အကူအညီရောက်လာသူ
Vol. 2 Ch. 102
အန်းဒူနှင့်အဆင့်လွန်ထိပ်သီးသုံးယောက်ကား မြူခိုးများဖုံးလွှမ်းသွားသည့်နေရာနှင့်လွတ်ရာသို့ရှောင်တိမ်းကာ အရပ်လေးမျက်နှာမှ သတိကြီးစွာစောင့်ဆိုင်းလျက်ရှိသည်။
အန်းဒူ၏ အဆီပြန်နေသည့်မျက်နှာပြဲပြဲကြီးမှာ တစ်စုံတစ်ခုကိုတွေးမိသည့်အလား မဖူံးနိုင်မဖိနိုင်ဖြင့် သဘေခွေ့နေဟန်တူပြီး မျက်လုံးများက အရောင်တလက်လက်တောက်ပလျက်ရှိသည်။
ထိုမြူခိုးအတွင်းမှ စီးတုယွမ်ချင်းဖောက်ထွက်လာနိုင်လျှင်ပင် များစွာစိတ်ပူစရာမလိုဘဲ အချိန်အနည်းငယ်ဆွဲထားရုံသာရှိသည်။။
ထိုအချိန်ကိုရောက်ရှိလာပါက....
အန်းဒူ၏မျက်နှာထက်ရှိ ဆိုးယုတ်သည့်အပြုံးက ပို၍ပီပြင်လာပြီး လျှာကိုသပ်လိုက်မိသည်။
အနီရောင်ဝတ်စုံဝတ်လူသုံးယောက်ကား သူတို့ခေါင်းဆောင်၏အမိန့်အတိုင်းတသဝေမတိမ်းလုပ်ခဲ့ရသော်လည်း စီးတုယွမ်ချင်းထွက်လာမည်ကိုရင်တထိတ်ထိတ်ရှိနေကြသည်။
သူတို့သုံးယောက်က စီးတုယွမ်ချင်းကို ဆီးကြိုတိုက်ခိုက်ရန် အရပ်မျက်နှာတစ်ခုစီစောင့်နေကြသော်လည်း သူတို့၏သိုင်းပညာဖြင့်တစ်ဦးချင်းရင်ဆိုင်ရန်မဆိုထားနှင့်သူံးယောက်တစ်ယောက်ပင်ယှဉ်နိုင်မည်မဟုတ်ပေ ။
ထို့ကြောင့် ထိုမိန်းကလေး သူတို့ဘက်မှဖောက်ထွက်မလာပါစေနှင့်ဟုဆုတောင်းရင်းလက်နက်များကို တင်းကြပ်စွာဆုပ်ကိုင်ကာ သတိကြီးကြီးထား၍ ကြည့်ရှုနေကြသည်။
ထိုအခိုက် မြူခိုးများက သူတို့ရှိရာသို့လွင့်လာ၍အနီရောင်ဝတ်စုံဝတ်လူများလည်းအထိတ်အလန့်ဖြစ်သွားကြကာ နောက်သို့အလျှင်အမြန်ဆုတ်လိုက်ရသည် ။
“ ခေါင်းဆောင်...ခေါင်းဆောင်ပြောတော့ ဒီမြူခိုးတွေက အချိန်နည်းနည်းကြာအောင်ရှိနေပြီးတော့ ဘေးဘက်ကိုမပျံ့ဘူးဆို....”
သူ့လူတစ်ယောက်၏အော်ဟစ်သံကြောင့် အန်းဒူလည်း စိတ်ကူးဖြင့်ကျေနပ်နေရာမှ သတိဝင်လာကာ သူ၏ဘက်သို့ရွေ့လျားလာသည့်မြူခိုးများကြောင့် နောက်သို့အလန့်တကြားခုန်ဆုတ်လိုက်သည်။
ထို့နောက် မြူခိုးအတွင်းသို့စူးစိုက်ကြည့်လိုက်ပြီး အသေအချာနားစိုက်ထောင်လိုက်ရာ သူ၏မျက်နှာက ကွက်ခနဲပျက်သွားတော့သည်။
“ အထဲမှာ နောက်တစ်ယောက်ရှိနေတယ်....”
အန်းဒူ၏အော်သံမဆုံးမီ သူ့ဆီသို့လျှင်မြန်စွာပြေးဝင်လာသည့်အဖြူရိပ်ကြီးကြောင့် အန်းဒူလည်းလက်ထဲရှိ သံမဏိကျာပွတ်ဖြင့်လျှင်မြန်စွာရိုက်ထုတ်လိုက်သည်။
“ ဝှစ်...ဝှစ်...”
အဆိပ်ပြင်းမြွေတစ်ကောင်လို ယိမ်းထိုးလှုပ်ရှားသွားသည့်ကျာပွတ်၏လက်ချက်ကြောင့်အဖြူရောင်အရိပ်ကြီးမှာ အပိုင်းပိုင်းအစစဖြစ်သွားလေသည်။
ထိုအခါမှ အန်းဒူလည်းသူ့ထံသို့ဝင်ရောက်လာသည့် အရိပ်ကြီးက လူတစ်ယောက်မဟုတ်ဘဲ ဝတ်စုံတစ်စုံဖြစ်သည်ကို သတိထားလိုက်မိကာ ချက်ခြင်းအော်ဟစ်လိုက်သည် ။
“ သတိထားကြ....”
အန်းဒူ၏သတိပေးသံနှင့်ရှေ့ဆင့်နောက်ဆင့်ပင် သူနှင့်ဆန့်ကျင်ဘက်နေရာတွင်ရှိသည့်လူထံမှနာကျင်စွာအော်ဟစ်သံကြီးထွက်ပေါ်လာတော့သည်။
ထို့ကြောင့် အန်းဒူလည်း မြူခိုးများကိုကွင်းရှောင်၍ ထိုနေရာသို့သွားလိုက်သည့်အခါ ကျန်ထိပ်သီးနှစ်ယောက်၏အနီးတွင် အသက်ပျောက်နေသည့်လူကိုမြင်လိုက်ရတော့သည်။
“ ခေါင်းဆောင် ကျုပ်တို့လာတော့ သူက သေနှင့်ပြီးပြီ....”
ကျန်ရှိနေသည့်အဆင့်လွန်ထိပ်သီးနှစ်ယောက်က သူတို့အဖော်၏အလောင်းကိုကြည့်ရင်း ထိတ်လန့်စွာပြောလိုက်ကြသည်။
သေဆုံးသွားသည့်လူကလည်းအဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်သော်လည်း အော်သံတစ်ချက်သာပေးနိုင်ကာချက်ခြင်းသေဆူံးသွားဟန်တူပြီး သူ၏ရင်ဘက်၌ အရိုးအချို့ကျိုးနေပြီး လည်ပင်းတွင်လည်း ဟက်တက်ကွဲဓားဒဏ်ရာကြီးတစ်ခုကိုတွေ့ရသည်။
ထိုနည်းတူ အဆင့်လွန်ထိပ်သီးနှစ်ယောက်မှလွဲ၍ မူလက သုတို့နှင့်အတူပါလာသည့်ထိပ်တန်းအဆင့်သိုင်းသမားများကိုလည်းမမြင်ရ၍ အန်းဒူလည်း အနီးရှိလူ၏ပါးကို ဖြန်းခနဲမည်အောင်ရိုက်ချလိုက်ပြီး အော်ဟစ်လိုက်သည်။
“ ဘာတွေဖြစ်သွားတာလဲငါ့ကိုအစအဆုံးရှင်းပြစမ်း....”
အန်းဒူ၏ ဒေါသတကြီးအော်သံကြီးက တောအုပ်ထဲတွင် ဟိန်းထွက်သွားတော့သည်။
&&&&
တိုက်ပွဲဖြစ်သည့်နေရာနှင့် အနည်းငယ်ဝေးကွာသည့်နေရာတွင် လူရိပ်နှစ်ရိပ်က မီးခိုးတန်းလိုလျှင်မြန်စွာရွေ့လျားနေကြသည်။
အပြာရောင်ဖျင်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားသည့်လူငယ်တစ်ဦးက အနက်ရောင်ဝတ်စုံဝတ်မိန်းမလှလေး၏လက်ကိုဆွဲကာ ကိုယ်ဖော့ပညာသုံး၍ ပြေးလွှားနေခြင်းဖြစ်၏။
ထိုနှစ်ယောက်ကား အန်းဒူတို့ရှိနေသည့်နေရာမှဆုတခွာထွက်ပြေးလာသည့်ရှောင်ယောင်နှင့်စီးတုယွမ်ချင်းတို့မှလွဲ၍အခြားမဟုတ်ဘဲ စီးတုယွမ်ချင်းက ရှောင်ယောင်၏ဆွဲခေါ်မှနောက်သို့ အံ့သြစွာဖြင့်လိုက်ပါလာပြီးမှ ရုတ်တရက်ရပ်လိုက်သည်။
“ ဘာလို့လဲ....”
စီးတုယွမ်ချင်းရုတ်တရက်ရပ်တန့်လိုက်၍ ရှောင်ယောင်က သူမကိုလှည့်ကြည့်ရင်းမေးလိုက်သည်။
သူ၏မေးခွန်းကိုပြန်မဖြေဘဲ ထိုမိန်းကလေးက ရှောင်ယောင်ဆွဲထားသည့်လက်ကိုစူးစိုက်ကြည့်နေ
၍ရှောင်ယောင်လည်း သူမ၏လက်ကိုအလျှင်အမြန်လွှတ်လိုက်ပြီး ခေါင်းကုတ်လိုက်မိသည်။
“ တမင်မဟုတ်ပါဘူး နင့်ကိုစိုးရိမ်လို့လက်ဆွဲပြီးထွက်ပြေးလာတာပါ....”
ရှောင်ယောင်လည်း ရေခဲနတ်သမီးလေးဒေါသထွက်မည်စိုး၍အလျှင်အမြန်ရှင်းပြလိုက်ရသည်။ ။
အမြဲလိုလိုအေးတိအေးစက်အမူအယာဖြစ်သည့်သူမ၏မျက်နှာနှင့်မတူဘဲ ဖြူနုသည့်လက်ကလေးက နွေးထွေးနူးညံ့လှသည်။
သို့သော် စီးတုယွမ်ချင်း၏အေးစက်စက်မျက်နှာက ပြောင်းလဲခြင်းမရှိဘဲ သူ့ကိုမေးလိုက်သည်။
“ ဘာလိုလဲ နင်ငါ့ကိုထားသွားပြီးမှပြန်လာခဲ့တာ....”
သူမ၏မျက်ဝန်းများက စူးရဲနေပြီး အံ့ဩသည့်အရိပ်အယောင်နှင့်အတူ အေးစက်မှုတို့လည်းရှိနေသည်။
ယခုလိုအရေးကြီးနေသည့်အချိန်မျိုးတွင်ပင် သူ့ကိုမကျေမနပ်ဖြစ်နေဟန်တူသည့်ထိုမိန်းကလေးကြောင့် ရှောင်ယောင်လည်း စနောက်လိုစိတ်များပေါ်လာပြီး သက်ပြင်းတစ်ချက်ချ၍ ခေါင်းငုံ့လိုက်သည်။
ထို့နောက် သူမ၏မျက်ဝန်းများကိုစူးစိုက်ကြည့်ရင်း ဖြေးညင်းစွာပြောလိုက်သည်။
“ ဘာလို့လဲဆိုတော့ ငါနင့်ကိုတစ်ယောက်ထဲမထားခဲ့နိုင်လို့ပေါ့....။ ငါပထမတုန်းက ထွက်သွားခဲ့ပေမယ့် နင့်ကိုဘယ်လောက်အထိစိတ်ပူနေမှန်း ကိုယ့်ကိုယ်ကို သိလိုက်ရတယ် ။ ဒါကြောင့် အန္တရာယ်တွေကို ဂရုမစိုက်ဘဲ ပြန်လာခဲ့တာပဲ ။ ယွမ်ချင်း ငါနင့်ကို သဘောကျတယ်....”
ရှောင်ယောင်၏စကားအဆူံး၌ စီးတုယွမ်ချင်း၏မျက်ဝန်းများက ပြူးကျယ်သွားပြီး အေးစက်စက်မျက်နှာက လွန်စွာအံ့အားသင့်သွားဟန်တူသည်။
ထင်မှတ်မထားဘဲကြားလိုက်ရသည့် ဝန်ခံစကားကြောင့် သူမ၏စိတ်ထဲတွင်ဟာလာဟင်းလင်းဖြစ်သွားသလို အံ့အားသင့်မှုများ ၊ မကျေနပ်စိတ်များပျောက်ကွယ်သွားပြီးအမည်မဖော်ပြနိုင်သည့်ခံစားချက်တစ်ခုကပျံ့နှံ့လာသည်။
ကျောက်ရုပ်တစ်ရုပ်လို တောင့်တင်းသွားသည့် စီးတုယွမ်ချင်း၏အမူအယာကြောင့် ရှောင်ယောင်လည်း ပြုံး၍ပြောလိုက်သည်။
“ အလကားစတာပါ...နင့်က ငါ့သူငယ်ချင်းလေ ငါဘယ်လိုလုပ်ထားသွားမှာလဲ ။။
အစထဲက ငါထွက်သွားတာမှမဟုတ်တာ ဟိုလူတွေကိုလှည့်စားပြီး ပုန်းအောင်းလို့ အခွင့်ကောင်းစောင့်နေတာ ။
ပြီးတော့ နင်တို့တိုက်ပွဲအရှိန်မြင့်နေတုန်း ကျန်တဲ့လူတွေကို မျှားခေါ်ခဲ့တယ်။
အဲဒီနေရာကမခွာတဲ့ သုံးယောက်ကလွဲလို့ ကျန်တဲ့ထိပ်တန်းအဆင့်သိုင်းသမားတွေကိုအကုန်ငါရှင်းပြီးပြီ ။
ပြီးတော့ နင့်ဟိုလူတွေအဆိပ်မြူခိုးနဲ့တိုက်နေတုန်းအချိန်မီရောက်လာတာပဲ။
ငါအချိန်ကိုက်ရောက်လာတာကံကောင်းတယ်လို့ပြောရမယ် မဟုတ်ရင် နင်ဒုက္ခရောက်နေလောက်ပြီ....”
ရှောင်ယောင်က သူပြုလုပ်ခဲ့သည်များကိုတစ်ခုပြီးတစ်ခုတန်းစီပြီးရှင်းပြနေစဉ် စီးတုယွမ်ချင်း၏မျက်နှာက ရေခဲတမျှအေးစက်လာသည်ကို သတိထားလိုက်မိကာအေးစိမ့်သည့်အငွေ့အသက်များကိုပင်ခံစားလာမိ၍ ရှောင်ယောင်လည်းတိတ်ဆိတ်သွားတော့သည်။
“ ဟေ့...ငါ့စကားမဆုံးသေးဘူးလေ....”
ရှောင်ယောင်က အထိတ်တလန့်အော်ပြောပြီးနောက်သို့ခုန်ဆုတ်လိုက်စဉ် စီးတုယွမ်ချင်း၏ဓားရှည်က သူရပ်နေခဲ့သည့်နေရာသို့ဝှီးခနဲကျရောက်လာသည်။
မပြောမဆိုဖြင့်ရုတ်တရက်တိုက်ခိုက်လာသည့်ထိုမိန်းကလေးကြောင့်ရှောင်ယောင်လည်း ထိတ်လန့်သွားပြီးအလျှင်အမြန်ပြောလိုက်သည်။
“ ဟေ့ အရှုပ်ထုပ်မ ငါလာလည်းကယ်ရသေးတယ် နင်ကအခုထိစိတ်ဆိုးတုန်းပဲလား....”
ရှောင်ယောင်က သူ၏ခေါင်းပေါ်မှဖြတ်ကျော်သွားသည့်ဓားချက်ကြောင့် တံတွေးတစ်ချက်မျိုချလိုက်မိရင်း အော်ဟစ်လိုက်သည် ။
စီးတုယွမ်ချင်းကား သူ၏စကားကိုနားမဝင်သည့်အလားလျှင်မြန်လှသည့်ဓားကွက်များဖြင့်တိုက်ခိုက်နေပြီး သူမ၏အမူအယာက အေးစက်မာကျောလျက်ရှိသည်။
“ သေစမ်း....”
တစ်ကွက်ထက်တစ်ကွက်ပို၍ကြောက်မက်ဖွယ်ကောင်းလာသည့်ဓားကွက်များကြောင့် ရှောင်ယောင်လည်းစိတ်ထဲတွင်ကြိတ်၍ကျိန်ဆဲရင်း ဒေါသထွက်စွာဖြင့်ပြောလိုက်သည်။
“ ဟေ့ နင်မရပ်ရင် ငါထွက်သွားတော့မှာနော်....လောဘနတ်ဆိုးနဲ့သူ့လူနှစ်ယောက်က ငါတို့နောက်ကိုလိုက်လာဦးမှာသေချာတယ် ။နင်က အခုအလကားနေရင်း အားအင်ဖြုန်းတီးနေတယ်....”
အနည်းငယ်စနောက်မိသည်ကို ဒေါသတကြီးလိုက်လံတိုက်ခိုက်နေသည့်ထိုမိန်းကလေး၏စိတ်က ကြောက်မက်ဖွယ်ကောင်းလှပြီး ရှောင်ယောင်သာ အရက်မူးခြေလှမ်းသိုင်းကိုတတ်မြောက်မထားပါက သူမ၏ဓားအောက်၌ အပိုင်းပိုင်းခုတ်ထစ်ခံနေရလောက်ချေပြီ။
ရှောင်ယောင်၏သတိပေးမှုကြောင့် စီးတုယွမ်ချင်းလည်း အန်းဒူတို့ရှိနေသေးသည်ကိုပြန်သတိရသွားကာ တိုက်ခိုက်နေခြင်းကိုရပ်လိုက်သည်။
သို့သော် ရှောင်ယောင့်ကိုစူးရဲစွာကြည့်လိုက်ပြီး မကျေမနပ်ပြောလိုက်သည်။
“ နင့်ဘာသာထွက်သွားချင်ရင်သွားပေါ့....”
စီးတုယွမ်ချင်းက ယခုအချိန်ထိအခဲကြေသေးဟန်မတူဘဲ စကားဆုံးသည်နှင့် ချာခနဲလှည့်ထွက်ကာ လျှင်မြန်စွာပြေးလွှားသွားတော့သည်။
ပုံမှန်ဆိုလျှင် စိတ်သဘောထားကောင်းမွန်ပြီးစိတ်ရှည်သည်းခံသော်လည်း တစ်ခါတစ်ရံ၌ ခေါင်းမာလှသည့်ထိုမိန်းကလေးကြောင့် ရှောင်ယောင်လည်း ခေါင်းယမ်းလိုက်မိရင်း သူမ၏နောက်မှ ပြေးလွှားလိုက်ပါသွားရတော့သည်။
&&&
“ တောက်..ဒါ ထွက်ပြေးချင်ယောင်ဆောင်တဲ့ဟိုကောင်ပဲဖြစ်ရမယ်....။
မင်းတို့ကလည်း တုံးလိုက်တာ တမင်မျှားခေါ်မှန်းသိတာတောင် ကျန်တဲ့လူတွေကိုလွှတ်လိုက်သေးတယ်။ ။
အခုတော့ကောင်းတယ် ကိုယ့်လူတွေသေကုန် ရုံတင်မဟုတ်ဘူး မိန်းကလေးကိုတောင်လွတ်သွားပြီ “
တိုက်ပွဲနေရာတွင်ကျန်ရစ်ခဲ့သည့်အန်းဒူက သူ့လူနှစ်ယောက်ထံမှဖြစ်ကြောင်းကုန်စင်သိရပြီးနောက်တွင် ဒေါသတကြီးရေရွတ်လိုက်သည်။
&&&