← Chapters

ရုတ်ရုတ်သဲသဲအခြေအနေ…

Vol. 190 Ch. 2839

ရုတ်ရုတ်သဲသဲအခြေအနေ…

Vol. 190 Ch. 2839

ဆူဇီမိုက ထွက်ခွာဖို့ ဆုံးဖြတ်လိုက်သည်ကို ပေမင်ရွှယ် တွေ့မြင်သောအခါ သူမက တွေဝေတုံ့ဆိုင်းနေပြီး တစ်ခုခုကို ပြောချင်နေသည်။

“ပြောစရာတစ်ခုခု ရှိလို့လား”

ဆူဇီမိုက မေးလိုက်၏။

ပေမင်ရွှယ်က ပြောလိုက်သည်။

“ဆရာ… ရှင်က မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို သွားရောက်ချင်တယ်ဆိုရင် တခြားတောင်ထွတ်သခင်တွေက အဲဒါကို သဘောတူလက်ခံမှာ မဟုတ်လောက်ဘူး”

“ဒီတစ်ခေါက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ကန့်သတ်မှုကို ဖြေလျှော့လိုက်တော့ စီနီယာအစ်မလင်းကလည်း အဲဒီကို သွားချင်နေတယ်လို့ ကျွန်မကြားတယ်… ဒါပေမဲ့ သူ့ကို ဖြတ်တောက်ဓားတောင်ထွတ်ရဲ့ တောင်ထွတ်သခင်က တားဆီးထားတယ်”

ယခင်က ဆူဇီမို၏ လမ်းညွှန်မှုအောက်မှာ လင်းရွှင်ကျန်းသည် အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်ပြီး သူမ၏ ခွန်အားက ကြီးမားစွာ မြင့်တက်လာခဲ့သည်။

ဓားကမ္ဘာမှာ လက်ရည်စမ်းသည့်အခါ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ဖို့က မသင့်လျော်ပေ။ ထို့သို့ဖြင့် သူတို့သည် တိုက်ခိုက်သည့်အခါ ချုပ်တည်းထားမှုကို ခံစားနေရပေလိမ့်မည်။

ယခု သူမသည် ဤကဲ့သို့ ရှားရှားပါးပါး အခွင့်အလမ်းတစ်ရပ်နှင့် ကြုံတွေ့လာရပြီး သူမသည် အဲဒါကို လက်လွှတ်ခံချင်မည် မဟုတ်ပေ။ သူမသည် သူမ၏ ဓားနှင့် တိုက်ခိုက်ရည်ခွန်အားကို စမ်းသပ်ဖို့အတွက် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ဝင်ရောက်လိုသည်။

ဆူဇီမိုက စိတ်ထဲမှာ ထည့်မထားဘဲ ပြုံးပြလိုက်၏။

“ဘာပဲပြောပြော ငါက ဓားသင်္ချိုင်းတောင်ထွတ်ရဲ့တောင်ထွတ်သခင်ပဲ… ငါက တခြားတောင်ထွတ်သခင်တွေနဲ့ တစ်တန်းတည်း ရပ်တည်နေတာပဲ… တာအိုရောင်းရင်းယုလန်က လင်းရွှင်ကျန်းကိုပဲ တားနိုင်မှာပေါ့… ငါ့ကိုတော့ ဘယ်တားနိုင်ပါ့မလဲ”

သူက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ သွားရောက်ဖို့ ပြင်ထားသည့်သတင်းက ပျံ့နှံ့သွားသည်နှင့် ဓားကမ္ဘာမှာ အတော်လေး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

ဓားကမ္ဘာမှ တောင်ထွတ်သခင် ရှစ်ဦးက အတူတကွ ရောက်ရှိလာကြသည်။

သူတို့အားလုံး၏ အမူအရာများက တည်တံ့နေပြီး ဆူဇီမို ထွက်ပြေးသွားမည်ကို စိုးရိမ်နေသည့်အလား သူ၏ လိုဏ်ဂူခန်းဝါကို ပိတ်ဆို့ထားကြလေသည်။

“ညီအစ်ကိုဆူ… မင်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဟာသလုပ်လို့ မရဘူး”

“ဒီအချိန်အတောအတွင်းမှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက ထိပ်သီးပကတိစိတ်ဝိညာဉ်တွေက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ သေချာပေါက် စုဝေးရောက်ရှိနေကြလိမ့်မယ်”

“မင်းက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို အခုနေသွားမယ်ဆိုရင် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က မင်းကို သေချာပေါက် လက်စားချေလာလိမ့်မယ်… ရှယင်ကလည်း ပေါ်ထွက်လာဖို့များတယ်”

“အဲဒါက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်တင် မဟုတ်ဘူး… ကျောက်တုံးမျိုးနွယ်ကလည်း ငါတို့ဓားကမ္ဘာနဲ့ ဆက်ဆံရေးမကောင်းဘူး… ငါတို့တွေက ပြီးခဲ့တဲ့တစ်ခေါက်က သူတို့နဲ့ မတွေ့ခဲ့ရတာ ကံကောင်းတယ်… အခု ဘာကန့်သတ်မှုမှ မရှိတော့ဘူးဆိုတော့ ကျောက်တုံးမျိုးနွယ်က ပြန်ဝင်စားမွန်းစတားတွေကလည်း မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ပေါ်ထွက်လာကြလိမ့်မယ်… အဲဒီအချိန်ကျရင် ပြင်းထန်ကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခုကို ရှောင်လွှဲလို့ရမှာ မဟုတ်တော့ဘူး။”

တောင်ထွတ်သခင်ရှစ်ဦးက တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ပြောဆိုလိုက်ကြ၏။

“အားလုံးပဲ စိုးရိမ်ကြောင့်ကြ မနေကြပါနဲ့”

ဆူဇီမိုက ရယ်မော၍ ပခုံးတွန့်ပြလိုက်၏။

“ဒီတိုက်ပွဲက ရှောင်လွှဲလို့မရဘူးဆိုရင် ကျုပ်က သူတို့နဲ့ တိုက်ခိုက်ရုံပေါ့… ဘယ်သူက အနိုင်ရမလဲ ပြောဖို့ခက်ပါတယ်”

တကယ်တော့ သူက ထိုစကားကို နှိမ့်ချကာ ပြောဆိုလိုက်ခြင်းဖြစ်သည်။

အာကာသသက်ရှိနယ်ပယ်မှာတုန်းက သူသည် ဓားတစ်လက်နှင့်အတူ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးအပါအဝင် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ ပကတိစိတ်ဝိညာဉ်ဆယ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်။

ယခု သူသည် ဗလာနယ်ဝိညာဉ်နယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီး အနှိုင်းမဲ့နတ်ဘုရားစွမ်းအားငါးခုကို ထိန်းချုပ်ထားသည်။ ဆူဇီမိုသည် ပကတိစိတ်ဝိညာဉ်နယ်ပယ်မှာရှိသော ပြိုင်စံရှားနှင့် ပြန်ဝင်စားမွန်းစတားဆိုသူများကို တကယ်ပင် အလေးအနက်ထားခြင်း မရှိပေ။

တောင်ထွတ်သခင်ရှစ်ဦးသည် ဆူဇီမို၏ ပေါ့ပါးသောအမူအရာကို တွေ့မြင်သောအခါ ပို၍ပင် စိုးရိမ်ပူပန်လာကြသည်။

“ညီအစ်ကိုဆူ… မင်းက သုခဘုံလေဟာနယ် ပကတိဧကနယ်ပယ်အထိ ကျင့်ကြံထားမယ်ဆိုရင် ငါက မင်းကို တားမှာမဟုတ်ဘူး…. ဒါပေမဲ့ အခု မင်းက ဗလာနယ်ဝိညာဉ်နယ်ပယ်မှာပဲ ရှိသေးတယ်… မင်းက ရှယင်ကို ရင်ဆိုင်နိုင်မှာ မဟုတ်လောက်ဘူး”

“ရှယင်က ယင်ယန်မျက်လုံးနဲ့ မွေးဖွားလာပြီး အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်ထားတယ်… သူတို့ထဲကတစ်ခုက ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ပဲ… မင်းက မင်းရဲ့ရန်သူကို လျှော့တွက်လို့ မရဘူး”

“နောက်ပြီး ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဒီလောက်များပြားတဲ့ ထိပ်သီးပကတိစိတ်ဝိညာဉ်ပညာရှင်တွေက စုဝေးလာပြီဆိုရင် အလှည့်အပြောင်းတွေ အများကြီး ပေါ်ထွက်လာနိုင်တယ်… ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဘယ်အရာမဆို ဖြစ်သွားနိုင်တယ်”

“အမှန်ပဲ… အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက ပကတိစိတ်ဝိညာဉ်ပညာရှင်တွေ အတူတကွ စုစည်းမိတဲ့အခါ ထိန်းချုပ်မရတဲ့အရာတွေ အများကြီး ရှိလာလိမ့်မယ်… တကယ်ဆို ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ အရမ်းကိုကြီးမားတဲ့ မဟာသွေးလွှမ်းတိုက်ပွဲတစ်ခု ပေါ်ထွက်လာနိုင်တယ်”

နောက်ဆုံးမှာတော့ တောင်ထွတ်သခင်ရှစ်ဦးသည် ဆူဇီမိုကို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ သွားရောက်ရန် သဘောမတူကြသေးပေ။

အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင်လုယွင်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

“လက်ရှိအခြေအနေက အရမ်းကို ဆတ်ဆတ်ထိမခံပဲ… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ အရမ်းကိုကြီးမားတဲ့ ကိစ္စတစ်ခုကလည်း ဖြစ်သွားတာမကြာသေးဘူး… တခြားဘာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူကမှ မပြောနိုင်ဘူး”

“တမလွန်ကိုးဘုံအပြစ်သားကုန်းမြေကို ခြေမွှဖျက်ဆီးခဲ့တဲ့ အဖွဲ့အစည်းက ရုတ်တရက်ပေါ်ထွက်လာပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနဲ့ အပြင်းအထန်တိုက်ခိုက်ကြမယ်ဆိုရင် ငါတို့တွေပါ သေချာပေါက် သက်ရောက်ခံရလိမ့်မယ်”

“အဲ့လိုဖြစ်မှာ မဟုတ်ဘူး”

ဆူဇီမိုက တီးတိုးရေရွတ်ပြောဆိုလိုက်၏။

တောင်ထွတ်သခင်ရှစ်ဦးက သူ့ကို စေတနာကောင်းဖြင့် အကြံပေးနေခြင်းဖြစ်​သောကြောင့် ဆူဇီမိုက စိတ်ရှည်လက်ရှည် ရှင်းပြရပေမည်။

“တာအိုရောင်းရင်းတို့ မပူပါနဲ့… ကျုပ်ရဲ့နည်းလမ်းတွေအရဆို ကျုပ်က ကျင့်ကြံမှုနယ်ပယ်တူမှာ သူတို့ကို အနိုင်မရနိုင်ဘူးဆိုရင်တောင်မှ ကျုပ်ကိုယ်ကျုပ် ကောင်းကောင်းကာကွယ်နိုင်တယ်”

“ရတနာစေတီမှာ ကျုပ်ရဲ့ကျင့်ကြံမှုကို အကူအညီပေးနိုင်မယ့် ရတနာတချို့ရှိနေတယ်… အဲဒီရတနာတွေရဲ့ အကူအညီနဲ့ဆို ကျုပ်က သုခဘုံလေဟာနယ်ပယ်ကို တတ်နိုင်သမျှ မြန်မြန်တက်လှမ်းသွားလိမ့်မယ်”

ဆူဇီမိုက ဆုံးဖြတ်ချက်ချထားပြီး ယိမ်းယိုင်မှုမရှိသည်ကို တွေ့ရသောအခါ တောင်ထွတ်သခင်ရှစ်ဦးက အကြည့်ချင်းဖလှယ်ပြီး အပြန်အလှန်ဆက်သွယ်ပြောဆိုလိုက်ကြ၏။

လုယွင်က ပြောလိုက်၏။

“ညီအစ်ကိုဆူ… မင်းက ဒီလောက်ထိ မရမကသွားချင်တယ်ဆိုမှတော့ ငါတို့တွေက မင်းကို မတားတော့ဘူး… ဒါပေမဲ့ ငါတို့က ဒီကိစ္စကို ဓားကမ္ဘာကို တာဝန်ယူထားတဲ့ ဧကရာဇ်သုံးပါးထံ တင်ပြပြီး သူတို့ဆီက ဆုံးဖြတ်ချက်ကို တောင်းခံရမယ်”

“ဒါက…”

ဆူဇီမိုက ကူကယ်ရာမဲ့သွား၏။

“အဲ့လောက်ထိ လုပ်စရာမလိုဘူးမလား”

လုယွင်က ပြောလိုက်သည်။

“ညီအစ်ကိုဆူ… စောစောတုန်းက မင်းက ကျင့်ကြံမှုနယ်ပယ်တူမှာ မင်းကိုယ်မင်း ကာကွယ်နိုင်တယ်လို့ ပြောထားတယ်… ဒါပေမဲ့ ငါတို့က ကျင့်ကြံမှုနယ်ပယ်တူက အဲဒီလူတွေကိုပဲ စိုးရိမ်နေတာ မဟုတ်ဘူး။”

“အမ်း…”

ဆူဇီမိုက မျက်ခုံးအနည်းငယ်ပင့်လိုက်၏။

အထက်ဘုံလောကမှာ… အထူးသဖြင့် ထိပ်သီးကမ္ဘာကြီးများကြားမှာ ကျင့်ကြံမှုနယ်ပယ်တူမှ ကျင့်ကြံသူများကြား တိုက်ခိုက်မှုများကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရဟူသော အလိုအလျောက် သဘောတူညီမှု ရှိလေသည်။ သူတို့၏ အသက်များက သူတို့၏ ကိုယ်ပိုင်အစွမ်းအစပေါ်သာ မူတည်ပေလိမ့်မည်။

တစ်ယောက်ယောက်က အားနည်းသူကို အနိုင်ကျင့်မည်ဆိုလျှင် နှစ်ဦးနှစ်ဖက်ကြား ကြီးမားသောတိုက်ပွဲတစ်ခုဖြစ်လာပြီး အခြေအနေက ထိန်းချုပ်မှုကနေ လွတ်ထွက်သွားဖို့ လွယ်ကူလေသည်။

ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင် ယုလန်က ပြောလိုက်၏။

“အရင်တုန်းက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ရှင်က ရှန်းမုန်နဲ့ တခြားသူတွေကို သတ်ဖြတ်ခဲ့တယ်… ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ရဲ့ အညှိုးအတေးကြီးပုံနဲ့ဆို သူတို့တွေက အဲဒီကိစ္စကို သေချာပေါက် ဒီတိုင်းထားမှာ မဟုတ်ဘူး”

“ရှယင်က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ရှင့်ကို တကယ်ပဲ တစ်ခုခုမလုပ်နိုင်ဘူးဆိုရင် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်အနေနဲ့ ရှင့်ကိုသတ်ဖြတ်ဖို့ သူတို့မျိုးနွယ်က ဘုရင်တွေကို စေလွှတ်ဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး”

ဇင်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြောလိုက်၏။

“အင်မော်တယ်ဘုရင်တွေကြား တိုက်ပွဲတစ်ခု ဖြစ်ပွားလာတာနဲ့ သက်ရောက်မှုဧရိယာက အရမ်းကို ကြီးမားလာပြီး ထိန်းချုပ်ဖို့က လွယ်ကူမှာ မဟုတ်တော့ဘူး… ရုန်းရင်းဆန်ခတ်အခြေအနေမှာ ကျုပ်တို့တွေက ခင်ဗျားကို ကာကွယ်ပေးဖို့ ခက်ခဲလာလိမ့်မယ်”

ရုတ်တရက် ဆူဇီမိုကို ပြောလိုက်၏။

“တာအိုရောင်းရင်းတို့… တစ်ခုခုဖြစ်လာမယ်ဆိုရင် ကျုပ်ကို အရေးမလုပ်နေနဲ့… ကျုပ်ဘာသာကျုပ်…”

“ညီအစ်ကိုဆူ… မင်း ဘာလို့ အဲစကားကို ပြောတာလဲ”

လုယွင်က ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်က ဖြတ်ပြောလိုက်၏။

“ဓားကမ္ဘာကို တောင်ထွတ်ကိုးခုအဖြစ် ခွဲခြားထားပေမဲ့ ငါတို့တွေအားလုံးက ဓားကျင့်ကြံသူတွေပဲ… ငါတို့က တစ်ယောက်ကိုတစ်ယောက် မိသားစုတွေလို ရှုမြင်ထားကြတာ… ငါတို့က မင်းကို အရေးမလုပ်ဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ”

လုယွင်၏ ဒေါနှင့်မာန်နှင့်အမူအရာကို တွေ့မြင်လိုက်ရပြီး ဆူဇီမိုက မည်သည့်စကားမှ မဆိုနိုင်တော့ပေ။ သူက တောင်ထွတ်သခင်ရှစ်ဦးနှင့်အတူ အသင်္ချေဓားနန်းတော်သို့ ဦးတည်ပြီး ဧကရာဇ်သုံးပါးထံမှ ဆုံးဖြတ်ချက်ကို တောင်းဆိုဖို့သာ တတ်နိုင်တော့လေသည်။

ဧကရာဇ်သုံးပါးက အိုမင်းနေပြီး သူတို့၏ ဆံပင်များက ဖြူဖွေးနေ၏။

ဆူဇီမိုသည် သူတို့ထဲမှတစ်ယောက်ကို အရင်က တွေ့မြင်ဖူးလေသည်။ သူသည် သံသရဖူဆောင်းအဘိုးအို ဖြစ်သည်။

အခြားနှစ်ယောက်ကတော့ တစ်ယောက်က ပိန်ပိန်နှင့် တစ်ယောက်က ဝဝဖြစ်ပြီး နှစ်သက်သဘောကျသော အမူအရာဖြင့် ဆူဇီမိုကို ကြည့်နေ၏။

တောင်ထွတ်သခင်ရှစ်ဦး ပြောသည့်စကားကို ကြားရသောအခါ ပိန်ပိန်အဘိုးအိုနှင့် ဝဝအဘိုးအိုက တိတ်တဆိတ်ဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။

သူတို့နှစ်ယောက်က ရှင်သန်နေထိုင်လာခဲ့သည်မှာ ကြာမြင့်ခဲ့လေပြီ။

ထို့ကြောင့် သူတို့နှစ်ယောက်သည် တောင်ထွတ်သခင်ရှစ်ဦး စိုးရိမ်နေသည့် အန္တရာယ်ကို နားလည်နိုင်ကြသည်။

သို့သော်လည်း သံသရဖူဆောင်းအဘိုးအိုက မျက်ခုံးပင့်ပြီး ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်၏။ သူက ထက်ရှသော ဓားစိတ်ဆန္ဒတစ်ခုကို ထုတ်ဖော်ပြီး အေးစက်စွာ ပြောလိုက်သည်။

“ဘာဖြစ်လဲ… ငါတို့ဓားကမ္ဘာက သူတို့ကောင်းကင်ဘုံမျက်လုံးကမ္ဘာကို ကြောက်နေရမှာလား”

“ငါတို့မျိုးဆက်က ဓားကျင့်ကြံသူတွေက အန္တရာယ်နဲ့ စွမ်းအားကြီးမားတဲ့ရန်သူတွေကို စိုးရိမ်နေမယ်ဆိုရင် ငါတို့က ဓားတာအိုကို ဘာလို့ကျင့်ကြံနေရမှာလဲ”

ပိန်ပိန်အဘိုးအိုနှင့် ဝဝအဘိုးအိုကလည်း သဘောတူစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ဓားအမှတ်အသားများစွာနှင့် ပြည့်နှက်နေသည့် သတင်းပို့အဆောင်တစ်ခုက လုယွင်ရှေ့မှာ လွင့်မျောလာ၏။

“အဲဒီသတင်းပို့အဆောင်ကို ယူထားလိုက်… မင်းတို့ မကိုင်တွယ်နိုင်တဲ့အရာ တစ်ခုခုဖြစ်လာမယ်ဆိုရင် အဲဒါကို ဆုတ်ဖြဲလိုက်… အဲဒါဆို ငါက သိလိမ့်မယ်”

သံသရဖူဆောင်းအဘိုးအိုက လှောင်ရယ်လိုက်၏။

“ဘယ်သူက မျှခြေကို ချိုးဖျက်ပြီး အင်မော်တယ်ဘုရင်တစ်ပါးအနေနဲ့ ငါ့ရဲ့ဓားကမ္ဘာက တောင်ထွတ်သခင်တစ်ဦးကို သတ်ဖြတ်ဖို့ ကြိုးစားရဲမလဲ ငါကြည့်ချင်သေးတယ်”

တောင်ထွတ်သခင်ရှစ်ဦးက ထိုစကားကို ကြားသောအခါ နောက်ဆုံးမှာ စိတ်ကိုလျှော့ချပြီး ကျေနပ်သဘောကျသော အမူအရာများကို ထုတ်ဖော်လိုက်ကြသည်။

သံသရဖူဆောင်းအဘိုးအို၏ စကားနှင့်အတူ သူတို့သည် စိုးရိမ်စရာမရှိဘဲ ဆူဇီမိုကို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ပို့ဆောင်နိုင်တော့မည်ဖြစ်သည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ မည်သည့်အရာ ဖြစ်လာသည်ဖြစ်စေ… သူတို့က အဲဒါကို ကိုင်တွယ်နိုင်ပေလိမ့်မည်။

သို့သော်လည်း ဘေးမှာရှိသော ဆူဇီမိုက နှုတ်ဆိတ်နေပြီး အလိုမကျဖြစ်နေ၏။

ဓားကမ္ဘာမှ ဧကရာဇ်ဘုရင်တစ်ပါးကို အမှန်တကယ် ဆင့်ခေါ်လိုက်မည်ဆိုလျှင် ပုန်းလျှိုးနေသော အန္တရာယ်က ပေါ်ထွက်လာတော့မည် မဟုတ်ပေ။ ထိုအစား သူသည် ဆက်လက်၍ အချိန်ဆွဲပြီး နောက်ထပ်အခွင့်အရေးတစ်ခုကို ထပ်စောင့်ရပေတော့မည်။

ထိုသို့ဆိုလျှင် ဆူဇီမို၏ အစီအစဉ်က အချည်းနှီးဖြစ်ရပေတော့မည်။

All Chapters