← Chapters

မင်းတို့တွေ တကယ်ပဲ မလာခဲ့သင့်ဘူး

Vol. 190 Ch. 2849

မင်းတို့တွေ တကယ်ပဲ မလာခဲ့သင့်ဘူး

Vol. 190 Ch. 2849

ထိုလူက အနက်ရောင်ဆံပင်ရှိပြီး အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ကြော့ရှင်းသန့်ပြန့်သော သွင်ပြင်ရှိလေသည်။ သူသည် မော်တယ်လောကမှာ အားနည်းသော စာပေသမားတစ်ယောက်ကဲ့သို့ ထိုင်ခုံပေါ်မှာ ထိုင်နေပြီး သူတို့နှစ်ယောက်ကို ပြုံး၍ ကြည့်နေ၏။

“အာ…”

ဓားအင်မော်တယ်ယွဲ့ဟွားနှင့် မုန့်ယောင်သည် ထိုလူကို တွေ့မြင်သောအခါ တစ္ဆေသရဲတစ်ကောင်ကို တွေ့မြင်လိုက်ရသည့်အလား ပင့်သက်ကို ရှိုက်လိုက်ကြ၏။ သူတို့၏ ဆံပင်များက ထောင်ထလာပြီး သူတို့က ခေါင်းနားပန်းကြီးလာလေသည်။

“မင်း..မင်း… မင်းက…”

ဓားအင်မော်တယ်ယွဲ့ဟွား၏ အသံက အနည်းငယ်တုန်ယင်နေ၏။ သူ့မှာ ပြောချင်သောစကားများစွာရှိသော်လည်း စကားတစ်လုံးမှ ထွက်မလာနိုင်သည့်အလားပင်။

မုန့်ယောင်၏ မျက်နှာကလည်း ဖြူဖပ်ဖြူရော်ဖြစ်သွား၏။

ဘာတွေဖြစ်နေတာလဲ။

ဆူဇီမိုလား။

ဤလူသည် တက္ကသိုလ်ဂိုဏ်းချုပ်ကြောင့် ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်ရကာ သေဆုံးသွားခဲ့ပြီမလား။

ဆူဇီမိုနှင့် ဆူကျူးက အတူတူပဲလား။

အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

သူက ဓားကမ္ဘာက နဝမမြောက်တောင်ထွတ်၏ တောင်ထွတ်သခင် ဘယ်လိုလုပ်ဖြစ်လာတာလဲ။

သူက ဒီနေရာမှာ ဘာလို့ရှိနေတာလဲ။ သူနှင့် နတ်ဘုရားသမီးတော် နန်းကြည်၏ ဆက်ဆံရေးက ဘာဖြစ်မလဲ။

မုန့်ယောင်၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာက ချက်ချင်းပင် ပေါက်ခွဲထွက်ပေါ်လာ၏။

သူမ၏ စိတ်က ရှုပ်ထွေးနောက်ကျိနေပြီး သူမသည် မည်သည့်အရာကိုမှ နားမလည်နိုင်တော့ဟု ခံစားနေရ၏။

ဆူဇီမိုက ထိုနေရာမှာထိုင်နေစဉ် ဓားအင်မော်တယ်ယွဲ့ဟွားနှင့် မုန့်ယောင်က မြေပြင်ပေါ်မှာ ဒူးထောက်နေကြ၏။ ထိုကဲ့သို့ပင် သူတို့သုံးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြ၏။

ခန်းမတစ်ခုလုံးက ရုတ်တရက်တိတ်ဆိတ်ငြိမ်သက်သွား၏။

ရုတ်တရက် ဓားအင်မော်တယ်ယွဲ့ဟွားနှင့် မုန့်ယောင်သည် တစ်ခါက သူတို့စိတ်ရှိတိုင်း နင်းခြေသတ်ဖြတ်နိုင်ခဲ့သည့် ပုရွက်ဆိတ်က ဤမျှအတိုင်းအတာထိ ကြီးပြင်းလာခဲ့ပြီကို နားလည်သဘောပေါက်လိုက်သည်။

“မင်းတို့တွေ… တကယ်ပဲ မလာခဲ့သင့်ဘူး”

ဆူဇီမိုက ဖြည်းဖြည်းချင်းမတ်တတ်ထရပ်ပြီး သူတို့နှစ်ယောက်ကို တည်ငြိမ်စွာကြည့်ကာ ပြောလိုက်လေသည်။

နှစ်ဦးနှစ်ဖက်ကြား ရန်ငြိုးရန်စက အလွန်တရာ နက်ရှိုင်းနေပြီဖြစ်ပြီး သူတို့က မီးနှင့်ရေကဲ့သို့ဖြစ်သည်။ သူသည် တစ်ဘက်လူများနှင့် အလ္လာပသလ္လာပပြောဆိုနေဖို့ စိတ်ကူးမရှိဘဲ သူ၏ ပထမဆုံးစကားမှာပင် သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လိုက်၏။

ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာတုန်းက သူတို့နှစ်ယောက်သည် သူ့ကို အကြိမ်ပေါင်းများစွာသတ်ဖြတ်ဖို့ ကြံစည်ခဲ့ကြလေသည်။ နောက်ပိုင်းမှာ သိုင်းတာအိုပင်မခန္ဓာက သူတို့နှစ်ယောက်ကို ဒဏ်ရာအပြင်းအထန်ရရှိအောင် တိုက်ခိုက်ခဲ့သည်။

ဒါ့အပြင် သူတို့နှစ်ယောက်သည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ အကြောင်းကို သိရှိထားကြသည်။ ထိုသို့ဆိုလေ သူက သူတို့နှစ်ယောက်ကို အသက်ရှင်လျက် ထွက်ခွာခွင့်မပေးနိုင်လေပင်။

ဓားအင်မော်တယ်ယွဲ့ဟွားဖြစ်စေ၊ မုန့်ယောင်ဖြစ်စေ သူတို့က အငြိုးအတေးကြီးသော သူများဖြစ်ကြသည်။

စောစောက နန်းကြည်သည် သူတို့ဒဏ်ရာများ သက်သာပျောက်ကင်းပြီးနောက် ဘာလုပ်ဖို့ကြံနေသည်ကို မေးမြန်းခဲ့စဉ်က သူတို့နှစ်ယောက်သည် သူတို့၏ စိတ်ဆန္ဒများကို တကယ်ပင်ဖုံးကွယ်မထားခဲ့ပေ။

တကယ်ဆို မုန့်ယောင်သည် ထျန်ဟွမ်ဂိုဏ်းကို တိုက်ခိုက်ချင်သည်ဟုပင် ထုတ်ဖော်ကြေညာခဲ့လေသည်။

ဆူဇီမိုက သူတို့နှစ်ယောက်ကို ထပ်မံ၍ အခွင့်အရေးပေးတော့မည်မဟုတ်ပေ။

“မင်းက ဆူကျူးလား”

ဓားအင်မော်တယ်ယွဲ့ဟွားက ဝုန်းခနဲမတ်တတ်ထရပ်ပြီး သူ၏ အမူအရာက အဆက်မပြတ်ပြောင်းလဲသွားသည်။ သူက ဆူဇီမိုကို မမှိတ်မသုန် စိုက်ကြည့်နေပြီး အံကို တင်းတင်းကြိတ်ထားသည်။

ဆူဇီမိုသည် နဝမမြောက်တောင်ထွတ်၏ တောင်ထွတ်သခင် ဘယ်လိုဖြစ်လာခဲ့သလဲ သူက စဉ်းစားမကြည့်နိုင်ပေ။

ဆူဇီမိုသေဆုံးခဲ့စဉ်က သူသည် ပကတိဧကနယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်သည်ဟု ဆိုကြလေသည်။

အဲဒါက နှစ်ဘယ်လောက်များများကြာသေးလို့လဲ။

သို့သော်လည်း ဆူဇီမိုသည် ဗလာနယ်ဝိညာဉ်နယ်ပယ်ထိ ရောက်ရှိနေခဲ့ပြီလား။

ဓားအင်မော်တယ်ယွဲ့ဟွားသည် ဓားကမ္ဘာ၏ ဗလာနယ်ဝိညာဉ်နယ်ပယ် တောင်ထွတ်သခင်နှင့် ဆူဇီမိုကဲ့သို့ သေလူတစ်ယောက်ကို ဘယ်လိုမှာ ဆက်စပ်ကြည့်မိခဲ့လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုက သူတို့နှစ်ယောက်ရှိရာသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းလာ၏။

“မင်း… မင်း ဘာလုပ်မလို့လဲ”

ဓားအင်မော်တယ်ယွဲ့ဟွားသည် အနားသို့ ချဉ်းကပ်လာနေသော ဆူဇီမိုကို ကြည့်နေ၏။

သူက ရင်ထဲမှာ တုန်ယင်လာပြီး ပြင်းထန်ကြမ်းတမ်းစွာ အော်ပြောလိုက်၏။

“ဒါက… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာပဲ… မင်းက ကိုယ့်သဘောနဲ့ကိုယ် တိုက်ခိုက်လို့မရဘူး”

“ဒါက သီးသန့်ဂေဟာတစ်ခုလေ”

ဆူဇီမိုက မှင်သေသေဖြင့်ပြောလိုက်၏။

“ဒီနေရာမှာ လူတွေက သတ်ဖြတ်ခံရမယ်ဆိုရင်တောင်မှ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ စည်းမျဉ်းစည်းကမ်းက အကျုံးမဝင်တော့ဘူး”

အသက်ရှူချိန်အနည်းငယ်မျှနှင့် ဓားအင်မော်တယ်ယွဲ့ဟွားသည် ချွေးများစိုရွှဲလာခဲ့ပြီဖြစ်သည်။

ထိုစကားကိုကြားသောအခါ သူ၏ ခြေနှစ်ဖက်က ကြောက်ရွံ့စွာဖြင့် ပျော့ခွေလာခဲ့သည်။ အတိတ်ကာလတုန်းက သူသာဆိုလျှင် သူက ဤကဲ့သို့သော အခြေအနေထိ လျှော့ကျသွားလိမ့်မည် မဟုတ်ပေ။ သို့သော် ယခု သူသည် ထာဝရပျက်သုဉ်းခြင်းဖြင့် နှစ်ပေါင်းများစွာကြာအောင် ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီးနောက် သူ၏ ထိခိုက်ဒဏ်ရာများသည် သက်သာပျောက်ကင်းလာခြင်း မရှိသေးပေ။

ဒါ့အပြင် သူသည် လက်တစ်ဖက်ကို ဆုံးရှုံးထားရသည်။ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးကိုပင် သတ်ဖြတ်ခဲ့သည့် ရက်စက်ကြမ်းတမ်းသောလူ သို့မဟုတ် ဓားကမ္ဘာမှ နဝမမြောက်တောင်ထွတ်၏ တောင်ထွတ်သခင်လည်းဖြစ်သော ဆူဇီမိုနှင့် ရင်ဆိုင်ရချိန်မှာ သူသည် လိပ်ပြာလွင့်မတတ်ကြောက်လန့်လာခဲ့ပြီဖြစ်သည်။

“ဆူဇီမို… ဂျူနီယာညီဆူ… ညီကိုဆူ…”

ဓားအင်မော်တယ်ယွဲ့ဟွားက သူ၏ ခေါ်ဝေါ်ပုံကို သုံးကြိမ်ဆက်တိုက်ပြောင်းလဲလိုက်ပြီး သူက အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်ဖို့ ကြိုးစားလိုက်၏။

“အရင်တုန်းက ငါတို့ရဲ့ ရန်ငြိုးရန်စတွေက တကယ်ပဲ နားလည်မှုလွဲခဲ့တာပါကွာ.. ငါက…”

သူက မည်သည့်စကားကိုမှ မကြားရသည့်အလား ဆူဇီမိုက ရှေ့သို့ဆက်လျှောက်လာပြီး သူတို့နှစ်ယောက်နှင့် နီးကပ်သည်ထက်နီးကပ်လာ၏။

သူ၏ ခြေသံများက မတိုးလွန်းမကျယ်လွန်းပေ။

သို့သော်လည်း ထိုခြေသံသည် ဓားအင်မော်တယ်ယွဲ့ဟွား၏ နားထဲသို့ ဝင်ရောက်လာသောအခါ သူတို့သည် တမလွန်ဘုံမှ သေမင်းခေါ်သံကဲ့သို့ ထွက်ပေါ်လာ၏။

“သခင်မလေးနန်းကြည်… ကျေးဇူးပြုပြီး လုပ်ပါဦး”

ဓားအင်မော်တယ်ယွဲ့ဟွားက လှုပ်ရှားယိမ်းယိုင်မှုမရှိသော ဆူဇီမိုကို တွေ့မြင်သောအခါ သူက ထိတ်လန့်တကြားဖြင့် နန်းကြည်ဘက်ကို လှည့်ပြီး ဗလုံးဗထွေးဖြင့် ပြောလိုက်၏။

“ဒါ..ဒါက နတ်ဘုရားမျိုးနွယ်ရဲ့ ဂေဟာပဲ… သူက ဓားကမ္ဘာကလေ… အာ မဟုတ်သေးဘူး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ သူက တစ်ယောက်ယောက်ကို သတ်လို့မရဘူးလေ”

နန်းကြည်က အေးစက်နေသော အမူအရာဖြင့် ဓားအင်မော်တယ်ယွဲ့ဟွားကို ငုံ့ကြည့်လိုက်၏။

“ငါလည်း နင်တို့ကို ပြောဖို့မေ့နေတာတစ်ခုရှိတယ်… ငါကလည်း အောက်ဘုံလောကရဲ့ ထျန်ဟွမ်ကုန်းမြေတိုက်က လာတာပဲ… ငါက သခင်လေးနောက်ကို နှစ်ပေါင်းများစွာကြာအောင် လိုက်ခဲ့ဖူးတယ်… ငါက သူ့ကို ငါ့အတွက် အရေးကြီးဆုံး ဆွေမျိုးလို့ သတ်မှတ်ထားတာ”

“နင်တို့တွေက သူ့ကို ဆန့်ကျင်တယ်ဆိုရင် နင်တို့က ငါ့ကို ဆန့်ကျင်လိုက်တာပဲ”

ထိုစကားလုံးများသည် ဓားအင်မော်တယ်ယွဲ့ဟွား၏ နောက်ဆုံးမျှော်လင့်ချက်ကို ငြှိမ်းသတ်လိုက်ခြင်းနှင့်တူလေသည်။

အစကတော့ မုန့်ယောင်သည် သူမ၏ ခေါင်းကို ငုံ့ထားပြီး နှုတ်ဆိတ်နေ၏။ သူမသည် သူမ၏ ကံကြမ္မာကို လက်ခံသွားသည့်အလားပင်။ သို့သော်လည်း နန်းကြည်၏ စကားကိုကြားသောအခါ သူမ၏ ငုံ့ထားသောမျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်က ဖျတ်ခနဲပေါ်ထွက်လာ၏။

မုန့်ယောင်က တစ်ဘက်သို့ ချာခနဲလှည့်လိုက်သည်။ သူမက တုန်လှုပ်ကောင်းသော အလျင်အဟုန်နှင့်အတူ သူမ၏ နောက်ဘက် ထိုင်ခုံမြင့်မှာ ထိုင်နေသည့် နန်းကြည်ထံသို့ ခုန်အုပ်လိုက်လေသည်။

သူတို့နှစ်ယောက်သည် အောက်ဘုံလောကမှာ နှစ်ပေါင်းများစွာ အဖော်ပြုလာခဲ့သည်ဆိုမှတော့ နန်းကြည်ကလည်း ဆူဇီမိုအတွက် အလွန်တရာ အရေးပါသည်ဟု ဆိုလိုလေသည်။ ဆူဇီမိုသည် ဗလာနယ်ဝိညာဉ်နယ်ပယ်မှာသာ ရှိသော်လည်း သူသည် မည်သို့ပင်ဆိုစေ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးကို သတ်ဖြတ်ခဲ့ဖူးပြီး မုန့်ယောင်အနေဖြင့် ယခုအချိန်မှာ သူနှင့် မတိုက်ခိုက်ဝံ့ပေ။

သို့သော်လည်း သူမ၏ နောက်ဘက်မှာရှိသော နတ်ဘုရားသမီးတော် နန်းကြည်က ပကတိဧကနယ်ပယ်သို့ ဝင်ရောက်ထားခါစဖြစ်၏။

သူမသည် နန်းကြည်ကို ချက်ချင်းဖမ်းချုပ်နိုင်သည်နှင့်အမျှ ဆူဇီမိုက သူမကို စိုးရိမ်းပူပန်လာရပေလိမ့်မည်။

ဤသည်ကသာ သူမအတွက် အသက်ရှင်ဖို့ တစ်ခုတည်းသော အခွင့်အရေးတစ်ခုဖြစ်ပေလိမ့်မည်။

သူမသည် မသေဆုံးလိုသလို မရှုံးနိမ့်ချင်ပေ။ အနည်းဆုံးတော့ သူမသည် တစ်ခါက ပုရွက်ဆိတ်တစ်ဦးအဖြစ် သူမသတ်မှတ်ထားခဲ့သော ဆူဇီမိုကို မရှုံးနိမ့်ချင်ပေ။

မုန့်ယောင်၏ လှုပ်ရှားမှုနည်းစနစ်က အရမ်းကိုမြန်ဆန်သည်။

ဤတစ်ခေါက်မှာ သူမသည် သူမ၏ ခွန်အားကုန်နီးပါးကို ထုတ်ဖော်လိုက်သည်။ သို့သော်လည်း သူမ၏ လှုပ်ရှားမှုနည်းစနစ်က ဘယ်လောက်ပင်မြန်ဆန်သည်ဖြစ်စေ အဲဒါသည် ကျောက်စိမ်းရောင်ဓားအလင်းလောက် မမြန်ဆန်ပေ။

ကျောက်စိမ်းရောင်ဓားအလင်းတစ်ခုက ဖျတ်ခနဲလက်ပြီး မုန့်ယောင်၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းဝင်ရောက်သွား၏။

ဖောက်...

သွေးစီးကြောင်းတစ်ခုက ပန်းထွက်လာပြီး ဓားအလင်းတန်းက သူမ၏ ရင်ဘတ်ကို ချက်ချင်းပင် ထိုးဖောက်သွားလေသည်။

မုန့်ယောင်၏ ခန္ဓာကိုယ်က ယိမ်းထိုးသွား၏။ သူမက မလှမ်းမကမ်းမှာရှိသော နတ်ဘုရားသမီးတော်နန်းကြည်ကိုကြည့်ရင်း သူမ၏ ခန္ဓာကိုယ်ထဲမှာ မည်သည့်ခွန်အားကိုမှ မစုစည်းနိုင်တော့ပေ။

သူမ၏ သွေးချီက လျင်မြန်စွာ လျော့ကျလာသည်။

သူမရင်ဘတ်ပေါ်ရှိ ဓားအလင်းက သေလောက်အောင်မဟုတ်ပေ။

သို့သော်လည်း ဓားအလင်းမှာ ပါဝင်သည့် ကြောက်စရာကောင်းသည့် ဓားစိတ်ဆန္ဒက သူမ၏ ခန္ဓာကိုယ်ထဲမှာ ပေါက်ကွဲထွက်ပေါ်လာသည်။

စိတ်ပျက်ဖွယ်ရာကောင်းသော သေခြင်းအော်ရာက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးထဲမှာ ချက်ချင်းပင်ပျံ့နှံ့လာခဲ့သည်။

သူမသည် ငေးငိုင်စွာဖြင့် ဂူသင်္ချိုင်းတစ်ခုထဲမှာ မြှုပ်နှံခံနေရသည့်အလား ခံစားလိုက်ရသည်။ သူမ၏ အသက်ဓာတ်အားက လျင်မြန်စွာလျော့ကျလာပြီး သူမ၏ မျက်လုံးများက စိတ်ပျက်အားငယ်မှုနှင့် မကျေမချမ်းမှုဖြင့် ပြည့်နှက်နေ၏။

မုန့်ယောင်သည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ မြေပြင်ပေါ်ကို ပျော့ခွေစွာလဲကျသွားသည်။

ဘန်း…

မုန့်ယောင်၏ နားထဲမှာ ခပ်ထိုင်းထိုင်းအသံတစ်သံကို ကြားလိုက်ရလေသည်။

ထို့နောက်ချက်ချင်းပင် ဓားအင်မော်တယ်ယွဲ့ဟွား၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပစ်လဲကျသွားပြီး အကြိမ်ရေအနည်းငယ်လူးလှိမ့်ကာ သူမဘေးသို့ ရောက်ရှိလာခဲ့သည်။

နောက်ခဏ၌ သေမင်းခေါ်သံနှင့်တူသော ထိုခြေသံများက တစ်ဖန်ထွက်ပေါ်လာ၏။

သိပ်မကြာခင် ရင်းနှီးနေကျပုံရိပ်နှင့် မျက်နှာက သူတို့နှစ်ယောက်၏ ရှေ့သို့ ရောက်ရှိလာပြီး ခွေးသေကောင်များကဲ့သို့ မြေပြင်ပေါ်မှာ လဲကျနေသောသူတို့ကို ငုံ့ကြည့်နေ၏။

“ငါ မကျေနပ်ဘူး”

မုန့်ယောင်၏ မျက်နှာပေါ်ရှိ မျက်နှာဖုံးက ဓားချီကြောင့် စုတ်ပြဲသွားခဲ့ပြီဖြစ်ပြီး သူမ၏ ကြောက်စရာကောင်းသော မျက်နှာက ပေါ်ထွက်လာကာ ဆူဇီမိုကို မုန်းတီးစွာဖြင့် စိမ်းစိမ်းဝါးဝါးစိုက်ကြည့်နေ၏။

သူမသည် သူမကိုယ်သူမ အလွန်အမင်းအားတင်းထားရသောကြောင့် သူမ၏ မျက်နှာပေါ်ရှိ ဒဏ်ရာများက အနည်းငယ်နီရဲလာ၏။

သူမက မျက်မှောင်ကြုတ်ထားသည့်အခါ သူမကို ပို၍ ရုပ်ဆိုးအကျည်းတန်လာစေလေသည်။

“နင်က ဘာကိုမကျေနပ်တာလဲ”

ဆူဇီမို၏ လေသံက တည်ငြိမ်နေ၏။

“ငါက အထီးကျန်သိုင်းသခင်ကြောင့် ထိခိုက်ဒဏ်ရာမရခဲ့ရင် နင်က ဒီနေ့တိုက်ပွဲမှာ ငါ့ကို အခုလို အနိုင်ရမှာမဟုတ်ဘူး”

မုန့်ယောင်က အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်သည်။

“ဆူဇီမိုသိပ်ပြီးအူမြူးအားရမနေနဲ့… ငါက အထီးကျန်သိုင်းသခင်ကို ရှုံးနိမ့်ခဲ့ရတာ ငါက နင့်ကို ရှုံးနိမ့်ခဲ့တာမဟုတ်ဘူး… ငါက ဒုံမင်းအင်မော်တယ်ပဲ.. ငါက နင့်လိုမျိုး နိမ့်ကျသက်ရှိကို ဘယ်လိုလုပ်ရှုံးနိမ့်ပါ့မလဲ”

“ဒါဆို… အထီးကျန်သိုင်းသခင်က ဘယ်သူဖြစ်မယ်လို့ နင်ထင်လဲ”

ဆူဇီမိုက မှင်သေသေဖြင့် မေးလိုက်၏။

မုန့်ယောင်က ခဏမျှမှင်တက်သွားပြီး ဆူဇီမို၏ စကားအဓိပ္ပါယ်ကို နားမလည်နိုင်ပေ။ နောက်ခဏ၌ ဆူဇီမို၏ မျက်လုံးထဲတွင် ခရမ်းရောင်မီးတောက်နှစ်ခုက ဖြည်းဖြည်းချင်းပေါ်ထွက်လာ၏။

သူမက ငေးငိုင်နေပြီး လောကကို အထက်စီးကကြည့်နေသည့် ပြိုင်ဘက်ကင်း ခရမ်းရောင်ဝတ်အမျိုးသားသည် သူမရှေ့မှ ကြော့ရှင်းသန့်ပြန့်သော သွင်ပြင်နှင့် စာပေသမားနှင့်အတူ တဖြည်းဖြည်းပေါင်းစည်းသွားလေသည်။

All Chapters