တုန်လှုပ်သွားခြင်း
Vol. 190 Ch. 2848
မိတ်ဆွေတစ်ဦးထံမှ။
နန်းကြည်၏ စကားလုံးများသည် ဓားအင်မော်တယ်ယွဲ့ဟွားကို ပို၍ ယုံကြည်လက်ခံသွားစေ၏။
အစကတော့ ဓားအင်မော်တယ်ယွဲ့ဟွားသည် ဤခရီးစဉ်နှင့်ပတ်သက်၍ ယုံကြည်မှုသိပ်မရှိခဲ့ပေ။ သို့သော် ယခု နတ်ဘုရားသမီးတော်နန်းကြည်၏ စိတ်နေသဘောထားကို ကြည့်ပြီး သူ၏ ယုံကြည်မှုက ရုတ်တရက်မြင့်တက်လာခဲ့သည်။
ဘေးတစ်ဖက်မှာ မုန့်ယောင်က မျက်မှောင်ကြုတ်လိုက်၏။
သူမ၏ အာရုံခံစိတ်က ပို၍ထက်ရှပြီး နတ်ဘုရားသမီးတော် နန်းကြည်၏ စကားလုံများက ပိုမိုလေးနက်သော အဓိပ္ပါယ်ကို ဆောင်နေပုံရသည်ကို သူမက ခပ်ရေးရေးအာရုံခံမိသည်။
သို့သော်လည်း သူမသည် ယခုအချိန်မှာ အဲဒါကို စဉ်းစားမကြည့်နိုင်ပေ။
နန်းကြည်က ပြောလိုက်၏။
“တာအိုရောင်းရင်းတို့ နည်းနည်းနောက်ကျမှလာရတဲ့ အတွက် ကျွန်မကို ခွင့်လွှတ်ပါ… ကျွန်မက နောက်ထပ်ဧည့်သည်တစ်ယောက် တာအိုရောင်းရင်းဆူကျူးကို ဧည့်ခံနေရတဲ့အတွက် ကြန့်ကြာသွားတာ”
“တာအိုရောင်းရင်းဆူကျူးလား”
ဓားအင်မော်တယ်ယွဲ့ဟွားက ရင်တစ်ချက်ထိတ်သွားပြီး အလောတကြီးမေးမြန်းလိုက်၏။
“ခင်ဗျားက ဓားကမ္ဘာက နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်ကို ပြောနေတာလား”
“ဟုတ်တယ်”
နန်းကြည်က ခေါင်းညိတ်ပြီးမေးလိုက်၏။
“ရှင် သူ့ကို သိလို့လား”
ဓားအင်မော်တယ်ယွဲ့ဟွားက ပြုံး၍ အသံကို မြှင့်ပြီးပြောလိုက်၏။
“ကျုပ်က တာအိုရောင်းရင်းဆူကျူးကို တစ်ခါမှ မတွေ့မြင်ဖူးပေမယ့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ရှိတဲ့လူတိုင်းက နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်ကို သိကြတာပဲ”
“တာအိုရောင်းရင်းဆူကျူးနဲ့ ကျုပ် နှစ်ယောက်စလုံးက ဓားကျင့်ကြံသူတွေပဲ… ကျုပ်တို့ကို တူညီတဲ့တာအိုက ရောင်းရင်းကျင့်ကြံသူတွေလို့ဆိုနိုင်တယ်… ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံခွင့်မရသေးတာကိုပဲ ကျုပ်က စိတ်မကောင်းဖြစ်မိတယ်… တကယ်ဆို ကျုပ်က ဒီတစ်ခေါက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို လာတဲ့ ဒီခရီးစဉ်မှာ သူနဲ့ တွေ့ဖို့အခွင့်အလမ်းတစ်ရပ်ကို စောင့်မျှော်နေတာ”
မုန့်ယောင်ကလည်း အံ့အားသင့်စွာဖြင့် ကျေနပ်သဘောကျသွား၏။
ယခင်က သူတို့နှစ်ယောက်သည် ဓားကမ္ဘာ၏ ဆူကျူးအကြောင်းကို ဆွေးနွေးပြောဆိုနေခဲ့ကြသည်။ ယခု သူတို့သည် နတ်ဘုရားမျိုးနွယ်ထံမှ ဓားကမ္ဘာ၏ ဆူကျူးသတင်းကို လက်ခံရရှိလိုက်လေသည်။
သူတို့သည် နတ်ဘုရားမျိုးနွယ်ဂေဟာမှာ တာအိုရောင်းရင်းဆူကျူးနှင့် မိတ်ဆွေဖွဲ့နိုင်မည်ဆိုလျှင် အဲဒါက တစ်ချက်ခုတ်နှစ်ချက်ပြတ် ဖြစ်ပေလိမ့်မည်။
ထိုသို့အတွေးဖြင့် မုန့်ယောင်ကလည်း မတ်တတ်ထရပ်ပြီးပြောလိုက်၏။
“ကျွန်မကလည်း တာအိုရောင်းရင်းဆူကျူးရဲ့ နာမည်ဂုဏ်သတင်းကို ချီးကျူးနေတာ.. ကျွန်မက ဓားကျင့်ကြံသူတစ်ယောက် မဟုတ်ပေမဲ့ ဒုံမင်းမှာတော့ တော်တော်လေးနှံ့စပ်မှုရှိပါတယ်… အခွင့်အရေးရမယ်ဆိုရင် ကျွန်မက သခင်မလေးနန်းကြည်နဲ့ တာအိုရောင်းရင်းဆူကျူးအတွက် သီချင်းတစ်ပုဒ်ကို တီးခတ်ပြချင်ပါသေးတယ်”
အရင်တုန်းကဆိုလျှင် ဒုံမင်းအင်မော်တယ်ဟူသော မုန့်ယောင်၏ နာမည်ဂုဏ်သတင်းအရ သူမသည် အခြားသူများကို ဒုံမင်းတီးပြဖို့ ဤမျှအထိနှိမ့်ချက စတင်ကမ်းလှမ်းလိမ့်မည် မဟုတ်ပေ။
သို့သော်ယခု မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ပညာရှင်များနှင့် အသိအကျွမ်းဖွဲ့နိုင်ဖို့အတွက် သူမက သူမ၏ ဂုဏ်သိက္ခာကို ဆက်လက်၍ ထည့်မတွက်နိုင်တော့ပေ။
နန်းကြည်က မည်သည့်စကားမှမဆိုဘဲ ပြုံးပြနေ၏။
ဓားအင်မော်တယ်ယွဲ့ဟွားက ညင်သာစွာချောင်းဟန့်လိုက်၏။
“အခုလိုပြောတာ နည်းနည်းရိုင်းပျသွားရင် ခွင့်လွှတ်ပါ… တာအိုရောင်းရင်းဆူကျူးက ခင်ဗျားရဲ့ ဧည့်သည်တော်တစ်ဦးအဖြစ် ရောက်ရှိနေတယ်ဆိုမှတော့ ကျုပ်တို့နှစ်ယောက်ကလည်း သူ့ကို လေးစားသမှုပြနိုင်အောင် ခင်ဗျားသူ့ကို ဖိတ်ခေါ်ပေးလို့ မရဘူးလား”
“ရတာပေါ့”
နန်းကြည်က သာမန်ကာလျှံကာ သဘောတူလိုက်သည်။
ဓားအင်မော်တယ်ယွဲ့ဟွားနှင့် မုန့်ယောင်က ကျေနပ်နှစ်ခြိုက်သွား၏။
“ကျွန်မတို့ ဒီကိစ္စကို နောက်ပြီးကျမှ ပြောကြတာပေါ့”
ရုတ်တရက် နန်းကြည်က စကားလမ်းကြောင်းပြောင်းပြီး ပြောလိုက်၏။
“ရှင်တို့တွေက ဒီတစ်ခေါက် ဘာလို့ဒီကို ရောက်လာကြတာလဲ”
ဓားအင်မော်တယ်ယွဲ့ဟွားက သူ၏ အပြုံးကို ချက်ချင်းရုပ်သိမ်းပြီး တည်တံ့သောအမူအရာဖြင့် ပြောလိုက်၏။
“ကျုပ်တို့နှစ်ယောက်က ကောင်းကင်ဘုံကမ္ဘာရဲ့ အထက်လမ်းဂိုဏ်းတွေကပဲ… ကျုပ်တို့တွေက တရားမျှတမှုနဲ့ မှန်ကန်ဖြောင့်မတ်မှုကို အမြဲတမ်းကိုင်စွဲထားတယ်… သားရဲတွေနဲ့ မိစ္ဆာတွေကို နှိမ်နှင်းသတ်ဖြတ်ဖို့က ကျုပ်တို့ရဲ့တာဝန်လို့ ခံယူထားတာ… မထင်မှတ်ထားစွာဘဲ ကျုပ်တို့က မကောင်းမှုဒုစရိုက်မျိုးစုံကို ကျူးလွန်နေတဲ့ မဟာမိစ္ဆာတစ်ဦးကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်.. ကျုပ်တို့တွေက ထာဝရပျက်သုဉ်းခြင်းရဲ့ နာကျင်မှုကို ထိခိုက်ခံစားခဲ့ရတယ်”
“အာ…”
ဓားအင်မော်တယ်ယွဲ့ဟွားက သက်ပြင်းချပြီး သူ၏ လက်တစ်ဖက်ဖြင့် ဗလာကျင်းနေသော အင်္ကျီလက်စကို ဆွဲယူလိုက်၏။
“အဲဒီမိစ္ဆာက အကြံသမားပဲ… သူက ကျုပ်တို့ကို တမင်သက်သက် အသက်ရှင်လျက် ချန်ထားခဲ့တယ်.. သူက ကျုပ်တို့ရဲ့ စိတ်ဓာတ်တွေကို ရိုက်ချိုးဖို့အတွက် ထာဝရပျက်သုဉ်းခြင်းရဲ့ နတ်ဘုရားစွမ်းအားကို အသုံးချခဲ့တာပဲ… သူက ကျုပ်တို့ကို သူ့ဆီမှာ အညံ့ခံလာဖို့ မျှော်လင့်နေတာ”
တကယ်တော့ ဓားအင်မော်တယ်ယွဲ့ဟွားသည် နတ်ဘုရားမျိုးနွယ်၏ စာနာသနားမှုကို ရရှိရန်အတွက် ဤစကားများကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသားဖြစ်သည်။
မုန့်ယောင်က ထပ်ပြောလိုက်၏။
“အရင်တုန်းက ကျွန်မက ဒုံမင်းမိစ္ဆာတစ်ဦးနဲ့ ယှဉ်ပြိုင်ခဲ့တယ်… ကျွန်မတို့ရဲ့ ဒုံမင်းအတတ်ယှဉ်ပြိုင်မှုက မျှတတဲ့ပြိုင်ပွဲတစ်ခုဖြစ်လိမ့်မယ်လို့ ထင်မြင်ခဲ့တာ… ဒါပေမဲ့ ဒုံမင်းမိစ္ဆာက ရှုံးနိမ်သွားပြီးတဲ့နောက် ရှက်ရမ်းရမ်းခဲ့တယ်… သူ့ကို နောက်ခံပေးထားတဲ့ မဟာမိစ္ဆာက ကျွန်မကို တိုက်ခိုက်ပြီး ဒဏ်ရာရရှိစေခဲ့တယ်”
တကယ်တော့ ထိုစကားလုံးများသည် အမှန်တရားကို ပြန်ပြောင်းကာ ပြောဆိုနေခြင်းဖြစ်သည်။
တည်ဆောက်သူသစ်ပင်အောက် တိုက်ပွဲမှာတုန်းက ဒုံမင်းအင်မော်တယ်သည် ရှုံးနိမ့်သွားခဲ့ပြီး အမျက်ဒေါသဖြင့် ရှက်ရမ်းရမ်းခဲ့လေသည်။ သူမသည် ဒုံမင်းမိစ္ဆာချိုးစစ်လောကို ချောင်းမြောင်းတိုက်ခိုက်ချင်ခဲ့သော်လည်း သူ့ကို အထီးကျန်သိုင်းသခင်က တားဆီးပြီး သူမ၏ မျက်နှာကို ဖြတ်ရိုက်ခဲ့လေသည်။
ထိုအသေးစိတ်အချက်အလက်များကို ထိုနေရာမှာရှိခဲ့သောလူများကသာ ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရသည်။
ဓားအင်မော်တယ်ယွဲ့ဟွားနှင့် မုန့်ယောင်သည် ဤကဲ့သို့ ပေါက်တက်ကရစကားများကို ပြောဆိုရဲသည်မှာ ဝေးကွာလွန်းသော အလင်းကမ္ဘာမှ နတ်ဘုရားသမီးတော်နန်းကြည်သည် တည်ဆောက်သူသစ်ပင်တောင်ကြောရိုးမှ တိုက်ပွဲအကြောင်းသိရှိလိမ့်မည်မဟုတ်ဟု သူတို့က အသေအချာယုံကြည်ထားသောကြောင့်ဖြစ်သည်။
နန်းကြည်က ပြောလိုက်သည်။
“ဒီလိုသာဆိုရင် ရှင်တို့နှစ်ယောက်ဖြစ်ပျက်ခဲ့တဲ့ ကိစ္စက တကယ့်ကို ခံပြင်းစရာပဲ”
‘ဒီအမျိုးသမီးက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ တကယ်ကို ယုံလွယ်တတ်တာပဲ။’
ဓားအင်မော်တယ်ယွဲ့ဟွားက နန်းကြည်၏ ရင်းနှီးဖော်ရွေသောလေသံကို ကြားသောအခါ သူတို့က တိတ်ဆိတ်ကျေနပ်သဘောကျသွားပြီး ဆက်ပြောလိုက်၏။
“နတ်ဘုရားမျိုးနွယ်ရဲ့ တော်ဝင်မိသားစုက လောကမှာ ပြိုင်ဘက်ကင်းပြီး ထာဝရပျက်သုဉ်းခြင်းကနေကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန်နတ်ဘုရားစွမ်းအားတွေကို ဖယ်ထုတ်ပေးနိုင်တဲ့ ကုသရေးနည်းစနစ်တစ်ခုကို အထူးပြုကျွမ်းကျင်ထားတယ်လို့ ကျုပ်တို့နှစ်ယောက်ကြားသိခဲ့ရတယ်”
“အဲဒါကြောင့် သခင်မလေးနန်းကြည်… ကျုပ်တို့နှစ်ယောက်က ဒီတစ်ခေါက် ခင်ဗျားဆီကို အသနားခံတောင်းပန်ဖို့ ရောက်လာခဲ့တာပဲ… ကျေးဇူးပြုပြီး ထာဝရပျက်သုဉ်းခြင်းရဲ့ နာကျင်မှုကနေ ကျုပ်တို့ကို လွတ်မြောက်အောင်ကူညီပေးနိုင်မလား”
အနားသို့ ချဉ်းကပ်လာရင်း ဓားအင်မော်တယ်ယွဲ့ဟွားက သူ၏ သိုလှောင်အိတ်ကို အလောတကြီး ဖြုတ်ယူလိုက်၏။
“ကျုပ်က ခင်ဗျားအတွက် ရက်ရက်ရောရောလက်ဆောင်တွေကို ဒီထဲမှာ ကြိုတင်ပြင်ဆင်ပေးထားပါတယ်… သခင်မလေးနန်းကြည် ကျေးဇူးပြုပြီး အဲဒါကို လက်ခံပေးပါ”
မုန့်ယောင်ကလည်း သူမ၏ သိုလှောင်အိတ်ကို အလောတကြီးကမ်းပေးလိုက်၏။
နန်းကြည်သည် ထိုအရာများကို လက်မခံဘဲ ပြုံးရုံသာပြုံးပြနေ၏။
“ရှင်တို့နှစ်ယောက်က ရှင်တို့ရဲ့ ဒဏ်ရာတွေ သက်သာပျောက်ကင်းသွားပြီဆိုရင် နောက်ပိုင်း ဘာလုပ်ဖို့ကြံရွယ်ထားလဲ”
ဓားအင်မော်တယ်ယွဲ့ဟွားနှင့် မုန့်ယောင်သည် ထိုစကားကို ကြားသောအခါ ကျေနပ်သဘောကျသွား၏။
နတ်ဘုရားသမီးတော်နန်းကြည်၏ လေသံအရ သူမသည် သူတို့ကို ကူညီပေးဖို့ စိတ်ကူးရှိနေသည့်ပုံပင်။
ဓားအင်မော်တယ်ယွဲ့ဟွားက အလောတကြီးဒူးထောက်ချပြီး နန်းကြည်ထံရိုသေလေးစားသော အမူအရာဖြင့် သူ၏ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။
“သခင်မလေးနန်းကြည်… ခင်ဗျားက ထာဝရပျက်သုဉ်းခြင်းကနေရလာတဲ့ ကျုပ်တို့ရဲ့ဒဏ်ရာတွေကို ကုသပေးလိုတယ်ဆိုရင် ကျုပ်တို့က နောက်နောင်ခင်ဗျားရဲ့အမိန့်ကို တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ နာခံလိုပါတယ်”
ဓားအင်မော်တယ်ယွဲ့ဟွားက မြေပြင်ပေါ်မှာ ဒူးထောက်ချနေသည်ကို မုန့်ယောင်တွေ့မြင်သောအခါ သူမကလည်း ဆက်လက်၍ ဒီတိုင်းမနေနိုင်တော့ပေ။ သူမ၏ မာန်မာနကို ခဝါချပြီး သူမကလည်း ဒူးထောက်ချလိုက်၏။
ဓားအင်မော်တယ်ယွဲ့ဟွားက ဆက်ပြောလိုက်၏။
“တကယ်တော့ ကျုပ်ရဲ့ ထိခိုက်ဒဏ်ရာတွေ ပြန်ကောင်းသွားမယ်ဆိုရင် ကျုပ်က ကောင်းကင်ဘုံကမ္ဘာကို ပြန်ပြီး ပထမဆုံးလုပ်မဲ့အရာက အဲဒီမိစ္ဆာကို လက်စားချေဖို့ပဲ”
သို့သော်လည်း ဓားအင်မော်တယ်ယွဲ့ဟွား၏ စိတ်ထဲမှာ အခြားသောအကြံအစည်များရှိနေ၏။
ယခုအချိန်မှာ သူသည် သရုပ်ဆောင်နေခြင်းမျှသာဖြစ်လေသည်။ သူ၏ ထိခိုက်ဒဏ်ရာများ သက်သာပျောက်ကင်းသွားမည်ဆိုလျှင် သူသည် ရှေ့သို့ နောက်ထပ်ခြေတစ်လှမ်းတိုးကာ ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ဖို့ အခွင့်အရေးရှိလေသည်။
ယနေ့ သူပြောခဲ့သည့်စကားကိုတော့ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပေလိမ့်မည်။
လက်စားချေဖို့လား။
နန်းကြည်၏ မျက်လုံးထဲတွင် မသိသာမထင်ရှားသော လှောင်ပြောင်သရော်လိုစိတ်က ဖျတ်ခနဲပေါ်ထွက်လာပြီးနောက် ပြောလိုက်၏။
“နင်တို့သူ့ကို နိုင်မှာလား”
“ကျုပ်…”
ဓားအင်မော်တယ်ယွဲ့ဟွားက သူ၏ ပါးစပ်ကို ဖွင့်ဟလိုက်ပြီးနောက် တည်ဆောက်သူသစ်ပင်အောက်မှာ သည်းမခံနိုင်လောက်အောင် မောက်မာခက်ထန်၍ ပြိုင်ဘက်ကင်းနေခဲ့သော ပုံရိပ်က သူ၏ စိတ်ထဲမှာ ပေါ်ထွက်လာ၏။ သူသည် သိပ်သည်းပြင်းထန်သောဖိအားကို နောက်တစ်ဖန်ခံစားလိုက်ရ၏။ အိပ်မက်ဆိုးတစ်ခုက သူ့ကို လွှမ်းခြုံလာပြီး သူက ရင်တလှပ်လှပ်ဖြစ်လာသည့်အလားပင်။
သူ့ပါးစပ်ကနေ ထွက်လာတော့မည့် စကားကြီးစကားကျယ်များက လောလောဆယ်မှာ ဆက်လက်၍ ထွက်ပေါ်မလာနိုင်တော့ပေ။
ဘေးမှာရှိသော မုန့်ယောင်၏ အမူအရာက အေးစက်လာပြီး သူမက ရုတ်တရက် ပြောလိုက်၏။
“ကျွန်မတို့က အခုချိန်မှာ အဲဒီမိစ္ဆာကို အနိုင်မယူနိုင်ဘူး… ဒါပေမဲ့… ကျွန်မတို့က သူ့ရဲ့တောင်ပံတွေကို အရင်ဆုံးရိုက်ချိုးရမယ်”
“အဲဒီမိစ္ဆာက ကောင်းကင်ဘုံကမ္ဘာရဲ့ မိစ္ဆာမဟာနယ်မြေမှာ ထျန်ဟွမ်းဂိုဏ်းကို တည်ထောင်ထားတယ်… အဲဒီဂိုဏ်းမှာ ရိုင်းစိုင်းယုတ်မာတဲ့ မိစ္ဆာကျင့်ကြံသူတွေနဲ့ ပြည့်နှက်နေတယ်… ကျွန်မက ထိခိုက်ဒဏ်ရာတွေကနေ သက်သာပျောက်ကင်းပြီး ကျွန်မရဲ့ တိုက်ခိုက်ရည်ခွန်အားကို ပြန်ရလာမယ်ဆိုရင် ကျွန်မက ထျန်ဟွမ်ဂိုဏ်းကို သေချာပေါက် ဖျက်ဆီးပစ်မယ်”
တကယ်တော့ မုန့်ယောင်လုပ်ချင်သည်မှာ ထိုထက်မကပိုလေသည်။
သူမသည် ထျန်ဟွမ်းဂိုဏ်းကို ဖျက်ဆီးပြီး ဒုံမင်းမိစ္ဆာကို သတ်ဖြတ်လိုသည်။
ဒုံမင်းမိစ္ဆာသည် သူမ၏ အတွင်းစိတ်နတ်ဆိုး ဖြစ်လာခဲ့လေပြီ။
ဒုံမင်းမိစ္ဆာကို သတ်ဖြတ်ခြင်းဖြင့်သာ သူမသည် ရှေ့သို့တက်လှမ်းမည့် အခွင့်အရေးကို ရလာပေလိမ့်မည်။
သူမသည် သူမ ပိုင်ဆိုင်ခဲ့သည့် အရာရာတိုင်းကို ပြန်လည်ရယူချင်သည်။
“ထျန်ဟွမ်ဂိုဏ်းကို ဖျက်ဆီးဖို့လား”
နန်းကြည်က မှင်သေသေဖြင့်ပြောလိုက်၏။
ဓားအင်မော်တယ်ယွဲ့ဟွားနှင့် မုန့်ယောင်သည် နန်းကြည်၏ လေသံကို ကြားရသောအခါ သူတို့သည် တစ်စုံတစ်ရာလွဲမှားနေသည်ကို ခံစားလာရ၏။ သူတို့မတုံ့ပြန်နိုင်ခင် နန်းကြည်က ပြောလိုက်၏။
“ရှင်တို့နှစ်ယောက်က စောစောတုန်းက တာအိုရောင်းရင်းဆူကျူးကို အရိုအသေပေးချင်နေတာမလား”
“ဟုတ်ပါတယ်”
ဓားအင်မော်တယ်ယွဲ့ဟွားနှင့် မုန့်ယောင်က အလောတကြီးခေါင်းညိတ်ပြလိုက်၏။
နန်းကြည်က ပြောလိုက်သည်။
“သူက အခုဒီကိုရောက်နေပြီ… သူက ရှင်တို့ရဲ့ နောက်တည့်တည့်မှာပဲ”
“အမ်”
ဓားအင်မော်တယ်ယွဲ့ဟွားနှင့် မုန့်ယောင်က တုန်လှုပ်သွားလေသည်။
သူတို့၏ မျက်ဝန်းထောင့်ကနေ သူတို့၏ နောက်ဘက် မလှမ်းမကမ်းမှာ ထိုင်နေသည့် ပုံရိပ်တစ်ခုကို တကယ်ပင် တွေ့မိသွားလေသည်။
ထိုလူက ခန်းမထဲသို့ ဘယ်အချိန်မှာ ရောက်လာခဲ့သလဲ သို့မဟုတ် ဤနေရာမှာ ဘယ်အချိန်ကတည်းက ထိုင်နေခဲ့သလဲ သူတို့သတိမထားမိခဲ့ပေ။
သူတို့နှစ်ယောက်က အံ့အားသင့်သလို ကျေနပ်သဘောကျသွား၏။
သူတို့က တစ်ဘက်သို့ ခပ်မြန်မြန်လှည့်ပြီး သူတို့၏ လက်များကို မြှောက်လိုက်၏။ သူတို့က ဦးညွှတ်တော့မည့် ဆဲဆဲမှာပင် သူတို့သည် ရုတ်တရက် နေရာမှာပင် မှင်တက်သွားပြီး သူတို့၏ မျက်လုံးများက ပြူးကျယ်လာ၏။
စောစောက အံ့အားသင့်မှုက ချက်ချင်းပင်ပျောက်ကွယ်သွားပြီး ထိုနေရာမှာ အဆုံးမဲ့ တုန်လှုပ်မှုက အစားထိုးဝင်ရောက်လာလေသည်။