တန်ပြန်အစီအစဉ်
Vol. 2 Ch. 107
“ နင်ရော...ဂိုဏ်းချုပ်လုပ်ဖို့သဘောတူလိုက်လား....”
ရှောင်ယောင်လည်း သိလိုစိတ်ကိုမထိမ်းနိုင်ဘဲမေးလိုက်သည်။
သူမ၏အေးစက်စက်ပုံစံက အပြင်ပန်းသာဖြစ်သည်ကိုကောင်းစွာသိရှိနေသည့်အတွက်လည်း ဖြစ်နိုင်လျှင် ထိုမိန်းကလေးကို အော့မေ့ဂိုဏ်းလိုထိပ်တန်းအင်အားစုတစ်ခု၏ခေါင်းဆောင်မဖြစ်စေလိုပေ။
အကြောင်းကား ထိပ်တန်းအင်အားစုတစ်ခုခု၏ခေါင်းဆောင်ဖြစ်ပြီးသည်နှင့် ကိုယ့်ကိုယ်ကို ကိုယ်မပိုင်တော့ဘဲ ဂိုဏ်း၏အရေးကိစ္စများကိုဦးစားပေးဆောင်ရွက်ရပေမည်။
ထိုနည်းတူ မိမိ၏သိုင်းပညာကိုလည်း အချိန်မျှ၍ ကြိုးစားလေ့ကျင့်ရင်းအခြားအရာများပင်ဆောင်ရွက်ချိန်မရတော့ဘဲ လူအများနှင့်ပို၍ကင်းကွာသွားပေမည်။
အဖိုးစုလို လွတ်လွတ်လပ်လပ်လျှောက်သွားနေနိုင်ပြီး လုပ်စရာတာဝန်မရှိသည့် ဂိုဏ်းချုပ်မျိုးကတော့ လွန်စွာမှ ရှားပါးလှပေမည်။
ရှောင်ယောင်၏မေးခွန်းကို စီးတုယွမ်ချင်းက ဖျော့တော့စွာပြုံး၍ ခေါင်းယမ်းပြလိုက်သည်။
“ ဟင့်အင်း ဒီအကြောင်းကို ငါ့စိတ်ထဲမှာရှုပ်ထွေးပြီး မဆုံးဖြတ်နိုင်သေးလို့ ဆရာ့ဆီမှာခွင့်တောင်းပြီငါ့အသက်ဆယ့်ခုနစ်နှစ်အရောက်မှာ သိုင်းလောကထဲကိုဆင်းခဲ့တာ။
ဂိုဏ်းချုပ်တစ်ယောက်လုပ်ပြီးလူအများကိုအုပ်ချုပ်ဖို့က တာဝန်ကြီးလေးတယ်လေ။ အထူးသဖြင့် အော့မေ့ဂိုဏ်းလို ဂိုဏ်းကြီးခြောက်ဂိုဏ်းထဲကတစ်ခုကိုပေါ့ ။
ငါ့ရဲ့ပါရမီက မဆိုးဘူးဆိုပေမယ့် စိတ်နေစိတ်ထား၊ ရင့်ကျက်မှုစတာတွေအများကြီးလိုအပ်နေသေးတယ်။။
အခုဆို ငါသိုင်းလောကထဲရောက်တာ နှစ်နှစ်တောင်ကြာခဲ့ပြီ ။ လူတွေရဲ့အကြောင်းကို သိသင့်သလောက်သိပြီးဖြစ်သလို အတွေ့အကြုံအတော်များများလည်း ရခဲ့ပြီးပြီလို့ပြောရမှာပေါ့ ။
ဖေဖေကတော့ ငါဘယ်လိုပဲဆုံးဖြတ်ပါစေ သူကလက်ခံပေးလိမ့်မယ်။ တကယ်တမ်းကျ အလုပ်များပြီးအချိန်မပေးနိုင်တာကလွဲရင် သူက ဖခင်ကောင်းတစ်ယောက်ပါ...”
စီးတုယွမ်ချင်းကသူမ၏စကားကိုအဆုံးသတ်လိုက်သည်။
ရှောင်ယောင်လည်း ပုံမှန်မြင်နေကြအေးစက်စက်ပုံစံနှင့်ကွဲပြားနေပြီး အထီးကျန်ကာ စိတ်အားငယ်နေဟန်တူသည့်မိန်းမလှလေး၏သနားစဖွယ်ပုံရိပ်လေးကိုကြည့်ရင်း ကရုဏာသက်သွားမိပေ၏။
အဆုံး၌ လူတိုင်းလူတိုင်းတွင်ပြီးပြည့်စုံသည်ဆိုသည်မှာမရှိဘဲ လူဟုဖြစ်လာသည်နှင့် တစ်ခုမဟုတ်တစ်ခု လိုအပ်ချက်များတော့ရှိကြသည်သာဖြစ်သည်။
သူတို့နှစ်ဦး၏ကြားရှိလေထုက ပြန်၍ တိတ်ဆိတ်သွားပြီး ရှောင်ယောင်လည်း ချောင်းတစ်ချက်ဟန့်၍ပြောလိုက်သည်။
“ နင့် ငါ့အကြောင်းတွေကိုရော မသိချင်ဘူးလား....”
ရှောင်ယောင်၏စကားကြောင့် စီးတုယွမ်ချင်း၏မျက်ဝန်းနက်နက်လေးများတောက်ပသွားပြီး သူ့ကိုခေါင်းညိမ့်ပြလိုက်သည် ။
ဤသို့ဖြင့် ထိုညက ရှောင်ယောင်၏အဝတ်အိတ်အတွင်းမှ အသားခြောက်အချို့ကို ကင်စားရင်း သူတို့နှစ်ယောက် မိုးလင်းခါနီးသည်အထိ စကားပြောဖြစ်ကြပြီး တစ်ယောက်အကြောင်းတစ်ယောက်ကောင်းစွာသိရှိသွားကြသည်။။
ထိုနည်းတူ သူတို့ကြားရှိဆက်ဆံရေးက ယခင်ကထက်များစွာနီးကပ်သွားသည်ဟု ဆိုရပေမည်။
&&&
“ မိုးလည်းလင်းတော့မယ် ငါတို့ဘယ်လိုဆက်လုပ်ကြမလဲ....”
အရှေ့အရပ်ဆီမှ ရောင်နီလာနေပြီဖြစ်၍ ရှောင်ယောက်လည်း မီးပုံကိုငြိမ်းသက်လိုက်ပြီးအကြောတစ်ချက်ဆန့်ရင်းမေးလိုက်သည်။
သူ၏စကားကြောင့်လွတ်လပ်ပေါ့ပါးစွာဖြင့် စကားပြောလိုက်ရယ်မောလိုက်လုပ်နေသည့်စီးတုယွမ်ချင်း၏မျက်နှာလေးက ပြန်၍တည်ငြိမ်အေးစက်သွားလေသည်။
စင်စစ် သူတို့နှစ်ယောက်လုံးက အန်းဒူနှင့်သူ့လူများ၏အန္တရာယ်ကို ခေတ္တမေ့ဖျောက်ထားပြီး စိတ်အေးလက်အေးနေခြင်းဖြစ်သော်လည်း အန္တရာယ်ကအချိန်မရွေးကျရောက်လာနိုင်ပေသည်။
အကယ်၍ သူတို့နှစ်ဦးသာလွတ်မြောက်သွားပါက အန်းဒူ၏သွားရာလမ်းက မရဏလမ်းတစ်ခုသာရှိတော့သဖြင့် အန်းဒူက သူတို့ကိုလိုက်လံရှာဖွေနေသည်မှာ မြေကြီးလက်ခတ်မလွဲသေချာပေသည်။
ညဘက်ကြီးထွက်ပြေးလာခြင်းဖြစ်ပြီး အတော်ဝေးဝေးသို့ရောက်ရှိသွားခြင်းအတွက်ကြောင့်သာ အန်းဒူတို့ရှာမတွေ့ခြင်းဖြစ်နိုင်ကာ ယခု မိုးလင်းခါနီးပြီဖြစ်၍ ပို၍လွယ်ကူလျှင်မြန်စွာရှာဖွေနိုင်ပေမည်။
“ ဒီကနေ ဟွာရှန်းတောင်ရှိတဲ့ဘက်ကို ရှေ့ဆက်သွားရင် တစ်ရက်ခွဲလောက်သွားရဦးမယ်။ နောက်ပြန်လှည့်ရင်တော့ နေ့တစ်ဝက်လောက်ပဲကြာမယ် ။
ဒါပေမယ့် လောဘနတ်ဆိုးတဲ့သူ့လူတွေက ငါတို့ကို သေချာပေါက်လိုက်ရှာနေမှာဆိုတော့ ရှေ့ဆက်သွားဖို့ပဲရှိတယ်....”
စီးတုယွမ်ချင်းက သူမ၏စိတ်ထဲရှိအစီအစဉ်ကိုပြောပြလိုက်သည်။
ထိုအခါ ရှောင်ယောင်လည်းအချိန်အနည်းငယ်ကြာအောင်တွေးတောလိုက်ပြီး ခေါင်းယမ်း၍ပြောလိုက်သည်။
“ မဟုတ်သေးဘူး သူတို့က ငါတို့ကိုဒီတောအုပ်ထဲရောက်မှအချိန်ကိုက်လာတိုက်တာကိုကြည့်ရင် အခုလိုတိုက်ခိုက်ဖို့ကြိုတင်ပြင်ဆင်လာတယ်ဆိုတာသိသာတယ် ။
ပြီးတော့ သူတို့ထဲမှာ အနိမ့်ဆုံးလူကတောင် ထိပ်တန်းအဆင့်ရှိပြီး အဆင့်လွန်ထိပ်သီးတွေလည်းပါသေးတော့ ငါတို့အကြောင်းကို သေချာသိနေပုံရတယ် ။
မနေ့ညက အန်းဒူဆိုတဲ့လူရဲ့စကားအရဆိုရင်ငါတို့ဟန်ကျန်းကထွက်လာထဲကသူတိူ့ကစောင့်ကြည့်နေခဲ့ပြီးတော့ ဒီလိုမျိုး လူသူမနီးတဲ့နေရာမှတိုက်ခိုက်ခဲ့တာပဲည
ဒီတော့ သူတို့က ငါတို့ထက်ဒီနေရာဒေသကိုပိုကျွမ်းကျင်ပြီး နောက်ထပ်ထောင်ချောက်တွေလည်းရှိနေနိုင်သေးတယ်....”’
ရှောင်ယောင်၏စကားကိုစိတ်မရှည်ဟန်ဖြင့်စီးတုယွမ်ချင်းကဖြတ်မေးလိုက်သည် ။
“ နင်ပြောချင်တာကဘာလဲ....”
“ ဒီလိုလေ...ငါတို့ဘယ်ဘက်ကိုဆက်သွားမယ်ဆိုတာကို သူတို့ကြိုပြီးခန့်မှန်းနိုင်ရင်အဲဒီဘက်မှာစောင့်နေတဲ့လူတွေလည်းရှိနိုင်တယ် ။
သူတို့ရဲ့အင်အားသာပေါင်းမိသွားရင် မနေ့ညကလိုအခြေအနေမျိုးကိုပြန်ရောက်သွားနိုင်တယ်....”
ရှောက်ယောင်၏ရှင်းပြမှုကြောင့် စီးတုယွမ်ချင်းလည်းမျက်မှောင်ကြုတ်၍ပြောလိုက်သည်။
“ နင်ကဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ....”
သူမကိုယ်တိုင်ကလည်း တုံးအသူတစ်ယောက်မဟုတ်ရာ ယမန်နေ့ညက ရှောင်ယောင်သာ ပရိယာယ်ဆင်၍ထွက်မသွားဘဲထိတ်တိုက်ရင်ဆိုင်လျှင် နှစ်ယောက်စလုံးရှုံးနိမ့်ရန်ရာခိုင်နှုန်းများသည်ကိုကောင်းစွာနားလည်ထားသည်။
ထို့ကြောင့် ယခု ရှောင်ယောင်၏သတိပေးမှုကြောင့်သူမ၏အစီစဉ်မှာ များစွာကောင်းမွန်ခြင်းမရှိသည်ကို သတိထားမိလိုက်ပေသည် ။
ရှောင်ယောင်က စီးတုယွမ်ချင်းကိုစူးစိုက်ကြည့်လိုက်ပြီး အပြုံးမျက်နှာဖြင့်ပြောလိုက်သည်။
“ အခု သူတို့မှာ အန်းဒူအပြင် နောက်ထပ်အဆင့်လွန်ထိပ်သီးနှစ်ယောက်ပဲကျန်တော့တယ်။။
သူတို့နှစ်ယောက်လုံးကသာမန်အဆင့်လွန်ထိပ်သီးတွေဆိုတော့ သူတို့ကိုနှစ်ယောက်တစ်ယောက်ယှဉ်တိုက်နိုင်မယ်လို့ ငါယုံကြည်ချက်ရှိတယ်။ ဒီတော့....”
ရှောက်ယောင်၏စကားအသွားအလာကြောင့် စီးတုယွမ်ချင်းလည်းသူ၏အကြံအစည်ကိုခန့်မှန်းမိကာ မျက်လုံးများတောက်ပသွားတော့သည်။
&&&
“ ခေါင်းဆောင် ကျုပ်တို့ တစ်ညလုံးလိုက်ရှာနေတာတောင် သူတို့အရိပ်အယောင်ကိုမမြင်သေးပါလား....”
ရန်ဝေဆိုသည့်အဆင့်လွန်ထိပ်သီးက ပင်ပန်းနေသည့်မျက်နှာဖြင့်ညဉ်းတွားလိုက်သည်။
သူနှင့်အန်းဒူတို့နှစ်ဦးသား ထွက်ပြေးသွားသည့်ရှောင်ယောင်တို့ကို ညကလိုက်လံရှာဖွေနေသော်လည်း မည်သည့်ဘက်သို့ထွက်ခွာသွားသည်ကိုမသိလိုက်သည့်အပြင် ည၏အမှောင်ထု၊ တောအုပ်၏နက်ရှိုင်းမှုစသည်တို့ကြောင့် ရှာဖွေရာတွင်များစွာခရီးမတွင်ခဲ့ပေ။
တစ်ညလုံးအနားမယူဘဲလိုက်ရှာဖွေနေခဲ့ရ၍ ရန်ဝေတစ်ယောက် ပင်ပန်းနွမ်းနယ်မှုကိုခံစားနေရပြီး ယခုလိုအသံထွက်၍ညဉ်းလိုက်မိခြင်းဖြစ်၏။
သူ၏စကားအဆုံး၌ အန်းဒူ၏ကြီးမားသည့်လက်ကြီးတစ်ဖက်က သူ၏ဇာတ်ပိုးပေါ်သို့ဖြောင်းခနဲကျရောက်လာပြီး ဒေါသထွက်နေသည့်အန်းဒူ၏အသံကိုပါကြားလိုက်ရသည်။
“ ခွေးကောင် မင်းကညက မတိုက်ရဘဲနဲ့ဒီလောက်ညည်းပြနေ....ငါ့ကိုကြည့်စမ်း....”
ဒေါသတကြီးဖြစ်နေသည့်လူဝကြီး၏ပုံစံကြောင့် ရန်ဝေလည်း ပူထူကျိန်းစပ်သွားသည့်သူ၏လည်ကုတ်လေးကိုအသာပွတ်ရင်းခေါင်းငုံ့လိုက်ရသည်။
စီးတုယွမ်ချင်းနှင့်သေခြင်းရှင်ခြင်းတိုက်ပွဲဆင်နွဲခဲ့ရသည့်အန်းဒူ၏တစ်ကိုယ်လုံးတွင် ဒဏ်ရာပရပွဖြစ်နေကာ သူ၏အကောင်းစားပိုးဖဲဝတ်စုံသည်လည်းစုတ်ပြဲလျက်ရှိသည်။
ဒဏ်ရာများကိုဆေးလိမ်းထားပြီဖြစ်သည့်တိုင် သွေးအနည်းငယ်စိမ့်ထွက်ခြင်းကိုမတားဆီးနိုင်ဘဲ ယခုအခါ သွေးများခြောက်ကပ်သွားပြီဖြစ်သည့်တိုင် အန်းဒူ၏ပုံစံက သူတောင်းစားတစ်ဦးထက်ပင်စုတ်ပြတ်နေသေးသည်။
ထိုအခြေအနေမျိုးတွင် တစ်စုံတစ်ရာမတိုက်ခိုက်ခဲ့ရသည့်ကောင်က ညည်းညူစကားဆိုနေရာ အန်းဒူတစ်ယောက်ဒေါသမထွက်ဘဲမည်သို့ရှိမည်နည်း။
“ ငဖျင်း....သွားစမ်း သစ်ပင်ကြီးတစ်ပင်ပင်ပေါ်တက်ပြီး အနီးဝန်းကျင်ကိုကြည့်လိုက်။ တစ်ခုခုထူးခြားတာတွေ့ရင်ငါ့ကိုပြော ဥပမာ မီးခိုးတွေဘာတွေပေါ့....”
အန်းဒူ၏ခိုင်းစေမှုကို ရန်ဝေက မဝံ့မရဲဖြင့်ပြန်မေးလိုက်သည်။
“ ခေါင်းဆောင် ညကလည်းခဏခဏတက်ကြည့်နေတာတောင် ဘာမီးရောင်မှမတွေ့တာ အခုမှ သူတို့အလကားနေရင်း မီးမွှေးပါ့မလား....”
ရန်ဝေ၏စောဒကတတ်မှုကလည်းမမှားပေ ။
အကြောင်းကား ညဘက်ကလိုက်လံရှာဖွေနေစဉ် မီးရောင်ကိုမကြာခဏသတိထားကြည့်ကြသော်လည်း မမြင်တွေ့ခဲ့ရပေ။
ထို့ကြောင့် ရှောင်ယောင်တို့နှစ်ယောက် အနားမယူဘဲ ကြောက်လန့်တကြားထွက်ပြေးသွားသည်ဟုထင်ကာ ရှေ့သို့သာဆက်၍ရှာဖွေနေခြင်းဖြစ်ပေသည်။
စင်စစ်ရှောင်ယောင်နှင့်စီးတုယွမ်ချင်းတို့က သူတို့ထင်သလို ထိတ်လန့်တကြားထွက်ပြေးခြင်းမပြုဘဲ
မီးပုံဘေးတွင် အသားကင်စားရင်း အေးဆေးစွာအနားယူနေကြခြင်းဖြစ်သည်။
“ ညက အနားယူတဲ့ပုံမပေါ်လို့အခုတက်အကြည့်ခိုင်းတာပေါ့ကွ....သူတို့တစ်ညလုံးမနေမနားသွားနေရတာ အစားအသောက်မစားဘဲအနားမယူဘဲနဲ့ဘယ်လိုမှနေနိုင်မှာမဟုတ်ဘူး....”
အန်းဒူလည်း အနီးရှိသစ်ပင်ကြီးတစ်ပင်အောက်တွင်ဝင်ထိုင်ရင်း စိတ်မရှည်သည့်ဟန်ဖြင့်ရှင်းပြလိုက်သည်။
သူ့ထံတွင် ခိုင်းစေရနိအခြားလက်အောက်ငယ်သားများသာပါလာပါက စကားများပြီးအမေးအမြန်ထူသည့်ထိုကောင်ကို ကျိန်းသေပေါက်ဆုံးမမိပေမည်။
အန်းဒူ၏ ဒေါသတကြီးမှုန်ကုတ်နေသညိ့ အမူအယာကြောင့် ရန်ဝေလည်း ပါးစပ်ပိတ်လိုက်ကာ အနီးရှိသစ်ပင်ပေါ်သို့ခုန်တက်လိုကိရသည်
ရှောင်ယောင်တို့နှစ်ယောက်မည်သို့ရှိမည်ကိုမသိသော်လည်း သူတို့လူစုကား ရိက္ခာခြောက်များကိုပင်ထည့်မလာသည့်အပြင် တစ်ညလုံးအပူတပြင်းလိုက်လ၍ရှာဖွေရ၍ ပင်ပန်းနွမ်းနယ်မှုအပြင် ဆာလောင်မှုကိုပါခံစားနေရပြီဖြစ်သည်။
သို့သော် စီးတုယွမ်ချင်းလွတ်မြောက်သွားပါက သူ၏အသက်က ကျိန်းသေပေါက်အန္တရာယ်ရှိမညိဖြစ်၍ ကျန်အချက်များကိုဂရုမစိုက်နိုင်ဘဲ ယခုလိုလိုက်လံရှာဖွေနေခြင်းဖြစ်၏။
ထိုအခိုက် သစ်ပင်ထိပ်ဖျားရှိရန်ဝေ၏ ဝမ်းသာအားရအော်ဟစ်သံတစ်ခုထွက်ပေါ်လာတော့သည်။
“ ခေါင်းဆောင် ကျုပ် မီးခိုးတွေ တွေ့ပြီ ဒီကနေ သိပ်မဝေးဘူး....”
&&&