အငှားဓားဖြင့် လူသတ်လိုခြင်း
Vol. 190 Ch. 2850
“အဲဒါ သူပဲ… အဲဒါ တကယ် သူပဲ”
“အထီးကျန်သိုင်းသခင်”
“အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
မုန့်ယောင်၏ မျက်လုံးထဲတွင် ပုံရိပ်များစွာက တဖျပ်ဖျပ်ပေါ်ထွက်လာ၏။ သူမသည် နဂါးအသူတရာချေက်နက်ကြယ်မှာတုန်း ဆူဇီမိုနှင့် ပထမဆုံးတွေ့ဆုံခဲ့သည့်အချိန်ကို ပြန်လည်ရောက်ရှိသွားသည့်အလားပင်။
ထိုအချိန်တုန်းက ဆူဇီမိုသည် သူမ အလွယ်တကူ နင်းခြေသတ်ဖြတ်နိုင်သည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ဖြစ်ခဲ့သည်။
သူမသည် ဤပုရွက်ဆိတ်အပေါ် နက်ရှိုင်းသော ထင်မြင်ချက်ပင် မရှိခဲ့ပေ။
နှစ်ပေါင်းများစွာ ကြာပြီးနောက် အားနည်းသော ထိုပုရွက်ဆိတ်က သူမ မော်ကြည့်ရုံသာ တတ်နိုင်သည့် ဤမျှအတိုင်းအတာအထိ ကြီးပြင်းလာလိမ့်မည်ဟု သူမက ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ပေ။
နဂါးအသူတရာချေက်နက်ကြယ်မှာ…
ဆူဇီမို၊ ဓားအင်မော်တယ်ယွဲ့ဟွားနှင့် မုန့်ယောင်တို့က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။
ယခု သူတို့သုံးယောက်က တစ်ဖန်ပြန်လည်ဆုံတွေ့နေရလေသည်။
အရာရာတိုင်းသည် သံသရာစက်ဝန်းတစ်ခုကဲ့သို့ဖြစ်သည်။
ဤအခိုက်အတန့်မှာ သူတို့သုံးယောက်ကြား အငြိုးအတေးများက နောက်ဆုံးမှာ အဆုံးသတ်သွားပေတော့မည်။
ထိုစဉ်မှာပင် ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားပြီး တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ဘေးသို့တစ်ချက်ကြည့်လိုက်၏။
“ရပ်လိုက်စမ်း”
ခန်းမ၏ အပြင်ဘက်ကနေ တင်းမာခက်ထန်သော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။
ဓားအင်မော်တယ်ယွဲ့ဟွား၏ အရိုးများသည် ဆူဇီမို၏ ရိုက်နှက်မှုကြောင့် ကျိုးကြေပြီး သူ၏ သွေးချီက လျော့ကျကာ သူ၏ အသက်ဓာတ်အားက ယဲ့ယဲ့သာ ကျန်ရှိတော့လေသည်။
ထိုအသံကို ကြားသောအခါ သူ၏ မျက်လုံးထဲကနေ အသက်ဓာတ်အားတစ်ခုက နောက်တစ်ဖန် ပစ်လွင့်ထွက်ပေါ်လာပြီး သူက သူ၏ အစွမ်းကုန်ရှိသမျှဖြင့် အော်ပြောလိုက်၏။
“ကယ်ကြပါဦး”
ဆူဇီမို၏ အမူအရာက မှင်သေသေဖြင့် ရှိနေပြီး လှုပ်ရှားယိမ်းသွားခြင်း မရှိဘဲ သူ၏ လက်ချောင်းကို ညင်သာစွာ ခတ်ထုတ်လိုက်၏။
မနှိုင်းယှဉ်နိုင်အောင် ထက်ရှသော ဓားချီနှစ်ခုက ဓားအင်မော်တယ်ယွဲ့ဟွားနှင့် မုန့်ယောင်၏ နှာရောင်များထဲသို့ ချက်ချင်းပင် ဝင်ရောက်ပြီး သူတို့၏ အမြုတေဝိညာဉ်များကို ထိုးဖောက်လိုက်သည်။
ထို့နောက် ချက်ချင်းပင် ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ဧရာမဓားတစ်လက်ကို ကိုင်စွဲထားသည့် အမျိုးသားတစ်ဦးက ခန်းမထဲသို့ ဝင်ရောက်လာ၏။ သူက ယခုတင် ဆူဇီမို၏ သတ်ဖြတ်ခြင်းခံလိုက်ရသော ဓားအင်မော်တယ်ယွဲ့ဟွားနှင့် မုန့်ယောင်ကို သုန်မှုန်နေသော အမူအရာဖြင့် ကြည့်လိုက်၏။
နန်းကြည်က တည်တံ့သော အမူအရာဖြင့် မျက်မှောင်ကြုတ်ပြီး ဆူဇီမိုထံ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို အလောတကြီး ပို့လွှတ်ပေးလိုက်၏။
“အဲဒါ နတ်ဘုရားသားတော် မင်ဟွေ့ပဲ”
“မင်းက နတ်ဘုရားမျိုးနွယ်ရဲ့ ပိုင်နက်နယ်မြေထဲမှာ ဘယ်လိုတောင် သတ်ဖြတ်ရဲရတာလဲ”
နတ်ဘုရားသားတော်မင်ဟွေ့က ဆူဇီမိုကို စိုက်ကြည့်ပြီး သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာကာ ကျိန်းစပ်နေသော ရွှေရောင်အလင်းတစ်ခုကို ထုတ်ဖော်လိုက်၏။ သူက ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ သူ၏ လက်ထဲရှိ ဧရာမဓားကို ကိုင်မြှောက်လိုက်၏။
“မင်ဟွေ့… ဒါက နားလည်မှုလွဲနေတာပဲ”
နန်းကြည်က ဖျတ်ခနဲဆို ဆူဇီမို၏ ရှေ့သို့ အလောတကြီးရောက်ရှိလာပြီး သူမ၏ လက်နှစ်ဖက်ကိုဖြန့်ကာ နတ်ဘုရားသားတော်မင်ဟွေ့ကို ရင်ဆိုင်လိုက်၏။
“ကောင်းကင်ဘုံကမ္ဘာက သူတို့နှစ်ယောက်က အရိုအသေပေးဖို့ဆိုပြီး ရောက်လာခဲ့ကြတာပဲ… ဒါပေမဲ့ သူတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိနေတယ်… သူတို့က ကျွန်မကို တိုက်ခိုက်လိုခဲ့တယ်… ကျွန်မကို ကယ်တင်ခဲ့တဲ့သူက တာအိုရောင်းရင်း ဆူကျူးပဲ”
ထိုစကားလုံးများကို တမင်သက်သက် ဖန်တီးကာ ပြောဆိုနေခြင်း မဟုတ်ပေ။ မုန့်ယောင်သည် စောစောက ဆူဇီမိုကို ခြိမ်းခြောက်ဖို့အတွက် နန်းကြည်ကို တကယ်ပင် ဓားစာခံလုပ်လိုခဲ့သည်။
“ဪ… ဟုတ်လား”
နတ်ဘုရားသားတော်မင်ဟွေ့သည် သူ့လက်ထဲရှိ ဧရာမဓားကို ယခုအချိန်ထိ ပြန်မချသေးဘဲ ဆူဇီမိုကို အဝေးကနေ လက်ညှိုးထိုးလိုက်၏။ သူ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က ပျက်ပြယ်မသွားသေးဘဲ မေးလိုက်၏။
“စောစောက မင်းကို ရပ်လိုက်လို့ ငါပြောတာကို မင်းဘာလို့ နားမထောင်တာလဲ”
“မင်းက ဘယ်သူမလို့လဲ”
ဆူဇီမိုက မှင်သေသေဖြင့် မေးလိုက်၏။
နတ်ဘုရားသားတော်မင်ဟွေ့၏ အမူအရာက အေးစက်လာပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်၏။
“ဆူကျူး… အခုအချိန်မှာ ငါမင်းကို ပိုင်းဖြတ်ပစ်နိုင်တယ်လို့ပြောရင် မင်းယုံလား”
“မင်းလုပ်နိုင်မယ်ထင်ရင် ကြိုးစားကြည့်လေ”
ဆူဇီမို၏ လေသံက တည်ငြိမ်နေဆဲဖြစ်၏။ သို့သော်လည်း သူ၏ စကားလုံးများမှာ တူညီသော ကြမ်းကြုတ်ခက်ထန်မှု ပါဝင်နေပြီး လုံးဝ အလျှော့ပေးခြင်း မရှိပေ။
စောစောက နတ်ဘုရားသားတော်မင်ဟွေ့သည် အပြင်ဘက်မှာ အန္တိမပကတိစိတ်ဝိညာဉ်တချို့နှင့် ကြုံတွေ့ခဲ့လေသည်။ နန်းကြည်သည် ကောင်းကင်ဘုံကမ္ဘာမှ မိတ်ဆွေဟောင်းတစ်ဦးနှင့် တွေ့ဆုံပြီး သူနှင့် အရမ်းကို ရင်းနှီးကျွမ်းဝင်မှုရှိသည်ဟု သူကြားသိရသောအခါ သူက အသည်းအသန် ပြန်လာခဲ့သည်။
ထို့ကြောင့် ဓားအင်မော်တယ်ယွဲ့ဟွားနှင့် မုန့်ယောင်၏ ပေါ်ထွက်လာမှု မရှိလျှင်တောင် သူက ဆူဇီမိုအပေါ် အလွန်တရာရန်လိုနေခဲ့ပြီဖြစ်သည်။
သူသည် နန်းကြည်ကို သူ့အပိုင်အဖြစ် သတ်မှတ်ထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
နန်းကြည်ဘေးမှာ ပေါ်ထွက်လာသော မည်သည့် ဆန့်ကျင်ဘက်လိင်မဆို သူ့ကို စိုးရိမ်ပူပန်စွာ ခံစားရစေပေလိမ့်မည်။
ဆူဇီမိုသည် နတ်ဘုရားသားတော်မင်ဟွေ့၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ပေ။
သူသည် ကျင့်ကြံမှုနယ်ပယ်တူမှာ မည်သူ့ကိုမှ ဂရုမစိုက်ပေ။
ဤနေရာက နတ်ဘုရားမျိုးနွယ်၏ သီးသန့်ဂေဟာ ဖြစ်လေသည်။ နတ်ဘုရားမျိုးနွယ်မှ ဘုရင်ပညာရှင်များက နောက်ဆုံးတိုက်ခိုက်လာမည်ဆိုလျှင်တောင် ဆူဇီမိုက မထိမခိုက် လွတ်မြောက်နိုင်သည်ဟု ယုံကြည်မှုရှိနေသည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ကောင်းကင်လိုဏ်ဂူများကို မထုတ်ဖော်နိုင်ပေ။
ကောင်းကင်လိုဏ်ဂူများ၏ ကန့်သတ်စွမ်းအားမရှိဘဲ နတ်ဘုရားဘုရင်များပင် သူ့ကို ဤနေရာမှာ ချုပ်နှောင်ထားနိုင်မည် မဟုတ်ပေ။
“မင်ဟွေ့… တာအိုရောင်းရင်းဆူကျူးကို ဒီကိစ္စမှာ အပြစ်တင်လို့ မရဘူး”
နန်းကြည်က နတ်ဘုရားသားတော်မင်ဟွေ့ကို ကြည့်ပြီး စကားကို တစ်လုံးချင်းဖိပြောလိုက်၏။
နတ်ဘုရားသားတော်မင်ဟွေ့က နှုတ်ဆိတ်နေပြီး ဆူဇီမိုကို မမှိတ်မသုန်စိုက်ကြည့်နေ၏။
နန်းကြည်က ဆူဇီမိုကို ကာကွယ်ပေးလေလေ… သူ၏ ရင်ထဲရှိ သတ်ဖြတ်လိုစိတ်က ပိုမိုအားကောင်းလာလေဖြစ်သည်။
ခဏမျှ လွန်ဆွဲပြီးနောက် နတ်ဘုရားသားတော်မင်ဟွေ့က သူ၏ ဧရာမဓားကို ရုတ်သိမ်းကာ ရယ်မောလိုက်၏။
“လျှောက်ရမယ့်လမ်းက အရှည်ကြီးကျန်ပါသေးတယ်… အနာဂတ်မှာ ငါက မင်းရဲ့ဓားတာအိုကို တွေ့ကြုံခံစားချင်သေးတယ်”
ထိုသို့ပြောရင်း နတ်ဘုရားသားတော်မင်ဟွေ့က မည်သည့်စကားမှ ထပ်မဆိုတော့ဘဲ လှည့်ထွက်သွားလေသည်။
“နန်းကြည်… ငါပြန်နှင့်တော့မယ်”
သူတို့နှစ်ယောက်က အတန်ကြာအောင် စကားပြောဆိုခဲ့ကြပြီးဖြစ်သည်။ ဤမတော်တဆဖြစ်ရပ်အပြီးမှာ ဆူဇီမိုသည် နတ်ဘုရားမျိုးနွယ်၏ ဂေဟာတွင် ဆက်လက်၍ မနေလိုတော့ပေ။
“ကျွန်မ လိုက်ပို့ပေးမယ်”
နန်းကြည်က ဆူဇီမိုကို နတ်ဘုရားမျိုးနွယ်၏ ဂေဟာအပြင်ဘက်သို့ လိုက်ပါပို့ဆောင်ပေးပြီး သတိပေးလိုက်၏။
“သခင်လေး… ရှင် မင်ဟွေ့ကို သတိထားရမယ်… ဒီလူက စိတ်သဘောထား ကျဉ်းမြောင်းတယ်… သူက ဒီနေ့ရှင့်ကို အခက်တွေ့အောင် ဆက်မလုပ်ပေမဲ့ သူက တစ်ခုခုကို ကြံစည်နေလောက်မယ်”
“ရပါတယ်”
ဆူဇီမိုက ပြုံးပြလိုက်၏။
“သူဘာပဲကြံစည်ကြံစည်… ငါ အဲဒါကို လက်ခံပေးလိုက်မယ်”
အခြားတစ်ဖက်မှာ….
နတ်ဘုရားသားတော်မင်ဟွေ့က ခန်းမထဲကနေ ထွက်ခွာလာခဲ့ပြီးနောက် သူက သူ၏ အပြုံးကို ရုတ်သိမ်းကာ သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်းထား၏။ သူ၏ အမူအရာက မကောင်းဆိုးဝါးဆန်လာပြီး သူက ဘာကိုကြံနေသည်ကို မသိရပေ။
“အရှင်မင်ဟွေ့”
သူ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့သော အစေခံတစ်ဦးက ဖျတ်ခနဲထွက်လာပြီး နတ်ဘုရားသားတော်မင်ဟွေ့၏ စိတ်ကို ဖတ်မိနိုင်ပုံရလေသည်။ သူက အသံနှိမ့်၍ မေးလိုက်၏။
“ခင်ဗျား စောစောက ဆူကျူးကို ဘာလို့မသတ်ခဲ့တာလဲ”
နတ်ဘုရားသားတော်မင်ဟွေ့က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“အင်း… သူက နောက်ဆုံးတော့ အသက်ခံရဦးမှာပါ”
“ဒါပေမဲ့ အခုက သူ့ကိုသတ်ဖို့ အကောင်းဆုံးအချိန်မဟုတ်သေးဘူး”
“အဲဒီလူက ဘာပဲပြောပြော ဓားကမ္ဘာက နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်ပဲ… သူက နတ်ဘုရားမျိုးနွယ်ရဲ့ သီးသန့်ဂေဟာထဲမှာ သေဆုံးသွားမယ်ဆိုရင် သူက မျှတတဲ့တိုက်ပွဲတစ်ခုမှာ ငါ့ရဲ့သတ်ဖြတ်ခြင်းခံရမယ်ဆိုရင်တောင် လူတွေက အတင်းအဖျင်းပြောကြလိမ့်မယ်”
“နောက်ပြီး နန်းကြည်က အဲဒီနေရာမှာ ရှိနေတယ်… ငါက ဆူကျူးကို တိုက်ခိုက်မယ်ဆိုရင် နန်းကြည်က ငါတို့ကို သေချာပေါက် တားဆီးလာလိမ့်မယ်… နောက်ဆုံးမှာ ငါတို့က ဒီကိစ္စကို မပြီးမပြတ်ဘဲ ချန်ထားရဦးမှာပဲ”
အစေခံက အလေးအနက် စဉ်းစားတွေးတောနေပုံရ၏။
“အရှင်… ခင်ဗျားက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကျမှာ သူ့ကိုတိုက်ခိုက်မယ်လို့ ဆိုလိုတာလား”
“အင်း”
နတ်ဘုရားသားတော်မင်ဟွေ့က ပြောလိုက်၏။
“နန်းကြည်က ဒီတစ်ခေါက် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်ရောက်မှာ မဟုတ်ဘူး… ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဘာတွေပဲဖြစ်လာဖြစ်လာ… အပြင်လူတွေက ကြားဝင်မစွက်ဖက်နိုင်ဘူး”
“နောက်ပြီး ငါက လူတိုင်းရဲ့ရှေ့မှာ သူ့ကို ပေါ်ပေါ်ထင်ထင်သတ်ဖြတ်မယ်ဆိုရင် ဓားကမ္ဘာက အရှုံးကို ဝန်ခံရလိမ့်မယ်… ဓားတာအိုမှာ ကျွမ်းကျင်ပိုင်နိုင်မှုမရှိဘဲ ကိုယ်စွမ်းကိုယ်စ ညံ့ဖျင်းတာက ဆူကျူးရဲ့အမှားပဲ ဖြစ်လာလိမ့်မယ်”
ခဏမျှ ရပ်တန့်ပြီးနောက် နတ်ဘုရားသားတော်မင်ဟွေ့၏ မျက်လုံးထဲတွင် အလင်းတစ်ချက် ဖျပ်ခနဲလက်လာပြီး သူ၏ နှုတ်ခမ်းထောင့်က ကွေးညွတ်သွား၏။
“နောက်ပြီး ဒီလူ့ကို သတ်ဖြတ်မယ့်သူက ငါကိုယ်တိုင်ဟုတ်ချင်မှ ဟုတ်လိမ့်မယ်”
“အို…”
အစေခံက တွေဝေရှုပ်ထွေးသွားပြီး မေးလိုက်၏။
“အရှင် ခင်ဗျားစကားက ဘာအဓိပ္ပာယ်လဲ”
“အခုတင် သေဆုံးသွားတဲ့ လူနှစ်ယောက်က ကောင်းကင်ဘုံကမ္ဘာကပဲ”
နတ်ဘုရားသားတော်မင်ဟွေ့က ပြောလိုက်၏။
“နောက်ပြီးကျရင် သူတို့နှစ်ယောက်က ဆူဇီမိုရဲ့ ဓားချက်အောက်မှာ သေခဲ့ရတယ်ဆိုတဲ့ သတင်းကို ငါက ဖြန့်ပေးလိုက်မယ်… ငါသိရသလောက်ဆိုရင် ကောင်းကင်ဘုံကမ္ဘာက အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးကလည်း အခုလက်ရှိ မွန်မြတ်ကျွန်းပေါ်ကို ရောက်နေပြီ”
အစေခံက ပြောစရာမလိုအောင်ပင် နားလည်သဘောပေါက်သွားပြီး သူ၏ မျက်လုံးက ဝင်းလက်သွား၏။
“အရှင်… ခင်ဗျားက အငှားဓားနဲ့ သူ့ကို သတ်ဖြတ်ချင်နေတာပဲ”
နတ်ဘုရားသားတော်မင်ဟွေ့က ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် အစေခံက မျက်မှောင်အနည်းငယ်ကြုတ်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဒါပေမဲ့ ကျုပ်သိရသလောက်ဆိုရင် ကောင်းကင်ဘုံကမ္ဘာကို ပိုင်နက်နယ်မြေ စုစုပေါင်းသုံးခုခွဲထားတယ်… အဲဒါက အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာပိုင်နက်နယ်မြေတွေပဲ… အင်မော်တယ်ပိုင်နက်နယ်မြေတစ်ခုတည်းမှာတင် အင်မော်တယ်မဟာနယ်မြေကိုးခု ထပ်ရှိနေတယ်”
“သေသွားတဲ့ လူနှစ်ယောက်က ကောင်းကင်ဘုံကမ္ဘာက အန္တိမပကတိစိတ်ဝိညာဉ်နဲ့ ဘာပတ်သက်မှုမှ မရှိဘူးဆိုရင် သူက သူတို့အတွက် လက်စားချေပေးမှာ မဟုတ်လောက်ဘူးမလား”
“ဟဲဟဲ… ဒါကတော့ မင်းပြောတာ မှားသွားပြီ”
နတ်ဘုရားသားတော်မင်ဟွေ့က ရယ်မော၍ မေးလိုက်၏။
“ကောင်းကင်ဘုံကမ္ဘာက အန္တိမပကတိစိတ်ဝိညာဉ်က ဘယ်သူလဲဆိုတာ မင်းသိလား”
“သူက ကျွင်းယုလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်လို့ ကျုပ်ကြားတယ်… သူက တာအိုသီလရှင်တစ်ဦးလို ဝတ်ဆင်ထားပြီး သူရဲ့ကျောပေါ်မှာ ကြီးမားတဲ့ စစ်တုရင်ခုံတစ်လုံးကို သယ်ထားတယ်”
အစေခံက ပြန်ဖြေလိုက်၏။
နတ်ဘုရားသားတော်မင်ဟွေ့က ပြောလိုက်၏။
“အဲဒီကျွင်းယုမှာ စစ်တုရင်အင်မော်တယ်ဆိုတဲ့ နောက်ထပ်ဘွဲ့တစ်ခု ရှိတယ်… သူက ကောင်းကင်ဘုံကမ္ဘာက နတ်မိမယ်လေးပါးထဲက တစ်ပါးပဲ… စောစောက သေသွားတဲ့တစ်ယောက်ကလည်း မဟာနတ်မိမယ်လေးပါးထဲက နောက်ထပ်တစ်ယောက် ဒုံမင်းအင်မော်တယ်ပဲ”
“အာ…”
အစေခံက နားလည်သဘောပေါက်သွား၏။
နတ်ဘုရားသားတော်မင်ဟွေ့က ပြုံးပြလိုက်၏။
“သူတို့နှစ်ယောက်စလုံးက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကနေ လာတာပဲ… နောက်ပြီး သူတို့က မဟာနတ်မိမယ်လေးပါးအဖြစ် တစ်တန်းတည်း ရပ်တည်နေတယ်… သူတို့နှစ်ယောက်ကြားမှာ ဘာပတ်သက်ဆက်ဆံမှုမှ မရှိဘူးလို့ ငါပြောရင် မင်းယုံမှာလား”
“စစ်တုရင်အင်မော်တယ်က အရမ်းကို ရန်လိုတတ်တယ်လို့ ငါကြားထားတယ်… အခု ဒုံမင်းအင်မော်တယ်က သေသွားပြီ… စစ်တုရင်အင်မော်တယ်က ဘယ်လိုလုပ် ဒီအတိုင်း ထိုင်နေနိုင်ပါ့မလဲ… အဲဒီအချိန်ကျရင် ငါတို့တွေက ပြပွဲကို ဘေးကနေ စောင့်ကြည့်နေရုံပဲ”
“အရှင်… ခင်ဗျားက ဉာဏ်ရှိပါပေတယ်”
အစေခံက ချီးကျူးပြောဆိုလိုက်လေသည်။