အဆိပ်မိခြင်း
Vol. 2 Ch. 103
ရှောင်ယောင်နှင့်စီးတုယွမ်ချင်းတို့ထွက်ပြေးလွတ် မြောက်သွားပြီးနောက် သူ၏လူများကိုပြန်ကြည့်လိုက်ရာ အဆင့်လွန်ထိပ်သီးနှစ်ယောက်သာကျန်တော့သည်ကို အံ့ဩဖွယ်သိလိုက်ရသည်။
အစောပိုင်းက အန်းဒူနှင့်အဆငိ့လွန်ထိပ်သီးသုံးယောက်တို့က အရပ်မျက်နှာတစ်ခုစီစောင့်ကြပ်နေသော်လည်း ရှောင်ယောင်တို့က အဆင့်လွန်ထိပ်သီးတစ်ယောက်ကိုသတ်ဖြတ်လွတ်မြောက်သွားသောကြောင့် နှစ်ယောက်သာကျန်တော့ခြင်းဖြစ်သည်။
ထို့အပြင် မူလကကျန်ရှိနေသည့်ထိပ်တန်းအဆင့်သိုင်းသမားများကိုလည်း အနီးတစ်ဝိုက်တွင် ဒဏ်ရာအပြင်းအထန်ရသူရ အကြောပိတ်ခံရသူကအပိတ်ခံရ စသည်ဖြင့်ပြန်တွေ့ခဲ့ရပြီးမည်သူမှဆက်လက်တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။
ထို့ကြောင့် အန်းဒူတစ်ယောက် အကြီးအကျယ်ပေါက်ကွဲနေခြင်းဖြစ်ပြီး ပြီးပြည့်စုံစွာစီစဉ်ထားသည့်သူ၏အစီအစဉ်များချွတ်ချော်သွားခြင်းကိုမည်သို့သည်းခံနိုင်မည်နည်း ။
အန်းဒူမှာ ဟန်ကျန်းမြိုမှထွက်လာသည့် စီးတုယွမ်ချင်းတို့၏ခရီးစဉ်ကို အသေအချာစောင့်ကြည့်နေခဲ့ပြီး မြို့ရွာများနှင့်ဝေးရာ ယခုတောအုပ်ထဲတွင်တိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏ ။
သို့သော် သူတို့များစွာဂရုမစိုက်ခဲ့သည့်ရှောင်ယောင်ကြောင့် ယခုလိုထင်မှတ်မထားသည့်အဖြစ်များပေါ်ထွက်လာပြီး ဆုံးရှုံးမှုကြီးစွာခံစားခဲ့ရသည်။
အန်းဒူနှင့်အျူပါလာသညိဘ အဆင့်လွန်ထိပ်သီးသုံးယောက်နှင့် ထိပ်တန်းအဆင့်သိုင်းသမားဆယ့်နှစ်ယောက်ကလည်း သေသူသေ ဒဏ်ရာရသူကရနေပြီး လေးငါးယောက်ခန့်ကထူးဆန်းသည့်အကြောပိတ်ပညာကြောင့် မလှူပ်ရှားနိုင်ကြပေ။
ယခုလိုအခြေအနေမျိုးတွင် အန်းဒူတစ်ယောက် လူသတ်ချင်စိတ်ပေါက်နေသည်မှာ အထူးအဆန်းမဟုတ်ဘဲ စီးတုယွမ်ချင်းသာလွတ်မြောက်သွားပါက ဖြစ်လာမည့်အကျိုးဆက်များကို သူတွေးကြည့်ရန်ပင်မဝံ့ပေ။
“ ဟူး....”
အန်းဒူလည်း သက်ပြင်းတစ်ချက်ချ၍ ခေါင်းယမ်းလိုက်မိသည်။
အနက်ရောင်သိုင်းလောကတွင်နှစ်ပေါင်းများစွာကျင်လည်လာသည့်ဝါရင့်သိုင်းသမားတစ်ဦးပီပီ အကြပ်အတည်းကျရောက်နေသော်လည်း စိတ်အေးအေးထားကာ စတင်တွေးတောလိုက်ပြီး စီးတုယွမ်ချင်းကိုလိုက်လံသတ်ဖြတ်နိုင်ရန်ကို စတင်ကြံစည်လိုက်သည်။
မူလက စီးတုယွမ်ချင်းကိုလက်ရဖမ်းဆီး၍ မကောင်းသည့်အကြံအစည်းများပင်ကြိုတင်ကြံစည်ထားသော်ငြား ယခုထိုအကြံအစည်များက အငွေ့ပျံသလိုပျောက်ကွယ်သွားကာ ထိုမိန်းကလေးအသက်ရှင်လျက်လွတ်မြောက်မသွားနိုင်ရန်သာအရေးကြီးနေပြီဖြစ်သည်။
အကြောင်းကား စီးတုယွမ်ချင်း၏နောက်တွင် သိုင်းဝိဇ္ဇာတစ်ယောက်မကရှိနေသည့်အပြင် နန်ကုန်းမိသားစု၊ စီးတုမိသားစုနှင့် အော့မေ့ဂိုဏ်းစသည့်ထိပ်တန်းအင်အားစုကြီးများလည်းရှိနေသေးရာ ထိုအင်အားစုများသာသူ့ကိုသတ်ဖြတ်ရန်ကြိုးစားပါက မိုးမြေအဆုံးထိပြေးလျှင်ပင်မလွတ်မြောက်နိုင်၍ဖြစ်သည် ။
လူဝကြီးအန်းဒူက မျက်မှောင်ကြုတ်၍ ငြိမ်သက်နေသလို အဆင့်လွန်ထိပ်သီးနှစ်ယောက်ကလည်း နေရာတွင်ပင်ထိန်လန့်သည့်အမူအယာဖြင့်ရပ်နေကြသည်။
သူတို့ခေါင်းဆောင်၏ရက်စက်ကြမ်းကြုတ်မှုကို သူတို့အသိဆုံးဖြစ်ပြီး အမှားတစ်ခုခုလုပ်မိပါက လက်အောက်ငယ်သားများကိုပင်ချမ်းသာမပေးတတ်သည့်အတွက်ဖြစ်သည် ။
ထိုစဉ် အန်းဒူ၏မျက်နှာက ဝင်းပသွားပြီး သူ၏ပေါင်ကိုပုတ်ကာပြောလိုက်သည်။
“ ဟုတ်ပြီ...ဒီလိုပဲလုပ်တာပေါ့....”
အန်းဒူ၏ရုတ်တရက်အော်သံကြောင့် အဆင့်လွန်ထိပ်သီးနှစ်ယောက်မှာ လန့်ဖျက်သွားကြသည် ။
ထို့နောက် အန်းဒူက သူ၏ရှေ့တွင် တုန်ရီနေသည့်အဆင့်လွန်ထိပ်သီးနှစ်ယောက်ကိုစိတ်ပျက်စွာကြည့်လိုက်ပြီး လေးနက်သည့်လေသံဖြင့် ဆက်ပြောလိုက်သည်။
“ ဟိုမိန်းကလေးနဲ့ ကောင်လေးက တောအုပ်ထဲက အရင်ဆုံးထွက်ဖို့ကြိုးစားမှာပဲ။ နောက်ကိုပြန်လှည့်လာလို့်မရတော့ သူတို့က ရှေ့ကိုမြန်မြန်ဆက်သွားနိုင်တယ်။။
ဒါပေမယ့် ဒီတောအုပ်အခြေအနေကိုကြိုတင်လေ့လာပြီးဖြစ်တော့ ငါတို့က တစ်ပန်းသာနေတယ် ။
မန်ချောင်...မင်းက အနီးဆုံးမှာရှိတဲ့မြို့ကိုမြန်မြန်သွားပြီး ဒီနယ်တစ်ဝိုက်က မိစ္ဆာဝိညာဉ်အဖွဲ့သားတွေကို ဆင့်ခေါ်လိုက် ။ ပြီးတော့ အဲဒီမှာငါနဲ့တွေ့ခဲ့တဲ့ ဝမ်စန်းတို့အဖွဲ့ကိုလည်း ခေါ်လာခဲ့ ။သူတို့ဘယ်လောက်တောင်းတောင်းပေးလိုက် ။။
အဖွဲ့သားတွေက သိုင်းပညာဘယ်လောက်နိမ့်နိမ့်ကိစ္စမရှိဘူး ငါတို့လိူအပ်တာ လူအင်အားပဲ...ပြီးတော့ ဟွာရှန်းတောင်ဘက်ကိုထွက်မယ့်နေရာက လူဖြန့်ပြီးကြိုစောင့်နေ..တစ်ရက်ထက်မကြာစေနဲ့ ။
ရန်ဝေ မင်းက ငါနဲ့အတူဟိုနှစ်ယောက်ကိုလိုက်ပြီးတော့တိုက်ခိုက်မယ် မှတ်ထားငါတို့လုပ်ရမှာက သူတို့ကို ကောင်းကောင်းခရီးဆက်လို့်ရအောင် အနှောင့်အယှက်ပေးရုံပဲ ။
ပြီးရင် ထွက်ပေါက်နားကိုရောက်ရင် မန်ချောင်ခေါ်လာတဲ့လူတွေနဲ့ပေါင်းပြီးမှ သူတို့ကို ချောင်ပိတ်ပြီးဖမ်းမယ်....”
အန်းဒူက အစီအစဉ်များစွာကို တစ်ထိုင်ထဲချမှတ်လိုက်သလို အဆင့်လွန်ထိပ်သီးနှစ်ယောက်ကလည်း သူ့ကိူအရိုအသေပေးလိုက်ကြသည်။
ထို့နောက် မန်ချောင်ဆိုသည့်လူက နောက်ကြောင်းအတိုင်းအလျှင်အမြန်ထွက်ခွာသွားသလို အန်းဒူကလည်း သူ၏ဒဏ်ရာများကိုဆေးထည့်လိုက်ပြီး အလျှင်အမြန်ထရပ်လိုက်သည် ။
လက်ရှိအချိန်တွင် စီးတုယွမ်ချင်းနှင့်တိုက်ပွဲကြီးတစ်ခုတိုက်ခိုက်ထား၍ သူ့အနေဖြင့်ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော်လည်း အနားမယူနိုင်သေးပေ။
အကြောင်းကား လက်ရှိပြဿနာကလွန်စွာကြီးမားနေပြီဖြစ်၍ စီးတုယွမ်ချင်းကိုအသက်ရှင်လျက်မလွတ်မြောက်စေရန်က သူ၏အသက်ရှင်ခွင့်နှင့်လိုက်သက်ဆိုင်နေ၍ဖြစ်သည် ။။
ထို့နောက် အန်းဒူလည်း ဒဏ်ရာများကိုကုသပြီး အတွင်းအားပြန်စုစည်း၍ အကောင်းဆုံးအခြေအနေသို့ရောက်ရှိသည့်အခါ ထရပ်၍ပြောလိုက်သည် ။
“ ကဲ....သွားမယ်....”
စိုးရိမ်ပူပန်သည့်ဟန်ဖြင့် မျက်မှောင်တင်းတင်းကြုတ်ထားသည့် သူ၏ပုံစံက အလောတကြီးဖြစ်နေမှန်းသိသာပြီး ရန်ဝေဆိုသူက အနည်းငယ်တွန့်ဆုတ်ဟန်ဖြင့်မေးလိုက်သည် ။
“ ခေါင်းဆောင် သူတို့ကိုရော....”
စီးတုယွမ်ချင်း၏လက်ချက်ကြောင့်သေဆုံးသူများမှအပ ကျန်လူများထဲတွင် ဒဏ်ရာအပြင်းအထန်ရရှိထားသူ ခုနစ်ယောက်နှင့် အကြောပိတ်ခံထားရသူလေးယောက်တိတိရှိသည် ။
ထိုလူများမှာ ရှောင်ယောင်၏မျှားခေါ်မှုနောက်သို့လိုက်ပါလာသူများမှလွဲ၍အခြားမဟုတ်ဘဲ ရှောင်ယောင်က တစ်ယောက်မှသတ်ဖြတ်ခြင်းမပြုသည့်တိုင်တိုက်ခိုက်နိုင်စွမ်းကင်းမဲ့စေရန်စီစဉ်ထားခဲ့သည်။
ဒဏ်ရာအပြင်းအထန်ရရှိထားသူများက အနည်းဆုံးတစ်ပတ်ခန့်အနားမယူပဲကောင်းမည်မဟုတ်သလို လက်ရှိအချိန်တွင် မတ်တပ်ရပ်နိုင်ရန်ပင်ခက်ခဲနေကြသည်။
အကြောပိတ်ခံထားရသူများက ပို၍ပင်ဆိုးရွားပြီး အသံပင်မထွက်နိုင်ဘဲမျက်လုံးအပြူးသားဖြင့်ရှိနေကြကာ ရှောင်ယောင်၏အကြောပိတ်ပညာကဆန်းကြယ်လှ၍ အန်းဒူကိုယ်တိုင်ပင် ထိုလူများကိုအကြောပြန်ဖွင့်ပေးနိုင်စွမ်းမရှိပေ ။
ရန်ဝေ၏စကားကြောင့် အန်းဒူလည်း တစ်နေရာတွင် စုနေသည့်ထိုလူများကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့သည့်ဟန်ဖြင့်ပြောလိုက်သည် ။
“ ထားခဲ့လိုက်....သေတာရှင်တာ သူတို့ကိစ္စပဲ....”
&&&
“ ဟေ့ ယွမ်ချင်း နေပါဦးဟ...”
တောအုပ်ထဲတွင် လူရိပ်နှစ်ခုက ရှေ့ဆင့်နောက်ဆင့်လျှင်မြန်စွာပြေးလွှားနေပြီး သူတို့၏ကိုယ်ဖော့ပညာများက မီးခိုးတန်းလိုလျှင်မြန်လှပေသည်။
ရှောင်ယောင်ကား အလကားနေရင်းမကျေမနပ်ဖြစ်နေသည့် ထိုမိန်းကလေး၏နောက်သို့လိုက်နေရခြင်းဖြစ်ကာသူ၏ကိုယ်ဖော့ပညာသာထိပ်တန်းအဆင့်တွင်ရှိမနေပါက အစောပိုင်းကပင်ပြတ်ကျန်နေခဲ့လောက်ချေပြီ။
ရုတ်တရက် သူ၏ခန္တာကိုယ်အတွင်းမှအပူလှိုင်းတစ်ခုထိုးတက်လာ၍ ရှောင်ယောင်လည်းမျက်မှောင်ကြုတ်လိုက်ကာ အတွင်းအားဖြင့်ဖိနှိပ်လိုက်သည်။
တိုက်ပွဲနေရာမှထွက်ခွာလာသည်က အချိန်အနည်းငယ်ရှိနေပြီဖြစ်ပြီးယခုလို ထူးဆန်းသည့်အပူလှိုင်းတစ်ခုထကြွလာသည်က သုံးကြိမ်မြောက်လည်းဖြစ်ပေသည်။
ရှေ့မှလျှင်မြန်စွာပြေးလွှားနေသည့်စီးတုယွမ်ချင်းလည်း တသွင်သွင်စီးဆင်းနေသည့်စမ်းချောင်းကလေးကိုမြင်သည့်အခါ သူမ၏အရှိန်ကိုလျော့ချလိုက်သည်။
အကြောင်းကား အန်းဒူနှင့်တိုက်ပွဲပြိးနောက်တွင် သူမ၏အတွင်းအားက များစွာလျော့နည်းခဲ့ခြင်းကြောင့်ဖြစ်ပြီး ယခုအချိန်အတော်ကြာအောင်ပြေးလွှားလာခဲ့ပြီးနောက်တိုက်ပွဲနေရာနှင့်ဝေးကွာသည့်နေရာသို့ရောက်လာပြီဖြစ်၍ အနားယူရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ထို့နောက် စီးတုယွမ်ချင်းလည်း စမ်းချောင်းဘေးရှိကြီးမားသည့်ကျောက်တုံးကြီးတစ်ခုပေါ်တွင် ခြေချိတ်ထိုင်လိုက်ကာ အတွင်းအားစုစည်းရန်ပြင်ဆင်လိုက်သည်။
ထိုအခိုက် သူ၏အနီးသို့ မချိုမချဉ်မျက်နှာဖြင့်ချဉ်းကပ်လာသည့်ရှောင်ယောင့်ကိုမြင်၍ သူမ၏မျက်နှာက အနည်းငယ်အေးစက်သွားခဲ့သည်။
“ ယွမ်ချင်း ငါကနင့်ကိုကယ်ထားရတာနော်....နင့်ကြောင့် ဟောင်ရန်ဝယ်ပေးတဲ့ဝတ်စုံလေးတောင် ဟိုမှာကျန်ခဲ့တာ....”
ရှောင်ယောင်က ထိုမိန်းကလေးဒေါသထွက်နေသေးမှန်းသိ၍ စကားလမ်းကြောင်းလွှဲလိုက်သည်။
ပန်းနုရောင်မြူခိုးများထဲတွင် စီးတုယွမ်ချင်းပိတ်ပိသွားစဥ်ကလျှပ်တပြတ်ပေါ်လာသည့်အကြံကြောင့် သူ၏အဝတ်အိတ်အတွင်းမှဝတ်စုံတစ်စုံကိုထုတ်ကာ မြူခိုးများအတွင်းတိတ်တဆိတ်ဝင်ရောက်သွားခြင်းဖြစ်သည် ။
စီးတုယွမ်ချင်းကိုရှာတွေ့ပြီးနောက်ပိုင်းတွင် သူ၏ဝတ်စုံကို ယပ်တောင်သဖွယ်သဘောထားကာ ထူထဲနေသည့်မြူခိုးများကို ဘေးဘက်သို့လွင့်စင်ရန်ပြုလုပ်ခဲ့သည်။
ထို့နောက် မြူခိုးများလွင့်လာ၍ တစ်ဖက်လူများဖရိုဖရဲဖြစ်နေစဉ် အာရုံလွှဲသည့်အနေဖြင့် အန်းဒူစောင့်ကြပ်နေသည့်ဘက်သို့ သူ၏ဝတ်စုံကိုပစ်လွှတ်ကာ ကျန်တစ်ဖက်မှဖောက်ထွက်ခဲ့ခြင်းဖြစ်၏။
ထိုဘက်တွင်စောင့်ကြပ်နေသည့်အဆင့်လွန်ထိပ်သီးမှာ ရှောင်ယောင်၏သံမဏိလက်သီးနှင့် စီးတုယွမ်ချင်း၏ဓားချက်တို့ကြောင့် တစ်ခွန်းသာအော်ဟစ်နိုင်ပြီး ချက်ခြင်းအသက်ပျောက်သွားခြင်းဖြစ်ပေသည်။
ရှောင်ယောင်၏စကားကြောင့် စီးတုယွမ်ချင်းလည်း အလိုလိုနေရင်းဒေါသထွက်နေမိသည့် သူမကိုယ်သူမသတိထားလိုက်မိကာ ခေါင်းယမ်းလိုက်မိရင်း ပြန်ပြောလိုက်သည် ။
“ နင့်ဝတ်စုံအတွက် ငါပြန်ဝယ်ပေးမယ်....အခုလောလောဆယ် ငါအတွင်းအားပြန်ဖြည့်မလို့....”
သူမ၏ပျော့ပြောင်းသည့်လေသံကြောင့် ရှောင်ယောင်လည်း ထိုမိန်းကလေးစိတ်ဆိုးပြေသွားသည်ကို သတိထားလိုက်မိကာ သူ၏ရင်ဘက်ကိုပုတ်၍ပြောလိုက်သည်။
“ စိတ်ချ ငါနင့်ကိုစောင့်ကြပ်ပေးမယ်....”
သူ၏ရဲရဲတောက်ပုံစံကြောင့် စီးတုယွမ်ချင်း၏အေးစက်စက်မျက်နှာထက်တွင်အပြုံးရိပ်သလေးထွက်ပေါ်လာစဉ် ရှောင်ယောင်၏မျက်နှာက အနည်းငယ်ရှုံ့မဲ့သွားသည် ။
“ အ....”
ရှောင်ယောင်မှာ သူ၏ခန္တာကိုယ်ထဲတွင် နောက်တစ်ကြိမ်ထိုးတက်လာသည့်အပူလှိုင်းကိုဖိနှိပ်ရင် အသံထွက်၍ပင်ညည်းညူလိုက်မိ၏။
ယခုတစ်ကြိမ်၌ ထိုအပူလှိုင်းက ငြိမ်သက်ခြင်းမရှိတော့ဘဲ ဖိနှိပ်လေထကြွလေဖြစ်ကာ ရှောင်ယောင်၏မျက်နှာက သိသိသာသာနီရဲလာပြီး သူ၏ခန္တာကိုယ်ကမီးပုံထဲတွင်ခုန်ဆင်းနေသလို ပူပြင်းလာသည်ဟုခံစားမိလိုက်သည်။
ထို့ကြောင့် ချက်ခြင်းလိုလိုအတွင်းအားလှည့်ပတ်၍အပူဓာတ်ကိုဖိနှိပ်လိုက်သော်လည်း ယခုတစ်ကြိမ်၌ လွယ်ကူခြင်းမရှိတော့ပါချေ။
“ ဟေ့...နင်ဘာဖြစ်တာလဲ ...”
မသက်မသာပုံစံဖြစ်နေသည့်ရှောင်ယောင်၏ပုံစံကိုသတိထားမိ၍ စီးတုယွမ်ချင်းက မျက်မှောင်ကြုတ်၍မေးလိုက်သည် ။
သူမ၏မေးခွန်းကိုမဖြေနိုင်သေးဘဲ ရှောင်ယောင်က ပြင်းထန်သည့်အပူဓာတ်ကိုကြိုးစားထိမ်းချုပ်နေရပြီးအချိန်အနည်းငယ်ကြာမှသက်သာသွားကာ နဖူးပေါ်ရှိချွေးစက်များကိုသုတ်ရင်းသက်ပြင်းချလိုက်သညိ ။
“ ငါ နင့်ကိုလာကယ်တုန်းက ....ဟိုမြူခိုးနည်းနည်းကို ရှူလိုက်မိသေးတယ် ။အဲဒါ တစ်လမ်းလုံး အဆိပ်ထလာတာ သုံးကြိမ်လေးကြိမ်လောက်ရှိပြီ....”
&&&&