← Chapters

လူညစ်ကြီး

Vol. 7 Ch. 675

လူညစ်ကြီး

Vol. 7 Ch. 675

သရဲကြီးဘုရင်၏ တင်းမာခက်ထန်ကာ ခြိမ်းခြောက်ဟန်အပြည့်ရှိသည့် ပုံစံနှင့် လူတစ်ယောက်၏ အတွေးထဲသို့ ဖောက်ကြည့်နိုင်လောက်အောင် အစွမ်းထက်သည့် တောက်ပမှုများကို ပိုင်ဆိုင်ထားသည့် မျက်လုံးတစ်စုံကြောင့် ပိုင်ရှောင်ချန်းမှာ တုန်ရီလာတော့သည်။

" ငါတော့သွားပြီ။ ကိစ္စတော့ချောပြီထင်တယ် " သူ၏စိတ်နှလုံးထဲတွင် နောင်တများဖြင့် ပြည့်နှက်နေပြီး သူ၏ယင်ယန်ဝိညာဥ်ကို စိတ်စွမ်းအင်အဆင့်မမြှင့်တင်ခဲ့သင့်ကြောင်း တွေးနေတော့သည်။ တစ်ကမ္ဘာလုံးမှာ ဖြစ်ပျက်ခဲ့သည်များကို သိသွားကြပြီဖြစ်၍ သူ၏ ဒူးများပင် တဆတ်ဆတ်တုန်ယင်လာတော့သည်။

ထို့နောက် သူ့လုပ်ရပ်များ၏ အကျိုးဆက်များကို ချင့်ချိန်တွေးတောလိုက်သောအခါ နှလုံးခုန်နှုန်းမြန်ဆန်လာတော့သည်။ ကံကောင်းသည်မှာ သူသည် မျက်နှာဖုံးတပ်ထားသည်ဖြစ်ပြီး နှစ်ပေါင်းများစွာ လျှို့ဝှက်ဟန်ဆောင်ဖူးသည့် အတွေ့အကြုံလည်း ရှိထားသည်။ သူက သေရမှာကို ကြောက်သော်လည်း ဟန်ဆောင်ရာတွင် ဆရာတစ်ဆူဖြစ်နေပြီ ဖြစ်သည်။

" သရဲကြီးဘုရင်က ငါ့သရုပ်မှန်ကို မသိလောက်သေးပါဘူး။ သူသာ သိလို့ကတော့ ငါ့ကို အစည်းအဝေးဆီဆင့်ခေါ်ဖို့ သတင်းပို့ရုံလောက် လုပ်မလား။ ငါ့မျက်နှာဖုံးက တော်တော်အံ့သြဖို့ကောင်းတာဆိုတော့ ဘယ်သူကမှ ငါ့ကျင့်ကြံခြင်းအခြေခံ အငွေ့အသက်ကို အာရုံမခံနိုင်လောက်ပါဘူး "

စိတ်ထဲတွင်မူ သူသည် ရရာနည်းဖြင့် သူ့ကိုယ်သူ စိတ်အေးအောင်လုပ်နေသော်လည်း အပြင်ပန်းတွင်မူ သူ့အသွင်က အလွန်တည်ကြည်နေသည်။ သူ၏လက်ကို နောက်တွင်ပစ်ကာ မြို့စောင့်များကို အသာအယာခေါင်းညိတ်ပြလိုက်ပြီး သူတို့နှင့်အတူ နန်းမြို့တော်ထဲသို့ ပျံသန်းသွားတော့သည်။

လမ်းတစ်လျှောက်တွင် သူ၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်း မပြောင်းလဲပေ။ သို့သော် စိတ်ထဲတွင်မူ သူ၏အတွေးများမှာ ယောက်ယတ်ခတ်ကာ သရဲကြီးဘုရင် သူ့ကိုဆင့်ခေါ်ရသည့် အကြောင်းအရင်းကို တွေးတောနေတော့သည်။ အဆုံးတွင် သူ၏ သရုပ်မှန်ကိစ္စနှင့် ပတ်သတ်မှုမရှိကြောင်း ကိုးဆယ်ရာခိုင်နှုန်းအထိ သေချာသွားတော့သည်။

ထို့ကြောင့် သူသည် အနည်းငယ် စိတ်ကြည်လင်လာသော်လည်း သူအန္တရာယ်နှင့်ကြုံနိုင်ခြေမှာ ဆယ်ရာခိုင်နှုန်းတိတိ ရှိနေသေးသည်။ ထိုအချက်ကြောင့် သူ အပြည့်အဝ စိတ်မအေးနိုင်သေးပေ။ သူ့ကိုယ်သူ ချုပ်တည်းကာ စိတ်ငြိမ်အောင်လုပ်ပြီး သာမန်အမူအရာဖြင့် အစောင့်များနောက်သို့လိုက်ကာ နန်းတော်ဆီသို့ သွားလိုက်တော့သည်။

အစောင့်များမှာ ပိုင်ရှောင်ချန်းကို ရိုသေလေးစွာ ဆက်ဆံကြသည်။ တစ်နေရာသို့ရောက်သော် သူတို့က လက်များယှက်ကာ ထွက်ခွာသွားပြီး ပိုင်ရှောင်ချန်းကို တော်ဝင်နန်းတော်၏ရှေ့တွင် ထားခဲ့တော့သည်။ အနည်းငယ်ကြာသောအခါ သူက အတွင်းသို့ဝင်သွားသည့်အခါတွင် နယ်စားကြီး သေမင်းအော်သံ ၏ အသံကိုပထမဆုံး ကြားလိုက်ရတော့သည်။

" အရှင်မင်းမြတ်ခင်ဗျာ။ သရဲဘုရင် သစ်ခွပန်းက မပွင့်သေးပါဘူး။ ပြီးတော့ မဟာကောင်းကင်သခင်က ဝိညာဥ်ရေနွေးအိုးကို ကျွန်တော်မျိုးတို့အတွက်သက်သက် မဖွင့်ပေးဘူးလို့ အတိအလင်းဆိုခဲ့တာလေ "

ထို့နောက် သရဲကြီး ဘုရင်၏ အသံဟိန်းထွက်လာတော့သည်။

" မဟာကောင်းကင်သခင်ဆီကို သွားပြီး သရဲကြီးဘုရင်က သူ့အပေါ်ကျေးဇူးကြွေးတင်ဖို့ အသင့်ပါပဲလို့ ပြောလိုက် "

" ဟုတ်ကဲ့ပါ အရှင်မင်းမြတ်။ ကျွန်တော်မျိုးချက်ချင်းပဲ စီစဥ်လိုက်ပါ့မယ် "

နယ်စားကြီး သေမင်းအော်သံ သည် လက်ယှက်ကာ သရဲကြီးဘုရင်ကိုဦးညွှတ်လိုက်သောအခါ သူ၏ မျက်နှာပေါ်တွင် အလွန်တည်ကြည်နေသည့် အမူအရာတစ်ခုကို မြင်နိုင်သည်။ သူက ထွက်ခွာရန်နောက်သို့လှည့်လိုက်သောအခါ ပိုင်ရှောင်ချန်းကအတွင်းသို့ဝင်လာနေသည်ကို သူ မြင်လိုက်ရသဖြင့် သူ၏မျက်နှာပေါ်တွင် မသိသာသော အပြုံးတစ်ပွင့်ပေါ်လာတော့သည်။ သူက ပိုင်ရှောင်ချန်းကို လျင်မြန်စွာခေါင်းညိတ်ပြလိုက်ပြီး ထွက်ခွာသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ သူ၏ စိုးထိတ်မှုများကို အတတ်နိုင်ဆုံး ချုပ်တည်းကာ ပလ္လင်ဆီသို့ အပြေးသွားလိုက်သည်။ သရဲကြီး ဘုရင်ရှေ့သို့ ရောက်သောအခါ သူက လက်ယှက်ကာ တရိုသေဦးညွှတ်လိုက်တော့သည်။.

" ကျွန်တော်မျိုး အရိုအသေပေးပါတယ် ရှင်ဘုရင်မင်းမြတ်ခင်ဗျာ "

သရဲကြီးဘုရင်မှာ အရေးကြီးသော ကိစ္စအချို့ကို ဖြေရှင်းနေသည့်အလား သူ၏မျက်နှာမှာ တင်းမာနေသည်။ သူက ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သောအခါ သူ၏မျက်နှာပေါ်တွင် အနည်းငယ် အံ့သြသွားသည့် အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။

" အမ်၊ မင်းက အဆင့်တက်သွားပြီလား "

အစပိုင်း သူ၏မျက်ဝန်းများထဲတွင် ချီးကျူးမှု အရိပ်အယောင်များပေါ်ထွက်လာသော်လည်း အနည်းငယ်ကြာသောအခါတွင် မယုံသင်္ကါဖြစ်နေသည့် အရိပ်အယောင်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူသည် လိမ္မာပါးနပ်သည့်အရာတွင် ရင့်ကျက်နေသူတစ်ယောက်ဖြစ်ပြီး အမြော်အမြင်ရှိသဖြင့် ပိုင်ရှောင်ချန်းမှာ စိုးထိတ်နေကြောင်းကို သိလိုက်သည်။ သူ၏ရှေ့တွင် ပိုင်ရှောင်ချန်းမှာ အမြဲတမ်း စိုးထိတ်နေကျ ဖြစ်သော်လည်း မတူညီသည်မှာ ယခင်ကဆိုလျှင် ထိုစိုးထိတ်မှုများကို မဖုံးကွယ်ခဲ့ပဲ ယခုမှ ဖုံးကွယ်နေခြင်းဖြစ်သည်။ သရဲကြီးဘုရင်၏ မျက်ဝန်းများမှာ အရောက်လက်သွားတော့သည်။

သရဲကြီးဘုရင်၏ မျက်ဝန်းထဲရှိ မယုံသင်္ကာဖြစ်နေမှုများကို ပိုင်ရှောင်ချန်းက ချက်ချင်းပင် ရိပ်မိသွားသဖြင့် သူခြေလှမ်းမှားခဲ့ပြီဟူသောအသိကြီးဖြင့် သူ၏နှလုံးခုန်နှုန်းမြန်လာတော့သည်။ သူ၏အကျင့်စရိုက်အရ ယခုလေးတင် ကျင့်ကြံခြင်းအခြေခံ အဆင့်တက်ခြင်းတစ်ခုသာ လုပ်နိုင်ခဲ့သည်ဖြစ်၍ ဤသို့တည်တည်ငြိမ်ငြိမ် လမ်းပတ်လျှောက်နေမည်မှာ သဘာဝမကျဟူ၍ သူ တွေးထားသည်။ သူ၏ နှလုံးခုန်နှုန်းများမြန်လာပြန်ပြီး စိုးရိမ်ထိန်လန့်မှုများ တိုးပွားလာတော့သည်။ သူက လုံးဝတွေဝေမနေပဲ ကြောက်ရွံ့ စိုးထိတ်နေသည့်ပုံစံပိုပေါ်အောင် ဟန်ဆောင်လိုက်တော့သည်။ သူက သရဲကြီးဘုရင်ကို မကြည့်မိအောင်ပင် အကြည့်လွှဲလိုက်သေးသည်။

သရဲကြီးဘုရင်မှာ သူ့ကိုတိတ်ဆိတ်စွာကြည့်ရင်း ခန်းမထဲတွင်ပြင်းထန်သော ဖိအားများ သက်ရောက်လာတော့သည်။ ပိုင်ရှောင်ချန်းမှာ တဖြည်းဖြည်းနှင့် တုန်ရီလာပြီး ချွေးများရွှဲလာတော့သည်။ သူ့ကိုယ်သူပင် ထိန်းချုပ်၍မရနိုင်လောက်အောင် ဖြစ်သွားရသည်အထိပင်။ သူသည် ဖိအားများစွာ အောက်သို့ကျရောက်နေသဖြင့် အမှုန့်ကြိတ်ခံလိုက်ရမည့် အလား ခံစားနေရတော့သည်။

ထိုဖိအားကြီးမှာ ပို၍ကြီးမားလာသဖြင့် ပိုင်ရှောင်ချန်းမှာ အဆုံးတွင် ညည်းညူပြောဆိုလိုက်တော့သည်။

" အရှင်မင်းမြတ်ခင်ဗျာ။ ကျွန်တော်မျိုး အမှားကြီးတစ်ခု ကျူးလွန်မိခဲ့ပါတယ်။ ကျွန်တော်မျိုး တမင်လုပ်ခဲ့တာမဟုတ်ရပါဘူး။ ဒါပေမဲ့ မျိုးနွယ်စုကြီးသုံးခုက ကျွန်တော်မျိုးကိုတကယ် မကျေမချမ်းဖြစ်နေတာ။ အရှင့်ရဲ့ကျေးကျွန် ကျွန်တော်မျိုးဆီမှာ အံ့သြဖို့ကောင်းတဲ့ ရာထူးရှိမနေဘူးဆိုရင် ကျွန်တော်မျိုး အသတ်ခံရတာကြာလှနေပါပြီ။ ပြီးတော့... ပိုင်မျိုးနွယ်စုက ကျွန်တော်မျိုးကို တော်တော် မုန်းတီးနေတာ "

" အဲဒါကြောင့် ကျွန်တော်မျိုးမှာ အခြားရွေးချယ်စရာမရှိတော့လို့ပါ။ ရှင်ဘုရင်မင်းမြတ်က မျိုးနွယ်စုသုံးခုအတွက် အခြားအကြံတွေ ရှိပေမဲ့ ကျွန်တော်မျိုးက လူအနည်းငယ်ကိုစေလွှတ်ပြီး သူတို့ကိုပြဿနာသွားရှာခိုင်းထားတာပါ "

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ကြောက်ရွံ့နေသဖြင့် ငိုလုမတတ်ဖြစ်နေပြီ ဖြစ်သည်။

ထိုအခါ သရဲကြီးဘုရင်မှာ မျက်လုံးပြူးသွားရတော့သည်။ ပိုင်ရှောင်ချန်းက လူများကိုစေလွှတ်ကာ မျိုးနွယ်စုသုံးခုကို ပြဿနာသွားရှာခိုင်းထားကြောင်းကို သူက သိသည်မှာကြာလှနေပြီ ဖြစ်သည်။ ထို့ကြောင့် ယခုလို သူ၏ စိုးထိတ်နေသည့် ပုံကြောင့် သရဲကြီးဘုရင်မှာ ရယ်ရမလို ငိုရမလို ဖြစ်နေတော့သည်။ ပိုင်ရှောင်ချန်းမှာ ဆင့်ခေါ်ခံရသည်ကို အဓိပ္ပါယ်မှားကောက်ကာ စိုးထိတ်နေခြင်းဖြစ်သည်။

" ဟန်ဆောင်နေတာတွေ ရပ်လိုက်တော့ " သရဲကြီးဘုရင်က ပိုင်ရှောင်ချန်းကိုစိုက်ကြည့်ကာ ဆိုလိုက်သည်။

သူ၏ အကြည့်ကြောင့် ပိုင်ရှောင်ချန်းမှာ စိတ်အေးသွားရတော့သည်။ အပြင်ပန်းတွင်မူ သူသည် ရွှန်းလဲ့နေသည့် မျက်ဝန်းများဖြင့် သရဲကြီးဘုရင်ကို မော့ကြည့်လိုက်တော့သည်။

သရဲကြီးဘုရင်သည် ပိုင်ရှောင်ချန်းမှာ မမျှမတဆက်ဆံနေသည်ဟု ခံစားနေရကြောင်း သိသော်လည်း လျစ်လျူရှူလိုက်လေသည်။ သူက ပုံမှန်လေသံဖြင့် ဆိုလိုက်သည်။

" မင်းကိုငါ ဒီနေ့ဆင့်ခေါ်ရတဲ့ အကြောင်းအရင်းက ဗဟိုဧကရာဇ်ဆီကနေ အမိန့်တွေ ကျလာလို့ကွ။ မဟာတံတိုင်းက စစ်ဦးစီးမှူးနဲ့ ရှင်းကုံကျစ်တာအိုဂိုဏ်းက ကျင့်ကြံသူတစ်ယောက် ဖြစ်တဲ့ ပိုင်ရှောင်ချန်းကို ဖမ်းဝရမ်းထုတ်လိုက်ပြီ။ အဲဒီတာဝန်ကို ငါက မင်းကိုလွှဲပေးမလို့။ ငါအုပ်ချုပ်တဲ့ ပိုင်နက်ထဲမှာ ပိုင်ရှောင်ချန်းပေါ်လာရင် သူ့ကိုဖမ်းဖို့ မင်းကိုငါစေလွှတ်မှာ "

ထိုအခါ ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် အလွန်တည်ကြည်သော အမူအရာတစ်ခု ပေါ်ပေါက်လာတော့သည်။ သူက လုံးဝတွေဝေမနေပဲ ရင်ကော့ကာ ကျယ်လောင်စွာ ပြန်ဖြေလိုက်လေသည်။

" မစိုးရိမ်ပါနဲ့ အရှင်မင်းမြတ်။ သရဲကြီးမြို့တော်ကိုလာတဲ့ လမ်းမှာ ကျွန်တော်မျိုး ပိုင်ရှောင်ချန်းဆိုတဲ့ကောင်ရဲ့ အကြောင်းကိုကြားဖူးခဲ့တာ။ ဟွန်းးး မိစ္ဆာပိုင်သာ သရဲကြီးမြို့တော်အနီးမှာ ပေါ်လာလို့ကတော့ ကျွန်တော်မျိုး သူ့ကိုချက်ချင်း အမိဖမ်းပေးပါ့မယ် "

သူ၏ စကားသံများထဲတွင် သံချောင်းများကို ကျိုးပျက်စေကာ သံတုံးများကို အပိုင်းပိုင်းဖြတ်နိုင်လောက်သည့် ပြတ်သားမှုများ ပါဝင်နေသည်ဖြစ်သဖြင့် သရဲကြီးဘုရင်မှာ စိတ်ကျေနပ်သွားရတော့သည်။

" အမှန်တော့ အဲဒီလောက်လည်း ရေးကြီးခွင်ကျယ်မဟုတ်ပါဘူး။ သူတကယ်ပေါ်မလာသရွေ့ မေ့ထားလိုက်ပါ။ ဒါပေမဲ့ သူနဲ့ကြုံပြီဟေ့ဆိုရင်တော့ ဂရုစိုက်နော်။ ကံကောင်းတာက မင်းက ကျင့်ကြံခြင်းအခြေခံအဆင့်တက်သွားပြီဆိုတော့ အဲဒီအချက်က အတိုင်းအတာတစ်ခုအထိ မင်းကို အကူအညီပေးနိုင်မှာပါ "

ထို့နောက် သရဲကြီးဘုရင်က ထိုကိစ္စနှင့်ပတ်သတ်သည့် သတိပေးချက်များနှင့် နှိုးဆော်ချက်များကို ထပ်လောင်းပြောဆိုလိုက်တော့သည်။

" အရှင်မင်းမြတ်ခင်ဗျာ။ ကျွန်တော်မျိုးရဲ့ ကျင့်ကြံခြင်းအခြေခံအဆင့်တက်နိုင်တာနဲ့ပတ်သတ်လို့ အရှင့်ရဲ့ကျေးဇူးနဲ့ မကင်းပါဘူး။ အရှင်သာ ကျွန်တော်မျိုးကို တံခါးပိတ်ကျင့်စဥ်ဝင်ဖို့ မတိုက်တွန်းခဲ့ဘူးဆိုရင် ကျွန်တော်မျိုး အောင်မြင်နိုင်မှာ မဟုတ်ဘူး။ အရှင်က တကယ့်ကို နတ်ဘုရားဆန်ပြီး စွမ်းအားကြီးမားလွန်းသလို ပြိုင်ဘက်ကင်းလှပါတယ်။ ကျွန်တော်မျိုးကို အရှင်ပြောခဲ့တဲ့ စကားတွေက မှော်ဆန်တဲ့ဆေးရည်တွေအလား ကျွန်တော်မျိုးကို လုံးဝ အဆင့် မြှင့်တင်ပေးခဲ့တာပါ။ အရှင်မင်းမြတ်ခင်ဗျာ။ ကျွန်တော်မျိုးကို အရှင်နဲ့တွေ့နိုင်အောင် ပိုပြီး ဆင့်ခေါ်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ အဲဒါဆို ကျွန်တော်မျိုးရဲ့ ကျင့်ကြံခြင်းအခြေ မြန်မြန်တိုးတက်နိုင်တာပေါ့ "

ပိုင်ရှောင်ချန်းမှာ ရှက်ရွံ့မနေပဲ တရစပ် ဖားယားနေတော့သည်။

သရဲကြီးဘုရင်မှာ ထိုစကားများကြောင့် နှာမှုတ်လိုက်သော်လည်း စိတ်ထဲတွင်မူ ကျေနပ်နေတော့သည်။ ပိုင်ဟောက်က သူ၏ပါးကိုရိုက်ရဲလောက်သည်အထိ အတင့်ရဲကာ စိတ်ကြီးဝင်ခဲ့သည့်ပုံရိပ်ကို သူက မမေ့နိုင်သေးပေ။ သို့ဖြစ်ရာ ဤသို့လုံးဝပြောင်းလဲသွားသည့် အခြေအနေကြောင့် သူက အလွန်ကျေနပ်နေတော့သည်။ သူသည် သူရသတ္တိနှင့် ပြည့်စုံကာ သူ၏ဘေးပတ်ပတ်လည်ရှိ အရာအားလုံးကို ထိန်းချုပ်နိုင်သည့် နတ်ဘုရားတစ်ပိုင်းဘုရင်တစ်ပါး မဟုတ်ပါလော။ သူသာအလိုရှိပါက လူတိုင်းကို ခွင့်လွှတ်နိုင်သည်သာ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံ ပြန်လည်ကောင်းမွန်လာခဲ့ပြီးနောက် သူက တစ်ချက်တွေးကာ သူပေးခဲ့ရသည့် မှော်ပစ္စည်းအားလုံးကို ပြန်ယူခဲ့ပြီး ဖြစ်သည်။

လူတိုင်းမှာ ရာထူးအာဏာကို လေးစားကြသည်ဖြစ်ပြီး ဤပိုင်ဟောက်ဆိုသူမှာ ယခုထက် စွမ်းအားပိုကြီးလာလျှင်တောင် သရဲကြီးဘုရင်၏ အလိုတော်ကျဆောင်ရွက်ရန် အသင့်ရှိနေမည်သာ ဖြစ်သည်။ ထို့ကြောင့် သူ့ထံမှ ဖားယားသည့်စကားများ ကြားလိုက်ရသည်မှာ နားဝင်ချိုလှပေသည်။

ပိုင်ရှောင်ချန်းက သူ၏ယင်ယန်ဝိညာဥ်ကို အခက်အခဲမရှိပဲ ဖန်တီးနိုင်ခဲ့သည့်ကိစ္စနှင့်ပတ်သတ်၍ သရဲကြီးဘုရင်က လိုက်၍မစုံစမ်းသလို ဝရမ်းပြေး ပိုင်ရှောင်ချန်းမှာ သူဖြစ်ကြောင်း မဆက်စပ်မိချေ။ ဤကိစ္စများနှင့် ပတ်သတ်၍ သရဲကြီးဘုရင်မှာ ဉာဏ်မပြေးသည်မဟုတ်။ ဤပိုင်ဟောက်ဆိုသူမှာ ရှင်းလင်းကာ လူသိများနေသည့် နောက်ကြောင်းရှိနေခြင်းကြောင့်သာ ဖြစ်သည်။ သို့ဖြစ်၍ သူ့ကို ပိုင်ရှောင်ချန်းနှင့် ချိတ်ဆက်ရန်မှာ မဖြစ်နိုင်ချေ။

အချိန်မှာ အနည်းငယ်လွန်နေပြီဖြစ်သော်လည်း ဤပိုင်ဟောက်ဆိုသူမှာ သူ၏ ဝိညာဥ်သွေးစက်တစ်စက်ကို ရရှိခဲ့သည့်အတွက် ယင်ယန်ဝိညာဥ်ကို ဖန်တီးရာတွင် ပို၍ လွယ်ကူနိုင်မည်ဖြစ်ကြောင်း သရဲကြီးဘုရင်က သိသည်။ သရဲကြီးဘုရင်၏ လက်ပါးစေတစ်ယောက်ဖြစ်သည့် ပိုင်ဟောက်၏ အာဏာများမှာ ဘုရင်ကြီး၏ ချီးမြှင့်မှုကြောင့်ဖြစ်သဖြင့် သူအင်အားကြီးထွားလာသည်မှာ ကောင်းမွန်သောကိစ္စရပ်တစ်ခု ဖြစ်သည်။ လိပ်ကလေးအကြောင်းကိုမူ သရဲကြီးဘုရင်မှာ လုံးဝ မစုံစမ်းပေ။

သူတို့စကားပြောပြီးသွားသောအခါ သရဲကြီးဘုရင်က လက်ကိုဝှေ့ယမ်း၍ ပိုင်ရှောင်ချန်းကို သွားခွင့်ပြုလိုက်တော့သည်။

ထိုအချိန်မှာသာ ပိုင်ရှောင်ချန်းမှာ စိတ်အေးစွာ သက်ပြင်းချနိုင်တော့သည်။ သူက နောက်သို့တရိုတသေဆုတ်သွားပြီး ထွက်ခွာရန်ပြင်လိုက်စဥ်တွင် သူ၏ဟန်ဆောင်မှုကို ပိုပီပြင်အောင်လုပ်ရန်လိုအပ်ကြောင်း တွေးလိုက်သည်။ ထို့ကြောင့် သူကနောက်လှည့်ကာ တစ်စုံတစ်ခုကို ပြောချင်သည့်အလား ပါးစပ်ဟလိုက်ပြီး ပြန်ပိတ်လိုက်တော့သည်။

ထိုအခါ သရဲကြီးဘုရင်က သတိထားမိသွားပြီး မေးလိုက်လေသည်။

" အခု ဘာဖြစ်ရပြန်ပြီလဲ "

" အရှင်မင်းမြတ်ခင်ဗျာ၊ မျိုးနွယ်စုကြီးသုံးခုကို ဖိအားထပ်ပေးရင် ကောင်းမလားဘုရား "

သူ၏ မျက်ဝန်းထဲရှိအကြည့်များအရ ပိုင်ရှောင်ချန်းသည် ထိုကိစ္စကို လက်မလျှော့ချင်သေးသည့်ပုံစံပင်။

သရဲကြီးဘုရင်မှာ သူ့ကို တစ်ခဏမျှ တင်းမာစွာကြည့်လိုက်လေသည်။ အမှန်မှာ သူ၏အတွေးထဲတွင် ထိုမျိုးနွယ်စုကြီး သုံးခုအတွက် အထူးအကြံအစည်များရှိသည်။ ချုပ်နှောင်ခံထားရသည့် ပိုင်မျိုးနွယ်စုနှင့် ချန်မျိုးနွယ်စုတို့၏ ခေါင်းဆောင်ကြီးများ၏ နတ်အဆင့် ကျင့်ကြံခြင်းအခြေခံများမှာ သူ့အတွက်အရေးပါသည် မဟုတ်ပါလော။ ထို့အပြင် ထိုမျိုးနွယ်စုကြီးသုံးခုသာ ပြိုလဲသွားပါက သူတို့၏နေရာတွင် အခြားမျိုးနွယ်စုများ ဝင်ရောက်လာမည်ဖြစ်ပြီး သရဲကြီးဘုရင်မှာ ထိုသို့သော အားအင်နည်းသည့် အာဏာရ အဖွဲ့အစည်းသစ်များနှင့် ပတ်သတ်ချင်သည်မဟုတ်ပေ။

သို့သော် ပိုင်ရှောင်ချန်းက ဤသို့အကြံပေးလိုက်သောအခါ သရဲကြီးဘုရင်က တစ်ခဏမျှတွေးတောလိုက်ပြီး ထိုမျိုးနွယ်စုသုံးခု၏ လိုက်ဖမ်းခြင်းခံခဲ့ရသည့်အချိန်ကို ပြန်တွေးမိလိုက်တော့သည်။

" ဒီကိစ္စတစ်ခုလုံးက မင်းအတွက် မတရားပါဘူးကွာ။ အဲဒီမျိုးနွယ်စုသုံးခုက နှစ်ထောင်ပေါင်းများစွာ ကြာနေပြီဖြစ်လို့ အင်အားတော်တော်တောင့်တင်းနေတာ။ အဲဒါကြောင့်လည်း သူတို့က ပုန်ကန်ရဲဖို့ သတ္တိရှိလာတာပဲ နေမှာ "

ထိုသို့ဆိုကာ သူသည် ပိုင်ရှောင်ချန်းကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။

ပိုင်ရှောင်ချန်းမှာမူ အနည်းငယ် အံ့အားသင့်သွားတော့သည်။ သို့သော် ဘုရင်ကြီး၏ စကားကို ဝေဖန်ပိုင်းခြားလိုက်သောအခါ သူ၏မျက်ဝန်းများမှာ စူးရှတောက်ပလာတော့သည်။ ထို့နောက် သရဲကြီးဘုရင်၏ စကားဖြစ်သော “ အင်အားတောင့်တင်းသည် “ ဆိုသည်မှာ ထိုမျိုးနွယ်စုသုံးခုသည် အလွန်ချမ်းသာသည်ကို ဆိုလိုကြောင်း သူကရိပ်မိလိုက်သောအခါ နှလုံးခုန်နှုန်းများမြန်လာတော့သည်။

ထို့အပြင် ထိုစကားအရ ဘုရင်ကြီးသည် သူ့အား ထိုမျိုးနွယ်စုများထံ သွား၍ ငွေညှစ်ရန် အချက်ပြနေသည်နှင့် တူနေသည်မဟုတ်ပါလော။ သရဲကြီးဘုရင်အတွက် အသက်စွန့်ကာ တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် ရရှိမည့် ဆုလာဘ်များ မဟုတ်ပါလော။

ထိုသို့ရရှိနိုင်မည့် အကျိုးအမြတ်များကြောင့် သူ စိတ်လှုပ်ရှားသွားပါသော်လည်း သူ၏နားလည်မှု မှန်၊ မမှန်ကို ထပ်မံစစ်ဆေးသင့်ကြောင်း ဆုံးဖြတ်လိုက်လေသည်။

" စိတ်မပူပါနဲ့ အရှင်မင်းမြတ်။ ကျွန်တော်မျိုးရဲ့ မျက်လုံးတွေက ဓားလှံတွေလို စူးရှထက်မြက်ပါတယ်။ ဒီမျိုးနွယ်စုကြီးသုံးစုရဲ့ အင်အား ဘယ်လောက်ပဲကြီးမားပါစေ၊ ကျွန်တော်မျိုး အတွင်းကျကျ အကုန်လုံးသိအောင် ဖော်ထုတ်ပေးပါ့မယ် "

သရဲကြီးဘုရင်မှာ မည်သို့မျှ ဆက်မပြောပဲ မျက်လုံးများပင် မှိတ်လိုက်တော့သည်။ စိတ်ထဲတွင်မူ သူ၏စကားများအပေါ် ပိုင်ရှောင်ချန်း၏ အဓိပ္ပါယ်ကောက်နိုင်မှုများကြောင့် သူက ကျေနပ်နေတော့သည်။

ပိုင်ရှောင်ချန်းမှာ သရဲကြီးဘုရင်၏ အမူအရာကြောင့် ချက်ချင်းပင် စိတ်အားထက်သန်သွားသည်။ သူသည် သွယ်ဝိုက်သောနည်းဖြင့် လက်ခံနေသည်မဟုတ်ပါလော။မျိုးနွယ်စုကြီးသုံးခုက သူ့ကိုလိုက်ဖမ်းခဲ့သည့် ပုံရိပ်နှင့် ဤကမ္ဘာထဲတွင် သူရုတ်ချည်း ရာထူးများမြင့်တက်လာသည်တို့ကို ပိုင်ရှောင်ချန်းက ပြန်တွေးမိလိုက်သောအခါ သူ၏စိတ်လှုပ်ရှားမှုများမှာ ကြီးထွားလာတော့သည်။

" ငွေညှစ်ရတော့မှာပဲ။ ငါ့ဘဝမှာ တစ်ခါမှ အဲဒီလိုမလုပ်ဖူးဘူး။ ရန်သူတစ်ယောက်ကို ငွေညှစ်ရတာ ဘယ်လောက်ပျော်ဖို့ကောင်းမလဲ။ ဒါပေမဲ့ သရဲကြီးဘုရင်က တရားဝင်အမိန့်မထုတ်ဘူးဆိုတော့ ကြည့်ရတာ သူက ငါ့ကိုတိတ်တိတ်ဆိတ်ဆိတ်လုပ်ခိုင်းစေချင်တဲ့ပုံပဲ " သူက လက်သီးဆုပ်ကာ နောက်သို့လှည့်၍ ထွက်ခွာရန်ပြင်လိုက်တော့သည်။

သူ စတင်ထွက်ခွာလိုက်သည့်အချိန်တွင် ပျင်းရိနေသည့်ပုံစံဖြင့် သရဲကြီးက ရေရွတ်လိုက်လေသည်။

" ချန်မျိုးနွယ်စုက ပိုပြီး စက်ဆုပ်ဖို့ကောင်းတာ။ သူတို့ရဲ့ မျိုးနွယ်စုခေါင်းဆောင်ဆိုရင် အဆိုးဆုံးပဲ။ သူဆို မိန်းမရ ကံကောင်းတာတောင် တားမြစ်ထားတဲ့ တံခွန်ကို ဖန်တီးရဲသေးတယ် ဟွန်းး "

သူက တိုးတိုးလေးပြောသော်လည်း ပိုင်ရှောင်ချန်းမှာ အတိုင်းသား ကြားနေရသည်။

ထိုစကားကြောင့် ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး လမ်းလျှောက်နေသည်ကိုပင် ရပ်တန့်လိုက်တော့သည်။ သူက မျက်လုံးများပင့်ကာတွေးတောရင်း သရဲကြီးဘုရင်၏ပြောစကားထဲတွင် အရေးကြီးသည့်အချက် နှစ်ချက်ပါဝင်နေကြောင်း သူကရိပ်မိလိုက်သည်။ ပထမအချက်မှာ “ တားမြစ်ထားသည့် တံခွန် “ ဖြစ်ပြီး နောက်တစ်ချက်မှာ... “ သူမိန်းမရကံကောင်းသည် “ ဆိုသည့်အချက်ဖြစ်သည်။

ထိုသို့ရှင်းရှင်းလင်းလင်း သိသွားသောအခါ သူက စိတ်ထဲတွင် ရေရွတ်လိုက်တော့သည်။

" လူညစ်ကြီး "

ထို့နောက် မှန်ကန်ဖြောင့်မတ်သည့် မျက်နှာထားဖြင့် သူက မကြားချင်ယောင်ဆောင်ကာ ခန်းမထဲမှ ထွက်သွားတော့သည်။

သူထွက်သွားပြီးနောက် သရဲကြီးဘုရင်က ပလ္လင်ပေါ်တွင် ထိုင်ကာ ညာလက်ရှိ လက်ချောင်းငါးချောင်းကို အချင်းချင်းတို့ထိရင်း တစ်စုံတစ်ခုကို တွက်ချက်နေတော့သည်။

အနည်းငယ်အကြာတွင် သူကမျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်တော့သည်။

" အချိန်အတိအကျတော့ ငါလည်းမသိဘူး။ ဒါပေမဲ့ ရက်စွဲတွေအရဆိုရင် ဝိညာဥ်ရေနွေးအိုးကြီးထဲမှာရှိတဲ့ သရဲဘုရင်သစ်ခွပန်းက ပွင့်ဖို့ အဆင်သင့်ဖြစ်နေသင့်ပြီ "

All Chapters