မင်းအတွက် ရွေးချယ်စရာ နှစ်ခုရှိတယ် ... ။
Vol. 6 Ch. 78
“ တစ်ခုခု ဖြစ်သွားလား။ ”
ကူချန်က ခြံဝင်းထဲလှမ်းဝင်ပြီး ကူဖုန်းထံတိုက်ရိုက်မေးသည်။ တာအိုချင်းရှက သက်ပြင်းချကာ စစ်တုရင်ခုံထံ နောက်ဆုံး ကြည့်လိုက်သည်။
ရက်စက်လွန်းချေ၏။ ကူမိသားစု၏ စစ်တုရင်စွမ်းရည်သည် နက်ရှိုင်းကာ တုပြိုင်မှု ကင်းလေသည်။
“ လမ်းလျှောက်ရင်း စကားပြောရအောင်။ ”
နွေရာသီဖြစ်သဖြင့် နေရောင်ခြည်မှာ တောက်ပပြီး ပုစဉ်းရင်ကွဲများကျယ်လောင်စွာ အော်ဟစ်နေကြသည်။
လင်းရင်တောင်သည် မြင့်မားစွာ ဖြစ်တည်နေပြီး အပူချိန်ကို နတ်နဂါးမြို့ကဲ့သို့ မြင့်မားစွာ မခံစားရချေ။ လေပြေများက ဝါးရွက်များကို ဖြတ်တိုက်နေသည်။
“ မင်း အသက်ဘယ်လောက်ရှိပြီလဲ။ ”
ကူဖုန်းက ရုတ်တရက်မေးသည်။
“ (၂၃)ပြည့်တော့မယ်။ ”
သူ့ကို ဖူစုပြက္ခဒိန်၏ (၄၃၀)နှစ်တွင် မွေးဖွားခဲ့သည်။ ယခုနှစ်သည် (၄၅၃) ဖြစ်၏။ (၂၃) ပြည့်တော့ပေမည်။ သူ့အဖေ မသိတော့ သည်လော။
“ ချန်ယွင် အသက်ဘယ်လောက်ရှိပြီလဲ။ ”
“ သူက နှစ်နှစ်ငယ်တယ် ... (၂၁) ထဲမှာ ရှိနေလောက်ပြီ။ ”
“ မှန်တယ် ... ။ ”
ကူဖုန်းက လေးနက်စွာ ခေါင်းညိတ်ပြီး၊
“ အိမ်ထောင်ပြုသင့်ပြီ။ ”
-ဟု ပြောကြားလိုက်၏။
“ ..... ။ ”
ကူချန်တစ်ယောက် အံ့အားသင့်သွား၏။ ထိုစကားသည် မည်သူ့အပေါ် ရည်ရွယ်သနည်း။ ချန်ယွင် သို့မဟုတ် သူ့ဖခင်ကူဖုန်း။ ကူချန်က ထူးဆန်းစွာဖြင့် သူ့အဖေကို ပြန်ကြည့်ပြီး၊
“ အဖေ ဘယ်သူ့ကိုပြောတာလဲ ... ။ ”
-ဟု မေးမြန်းလိုက်သည်။
ကူဖုန်းက စိတ်မသက်မသာဖြင့်၊
“ ငါ့မှာ သားယောကျ်ားလေး နှစ်ယောက်ရှိတယ် အများအမြင်မှာ နှစ်ယောက် စလုံးက ပြိုင်ဘက်ကင်း ...
... အရည်အချင်းတွေပိုင်တယ် ဒါပေမယ့် ... ဘယ်သူသိမှာလဲ သူတို့ဒီနေရာမှာ အရည်အချင်း မရှိကြဘူး။ ”
-ဟု ဝမ်းနည်းစွာ ပြောကြားလာ၏။
ကူချန်က မျက်ခုံးပင့်လျက်၊
“ အဖေ ... ချန်ယွင်ကို ပြောကြည့်ပြီးပြီလား။ ”
“ ငါပြောတယ် ... ။ ”
ကူဖုန်းက နာကျင်စွာတုန့်ပြန်၏။
“ သူလည်း မင်းအတိုင်ပဲ ငြင်းတယ် ... ။ ”
“ ဘာလို့လဲ ... ။ ”
ကူချန်ခမျာ စိတ်ဝင်စားသွားသည်။ သူသည်ဆုံးဖြတ်ပြီးဖြစ်သဖြင့် အိမ်ထောင်ပြု၍ နှောင်ကြိုးများ မလိုချင်ချေ။ သို့သော် ချန်ယွင် ရည်ရွယ်ချက်သည် အခြားဖြစ်၏။
“ သူက အခု အိမ်ထောင်ပြုဖို့ ရည်ရွယ်ချက်မရှိသေးဘူး နောင်မှဒီအကြောင်း ပြောရအောင်တဲ့ ... ။ ”
“ မှန်တယ် ... နောင်မှ ပြောသင့်တယ်။ ”
ကူချန်က ချန်ယွင်စကားကို ထောက်ခံ လိုက်သည်။ ယင်းသည် ရွေ့ဆိုင်းခြင်းဖြစ်ကာ အနာဂတ်တွင် အိမ်ထောင်မပြုဟု မဆိုချေ။
လက်ရှိချန်ယွင်သည် ချီစုစည်းခြင်း နယ်ပယ်တွင် ပြီးပြည့်စုံမှုကို ရရှိထားခဲ့သည်။ သူ့အကူအညီဖြင့် ရှန်ရှင်းနယ်ပယ်သို့ မကြာခင် တက်ရောက်နိုင်မည်။
ထိုအချိန်တွင် သူ့သက်တမ်းသည် (၁၅၀)ပိုင်ဆိုင်မည်ဖြစ်သည်။ လက်ရှိအချိန်၌ အသက်(၂၁)သာ ရှိပြီး ငယ်ရွယ်နေသည်။
“ ဟမ့် ... ရုတ်တရက် သူသာ စိတ်ပြောင်းသွားပြီး မင်းလိုပဲ အိမ်ထောင်မပြုရင် ဘယ်လို့လုပ်မလဲ။ ”
( အဖေ ရှိတယ်လေ ... ။ )
ကူချန်မှ အသံထွက် မလာချေ။ သူ့မိခင်ဆုံးပါးပြီးနောက် ဖခင်သည် သစ္စာရှိစွာ နေထိုင်ခဲ့သည်။ ကူဖုန်းက ကူချန်ထံကြည့်ပြီး လက်နှစ်ချောင်းထောင်ပြ၏။
“ မင်းကို ရွေးချယ်ခွင့်နှစ်ခု ပေးမယ် ... မင်းအခုချက်ချင်း လက်ထပ်မလား ချန်ယွင်ကို လက်ထပ်ချင်လာအောင် သွေးဆောင်မလား ...
... ဒီနှစ်ခုထဲက တစ်ခုရွေး ... မင်းတို့ နှစ်ယောက် ဘယ်သူပဲ လက်ထပ် ... လက်ထပ် ငါကျေနပ်တယ် ... မြေးတစ်ယောက်ရရင် ကျေနပ်ပြီ။ ”
ဤကိစ္စအတွက် သူအမြဲတမ်း ခေါင်းကိုက်ရ၏။ တခြားသူများမှာ သူ့အသက် အရွယ်တွင် မြေးများချီနေပြီဖြစ်သည်။
လက်ရှိလုပ်ငန်းသည် အရှိန်အဟုန်ဖြင့် ထွန်းကားလာနေသော်လည်း အမွေဆက်ခံသူ မရှိသော် အလကားပေပင်။
ဖူစုနိုင်ငံကို သိမ်းပိုင်နိုင်လျှင်ပင် အမွေခံမရှိသော် မငြိမ်မသက်ဖြစ်ပေမည်။ ထိုအချင်းအရာအပေါ် မိသားစုအကြီးအကဲတိုင်း ခေါင်းခဲနေရသည်။
ကျိမိသားစု၏ သခင်ငယ်သည် အကျင့်ပျက်ချစားကာ အရက်သောက်ခြင်းနှင့် လိင်မှုရေးရာများတွင် မက်မောကြောင်း ကောလဟာလများထွက်ပေါ်ခဲ့၏။
ထိုသတင်းကိုကြားသောအခါ သူသည် အလွန်အရှက်ဖွယ်ကိစ္စကို ဆုံးမသွန်သင်နိုင်ခြင်း မရှိသည့် ကျိမိသားစု၏ဘိုးဘေးကို လှောင်ပြောင်ဖူးသည်။
ယခုမူ ထိုအရာအပေါ် မနာလိုဖြစ်မိ၏။ ဤမတိုင်မီ သူ့သားနှစ်ယောက်မှ မိသားစုအမွေ အပေါ် တိုက်ပွဲဝင်လာကြမည်ကို အနည်းငယ် သူစိုးရိမ်ခဲ့ရသည်။
လက်ရှိအချိန်တွင် သူ့ကိုယ်သူ မေးခွန်း ပြန်ထုတ်နေရပေသည်။ ငွေကြေး၊ အာဏာနှင့် ဆန့်ကျင်ဘက်လိင် မည်သည့်အရာကိုမျှ စိတ်မဝင်စားကြတော့ချေ။
“ ခေါင်းဆောင်ကူက ဘာအတွက် လာတာလဲ။ ”
ကူဖုန်းပြန်သွားပြီးနောက် တာအိုချင်းရှက အကြောင်းအရာကို မေး၏။ ဤရက်များအတွင်း နေ့တိုင်းသူနှင့် စစ်တုရင်ကစားကာ စိတ်ဒုက္ခ ပေးခြင်းအပေါ် သိချင်မိသည်။
“ အိမ်ထောင်ပြုဖို့ကလွဲပြီး ဘာရှိသေးလို့လဲ။ ”
တာအိုချင်းရှမှ ရုတ်တရက် သဘောပေါက်သွားသည်။ သူက ခေါင်းညိတ်ပြီး၊
“ မင်းမှာ အရမ်းတော်တဲ့ အရည်အချင်းရှိတယ် ဒီအကြောင်းအရာကို သူ နားမလည်နိုင်တာ သဘာဝပါပဲ။ ”
“ အမှန်ပဲ ... ။ ”
ကူချန်က စကားအကြောင်းအရာကို ပြောင်းလဲကာ၊
“ ဒီရက်ထဲ ငါခရီးထွက်ဦးမယ် ချင်းယွမ်စျေးကို အရင်သွားပြီး အိမ်မက်တစ္ဆေ ရေကန်ကို ဆက်သွားမယ်။ ”
-ဟု အသိပေးလိုက်သည်။
“ ဘယ်လောက်ကြာမလဲ။ ”
တာအိုချင်းရှတစ်ယောက် ကူချန်ကို တအံ့တသြကြည့်ကာမေးလိုက်သည်။ ကူချန်က ခေါင်းခါပြီး၊
“ မသိဘူး ... အမြန်ဆုံးသုံးလ ... နောက်ကျမယ်ဆိုရင် ဘယ်လောက်ကြာမလဲ မပြောနိုင်သေးဘူး။ ”
ခရီးထွက်ခြင်းဟူသည် ကျင့်ကြံသူများ အတွက် မကြာခဏလုပ်လေ့ရှိသော အရာတစ်ခု ဖြစ်သည်။
အချို့နေရာများသည် မမြင်နိုင်သော အန္တရာယ်များရှိနေပြီး ဆယ်စုနှစ်တိုင် သို့မဟုတ် ရာစုနှစ်များစွာကြာအောင် ပိတ်မိနေနိုင်၏။
သူ့တွင် ကံကြမ္မာမျက်လုံးနှင့် ကောင်းကင် တာအို ပေါင်းစည်းခြင်းနည်းစနစ် ပိုင်ဆိုင်သဖြင့် သာမန်အန္တရာယ်ကို ရှောင်လွှဲနိုင်သည်။
( မဟာလမ်းစဉ် (၅၀)၊ ကောင်းကင်ဘုံ (၄၉)လမ်း၊ ကျန်အရာကို ပျောက်ဆုံးနေသည်။ ထို့ကြောင့် ကောက်ချက်ချ၍ မရချေ။ )
ဤသည်မှာ နက္ခတ်ဗေဒအတွက် ရည်ရွယ်သော ရှေးဟောင်းတရုတ်အယူအဆ ပေပင်။ စကြာဝဠာကြီးနှင့် လူသားတစ်ဦး၏ ဆက်သွယ်ချက် မပြည့်စုံမှုကို ရည်ညွှန်း၏။
ပျောက်ဆုံးနေသောလမ်းသည် ထိုလူသား တစ်ဦးအတွက် အခွင့်အလမ်းနှင့် မျှော်လင့်ချက် အလားအလာ ဖြစ်သည်။ ဤသည်မှာ လူတိုင်း နီးပါး ကြားဖူးသော စကားစုပေပင်။
ဤကမ္ဘာကြီးကို ဖျက်ဆီးနိုင်သော တန်ခိုးရှင်များ၏ တိုက်ပွဲကြောင့် သာမန်ပြည်သူ မည်မျှထိခိုက်ပျက်စီးမည်နည်း။ သို့မဟုတ် အဆင့်နိမ့် ကျင့်ကြံသူမည်မျှနည်း။
ဥပမာအားဖြင့် အကယ်၍ သူသည် ခရမ်းရောင်နေမင်းနယ်ပယ်ထက် မြင့်မားသော ခွန်အားပိုင်ဆိုင်သော် ဖူစုနှင့်ပတ်ဝန်းကျင်တွင် နတ်ဘုရား ဖြစ်ပေမည်။
သို့သော် ထိုထက်ပို၍ တန်ခိုးကြီးသော ကျင့်ကြံသူများရောက်ရှိကာ တိုက်ပွဲဖြစ်သော် သူသည်ပင် လွတ်မြောက်မည် မဟုတ်ချေ။
ဘဝဟူသည် ဆိုးရွားလှသော အခြေအနေအောက်၌ ရှင်သန်ရန် ရုန်းကန်ခြင်း ဖြစ်၏။ တနည်းအားဖြင့် သေခြင်းအတွက် ရှင်သန်နေခြင်းပေပင်။ တာအိုချင်းရှမှ ခေါင်းညိတ်လိုက်သည်။
“ ဒါတော့အမှန်ပါပဲ ... ဒီလို အန္တရာယ်ရှိတဲ့နေရာတွေကို မင်းဝင်လိုက်တာနဲ့ ဘယ်အချိန် ပြန်လာနိုင်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး ...
... ငါဂိုဏ်းထဲမှာ ရှိနေတုန်းက ငါတို့ကိုဓားရေး သင်ပေးတဲ့ သင်းထောက် တစ်ယောက်ရှိတယ် နောက်တော့ ခရီးထွက်ပြီး ဂိုဏ်းမှာ ကပ်ဘေးကျတဲ့ အချိန်ထိ သူ ပြန်မလာနိုင်တော့ဘူး ... ။ ”
ထို့နောက် ကူချန်ထံ လေးလေးနက်နက် စိုက်ကြည့်ကာ၊
... နှစ်နှစ်ဆယ်ကျော်ကြာတဲ့တိုင် အသက်ရှင်နေသလား ... သေသလားဆိုတာ ဘယ်သူမှ မသိဘူး ... မင်းအပြင်ထွက်တဲ့အခါ သတိထားရမယ်။”
-ဟု မှာကြားလိုက်လေသည်။ သူ့စကားကြောင့် ကူချန်မှ ရယ်မောလျက် ခေါင်းညိတ်လိုက်၏။
“ ဟားဟားဟား ... ကောင်းပြီ ... နောက်ဆုံးတော့ ဘယ်သူမှ ကိုယ့်ဘဝကို ဟာသ လုပ်နေမှာမဟုတ်ဘူး စိတ်ချနေပါဆရာ။ ”
***