ငါစဉ်းစားပေးမယ် ... ။
Vol. 6 Ch. 75
ရုတ်တရက် ကူချန်က ကောင်းကင်ပေါ် မော့ကြည့်လိုက်ရာ အစက်လေး တစ်စက်ကို မြင်လိုက်ရ၏။
“ ဒီနေ့ကစပြီး ... ချန်ယွင်ရဲ့နာမည်က နိုင်ငံအနှံ့အပြားကို ပြန့်နှံ့သွားလိမ့်မယ် အသက် နှစ်ဆယ်အရွယ် ချီစုစည်းခြင်းနယ်ပယ် နှောင်းပိုင်းအဆင့် ပါရမီရှင် ...
... ဒါက အသက် (၃၀) မတိုင်မီ ရှန်ရှင်းနယ်ပယ်ကို ဝင်ရောက်ပြီး ဖူစုနိုင်ငံရဲ့ ထိပ်ဆုံးမှာ ရပ်နေနိုင်မယ်လို့ ပြောနေကြတယ် ဟမ့် ... စီနီယာအစ်ကို မင်းဘယ်ရောက် သွားတာလဲ။ ”
ချင်းဖန်တစ်ယောက် စိတ်လှုပ်ရှားစွာ ပြောကြားနေလျက်မှ သူ့ရှေ့တွင်လွတ်နေသော ထိုင်ခုံကိုမြင်ကာ ရှုပ်ထွေးသွားခဲ့သည်။
လေထုအလယ်တွင် လီရွှမ်အာသည် တိမ်ပင်လယ်ကိုဖြတ်ကာ နတ်နဂါးမြို့တော်ထံ စိုက်ကြည့်နေခဲ့သည်။ ဤကူမိသားစုသည် မည်သည့်အရပ်မှ လာသနည်း။
( သူတို့ ဘယ်သူတွေလဲ။ )
နွေဦးဓားနန်းတော်မှ နောက်ဆုံးအကြိမ် သူထွက်ခွာသွားသောအချိန်တွင် ကူမိသားစုမှာ ထွက်ပေါ်မလာသေးချေ။
နှစ်ပေါင်း အနည်းငယ်အတွင်း ဖွံ့ဖြိုးတိုးတတ်လာကာ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူမှပင် အကာအကွယ်ပေးနေ၏။
( ငါ့လိုပဲလား။)
ကူမိသားစု၏ ဘိုးဘေးတစ်ဦးသည် ကျင့်ကြံခြင်းဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး မိသားစုကို ကူညီရန် ပြန်လာခဲ့သည်လော။
“ တာအိုမိတ်ဆွေ မင်းဘာရည်ရွယ်ချက်နဲ့ ဒီကိုလာရတာလဲ။ ”
( ဟမ့် သောက်ခွေး ... ။ )
သူ တွေးနေစဉ် တည်ငြိမ်လွန်းသော အသံတစ်သံကြောင့် ဓားပျံပေါ်မှ ပြုတ်ကျလု နီးပါး ထိတ်လန့်သွားခဲ့သည်။
ချက်ချင်း ပြန်လှည့်ကြည့်လိုက်ရာ သူ့နောက်တွင် လေထဲရပ်နေသောလူငယ်ကို မြင်လိုက်ရလေသည်။
၎င်းသည် ငယ်ရွယ်လွန်းသော တာအိုဘုန်းကြီးတစ်ပါး ဖြစ်နေ၏။ ရိုးရိုးရှင်းရှင်း တာအိုဝတ်ရုံကို ၀တ်ဆင်ထားပြီး ချောမော လှပလွန်းနေချေပြီ။
( ဒီကလေး ငါ့နောက်ကို ဘယ်လို ရောက်လာတာလဲ။ )
တစ်ဖက်လူမှ ရန်လိုသော် ခေါင်းဖြတ်ခံထားရပြီးဖြစ်၏။ ထိုအတွေးကြောင့် ထိတ်လန့် တုန်လှုပ်သွားတော့သည်။ ချက်ချင်း ဦးညွှတ်ကာ၊
“ ငါ့နာမည် လီရွှမ်အာပါ ... တွေ့ရတာဝမ်းသာပါတယ် စီနီယာ။ ”
-ဟု နှုတ်ဆက်လိုက်၏။
( စီနီယာလား ... ။ )
ကူချန် မျက်ဝန်းများ မှေးစင်းသွားသည်။ တစ်ဖက်လူသည် စီနီယာဟု ခေါ်ဆိုနေသည်မှာ သူ့ကိုယ်သူ အားနည်းသူအဖြစ် ခံယူလိုက်ပုံရ၏။
တစ်ဆက်တည်းမှာပင် ထိုသူ၏ မျိုးရိုးအမည်ကြောင့် နွေဦးဓားနန်းတော်ကို ပြန်သတိရလာသည်။
လွန်ခဲ့သော ရက်အနည်းငယ်က နွေဦးဓားနန်းတော်သည် ထူးဆန်းစွာဖြင့် ကူမိသားစုကိုတိုက်ရန် လာခဲ့၏။ ယင်းသည် ဤလီရွှမ်အာကြောင့် ဖြစ်ပေမည်။
“ ငါ့ကူမိသားစုနဲ့ လီမိသားစုဟာ သဟဇာတဖြစ်အောင် အမြဲနေထိုင်ခဲ့တယ် အခု မင်းငါ့ကို ရှင်းပြသင့်တယ် မထင်ဘူးလား။ ”
ကူချန်တစ်ယောက် လျင်မြန်စွာ မှန်းဆပြီးနောက် လျစ်လျူရှုသောအသွင်ဖြင့် အဖိုးအိုကို မေးခွန်းထုတ်လိုက်သည်။
လီရွှမ်အာတစ်ယောက် မသက်မသာ ဖြစ်သွား၏။ ဤမတိုင်မီ ကူမိသားစုအပေါ် ကျင့်ကြံခြင်းဂိုဏ်းတစ်ဂိုဏ်းမှ ကာကွယ်ပေးနေ လိမ့်မည်ဟု ယူဆခဲ့သည်။
ထို့ကြောင့် အထိန်းအကွပ်မဲ့ခြင်း မရှိခဲ့သည့်အပေါ် ကံကောင်းသွားတော့၏။ သူ့အတွက် အခွင့်အရေး ရှိနေသေးသည်။
“ ဟုတ်ပါတယ် ... ငါ့အမှားပါ ... ကူမိသားစုမှာ စီနီယာရဲ့အကာအကွယ်ပေးမှု ရှိနေတာကို ငါမသိခဲ့ပါဘူး ... ဒါပေမယ့် ဒါကလည်း ... ။ ”
လီရွှမ်အာက သူ့အကြံအစည်များကို တစ်ချက်ခြင်း ပြန်လည် ရှင်းပြလာလေသည်။ အဆုံးတွင် နောင်တရဟန်ဖြင့်၊
“ ငါသတ်ဖို့ ဆန္ဒမျိုးမရှိတာ အမှန်ပါ ... ဒီအတွက် တောင်းပန်တဲ့အနေနဲ့ ယွမ်ဖူနယ်ပယ် နတ်ဆိုး ဆေးပြား သုံးပြား ပေးချင်ပါတယ်။ ”
-ဟု အဆုံးသတ်လိုက်၏။
ကူချန်က တိတ်ဆိတ်စွာ ကြည့်နေသည်။ တစ်ဖက်လူ စကားကို မယုံချေ။ ချန်ယွင်အပေါ် ထိုစဉ်က စမ်းသပ်ခဲ့ခြင်းသည် ကူမိသားစုကို အနိုင်ယူရန်နှင့် ခေါ်ဆောင်သွားရန်ဖြစ်၏။
သို့သော် သတ်ရန် ဆန္ဒမရှိသောကြောင့် တစ်ဖက်လူ၏ တောင်းပန်မှုအပေါ် ထည့်သွင်း စဉ်းစားပေးနိုင်သည်။
ယွမ်ဖူနယ်ပယ် နတ်ဆိုးဆေးပြားများ တန်ဖိုးမှာ မနည်းချေ။ ၎င်းတို့၏ စျေးနှုန်းသည် သားရဲ၏ မျိုးဆက်သွေးနှင့် အမျိုးအစားပေါ် မူတည်ပြီးကွဲပြားသည်။
အနိမ့်ဆုံးအဆင့် နတ်ဆိုးဆေးပြား သုံးပြားသည် ကျန်းချီဆေးပြား တစ်သောင်းနှင့် ညီမျှသောတန်ဖိုးရှိသည်။
လီရွှမ်အာသည် ယွမ်ဖူနယ်ပယ်တွင် နှစ်ပေါင်းများစွာ နစ်မြုပ်နေသော နှောင်းပိုင်း အဆင့် ကျင့်ကြံသူဖြစ်၏။
ထို့ကြောင့် ဤကမ်းလှမ်းမှုသည် အသားတစ်ပိုင်း ဖြတ်ပေးခြင်းနှင့် ညီမျှသည်။ ကူချန်တစ်ယောက် အမူအရာ ပြောင်းသွား၏။
“ ဝှစ် ... ။ ”
လက်အနည်းငယ် မြှောက်လိုက်ရာ လေဟာနယ်အက်ကွဲလျက် ဓား(၁၂)လက် ထွက်ပေါ်လာပြီး သိုလှောင်လက်စွပ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ထိုမြင်ကွင်းကြောင့် လီရွှမ်အာခမျာ အကြည့်များ မှုန်မှိုင်းသွားကာ တံတွေးမြိုချ လိုက်မိလေသည်။
ကံကောင်းပေ၏။ မဟုတ်သော် ထိုဓား(၁၂)လက်ဖြင့် အပိုင်းပိုင်းဖြတ်တောက် ခံသွားရနိုင်မည်။
“ မင်း ဒီကို ဘာအတွက်လာတာလဲ။ ”
ကူချန်မှ မေးမြန်းလိုက်သည်။ ထိုမေးခွန်းသည် ပေါ့ပေါ့ပါးပါးနိုင်သော်လည်း လီရွှမ်အာကို ပို၍လေးနက်သွားစေ၏။
“ ကူမိသားစုနဲ့ နွေဦးဓားနန်းတော်အတွက်။ ”
တစ်ဖက်လူ၏ အဖြေကြောင့် ကူချန်က အနည်းငယ် စဥ်းစားလိုက်ပြီး၊
“ ငါ့နောက်လိုက်ခဲ့ ... ။ ”
-ဟု ဖိတ်ကြားလိုက်တော့သည်။
လင်းရင်ဘုံကျောင်း၊ မိုးပြာခြံဝန်း။
“ ပလောက် ... ပလောက် ... ။ ”
မင်ယွဲ့သည် ကူချန်နှင့် လီရွှမ်အာအတွက် မက်မွန်ပွင့်ဝိုင်ကို အဖိတ်မစင်မရှိရန် ဂရုတစိုက် လောင်းထည့်ပေးသည်။
သင်းပျံ့လာသော ဝိုင်ရနံ့သည် လီရွှမ်အာအပေါ် ကယောင်ခြောက်ခြား ဖြစ်သွားစေ၏။
“ ကောင်းလိုက်တဲ့ဝိုင် ... ဒီဝိုင်က စိတ်ဝိညာဉ်ကို လန်းဆန်းပြီး မက်မွန်ပွင့်တွေရဲ့ ရနံ့လည်း ရှိနေတယ် ငါသာမမှားရင် ဒီဝိုင်ထဲမှာ မက်မွန်ပွင့်တွေ ပါရှိနေရမယ်။ ”
“ အင်း ... သူ့အမည်ကို မက်မွန်ပွင့်ဝိုင်လို့ ခေါ်တယ်။ ”
ကူချန်က အပြုံးဖြင့်ဖြေလိုက်သည်။ လီရွှမ်အာမှဝိုင်ခွက်ကို ဂရုတစိုက်ကောက်ယူပြီး တစ်ငုံသောက် ကြည့်လိုက်၏။ သူ့မျက်နှာတွင် ချက်ခြင်းပင် ယစ်မူးဟန်ပြလာသည်။
( ဒီလူ ... တကယ့်ကို အရက်သမားပဲ။ )
ကူချန်က စိတ်ထဲမှ မှတ်ချက်ပေးပြီး မင်ယွဲ့ထံမော့ကြည့်ကာ၊
“ မင်းလုပ်စရာရှိတာ သွားလုပ်ပါ။ ”
-ဟု စေလွှတ်လိုက်၏။
မင်ယွဲ့က ခေါင်းညိတ်ပြပြီး ထွက်ခွာသွားလေသည်။ ထိုအချိန်ထိတိုင် လီရွှမ်အာသည် ယစ်မူးကောင်းနေဆဲ ဖြစ်ချေ၏။
“ ဝှစ် ... ။ ”
အချိန်အတော်ကြာ နစ်မြုပ်နေရာမှ သတိပြန်ဝင်လာကာ လက်ကိုဝှေ့ယမ်းလျက် စားပွဲပေါ်သို့ ကတ္တီပါသေတ္တာသုံးလုံး တင်ပေးလာသည်။
“ ဒါက ... ယွမ်ဖူနယ်ပယ် နတ်ဆိုးဆေးပြားတွေပါ စစ်ဆေးကြည့်ပါဦး စီနီယာ။ ”
ကူချန်က တစ်ချက်သာ ကြည့်လိုက်ပြီး ကတ္တီပါသေတ္တာသုံးလုံးကို သိမ်းဆည်းတော့၏။ ကံကြမ္မာမျက်လုံး လင်းလက်သွားကာ အတွင်းမှ အရာကို စစ်ဆေးပြီးဖြစ်သည်။
သို့သော် လီရွှမ်အာအမြင်တွင်မူ အထင်ကြီးစရာ ဖြစ်နေ၏။ ဤစီနီယာသည် အမှန်ပင် ကျွမ်းကျင်သူဖြစ်သည်။
ယွမ်ဖူနယ်ပယ်နတ်ဆိုးဆေးပြားသည် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူအတွက် ကြီးစွာသော ရတနာဖြစ်၏။ သို့သော် စီနီယာအမြင်တွင် စစ်ဆေးရန်ပင် ဆန္ဒရှိမနေချေ။
အလွန်ပေါ့ပေါ့ပါးပါးနိုင်နေပြီး သူသည် ယွမ်ဖူနယ်ပယ်ကျင့်ကြံသူ မဟုတ်တော့သည်မှာ သေချာချေပြီ။
“ မင်းကိစ္စကို ပြောပါဦး။ ”
ကူချန်က လီရွှမ်အာကိုကြည့်ကာ မေးလိုက်သည်။ တစ်ဖက်တွင် လီရွှမ်အာသည် အသက်ပြင်းပြင်းရှူလျက်၊
“ ငါ့ဓားနန်းတော်ကို ကူမိသားစုဆီမှာ အပ်နှံချင်ပါတယ် စီနီယာက စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်။ ”
ထိုစကားကြောင့် ကူချန်က အံ့အားသင့်စွာဖြင့် ပြန်ကြည့်လိုက်လေသည်။ လီရွှမ်အာမှ သက်ပြင်းချလျက်၊
“ ငါအချိန် ကုန်ဆုံးတော့မယ် ... အသက်ရှင်ဖို့ ဆယ်နှစ်ကနေ အနှစ်နှစ်ဆယ် လောက်ပဲ ကျန်နိုင်တယ်။ ”
-ဟု ကူကယ်ရာမဲ့စွာ ပြောကြားလာ၏။
“ အခု ဖူစုနိုင်ငံက ဆူပွက်နေတယ် ... ငါ့ရဲ့နွေဦးဓားနန်းတော်က ပုန်ကန်မှု စတင်ခဲ့ပြီ ဆိုတော့ ဆုတ်ခွာဖို့ အခွင့်အရေးမရှိတော့ဘူး သေမျိုးလောကကြီးက ရိုးရှင်းတယ်လို့ ...
... ထင်ရပေမယ့် လက်တွေ့မှာတော့ တကယ့်ကို ရှုပ်ထွေးနေတဲ့ ချည်ထုံးတစ်ခုလို ပါပဲ ... ငါသာ သက်တမ်းကျန်သေးရင် နွေဦးဓားနန်းတော်အတွက် ...
... ဒုတိယဓားကို ... ငါခေါ်သွားပြီး ဂိုဏ်းဆီမှာ လေ့ကျင့်ပေးလို့ရတယ် အခုတော့ ဒါကအချိန်တွေ အများကြီးပေးရမယ်။ ”
ထို့နောက် လီရွှမ်အာက သူ့စကားကို ခေတ္တရပ်လိုက်ပြီး ကူချန်ထံမော့ကြည့်ကာ၊
“ ရှန့်နန်လမ်းအပေါ် ကြီးစိုးဖို့အတွက် ငါ့ဓားနန်းတော်မှာ အင်အားမရှိဘူး ... ဒါကြောင့် ဒီကိစ္စအပေါ် စောစောစီးစီး ရွေးချယ်တာက ငါတို့အတွက် ပိုကောင်းပါလိမ့်မယ် ...
... စီနီယာလို လူတစ်ယောက် ... ကူမိသားစုမှာ ရှိနေသရွေ့ ဖူစုရဲ့ကူမိသားစုက အလုံခြုံဆုံးပါပဲ ... ကူမိသားစုအောင်မြင်ရင် ငါ့ဓားနန်းတော်လည်း ဂုဏ်ရှိမယ်။။ ”
-ဟု ပြောကြားလိုက်သည်။
ကူချန်တစ်ယောက် တိတ်ဆိတ်သွား၏။ ဤသည်မှာ လှံနက်အပေါ် နားလည်မှုလွဲလျက် သူ့လက်၌ ခိုလှုံလာခြင်းပင်လော။
အတွေးများနှင့် တစ်ဖက်လူထံ ပြန်ကြည့်လိုက်ကာ၊
“ ငါစဉ်းစားပေးမယ်။ ”
-ဟု ပြောကြားလိုက်တော့သည်။
***