အဆိပ်မဟုတ်သောအဆိပ်
Vol. 2 Ch. 104
“ ငါ နင့်ကိုလာကယ်တုန်းက ....ဟိုမြူခိုးနည်းနည်းကို ရှူလိုက်မိသေးတယ် ။အဲဒါ တစ်လမ်းလုံး အဆိပ်ထလာတာ သုံးကြိမ်လေးကြိမ်လောက်ရှိပြီ....”
ရှောင်ယောင်၏စကားကြောင့် စီးတုယွမ်ချင်း၏မျက်နှာက မဲ့သွားပြီး မကျေမနပ်ရေရွတ်လိုက်သည်။
“ ငါ့ကိုလာကယ်တဲ့လူက ပြန်ပြိးအဆိပ်မိရတယ်ရှိသေးတယ်။။ပြီးတော့ ငါ့ဘာသာလည်းဖောက်ထွက်နိုင်ပါတယ်နော်....”
အကယ်၍ ရှောင်ယောင်သာလာရောက်ကူညီခြင်းမရှိပါက ထိုနေရာမှလွတ်မြောက်ရန်လွယ်ကူခြင်းမရှိသည်ကိုသိရှိသော်လည်းထိုအချက်ကိုဝန်ခံမည်မဟုတ်ပေ။
သူမ၏စကားကြောင့် ရှောင်ယောင်က အနည်းငယ်ဒေါသထွက်ဟန်ဖြင့်ပြောလိုက်သည်။
“ နင်ငါ့ကိုဆီးပြီးတိုက်ခိုက်လို့ ငါသတိလက်လွတ်နဲ့ အဆိပ်မြူခိုးတွေကိုရှူမိသွားတာလေ။
ပြီးတော့ ဒီနေရာရောက်တဲ့အထိ အဆိပ်ကိုပြန်တိုက်ထုတ်ချိန်မရဘဲ နင့်နောက်ကိုလိုက်လာရတာ ....”
ရှောင်ယောင်၏စကားကြောင့် စီးတုယွမ်ချင်းလည်း သူမ၏အပြုအမူများက အနည်းငယ်လွန်ကဲခဲ့သည်ကိုပြန်တွေးလိုက်မိပြီး အနည်းငယ်ရှက်ရွံ့သည့်ဟန်ဖြင့်ပြောလိုက်သည်။
“ စကားမများနဲ့တော့ မြန်မြန်အဆိပ်ကိုချေဖျက်လိုက် ငါစောင့်ကြပ်ပေးမယ်....”
ရှက်ဝဲဝဲဖြစ်နေသည့်သူမ၏အမူအယာက ပုံမှန်အေးစက်စက်ပုံစံနှင့်မတူဘဲ လွန်စွာချစ်စရာကောင်းနေရာ ရှောင်ယောင်လည်း ငေးမောလိုက်မိစဉ် သူ၏ခန္တာကိုယ်တွင်းရှိအပူဓာတ်က ပြန်၍ထကြွလာပြန်သည်။
“ ချီးပဲ....”
ရှောင်ယောင်လည်း မကျေမနပ်ရေရွတ်လိုက်ရင်း ခြေချိတ်ထိုင်ကာအတွင်းအားလှည့်ပတ်၍ အဆိပ်ကိုချေဖျက်ရန်ကြိုးစားလိုက်သည်။
မူလကကုန်ဆုံးသွားသည့်အတွင်းအားများကိုပြန်လည်ဖြည့်တင်းမည်ပြုနေသည့်စီးတုယွမ်ချငိးကား ရှောင်ယောင့်ကို စောင့်ကြပ်ရန် သူမ၏ဓားကိုအဆင်သင့်ကိုင်ထားရင်း ဖြေးညင်းစွာ ပြန်လည်ဖြည့်တင်းနေရသည် ။
သူမ၏အမူအယာက အနည်းငယ်စိုးရိမ်ပူပန်နေဟန်တူပြီး မျက်မှောင်ကလေးကုတ်ကာ မျက်လုံးမှိတ်၍ အဆိပ်ချေဖျက်နေသည့်ရှောင်ယောင့်ကို ငေးကြည့်လိုက်မိသည်။
အနည်းငယ်စုကြုံ့ထားသည့်မျက်ခုံးများက မည်းနက်ဖြောင့်တန်းနေပြီး ပြေပြစ်သည့်နှာတံ၊ တင်းတင်းစေ့ထားသည့်နှုတ်ခမ်းများနှင့် ခိုင်မာသည့်မေးရိုးပုံသဏ္ဍာ်တို့က ယောင်္ကျားပီသခန့်ညားလှသည်။
ရှောင်ယောင်၏ရုပ်ရည်မှာ အလွန်အမင်းခန့်ညားချောမောနေပြီး မိန်းကလေးတိုင်းစွဲလမ်းစေနိုင်မည့်ရုပ်ရည်မျိူးဟုဟုမဆိုနိုင်သော်လည်းမည်သည့် ယောင်္ကျားသားနှင့်ယှဉ်ယှဉ်မနိမ့်ကျဘဲ တည်ကြည်ခန့်ညားသည်ဟုထင်ရသည်။
ပုံမှန်ဆိုလျှင် နွေးထွေးနူးညံ့သည့်ပုံစံနှင့် ဒေါသထွက်လျှင် တင်းမာပြက်သားသည့်အမူအယာတို့င အစွန်းနှစ်ဘက်ခံစားချက်ကိုပေးနိုင်ကာ သူနှင့်ရင်းနှီးလေလေ ပို၍ရှေ့တိုးချင်လေလေဖြစ်ပြီး တစ်မူထူးခြားသည့်ဆွဲဆောင်မှုတစ်ခုလည်းရှိနေသည်ဟုဆိုရမည်။
စီးတုယွမ်ချင်းမှာ အများအမြင်တွင်အေးတိအေးစက်နှင့်ချဉ်းကပ်ရခက်သော်လည်း သူမ၏အတွင်းစိတ်ကနွေးထွေးနူးညံ့ပြီးရင်းနှီးသူများသာထိုအချက်ကိုသိရှိနိုင်မည်ဖြစ်သည်။
အစောပိုင်းက ရှောင်ယောင်က သူမကိုသဘောကျသည်ဟုပြောခဲ့စဉ်ကသူမ၏စိတ်ထဲတွင် ထူးခြားသည့်ခံစားချက်တစ်ခုပေါ်လာပြီး မည်သို့တုန့်ပြန်ရမှန်းမသိဘဲဖြစ်နေစဉ် ထိုအကောင်က စနောက်နေခြင်းဖြစ်ကြောင်းသိလိုက်၍ ဒေါသအလုံးအရင်းထွက်ကာ ဓားဖြင့်လိုက်ခုတ်မိခြင်းဖြစ်သည်။
မည်သည့် ယောင်္ကျားလေးကိုမှရင်းရင်းနှီးနှီးဆက်ဆံလေ့မရှိဘဲ အမြဲလိုလိုအေးစက်စက်ဖြစ်သည့်သူမ၏နှလုံးသားက ထိုယောင်္ကျားဖြင့်ဆိုလျှင် သက်သောင့်သက်သာဖြစ်မှုကိုခံစားရသည် ။
သူတို့နှစ်ယောက်၏ကြားရှိ ရင်းနှီးမှုက ထူးဆန်းပြီးတစ်ယောက်ကိုတစ်ယောက်စကားနိုင်လုရင်း ဒေါသထွက်ရသည် ၊ ပြုံးရွှင်ရသည်။
သူမထံတွင် ချောင်ရှန်းရှန်းတို့လို လွန်စွာရင်းနှီးသည့်မိတ်ဆွေအနည်းငယ်ရှိနေသော်လည်း ရှောင်ယောင်နှင့်ဆက်ဆံရသည်လောက် နွေးထွေးမှုမရှိဟုခံစားရပေသည်။
ဤသည်က အခြားလူများပြောကြသည့် အချစ်ဆိုသည့်ခံစားချက်ဖြစ်မည်လောဟုတွေးမိကာ စီးတုယွမ်ချင်းမှာ ခေါင်းကိုတွင်တွင်ခါယမ်းလိုက်မိသည်။
ဤသည်က မည်သို့ဖြစ်နိုင်မည်နည်း ။
သူတို့နှစ်ယောက်ငယ်ငယ်ကရင်းနှီးခဲ့ဖူးသော်လည်း နေ့တစ်ဝက်သာဖြစ်ပြီး ယခုပြန်တွေ့ရသည်ကလည်း တစ်ပတ်ပင်မပြည့်သေးပေ။
ထိုသို့သောအချိန်တိုလေးအတွင်း ယခုလိုမျိုးခံစားချက်ရှိရန်ကမဖြစ်နိုင်ပေ။
သို့သော် ရှောင်ယောင့်ကိုအခြားလူများနှင့်မတူညီသည့်ခံစားချက်တစ်မျိုးရှိနေသည်ကိုတော့ သူမ၏စိတ်ထဲတွင်အလိုလိုနားလည်နေမိသည် ။
စီးတုယွမ်ချင်းလည်း ကိုယ့်ကိုယ်ကို စမ်းစစ်နေရင်းမှ အဆိပ်ချေဖျက်နေသည့်ရှောင်ယောင့်ကိုငေးကြည့်နေမိသည်။
ထို့နောက် သူမ၏အတွေးများကိုသတိဝင်လာပြီး အလိုလိုနေရင်းမျက်နှာပူလာသလိုခံစားလိုက်မိ၍ အနည်းငယ်နီရဲနေသည့် ပါးများကိုပြန်ပွတ်လိုက်မိသည်။
ထိုစဉ် အဆိပ်ကိုအာရုံစိုက်ချေဖျက်နေဟန်တူသည့်ရှောင်ယောင်၏ခန္တာကိုယ်က တဆက်ဆက်တုန်ယင်လာပြီး မျက်ခုံးများတင်းတင်းကြုံ့ထားကာ ဖျက်ခနဲမျက်လုံးပွင့်လာတော့သည်။
“ အဆင်မပြေဘူးလား....”
ရှောင်ယောင့်ကိုတစ်ချိန်လုံးစိုက်ကြည့်နေမိသည့်စီးတုယွမ်ချင်းက သူ၏အမူအယာကိုချက်ခြင်းတွေ့မြင်လိုက်ပြီး မေးလိုက်ခြင်းဖြစ်သည်။
အမြဲလိုလိုအေးတိအေးစက်ဖြစ်ပြီး အခြားလူတစ်ယောက်ကိုစိတ်မပူသည်မှာ နှစ်များစွာကြာမြငိ့နေပြီဖြစ်သည့်သူမ၏စိတ်ထဲတွင် ပထမဆုံးအကြိမ်အဖြစ် စိုးရိမ်ပူပန်စိတ်များဝင်ရောက်လာမိသည်။
အထူးသဖြင့် ယခုအခါ ရှောင်ယောင်၏မျက်နှာက နီရဲနေပြီး နဖူးကြောများထောင်လာအောင် အံကိုတင်းတင်းကြိတ်ထားရင်း နာကျင်ခံစားနေရသည်ကိုမြင်၍ သူမတည်ငြိမ်မနေနိုင်တော့ခြင်းဖြစ်သည် ။
အဆိပ်ကိုချေဖျက်နေသည့်ရှောင်ယောင်ကလည်း ဒုက္ခရောက်နေပေသည်။
လောဘနတ်ဆိုး၏ပန်းနုရောင်မြူခိုးများက လွန်စွာကြောက်မက်ဖွယ်ကောင်းမည့်အဆိပ်တစ်မျိုးဖြစ်သည်ကိုသိရှိသော်လည်း အနည်းငယ်သာရှုရှိုက်မိသည့်အပြင်လမ်းတစ်လျှောက် နှစ်ကြိမ်သုံးကြိမ်ဖိနှိပ်ပြီးဖြစ်၍ များစွာပြဿနာမရှိဟုတွေးခဲ့မိ၏။
သို့သော် ယခု အဆိပ်ကိုလုံးဝကုန်စင်အောင်ချေဖျက်ရန်ကြိုးစားချိန်ရောက်မှ အမှန်တကယ် ဒုက္ခရောက်ခြင်းဖြစ်ပြီး အတွင်းအားဖြင့်ဖိနှိပ်ထားခြင်းကိုလွှတ်ပေးလိုက်စဉ် သူ၏ခန္တာကိုယ်ထဲတွင် အလုံးအရင်းထကြွလာသည့်ထိုအပူလှိုင်းများကို ထိမ်းချုပ်နိုင်စွမ်းမရှိတော့ပေ။
အထူးသဖြင့် သူ၏ရှေ့တွင် လွန်စွာလှပသည့်မိန်းမလှလေးတစ်ယောက်ရှိနေချိန်တွင်ဖြစ်ကာ သူ၏စဉ်းစားဆင်ခြင်နိုင်စွမ်းများပင်ပျောက်ဆုံးတော့မည်ကဲ့သို့ဖြစ်လာမိ၏။
ရှောင်ယောင်လည်း နီရဲနေသည့်မျက်နှာဖြင့်ထရပ်လိုက်ရင်း အံကြိတ်၍ပြောလိုက်သည် ။
“ အဲဒီမြူခိူးတွေကအဆိပ်မဟုတ်ဘူး....ရမ္မက်ကြွဆွေးတွေ....”
&&&
အားနည်းသည့်လမင်း၏အလင်းရောင်အောက်တွင် ဘုံကျောင်းပျက်ကြီးက အထီးကျန်နေသည့်တစ္ဆေသရဲတစ်ကောင်ပမာ ထီးထီးကြီးတည်ရှိလျက်ရှိသည် ။
ဘုံကျောင်း၏တည်နေရာမှ။ မြိုနှင့်ဝေးကွာသည့်တောတွင်းတစ်နေရာတွင်ရှိကာ လူသွားလူလာများသည့်လမ်းမနှင့်လည်းနီးကပ်ခြင်းမရှိပေ ။
တစ်ချိန်က တောမှီရသေ့ရဟန်းများ ၊ လာရောက်မှီခိုဆည်းကပ်သူများဖြင့်စည်ကားခဲ့ဟန်တူသော်လည်း အချိန်ကာလ၏တိုက်စားမှုအောက်၌ တဖြေးဖြေးယိုယွင်းလာခဲ့ပြီး ဘုံကျောင်းနေရသေ့များမရှိတော့သည်ပင် နှစ်ပေါင်းမည်မျှကြာသည်မသိပေ။
ဤသို့ဖြင့် တစ်ချိန်ကခန်းနားကြီးကျယ်ခဲ့သည့်ဘုံကျောင်းကြီးက ယခုအခါတွင်စွန့်ပစ်ခံနေရာတစ်ခုဖြစ်ကာ ပြိုကျနေသည့်နံရံများ၊ ဟိုဟောင်းကျိုးပဲ့နေသည့်နတ်ရုပ်များနှင့် ဖုန်အလိမ်းလိမ်းကပ်ညိနေသညိ့နေရာတစ်ခုဖြစ်နေပြီဖြစ်သည်။
လူသူကင်းဝေးသည့်အပြင် ညသန်းခေါင်ကျော်အချိန်ဖြစ်၍ ဘုံကျောင်းပျက်ကြီးမှာ မည်းမှောင်နေပြီးကြောက်မက်ဖွယ်သားရဲကြီးတစ်ကောင်ခံတွင်းဟထားသည်ဟုထင်ရသည် ။
ထိုအထဲတွင် မှိတ်တုတ်မှိတ်တုတ်လင်းနေသညိ့အလင်းရောင်တစ်ခုကိုအဝေးမှတွေ့ရမည်ဖြစ်ပြီး အသဲငယ်သူများမသွားဝံ့သည့်ထိုနေရာတွင် သက်ရှိလူသားတစ်ဦးရှိနေပေသည် ။
ထိုလူက အသက်များစွာကြီးရင့်ခြင်းမရှိသေးဘဲ နှစ်ဆယ်ဝန်းကျင်သာရှိမည့်လူငယ်တစ်ဦးဖြစ်သည်။
နောက်ကျောတွင်ဓားတစ်လက်ကိုသိုင်းလွယ်ထားကာအနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်လူငယ်၏သွင်ပြင်ကသိုငိးလောကသားတစ်ယောက်ဟုသက်သေခံနေသည်။။
လူအများကြားတွင် အလွယ်တကူရောနှောနိုင်မည့် သူ၏ရုပ်ရည်က သာမန်ဆန်လှပြီး ရောဂါဝေဒနာတစ်ခုခံစားနေရသလို သွေးမရှိသလိူဖြူဖက်ဖြူလျော်ဖြစ်နေခြင်းကသာ ထူးခြားသည်ဟုဆိုရမည်။
“ ဟူး.... အခုချိန်ထိဟိုနှစ်ယောက်ကိုရှာမတွေ့သေးဘူး..ငါကိုယ်တိုင်တောင် ဘယ်ရောက်နေမှန်းမသိဘူး မျက်စေ့လည်နေပြီထင်တယ်။။
ဒီတစ်ကြိမ် ခေါင်းဆောင်ပေးလိုက်တဲ့တာဝန်က ထင်ထားတာထက်အများကြီးခက်မယ့်ပုံပဲ....။။
ဟူး....ဘယ်အချိန်မှ ယန်မင်ဆိုတဲ့ငါက သိုင်းလောကတစ်ခုလုံးကိုလှုပ်ခါနိုင်မယ့်သိုင်းပညာ ရှင်တစ်ယောက်ဖြစ်လာမလဲ... “
လူငယ်က တစ်ကိုယ်တည်းရေရွတ်ရင်း မီးငြိမ်းလုဖြစ်နေသည့်မီးဖိုအတွင်းသို့ ထင်းခြောက်အချို့ပစ်ထည့်လိုက်သည်။
သူ၏ပုံစံက သာမန်ဆန်သော်လည်း လူငယ်၏အိပ်မက်ကတော့ ကြီးကျယ်လှပြီး ထိုခဏ၌ စူးရှသည့်မျက်လုံးအစုံကလည်း မယိုင်မလဲသည့်ယုံကြည်ချက်တို့ဖြင့် တလက်လက်တောက်ပလျက်ရှိသည် ။
နွေဦးရာသီ၏ ညအခါဖြစ်၍ အနည်းငယ်အိုက်စပ်စပ်ဖြစ်နေသော်လည်း ညဘက်အလင်းရောင်းရနိုင်ရန်နှင့် မြွေပါးကင်းပါး ကာကွယ်နိုင်ရန် အနီးတွငိမီးပုံတစ်ခုကို ဖိုထားခြင်းဖြစ်သည်။
ခြောက်ချားဖွယ်ဘုံကျောင်းပျက်ထဲတွင်တစ်ကိုယ်တည်းရောက်နေသော်လည်း လူငယ်ကားကိုယ့်အိမ်ကိုယ့်ယာရောက်နေသလိုသနေသလိုသဘောထာနေဟန်တူပြီး ကျေးလက်တေးသွားတစ်ပုဒ်ကိုပင် ခပ်တိုးတိုးညဉ်းလိုက်သေးသည်။။
ထိုအခိုက် ဘုံကျောင်းအပြင်ဘက်မှတစ်စုံတစ်ယောက်ချဉ်းကပ်လာသည့်လေသံနှင့်အသက်ရှူသံပြင်းပြင်းတစ်ခုကြားလိုက်ရသည့်အခါ လူငယ်၏မျက်နှာကအေးစက်ပြီးခံစားချက်ကင်းမဲ့သည့်ပုံစံသို့ပြောင်းလဲသွားသည်။
ထို့နောက် နောက်ကျောရှိဓားကိုအသံမမည် အောင်ဆွဲထုတ်လိုကိရသ်း စူးရှသည့်အကြည့်များဖြင့်ဘုံကျောင်းအဝင်တံခါးဆီသို့အကဲခပ်လိုက်စဉ် ဒယီးဒယိုင်လျှောက်လာသည့်လူရိပ်တစ်ရိပ်က ဘုံကျောင်းတံခါးဝတွင် ဝုန်းခနဲလဲကျသွားသည်ကိုမြင်တွေ့လိုက်ရသည် ။
နောက်ထပ်ရောက်ရှိလာသည့်လူက အသက်နှစ်ဆယ်ဝန်းကျင်သာရှိမည့်မိန်းမပျိုလေးတစ်ဦးဖြစ်သည်။
ရှုပ်ပွနေသည့်ဆံပင်များပင် သွေးအလိမ်းလိမ်းဖြင့် စုတ်ပြတ်နေသည့်ပုံစံကြောင့် သူမ၏မျက်နှာသွင်ပြင်ကိုမမြင်ရဘဲ အချိုးအစားကျလှသည့်ခန္တာကိုယ်လေးကိုသာ အပြညိ့အဝမြင်တွေ့နေရသည် ။
သို့သော် အနီရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့် ထိုခန္တာကိုယ်လေးထက်တွင်လည်း ငါးခုထက်မနည်းသည့်ဒဏ်ရာများရှိနေပြီး မည်းနက်သည့်သွေးများစီးကျလျက်ရှိသည်။
သူတောင်းစားတစ်ယောက်ထက်ပင်စုတ်ပြတ်နေကာ ဒဏ်ရာပရပွဖြင့်ထိုမိန်းကလေး၏ပုံစံက တိုက်ပွဲတစ်ခုခုမှအသက်လုထွက်ပြေးလာရသူဖြစ်မှန်းသိရှိနိုင်သည်။
မိန်းမပျိုလေးမှာ ရန်သူများ၏လက်မှ လွတ်မြောက်ရန်ထွက်ပြေးနိုင်ခဲ့ပြီး ဘုံကျောင်းပျက်တွင် မီးရောင်တွေ့၍ အားတင်းကာအရောက်လာခဲ့ဟန်တူကာ အထဲသို့ပင်မဝင်နိုင်ဘဲ လဲကျသွားခြင်းဖြစ်ပေမည်။
“ ကယ်ပါ....”
ထိုမိန်းကလေး၏အားနည်းသည့်အသံကထွက်ပေါ်လာပြီး လူငယ့်ဆီသို့လက်ဆန့်တန်းရင်း ဘေးတစောင်းလဲကျသွားသည်။
သို့သော် လူငယ်က နေရာတွင်တုတ်တုတ်မှမလှုပ်ဘဲရပ်နေသည်။
ရုတ်တရက်ရောက်ရှိလာသည့်လူကဒုက္ခရောက်နေသည့်မိန်းကလေးတစ်ဦးဖြစ်မှန်းသိလိုက်သော်လည်း လူငယ်၏အေးစက်မာကျောသည့်အမူအယာက ပြောင်းလဲခြင်းမရှိဘဲ သတိထား၍စောင့်ကြည့်နေခြင်းဖြစ်သည်။
ထိုမိန်းကလေးမှာ အမှန်တကယ်ဒုက္ခရောက်လာခြင်းဖြစ်နိုင်သလို သူ့ကိုဒုက္ခပေးရန်ရည်ရွယ်ချက်ဖြင့်ရောက်လာခြင်းလည်းဖြစ်နိုင်သည်။
ထိုသို့သောလှည့်ကွက်မျိုးကို သူငယ်စဉ်ထဲက အကြိမ်ပေါင်းများစွာသင်ကြားခံခဲ့ရပြီး သူတို့လို ယောင်္ကျားလေးများအတွက်များစွာအသုံးမဝင်သော်လည်း မိန်းကလေးလုပ်ကြံသူများအတွက်မူ မရိုးနိုင်သည့်လှည့်ကွက်တစ်ခုလည်းဖြစ်သည် ။
ထိုလှည့်ကွက်တွင်ကျရှုံးပြီးအသက်ပေးခဲ့ရသည့်သိုင်းသမားမည်မျှရှိမည်ကို ရေတွက်၍ပင်မရတော့ပေ။
&&&&