ဝိညာဉ်ရေးလက်နက် ... ။
Vol. 6 Ch. 72
ကျင့်ကြံခြင်းလောကတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသော လျှို့ဝှက် နည်းစနစ်တစ်ခုရှိသည်။ ၎င်းမှာ သွေးသားကို လောင်ကျွမ်းစေလျက် ခွန်အားကို နှစ်ဆ ထုတ်လွှတ်ခြင်းပေပင်။
သာမာန်စစ်သည်တော်များပင် ဤနည်းစနစ်ကို အသုံးပြုကြသည်။ သို့သော် ချီစုစည်းခြင်း နယ်ပယ်တွင် အသုံးပြု၍ ရ၊မရ မသိနိုင်ချေ။ ထို့ကြောင့် လီရွှမ်အာပင် အံ့အားသင့်သွားခြင်းဖြစ်သည်။
ကူချန်ယွင်က ဟန်မင်ကို လေးနက်သောအမူအရာဖြင့် ကြည့်လိုက်သည်။ ပြောစရာစကားလုံး မရှိချေ။
လက်ရှိအခြေအနေသည် အနည်းငယ် အန္တရာယ်များချေပြီ။ တစ်ဖက်လူသည် မျက်နှာ နီရဲလျက် ကြောက်မက်ဖွယ် ကောင်းနေ၏။
ထိုသူ၏ ခန္ဓာကိုယ်ထဲတွင် ချီများ ပွက်ပွက်ဆူနေပြီး ပေါက်ကွဲထွက်တော့မည်ဟု ခံစားလာရသည်။ လှံနက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။
လှံနက်၏ အေးစက်သော အထိအတွေ့ကြောင့် သက်တောင့်သက်သာ ပြန်ဖြစ်လာစေသည်။
“ ဒုတိယသခင်လေး သတိထားပါ။ ”
ဟန်မင်သည် ကျယ်လောင်စွာ ဟစ်အော်ပြီးနောက် မြင်း၏ဝမ်းဗိုက်ကို ကန်ချ လိုက်လေသည်။
“ ဟီး ဟစ်ဟစ် ... ။ ”
မြင်းက ရှေ့ခွာကို ရုတ်တရက် မြှောက်လာပြီး နှာသီးဝမှ အငွေ့များထွက်သည် အထိ အော်ဟစ်တော့၏။ ထို့နောက် ဟန်မင်မှ ဓားကိုမိုးကိုင်းလျက် ထိုမြင်းနှင့်အတူ ပြေးဝင် ခုတ်ပိုင်းလာချေပြီ။
နေ၀င်ဆည်းဆာချိန်ဖြစ်သဖြင့် အနက်ရောင်အလင်းအဖြစ်သာ ကူချန်ယွင်က မြင်လိုက်ရသည်။ ဤသည်မှာ ခြိမ်းခြောက်မှု ပေးစွမ်းလာသော ဖိအားပေပင်။
“ ဟမ့် ... ။ ”
ထို့ကြောင့် တိုက်ပွဲတင်ဆန္ဒများ ပေါက်ကွဲလျက် လှံနက်ကိုလက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ကာ ချက်ချင်းထိုးသွင်းလိုက်၏။
ယင်းလှုပ်ရှားမှုသည် ဟန်မင်၏ အုပ်စီးနေသော ဓားအပေါ် အနှောင့်အယှက် ပေးရန် မရည်ရွယ်ချေ။ ဓားသွားကိုခံယူကာ ရန်သူကိုလှံဖြင့် ထိုးသတ်ရန်ဖြစ်၏။
မြို့ရိုးပေါ်ရှိ လူတိုင်း မျက်ဝန်းများ မှေးစင်လာချေပြီ။ တစ်စုံတစ်ရာ မှားယွင်းသော် လျင်မြန်စွာ ဝင်ရောက် စွက်ဖက်ရန် ပြင်ထား၏။
“ ထန် ... ထန် ... ။ ”
သတ္တုရိုက်မိသံများ ထွက်ပေါ်လာသည်။ ဤအခိုက်တွင် လူတိုင်းသည် တိုက်ပွဲမြေပြင်ကို အာရုံစိုက်ကြည့်ကုန်ကြ၏။
ထို့နောက်တွင် ဟန်မင်က လှံနက်ကို ခုတ်ဖယ်လျက် ထပ်မံပိုင်းလေသည်။ ချန်ယွင်မှ လှံနက်ကို လှည့်ကာ ပယ်ဖျက်၏။
“ ဟမ့် ... ။ ”
များမကြာခင် ကူချန်ယွင်မျက်နှာသည် သိသိသာသာပြောင်းလဲလာပြီး သူ့လက်မောင်း ကိုက်ခဲလာသည်ကို ခံစားလိုက်ရသည်။
လက်ချောင်းများသည် အထိအတွေ့ကို မခံစားရသကဲ့သို့ ထုံကျင်လျက် လေးလံလာ၏။ အရွတ်နှင့်အရိုးများ တဆတ်ဆတ်တုန်နေကာ မြဲအောင် မဆုပ်ကိုင်နိုင်တော့ချေ။
ကူမိသားစုမှ လူတိုင်း မျက်နှာပျက်ယွင်းကုန်၏။ ကူချန်ယွင်အတွက် ကောင်းမွန်သော အခြေအထားတွင် မရှိတော့ကြောင်း မည်သူမဆို မြင်နိုင်သည်။
ဟန်မင်၏ ဓားသည် နှစ်ဆတိုး၍ ပြင်းထန်လာနေ၏။ တစ်ဖက်တွင် လီရွှမ်အာက ပြုံးလျက် ကူချန်ယွင်ထံ ကြည့်ကာ၊
“ ဒီကောင်လေးဟာ ... စစ်မှန်တဲ့ ပါရမီရှင်ပါပဲ သူ့အရည်အချင်းနဲ့ အနာဂါတ်မှာ သေချာပေါက် အောင်မြင်လိမ့်မယ်။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
ဒုတိယဓားထက် သာလွန်မည်ဟူသော စကားကိုမူ ချန်လှပ်ထားခဲ့သည်။ အနာဂတ်တွင် ဒုတိယဓားသည် ထိုကောင်လေးအမြီးကိုသာ ဆွဲရပေမည်။
မည်သို့ပင်ဆိုစေကာမူ အရွယ်မတိုင်မီ ဒုတိယဓား လက်အောက်တွင်ထားပြီး ကာကွယ် ပေးခြင်းဖြင့် ဆက်နွယ်မှုကို တည်ဆောက် နိုင်ပေသည်။
“ ဟမ့် ... ။ ”
ထိုအချိန်တွင် ကူချန်ယွင်သည် ဒေါသထွက်နေခဲ့ပြီး ချောမောသည့်မျက်နှာတွင် အေးစက်သော ခံစားချက်များဖြင့် တင်းမာလာချေပြီ။
“ ဘယ်လောက် ပျင်းပျလိုက်တဲ့ တိုက်ပွဲဝင်ဆန္ဒတွေလဲ။ ”
ထိုပြောင်းလဲမှုကို ခံစားမိသော ဟန်မင်သည်လည်း အနည်းငယ် အံ့ဩလာမိ၏။ တစ်ဖက်လူသည် ရူးသွပ်နေချေပြီ။
“ ငါ မင်းကို အနိုင်ယူမယ်။ ”
ကူချန်ယွင်မှာမူ နှလုံးသားထဲ အသံတစ်သံသည်သာ ပဲ့တင်ထပ်နေခဲ့သည်။ ပြိုင်ဘက်ကို အနိုင်မယူနိုင်သော် သူ့အစ်ကိုကို အနိုင်ယူရန် အိမ်မက်ပင် မမက်သင့်ချေ။
ထိုဖိအားသည် နှလုံးသားမှတဆင့် လက်မောင်းအတွင်း ကူးစက်သွားလေသည်။ များမကြာခင် လှံနက်သည် အလင်းဖျော့ဖျော့ လင်းလက်လာ၏။
ဝိညာဉ်လက်နက်ဟူသည် ဝိညာဉ်ကိုပိုင်ဆိုင်သော လက်နက် ဖြစ်သည်။ ထို့ကြောင့် ၎င်းကိုယွမ်ဖူနယ်ပယ် ကျင့်ကြံသူ သည်သာ သန့်စင်ပေးနိုင်မည်။
သန့်စင်ခြင်းအပြင် ပိုင်ရှင်သည် ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်သည့် အစွမ်း သတ္တိမျိုးရှိရန်လည်း လိုအပ်သည်။
ဆိုလိုသည်မှာ လက်နက်ဝိညာဉ်မှ အသိအမှတ်ပြုရန် အရည်အချင်း ရှိရပေမည်။ လှံနက်ပေါ်ရှိ အစီရင်သည် တောက်ပလျက် ရောင်ဝါများ တိုးလာနေ၏။
ယင်းကြောင့် ကူချန်ယွင်အပေါ် ပြိုကျနေသောဖိအားများ ရုတ်တရက် ရပ်ဆိုင်း လျော့နည်းသွားချေပြီ။
ကြီးမားသော တောင်တန်းကြီးကို ထမ်းထားရခြင်းမှ ပယ်ဖျက်လိုက်သကဲ့သို့ ပေါ့ပါးသွားသည်။
ထို့နောက်တွင် တဖြေးဖြေး အသိစိတ်များ မှေးမှိန်သော အခြေအနေသို့ ရောက်ရှိလာကာ မြင်ကွင်းများ ဝေဝါးလာ၏။ ယင်းသည် ခဏမျှသာပေပင်။
အသက်တရှိုက်စာအတွင်း အသိစိတ်မှာ ယခင်ထက်ပို၍ ကြည်လင်လာကာ သွေးများ တဟုန်ထိုး စီးဆင်းလာ၏။
သတိထားမိချိန်၌ ဟန်မင်တစ်ယောက် အံ့သြတုန်လှုပ်နေသော အကြည့်များဖြင့် လွင့်ပျံ သွားသည်ကို မြင်လိုက်ရသည်။
ဓားသည်လည်း ဟန်မင်လက်ထဲမှ လွတ်ထွက်သွားပြီး မြေပြင်ပေါ် ပြုတ်ကျသွား ချေပြီ။ လက်ထဲမှလှံဖျားကို ကောင်းကင်ပေါ် ညွှန်ပြလျက် သူ ကျန်ရစ်နေခဲ့သည်။
“ ဒါ ... ။ ”
ရုတ်တရက် သတိဝင်လာကာ အံ့အားသင့်စွာဖြင့် လှံနက်ထံ ပြန်မော့ကြည့် လိုက်လေသည်။
( မင်းဒီလို လုပ်ခဲ့တာလား ... ။ )
တိုက်ပွဲမြေပြင်တစ်ခုလုံး တိတ်ဆိတ်သွားကာ ပေါက်ကွဲစွမ်းအားများ တိုးလာသော ကူချန်ယွင်ကို နားမလည်နိုင်စွာ ကြည့်နေကြ၏။
“ ဟမ့် ... ဒီလိုပေါက်ကွဲစေတတ်တဲ့ နည်းစနစ်မျိုး ... ငါတို့ကူမိသားစုမှာ ရှိတယ်လို့ ဒီတစ်သက် ဘယ်သူကြားလဲ။ ”
ကူညီရန်ပြင်နေသော အကြီးအကဲသည် လှမ်းမည့်ခြေထောက်ကို ချက်ချင်းပြန်ဆုတ်ပြီး ဂုဏ်ယူစွာပြုံးနေခဲ့ချေပြီ။
“ ဝေါ့ ... ။ ”
ဟန်မင်တစ်ယောက် မြေပြင်ပေါ်မှ ချက်ချင်းထရပ်ကာ ပါးစပ်အပြည့်သွေးများ အန်ချလိုက်သည်။ ဓားတခြား၊ မြင်းတခြား လူတခြားပေပင်။
“ အဟွတ် ... အဟွတ် ... ငါရှုံးပြီ။ ”
ဟန်မင်က ဒေါသထွက်နေရမည့်အစား ပြုံးနေခဲ့သည်။ တိုက်ပွဲအပေါ် ကျေနပ်နေပုံရ၏။ ကူချန်ယွင်မှ နှုတ်ဆိတ်နေသည်။ သူ မည်သို့ ဖြစ်ပျက်သွားသည်ကို မသိဖြစ်နေ၏။
( အဲဒါ ငါပဲ ... ငါပဲ။ )
ရုတ်တရက် အမှောင်ထဲမှ ကလေးငယ် တစ်ယောက်သည် ဂုဏ်ယူစွာအော်နေသကဲ့သို့ ကြားလာရ၏။ ထို့ကြောင့် လှံနက်ကို အမြန် ပြန်ကြည့်လိုက်မိလေသည်။
“ ဗြုတ် ... ။ ”
တစ်ဖက်တွင် လီရွှမ်အာသည် အံ့အားသင့်စွာဖြင့် သူ့မုတ်ဆိတ်မွှေးများကို ဆွဲနုတ်မိသွားရာ မျက်နှာရှုံ့တွသွား၏။
“ ဝိညာဉ်ရေးလက်နက်။ ”
ဤမြင်ကွင်းကို ရှင်းပြနိုင်သူသည် သူတစ်ဦးတည်းသာလျှင် ရှိ၏။ လှံနက်သည် ဝိညာဉ်အဆင့်လက်နက်တစ်ခုပေပင်။
ယင်းသည် အဆင့်နိမ့် ဝိညာဉ်လက်နက် ဖြစ်သည်။ သို့သော် စွမ်းအားကို ကြည့်ခြင်းဖြင့် အဆင့်နိမ့် ဝိညာဉ်ရေးလက်နက်များအနက် ပထမတန်းစားဖြစ်ကြောင်း ပြောနိုင်၏။
သူ့နောက်ကျောတွင် လွယ်ထားသည့် ဝိညာဉ်ရေးဓားထက်ပင် ပို၍ကောင်းလေသည်။ ထို့ကြောင့် မေးခွန်းတစ်ခု ချက်ချင်း ဝင်ရောက်လာတော့၏။
ဤကလေးသည် ထိုမျှ ရှားပါးသော ဝိညာဥ်လက်နက်ကို မည်သည့်အရပ်မှ ရရှိထား သနည်း။ တစ်စုံတစ်ဦးမှ မတော်တဆ ပေးအပ်လာခြင်းပင်လော။
အဖြေမရှိချေ။ လီရွှမ်အာတစ်ယောက် အတွေးထဲနစ်မျောသွား၏။ စိတ်ရှုပ်စရာပေပင်။ ထိုအချိန်က နိုင်ငံအနှံ့ သူခရီးထွက်ခဲ့စဉ် ဤသို့ အဘယ့်ကြောင့် မရရှိနိုင်ခဲ့သနည်း။
တစ်ချိန်တည်းမှာပင် ကူချန်သည် လင်းရင်ဘုံကျောင်းအတွင်း တာအိုချင်းရှ၏ သားသမီးနှစ်ယောက်နှင့် ကျီစယ်နေရာမှ ခံစားချက်အချို့ ဝင်ရောက်လာ၏။
ထို့ကြောင့် ရပ်လိုက်ပြီး ကောင်းကင်ပေါ် မော့ကြည့်ကာ လက်ချောင်းများ ရေတွက်လျက် မြောက်ဘက်အရပ်ဆီသို့ မျှော်ကြည့်လေသည်။ ပြီးနောက် ပုံမှန်အတိုင်း ကလေးများဖြင့် ဆက်ကစားနေတော့၏။
***