အဆိပ်မြူခိုး
Vol. 2 Ch. 101
“ ခေါင်းဆောင်ကလည်း မဟူရာနတ်သမီးကိုအနိုင်မယူနိုင်သေးဘူး....”
အဆင့်လွန်ထိပ်သီးတစ်ယောက်က ပြင်းထန်ကြမ်းတမ်းလှသည့်တိုက်ပွဲကိုကြည့်၍ရေရွတ်လိုက်သည်။
မိစ္ဆာဝိညာဉ်၏ခေါင်းဆောင်ရှစ်ယောက်တွင်ပါဝင်သည့် လောဘနတ်ဆိုးအန်းဒူကား လူငယ်မျိုးဆက်တစ်ဦးကိုအနိုင်မယူနိုင်သည့်အပြင် မရှူံးနိမ့်ရန်ပင် ကြိုးစားခုခံနေရသည်။
သူ၏ဝဝဖိုင့်ဖိုင့်ခန္တာကိုယ်ကြီးပေါ်တွင်လည်း စီးတုယွမ်ချင်း၏လက်ချက်ကြောင့် ဒဏ်ရာလေးငါးခုရှိနေကာ ထိုဒဏ်ရာများကလွန်စွာပြင်းထန်ခြင်းမရှိကြသော်လည်း သွေးများစီးကျနေကြသည်။
ထိုစဉ် အန်းဒူဆီမှစူးရှကျယ်လောင်သည့်လေချွန်သံထွက်ပေါ်လာ၍ အဆင့်လွန်ထိပ်သီးသုံးယောက်လည်း ဆက်ခနဲဖြစ်သွားပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ လူခွဲလိုက်ကြသည် ။
အသေအချာကြည့်ရှုမည်ဆိုပါက သူတို့သုံးယောက်က တြိဂံပုံသဏ္ဍာန်ဝိုင်းထားကြသည့်ကိုမြင်တွေ့ရမည်ဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် ဆယ်ပေသာခွာထားကြကာ အလယ်တွင်တိုက်ခိုက်နေကြသည့် လူနှစ်ယောက်ရှိနေသည်။
အန်းဒူနှင့်စီးတုယွမ်ချင်းတို့၏တိုက်ပွဲက သိုင်းကွက်ငါးရာကျော်နေပြီဖြစ်သည့်တိုင် အနိုင်အရှုံးမပေါ်သေးပေ။
သို့သော်လည်း ဓားမာယာသိုင်းကွက်ကိုထုတ်သုံးချိန်မှစ၍ အန်းဒူမှာ အောက်စည်းသို့ရောက်ရှိသွားပြီး စီးတုယွမ်ချင်းကအပေါ်စီးမှတစ်ချိန်လုံးတိုက်ခိုက်နေခြင်းဖြစ်သည်။
သံမဏိတုတ်ရှည်က စီးတုယွမ်ချင်း၏လက်နက်ထက်ပို၍ရှည်လျားသညိ့အပြင် အန်းဒူကလည်း ခံစစ်ကိုသာလုံခြုံစွာထားပြီး တိုက်ပွဲအချိန်ကြာအောင်ပြုလုပ်နေခြင်းကြောင့် ယခုအချိန်ထိ အနိုင်အရှူံးမပေါ်သေးခြင်းဖြစ်ပြီးစီးတုယွမ်ချင်းမှာ အနည်းငယ်စိတ်မရှည်ဖြစ်လာသည်။
အကြောင်းကား ယခုပုံစံအတိုင်းသာဆက်သွားပါက သူမကအန်းဒူကိုအနိုင်ယူနိုင်မည်မဟုတ်သလို အန်းဒူကလည်းအနိုင်ရရန်လမ်းမမြင်ဘဲ နှစ်ယောက်စလုံး အတွင်းအားလျော့နည်းကာ ပင်ပန်းနွမ်းနယ်သွားကြပေမည်။
သို့သော် ဘေးဘက်တွင် အသင့်ဝိုင်းထားကြသည့် တစ်ဖက်လူ၏လက်အောက်ငယ်သားများရှိနေသေးပြီး အဆင့်လွန်ထိပ်သီးများပင်ပါဝင်ရာ အတွင်းအားကုန်ဆုံးသည်နှင့်တစ်ပြိုင်နက်သူမအတွက်စောင့်ကြိုနေမည်က အရှူံးရလာဒ်သာဖြစ်သည်။
ထို့ကြောင့် စီးတုယွမ်ချင်းလည်း အချိန်မဆိုင်းတော့ဘဲ သူမ၏ဓားကွက်ကို ပြောင်းလဲအသုံးပြုလိုက်သည်။
“ ရွှီး..”
လေထုကိုပွတ်ဆွဲသံနှင့်အတူ ပြာလဲ့လဲ့အရောင်သမ်းနေသည့်စီးတုယွမ်ချင်း၏ဓားရှည်က သာမန်မျက်စိဖြင့်မမြင်နိုင်သည်အထိမြန်ဆန်သွားပြီး အလင်းတန်းတစ်ခုကိုသာနောက်တွင်ချန်ထားခဲ့သည်။
ထိုနည်းတူ သူမ၏ခန္တာကိုယ်က ဖျက်ခနဲရွေ့လျားသွားပြီး ရှေ့သို့တဟုန်ထိုးပြေးတက်သွားကာ အန်းဒး၏ခန္တာကိုယ်ကို အရှိန်အဟုန်ဖြင့်ခုတ်ပိုင်းလိုက်သည်။
သူ့ကိုပိတ်ဆို့တိုက်ခိုက်နေသည်ဘ ရာနှင့်ချီသည့်ဓားရိပ်များပျောက်ကွယ်သွားပြီး ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်ကိုခံစားမိလိုက်၍ အန်းဒူ၏မျက်နှာက ကွက်ခနဲပျက်ယွင်းသွားသည်
ထိုစဉ် ကျယ်လောင်သည့်အသံရှည်နှင့်အတူ တောက်ပသည့်အလင်းတန်းတစ်ခုကိုဖျက်ခနဲမြင်လိုက်ရ၍အန်းဒူလည်း စိတ်ထဲတွင်ထိတ်လန့်သွားပြီး ကြံရာမရဖြစ်ကာ ရှေ့သို့ဝပ်ချ၍ရှောင်တိမ်းလိုက်သည်။
“ ဘုတ်....”
မည်းမည်းအရာဝတ္တုတစ်ခုက မြေပြင်ပေါ်သို့ပြုတ်ကျသွားပြီး အန်းဒူမှာ ရှေ့သို့ကျွမ်းတစ်ပတ်လိမ့်၍ အလျှင်အမြန်ထရပ်ရင်း သူ၏ဦးခေါင်းကိုစမ်းလိုက်မိသည်။
ထိုအခါ သူ၏ခေါင်းထက်တွင်စုထုံးထားသည့်ဆံပင်ထွေးကမရှိတော့ဘဲ စိးတုယွမ်ချင်း၏လက်ချက်ကြောင့်မြေပြင်ပေါ်ပြုတ်ကျနေသည်ကိုတွေ့လိုက်ရပြီး အေးတိအေးစက်မျက်နှာဖြင့် ထိုမိန်းကလေးက သူ့ဘက်သို့ပြန်လှည့်လာသည်။
“ နန်ကုန်းမိသားစုရဲ့ဓားမြန်သိုင်းပဲ....”
အန်းဒူ၏မျက်နှာပြဲပြဲကြီးထက်တွင် တုန်လှုပ်ချောက်ခြားသည့်အမူအယာတစ်ခုက အထင်းသားပေါ်ထွက်နေပြီးအစောပိုင်းကရှောင်တိမ်းမှုသာအနည်းငယ်နောက်ကျသွားပါက ထိုဆံပင်ထွေးအစားသူ၏ဦးခေါင်းကြီးမြေပြင်ပေါ်ပြုတ်ကျသွားမည်ဟုတွေးလိုက်မိ၏။
နန်ကုန်းမိသားစု၏နာမည်ကျော်ဓားမြန်သိုင်းက နာမည်နှင့်လိုက်အောင်မြန်ဆန်ပြီးကြောက်မက်ဖွယ်ကောင်းလှကာ ထိုမိန်းကလေးဓားသိုင်းမည်မျှအောင်မြင်ထားသည်မသိရပေ။
ထို့ကြောင့် အန်းဒူလည်း စီးတုယွမ်ချင်းနှင့်မျက်လုံးချင်းဆုံမိသည်နှင့်တစ်ပြိုင်နက် လေချွန်သံတစ်ချက်ပေးကာ ဘေးဘက်ရှိသူ၏လူများကိုအချက်ပေးလိုက်သည်။
ထိုစဉ် စီးတုယွမ်ချင်းကနေရာမှ ဖျက်ခနဲရွေ့လျားလာပြီး အန်းဒူဆီသို့တရှိန်ထိုးပြေးဝင်ကာ သူမ၏လက်ထဲမှဓားက လျှင်မြန်စွာတိုးဝင်လာပြန်သည်။
“ ဝှစ်....”
“ ချွမ်း....”
သံမဏိတုတ်ရှည်နှင့်စီးတုယွမ်ချင်း၏ဓားတို့က အကြိမ်များစွာထိတွေ့နေပြီး အန်းဒူမှာ ဆိုးရွားသည့်အခြေအနေသို့ကျရောက်နေသည်။
စီးတုယွမ်ချင်း၏ဓားချက်များက လွန်စွာလျှင်မြန်လှသည့်အပြင် ကိုယ်ဖော့ပညာကိုအစွမ်းကုန်အသုံးပြုထားသည့်ထိုမိန်းကလေး၏ခန္တာကိုယ်က အရိပ်တစ်ခုလို ပေါ်လိုက်ပျောက်လိုက်ဟုထင်ရသည်။
နန်ကုန်းမိသားစု၏ နာမည်ကျော်သိုင်းပညာများဖြစ်သည့် မိုးကောင်းကင်လေအဟုန်ကိူယ်ဖော့ပညာနှင့် ဓားမြန်သိုင်းတို့၏အတွဲအဖက်က လွန်စွာကြောက်မက်ဖွယ်ကောင်းနေကာ အန်းဒူမှာ ကြောက်စရာကောင်းသည့်အဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်သော်လည်းဇာတ်မပြတ်စေရန် သေလုမျောပါးရှောင်တိမ်းနေရသည်။
အကယ်၍ သာမန်အခြေအနေတွင်ဆိုပါက အန်းဒူမှာ စီးတုယွမ်ချင်း၏ဓားကွက်များကို ခုခံကောင်းခုခံနိုင်မည်ဖြစ်သော်လည်း ယခုအခါ တိုက်ပွဲအချိန်ကြာမြင့်၍ပင်ပန်းနွမ်းနယ်နေသညိ့အပြင် ဒဏ်ရာလေးငါးခုလည်းရရှိထားရာ လျှင်မြန်မှုကိူအထူးပြုသည့်ဓားမြန်သိုင်းနှင့်ရင်ဆိုင်ရာ၍ ဘဝပျက်တော့မည်ကဲ့သို့ဖြစ်သွားခြင်းဖြစ်သည်။
“ စွပ်....”
“ အ..”
စီးတုယွမ်ချင်း၏ဓားက လူဝကြီး၏ဘယ်ပခူံးစွန်းကိုထိုးခွဲသွားပြီး သွေးများဖြာခနဲကျလာသည်။
ယခုတစ်ကြိမ်ဒဏ်ရာက သေးငယ်ခြင်းမရှိဘဲ ဘယ်ဘက်ပခုံးမဟုတ်ဘဲ ညာဘက်ဆိုပါက ဆက်လက်တိုက်ခိုက်ရန်ပင်ခက်ခဲသွားနိုင်သည်။
အန်းဒူ၏မျက်နှာကြီးက ရှုံ့မဲ့နေပြီး နောက်ဘက်သို့ချက်ခြင်းခုန်ဆုတ်လိုက်သလို စီးတုယွမ်ချင်းကလည်း သူ၏နောက်မှကပ်ပါလာသည်။
သို့သော် အနက်ရောင်အရိပ်တစ်ခုက သူမ၏လည်ပင်းဆီသို့ရိပ်ခနဲဝင်ရောက်လာ၍ စီးတုယွမ်ချင်းလည်းလက်ထဲရှိဓားဖြင့်အလျှင်အမြန်ဝေ့ယမ်းကာကွယ်လိုက်ရသည်။
“ ထန်း....”
ကျယ်လောင်သည့်အသံနှင့်အတူ စီးတုယွမ်ချင်းက နောက်ဘက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပေးလိုက်ရသည်။
အန်းဒူ၏လက်ထဲရှိသံမဏိတုတ်ရှည်က အဆစ်ကိုးဆစ်ပါသည့်ကျာပွတ်တစ်ခုလိုပြောင်းလဲသွားကာ အရှည်က ကိုးပေအထိဖြစ်လာပေသည်။
အဆစ်ကိုးဆစ်ပါသည့် သံမဏိတုတ်ချောင်းကား ထူးခြားဆန်းကြယ်ပြီးကြောက်မက်ဖွယ်ကောင်းသည့်လက်နက်ဖြစ်သလို အန်းဒူကလည်း ကျာပွတ်ရှည်ကို လေထဲတွင် တစ်ချက်ဝေ့ယမ်း၍စီးတုယွမ်ချင်းကို လက်ဦးမှုရယူကာတိုက်ခိုက်လိုက်သညိ။
“ ရွှမ်း....”
“ ထန်း... ထန်း....”
သံမဏိကျာပွတ်ရှည်နှင့်ဓားရှည်တို့ကအကြိမ်များစွာထိတွေ့နေပြီးမီးပွင့်များတဖွားဖွားထွက်လျက်ရှိသည်။
ကျာပွတ်၏အဆစ်ကိုးဆစ်မှာ ကြောက်မက်ဖွယ်ကောင်းသည့်နည်းတူ အတွင်းမှကြိုးအဖြစ်ဆက်သွယ်ထားသည်က သေးမျှင်သည့်သံမဏိနန်းကြိုးများကိုဆက်ထားခြင်းဖြစ်၍ ဓားဖြင့်ခုတ်ဖြတ်၍မရနိုင်ပေ။
ဤသို့ဖြင့် ကျာပွတ်ရှည်ကိုအားကိုးကာအန်းဒူက အဝေးမှနေ၍တိုက်ခိုက်နေပြီး စီးတုယွမ်ချင်းကား အဆိပ်ပြင်းသည့်မြွေတစ်ကောင်လိုမကြာခဏတိုးဝင်လာတတ်သည့်ကြာပွတ်ကိုရှောင်တိမ်းကာကွယ်ရင်း အန်းဒူ၏အနီးသို့ချဉ်းကပ်နိုင်ရန်ကြိူးစားလျက်ရှိသည်။
သူမ၏ကိုယ်ဖော့ပညာက အန်းဒူထက်မြင့်မားလေရာ အရိပ်တစ်ခုလိုလှည့်ပတ်တိုက်ခိုက်နိုင်ပြီး ကျာပွတ်ရှည်ကိုအားကိုးနေသည့်အန်းဒူပင် သတိကြီးစွာထားနေရသညိ။
ယခုပုံစံအတိုင်းဆက်သွားပါက စီးတုယွမ်ချင်းအတွင်းအားမကုန်မီ သူသတ်ဖြတ်ခံရနိုင်သည်ကိုရိပ်စားမိပြီး ရေရှည်မလွယ်သည်ကိုသိရှိသည်နှင့်အန်းဒူလည်းမည်းမှောင်သည့်အမူအယာဖြင့်အော်ဟစ်လိုက်သည်။
“ ခွေးကောင်တွေ စတော့ဟ....”
နောက်သို့ခုန်ဆုတ်လာပြီး အော်ဟစ်လိုက်သည့် အန်းဒူ၏ကျယ်လောင်သည့်စကားသံကြောင့် သူတို့၏ပတ်လည်တွင် တြိဂံပုံ နေရာယူထားကြသည့် အနီရောင်ဝတ်စုံဝတ်အဆင့်လွန်ထိပ်သီးသုံးယောက်လည်း သူတို့၏လက်များကိုလျှင်မြန်စွာဝေ့ယမ်းလိုက်ကြသည်။
သေးငယ်သည့်အရာများက စီးတုယွမ်ချင်းဆီသို့လျှင်မြန်စွာပြေးဝင်သွားရာ စီးတုယွမ်ချင်းလည်း အန်းဒူ၏နောက်သို့မလိုက်နိုင်ဘဲသူမထံသို့ဝင်ရောက်လာသည့် လက်နက်ပုန်းများကိုဓားဖြင့်ရိုက်ထုတ်လိုက်သည် ။
သို့သော် သံချင်းထိခတ်သံများထွက်ပေါ်လာရမည့်အစား သူမ၏ဓားနှင့်ထိုလက်နက်ပုန်းများထိမှန်သွားသည်နှင့် ခပ်အုပ်အုပ်မည်သံများသာထွက်ပေါ်လာတော့သည်။
“ ဖောင်း... ဖောင်း... ဖောင်း....”
ဆက်တိုက်အသံမည်လာသည့်လက်နက်ပုန်းများကြောင့် စီးတုယွမ်ချင်းလည်းတစ်စုံတစ်ခုလွဲချော်နေသည်ကိုရိပ်စားမိလိုက်စဉ် ပန်းနုရောင်အခိုးအငွေ့များက သူမ၏တစ်ကိုယ်လုံးဖုံးလွှမ်းသွားတော့သည်။
စင်စစ် အနီရောင်ဝတ်စုံဝတ်လူသုံးယောက်ပစ်လွှတ်လိုက်သည့်အရာများက လက်နက်ပုနိးမဟုတ်ဘဲ အဆိပ်ထုပ်များသာဖြစ်ပေသည် ။
“ ဟားဟား...ဘာတတ်နိုင်သေးလဲ မိန်းကလေး....”
တစ်ကိုယ်လုံးတွင်ဒဏ်ရာပရပွဖြင့် ပင်ပန်းလျက်ရှိသည့်လူဝကြီးကား ယခုအခါမှအသက်ရှူချောင်သွားတော့သည်။
အန်းဒူ၏လှောင်ပြောင်မှုကို မတုန့်ပြန်နိုင်သေးဘဲ စီးတုယွမ်ချင်းလည်း အသက်မရှုမိစေရန်သတိထားကာ အခိုးအငွေ့များကြားမှလွတ်မြောက်နိုင်ရန်ကြိုးပမ်းလိုက်သည်။။
သို့သော် ပန်းနုရောင်အခိုးအငွေ့များက ဆယ်ပေပတ်လည်ကိုထူထပ်စွာဖူံးလွှမ်းထားသည့်အပြင် အထက်ကိုပါပျံ့နှံ့သွား၍အပေါ်သို့ခုန်တက်၍မလွတ်မြောက်နိုင်တော့ပေ။
ထို့အပြင် ထိုဧရိယာ၏ဘေးဘက်တွင်လည်း အန်းဒူနှင့်အဆင့်လွန်ထိပ်သီးသုံးယောက်က ဆီးကြိုတိုက်ခိုက်ရန်အဆင်သင့်စောင့်မျှော်လျက်ရှိသည်။
ယခုလို အကျဉ်းအကြပ်အခြေအနေမျိုးတွင် စီးတုယွမ်ချင်း၏စိတ်ထဲ၌ ပထမဆုံးအကြိမ်အဖြစ်စိတ်ပျက်အားငယ်လာမိပြီး အံကိုတင်းတင်းကြိတ်ကာ တရကြမ်းဖောက်ထွက်ရန် အရပ်မျက်နှာတစ်ခုကိုရွေးချယ်လိုက်ရသည်။
ထိုစဉ် မြူခိုးများကြားမှ လူရိပ်တစ်ခုပေါ်လာ၍ စီးတုယွမ်ချင်းလည်း သူမ၏ဓားဖြင့် လှစ်ခနဲထိုးသွင်းလိုက်သည်။
“ ဟမ်....”
ထိုလူရိပ်ဆီမှ အံ့အားသင့်သည့်အသံထွက်ပေါ်လာပြီး လျှင်မြန်လှသည့်စီးတုယွမ်ချင်း၏ဓားကွက်ကို သေလုမျောပါးရှောင်တိမ်းလိုက်ရသည် ။
စီးတုယွမ်ချင်းကား အန်းဒူအပါအဝင်သူ၏လက်အောက်ငယ်သားများကို ညှာတာရန်စိတ်ကူးမရှိ၍ နောက်ထပ်ထပ်မံတိုက်ခိုက်မည်ပြုလိုက်စဉ် ထိုလူရိပ်က အလျှင်အမြန်အော်ဟစ်လိုက်သည်။
“ ယွမ်ချင်း... ငါပါ..”
ရင်းနှီးနေသည့်အသံကြောင့် စီးတုယွမ်ချင်း၏လှုပ်ရှားမှုက ရပ်တန့်သွားပြီး မယုံကြည်နိုင်သည့်လေသံဖြင့်ပြန်မေးလိုက်သည်။
“ ကျောက်တုံးခေါင်း....နင်လား.. “
အစောပိုင်းက အရှက်မဲ့စွာထွက်ခွာသွားသည့်ထိုကောင်က သူမကို ကယ်တင်ရန်ပြန်ရောက်လာမည်ဟုထင်မထားဘဲ စီးတုယွမ်ချင်းမှာ နေရာမှာတင်အေးခဲနေမိစဉ် ရှောင်ယောင်ကသူမ၏အနီးသို့ရောက်လာပြီးအလျှင်အမြန်ပြောလိုက်သည်။
“ သတိထား....အသက်မရှူမိစေနဲ့....”
ရှောင်ယောင်က စီးတုယွမ်ချင်းကို ခပ်တိုးတိုးပြောလိုက်ပြီး သူ၏လက်ထဲတွင်အဆင့်သင့်ကိုင်လာသည့် အဖြူရောင်အဝတ်နှင့်တူသည့်အရာကိုဖြန့်လိုက်သည်။
&&&&