ချင်းယွမ်စျေးမြို့သို့ ပြန်သွားခြင်း ... ။
Vol. 6 Ch. 79
ချင်းယွမ်စျေးမြို့သို့ သွားရောက်ရန် အလျင်စလိုမရှိဘဲ ရက်အနည်းငယ်တိုင်အောင် ပြင်ဆင်မှုများ ပြုလုပ်နေခဲ့၏။
“ ဒီနေ့ ချွယ်အာဘယ်လိုနေလဲ။ ”
“ စီနီယာအစ်ကိုရဲ့ စွမ်းအင်ဆေးပြားနဲ့ အသားအသောက်အတွက် ... စိတ်ပူစရာမလို တော့ပါဘူး။ ”
မီးငှက်သုံးကောင်မှ တစ်ကောင်ကို ချန်ယွင်ထံပေးကာ ကျန်နှစ်ကောင် အတွက်မူ မင်ယွဲ့က နေ့စဉ်စောင့်ရှောက်ရသည်။
မင်ယွဲ့အတွက် မီးစာငှက်အမည်ကို မင်ရှင်းအဖြစ်အမည်ပေးပြီး ကူချန်၏မီးစာငှက် အမည်မှာ ချွယ်အာဖြစ်၏။
ဤမတိုင်မီ မီးစာငှက်နှစ်ကောင်၏ အငမ်းမရ အစာစားလိုစိတ်ကြောင့် ဒုက္ခကြီးစွာ ရောက်ခဲ့ကြသည်။
အဆုံးတွင် ကူချန်သည် ချင်းမူဖန်တီးခြင်းသုတ္တန်မှ နည်းလမ်းများ ရှာဖွေ လိုက်ရ၏။ ယင်းသည် အဂ္ဂိရတ်ကျမ်းဖြစ်သည့် အတိုင်း သားရဲများအတွက် ဖြည့်စွက်စာ ဆေးပြားသန့်စင်နည်းပါဝင်သည်။
ထိုကြောင့် အသားများကျွေးမွေးရန် မလိုအပ်တော့ဘဲ ဖြည့်စွက်ဆေးပြားများဖြင့် လုံလောက်ခဲ့သည်။
တန်ဖိုးအရတွက်မည်ဆိုသော် ဤဆေးပြားများသည် သာမန်အသားများထက် များစွာတန်ဖိုးရှိ၏။
သို့သော် ဝက်ကောင်ရေ များစွာကို နတ်နဂါးမြို့မှ မှာယူနေစရာ မလိုတော့ချေ။ တစ်ဖက်တွင် ထိုမြင်ကွင်းသည် မနှစ်မျိုဖွယ် ဖြစ်နေသည်။
သူသည် အသန့်ကြိုက်သဖြင့် အစာစားပြီးချိန်တိုင်း သွေးများပေကျံနေသော ငှက်နှစ်ကောင်၏ အမွေးများကို မင်ယွဲ့မှ ဆေးကြောပေးနေရသည်။
ဆေးကြောခြင်းမပြုသော် ခန္ဓာကိုယ်၌ သွေးကွက်များဖြင့် ညှီရနံ့များ ဖုံးလွှမ်းသွားမည် ဖြစ်သည်။ ယင်းကြောင့် ဆေးဘက်ဝင် ပစ္စည်းများ စုဆောင်းကာ သားရဲအစာရှောင် ဆေးပြား သန့်စင်ပေးခြင်းပေပင်။
“ ငါ ခရီး ခဏထွက်ရမယ် ချွယ်အာကို ခေါ်သွားမယ်။ ”
“ ဘယ်သွားမလို့လဲ စီနီယာအစ်ကို။ ”
“ ချင်ယွမ်စျေးမြို့နဲ့ ... အချို့ နေရာလေးတွေကို ငါမရှိတုန်း ကောင်းကောင်း လေ့ကျင့်ဖို့ မမေ့နဲ့ ... ချင်းဖန်ဟာ ကျင့်ကြံရာမှာ အရည်အချင်းရှိပေမယ့် ပျင်းလွန်းတယ် ...
... အခုချိန်ထိ ဒုတိယနယ်ပယ် အဆင့်(၃)မှာပဲ ရှိသေးတယ် ပထမနယ်ပယ်ကို သူ မရောက်သေးဘူး ... မင်းကတော့ ...
... တတိယနယ်ပယ် အတားအဆီးကို ထိမိနေတာကြာပြီ ... သူ့ကို အမီလိုက်ပါ ဒါဆို သူ ဘာပြောမလဲ ငါသိချင်တယ်။ ”
ကူချန်မှ ပြုံးကာ ပြောကြားလိုက်သည်။
“ ဟုတ်ကဲ့ ... ။ ”
ထို့နောက် ကူချန်က စားပွဲပေါ်ရှိ ဆေးပုလင်းများထံညွှန်ပြီး၊
“ မင်းနဲ့ချင်းဖန်အတွက် အသုံးပြုဖို့ ဆေးပြားတွေနဲ့ မင်ရှင်းအတွက် အစာရှောင် ဆေးတွေ ငါထားခဲ့တယ် ...
... ကျန်တဲ့ဆေးတွေကိုတော့ ကူမိသားစုဆီပို့ပေးပါ ... ဒီဘက်က ပုလင်းကို မုဝေဆီပေးလိုက် ... ။ ”
“ နားလည်ပါပြီ။ ”
မင်ယွဲ့မှ ခေါင်းညိတ်လိုက်၏။ ထို့နောက် ကူချန်မှ မတ်တပ်ရပ်လိုက်ကာ မင်ယွဲ့ခေါင်းကို ပုတ်လျက်၊
“ ဒါဆို ငါအရင်သွားလိုက်မယ် ... ဆေးဘက်ဝင်အပင်တွေကို ရေလောင်းဖို့ မမေ့နဲ့ဦး။ ”
-ဟု နှုတ်ဆက်လိုက်လေသည်။
***
မြေပြင်မှ ပေထောင်ချီမြင့်မားသော ကောင်းကင်ယံတွင် အနီရောင် ငှက်တစ်ကောင် ပျံသန်းနေသည်။
၎င်းကျောပေါ်၌ ငယ်ရွယ်သော တာအိုဘုန်းကြီးတစ်ပါး တင်ပျဉ်ခွေထိုင်ကာ လိုက်ပါလာ၏။
ထိုတာအိုဘုန်းကြီးက မမြင်နိုင်အောင် ဝေးကွာနေသောမြေပြင်ထံငုံ့ကြည့်ပြီး အဝေးသို့ ပြန်လည် ငေးမောလိုက်သည်။
ကမ္ဘာမြေကြီးသည် ကျယ်ပြောပြီး အကန့်အသတ်မရှိချေ။ အဆုံးတွင် ကောင်းကင် နှင့်ပင် မျဉ်းပြိုင်ပြေးလွှားနေ၏။
“ ဒီကမ္ဘာကြီးက လုံးဝိုင်းနေသလား ... ပြားနေသလား ... ကောင်းကင်ကြီးအလွန်မှာ ဘာရှိလဲ ... စကြဝဠာလား အခြားအရာလား။ ”
ကူချန်တစ်ယောက် အတွေးပွားနေမိသည်။
“ ကွတ် ... ကွတ် ... ။ ”
ချွယ်အာက ခေါင်းပြန်ငဲ့လှည့်ကာ အော်ဟစ်လိုက်သည်။ ကူချန်မှ ပြုံးလျက် အမွေး အတောင်များထံ ထိကိုင်လိုက်ပြီး၊
“ မင်းငါ့ကို ပြန်ဖြေပေးနေတာလား ... ယွမ်ဖူနယ်ပယ် မရောက်သေးတာ နှမျောစရာပဲ မဟုတ်ရင် မင်းဘာတာလဲ ငါနိုင်တယ်။ ”
ချွယ်အာသည် အရွယ်အစားသည် အရွယ်ရောက်ပြီး မီးစာငှက်၏ ထက်ဝက်မျှသာ ရှိသေးသည်။ ခွန်အားသည်လည်း ချီစုစည်းခြင်း အဆင့်၌သာရှိ၏။
သားရဲများ၏ ခွန်အားသည် အချိန်နှင့်အမျှ တဖြည်းဖြည်း တိုးလာနေ၏။ သို့သော် နယ်ပယ် အဆင့်သည် သတ်မှတ်ထားသော ကာလမရှိချေ။
အရာအားလုံးသည် သားရဲ၏ ပင်ကိုယ်စွမ်းရည်နှင့် ကြီးထွာမည့်ပတ်ဝန်းကျင် အပေါ် မူတည်သည်။
အချို့သော သားရဲများသည် ရှားပါးရတနာများကျွေးခြင်းဖြင့် လျင်မြန်စွာ ကြီးထွားကုန်ကြ၏။ အချို့သည် အချိန်ပေးရချေပြီ။
၎င်းတို့သည် ယွမ်ဖူနယ်ပယ်သို့ ရောက်ရှိသောအခါမှသာလျှင် ဝိညာဉ်အသိများ မွေးဖွားလာမည်ဖြစ်၏။ ဤနည်းဖြင့် လူသားနှင့် ဆက်သွယ်မှုများ ပြုလုပ်လာနိုင်မည်။
သန့်စင်သော မျိုးဆက်သွေး ပိုင်ဆိုင်သည့် သားရဲများသည် ငယ်စဉ်ကတည်းကပင် လူသား ဘာသာစကားကို ပြောဆိုနိုင်ကာ အရွယ်ရောက် ချိန်တွင် လူသားပုံစံခံယူလာနိုင်၏။
ချွဘ်အာ၏ အရှိန်သည် အလွန် လျင်မြန်လေသည်။ ချီစုစည်းခြင်း အဆင့်ဖြင့်ပင် ယွမ်ဖူနယ်ပယ်ဓားပျံစီးနင်းသူကို လိုက်နိုင်၏။
လဝက်ခန့်ကြာသော် ချင်ယွမ်စျေးမြို့သို့ ရောက်ရှိလာသည်။ ကုချန်က စျေးမြို့အတွင်းရှိ သားရဲအပ်နှံဆောင်သို့ ခေါ်ယူလာခဲ့၏။
အစေခံတစ်ယောက်မှ လျင်မြန်စွာ လှမ်းထွက်လာပြီး၊
“ ဧည့်သည်တော် ... မင်းရဲ့သားရဲနဲ့ ပတ်သတ်ပြီး လိုအပ်တာရှိရင် ... ငါတို့အပေါ် တောင်းဆိုနိုင်ပါတယ်။
“ ကိစ္စမရှိဘူး ... သူကိုဂရုစိုက်ပေးရင်ရပြီ။”
ကူချန်စကားကြောင့် အစေခံက ခေါင်းညိတ်သည်။ သားရဲအပ်နှံခြင်းဟူသည် စျေးမကြီးလှချေ။ အခြားသောဝန်ဆောင်များ ရယူမှသာလျှင် စျေးကြီးသည်။
တစ်ဆက်တည်းမှာပင် သူ့မျက်ဝန်းများသည်လည်း စိတ်ပျက်သော အရိပ်အယောင်များ ပေါ်လာ၏။
ဥပမာ အချို့သောသူများသည် လှေပျံ သို့မဟုတ်ရထားလုံးနှင့် ခရီးရှည်ဖြတ်သန်းကာ ဤနေရာသို့ ရောက်လာကြသဖြင့် သားရဲများ အတွက် အစားအစာမျိုးစုံနှင့် နှိပ်နယ်ပေးခြင်း တို့ကို စေခိုင်းကြသည်။
ကူချန်က လျစ်လျူရှုလျက်ဖြင့် လှည့်ထွက်လာကာ ရတနာခန်းမသို့ ဦးတည်ပြီး သွန်းလုပ်ထားခဲ့သော ဝိညာဉ်လက်နက်နှစ်ခုကို ရောင်းချခဲ့သည်။
စုစုပေါင်း ကျန်းချီဆေးပြား (၄၀,၀၀၀) ရရှိလာသည်။ ဤဝိညာဉ်ရေး လက်နက်နှစ်ခုကို သွန်းလုပ်သော ပါဝင်ပစ္စည်းများသည် ယခင် ရောင်းချခဲ့သော လက်နက်များထက် သာလွန်ချေ၏။
သည့်ပြင် ၎င်းတို့တွင် တံဆိပ်များစွာကို ထည့်သွင်းထား၏။ ဝိညာဉ်ရေးလက်နက်များ၏ တန်ဖိုးသည် အချက်အလက်နှစ်ခုအပေါ် မူတည်ကာ အဆင့်ခွဲခြားသည်။
ပထမအချက်အလက်သည် ဝိညာဉ်လက်နက်မှ ထုတ်လွှတ်သောစွမ်းအင် မြင့်မားခြင်းဖြစ်၏။
ဒုတိယသည် တံဆိပ်ဖြစ်သည်။ အများ နားလည်မှုအရ ထိုသို့သောတံဆိပ်ငယ်များသည် ထပ်တိုးဂုဏ်သတ္တိများဖြစ်၏။
ဝိညာဉ်ရေးလက်နက်အပေါ် တံဆိပ်များပိုထားနိုင်လေ သက်ရောက်မှုများ ပိုကောင်းလေဖြစ်သည်။ ထိုအခါ စျေးနှုန်းမှာ မြင့်မားလာတော့၏။
ချန်ယွင်ကိုပေးခဲ့သည့် လှံနက်သည် အဆင့်နိမ့်ဝိညာဉ်လက်နက်ထဲတွင် ထိပ်တန်း အဆင့် သတ်မှတ်နိုင်၏။
အဆင့်နိမ့် ဝိညာဉ်လက်နက်များတွင် တံဆိပ်(၃)ခုသည်သာ အများဆုံးပါပြီး ၎င်းထက် ပိုသော် အလယ်အလတ်ဝိညာဉ်လက်နက် ဖြစ်သွားပေမည်။
အလယ်အလတ် ဝိညာဉ်လက်နက်၏ တံဆိပ်အရေအတွက် ကန့်သတ်ချက်သည် (၉)ခု ဖြစ်ပြီး သာလွန်ဝိညာဉ်လက်နက်သည် (၂၇) ဖြစ်သည်။
အဆင့်မြင့် ဝိညာဉ်ရေးလက်နက်၏ တံဆိပ်အရေအတွက်မှာ (၈၁)ဖြစ်၏။ သူ့ဓား (၁၂)ချောင်းတွင် တံဆိပ်(၃)ခုဖြင့် ၃)လက်နှင့် ကျန်အားလုံးသည် တံဆိပ်(၂)ခုသာရှိသည်။
ဝိညာဉ်လက်နက်များ ရောင်းချပြီးနောက် သတ္တုရိုင်းအချို့ဝယ်ယူ၏။ ဤနှစ်များအတွင်း ကူမိသားစု သိုလှောင်ရုံရှိ သတ္တုရိုင်းများ ပြတ်လပ်လာပြီဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော ကူမိသားစုထံ ဝိညာဉ်လက်နက်များစွာကို သန့်စင်ပေးခဲ့သည်။ ယင်းသည် အနာဂါတ်တွင် မိသားစု’၏ အုတ်မြစ်ဖြစ်လာပေမည်။
ကျသင့်ငွေ ကျန်းချီဆေးပြား (၂၀၀၀၀) ရှင်းပေးပြီးနောက် ဆေးခန်းမထံ ဦးတည်လိုက် တော့သည်။ ဆေးခန်းမ ရောက်ချိန်၌ အစေခံ တစ်ဦးမှ စီးကြိုနှုတ်ဆက်လေသည်။
“ ဧည်သည်တော် ... ငါတို့ မတွေ့တာကြာပြီနော်။ ”
***