တွက်ကိန်းလွဲချော်
Vol. 2 Ch. 109
ရှောင်ယောင်သည်လည်း ပြိုင်ဘက်ကိုတစ်ကွက်ထဲဖြင့်အနိုင်ယူနိုင်ပြီဟုထင်မှတ်နေစဉ် ထိုလူက လွတ်မြောက်သွားသေး၍ အနည်းငယ်အံ့အားသင့်နေမိသည်။
ဝါရင့်သိုင်းထိပ်သီးများဆိုသည်မှာ သူတို့လိုလူငယ်များထက် အတွေ့အကြုံပိုင်းတွင်များစွာသာလွန်သလို ရန်ဝေ့လိုအနက်ရောင်သိုင်းသမားတစ်ယောက်ထံတွင် တိုက်ပွဲအတွေ့အကြုံများစွာရှိသည်က များစွာထူးဆန်းခြင်းတော့မရှိပေ။
ယခုလည်း ရေမြွေတစ်ကောင်ဟုသူထင်ထားခဲ့သည့်ပြိုင်ဘက်ကကြောက်မက်ဖွယ်မြွေပွေးတစ်ကောင်ဖြစ်မှန်းသိလိုက်ရသည့်နောက်တွင်ရန်ဝေ၏အမူအယာက လေးနက်တည်ကြည်နေပြီး သူ၏လက်ထဲရှိဓားကိုမြောက်ကာ အော်ဟစ်မာန်သွင်းလိုက်သည်။
“ ကျား....”
ရန်ဝေကကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ရှောင်ယောင့်ထံသို့တိုးဝင်လာသည်။
ယခုတစ်ကြိမ်တွင် သူ၏အမူအယာက သတိကြီးစွာထားနေဟန်တူပြီး ရှောင်ယောင်၏ခန္တာကိုယ်အပေါ်ပိုင်းကိုတိုက်ခိုက်မည်ဟန်ပြပြီးမှ ကျွမ်းတစ်ပတ်ထိုးကာ ခြေထောက်များကိုဦးတည်ခုတ်ထစ်လိုက်သည်။
တစ်ဖက်လူ၏သိုင်းပညာက ထိုမျှမဟုတ်သော်လည်း တိုက်ခိုက်ပုံများမှာ ထူးဆန်းပြီးအရှက်ကင်းမဲ့နေရာ ရှောင်ယောင်မှာ ခုခံခြင်းပင်မပြုနိုင်ဘဲ လေပေါ်သို့ခုန်တက်၍ရှောင်တိမ်းလိုက်ရသည်။
ရန်ဝေ၏တိုက်ခိုက်မှုက အရှက်ကင်းမဲ့သော်လည်း အစွမ်းထက်သည်ကိုတော့ဝန်ခံရမည်ဖြစ်ပြီး ရှောင်ယောင်လေပေါ်သို့ခုန်တက်၍ရှောင်တိမ်းမည်ကိုကြိုတင်ခန့်မှန်းထားသည့်အလား သူ၏လက်ကိုလျှင်မြန်စွာဝေ့ယမ်းလိုက်သည်။
“ ဝှစ်....ဝှစ်...”
“ ချီးပဲ....”
လေတိုးသံသဲ့သဲ့နှင့်အတူ လက်နက်ပုန်းတစ်ဆုပ်ကအောက်ဘက်မှဝင်ရောက်လာကာ ရှောင်ယောင်လည်း မနေနိုင်ဘဲ ကျိန်ဆဲလိုက်မိသည်။
ထိုလူ၏တိုက်ခိုက်ပုံမှာ လွန်စွာပရိယာယ်များလှပြီး ပြိုင်ဘက်အဖို့ တစ်ကွက်မှားသည်နှင့်ချက်ခြင်းအရေးနိမ့်သွားစေပေမည်။
ဤသည်ကလည်း ရန်ဝေဂုဏ်အယူရဆုံးအရည်အချင်းဖြစ်ပြီး မည်သည့်နည်းလမ်းကိူအသုံးပြုရပါစေ ပြိုင်ဘက်ကိုအနိုင်ယူနိုင်ရန်က အဓိကဟု မကြာခဏကြွေးကျော်လေ့ရှိသူလည်းဖြစ်သည် ။
ထို့ကြောင့်ပင် ရန်ဝေဆိုသည့်သူက အန်းဒူ၏လက်အောက်ငယ်သားများထဲတွင်အားအကိုးရဆုံးဖြစ်ကာ ယခုလည်း သူနှင့်အတူခေါ်ဆောင်လာခြင်းဖြစ်ပေသည် ။
ထိုအချိန်တွင် လေပေါ်သို့ရောက်ရှိနေသည့်ရှောင်ယောင်အတွက်ကားစဉ်းစားချိန်များစွာမရှိပေ။
အကြောင်းကား ရှောင်တိမ်းရန်ခက်ခဲနေသည့်အခြေအနေတွင် လက်နက်ပုန်းများစွာကဝင်ရောက်နေပြီဖြစ်ရာ ရှောင်ယောင်လည်း သူ၏ခန္တာကိုယ်ကိုယ် ဇောက်ထိူးအနေအထားသို့ပြောင်းလိုက်ပြီး အင်္ကျီလက်စကိုဝေ့ယမ်း၍ တစ်ဖက်လူ၏လက်နက်ပုန်းများကိုဖမ်းယူထားလိုက်တော့သည်။
ထို့နောက် အင်္ကျီလက်စကို ခါထုတ်လိုက်ရာ သူဖမ်းယူထားသည့်လက်နက်ပုန်းများက သူ၏အောက်ဘက်တွင်ရှိနေသည့်ရန်သူ့ထံသို့ပြန်၍လွင့်စင်သွားကြသည် ။။
ရှောင်လင်လျှို့ဝှက်သိုင်းခုနစ်ဆယ့်နှစ်မျိုးတွင်ပါဝင်သည့်ပန်းညှပ်လက်ချောင်းဆိုသည့်ပညာရပ်က လက်နက်ပုန်းပစ်လွှတ်တိုက်ခိုက်သည့်နည်းစနစ်သာမဟုတ်ဘဲ လက်နက်ပုန်းအမျိုးမျိုးကိုဖမ်းယူနိုင်စွမ်းလည်းရှိပေသည်။
ရှောင်ယောင်မှာ ရွှမ်းမင်ဆရာတော်၏တိုက်တွန်းမှုကြောင့် ပန်းညှပ်လက်ချောင်းကိုလေ့ကျင့်ခဲ့ရခြင်းဖြစ်ပြီး လက်နက်ပုန်းအသုံးပြုရခြင်းကို သဘောမကျ၍ များစွာအသုံးဝင်မည်ဟုတ်ဟုတွေးခဲ့မိသည်။
ယခု သူအထင်သေးသည့်ပညာရပ်ကအရေးအကြောင်းတွင်အသုံးဝင်လာခဲ့ပြီး သူ့ဆရာ၏အမြင်စူးရှမှုနှင့်သိုင်းပညာဗဟုသုတကြွယ်ဝမှုတို့ကို ရှောင်ယောင်၏စိတ်ထဲတွင်ကြိတ်၍ချီးကျူးလိုက်မိသည်။
“ မဖြစ်နိုင်တာ....”
လက်နက်ပုန်းများပစ်လွှတ်တိုက်ခိုက်ရုံတင်မဟုတ်ဘဲ ရှောင်ယောင့်ကိုဆီးကြိုတိုက်ခိုက်မည်ပြင်နေသည့်ရန်ဝေကား သူ့ဆီသို့ပြန်၍ပြေးဝင်လာသည့်လက်နက်ပုန်းများကြောင့် ထိတ်လန့်တုန်လှုပ်သွားသည်။
သူ၏ခေါင်းဆောင်ထံမှသိရှိထားသည်က ထိုလူငယ်မှာ နောက်ခံမရှိသည့်သိုင်းသမားတစ်ယောက်သာဖြစ်သော်လည်း ကိုယ့်လက်နက်ပုန်းများဖြင့် ပြန်အတိုက်ခံရသည့်အခါ ထိုလူငယ်မှာ မုယုံမျိုးနွယ်မှတစ်ယောက်ယောက်ဖြစ်သည်ဟုပင်တွေးလိုက်မိ၏။
ရန်ဝေ့အတွက်ကံကောင်းသွားသည်က ရှောင်ယောင့်လိုလက်နက်မဲ့သိုင်းသမားတစ်ဦးမဟုတ်သည့်အပြင် မြေပြင်ပေါ်တွင်အဆင်သင့်နေရာယူပြီးဖြစ်ကာ လက်နက်ပုန်းများဝင်ရောက်လာသော်လည်း ချက်ခြင်းလိုလို ဓားဖြင့်ရိုက်ထုတ်ကာကာကွယ်နိုင်လိုက်သည် ။
“ ထန်း..ထန်း....”
သံချင်းထိခတ်သံများပေါ်ထွက်လာခြင်းနှင့်အတူဆယ်ခုထက်မနည်းသည့်လက်နက်ပုန်းများက ဘေးဘက်သို့လွင့်စင်ကုန်ကြသည်။
သို့သော် လက်နက်ပုန်းများ၏နောက်မှကပ်ပါလာသည့် ရှောင်ယောင်၏လက်သည်းကုတ်ချက်များက ရန်ဝေ့အပေါ်သို့ကျရောက်လာပြီး ရန်ဝေလည်း ရင်ထိတ်သွားကာ အလျှင်အမြန်ရှောင်တိမ်းလိုက်သော်ငြားလွတ်မြောက်ခြင်းမရှိတော့ပေ ။
“ ဂျွတ်....”
“ အား....”
ရန်ဝေ၏အော်သံက ကျယ်လောင်စွာထွက်ပေါ်လာပြီး ပခုံးတစ်ဖက်တွင်သွေးချင်းချင်းနီရဲကာ ဒယီးဒယိုင်ဖြင့်ဆုတ်ခွာသွားလေသည်။
ရှောင်ယောင်မှာ နဂါးလက်သည်းသိုင်းဖြင့် တစ်ဖက်လူ၏ဓားကိုင်လက်ကိုရည်ရွယ်တိုက်ခိုက်လိုက်ခြင်းဖြစ်သော်လည်း ရန်ဝေ၏ ကြောက်လန့်တကြားရှောင်တိမ်းမှုကြောင့် ပခုံးစွန်းကိုသာကုတ်ဆွဲမိသွားသည်။
သို့သော် ရှောင်ယောင်၏လက်ချက်မိသွားသည့် ရန်ဝေ၏ပခုံးရိုးကား အရိုးအနည်းငယ်ကျိုးသွားဟန်တူပြီး ရှုံ့မဲ့နေသည့်မျက်နှာကြီးဖြင့် ရှောင်ယောင့်ကို ထိတ်လန့်စွာကြည့်နေပေသည်။
“ ခွေးကောင် ဟိုကောင်လေးကိုမြန်မြန်သတ်ပြီး လာကူစမ်း....”
အန်းဒူ၏ဒေါသတကြီးအော်သံကြီးကြောင့် ရန်ဝေကအနည်းငယ်တုန်လှုပ်သွားပြီး သူ၏စိတ်ထဲတွင် မကျေမနပ်ညဉ်းတွားမိလိုက်သည်။
“ မင်းဘကြီးလား...ဘယ်လိုကောင်မျိုးနဲ့ငါ့ကိုအတိုက်ခိုင်းထားတာလဲမသိဘူး....”
သိုင်းပညာထိပ်တန်းအဆင့်သာရှိသော်လည်း ကြောက်မက်ဖွယ်ကောင်းလှသည့်ရှောင်ယောင်၏တိုက်ကွက်များက ရန်ဝေ့ကို လိပ်ပြာစင်မတတ်ဖြစ်နေစေသည်။
သူတို့နှစ်ယောက်စတင်တိုက်ခိုက်သည်ကသိုင်းဆယ်ကွက်မပြည့်သေးသော်လည်း ထိုလူငယ်၏လက်ချက်ဖြင့် ပခုံးတစ်ျက်ဒဏ်ရာအပြင်းအထန်ရရှိထားကာ လက်ထဲရှိဓားကိုပင် မနည်းကြိုးစား၍ထိမ်းထားရပေသည်။
တစ်ဖက်တွင် အန်းဒူလည်း စီးတုယွမ်ချင်း၏တိုက်ကွက်များကြားတွင်ပိတ်မိနေ၍ အော်ဟစ်အကူအညီတောင်းလိုက်ခြင်းဖြစ်သည်။
ရှောင်ယောင်တို့နှစ်ယောက်၏တိုက်ပွဲက အနည်းငယ်ပရမ်းပတာဆန်ပြီးအချိန်ကြာနေသော်လည်း သူတို့၏တိုက်ပွဲကား အရှိန်အဟုန်မြင့်နေပြီဖြစ်သည်။
နှစ်ယောက်စလုံးက ကြောက်စရာကောင်းသည့်အဆင့်လွန်ထိပ်သီးများပီပီ တိုက်ပွဲစသည်နှင့်အစွမ်းအထက်ဆုံးတိုက်ကွက်များကိုအသုံးပြုခဲ့ရပြီး ညကတစ်ကြိမ်တိုက်ခိုက်ဖူး၍ တစ်ယောက်၏သိုင်းပညာကိုတစ်ယောက်ရင်းနှီးနေပြီဖြစ်သည်။
ထို့ကြောင့် အချိန်အနည်းငယ်အတွင်းသိုင်းကွက်နှစ်ရာကျော်သွားကာ စီးတုယွမ်ချင်းမှာ ကောက်ကျစ်ဉာဏ်များသည့်ပြိုင်ဘက်၏အကြောင်းကိုကောင်းစွာသိ၍ နားချိန်မပေးဘဲ တရစက်ဖိအားပေးတိုက်ခိုက်နေပေသည်။
အန်းဒူ၏အားသာချက်က သူ၏သံမဏိတုတ်ချောင်းဖြစ်ပြီး လက်နက်ခုနစ်မျိုးအဖြစ်ပြောင်းလဲအသုံးချနိုင်သည့်ထိုလက်နက်မှာ တိုက်ပွဲတွင်အလှည့်အပြောင်းများစွာဖြစ်စေနိုင်သည်။
ထိုအချက်ကို သတိပြုမိ၍လည်း စီးတုယွမ်ချင်းက တိုက်ပွဲအစမှစ၍ ပြင်းထန်စွာလိုက်လံတိုက်ခိုက်နေခြင်းဖြစ်ပြီး အန်းဒူမှာ လက်နက်ပုံစံပြောင်းလဲရန်ပင်အခွင့်မသာတော့ပေ။
အန်းဒူမှာ အစွမ်းကုန်ခုခံတိုက်ခိုက်နေရင်း ညကရရှိထားခဲ့သည့်ဒဏ်ရာများပြန်ပွင့်ထွက်လာကာ တစ်ကိုယ်လုံးသွေးချင်းချင်းနီရဲနေတော့သည်။
ထို့ကြောင့်လည်း ဒေါသထွက်နေသည့်ကျားနာကြီးတစ်ကောင်သဖွယ် ကြောက်မက်ဖွယ်တိုက်ကွက်များဖြင့်စီးတုယွမ်ချင်းကိုတန်ပြန်တိုက်ခိုက်နိုင်ရန်ကြိုးစားနေသော်လည်း စီးတုယွမ်ချင်း၏ဓားကွက်များထဲတွင်သာပိတ်မိနေဆဲဖြစ်သည်။
မူလက ရှောင်ယောင့်ကိုဦးစွာသတ်ဖြတ်ပြပြီး စီးတုယွမ်ချင်းကို ကြောက်လန့်တကြားထွက်ပြေးစေ
ထို့နောက်မှ စီးတုယွမ်ချင်းကို နားချိန်မပေးဘဲ နောက်မှလိုက်၍ ခြောက်လှန့်ကာ တောအုပ်အပြင်နားတွင် စောင့်ကြိုနေမညိ့လူများနှငိ့ ပူးပေါင်းသန်ဖြတ်ရန် ကြိုတင်ကြံစည်ထားခြင်းဖြစ်သည်။
သို့သော် အထင်နှင့်အမြင်က တတ်တတ်စင်အောင်လွဲချော်လျက်ရှိသည်။
စီးတုယွမ်ချင်းနှင့်ရှောင်ယောင်တို့နှစ်ယောက်က ထွက်ပြေးခြင်းမပြုဘဲသူတို့ကိုခုခံတိုက်ခိုက်ရာမှစ၍ အစီအစဉ်များစတင်လွဲချော်လာခြင်းဖြစ်သည်။
သူအားကိုးအားထားပြုသည့်ရန်ဝေက ရှောင်ယောင့်ကိုမယှဥ်နိုင်ဘဲဒုက္ခရောက်နေသလို အန်းဒူကိုယ်တိုင်လည်း နောက်ဆုတ်ထွက်ပြေးရန်ပင်အခွင့်မသာတော့ပေ။
ကြံရာမရသည့်နောက်ဆုံးတွင် အန်းဒူတစ်ယာက်ရန်ဝေ့ကိုအော်ဟစ်အကူအညီတောင်းလိုက်ခြင်းဖြစ်ပြီး ရန်ဝေလည်း သူ့လိုပင်အခြေအနေမဟန်သည်ကို ရိပ်စားမိခြင်းမရှိပါချေ ။
ရန်ဝေလည်း သူ့ခေါင်းဆောင်၏ဒေါသကတစ်ဖက် ရှောင်ယောင်၏အန္တရာယ်ကတစ်ဖက်ဗျာများနေမိစဉ် ရှောင်ယောင်၏ခန္တာကိုယ်က သူ့ဆီသို့ရိပ်ခနဲပြေးဝင်လာသည်ကိုတွေ့ရပေသည်။
တစ်ဖက်တွင် စီးတုယွမ်ချင်းက အသာစီးရနေပြီဖြစ်၍ ရှောင်ယောင်လည်းအချိန်မဆွဲတော့ဘဲပြိုင်ဘက်ကိုအနိုင်ယူရန်ဆုံးဖြတ်ကာ ပြင်းထန်ကြမ်းတမ်းသည့် မိုးဖြိုလက်သီးသိုင်းဖြင့် တရကြမ်းဝင်ရောက်တိုက်ခိုက်လိုက်လေသည် ။
“ ဝှစ်....”
“ ဝုန်း....ဝုန်း....”
အားအင်ပြင်းထန်လှသည့်လက်သီးချက်များကလေထဲတွင် တဝုန်းဝုန်းမည်ဟည်းနေကာ ရန်ဝေမှာမျက်လုံးပြူးမျက်ဆန်ပြူးဖြင့်နောက်သို့တဆုတ်ထဲဆုတ်ပေးနေရသည်။
သူ၏ရှေ့ရှိလူငယ်မှာ ထိပ်တန်းအဆင့်သာရှိသော်လည်း သူ၏တိုက်ကွက်များက အဆငိ့လွန်ထိပ်သီးများအလားထင်ရသည်။
ပြင်းထန်အားကောင်းသည့်လက်သီးချက်များက မိုးနှင့်မြေကိုပင်တုန်ဟည်းသွားစေနိုင်သည်ဟုထင်ရကာ ရန်ဝေတစ်ယောက် တန်ပြန်တိုက်ခိုက်ရန်ပင်အခွင့်မသာဘဲ နောက်သို့တဆုတ်ထဲဆုတ်နေရသည်။
သူ၏စိတ်ထဲရှိ ရှောင်ယောင့်ကိုသတ်ဖြတ်ရန်ဆိုသည့်ရည်ရွည်ချက်ကလေးမှာ အစရှာမရအောင်ပျောက်ကွယ်နေပြီဖြစ်သလို လေထုကိုပင်တုန်ခါသွားစေသည့်လက်သီးချက်များကြားတွင် ပြန်လမ်းပျောက်နေသညိ့သိုးငယ်လေးတစ်ကောင်လို ကြောက်လန့်တုန်လှုပ်နေသည်။
ရန်ဝေလည်း တစ်ဖက်တွင်စီးတုယွမ်ချင်း၏လက်ထဲ၌ အလူးအလဲခံနေရသည့်သူ့ခေါင်းဆောင်ကိုတစ်ချက်ကြည့်ရင်း ဆုံးဖြတ်ချက်တစ်ရပ်ကို ခိုင်မာစွာချမှတ်လိုက်တော့သည်။
“ ယား.... “
“ သေစမ်း....”
ရန်ဝေ၏မျက်လုံးများက နီရဲနေပြီး ဝမ်းခေါင်းသံဖြင့်ကြုံးဝါးလိုက်သည့် ကြောက်မက်ဖွယ်အသံကြီးထွက်ပေါ်လာသည်။
တစ်ဖက်လူ၏သူသေကိုယ်သေတိုက်ခိုက်တော့မည့်ဟန်ကြောင့်ရှောင်ယောင်ပင်သတိထားလိုက်မိကာ လက်သီးချက်များအနည်းငယ်နှေးကွေးသွားစဉ် ရန်ဝေက နောက်သို့လှစ်ခနဲခုန်ဆုတ်လိုက်ပြိး တန်းနေအောင်ထွက်ပြေးသွားတော့သည်။
&&&