← Chapters

တစ်ချက်တည်းဖြင့် ထိမှန်ခြင်း။

Vol. 6 Ch. 73

တစ်ချက်တည်းဖြင့် ထိမှန်ခြင်း။

Vol. 6 Ch. 73

“ ဘာမှားလို့လဲ ... ။ ”

ကူချန်၏ အမူအရာပြောင်းလဲမှုကို တာအိုချင်းရှမှ သတိပြုမိပြီး လေးနက်သော အမူအရာဖြင့် မေးမြန်းလိုက်သည်။

ကူချန်သည် ဗေဒင်ပညာရပ်အပေါ် ကျွမ်းကျင်ကြောင်း သူသိသည်။ ဤပုံစံသည် တစ်ခုခုဖြစ်နေပြီဟု အဓိပ္ပာယ်ရ၏။ ကူချန်က ခေါင်းယမ်းပြပြီး၊

“ အဆင်ပြေပါတယ် ဘာမှ မဟုတ်ဘူး ချန်ယွင်ဆီကနေ ... မထင်မှတ်ထားတာလေး တုန့်ပြန်လာလို့။ ”

“ အန္တရာယ်ရှိလား ... ။ ”

“ နည်းနည်းပါ ... ဒါပေမယ့် ဘာမှ မဖြစ်ပါဘူး ... အဲဒါက တခြားအရာတစ်ခုပါ။ ”

ထိုစဉ် ရင်ခွင်ထဲတွင် ထိုင်နေသော ချန်ယွဲ့သည် ဘေးသို့လက်ညှိုး ထိုးပြလာကာ၊

“ အစ်ကိုချန်၊ ငါလည်း လိုချင်တယ်။ ”

-ဟု ကူချန်ထံ မော့ကြည့်ပြီးပြောသည်။

“ ဓားတွေနဲ့ လှံကိုကိုင်ထားတဲ့ မိန်းကလေးက အဆင်မပြေဘူး မင်းအတွက် ဆံထိုးတစ်ချောင်း ငါထွင်းပေးမယ်။ ”

“ ဟုတ်ကဲ့ ... ။ ”

ကူချန်က ပြုံးပြီး ချန်ယွဲ့ကို ဘေးသို့ချလိုက်ကာ မက်မွန်သစ်သားဖြင့် ဆံထိုးတစ်ချောင်း ထွင်းပေးတော့၏။

ချန်ယွဲ့က ဘေးမှနေပြီး စိတ်ဝင်စားစွာ ကြည့်နေချေပြီ။ များမကြာခင် လွှစာမှုန့်များကို မှုတ်ထုတ်သန့်စင်လျက် သစ်သားဆံထိုး တစ်ချောင်း ပေါ်လာ၏။

“ ပြန်သွားပြီး ... မင်းအမေကို ​အချောသပ်ခိုင်းပါ ပြီးရင် ဆီထဲစိမ်လိုက်ရင် မင်းအတွက် သုံးလို့ရပြီ။ ”

ချန်ယွဲ့က ခေါင်းညိတ်လျက် သစ်သားဆံထိုးကို ယူကာ၊

“ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး ... ။ ”

-ဟု ပြောကြားလာသည်။

ကူချန်မှပြုံးပြီး ခေါင်းကို လက်နှင့် ပွတ်သပ်လိုက်သည်။ တစ်ဖက်တွင် ချန်ဟွာက သစ်သားဓားဖြင့် စော့ကစားနေ၏။

ကလေးငယ်သည် စစ်သည်တော် တစ်ယောက်ဖြစ်ရန် စိတ်ကူးယဉ်ပြီး ကမ္ဘာကို လှည့်လည်ချင်နေသည်။ ကူချန်မှ သက်ပြင်းချ လိုက်မိ၏။

ဤကလေးနှစ်ယောက်သည် နေရာအနှံ့ ပြေးလွှားစော့ကစားလာနိုင်ပြီး အစ်ကိုကြီးဟုပင် ခေါ်နိုင်နေပြီဖြစ်သည်။

“ မင်းကလေးတွေကို ချစ်တတ်ရင် ဘာလို့ကိုယ်တိုင်မွေးဖို့ လက်မထပ်ရတာလဲ။ ”

“ ငါကလေးတွေကို ချစ်တာ ... ဘယ်သူ့ကလေးပဲဖြစ်ဖြစ် ကလေးပဲလေ ဆရာ မင်းငါ့ကို မနာလိုဖြစ်နေတာလား။ ”

တာအိုချင်းရှတစ်ယောက် တုန့်ပြန်ခြင်း မပြုတော့ချေ။ ဤအရပ်တွင် ကူချန်ရှိနေသရွေ့ သူ အရှုံးပေပင်။

သမီးငယ်သည်ပင် တစ်ဖက်လူကို အစ်ကိုကြီးဟု ကျေနပ်စွာခေါ်ကာ သူ့အပေါ် လျစ်လျူရှုနေသည်။

ထိုဖြစ်စဉ်သည် အလွန်းဝမ်းနည်းစရာ ကောင်းချေပြီ။ အသက်ကြီးမှ သူတပါးအတွက် ကလေး မွေးဖွားပေးလိုက်ရသလိုပေပင်။

ကူချန်က ချန်ယွဲ့ကို ကောက်ချီကာ ပေါင်ပေါ်ထိုင်ခိုင်းလိုက်သည်။ ထို့‌နောက်ပြုံးပြီး၊

“ ရှောင်ယွဲ့ ... မင်းအဖေနဲ့ အစ်ကိုကြီး ဘယ်သူနဲ့ ကစားရတာကြိုက်လဲ။ ”

“ အစ်ကိုကြီး ... ။ ”

ချန်ယွဲ့က ချက်ချင်း ပြန်ဖြေ၏။

“ ဘာလို့လဲ ... ။ ”

တာအိုချင်းရှက ဝမ်းနည်းစွာဖြင့် ဝင်ရောက် မေးမြန်းလိုက်သည်။ ထို့ကြောင့် ချန်ယွဲ့မှ သူ့ထံ ပြန်မော့ကြည့်ကာ၊

“ အစ်ကိုကြီးက အရမ်းလှပတယ်။ ”

-ဟု ဖြေကြားလာ၏။

ကလေးများသည် ဘာသာစကားကို တွင်ကျယ်စွာ နားမလည်နိုင်သေးချေ။ သူတို့၏ အမြင်တွင် လှပခြင်းနှင့် ချောမောခြင်းသည် အတူတူဖြစ်သည်။

ကူချန်က ပြုံးပြီး ချန်ယွဲ့ပါးပြင်ကို လက်ဖြင့်ခပ်ဖွဖွဖျစ်ကာ၊

“ နောင်မှာ ... ဒီလိုအဖြေမျိုး တခြားသူတွေကို မပြောမိစေနဲ့ သူတို့ကြားရင် စိတ်မကောင်း ဖြစ်ကုန်လိမ့်မယ်။ ”

-ဟု သွန်သင်လိုက်၏။

ယင်းသည် တာအိုချင်းရှကို အနည်းငယ် တိတ်ဆိတ်သွားစေသည်။ ကူချန်က ထိုမျှဖြင့် အားမရသေးဘဲ သူ့ထံ လှည့်ကြည့်ကာ တောင်းပန်တော့၏။

“ ဆရာ ... ကလေးတွေက သူတို့မြင်နိုင်တာကို အမှန်အတိုင်းပြောတယ် မင်း ဒါကိုအရမ်းကြီး ဝမ်းမနည်းပါနဲ့။ ”

“ မင်း ... ။ ”

ဤတစ်ကြိမ်တွင် တာအိုချင်းရှသည် ကူချန်၏ ရည်ရွယ်ချက်ရှိရှိ တောင်းပန်စကားကို အံကြိတ်ကာ ငြိမ်ခံနေလိုက်ရသည်။

“ ဟမ့် ... ။ ”

သို့သော် ရုတ်တရက် တာအိုချင်းရှက တစ်စုံတစ်ခုကို သတိရလာပြီး သူ့မျက်နှာပေါ်ရှိ အရေပြားများ စတင်လှုပ်ရှားလာ၏။

“ ဒါ ... ။ ”

ကူချန်မှ မော့ကြည့်လိုက်စဉ် တာအိုချင်းရှအသွင်မှာ ပြောင်းလဲသွားပြီးနောက် ချန်ယွဲ့ထံ လက်ကမ်းလာတော့သည်။

တစ်ဆက်တည်းမှာပင် ကျေနပ် ပျော်ရွှင်နေသောအပြုံးဖြင့် ကူချန်ထံ မျက်ခုံးပင့် ပြလာကာ၊

“ ရှောင်ယွဲ့ ... မင်းရဲ့ဖေဖေဆီလာပါဦး။ ”

-ဟု ပြောကြားလိုက်၏။

ချန်ယွဲ့က သူ့ထံမော့ကြည့်ပြီး ကူချန်ရင်ခွင်ထဲ မျက်နှာဝှက်လိုက်ကာ၊

“ မကောင်းဆိုးရွားကြီး ... သွား ။ ”

-ဟု အော်ဟစ်လိုက်တော့သည်။

“ ဘယ်မှာလဲ မကောင်းဆိုးရွား ... ဟမ့် နတ်ဆိုးကောင် မင်းဘာလုပ်တာလဲ ငါ့ဓားကို ကြည့် ... ။ ”

ဓားနှင့်စော့ကစားနေသော ချန်ဟောက်မှ ပြန်လှည့်ကြည့်ကာ ထိတ်လန့်လျက် သူ့ဓားဖြင့် ချက်ချင်းပြေးခုတ်‌လေသည်။

( ဟမ့် ... ငါ့အဖေ အဝတ်အစားတွေ ဝတ်ထားတဲ့ နတ်ဆိုးကြီး ... မင်းဘယ်လိုများ ရောက်လာတာလဲ။ )

“ မကြောက်နဲ့ ... မကြောက်နဲ့ ငါမင်းတို့အဖေပါ၊ ဒီမှာ ... ဒီမှာ ... ။ ”

‘မကြောက်နဲ့’ ပြောနေသည့် တာအိုချင်းရှကိုယ်တိုင် ထိတ်လန့်စွာဖြင့် သူ့၏ ရုပ်ပြောင်းရုပ်လွဲပညာကို ချက်ချင်း ရုတ်သိမ်းလိုက်ရတော့သည်။

“ စွပ် ... ။ ”

“ အွတ် ... ။ ”

တာအိုချင်းရှအတွက် ပြောစရာစကားလုံး မရှိတော့ချေ။ ကူချန်မှ မှင်သပ်စွာကြည့်နေမိ၏။ ချန်ဟောက် ဓားသည် သည်းမခံနိုင်သော အညှာကို ထိုးမိသွားခဲ့သည်။

ချန်ယွဲ့ကို ပွေ့ဖက်ရန် ပြန်နေရာမှ တာအိုချင်းရှတစ်ယောက် ချက်ချင်းမျက်နှာ ရှုံ့တွလျက် အသံပျောက်သွား၏။

“ ဖေဖေ ... ငါမင်းကို နတ်ဆိုးလက်ကနေ ကယ်လိုက်ပြီ။ ”

တာအိုချင်းရှခမျာ မျက်နှာဖြူဖျော့ကာ သူ့ပေါင်ခြံကို လက်တစ်ဖက်ဖြင့် အုပ်ကိုင်လျက် ကျန်လက်တစ်ဖက်က ချန်ဟောက်အပေါ် ဖမ်းဆုပ်ထားချေပြီ။

“ ထွက်သွား ... ။ ”

“ ဖေဖေ ဘာလုပ်တာလဲ၊ ငါ့ကို ဘာလို့ဖမ်းထားရတာလဲ ငါမင်းကို ကယ်တင် လိုက်ပြီမဟုတ်လား။”

ချန်ဟောက်မှ စိတ်ရှုပ်ထွေးသွား၏။ သူရဲကောင်းတစ်ယောက်အတွက် ဂုဏ်ပြုပေး သင့်သည် မဟုတ်ပါလော။

ကူချန်က စကားမဆိုဘဲ ချန်ယွဲ့ကို ပွေ့ချီလိုက်ကာ ထွက်ခွာလာခဲ့သည်။ ချန်ယွဲ့က သူ့ပခုံးပေါ်မှ ကျော်ကြည့်ကာ၊

“ အစ်ကိုကြီး ... ဖေဖေက ဘာဖြစ်သွားတာလဲ အစ်ကိုဟောက်ကို ဘယ်ခေါ်သွားတာလဲ။ ”

“ အရမ်း ဝမ်းနည်းစရာ ကောင်းတဲ့​နေရာကို။ ”

ချန်ယွဲ့တစ်ယောက် နားမလည်သော အမူအရာပြသလာသည်။ ကူချန်မှ မရှင်းပြဘဲ သက်ပြင်းချကာ ခေါင်းခါလိုက်၏။

ချန်ဟောက်သည် အမှန်ပင် အရည်အချင်းရှိ၏။ ပစ်မှတ်ကို ဓားတစ်ချက် တည်းဖြင့် ထိအောင် တိုက်ခိုက်နိုင်သည်။ အထင်ကြီးစရာပေပင်။

“ ဖေဖေ မင်းငါ့ကို ဘယ်ခေါ်သွားမို့လဲ ... ။ ”

“ ဖေဖေ ... ။ ”

“ အား ... ။ ”

“ မင်း ... နတ်ဆိုးကြီး ... ။ ”

များမကြာခင် တောင်ကုန်းအကွယ်၌ အော်ဟစ်သံများ ညံလာတော့၏။

“ မင်းကို နတ်ဆိုးတွေနဲ့ မကောင်းဆိုးရွားတွေကို သတ်ဖို့ ငါပြောခဲ့တယ်။ ”

“ ဝါး ... ။ ”

“ နတ်ဆိုးကြီး ... နတ်ဆိုးကြီး ... ငါသွားပါရစေ ... အစ်ကိုကြီး ငါ့ကိုကူညီပါဦး။ ”

“ ဟမ့် ... မင်းဘယ်သူ့ကို အစ်ကိုကြီး ခေါ်နေရတာလဲ ... ငါ ကူခေါ်ပေးရမလား။ ”

“ နတ်ဆိုးကောင်၊ ငါ့အဖေက ဘယ်သူလဲဆိုတာ မင်းသိလား။ ”

“ မင်းအဖေဆိုတာ ငါကလွဲရင် ဘယ်သူ ရှိသေးလို့လဲ။ ”

“ ..... ။ ”

မုဝေနှင့် ရှောင်ယွင် ရောက်လာချိန်တွင် ကူချန်သည်ချန်ယွဲ့ကိုချီကာ လမ်းလျှောက်နေပြီ ဖြစ်၏။

“ တာအိုဘုန်းကြီး ... ။ ”

‌ရှောင်ယွင်က ဝမ်းသာအားရ နှုတ်ဆက်လေသည်။ သူမသည် ယခင်ကဲ့သို့ ကလေးမလေး မဟုတ်တော့ချေ။ ကူချန်မှ ပြုံးလျက် ခေါင်းညိတ်ပြကာ မုဝေထံသို့ လှမ်းကြည့်ပြီး၊

“ မိန်းကလေးမု နေကောင်းသွားပြီလား။ ”

-ဟု နှုတ်ဆက်လိုက်တော့သည်။

***

All Chapters