သူ့ဓားကို ချေဖျက်သွားနိုင်သည်။

ကောလဟာလများ မှားယွင်းခြင်း မရှိကြောင်း သိရှိလိုက်၏။ တိုက်ပွဲဝင်ဆန္ဒများ ချက်ချင်း အရိပ်အမြွက်ထွက်ပေါ်သည်။

ပြိုင်ဘက်ကောင်းတစ်ယောက် ရှာတွေ့ချေပြီ။ ယင်းကို ချန်ယွင်သည်လည်း သတိပြုမိသည်။ အသက်ပြင်းပြင်းရှူလျက် လှံနက်ကိုတင်းတင်း ဆုပ်ကိုင်လိုက်၏။

နှလုံးသားထဲမှ တိုက်ပွဲဝင်ဆန္ဒတစ်ခုက ရင်ဘတ်ကနေ ခြေလက်အင်္ဂါ ခန္ဓာကိုယ်အနှံ့သို့ ချက်ခြင်းလောင်ကျွမ်းသွားသည်။

“ တိုက် ... ။ ”

“ တိုက် ... ။ ”

အချင်းဝက် ပေငါးဆယ်အတွင်း တိုက်ပွဲဧရိယာအဖြစ် ပြောင်းလဲသွားလေသည်။ ယင်းသည် နှစ်ဖက်အင်အားစုများအပေါ် စိတ်လှုပ်ရှားလာစေ၏။

“ နေဦး ... ဒုတိယသခင်လေးက ဟန်မင်ကိုလက်ရည်တူ တိုက်နေတာလား။ ”

မြို့ရိုးပေါ်ရှိ ဧည့်အကြီးအကဲတစ်ယောက်မှ အံ့ဩသွားသည်။ သူ့စကားကြောင့် လူတိုင်းက သတိထားကြည့်လိုက်ကြ၏။

ဟန်မင်သည် ချီစုစည်းခြင်းနယ်ပယ်ကို ရောက်ရှိထားသည်မှာ ကြာပြီဖြစ်လေသည်။ ထို့ပြင် ဓားရေးလေ့ကျင့်သူလည်းဖြစ်၏။

နွေဦးဓားနန်းတော်တွင် ဓားစမ်းသပ် ကျောက်တုံးတစ်တုံးရှိသည်။ လက်နက်များ၏ မာကျောမှုကို စမ်းသပ်ရန် အထူးပြု၏။

၎င်းကိုခုတ်ပိုင်းပြီးနောက် ထက်ရှမှုကို မထိခိုက်စေသော မည်သည့်လက်နက်ကိုမဆို ထိပ်တန်းလက်နက်ဟု ခေါ်သည်။

ဆယ်စုနှစ်များစွာ ကြာသည့်တိုင် လက်နက်တိုင်း ကျိုးပဲ့ခြင်းဖြင့်သာ အဆုံးသတ် ကုန်၏။ ကျောက်တုံတွင် ပြတ်ရှရာ အချို့သာ ထားနိုင်သည်။

ထိုစမ်းသပ်သူများထဲတွင် ချီစုစည်းခြင်းနယ်ပယ် ဓားသမားများလည်း ပါရှိ၏။

တစ်နေ့တွင် ဟန်မင်သည် ထိုအရပ်မှ ဖြတ်သွားစဉ် စူးစမ်းလိုစိတ်ဖြင့် ကျောက်တုံးကို ခုတ်ချလိုက်သည်။

ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုခဲ့သော ဓားစမ်းသပ်ကျောက်သည် ထက်ခြမ်းပြတ်သွား တော့၏။ အဆုံးတွင် ပေါက်ကွဲသံကြီးနှင့်အတူ အမှုန်အဖြစ် ကွဲကျေသွားလေသည်။

ထိုသို့သော အရည်အချင်းရှိသူကို ကူချန်ယွင်သည် လက်ရည်တူ တိုက်ခိုက်နေ ချေပြီ။

“ ချီစုစည်းခြင်းနယ်ပယ် နှောင်းပိုင်း။ ”

လီရွှမ်အာက ကူချန်ယွင်ထံ ကြည့်ပြီး သုံးသပ်လိုက်သည်။ သူ့ဘေးတွင် ရပ်နေသော လီချင်းစုန့်နှင့် လီရွှမ်းကျန့်ခမျာ မျက်ခုံးပင့်လျက် အံ့သြသွားတော့၏။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

တစ်ဖက်လူသည် အသက်(၂၀)ခန့်သာ ရှိသေးသည်။ ချီစုစည်းခြင်းနယ်ပယ် ရောက်ရှိ လာသည်မှာ နှစ်အနည်းငယ်မျှသာရှိ၏။

ချီစုစည်းခြင်းနယ်ပယ် နှောင်းပိုင်းအဆင့် ရောက်ရှိလာသည်မှာ လုံးဝပင် အဓိပ္ပါယ်မရှိချေ။ တစ်ဖက်တွင် ကူချန်ယွင်မှ ငြိမ်သက်နေ၏။

ဤနှစ်များအတွင်း မက်မွန်ပွင့်ဝိုင်နှင့် ချီဖြည့်တင်းဆေးများသည် ပြတ်လပ်ခြင်းမရှိ သောကြောင့် ဤသည်မှာ သာမန်ပေပင်။

ချီစုစည်းခြင်းနယ်ပယ် ပြီးပြည့်စုံမှုသို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာလိုချေသည်။ ထို့ကြောင့် ဤနှစ်များအတွင်း ရှန်ရှင်းနယ်ပယ် တက်လှမ်းနိုင်ရန် ပြင်ဆင်နေပြီဖြစ်၏။

ကောင်းကင်နှင့် မြေကြီးကြား ဝိညာဉ် စွမ်းအင်များကို ခန္ဓာကိုယ်ထဲ ဆွဲသွင်းပြီးနောက် စစ်မှန်သောစွမ်းအင်အဖြစ် ပြောင်းလဲခြင်းသည် ရှန်ရှင်းနယ်ပယ်ပေပင်။

ထိုရှန်ရှင်းနယ်ပယ်သို့ မတက်ရောက်မီ ခန္ဓာကိုယ်ကို ဦးစွတည်ဆောက်ရမည်ဖြစ်၏။ သို့မှသာ ခိုင်မာသော အုတ်မြစ်ကို ရရှိနိုင်မည်။

အုတ်မြစ်ခိုင်မာပြီးနောက် ပြင်ပရှိ ကောင်းကင်နှင့်မြေကြီးကြား ဝိညာဉ်စွမ်းအင်ကို ဆွဲယူနိုင်ရန် ချီအပေါ်အာရုံခံရပေမည်။

“ သူ့ရဲ့စွမ်းအင်က တကယ်ကို ထူးထူးခြားခြားပါပဲ ဒါပေမယ့် ချီအာရုံခံစားမှု အလွှာကို ကျော်ဖြတ်ဖို့ အချိန်ဘယ်လောက် ကြာမလဲ ဆိုတာကို တွေးမိပါတယ်။ ”

ချီအပေါ် အာရုံခံစားခြင်းသည် ကျင့်ကြံခြင်းလမ်းအစဖြစ်၏။ ဝိညာဉ်စွမ်းအင် များကို ခန္ဓာကိုယ်အတွင်း စုပ်ယူရန် ချီအပေါ် စတင်ခံစားကြည့်ခြင်းပေပင်။

ဤအဆင့်တွင် အရည်အချင်း အပေါ် အခြေခံသည်။ အချို့လူများသည် သေသည့်တိုင် ချီကို ရှာမတွေ့ချေ။ အချို့သည် နှစ်ပိုင်းအတွင်း ပြီးမြောက်ပေသည်။

ရှန်ရှင်းနယ်ပယ် ဝင်ရောက်ခြင်းသည် ကျင့်ကြံခြင်းလောကသို့ ခြေလှမ်းတစ်ဝက် လှမ်းနိုင်ခြင်းဖြစ်သည်။

ခရမ်းရောင်နန်းတော်ကို ဖွင့်လှစ်ပြီး လက်နက်ထိန်းချုပ်ခြင်းနှင့် နည်းစနစ်များစွာ လေ့ကျင့်နိုင်မှသာလျှင် စစ်မှန်သော ကျင့်ကြံသူ ဖြစ်ပေမည်။

ဟန်မင်နှင့် ကူချန်ယွင်တို့သည် လှုပ်ရှားမှုပေါင်း သုံးရာတိုင်အောင်အပြင်းအထန် တိုက်ခိုက်နေခဲ့ကြချေပြီ။ အဆုံးတွင် ဟန်မင်က စစ်မြင်းကိုကျွမ်းကျင်စွာထိန်းလျက် ဆုတ်ခွာပြီး အံ့သြတကြီး ပြန်ကြည့်တော့၏။

“ မင်းဟာ ကူမိသားစုရဲ့ တတိယနဂါး ဖြစ်ထိုက်ပါပေတယ်။ ”

ကူမိသားစု၏ ဒုတိယသားကို တတိယနဂါးအဖြစ် လူအများမှခေါ်ဆိုကြ၏။ ပထမနဂါးသည် ကူဖုန်းဖြစ်ကာ သူ့ဦးဆောင်မှု အောက်တွင် ကူမိသားစုသည် ဒုတိယအဆင့် မိသားစုအဖြစ် မြင့်တက်လာသည်။

ဒုတိယနဂါးသည် ကူမိသားစု၏ အလွန်လျှို့ဝှက်လွန်းသော ပထမဆုံးသား ပေပင်။ ငယ်စဉ်တည်းကပင် ကုန်သည်များထံ လှည့်ကွက်အချို့ဖြင့် ဒုက္ခပေးဖူး၏။

ဟန်မင်က ကူချန်ယွင်ကို စေ့စေ့ကြည့်ပြီး၊

“ ဒုတိယသခင်လေး ... ငါ့မှာ မင်းအတွက်ဓားတစ်လက်ရှိတယ်။ ”

-ဟု သတိပေးလိုက်သည်။

ကူချန်ယွင်တစ်ယောက် စိတ်ထဲ အနည်းငယ်ထိတ်လန့်ခြင်းများ ဖြစ်ပေါ်လာ တော့၏။

ဟန်မင်တွင် နွားပေါက်တစ်ကောင်ကို တစ်ချက်ထဲဖြင့် ခွဲခြမ်းနိုင်သော ပြိုင်ဘက်ကင်း ဓားချက်တစ်ချက်ရှိသည်။

ထိုဓားသည် ဓားနန်းတော်၏ ဓားစမ်းသပ်ကျောက်တုံးကို ပိုင်းဖြတ်နိုင်သော ဓားချက်ဖြစ်သည်။

ဟန်မင်က အသက်ပြင်းပြင်းရှူကာ ခန္ဓာကိုယ်တွင်းရှိ သွေးနှင့် ချီစွမ်းအင်များကို လောင်ကျွမ်းစေလိုက်၏။

သူ့တစ်ကိုယ်လုံး ဖောင်းကားလျက် နီရဲလာသည်။ ဤအခိုက်တွင် သူ့ခန္ဓာကြီးသည် ပေါက်ကွဲစေသော အရာတစ်ခုလို စွမ်းအားနှင့် ပြည့်နေချေပြီ။

ဤသည်မှာ ငယ်စဉ်က ရွာရှိ အဘိုးအိုတစ်ဦးထံမှ ရရှိခဲ့သော မပြည့်စုံသည့် ကျင့်ကြံမှုနည်းစနစ် အပိုင်းအစတစ်ခုဖြစ်၏။ တိကျသော အမည်ပင် မရှိတော့ချေ။ စကားလုံး အနည်းငယ်သာ ကျန်ရှိသည်။

ယင်းသည် ခန္ဓာကိုယ်အတွင်း နက်ရှိုင်းစွာ ပုန်းကွယ်နေသော ပေါက်ကွဲစွမ်းအားများအပေါ် ထုတ်ယူခြင်း ပေပင်။

“ သွေးလောင်ကျွမ်းခြင်း နည်းစနစ်။ ”

တစ်ဖက်တွင် ဟန်မင်၏ အသွင်ပြောင်းလဲလာခြင်းကို ကြည့်နေသော လီရွှမ်အာသည် အံ့အားသင့်စွာဖြင့် ရေရွတ် လိုက်တော့သည်။

***

All Chapters