← Chapters

မိုးသက်မုန်တိုင်း

Vol. 190 Ch. 2842

မိုးသက်မုန်တိုင်း

Vol. 190 Ch. 2842

အလင်းကမ္ဘာမှာ…

ထိုနေရာကို အလင်းဖြစ်စေဟု နတ်ဘုရားက ပြောသည်။

အဲဒါသည် အလင်းကမ္ဘာ၏ မူလဇာစ်မြစ်ဖြစ်သည်။

အလင်းကမ္ဘာသည် တစ်ခါက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဂုဏ်ကျက်သရေ ထွန်းတောက်ခဲ့ပြီး အလင်းခေတ်ကို တည်ထောင်ခဲ့လေသည်။ အဲဒါသည် မွန်းတည့်နေကဲ့သို့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ခုလုံးကို ထိန်ထိန်လင်းစေခဲ့၏။

ဤကမ္ဘာသည်လည်း တစ်ခါက ပြန်လည်ကျဆင်းခဲ့ရလေသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့၏ အမွေအနှစ်က ပြတ်တောက်မသွားဘဲ အချိန်အများစုမှာ သူတို့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ စွမ်းအားကြီးမားသော ထိပ်တန်းကမ္ဘာကြီးများထဲမှ တစ်ခုဖြစ်နေခဲ့သည်။

အလင်းကမ္ဘာမှာ အလင်းရောင်က နေရာလွတ်၏ တစ်လက်မမကျန် ပြည့်နှက်နေ၏။

ဤနေရာမှာ အလင်းရောင်သည် တစ်ထောင့်တစ်နေရာမကျန် ရောက်ရှိနိုင်ပြီး အမှောင်ထုအတွက် ပုန်းကွယ်စရာ နေရာမရှိပေ။

အလင်းကမ္ဘာမှာ အမြဲတမ်း နေ့သာရှိပြီး ညမရှိပေ။

ဒဏ္ဍာရီအရ နတ်ဘုရားမျိုးနွယ်၏ ဘိုးဘေးသည် ကမ္ဘာဦးခေတ်၏ ပထမဆုံးအလင်းရောင်တစ်စကနေ မွေးဖွားလာသည်ဟု ဆိုလေသည်။

ထို့ကြောင့်ပင် နတ်ဘုရားမျိုးနွယ်၏ ရွှေရောင်မျိုးဆက်သွေးမှာ မနှိုင်းယှဉ်သာအောင် အင်အားကြီးမားသော စွမ်းအားတစ်ခုပါဝင်ပြီး အပြစ်သားများကို သန့်စင်ကာ အမှောင်ထုကို ဖယ်ရှားရှင်းလင်းပစ်နိုင်လေသည်။

အလင်းခန်းမမှာ…

နတ်ဘုရားဘုရင်ပညာရှင်တစ်ရာကျော်က အထက်မှာ စုဝေးရောက်ရှိနေပြီး ထိုင်နေကြ၏။ အောက်ဘက်မှာ နတ်ဘုရားမျိုးနွယ်၏ ပကတိစိတ်ဝိညာဉ်ထောင်ချီက မတ်တတ်ရပ်နေကြ၏။ အမျိုးသားများဖြစ်စေ၊ အမျိုးသမီးများဖြစ်စေ သူတို့သည် ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများနှင့်အတူ မွေးဖွားလာပြီး ရုပ်ရည်ချောမောလှပကြလေသည်။

နတ်ဘုရားမျိုးနွယ် ပကတိစိတ်ဝိညာဉ်ထောင်ချီ၏ ရှေ့မှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရှိနေသည်။

သူတို့သည်လည်း ပကတိစိတ်ဝိညာဉ်နယ်ပယ်မှာ ရှိသော်လည်း သူတို့၏ ဝတ်စားဆင်ယင်ပုံက သူတို့နောက်ဘက်ရှိ နတ်ဘုရားမျိုးနွယ် ပကတိစိတ်ဝိညာဉ်များစွာနှင့် ကွဲပြားခြားနားနေသည်။

အမျိုးသားက ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ၏ ဘေးမှာ ရွှေရောင်ဓားတစ်လက်ကို စိုက်ထားလေသည်။ သူ၏ မျက်လုံးက နက်ရှိုင်းနေပြီး သူ၏ အကြည့်က အလွန်တရာ သာလွန်ထူးခြားသော အော်ရာတစ်ခုနှင့်အတူ မီးမောင်းတစ်ခုကဲ့သို့ ဖြစ်နေ၏။

အမျိုးသမီးကလည်း အလွန်တရာချောမောလှပပြီး ပြီးပြည့်စုံစွာ လိုက်ဖက်ညီနေသော ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူမ၏ ပြီးပြည့်စုံသော ရုပ်ရည်သွင်ပြင်ကို ထင်ရှားပေါ်လွင်နေစေ၏။ သူမ၏ ရွှေရောင်ဆံပင်က အနည်းငယ်ကွေးညွှတ်၍ သူမ၏ ပခုံးပေါ်မှာ လှိုင်းတွန့်များကဲ့သို့ ကျဆင်းနေ၏။ သူမ၏ လှပသောမျက်လုံးများက ရေပြင်ကဲ့သို့ဖြစ်ပြီး ခပ်ဖျော့ဖျော့အလင်းတစ်ခုကို ရောင်ပြန်ဟပ်ပေးနေသည့်အလားပင်။

ဘေးချင်းယှဉ်ရပ်နေရင်း သူတို့နှစ်ယောက်သည် ရွှေစုံတွဲတစ်တွဲနှင့် တူနေသည်။ သူတို့နှစ်ယောက်နှင့် ပတ်သက်သည့် အထူးခြားဆုံးအရာမှာ သူတို့၏ ဦးခေါင်းထက်တွင် ရွှေရောင်သရဖူတစ်ခုစီ ဆောင်းထားခြင်းဖြစ်သည်။

သရဖူ၏ ဘေးပတ်လည်မှာ လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်တစ်ခုနှင့် တောက်ပနေသည့် ကျောက်မျက်ကွင်းတစ်ကွင်း ပါရှိပြီး အလင်းရောင်က သူတို့နှစ်ယောက်ကို လွှမ်းခြုံကာ သူတို့ကို ပို၍မြင့်မြတ်ထည်ဝါသည့်ပုံပေါက်စေပြီး အခြားသူများထက် သာလွန်ထူးခြားနေစေ၏။

နတ်ဘုရားမျိုးနွယ်မှာ နတ်ဘုရားမျိုးနွယ်၏ တော်ဝင်မျိုးဆက်သွေးကို နိုးထစေသည့်သူများသာလျှင် ဤကဲ့သို့သော ရွှေရောင်သရဖူများကို ဆောင်းဖို့ အခွင့်အရေးရလေသည်။

နတ်ဘုရားမျိုးနွယ်မှ တော်ဝင်မိသားစု၏ မျိုးဆက်သွေးကို နိုးထစေသည့် ထိုသူများသည် နတ်ဘုရားသားတော်နှင့် နတ်ဘုရားသမီးတော်များဟူ၍ ကျော်ကြားကြသည်။

“မင်ဟွေ့”

အပေါ်မှာရှိသော နတ်ဘုရားဘုရင်တစ်ဦးက အောက်ဘက်ရှိ ရွှေရောင်ချပ်ဝတ်တန်ဆာနှင့် တော်ဝင်မိသားစုမှ နတ်ဘုရားမျိုးနွယ် ပကတိစိတ်ဝိညာဉ်ကို ကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။

“ဒီတစ်ခေါက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ကန့်သတ်မှုတွေကို ဖြေလျှော့ပေးလိုက်တယ်… ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေရဲ့ အရေအတွက်ကလည်း ဆပွားတိုးလာခဲ့တယ်… မင်းက တိုက်ပွဲရမှတ်တွေကို စုဆောင်းဖို့ အသင့်လျော်ဆုံးအချိန်ပဲ… မင်းက ရတနာစေတီမှာ ရတနာတချို့ကို လဲလှယ်ရယူနိုင်မယ်ဆိုရင် မင်းရဲ့ကျင့်ကြံမှုအဆင့်ကို ထပ်ပြီးမြှင့်တင်နိုင်လောက်တယ်”

မင်ဟွေ့ဟု အမည်ရသော နတ်ဘုရားမျိုးနွယ် ပကတိစိတ်ဝိညာဉ်က ညင်သာစွာပြုံးပြီး ဝင့်ကြွားစွာ ပြောလိုက်၏။

“တိုက်ပွဲရမှတ်တွေက သိပ်ပြီး အရေးမကြီးပါဘူး… ကျုပ်က စိုးဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက အန္တိမပကတိစိတ်ဝိညာဉ်ဆိုတဲ့သူတွေနဲ့ တွေ့ချင်ရုံပဲ”

“ဒီဘက်မျိုးဆက်မှာ နတ်ဘုရားမျိုးနွယ်ကို ဘယ်သူတွေက ဆန့်ကျင်တိုက်ခိုက်ဖို့ ကြိုးစားရဲမလဲ ကျုပ်တွေ့ချင်သေးတယ်”

အထက်မှာရှိသော နတ်ဘုရားဘုရင်က ညင်သာစွာခေါင်းညိတ်ပြီး မင်ဟွေ့၏ စကားနှင့်ပတ်သက်၍ သံသယမရှိပေ။

နတ်ဘုရားမျိုးနွယ်၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက အစကတည်းက မျိုးနွယ်အများစုထက် ပိုမိုသန်မာလေသည်။

နတ်ဘုရားသားတော်အနေဖြင့် သူသည် နတ်ဘုရားမျိုးနွယ်အတွင်းမှာပင် ထူးချွန်ထက်မြက်သော ကိုယ်ကာယကို ပိုင်ဆိုင်ထားသည်။

နတ်ဘုရားသားတော်မင်ဟွေ့သည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကိုသာ နားလည်ဆင်ခြင်ထားသော်လည်း သူ၏ နတ်ဘုရားမျိုးနွယ်မျိုးဆက်သွေးအရ သူသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်ထားသည့် အခြားမျိုးနွယ်မှ သက်ရှိတစ်ဦးနှင့် တိုက်ခိုက်နိုင်လောက်လေသည်။

နတ်ဘုရားဘုရင်က ပြောလိုက်၏။

“မင်ဟွေ့… ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်ရောက်ဖို့ မင်းနဲ့အတူခေါ်သွားမယ့် ကလန်သားတချို့ကို ရွေးချယ်လိုက်”

နတ်ဘုရားသားတော်မင်ဟွေ့က ပြောလိုက်၏။

“မလိုတော့ပါဘူး… တခြားသူတွေက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ကျုပ်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေလိမ့်မယ်”

ခဏမျှ ရပ်တန့်ပြီးနောက် နတ်ဘုရားသားတော်မင်ဟွေ့က သူ့ဘေးမှာရှိသော အမျိုးသမီးကိုကြည့်ကာ ပြုံး၍ ညင်သာစွာပြောလိုက်၏။

“ကျုပ်က လူတစ်ယောက်ကိုပဲ ခေါ်သွားမယ်”

“ကျွန်မလား”

ဘေးမှာရှိသော နတ်ဘုရားသမီးတော်က အနည်းငယ်အံ့အားသင့်သွားပြီး သူမ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။

“ကျွန်မက အောက်ဘုံလောကကနေ လာခဲ့တာ… ကျွန်မက တော်ဝင်မျိုးဆက်သွေးကို နိုးထစေခဲ့တာ မကြာသေးဘူး… နောက်ပြီး ကျွန်မက ပကတိဧကနယ်ပယ်ကို တက်လှမ်းခါစပဲ ရှိသေးတယ်… ကျွန်မ ရှင့်ကို အကူအညီပေးနိုင်မှာ မဟုတ်ဘူး”

“ရပါတယ်”

နတ်ဘုရားသားတော်မင်ဟွေ့က ပြုံးပြလိုက်၏။

“ဒီတစ်ခေါက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ငါနဲ့လိုက်ပြီး တိုက်ပွဲကို အပြင်ကနေသာ စောင့်ကြည့်နေပေး… အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက အန္တိမပကတိစိတ်ဝိညာဉ်တွေ စုဝေးလာပြီဆိုမှတော့ ကြီးမားတဲ့တိုက်ပွဲတစ်ခု သေချာပေါက်ဖြစ်လာလိမ့်မယ်”

နတ်ဘုရားသားတော်မင်ဟွေ့သည် အဲဒါကို ရှင်းရှင်းလင်းလင်း မပြောဆိုသော်လည်း အမှန်ကတော့ သူသည် ဤနတ်ဘုရားသမီးတော်၏ ရှေ့တွင် သူ၏ အစွမ်းအစကို ထုတ်ဖော်ပြသလိုခြင်းဖြစ်သည်။

နတ်ဘုရားသမီးတော်က သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ထား၏။ သူမက တွေဝေတုံ့ဆိုင်းနေသည့်အလားပင်။

အထက်မှာရှိသော နတ်ဘုရားဘုရင်က နတ်ဘုရားသမီးတော်ကိုကြည့်ပြီး ပြောလိုက်၏။

“အတူတူလိုက်သွားလိုက်ပါ… အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အဲဒါက ရှားရှားပါးပါးပွဲတော်တစ်ခုပဲ… အန္တိမပကတိစိတ်ဝိညာဉ်တွေအကြား ထိတွေ့ရိုက်ခတ်မှုနဲ့ သတ်ဖြတ်မှုတွေကို စောင့်ကြည့်ရတာကလည်း မင်းရဲ့ကျင့်ကြံမှုအပေါ်မှာ အကျိုးအမြတ်ရှိလိမ့်မယ်”

“ကောင်းပါပြီ”

နတ်ဘုရားသမီးတော်က ထိုစကားကိုကြားသွားသောအခါ သူမက ဆက်လက်၍ တုံ့ဆိုင်းမနေတော့ဘဲ သဘောတူလိုက်၏။

ကျောက်တုံးကမ္ဘာမှာ…

ကြယ်သေတစ်စင်းက ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော ဖုန်မှုန့်များနှင့် ကျောက်တုံးကျောက်ခဲများအဖြစ် ပြောင်းလဲသွားလေသည်။

ဧရာမ ကျောက်ပုဆိန်တစ်လက်ကို ကိုင်စွဲထားသည့် ဗလတောင့်တောင့် အမျိုးသားတစ်ဦးက ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာ၏။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ မီးခိုးရောင်အရောင်အဝါတစ်ခု လှည့်ပတ်စီးဆင်းနေခြင်းနှင့်အတူ သူက အလွန်တရာ တုတ်ခိုင်သန်မာနေ၏။

ဗလတောင့်တောင့်အမျိုးသား၏ ကျင့်ကြံမှုက ပကတိစိတ်ဝိညာဉ်နယ်ပယ်၏ အထွတ်အထိပ်မှာ ရှိလေသည်။ သို့သော်လည်း သူ၏ ဘေးပတ်လည်မှာ ပုံရိပ်တချို့ ပေါ်ထွက်လာ၏။ သူတို့အားလုံးက ကျောက်တုံးမျိုးနွယ်၏ ဘုရင်များဖြစ်ကြသည်။

ပကတိစိတ်ဝိညာဉ်တစ်ဦးအနေဖြင့် ကာကွယ်သူဘုရင်အတော်များများကို ရရှိထားခြင်းမှာ ဗလတောင့်တောင့်အမျိုးသား၏ အဆင့်အတန်းက ကျောက်တုံးမျိုးနွယ်မှာ ဘယ်လောက်တောင် အရေးပါသလဲ သိသာထင်ရှားစေသည်။

“ရှစ်ပို… ကလန်က မင်းအတွက် အကူတစ်ယောက်ကို ရွေးချယ်ပြီးသွားပြီ… မင်းက အချိန်မရွေး ထွက်ခွာလို့ရတယ်”

ကျောက်တုံးမျိုးနွယ်မှ ဘုရင်တစ်ဦးက လေးနက်သောသံဖြင့် ပြောလိုက်၏။

ဗလတောင့်တောင့်အမျိုးသားက သူ၏ လည်ပင်းကို လှုပ်ခါ၍ ထူးဆန်းသော တဖျောက်ဖျောက်အသံများကို ထွက်ပေါ်လာစေ၏။ သူက အဝေးမှာရှိသော ကြယ်တာရာကောင်းကင်ကို ကြည့်ပြီး သွားဖြီးကာ ပြောလိုက်၏။

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ… ငါလာတော့မယ်”

“ဟမ့်… ငါတို့က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ အဲဒီအားနည်းတဲ့ ဓားကျင့်ကြံသူတွေနဲ့ တွေ့နိုင်မယ်ဆိုရင် အကောင်းဆုံးပဲ… သူတို့ကို ငါ့ရဲ့ ရင်သပ်ရှုမောပုဆိန်ကို မြည်းစမ်းကြည့်ခိုင်းမယ်”

ထိုသို့ပြောရင်း ဗလတောင့်တောင့်အမျိုးသားက သူ့လက်ထဲရှိ ဧရာမပုဆိန်ကို လွှဲယမ်းကာ လေဟာနယ်ထဲတွင် ကြီးမားသော အက်ကွဲကြောင်းများစွာကို ကျန်ရစ်စေခဲ့သည်။

နေကာသစ်ပင်ကမ္ဘာ…

ဖီးနစ်ငှက်ကိုးကောင်သည် ဧရာမ အာကာသစိတ်ဝိညာဉ်ယာဉ်တစ်စင်းကို ဆွဲကာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရှိရာဘက်သို့ ဦးတည်နေ၏။

စိတ်ဝိညာဉ်ယာဉ်၏ ဦးစွန်းမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက ဘေးချင်းယှဉ်ရပ်နေသည်။

သူတို့နှစ်ယောက်သည် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ပကတိစိတ်ဝိညာဉ်နယ်ပယ်၏ အထွတ်အထိပ်ထိ ရောက်ရှိနေပြီဖြစ်ပြီး သူတို့က အလျှံညီးညီး မီးတောက်များကြားမှာ လှုံနေလေသည်။ အဝေးကနေကြည့်လလျှင် သူတို့သည် လေထုကို ဆုတ်ဖြဲလာသည့် အလျှံညီးညီး နေတစ်စင်းနှင့် တူနေသည်။

ထိပ်တန်းကမ္ဘာကြီးများထဲမှတစ်ခု ခွန်ကမ္ဘာ…

ခွန်ကမ္ဘာမှာ မည်သည့်ကျွန်းမှ မရှိဘဲ လောကတစ်ခုလုံးက ရေပြင်ဖြင့် ပြည့်နှက်နေ၏။ အဲဒါသည် ပင်လယ်ရေပြင်များဖြင့် ပြည့်နှက်နေသော သမုဒ္ဒရာရေကမ္ဘာ ဖြစ်လေသည်။

ဝေါ…

အစက တည်ငြိမ်နေသော ပင်လယ်ပြင်ထက်မှာ ဧရာမအရိပ်တစ်ခုက တဖြည်းဖြည်းပေါ်ထွက်လာသည်။

ခွန်တစ်ကောင်က ပေါ်ထွက်လာခြင်းဖြစ်သည်။

၎င်းသည် အလွန်တရာကြီးမားပြီး ကီလိုမီတာထောင်ချီ ရှည်လျားကာ ဘေးပတ်ဝန်းကျင်တွင် ကြီးမားသော ရေလှိုင်းလုံးကြီးများကို ဖြစ်ပေါ်လာစေသည်။

ထို့နောက်ချက်ချင်းပင် ခွန်သည် လူသားတစ်ဦးအဖြစ် အသွင်ပြောင်းလဲသွားပြီး သူ့လက်ထဲမှာ မိုးပြာရောင် အသွားသုံးခုခက်ရင်းလက်နက်တစ်ခုကို ကိုင်စွဲထားလေသည်။ သူသည် ကြီးမားသော လှိုင်းလုံးကြီးတစ်ခုပေါ်မှာ မတ်တပ်ရပ်ပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရှိရာဘက်သို့ ကြည့်နေ၏။

ထိပ်တန်းကမ္ဘာကြီးများထဲမှ တစ်ခုဖြစ်သော ဖန်းကမ္ဘာ…

ရွှေရောင်အလင်းတစ်ခုက ကြယ်တာရာကောင်းကင်ထက်မှာ ပျံသန်းလာပြီး ၎င်း၏ အစစ်အမှန်သွင်ပြင်ကို လုံးဝမတွေ့မြင်နိုင်ပေ။

မသိလိုက်မသိဘာသာ အချိန်တစ်ခုကြာသွားပြီးနောက် ရွှေရောင်အလင်းသည် ဧရာမ အင်မော်တယ်ယာဉ်ပျံတစ်စင်းပေါ်မှာ ဆင်းသက်လိုက်သည်။ ၎င်းသည် ရွှေရောင်တောင်ပံတစ်စုံကို ရုတ်သိမ်းလိုက်ပြီး လူသားတစ်ယောက်၏ သွင်ပြင်အဖြစ် ပြောင်းလဲလိုက်သည်။ ထိုသူက မနှိုင်းယှဉ်သာအောင် ချောမောသော အမျိုးသားတစ်ဦးဖြစ်သည်။

ချောမောသည့်အမျိုးသားက တီးတိုးရေရွတ်လိုက်၏။

“အန္တိမပကတိစိတ်ဝိညာဉ်တွေက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ စုဝေးကြတော့မှာပဲ… စိတ်ဝင်စားစရာပဲ”

တစ်ချိန်တည်းနီးပါးမှာပင် အမျိုးမျိုးသောကမ္ဘာများမှ အန္တိမပကတိစိတ်ဝိညာဉ်များသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာလာကြသည်။

အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်နိုင်ပြီး အန္တိမပကတိစိတ်ဝိညာဉ်များ ဖြစ်လာသည့် ပညာရှင်များသည် ကမ္ဘာကြီးများ၏ နံပါတ်တစ် ပကတိစိတ်ဝိညာဉ်များ ဖြစ်ကြလေသည်။ သူတို့ထဲ ဘယ်သူကများ မောက်မာဝံ့ကြွားမှု မရှိဘဲ နေမှာလဲ။

ဤအန္တိမပကတိစိတ်ဝိညာဉ်များထဲ မည်သူကမှ ဤကဲ့သို့ မကြုံစဖူးထူးခြားသည့် မဟာပွဲတော်တစ်ခုကို လက်လွှတ်မခံလိုကြပေ။

စုန်းကမ္ဘာကနေ အစိမ်းရောင်အာကာသယာဉ်တစ်စင်းက ထွက်ခွာလာခဲ့သည်။

သွေးကမ္ဘာမှ သွေးနွယ်ပင်တစ်အုပ်စုက တိတ်တဆိတ် ထွက်ခွာလာကြသည်။

ရွှေကျီးကန်းကမ္ဘာ၊ ပန်းကမ္ဘာ၊ အဆိပ်ကမ္ဘာ၊ ပိုးမွှားကမ္ဘာ၊ ကြယ်တာရာကမ္ဘာ၊ ဂူသင်္ချိုင်းကမ္ဘာနှင့် အခြားသော ကမ္ဘာကြီးကမ္ဘာငယ်များမှ အရိုက်အရာဆက်ခံသူများသည် သူတို့၏ သက်ဆိုင်ရာဘုရင်ပညာရှင်များ၏ အုပ်ထိန်းမှုအောက်မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ထွက်ခွာလာကြသည်။

ရက်အနည်းငယ်မျှနှင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ခုလုံးအတွင်းမှာ မိုးသက်မုန်တိုင်းတစ်ခုက အစပျိုးလာခဲ့လေပြီ။

All Chapters