ရင်ဆိုင်တိုက်ခိုက်ခြင်း
Vol. 2 Ch. 108
“ အခုလိုလုပ်တာက နင်ပြောတဲ့အတိုင်း သူတို့ရောက်လာပါ့မလား.....”
စီးတုယွမ်ချင်း၏သံသယမျက်ဝန်းများအောက်တွင် ရှောင်ယောင်က မီးပုံအတွင်းထင်းကိုင်းများစွာပစ်ထည့်ရင်းမှပြုံးလိုက်သည်။
အရုဏ်တက်ပြီးနောက်တွင် ရှောင်ယောင်ပြုလုပ်သည့်ပထမဆုံးကိစ္စက အနီးအနားမှ ထင်းခြောက်များကိုစုဆောင်းကာ မီးပုံကြီးတစ်ခုဖိုခြင်းဖြစ်ပြီး စီးတုယွမ်ချင်းကား သူ၏အပြုအမူများကို နားမလည်နိုင်သည့်ဟန်ဖြင့်ကြည့်ရှုနေပေသည်။
ထို့နောက် မီးခိုးများစွာထွက်ပေါ်လာရန် ထင်းအစိုများကိုပါထည့်သည့်နောက် စီးတုယွမ်ချင်းက မနေနိုင်ဘဲ မေးလိုက်ခြင်းဖြစ်သည်။
“ အန်းဒူဆိုတဲ့လူဝကြီးက ကောက်ကျစ်ပြီးပါးနပ်တယ်။ နင့်ကိုတိုက်ခိုက်ဖို့အကွက်ကျကျစီစဉ်လာတာကိုကြည့်ရင် သူ့ကအတော်လေးဉာဏ်များတယ်လို့လည်းဆိုနိုင်တယ်။
ဒါကြောင့်လည်း ငါတို့ကိုညက ရှာမတွေ့တော့ အပေါ်စီးကနေ မကြာခဏတက်ပြီးအကဲခပ်မှာပဲ။ ဒီမီးခိုးတွေကိုမြင်ရင်သူချက်ခြင်းရောက်လာလိမ့်မယ်....”
ရှောင်ယောင်၏ရှင်းပြမှုကြောင့် စီးတုယွမ်ချင်း၏မျက်လုံးလေးများဝိုင်းစက်သွားပြီး တစ်စုံတစ်ခုကိုသတိရသွားကာမေးလိုက်သည် ။
“ ဒါဆို ညကရောဘာလို့မီးဖိုနေသေးလဲ....သူတို့အလွယ်တကူရှာတွေ့သွားနိုင်တယ်မလား ...”
စီးတုယွမ်ချင်း၏မေးခွန်းကို ခေါင်းယမ်းပြရင်းရှောင်ယောင်က မည်းနက်ညစ်ထေးနေသည့်အဝတ်စကိုမြောက်ပြကာ ဆက်ပြောလိုက်သည်။
“ ဟောဒီမှာလေ...ငါ့သုံးနှစ်လောက်ဝတ်လာတဲ့ဝတ်စုံမကောင်းတော့တာမမြင်ဘူးလား....။
ညက မီးရောင်ကိုတွေ့ရင် ငါတို့ရှိတဲ့နေရာကို သူတို့ကျိန်းသေပေါက်သတိထားမိမှာဆိုပေမယ့် ငါက မီးရောင်ကိုအပြင်အများကြီးမထွက်အောင်ကာရံထားခဲ့တော့ ဘယ်လိုလုပ်အဝေးကြီးကနေတွေ့နိုင်မှာလဲ ။
ဟောဒီတောရဲ့အခြေအနေကိုလည်းကြည့်ဦးမှာပေါ့....”
ထိုအခါမှ စီးတုယွမ်ချင်းကခေါင်းညိမ့်လိုက်မိကာ ရှောင်ယောင်၏လက်ထဲရှိမီးခိုးများဖြင့်ညစ်ထေးနေသည့်အပြာရောင်ဖျင်ကြမ်းဝတ်စုံကိုကြည့်လိုက်မိ၏။
ရှောင်ယောင်နှင့်ခရီးအတူထွက်လာစဉ်တစ်လျှောက်လုံး ထိုလူငယ်၏တည်ငြိမ်အေးဆေးမှုအောက်တွင်ဖုံးကွယ်ထားသည့် ထက်မြက်သည့်ဉာဏ်ရည်ဉာဏ်သွေးကို သူမသတိပြုမိခဲ့ပြီး အကြောင်းအရာအတော်များများတွင် အကောင်းဆုံးအဖြေကိုလည်းရှာဖွေနိုင်ပေသည်။
ပုံမှန်ဆိုလျှင် အပူအပင်မရှိဘဲပျော်ပျော်နေတတ်ဟန်တူသည့်ရှောင်ယောင်၏အပြင်ပန်းသွင်ပြင်အောက်တွင်အရည်အချင်းများစွာရှိနေကာ နောက်ထပ်ဖုံးကွယ်ထားသည့်အရည်အချင်းမည်မျှရှိနေသေးသည်ကို သူမမှန်းဆ၍ပင်ခက်ခဲလှသည်။
သူ့ကို ထူးခြားသည့်မျက်ဝန်းများဖြင့်စူးစိုက်ကြည့်နေသည့် စီးတုယွမ်ချင်းကြောင့်ရှောင်ယောင်လည်းပြုံး၍မေးလိုက်သည်။
“ ဘာလဲ ငါ့ကိုသဘောကျသွားပြီလား....”
ကြွယ်ယန်၏အကျင့်များကူးစက်သွား၍လားမသိဘဲ ရှောင်ယောင်သည်လည်း သူနှင့်ရင်းနှီးသူများကို မကြာခဏနောက်ပြောင်သည့်အကျင့်တစ်ခုက အလိုလိုပေါ်လာတတ်သည်။
သူ၏စကားကြောင့် စီးတုယွမ်ချင်းလည်း မျက်စောင်းတစ်ချက်ထိုး၍မျက်နှာလွှဲသွားစဉ် သူမ၏မျက်လုံးများတောက်ပလာပြီးခပ်တိုးတိုးပြောလိုက်သည်။
“ သူတို့ရောက်လာပြီ....”
စီးတုယွမ်ချင်း၏စကားကြောင့် ရှောင်ယောင်လည်းပတ်ဝန်းကျင်ကိုသတိအပြည့်ဖြင့်အကဲခပ်ရင်း မသိမသခေါင်းညိမ့်ပြလိုက်သည်။
ထို့နောက် သစ်ပင်များကြားမှ အန်းဒူ၏ဝဝဖိုင့်ဖိုင့်ခန္တာကိုယ်ကြီးနှင့် အနီရောင်ဝတ်စုံဝတ်လက်အောက်ငယ်သားတစ်ယောက်ရုတ်တရက်ပေါ်လာပြီး ရှောင်ယောင်နှင့်စီးတုယွမ်ချင်းတို့ကို တရကြမ်းပြေးဝင်တိုက်ခိုက်လာပေသည်။
“ သေစမ်း....”
ကျယ်လောင်သည့်အော်ဟစ်မာန်သွင်းသံနှင့်အတူ အန်းဒူ၏လက်ထဲရှိသံမဏိတုတ်ရှည်ကလျှင်မြန်စွာလှုပ်ရှားသွားသည် ။
များပြားလှသည့် တုတ်ရိပ်များက စီးတုယွမ်ချင်း၏ခန္တာကိုယ်ကို ဖုံးလွှမ်းသွားပြီး စတင်တိုက်ခိုက်သည်နှင့်အန်းဒူက သူ၏အစွမ်းအထက်ဆုံးတိုက်ကွက်များကိုသာထုတ်သုံးလာပေသည်။
အကြောင်းကား စီးတုယွမ်ချင်း၏ ကြောက်မက်ဖွယ်ဓားပညာကို သူကိုယ်တိုင်ကြုံတွေ့ခံစားခဲ့၍ဖြစ်ပြီး တစ်ဦးချင်းတိုက်ပွဲဆိုပါက ထိုမိန်းကလေးကိုမည်သို့မှအနိုင်မယူနိုင်သည်ကိူသိရှိ၍ဖြစ်သည်။
သို့သော်လက်ရှိအခြေအနေက စီးတုယွမ်ချင်းနှင့်ရှောက်ယောင်တို့က သူတို့၏လက်မှလွတ်မြောက်ရန် ကြောက်လန့်တကြားထွက်ပြေးနေရာ အချိန်အနည်းငယ်သာတိုက်ခိုက်ပြီးသူတို့ကိုထွက်ပြေးနိုင်ရန်လမ်းဖွင့်ပေးမည်ဖြစ်သည်။
ထို့နောက်မှ သူတို့၏နောက်သို့မကြာခဏလိုက်လံတိုက်ခိုက်ရင်း ထိုလူငယ်နှစ်ယောက်၏စိတ်ဓာတ်ကိုပျက်ပြားစေကာ တောအုပ်အထွက်နားတွင်အသင့်စောင့်နေမည့်လူများနှင့်စုပေါင်း၍ သတ်ဖြတ်ရန်ကြံစည်ထားပေသည်။
ထိုအကြံအစည်က အန်းဒူကြိုတင်တွေးတောထားသည့်အစီအစဉ်လည်းဖြစ်ပြီး ထိုအတိုင်းလိုက်ပါသရုပ်ဆောင်ရန် ရန်ဝေ့ကိုပင် အသေအချာသင်ကြားထားပေသည်။
သို့သော် ရွှင်လန်းတက်ကြွ၍ အားမာန်ပြည့်ဝနေဟန်တူသည့် စီးတုယွမ်ချင်းနှင့်ရှောင်ယောင်တို့၏ပုံစံများက အန်းဒူ၏စိတ်ထဲတွင်တစ်စုံတစ်ခုလွဲချော်နေသည်ဟုခံစားမိနေပြီးမည်သည့်နေရာတွင်လွဲချော်နေသည်ကိုတော့အတိအကျမပြောနိုင်ခဲ့ပေ။
တစ်ညလုံးအနားယူထား၍ အကောင်းဆုံးအခြေအနေတွင်ရှိနေသည့်ရှောင်ယောင်တို့နှစ်ဦးကား အန်းဒူ၏စိတ်ထဲမှတွက်ချက်ထားသည့်အခြေအနေနှင့်များစွာကွဲလွဲနေသည်။
ယခု အန်းဒူတို့နှစ်ယောက်က တရကြမ်းဝင်ရောက်တိုက်ခိုက်သော်လည်း သူတိုဘနှစ်ယောက်ကတည်ငြိမ်စွာပြန်၍ရင်ဆိုင်လိုက်ကြပြီး စီးတုယွမ်ချင်းသည်လည်း အော့မေ့ဂိုဏ်း၏မူပိုင် ကကြိုးလိပ်ပြာဓားသိုင်းဖြင့် အန်းဒူကိုတန်ပြန်တိုက်ခိုက်လိုက်သည်။
နန်ကုန်မိသားစု၏ဓားမြန်သိုင်းကအစွမ်းထက်လှသည့်ထိပ်တန်းအဆငိ့သိုင်းပညာတစ်ခုဖြစ်သော်လည်း ဓား၏အရှိန်လွန်စွာမြန်ဆန်သည်မှလွဲ၍ ကျန်အားသာချက်များရှိမနေပေ။
ထို့အပြင် ဓား၏အမြန်နှုန်းကိုဦးစားပေးသည့် ဓားသိုင်းဖြစ်သာ့်အားလျော်စွာ ခုခံမှုအပိုင်း၌ အားနည်းပြီး ပြိုင်ဘက်ကသာဟာကွက်ကိုထိုးဖောက်မြင်နိုင်ပါက အန္တရာယ်ရှိသညိ့အခြေအနေသို့ပင်ကျရောက်နိုင်သညိ။
အထူးသဖြင့် အန်းဒူလိုဝါရင့်သိုင်းထိပ်သီးတစ်ယောက်ကို ဓားမြန်သိုင်းဖြင့်ရင်ဆိုင်တိုက်ခိုက်ခြင်းက မှားယွင်းသည့်ဆုံးဖြတ်လျက်သာဖြစ်ပေမည်။
ထို့ကြောင့် ညကတိုက်ပွဲလိုအန်းဒူပင်ပန်းနွမ်းနယ်နေသည့်အချိန်မျိုးတွင် ဓားမြန်သိုင်းကိုသုံးခြင်းက လွန်စွာသင့်လျော်သော်လည်း ယခုလိုရန်သူကလည်းကောင်းမွန်သည့်အခြေအနေတွင်သုံးစွဲရန်မသင့်လျော်ပေ။
ကကြိုးလိပ်ပြာဓားသိုင်းကားလျှင်မြန်ပေါ့ပါးမှုကိုအခြေခံထားပြီး သူမ၏ထိပ်တန်းအဆင့်ကိုယ်ဖော့ပညာနှင့်တွဲဖက်အသုံးပြု၍လိုက်ဖက်ညီလှရာ အတွင်းအားများစွာသုံးစွဲရခြင်းမရှိဘဲ ပြိုင်ဘက်ကိုလည်းဖိအားပေးနိုင်မည်ဖြစ်သည် ။
“ ဝှစ်....”
“ ထန်း....ထန်း....”
သံမဏိတုတ်ရှည်နှင့် ဓားတို့ထိခတ်သံက ကျယ်လောင်စွာထွက်ပေါ်လာပြီး ပြင်းထန်သည့်တိုက်ပွဲတစ်ခုကိုအစပျိုးလျက်ရှိသည် ။
တစ်ဖက်တွင် အနီရောင်ဝတ်စုံဝတ်အဆင့်လွန်ထိပ်သီးကရှောင်ယောင့်ကို သူ၏လက်ထဲမှဓားဖြင့်ပြင်းထန်စွာဝင်ရောက်တိုက်ခိုက်နေ၏။
ရန်ဝေဟူအမည်ရသည့်ထိုလူက အနက်ရောင်သိုင်းလောကတွင် အတော်အတန်ကျော်ကြားမှုရှိသော်လည်း သူ၏သိုင်းပညာက သာမန်အဆင့်လွန်ထိပ်သီးအဆင့်သာဖြစ်ရာ ကျန်ထိပ်သီးများနှင့်စာလျှင် အောက်ခြေအဆင့်သာရှိသည် ။
အထူးသဖြင့် စနစ်တကျသင်ကြားခဲ့ရခြင်းမရှိဘဲ တိုက်ခိုက်သတ်ဖြတ်ရင်းတိုးတက်လာသူတစ်ယောက်ဖြစ်သည့်အားလျော်စွာ တိုက်ပွဲအတွေ့အကြုံပြည့်ဝသော်လည်း အဖြူရောင်သိုင်းလောကမှ အစွမ်းထက်ထိပ်သီးများနှင့်တွေ့လျှင် အမြီးကုတ်ကာပြေးရလေ့ရှိသည်။
လွန်ခဲ့သည့် လေးငါးနှစ်က မိစ္ဆာဝိညာဥ်၏ခေါင်းဆောင်ရှစ်ယောက်တွင်ပါဝင်သညိ့ လောဘနတ်ဆိုးအန်းဒူ၏နောက်လိုကဖြစ်လာပြိးနောက်တွင် ရနိဝေမှာ နယ်မြေကြီးတစ်ခုလုံးကို အပိုင်စားရလာသလို ယခင်ကထက်ပို၍မောက်မာဝံ့ကြွားလာရသည်။
ကောက်ကျစ်ဉာဏ်များပြီး လူများ၏စိတ်နှလုံးကို နောကြေနေသည့် အန်းဒူကလည်းသူ၏လက်အောက်ငယ်သားများကိုမည်သည့်စည်းမျဉ်းစည်းကမ်းမှမထားဘဲ စိတ်တိုင်းကျပြုမူစေကာ သူ၏အမိန့်ကိုလိုက်နာလျှင်ပြီးရောဟု အုပ်ချုပ်ပေသည်။
ထို့ကြောင့် ရန်ဝေတို့လိုအနက်ရောင်သိုင်းသမားများမှာ အန်းဒူ၏လက်အောက်သို့ရောက်ရှိပြီး မည်သူ့ကိုမှဂရုစိုက်စရာမလိုဘဲစိတ်တိုင်းကျရမ်းကားခွင့်ရခဲ့ပြီး စီးတုယွမ်ချင်းလိုထိပ်တန်းအင်အားစုသုံးခု၏နောက်ခံရှိသူကိုပင် မကြောက်မရွံ့ပါဝင်တိုက်ခိုက်ရဲသည်အထိ သတ္တိကောင်းလာခဲ့ပေသည်။
ယခုလည်း သူ၏ခေါင်းဆောင်က စီးတုယွမ်ချင်းကိုတာဝန်ယူပြီး သူက သိုင်းပညာထိပ်တန်းအဆင့်သာရှိသည့်လူငယ်လေးတစ်ယောက်ကိုရင်ဆိုင်ရသည့်အတွက် အနည်းငယ်ပင်ပျင်းရိနေသေးသည်။
ညကတိုက်ပွဲတွင် သူတို့နှင့်အတူပါလာသည့်ထိပ်တန်းအဆင့်သိုင်းသမားများစွာကိုရှောင်ယောင်တစ်ဦးထဲရင်ဆိုင်ခဲ့ခြင်းဖြစ်သော်လည်း ချောင်းမြောင်းတိုက်ခိုက်ခြင်းဖြစ်၍များစွာအထင်မကြီးခဲ့ပေ။
ရှောင်ယောင်၏ငယ်ရွယ်သည့်အသက်အရွယ်နှင့် သူ့ထက်နိမ့်သည့်သိုင်းအဆင့်တို့ကြောင့် ရန်ဝေမှာ ရှောင်ယောင့်ကိုအနိုင်ယူရန် ငှက်ပျောသီးအခွံခွာရသလောက်ပင်ခက်ခဲမည်မဟုတ်ဟုတွေးထားမိသည် ။
သို့သော် သူတို့၏မူလအစီအစဥ်ကြီးကိုပျက်စီးစေခဲ့သည့်ထိုလူငယ်ကို အလွတ်ပေးရန်စိတ်ကူးမရှိဘဲ တိုက်ပွဲစသည်နှင့် သူ၏အကောင်းဆုံးတိုက်ကွက်များဖြင့်တိုက်ခိုက်လိုက်ပေသည်။
“ ဝှစ်...”
ရန်ဝေ၏ဓားကလေထုကိုခွင်း၍လျှင်မြန်စွာပြေးဝင်လာပြီး ရှောင်ယောင်၏သေကွင်းသေကွက်နေရာများကိုသာဦးတည်ဋးဝင်ရောက်လာသည် ။
သိူ့သော် အတွင်းအားအပြင်အားလမ်းစဉ်နှစ်ခုလုံးကိုလေ့ကျင့်ပြီး တိုက်ပွဲစွမ်းအားကသိုင်းအဆင့်ထက်များစွာသာလွန်နေသည့်ရှောင်ယောင်၏မျက်စေ့ထဲတွင် သူ၏ရှေ့ရှိလူကိုအနိုင်ယူရန်က လွယ်ကူပေသည်။
အန်းဒူတို့နှစ်ယောက်က ကိုယ့်အစီအစဥ်နှင့်ကိုယ်လာရောက်ခြင်းဖြစ်သလို ရှောင်ယောင်တို့ထံတွင်လည်း ကိုယ်ပိုင်အကြံအစည်များရှိပေသည်။
ယခုလောလောဆယ်အရေးပါသည်က သူ၏ရှေ့ရှိလူ့ကိုအချိန်များစွာမကြာဘဲအနိုင်ယူနိုင်ရန်ဖြစ်ပြီး ထို့နောက်မှ စီးတုယွမ်ချင်းကိုကူညီကာ အန်းဒူကိုနှစ်ယောက်ပူးပေါင်းတိုက်ခိုက်ရန်ကြိုတင်တိုင်ပင်ထားပြီးဖြစ်သည်။
ရှောင်ယောင်လည်း အရက်မူးခြေလှမ်းကွက်ကိုသုံး၍ ရှောင်တိမ်းလိုက်ရာ ရန်ဝေ၏လျှင်မြန်ရက်စက်သည့်ဓားကွက်များကြားမှ အသာအယာလွတ်မြောက်သွားတော့သည်။
“ ဟမ်....”
သူ၏ရှေ့တွင်ရှိနေသည့်လူငယ်၏ခန္တာကိုယ်က ယိုင်တိယိုင်ထိုးဖြင့်ရွေ့လျားသွားကာ ကြောက်မက်ဖွယ်ဓားကွက်များကြားမှလွတ်မြောက်သွားသည်ကိုမြင်လိုက်ရ၍ ရန်ဝေမှာ အံ့ဩတကြီးဖြင့်ရေရွတ်လိုက်မိ၏။
ထိုစဉ် ရန်ဝေ၏ဘေးဘက်သို့ရောက်ရှိသွားသည့်ရှောင်ယောင်က သူအကျွမ်းကျင်ဆုံးသိုင်းပညာဖြစ်သည့် ရှောင်လင်သံမဏိလက်သီးကိုသုံးကာ ရန်ဝေ၏နံကြားနှင့်ပခုံးကို တစ်ပြိုင်နက်တိုက်ခိုက်လိုက်သည်။
“ ဟူး....”
လက်သီးနှစ်လုံးက လေကိုခွင်း၍ပြင်းထန်စွာဝင်ရောက်လာပြီး ရန်ဝေမှာ အန္တရာယ်အငွေ့အသက်တို့ကိုခံစားမိလိုက်၍ အံ့အားသင့်နေရာမှသတိပြန်ဝင်လာသည်။
ထိုအချိန်မှာပင်ရှောင်ယောင်၏လက်သီးချက်များက လျှင်မြန်စွာဝင်ရောက်လာသည်ကိုမြင်သည်နှင့် ရန်ဝေလည်း ထွေထွေထူးထူးစဉ်းစားမနေနိုင်ဘဲ နောက်ဘက်သို့လှန်ချကာ ရှောင်တိမ်းလိုက်ရသည်။
“ ဟူး....”
သူ၏မျက်နှာပေါ်မှ ကပ်၍ဖြတ်သန်းသွားသည့်လေတိုးသံကပင် လွန်စွာပြင်းထန်နေပြီး ထိုလက်သီးချက်များကိုသာထိမှန်ပါက မည်သို့ရှိမည်ကို ရန်ဝေမတွေးတောဝံ့ပေ။
ရန်ဝေလည်း မြေပြင်ပေါ်တွင်လဲကျနေရာမှ လူးလိမ့်ထကာ နောက်သို့အလျှင်အမြန်ခုန်ဆုတ်လိုက်လေသည်။
ယခုလိုသိုင်းတစ်ကွက်ထဲဖြင့်ပုံပျက်ပန်းပျက်နောက်ဆုတ်လိုက်ရခြင်းမှာ ရှောင်ယောင်၏သိုင်းပညာကိုလျော့တွက်ထား၍ဖြစ်ပေသည်။
&&&&