← Chapters

ပြီးပြည့်စုံမှုကင်းမဲ့ခြင်း

Vol. 2 Ch. 106

ပြီးပြည့်စုံမှုကင်းမဲ့ခြင်း

Vol. 2 Ch. 106

နက်ရှိုင်းသည်တောအုပ်၏တစ်နေရာရှိ တသွင်သွင်စီးဆင်းနေသည့်ချောင်းနံဘေးတွင် သက်ရှိလူသားနှစ်ဦးငြိမ်သက်စွာထိုင်နေကြ၏ ။

အနက်ရောင်ဝတ်စုံကိုတူညီစွာဝတ်ဆင်ထားကြသည့်သူတို့နှစ်‌‌ယောက်က အသက်နှစ်ဆယ်ဝန်းကျင်သာရှိမည်ဖြစ်ကာ ချောမောသည့်သွင်ပြင်များကလည်း ရှေ့သွားနောက်လိုက်ညီနေကြသည်။

သူတို့၏အလယ်တွင် တဖျစ်ဖျစ်မည်၍တောက်လောင်နေသည့်မီးပုံငယ်တစ်ခုရှိကာ မီးဖို၏အပေါ်နှင့်ဘေးဘက်များ၌ ရေစိုနေသည့်ဖျင်ကြမ်းဝတ်စုံတစ်ထည်ဖြင့်ကာရံထားသည် ။

ထူးခြားသည့်အချက်ကား လူငယ်ရောမိန်းကလေးရောက တစ်ယောက်မျက်နှာတစ်ယောက်မကြည့်ကြဘဲ မီးပုံကိုသာပြိုင်တူငေးမောနေကြခြင်းဖြစ်သည်။

သူတို့၏ကြားရှိထူးဆန်းသည့်အခြေအနေကို အလွယ်တကူမြင်တွေ့နိုင်ပြီး အတန်ကြာမှ လူငယ်က ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။

“ အဟမ်း...ဒါတွေက နင့်အပြစ်တွေလို့လည်းတွေးမနေနဲ့ဦး ဘာပဲဖြစ်ဖြစ် ငါက သဘောထားကြီးတဲ့လူပဲလေ ...နင့်ရဲ့ခန္တာကိုယ်နဲ့ပေးဆပ်မယ်တို့ဘာတို့ကို ငါလက်မခံနိုင်ဘူး.... “

ရှောင်ယောင်က တိတ်ဆိတ်နေသည့်အခြေအနေကို ဖြိုခွင်းလို၍ ဟာသနှော‌ကာပြောလိုက်သည်။

စမ်းချောင်းထဲတွင်အချိန်အတော်ကြာစိမ်ပြီးနောက်တွင် သူ၏ခန္တာကိုယ်ထဲရှိအပူများကို ဖိနှိပ်နိုင်ခဲ့သလို ထကြွနေသည့်ရမ္မက်စိတ်များကလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။

ထို့နောက် ကမ်းစပ်ရှိစီးတုယွမ်ချင်းဆီမှဝတ်စုံလှမ်းတောင်းကာ တစ်စုံထဲသာကျန်ရှိသည့်အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်၍ အပေါ်ပြန်တက်လာခဲ့ခြင်းဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် ပြေးရင်းလွှားရင်းတိုက်ခိုက်ရင်း သူ၏အဝတ်ထုပ်ပြုတ်မကျခဲ့သည်ကို ကျေးဇူးတင်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက ယခုအချိန်တွင် ရေစိုအဝတ်များနှင့်ခိုက်ခိုက်တုန်နေလောက်ချေပြီ။

သူအဝတ်အစားလဲလှယ်ပြီး၍ မီးဖိုပြီးသည်အထိ စီးတုယွမ်ချင်းကစကားတစ်ခွန်းမှမဆိုဘဲ ကြည့်နေခဲ့သည်။

ထို့နောက် သူနှင့်အတူ မီးဖို၏တစ်ဖက်တစ်ချက်တွင်တိတ်ဆိတ်စွာထိုင်နေပြီး တစ်မျိုးတစ်ဖုံထူးခြားနေသည့်ထိုမိန်းကလေး၏ပုံစံကြောင့်ရှောင်ယောင်လည်း စနောက်လိုက်ခြင်းဖြစ်၏ ။

ရှောင်ယောင်၏စနောက်သည့်စကားကြောင့် စီးနုယွမ်ချင်းထံမှ မျက်စောင်းလှလှလေးတစ်ချက်ကျရောက်လာပြီး ရှောင်ယောင့်ကိုစူးစိုက်ကြည့်ရင်း တည်ကြည်သည့်ပုံစံဖြင့်မေးလိုက်သည်။

“ ဒီနေ့ နင်ငါ့ကိုကူညီခဲ့သလို ဘာမှန်းမသိတဲ့မြူခိုးတွေကြားမှာတောင် ဝင်ပြီးကယ်တင်ခဲ့သေးတယ်။ နင်ငါ့ကိုကူညီရင်း သေသွားမှာ မစိုးရိမ်ဘူးလား....”

သူမ၏လေးနက်သည့်စကားကြောင့် ရှောင်ယောင်လည်း တစ်ချက်ပြုံးလိုက်သည်။

ထို့နောက် သူ့ကိုစူးစိုက်ကြည့်နေသည့်စီးတုယွမ်ချင်း၏မျက်ဝန်းနက်နက်များကို တည့်တည့်ပြန်ကြည့်လိုက်ရင်း တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။

“ လူပဲ ငါလည်းသေရမှာ ကြောက်တာပေါ့...ဒါပေမယ့် သေရမှာကြောက်တာဆိုတာနဲ့ ကိုယ့်ရဲ့စိတ်ထဲကဆန္ဒကိုဆန့်ကျင်ပြီး သတ္တိကြောင်မနေနိုင်ဘူးလေ ။။

ကောင်းတာလုပ်တဲ့လူက သေရမှာကြောက်လို့ဆိုပြီး ကောင်းတာလုပ်ရမှာတွန့်ဆုတ်နေရင်း ကိုယ်ကျိူးမဖက်တဲ့အဖြူရောင်သိုင်းသမားတွေထွက်ပေါ်လာမှာမဟုတ်သလို မကောင်းတာလုပ်တဲ့လူကလည်း သေရမှာကြောက်ရင် ဆိုးသွမ်းရက်စက်တဲ့လူတွေထွက်ပေါ်မလာနိုင်ဘူး။။

ငါက ကိုယ့်ကိုယ်ကို ဖြောင့်မက်တဲ့အဖြူရောင်ဘက်တော်သားတစ်ယောက်လိုမကြွေးကျော်ဝံ့ပေမယ့် ငါ့ရှေ့မှာ မတရားတွေ့ရင် လက်ပိုက်ကြည့်မနေနိုင်ဘူး။

အထူးသဖြင့် ငါနဲ့ရင်းနှီးတဲ့လူတွေ ဒုက္ခရောက်နေမယ်ဆိုရင် ဘယ်လိုလူမျိုးကိုပဲဖြစ်ဖြစ် ငါရင်ဆိုင်ဝံ့တယ်။

ဒါက ငါ့ရဲ့မပြောင်းလဲတဲ့ခံယူချက်လည်းဖြစ်သလို အမြဲတမ်းတည်ရှိနေမည့်စိတ်ဓာတ်လည်းဖြစ်သေးတယ် ။

အဲဒီခံယူချက်ကြောင့် ငါသေသွားမယ်ဆိုရင်တောင် ပျော်ပျော်ကြီးအသေခံဝံ့တယ်။

ငါ့ကိုအဖိုးစုကပြောဖူးတယ် လူဆိုတာ ကောင်းခြင်းဆိုးခြင်းကို ဂရုတစိုက်ပြုမူတာထက် ကိုယ့်ဆန္ဒအတိုင်းပဲအသက်ရှင်သင့်တယ်တဲ့။ ဒါမှ လူပီသတဲ့လူတစ်ယောက်ဖြစ်လာမှာ...”

ရှောင်ယောင်၏စကားအဆုံး၌ စီးတုယွမ်ချင်းလည်း အချိန်အနည်းငယ်ကြာအောင်တိတ်ဆိတ်သွားပြီး အနည်းငယ်တွ့န်ဆုတ်သည့်ဟန်ဖြင့်ပြန်မေးလိုက်သည်။

“ နင် ငါ့ကိုရော ဘယ်လိုမြင်လဲ....”

အမြဲလိုလိုစူးရှတောက်ပနေလေ့ရှိသည့် ထိုမိန်းကလေး၏မျက်ဝန်းများက ရှောင်ယောင့်ကိုမကြည့်ဘဲ ဘေးသို့လွှဲဖယ်နေရင်းမေးလိုက်ခြင်းဖြစ်၏ ။

ထိုမိန်းကလေး၏မေးခွန်းကြောင့် ရှောင်ယောင်လည်း သဘောကျသလိုပြုံး၍ပြန်ဖြေလိုက်သည်။

“ နင်က လှတယ်လေ... ဟိုချောင်ရှန်းရှန်းတို့ ပင့်ကူနီကဝေပျိုတို့ထက်တောင်ပိုလှသေးတယ်။။

သိုင်းလောကအလှမယ်ဆိုတဲ့ ဂီတနတ်မိမယ်ကို ငါမမြင်ဖူးပေမယ့် နင့်အေးစက်စက်မျက်နှာထားကြီးကိုပြင်လိုက်ရင် သိုင်းလောကအလှမယ်ဘွဲ့တောင်ရနိုင်တယ် ...”

သူ၏စကားကြောင့် စီးတုယွမ်ချင်း၏မျက်နှာထက်၌ ရှက်သွေးတစ်ချက်ဖြတ်ပြေးသွားပြီး ပြုံးစိစိဖြစ်‌နေသည့်ရှောင်ယောင့်ကိုမကျေမနပ်ကြည့်ကာ တင်းမာသည့်လေသံဖြင့်ပြောလိုက်သည် ။

“ ငါ့ကိုမြှောက်အပြောခိုင်းနေတာမဟုတ်ဘူး ငါ့ကိုဘယ်လိုမြင်လဲလို့မေးနေတာ....”

သူမ၏မကျေမနပ်စကားသံကြောင့် ရှောင်ယောင်လည်း မျက်နှာပိုးသတ်လိုက်ပြီး ခေါင်းညိမ့်၍ပြောလိုက်သည်။

“ အဟမ်း အတည်ပြောရရင် မင်ကစိတ်ထားကောင်းတယ် ။ တစ်ခါတစ်ခါ ခေါင်းမာတတ်တဲ့အကျင့်လေးကလွဲလို့ ကျန်တာအကုန်ကောင်းတယ် ။

ပြီးတော့ တခြားလူတွေကို အေးစက်စက်ပုံစံနဲ့ဆက်ဆံပေမယ့် နင့်စိတ်ရင်းက နွေးထွေးပြီးဖြူစင်တယ်ဆိုတာငါသိတယ်။

တစ်ခုတော့ရှိတာပေါ့ ကလေးတွေလိုအနိုင်မခံအရှုံးမပေးစကားနိုင်လုတတ်ပြီး ပုံမှန်ဆိုရင်အေးတိအေးစက်နဲ့ရသေ့မကြီးတစ်ယောက်လိုဟန်ဆောင်နေတတ်တာကိုကြည့်ရင် နင် မရင့်ကျက်သေးဘူးလို့တော့ပြောလို့ရတယ်....”

ရှောင်ယောင်၏သူံးသပ်မှုကြောင့် စီးတုယွမ်ချင်း၏မျက်နှာက အနည်းငယ်အေးစက်သွားပြီး သူ့ကို စူးရဲစွာကြည့်လာသည် ။

သိသိသာသာပင် သူ၏ဖော်ပြမှုကို ထိုမိန်းကလေးမကျေနပ်ကြောင်းသိသာ၍ရှောင်ယောင်လည်း တခွိခွိဖြင့်ကြိတ်၍ရယ်မောလိုက်သည်။

ကိုယ့်အာရုံနှင့်ကိုယ်ဖြစ်နေ၍ စီးတုယွမ်ချင်း၏အနည်းငယ်နီရဲနေသည့်မျက်နှာလေးနှင့် မျက်ဝန်းအတွင်းမှ နူးညံ့သိမ်မွေ့သည့်အရိပ်အယောင်ကလေးကို ရှောင်ယောင်တစ်ယောက်သတိမပြုလိုက်မိပါချေ ။

စီးတုယွမ်ချင်းက ခေါင်းငုံ့သွားပြီး သူမ ခြေထောက်များကိုလက်ဖြင့်ပိုက်ထားရင်းမှ ခပ်တိုးတိုးမေးလိုက်သည် ။

“ နင်ငါဘာလို့အခုလိုအေးစက်စက်ဖြစ်သွားတာလဲဆိုတာ သိချင်လား....”

စီးတုယွမ်ချင်းထံမှမျှော်လင့်မထားသည့်စကားကိုကြားလိုက်ရ၍ ရှောင်ယောင်လည်းအနည်းငယ်အံ့ဩသွားသော်လည်း ခေါင်းညိမ့်ပြလိုက်သည်။

“ ဒါပေါ့ သူငယ်ချင်းတွေဆိုတာ တစ်ယောက်ရဲ့အခက်အခဲကို ကျန်တဲ့တစ်ယောက်ကိုမျှဝေရတယ်။

အထူးသဖြင့်ကိုယ့်စိတ်ထဲက မကျေနပ်မှုတွေ၊ ဝမ်းနည်းအားငယ်မှူတွေကို တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရင် နည်းနည်းတော့ရင်ထဲမှာပေါ့သွားတာပေါ့....”

ပုံမှန်အချိန်များနှင့်မတူဘဲ စိတ်အားငယ်သည့်မိန်းမငယ်လေးတစ်ယောက်ကဲ့သို့ဖြစ်နေသည့်စီးတုယွမ်ချင်း၏ပုံစံကိုသတိထားလိုက်မိ၍ ရှောင်ယောင်က ထိုစကားများကို ဂရုတစိုက်ဖြင့်ပြောလိုက်ခြင်းဖြစ်၏။

သူ၏စကားအဆုံး၌ စီးတုယွမ်ချင်းက သက်ပြင်းတစ်ချက်ကို လေးပင်စွာချလိုက်ပြီးဖြေးညင်းစွာပြောလိုက်သည်။

“ ငါ့ဘဝက လိုလေသေးမရှိပြည့်စုံနေတယ်လို့ တခြားလူတွေက ထင်ကြမှာပဲ။ ဒါပေမယ့် ပစ္စည်းဥစ္စာတွေ၊ ဂုဏ်ရှိန်ဂုဏ်ဒြပ်တွေကို လြိသလောက်ရရှိနိုင်ပေမယ့် နွေးထွေးတဲ့မေတ္တာတရားကို ငက်မွတ်တောင့်တခဲ့ရတယ် ....”

စီးတုယွမ်ချင်း၏ဝမ်းနည်းရိပ်သမ်းနေသည့်အသံကြောင့်ရှောင်ယောင်ပင်အံ့အားသင့်သွားမိ၏။

ထိပ်တန်းအင်အားစုနှစ်ခုမှမျိုးဆက်ဖြစ်သည့်အားလျော်စွာမည်သည့်‌ရှုထောင့်မှကြည့်ကြည့်ပြီးပြည့်စုံနေသည့်စီးတုယွမ်ချင်းထံမှ ယခုလိုစကားမျိုးထွက်ပေါ်လာခြင်းက မယုံကြည်နိုင်ဖွယ်ရာပင်။

စီးတုမိသားစုနှင့်နန်ကုန်းမိသားစုတို့က သိုင်းလောကတွင် အင်အားကြီးမားလှသည့်ထိပ်တန်းအင်အားစုများဖြစ်သလို စီးပွားရေးလောကတွင်လည်း နန်ကုန်းမိသားစုက နံပါတ်နှစ်ဆိုလျင်မည်သူမှနံပါတ်တစ်ဟုပြောဝံ့လိမ့်မည်မဟုတ်ပေ။

သိုင်းလောကမျိုးရိုးဘက်တွင်လည်း နှစ်ဘက်စလုံးက နှစ်ရာနှင့်ချီ၍တည်ရှိလာသည့်အင်အားစုများဖြစ်ကာ သူမ၏ဖခင်စီးတုမင်ဆိုလျှင် ဒုတိယမျိူးဆက်နဂါးခုနစ်ကောင်မှ အသက်အငယ်ဆုံးသိုင်းဝိဇ္ဇာဖြစ်ပေသည်။

ထို့ကြောင့် စီးတုယွမ်ချင်း၏ဘဝက လက်ညိုးညွန်ရာရေဖြစ်ကာ လိုတရဘဝမျိုးဟုဆိုနိုင်လျှင်ပို၍မှန်ကန်ပြီး သူမ၏ဆရာကလည်း လက်ရှိသိုင်းလောက၏ထိပ်ဆုံးတွင်ရှိနေသည့်ပုဂ္ဂိုလ်အနည်းငယ်မှတစ်ယောက်ဖြစ်နေသညိ။

ထိုသို့သော လိုတရရွှေမင်းသမီးလေးတစ်ယောက်က သူမဘဝကိုပျော်ပိုက်ဟန်မတူဘဲ ဝမ်းနည်းနေဟန်ပင်တူရာ သူမကိုယ်တိုင်ထုတ်ဖော်ပြောခြင်းသာမဟုတ်ပါကရှောင်ယောင်လည်းယုံကြည်မိမည်မဟုတ်ပေ။

စီးတုယွမ်ချင်းက ရှောင်ယောင်၏အံ့အားသင့်နေသည့်ပုံစံကိုအကဲခပ်၍ မဲ့ပြုံးပြုံးရင်းဆက်ပြောလိုက်သည်။

“ ငါ့အသက်ဆယ့်တစ်နှစ်မှာ ‌မေမေဆုံးသွားတယ်...ပြီးတော့ ဖေဖေက ခုံတုံဂိုဏ်းချုပ်ရာထူးကိုဆက်ခံပြီးဖြစ်နေတော့ အချိန်ပြည့်အလုပ်ရှုပ်ပြီးငါ့ကိုအချိန်သိပ်မပေးနိုင်ဘူး ။

ပြီးတော့ နှစ်ဘက်ဆွေမျိုးရင်းချာတွေဆိုတာကလည်း သူ့ဟာနဲ့သူမအားမလပ်ကြတဲ့အပြင် မိသားစုတွေ့ဆုံပွဲနေ့လိုမျိုးမှာတောင် အချင်းချင်းဆုံကြဖို့ခက်ခဲတယ် ။

ဒီ့ထက်ပိုပြီးဆိုးတာက ငါ့အဖေဘက်ကမိသားစုနဲ့ ငါ့‌အမေဘက်က မိသားစုက အများအမြင်မှာ ရင်းနှီးကြပေမယ့် တကယ်တမ်းကအချင်းချင်းကြိတ်ပြီးပြိုင်ဆိုင်နေကြတာတွေ။

ဒါတွေကိုထားပါဦး သူတို့မိသားစုတွေထဲမှာတောင် တစ်ယောက်နဲ့တစ်ယောက် မာနကိုယ်စီနဲ့ သူစိမ်းတွေလိုပဲ။

အပြင်ပန်းမှာ ရင်းနှီးကြတယ်ဆိုပေမယ့် တကယ်က မိသားစုခေါင်းဆောင်ရာထူးအတွက်ပြိုင်ဆိုင်နေကြပြီး တစ်ယောက်ဒုက္ခရောက်ရင်တောင် ကျန်တဲ့လူတွေကဝမ်းသာနေတာ ။

သူတို့မျိုးဆက်တွေကလည်း ဒီလိုပဲသူတို့မိဘတွေရဲ့ခြေရာကိုနင်းပြီး အားလုံးထက်သာလွန်အောင်ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာပဲတစ်ချိန်လုံးတွေးနေကြတာ

ပြောရရင် ငါ့မိဘတွေရဲ့လက်ထပ်ပွဲကတောင် မိသားစုချင်းပိုပြီးရင်းရင်းနှီးနှီးဆက်ဆံနိုင်အောင်စီစဉ်ပေးတဲ့ကိစ္စတစ်ခုပဲ ။

ဒါပေမယ့် ကံကောင်းတယ်လို့ပြောရမယ် ငါ့ဖေဖေနဲ့မေမေက တစ်ယောက်ကိုတစ်ယောက် မေတ္တာစစ်နဲ့ချစ်မြတ်နိုးကြတာပါ ...”

သူမ မိဘများအကြောင်းပြောဆိုရာတွင်စီးတုယွမ်ချင်း၏မျက်နှာထက်တွင် နွေးထွေးသည့်အပြုံးလေးတစ်ခုရှိနေသည် ။

သူမ၏စကားကြောင့် ရှောင်ယောင်လည်း ခေါင်းတစ်ချက်ညိမ့်လိုက်မိ၏ ။

ဤသည်က ဂုဏ်ရှိန်ဂုဏ်ဝါကြီးမြင့်ကြသည့်မိသားစုများ၏ဖြစ်နေကျအလေ့တစ်ခုဖြစ်ကာ သိုင်းလောကတွင်ဖြစ်စေ ၊ စီးပွားရေးလောကတွင်ဖြစ်စေ အလုပ်ကိုယ်စီဖြင့်မအားမလပ်ကြရင်း အချင်းချင်းရင်းနှီးမှု ၊ သံယောဇဉ်စသည်တို့က အေးစက်သွားကြသည်သာဖြစ်သည်။

နောက်ဆူံးအနေဖြင့် သူတို့၏အိမ်ထောင်ရေးကိုပင် မိသားစုအကျိုးအတွက်ရှေးရှူပြီးစီစဉ်ကြခြင်းဖြစ်ပြီး ကိုယ်သဘောကျသူကို လက်ထပ်ခွင့်ရသည်က လက်ချိုးရေနိုင်အောင်နည်းပါးလှသည် ။

တဖန် မိသားစုထဲတွင်လည်း တစ်အူထုံးဆင်းညီရင်းအစ်ကိုများမှာ အချိန်ပြည့်ရာထူးဂုဏ်ထူးများအတွက်ကြိုးစားနေကာ အချင်းချင်းချောက်တွန်းမှုများ၊ အကောက်ကြံမှုများပင်ရှိတတ်သည် ။

ထို့ကြောင့် စီးတုယွမ်ချင်းလည်းသူမ၏မိခင်ဆုံးပါးပြီးနောက်တွင် နွေးထွေးမှုကင်းမဲ့သည့်နှစ်ဘက်ဆွေမျိုးသားချင်းများအလယ်၌ အထီးကျန်စွာရှိခဲ့ရပေမည်။

အပြင်ပန်းတွင်အပြုံးပန်းများဝေနေပြီး နောက်ကျောဓားဖြင့်ထိုးရန်ဝန်မလေးသည့် မိသားစုဝင်များကြား၌ စီးတုယွမ်ချင်းတစ်ယောက်မပျော်ပိုက်သည်က များစွာထူးဆန်းသည်တော့မဟုတ်ပေ။

စီးတုယွမ်ချင်းကသူမ၏စကားကိုဆက်လိုက်သည်။

“ ဒီလိုနဲ့ ငါလည်း အသက်ဆယ့်နှစ်နှစ်အရောက်မှာ ဆရာရှိတဲ့အော့မေ့တောင်မှာသွားနေပြီး ဟိုမှာ ငါးနှစ်ကြာအောင်နေခဲ့တယ် ။

ဆရာက ငါ့ကိုအရမ်းဂရုစိုက်တယ် ပြောရင် နောက်တက်မယ့် ဂိုဏ်းချုပ်တောင်ဖြစ်စေချင်နေတာ.... “

ထိုစကားကြောင့်ရှောင်ယောင်၏မျက်ဝန်းများပြူးကျယ်သွားပြီး စီးတုယွမ်ချင်းကို အံ့အားသင့်စွာကြည့်လိုက်မိ၏။

အသက်နှစ်ဆယ်ပင်မပြည့်‌သေးသည့် ထိုမိန်းကလေးကို နောက်တတ်မည့်ဂိုဏ်းချုပ်အဖြစလျာထားခြင်းက သူမ၏ဆရာ သူမအပေါ်မည်မျှယုံကြည်မှုရှိကြောင်းသိသာစေပြီး ကျောက်စိမ်းမျက်နှာရသေ့မဆိုသည့်ဖုန်းရှန်းယင်နှင့်အတူကြီးပျင်းခဲ့ရသည့်အတွက်လည်း စီးတုယွမ်ချင်းတစ်ယောက် ယခုလိုအေးတိအေးစက်နိုင်နေခြင်းဖြစ်နိုင်သည် ။

&&&

All Chapters