← Chapters

သခင်လေး… ရှင်မလား

Vol. 190 Ch. 2844

သခင်လေး… ရှင်မလား

Vol. 190 Ch. 2844

တောင်ထွတ်သခင်ရှစ်ဦးသည် ဆူဇီမိုကို ထူးဆန်းသောအမူအရာများဖြင့် ကြည့်လိုက်ကြသည်။

ဆူဇီမို၏ အစစ်အမှန်နာမည်ကို သူတို့က သိရှိထားကြသည်။

သို့သော်လည်း ဤကိစ္စသည် လျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး သူတို့က သာမန်ကာလျှံကာ ထုတ်ဖော်မပြောဆိုနိုင်ပေ။

ဆူဇီမိုက စကားလမ်းကြောင်းပြောင်းပြီး မေးလိုက်၏။

“နဂါးအသူတရာချောက်နက်ကြယ်မှာတုန်းက ငါ့ရဲ့ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲထားတာ ငါမှတ်မိပါသေးတယ်… မင်းငါ့ကို ဘယ်လိုမှတ်မိသွားတာလဲ”

ထိုအချိန်တုန်းက မဟာကျင်းအင်မော်တယ်နိုင်ငံ၏ လိုက်လံဖမ်းဆီးမှုကို ရှောင်လွှဲရန် သူသည် နာမည်အတုမိုလင်းကိုအသုံးပြုခဲ့ရုံသာမက သူသည် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကိုပင် အသုံးချကာ သူ့ကိုယ်သူ ရစ်ထုပ်တစ်ဦးအဖြစ်အသွင်ပြောင်းလဲထားခဲ့သည်။

လုံလီသည် ယနေ့ သူ့ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနေသည်။

လုံလီက သူမ၏ မျက်လုံးကို ပုတ်ခတ်ပြီး အူမြူးအားရစွာဖြင့် ပြုံးပြလိုက်၏။

“ကျွန်မမှာ ကောင်းကင်ဘုံမျက်လုံးကနေ သန့်စင်ထားတဲ့ ရတနာတစ်ခုရှိတယ်… အဲဒါက လူတစ်ယောက်ရဲ့ အမြုတေစိတ်ဝိညာဉ်ကို ထွင်းဖောက်မြင်နိုင်တယ်… အဲဒီတုန်းကတည်းက ကျွန်မရှင့်ရဲ့ အစစ်အမှန်သွင်ပြင်ကို ပြောနိုင်သားပဲ”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ မျက်လုံးများက တကယ်ပင်မဆိုးပေ။ သူတို့သည် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေး၏ ရုပ်ဖျက်မှုကိုပင် ထွင်းဖောက်မြင်နိုင်လေသည်။

တစ်ချိန်တည်းမှာပင် နဂါးမျိုးနွယ်က စွမ်းအားကြီးမားသော ရတနာတချို့ကို ပိုင်ဆိုင်ထားသည်မှာ ယုတ္တိတန်လေသည်။

လုံလီက ဆက်ပြောလိုက်သည်။

“နောက်ပြီး ရှင့်မှာ ထူးခြားတဲ့အော်ရာတစ်ခုရှိတယ်… အဲဒါက နဂါးမျိုးနွယ်နဲ့ ဆက်စပ်နေသလိုပဲ”

လုံလီသည် သူ၏ နဂါးဖီးနစ်အမြုတေစိတ်ဝိညာဉ်ကနေ ထွက်ပေါ်လာသည့် အော်ရာကို ရည်ညွှန်းပြောဆိုနေခြင်း ဖြစ်လောက်သည်။

သို့သော်လည်း သူအဲဒါကို ရှင်းရှင်းလင်းလင်းမပြောပြနိုင်ပေ။

မလှမ်းမကမ်းမှာ နဂါးမျိုးနွယ်မှ ငွေရောင်ဆံပင်နှင့်အမျိုးသမီးက ဆူဇီမိုကို တွေဝေရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေ၏။

ဒါက နဂါးအသူတရာချောက်နက်ကြယ်မှာ လီအာနဲ့ တွေ့ခဲ့တဲ့သူလား။

သူမသည် ဓားကမ္ဘာမှ နဝမမြောက်တောင်ထွတ်၏ တောင်ထွတ်သခင်အကြောင်း အနည်းငယ်ကြားဖူးထားပြီး ထိုသူက သတ်ဖြတ်ရာမှာပြတ်သားသည့် ရက်စက်ကြမ်းတမ်းသောလူတစ်ယောက်ဖြစ်ကြောင်း သိရှိထားသည်။

ဤလူသည် အချိန်တိုအတွင်းမှာ ဤမျှ အတိုင်းအတာအထိ ကြီးပြင်းလာခဲ့ပြီလား။ သို့မဟုတ် အစကတည်းက သူ့မှာ ဤသရုပ်သကန်ရှိထားပြီး သူ့ရဲ့ကျင့်ကြံမှုကို တမင်သက်သက်ဖုံးကွယ်ထားခဲ့တာလား။

သူမသည်လည်း လုံလီအာရုံခံမိသည့် ထူးခြားသောအော်ရာကို အာရုံခံမိလေသည်။ ဒါ့အပြင် သူမသည် အဲဒါကို ပို၍ရှင်းလင်းစွာ အာရုံခံမိနေ၏။

ထိုအော်ရာသည် နဂါးမျိုးနွယ်နှင့် ဆင်တူမှုရှိသော်လည်း အဲဒါသည် နဂါးမျိုးနွယ်၏ မျိုးဆက်သွေးအော်ရာထက်ပင် ပိုမိုသန်မာနေသည်။

ဖြစ်နိုင်တာက…။

ငွေရောင်ဆံပင်နှင့်အမျိုးသမီးက ဖြစ်နိုင်ခြေတစ်ခုကို တွေးမိချိန်မှာ ရင်တစ်ချက်ထိတ်သွား၏။

“အမေ”

လုံလီက ဆူဇီမို၏ လက်ကိုဆွဲပြီး ငွေရောင်ဆံပင်နှင့် အမျိုးသမီးရှေ့သို့ ဆွဲခေါ်လာခဲ့ကာ စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ပြောလိုက်သည်။

“ဒါက အမေ့ကို ကျွန်မအရင်ကပြောခဲ့တဲ့ အစ်ကိုမိုလင်းလေ… သူက တကယ်တော့ ဓားကမ္ဘာက နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်ဆူကျူးဖြစ်နေတာပဲ”

ငွေရောင်ဆံပင်နှင့်အမျိုးသမီးက ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ဆူဇီမိုကို ခေါင်းညိတ်ပြလိုက်၏။

သူမက အရင်စတင်၍ နှုတ်ဆက်လိုက်သည်။

“ငါက လုံလီရဲ့အမေ… နဂါးဘုရင်မ ဦးချိုမဲ့ပါ”

နဂါးဘုရင်မဦးချိုမဲ့။

တောင်ထွတ်သခင်ရှစ်ဦးက ထိုစကားကို ကြားသောအခါ ရင်တစ်ချက်ထိတ်သွားသည်။

နဂါးကမ္ဘာမှာ စုစုပေါင်း နဂါးပိုင်နက်နယ်မြေငါးခုရှိသည်ဟု ဆိုကြလေသည်။ သူတို့ကို ဦးချိုနဂါးပိုင်နက်နယ်မြေ၊ အပြာရောင်နဂါးပိုင်နက်နယ်မြေ၊ ဦးချိုမဲ့နဂါးပိုင်နက်နယ်မြေ၊ မီးပဒေသာနဂါးပိုင်နက်နယ်မြေနှင့် တောင်ပံနဂါးပိုင်နက်နယ်မြေဟူ၍ ခွဲခြားထားသည်။

သူတို့သည် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေဟူသော ဒြပ်စင်ငါးမျိုး၏ မတူညီသောစွမ်းအားများကို ကိုယ်စားပြုလေသည်။

နဂါးပိုင်နက်နယ်မြေတစ်ခုချင်းစီမှာ နဂါးဘုရင်တစ်ဦထက်မက ရှိနေသည်။

သို့သော်လည်း ဦးချိုမဲ့နဂါးပိုင်နက်နယ်မြေမှာ အသန်မာတိုက်ခိုက်ရည်ခွန်အားနှင့် နဂါးဘုရင်ကသာ ဦးချိုမဲ့ဟူသော ဘွဲ့ကို ခံယူဖို့ အဆင့်မီလေသည်။

ထို့ကြောင့် အထက်ဘုံလောကမှာ အသန်မာဆုံး နဂါးဘုရင်ငါးဦးရှိသည်ကို လူတိုင်းက သိရှိထားကြသည်။

တောင်ထွတ်သခင်ရှစ်ဦးသည်လည်း ကောင်းကင်လိုဏ်ဂူနယ်ပယ်၏ အထွတ်အထိပ်ပညာရှင်များဖြစ်ကြသည်။ သို့သော်လည်း သူတို့သည် နဂါးမျိုးနွယ်နှင့် ပတ်သက်ဆက်ဆံမှုများစွာမရှိဘဲ နဂါးဘုရင်ငါးဦးနှင့် မသိကျွမ်းကြပေ။

ယခု ဆူဇီမိုသည် နဂါးဘုရင်မဦးချိုမဲ့၏ သမီးနှင့် သိကျွမ်းနေလေသည်။ ဒါ့အပြင် ဆူဇီမိုပေါ် နဂါးဘုရင်မဦးချိုမဲ့၏ စိတ်နေသဘောထားက အတော်လေးရင်းနှီးဖော်ရွေမှု ရှိနေသည်။

တကယ်ဆို သူမသည် သူတို့ရှစ်ဦးအပေါ်မှာထက်ပင် ပို၍ ရင်းနှီးဖော်ရွေမှုရှိနေသည်။

ဓားသင်္ချိုင်းတောင်ထွတ်၏ တောင်ထွတ်သခင်ဟူသော သူ၏ အဆင့်အတန်းနှင့် လုံလီနှင့်သိကျွမ်းထားသည်ဟူသောအချက်က အကြောင်းအရင်းများထဲမှ နှစ်ခုသာဖြစ်သည်ကို တောင်ထွတ်သခင်ရှစ်ဦးက မသိရှိကြပေ။

နောက်ထပ်ပိုမိုအရေးပါသည့် အကြောင်းပြချက်မှာ နဂါးဘုရင်မဦးချိုမဲ့သည် ဆူဇီမိုထံမှ တဗူးနဂါးဖီးနစ်အော်ရာကို အာရုံခံမိနေသောကြောင့်ဖြစ်သည်။

“မင်္ဂလာပါ စီနီယာ”

ဆူဇီမိုက ရိုသေလေးစားသောအမူအရာဖြင့် သူ၏ လက်နှစ်ဖက်ကိုယှက်ကာ ပြန်လည်နှုတ်ဆက်လိုက်၏။

တောင်ထွတ်သခင်ရှစ်ဦးက အကြည့်ချင်းဖလှယ်လိုက်ကြသည်။

သူတို့သည် နဂါးဘုရင်မဦးချိုမဲ့က ဆူဇီမိုပေါ် ဤကဲ့သို့သော စိတ်နေသဘောထားဘာ့ကြောင့်ရှိလာသလဲ မပြောတတ်သော်လည်း ဤကဲ့သို့သော ဆက်ဆံရေးတစ်ခုရှိလာခြင်းက တကယ်ကို ကောင်းလေသည်။

ထုံစံအားဖြင့် ဓားကမ္ဘာသည် နဂါးကမ္ဘာနှင့် ထိတွေ့ဆက်ဆံခဲ့လေ့မရှိကြပေ။

သူတို့ကြားမှာ ရင်းနှီးဖော်ရွေမှု သို့မဟုတ် ရန်ငြိုးရန်စမရှိခဲ့ကြပေ။ ယခု လုံလီနှင့် ဆူဇီမို၏ ဆက်ဆံရေးကြောင့် သူတို့သည် နဂါးဘုရင်မဦးချိုမဲ့နှင့် ယနေ့မှာ သိကျွမ်းခွင့်ရခဲ့လေသည်။

သူတို့သည် နဂါးကမ္ဘာနှင့် ထပ်မံ၍ ထိတွေ့ဆက်ဆံပြီး ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်မည်ဆိုလျှင် အဲဒါက ဓားကမ္ဘာအတွက် အကျိုးအမြတ်ရှိလာပေလိမ့်မည်။

“ဒါနဲ့…”

လုံလီက ဆူဇီမိုနားကို ကပ်ကာ ပြေလိုက်၏။

“အောက်ဘုံလောကကနေတက်လှမ်းလာတဲ့ လုံရန်လို့ခေါ်တဲ့လူတစ်ယောက်ကိုရှာဖို့ ရှင်ကျွန်မကိုအရင်က ပြောခဲ့တယ်လေ… သူက နဂါးကမ္ဘာမှာ တကယ်ပဲရှိနေတယ်… သူက မီးပဒေသာနဂါးပိုင်နက်နယ်မြေမှာပဲ”

“သူအဆင်ပြေရဲ့လား”

ဆူဇီမိုက မေးလိုက်သည်။

လုံရန်သည် ထျန်ဟွမ်ကုန်းမြေတိုက်မှ မွေးနီတစ္ဆေဖြစ်လေသည်။

မွေးနီတစ္ဆေသည် ဆူဇီမိုကို အောက်ဘုံလောကမှာတုန်းက အကူအညီများစွာပေးခဲ့ပြီး သူ၏ အသက်ကိုပင် ကယ်တင်ပေးခဲ့ဖူးသည်။

“သူ အတော်လေးအဆင်ပြေပါတယ်”

လုံလီက ပြောလိုက်၏။

“ဒါပေမဲ့ သူက ပကတိဧကနယ်ပယ်ကို မဝင်ရောက်သေးဘူး… သူ့ရဲ့ ကျင့်ကြံမှုနယ်ပယ်က သိပ်ပြီးမမြင့်မားတဲ့အတွက် သူက ဒီတစ်ခေါက်လိုက်မလာနိုင်ဘူး”

ဆူဇီမိုက ခေါင်းညိတ်ပြပြီး စိတ်သက်သာရာရသွားသည်။

ထျန်ဟွမ်ကုန်းမြေတိုက်မှာ သူ၏ မိတ်ဆွေဟောင်းများ အဆင်ပြေသည်ကို သိရှိရခြင်းသည် သူ့အတွက် အကောင်းဆုံးသတင်းဖြစ်သည်။ သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက သိပ်ပြီးအရေးမကြီးပေ။

ယခုအချိန်ထိ ထျန်ဟွမ်ကုန်းမြေတိုက်မှ တက်လှမ်းလာသည့် မိတ်ဆွေဟောင်းတချို့၏ သတင်းကိုသာ သူက ရရှိသေးသည်။

သို့သော်လည်း သူလုံးဝ ရှာမတွေ့သည့် လူတချို့ ရှိနေဆဲဖြစ်သည်။

ဥပမာအားဖြင့် အောက်ဘုံလောကမှာတုန်းက သူနှင့် သွေးသောက်ညီကိုမောင်နှမဖွဲ့ခဲ့သည့် သားရဲမျိုးနွယ်ခြောက်ဦး၊ သူ၏ တပည့် ရှောင်းယောင်၊ ပြီးလျှင် နန်းကြည်……။

နန်းကြည်အကြောင်းတွေးမိချိန်မှာ ဆူဇီမိုသည် မဟာကျိုးမြို့တော်မှာတုန်းက ဟောင်းနွမ်းစုတ်ပြတ်နေသော အဝတ်အစားများကိုဝတ်ပြီး ဝါကျင့်ကျင့်ဆံပင်နှင့်အတူ သူ့နောက်သို့ လိုက်လာခဲ့သော သနားစရာကောင်းသည့် မိန်းကလေးကို ပြန်လည်အမှတ်ရသွား၏။

“သခင်လေး”

သူက ငေးငိုင်နေစဉ် သူက မလှမ်းမကမ်းမှာ နန်းကြည်၏ ညင်သာသောခေါ်သံကို ကြားလိုက်ရသည့်ပုံပင်။

ဆူဇီမိုက သူ၏ ခေါင်းကို ခါယမ်းပြီး ထိုအတွေးများကို လောလောဆယ်မှာ ဘေးဖယ်ထားလိုက်၏။

“သခင်လေး… ရှင်မလား”

သို့သော်လည်း သိပ်မကြာခင် သူသည် ရင်းနှီးခဲ့ဖူးသောအသံကို နောက်တစ်ဖန်ကြားလိုက်ရ၏။ ထိုအသံက မလှမ်းမကမ်းကနေ ထွက်ပေါ်လာပြီး အနည်းငယ်တုန်ယင်နေ၏။

ဆူဇီမိုက အသံထွက်ပေါ်လာရာဘက်သို့ အလိုလိုလှည့်ကြလိုက်၏။

မလှမ်းမကမ်းမှာ နတ်ဘုရားမျိုးနွယ်သက်ရှိတစ်အုပ်စုက မတ်တတ်ရပ်နေကြ၏။ သူတို့ကို ဦးဆောင်လာသည့်သူက ရွှေရောင်ဝတ်ရုံနှင့် သရဖူတစ်ခုဆောင်းထားသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမက မနှိုင်းယှဉ်သာအောင် မြင့်မြတ်ထည်ဝါနေသည်။

အမျိုးသမီးမှာ ရွှေရောင်ဆံပင်၊ အပြာရောင်မျက်လုံး၊ ပြီးပြည့်စုံသော ကိုယ်ခန္ဓာနှင့် ချောမောလှပသော မျက်နှာရှိလေသည်။ သူမက အရမ်းကို မှင်တက်စရာကောင်းပြီး ဖန်တီးရှင်၏ ပြီးပြည့်စုံသော လက်ရာတစ်ခုဖြစ်သည့်အလားပင်။

“နတ်ဘုရားမျိုးနွယ်က နတ်ဘုရားသမီးတော်”

တောင်ထွတ်သခင်ရှစ်ဦးသည် နတ်ဘုရားမျိုးနွယ်အမျိုးသမီးကို သတိထားမိသွားပြီး သူမ၏ ဦးခေါင်းထက်မှာ သရဖူကို တွေ့မြင်သည့်အခါ သူမ၏ သရုပ်သကန်ကို ချက်ချင်းပင်မှတ်မိသိရှိသွားကြသည်။

နဂါးဘုရင်မဦးချိုမဲ့၊ လုံလီနှင့် အခြားသောနဂါးများကလည်း လှည့်ကြည့်လာကြ၏။

နတ်ဘုရားမျိုးနွယ်အမျိုးသမီး၏ နောက်ဘက်မှာရှိသော နတ်ဘုရားမျိုးနွယ်သက်ရှိများနှင့် နတ်ဘုရားဘုရင်များပင်လျှင် ငေးငိုင်နေကြသည်။

နတ်ဘုရားသမီးတော်က ဘာဖြစ်သွားသလဲနှင့် ဘာ့ကြောင့် သူမက ဤမျှအထိ စိတ်ခံစားချက်များ မြင့်မားလာရသလဲ သူတို့က မသိရှိကြပေ။

လူတိုင်းက တွေဝေရှုပ်ထွေးနေစဉ်မှာပင် နတ်ဘုရားသမီးတော်က ဓားကမ္ဘာရှိရာဘက်သို့ ရုတ်တရက်ပြေးလာလေသည်။

နတ်ဘုရားမျိုးနွယ်အမျိုးသမီးက ရန်လိုစိတ်မရှိသည်ကို တွေ့ရသောအခါ ဓားကမ္ဘာမှလူတိုင်းက သူမကို ဝင်ရောက်တားဆီးခြင်းမရှိပေ။

ထိုကဲ့သို့ပင် နတ်ဘုရားသမီးတော်သည် ဆူဇီမို၏ ရင်ခွင်ထဲသို့ ပစ်ဝင်တော့မည့်ဆဲဆဲမှာပင် တဖြည်းဖြည်းရပ်တန့်လိုက်၏။

“သခင်လေး… တကယ်ပဲ ရှင်ကိုး”

နတ်ဘုရားသမီးတော်က အလွန်တရာစိတ်လှုပ်ရှားနေပြီး အခြားသူများ၏ အကြည့်ကို ဂရုစိုက်ခြင်းမရှိဘဲ ဆူဇီမို၏ လက်ကို ဖမ်းဆွဲလိုက်၏။

ဘေးကနေရပ်ကြည့်နေသူများက မျက်လုံးများပြူးကျယ်နေပြီး ပါးစပ်များအဟောင်းသားဖြစ်နေကြ၏။

နတ်ဘုရားမျိုးနွယ်၏ နတ်ဘုရားသမီးတော်မှာ နတ်ဘုရားမျိုးနွယ်တော်ဝင်မိသားစု၏ မျိုးဆက်သွေးရှိလေသည်။ သူမက ပကတိကြည်လင်သန့်စင်ပြီး မြင့်မြတ်ထည်ဝါလေသည်။

သူတို့ရှေ့မှ နတ်ဘုရားသမီးတော်သည် သူမ၏ မိသားစုနှင့် ပြန်လည်ဆုံစည်းရသည့်အလား ဆူဇီမိုကို ဘာ့ကြောင့်ကြည့်နေရတာလဲ။ သူ့မှာ နတ်ဘူရားသမီးတော်၏ သွင်ပြင်ဟန်ပန် လုံးဝမရှိတော့ပေ။

သူတို့က အဲဒါကို ကိုယ်တိုင်မြင်တွေ့ရခြင်းမဟုတ်လျှင် ထိုအမျိုးသမီးသည် ဆူဇီမို၏ အစေခံမိန်းကလေးတစ်ဦးဖြစ်သည်ဟုပင် တွေးမိကြပေလိမ့်မည်။

ဆူဇီမိုကလည်း အံ့အားသင့်သွားပြီး ဝမ်းသာပျော်ရွှင်လာခဲ့သည်။

ဤနတ်ဘုရားသမီးတော်သည် စောစောက သူစဉ်းစားနေသည့် နန်းကြည်ပင်ဖြစ်လေသည်။

ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက နန်းကြည်သည် သူ့နောက်သို့ နှစ်ပေါင်းများစွာလိုက်ပါလာခဲ့သည်။ သူမက အခြေတည်အဆင့်မှာ ရှိခဲ့စဉ်ကပင် သူမက သူ့ဘေးမှာ ရှိနေခဲ့လေပြီ။

နန်းကြည်သည် သူမကိုယ်သူမ ဆူဇီမို၏ အစေခံမိန်းကလေးတစ်ဦးအဖြစ် မှတ်ယူထားခဲ့သည်။ သူမက နတ်ဘုရားကုန်းမြေတိုက်၏ နတ်ဘုရားဧကရီဖြစ်လာခဲ့ပြီးတာတောင် သူမ၏ စိတ်နေသဘောထားကို မပြောင်းလဲခဲ့ပေ။

သို့သော်လည်း ဆူဇီမို၏ ရင်ထဲမှာ သူသည် သူမကို အစေခံမိန်းကလေးတစ်ဦးအဖြစ် ဘယ်တုန်းကမှာ မဆက်ဆံခဲ့ပေ။ ထိုအစား သူသည် သူမကို သူ၏ ညီမငယ်တစ်ဦးအဖြစ် ဆက်ဆံခဲ့လေသည်။

All Chapters