← Chapters

ရူးသွပ်ခြင်း

Vol. 2 Ch. 110

ရူးသွပ်ခြင်း

Vol. 2 Ch. 110

ရန်ဝေမှာ နောက်လှည့်မပြေးမီ သူ၏လက်ထဲမှဓားရှည်ကို ရှောင်ယောင့်ထံသို့အားကုန်သုံး၍ပစ်ပေါက်ခဲ့ရုံသာမက ဘယ်ညာလက်နှစ်ဖက်ဝေ့ယမ်းကာ ကျန်ရှိနေသည့်လက်နက်ပုန်းမှန်သမျှကို အားကုန်ပစ်လွှတ်ခဲ့သေးသည်။

သတိကြီးပြီး ဉာဏ်များလှသည့်ထိုလူက ‌သူ့ကိုရှောင်ယောင်လိုက်မဖမ်းနိုင်စေရန်တစ်ခါထဲစီမံခဲ့ခြင်းဖြစ်ပြီး သူ၏အစီအစဉ်က အလုပ်ဖြစ်သည်ဟုဆိုရမည်။

ရှောင်ယောင်မှာ မူလက ရုတ်တရက်လှည့်ထွက်ပြေးသွားသည့်ပြိုင်ဘက်ကြောင့်ကြောင်အမ်းအမ်းဖြစ်ပြီး ‌နောက်မှချက်ခြင်းလိုက်ပါသွားသော်လည်း ဝှီခေါ်၍မွတ်နေအောင်လည်လျက် ဝင်ရောက်လာသည့်ဓားရှည်ကြောင့် ကိုယ်ရှိန်သက်လိုက်ရသညိ။

အရှိန်ပြင်းစွာဝင်ရောက်လာသည့် ဓားရှည်၏နောက်တွင်လက်နက်ပုန်းတစ်အုပ်ကြီးကရှိနေပြီး များပြားလှသည့်ထိုလက်နက်ပုန်းများကိုဖမ်းဆီးရန် ရှောင်ယောင်ပင်ယုံကြည်ချက်မရှိပေ ။

တစ်ဖက်လူမှာ တန်ပြန်တိုက်ခိုက်ရန်စိတ်ကူးမရှိတော့ဘဲ လွတ်မြောက်ရန်ကိုသာအားသွန်ခွန်စိုက်ကြိုးစားနေပြီး ပျားပိတုန်းများလိုလျှင်မြန်စွာဝင်‌ရောက်လာသည့် လက်နက်ပုန်းများလည်းရှိနေသေးရု ရှောင်ယောင်လည်း ထိုလူ့ကိုလိုက်လံတိုက်ခိုက်ရန်မကြိုးစားတော့ဘဲ ‌ဓားရှည်နှင့်လက်နက်ပုန်းများကိုသာ သတိထား၍ရှောင်တိမ်းလိုက်ရသည်။

ဓားပျံ၊ သံစကြာ ၊ သုံးမြောင့်ချွန်နှင့် သေးငယ်သည့်အပ်ကလေးများပင်ပါဝင်သည့်လက်နက်ပုန်းများစွာက ရှောင်ယောင်၏ခန္တာကိူယ်အနီးမှပွတ်ကာသီကာဖြတ်ကျော်သွားသည်။

ထိုမျှများပြားလှသည့်လက်နက်ပုန်းများကိုဆောင်ထားသည့်ပြိုင်ဘက်ကြောင့် ရှောင်ယောင်လည်း ရယ်ရမလိုငိုရမလိုဖြစ်ပြီး ထိုလူထွက်ပြေးသွားသည့်ဘက်ကိုကြည့်လိုက်ရာ အရိပ်အယောင်ပင်မမြင်လိုက်ရတော့ပေ။

“ ဘယ်လိုလူလဲကွာ....”

ရှောင်ယောင်၏စိတ်ထဲတွင်ကြိတ်၍ညဉ်းတွားလိုက်မိသည် ။

ထိုလူ၏သိုင်းပညာက ထိုမျှမဟုတ်သော်လည်း သူ၏နည်းလမ်းများနှင့်တိုက်ခိုက်ပုံများက ရှောင်ယောင်ကြုံတွေ့ရသမျှရန်သူများထဲတွင် အထူးဆန်းဆုံး၊ အရှက်အမဲ့ဆုံးဖြစ်ပေသည် ။

ထို့နောက် တစ်ဖက်ရှိပြင်းလှထန်သည့်တိုက်ပွဲကိုအကဲခပ်ရင်းရှောင်ယောင်၏မျက်နှာက တည်ကြည်သွားတော့သည်။

အန်းဒူမှာ စီးတုယွမ်ချင်း၏ဓားရိပ်များကြား၌ ဒုက္ခရောက်နေပြီး ဝပြဲနေသည့် သူ၏မျက်နှာကြီးက မည်းမှောင်လျက်ရှိသည် ။

ပုံမှန်အချိန်များတွင် သူဌေးတစ်ဦးလိူခမ်းနားစွာဝတ်စားဆင်ယင်လေ့ရှိသော်လည်း ယခုအခါ အန်းဒူ၏ခန္တာကိုယ်ထက်တွင်သွေးအလိမ်းလိမ်းကပ်ညိနေပြီး ပိုးထဲဝတ်စုံကလည်း စုတ်ပြဲရာများစွာဖြင့် သူတောင်းစားတစ်ဦးထက်ပင်အခြေအနေဆိုးနေသည်။

သို့သော် အန်းဒူမှာ အပြင်ပန်းသွင်ပြင်ကိုပင်ဂရုမစိုက်နိုင်ဘဲလက်ရှိထဲသံမဏိတုတ်ရှည်ကိုမွတ်နေအောင်မွေ့၍သူ၏တစ်ကိုယ်လုံးကို လုံခြုံအောင်ကာကွယ်နေရသည်။။

သို့တိုင် တစ်ခါတစ်ရံရိပ်ခနဲ ရိပ်ခနဲဝင်ရောက်လာသည့် စီးတုယွမ်ချင်း၏ဓားရိပ်များကြောင့် သေလုမျောပါးရှောင်တိမ်းရသည့်အကြိမ်များပင်ရှိနေသေးသည်။

ရှောင်ယောင်လည်းတစ်ဖက်လူ၏သိုင်းပညာကိုအကဲခပ်လိုက်ရာ သူနှင့်ဟောင်ရန်တို့သတ်ဖြတ်ခဲ့သည့် ချုးကုနန်လောက်ပင်အစွမ်းမထက်သည်ကိုသိရှိလိုက်ပေသည်။

ချူးကုနန်၏အရိုးလှံတိုက်ကွက်များက လွန်စွာကြောက်မက်ဖွယ်ကောင်းပြီး လက်ရှစ်ဖက်ဆိုသည့်ဘွဲ့အမည်အတိုင်း အန္တရာယ်များလှသည့်လက်နက်ပုန်းများလည်းရှိနေသေးသည် ။

ရှောင်ယောင်နှင့်ဟောင်ရန်တို့ချူးကုနန်ကိုသတ်ဖြတ်နိုင်ခဲ့ခြင်းက လွန်စွာကံကောင်း၍ဖြစ်ပြီး နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်ပါကသူတို့နှစ်ယောက်အနိုင်ရရန်လမ်းစမရှိပေ။

ယခု အန်းဒူ၏တုတ်ရှည်သိုင်းက ပထမတန်းစားအဆင့်သာရှိပြီး သာမန်သိုင်းထိပ်သီးများကိုလွယ်ကူစွာအနိုင်ယူနိုင်မည်ဖြစ်သော်လည်း စီးတုယွမ်ချင်းလို ထိပ်တန်းအင်အားစုမှပါရမီရှင်တစ်ဦးနှင့်ရင်ဆိုင်ရချိန်တွင် အားနည်းချက်က သိသိသာသာပေါ်ထွက်လာပေသည်။

အမှန်တွင်လည်း အန်းဒူ၏အားသာချက်က လက်နက်အမျိုးမျိုး‌အဖြစ်ပြောင်းလဲနိုင်သည့်သူ၏သံမဏိတုတ်ချောင်းပင်ဖြစ်ပြီး တိုက်ခိုက်နေရင်း ပုံစံပြောင်း၍ တစ်ဖက်လူကိုအငိုက်ဖမ်းကာအနိုင်ယူတတ်ပေသည်။

ပြောင်းလဲသွားသည့်လက်နက်နှင့်လိုက်ဖက်ညီစေရန် သိုင်းပညာအတော်များများကိုတတ်မြောက်ထားသော်လည်း ထိုပညာရပ်များထဲတွင် တစ်ခုမှထိပ်တန်းအဆင့်သိုင်းပညာမဟုတ်ပေ ။

ထို့ကြောင့် စီးတုယွမ်ချင်းလိုကြောက်စရာကောင်းသည့်သိုင်းထိပ်သီးတစ်ဦးနှင့်ရင်ဆိုင်ရချိန်တွင် အဆင့်တူခြင်းဖြစ်သည့်တိုင် အန်းဒူတစ်ယောက်ရုန်းကန်နေရခြင်းဖြစ်ပြီး သူ၏နည်းလမ်းများကိုရင်းနှီးနေသည့်စီးတုယွမ်ချင်းကလည်း အနည်းငယ်ပင်အနားမပေးဘဲ တရဆက်ဖိအားပေးတိုက်ခိုက်နေပေသည်။

ဤသို့ဖြင့်အန်းဒူမှာ သိုင်းကွက်သုံးရာမပြည့်မီ အအောက်စည်းသို့လုံးဝကျရောက်နေပြီး ရှောင်ယောင်ဝင်ရောက်ကူညီခြင်းမပြုလျှင်ပင် စီးတုယွမ်ချင်းကကျိန်းသေပေါက်အနိုင်ယူနိုင်ပေမည်။

သို့သော် ထိုလူသာလွတ်မြောက်သွားပါက နောက်ထပ်ဒုက္ခများစွာ‌ပေးစွမ်းမည်ကိုကောင်းစွာသိရှိနေသည့်ရှောင်ယောင်လည်း အန်းဒူကိုလွတ်မြောက်ခွင့်ပေးမည်မဟုတ်ပေ။

“ ဟေ့ လူဝကြီး ခင်ဗျားရဲ့တပည့်ကတော့ တန်းနေအောင်ပြေးပြီနော်...ခင်ဗျားလည်း ပြေးသင့်တယ်....”

ဘေးဘက်မှနေ၍ထွက်ပေါ်လာ‌သည့်ရှောင်ယောင်၏စကားကြောင့် အန်းဒူလည်းပတ်ဝန်းကျင်ကိုသတိထားလိုက်မိကာမျက်နှာကွက်ခနဲပျက်သွားသည်။

ရှောင်ယောင်တိုသည့်လူငယ်ကိုသတ်ဖြတ်ပြီးပါက သူ့ကိုလာရောက်ကူညီရန် ရန်ဝေ့ကို မှာကြားထားသော်လည်း ယခု ရန်ဝေ၏အရိပ်အယောင်ကိုမမြင်ရဘဲ ထိုလူငယ်သာပြုံးပြုံးကြီးရပ်ကြည့်နေပေသည်။

ထို့ကြောင့် ရန်ဝေက သူ့ကိုသစ္စဖောက်ကာ ထွက်ပြေးသွားပြီဟုတွေးလိုက်မိပြီး အန်းဒူ၏စိတ်ထဲတွင် အကြီးအကျယ်ဒေါသထွက်လာသည်။

“ ဒီခွေးကောင် ပြီးရင် ဒင်းကိုအရင်ရှာသတ်မယ်....”

ရှောင်ယောင်၏စကားကြောင့် အခြေအနေမဟန်သည်ကိုရိပ်စားမိလိုက်သော်လည်း ချက်ခြင်းပင်ရယ်မောလိုက်ပြီးရက်စက်သည့်အမူအယာဖြင့်ပြောလိုက်သည်။

“ ဟားဟား... ရန်ဝေက ကျန်တဲ့လူတွေကို သွားပြီးအသိပေးတာကွ ငါ့လူတွေရောက်လာရင် မင်းတို့နှစ်ယောက်တော့အသေပဲ....”

အန်းဒူက အားနည်းချက်ကိုအားသာချက်ဖြစ်စေရန် ဟန်ဆောင်လိုက်သည်။

သူ၏အမူအယာက အမှန်ပင်စိတ်အားတက်ကြွနေသလို တိုက်ကွက်များကယခင်ကထက်ပင်ပို၍ပြင်းထန်လာသေးသည်။

အကြောင်းမသိလျှင် သူပြောသလို သူ့လူများရောက်ရှိလာမည့်အတွင်အားတက်နေဟန်တူပြီး အန်းဒူ၏သရုပ်ဆောင်မှုက ကောင်းမွန်လှသော်လည်း သူနှင့်တိုက်ခိုက်နေသညိ့ စီးတုယွမ်ချင်း၏အမူအယာကပြောင်းလဲခြင်းမရှိပေ။

“ လျှောက်ပြောနေတယ် ။ ခင်ဗျားလူတွေထဲက အများစုက ကျုပ်လက်ချက်ကြောင့် တိုက်မှမတိုက်နိုင်တော့တာ ။။

အဆင့်လွန်ထိပ်သီးသုံးယောက်ထဲကတစ်ယောက်က သေပြီးတော့ တစ်ယောက်ကဘယ်ရောက်နေတဲ့မသိဘူး။။ ခင်ဗျားနဲ့အတူပါလာတဲ့လူကလည်းထွက်ပြေးသွားပြီ ။ အခု ခင်ဗျားရဲ့အလှည့်ပဲ....”

ရှောင်ယောင်ကသူ၏စကားကိုပျက်ရယ်ပြုလိုက်၍ အန်းဒူ၏စိတ်ထဲတွင် ထိတ်ခနဲဖြစ်သွားမိ၏။

ရှောင်ယောင်တို့၏စကားများအရ သူတို့၏အကြောင်းကိုကောင်းစွာခန့်မှန်းမိဟန်တူနေရာ အန်းဒူလည်းတည်တည်ငြိမ်ငြိမ်မနေနိုင်တော့ချေ ။

ထိုအခိုက် အနည်းငယ်သတိလွတ်သွား၍ စီးတုယွမ်ချင်း၏ဓားက သူ၏ရင်ဘက်ကိုထိုးခွဲသွားတော့သည်။

“ ရွှပ်.. “

“ အ....”

လူဝကြီး၏ရင်ဘက်တွင် လေးလက်မခန့်ရှည်သည့် ဓားရာကြီးတစ်ခုဖြစ်လာပြီး နီရဲနေသည့်သွေးများကစီးကျလာသည်။

တစ်ဖက်လူကိုဒေါသထွက်အောင်ဆွပေးရင်းအမှားဖြစ်စေလိုသည့်ရည်ရွယ်ချက်အောင်မြင်သွား၍ ရှောင်ယောင်လည်း ပြုံးလိုက်မိသည်။

သူ၏အပြုံးကိုမြင်တွေ့သွားသည့်အန်းဒူကား ဒေါသများတလိမ့်လိမ့်ထွက်လာပြီး သူ၏မျက်ဝန်းများပင်နီရဲလာတော့သည် ။

လက်ရှိအချိန်၌ အန်းဒူ၏ပုံစံက ချောင်ပိတ်မိနေသည့်ကျားနာတစ်ကောင်လိုဖြစ်‌နေပြီး သွေးချင်းချင်းနီရဲနေသည့်ခန္တာကိူယ်ဖြင့် ဒေါသတကြီးဖြစ်လာပြီး သူ၏တုတ်ရှည်ကိုဝေ့ယမ်းကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

“ ငါသေရင်တောင် မင်းတို့နှစ်ယောက်ကို အပါခေါ်သွားမယ်ကွ....”

အန်းဒူ၏ကျယ်လောင်သည့်စကားသံကြောင့် ရှောင်ယောင်လည်း ထိုလူရူးသွပ်စွာတိုက်ခိုက်တော့မည်ကိုရိပ်စားမိလိုက်၍ တိုက်ပွဲအတွင်းလျှင်မြန်စွာ ခုန်ဝင်သွားတော့သည် ။

မျှော်လင့်ချက်ကင်းမဲ့နေသည့်အခြေအနေတွင် ရှိသမျှခွန်အားများကိုသုံးစွဲတတ်သည်က သဘာဝဖြစ်ပြီး အန်းဒူလို ကြောက်စရာကောင်းသည့်ထိပ်သီးတစ်ယောက်သာ အသေခံ၍တိုက်ပါက စီးတုယွမ်ချင်းအနိုင်ရလျှင်ပင်ဒဏ်ရာအကြီးအကျယ်ရသွားနိုင်သည်။

ထို့ကြောင့် ရှောင်ယောင်လည်း နောက်မကျသေးမီ တိုက်ပွဲအတွင်းဝင်တိုက်ခြင်းဖြစ်ပြီး နှစ်ယောက်တစ်‌ယောက်ဖြစ်၍ အန်းဒူမှာ ယခင်ကထက်ပင်ပို၍အခြေအနေဆိုးလာသည် ။

“ ဝှစ်....”

“ ဝုန်း... ဝုန်း....”

လေခွင်းသံများ၊ ပေါက်ကွဲသံများကဆူညံနေပြီး ရာနှင့်ချီသည့်ဓားရိပ်များနှင့် ပြင်းထန်အားကောင်းသည့်လက်သီးချက်များက ဆက်တိုက်ထွက်ပေါ်နေသည်။

ထိုအထဲတွင် မည်းနက်သည့်တုတ်ရှည်၏အရိပ်က တစ်ချက်တစ်ချက်သာထွက်ပေါ်လာနိုင်ကာ အန်းဒူလည်းအဆက်မပြက်နောက်ဆုတ်ပေးနေရသည် ။

ရှောင်ယောင်တစ်ဦးထဲသာဆိုပါက အန်းဒူကိုလက်ရည်တူပင်တိုက်ခိုက်နိုင်မည်မဟုတ်ဘဲ သေချာပေါက်ရှုံးနိမ့်သွားနိုင်သည်။

ယခု စီးတုယွမ်ချင်းက အန်းဒူကိုအပေါ်စီးမှတိုက်ခိုက်နိုင်ပြီး သူမ၏လှပသည့်ဓားရိပ်များဖြင့်ပိတ်လှောင်ထားကာရှောင်ယောင်လည်း အလိုရှိသလိုဝင်ရောက်တိုက်ခိုက်နိုင်ပေသည်။

ထို့ကြောင့်ရှောင်ယောင်လည်း ပြင်းထန်အား‌ကောင်းသည့်သိုင်းပညာများဖြစ်သည့် မိုးဖြိုသံမဏိလက်သီးနှင့် ရှောင်လင်သံမဏိလက်သီးတို့ကိုတစ်လှည့်စီသုံးကာ အန်းဒူကိုအေးဆေးစွာတိုက်ခိုက်နေသည်။

ပုံမှန်ဆိုလျှင် ပူးပေါင်းတိုက်ခိုက်မှုကိုလေ့ကျင့်ထားခြင်းမရှိပါက သူတို့၏တိုက်ကွက်များအချင်းချင်းအနှောင့်အယှက်ဖြစ်၍ အရာမရောက်ဖြစ်သွားနိုင်သော်လည်း ယခုအခါ ရှောင်ယောင်နှင့်စီးတုယွမ်ချင်းတို့၏တိုက်ကွက်များက လိုက်ဖက်ညီလျှက်ရှိသည်။

လျှင်မြန်ပေါ့ပါးမှုကိုအခြေခံထားသည့် စီးတုယွမ်ချင်း၏ ကကြိုးလိပ်ပြာဓားသိုင်းက အန်းဒူကိုပိတ်ဆို့ထားပြီး ရှောင်ယောင်၏ပြင်းထန်အားကောင်းသည့်တိုက်ကွက်များက တစ်ချက်တစ်ချက်ဝင်ရောက်လာတတ်ရန် အန်းဒူမှာ အရူးမီးဝိုင်းဖြစ်ပြီး သူ၏ခန္တာကိုယ်ပေါ်တွင် ဒဏ်ရာများတစ်ခုပြီးတစ်ခုထွက်ပေါ်လာတော့သည်။

အကယ်၍ အန်းဒူ၏ရူးသွပ်စွာတိုက်ခိုက်မှုများကိုသတိထားစရာမလိုပါက တိုက်ပွဲကအစောပိုင်းကပင်ပြီးဆုံးသွားမည်ဖြစ်‌သော်လည်း ယခုက ပြိုင်ပွဲမဟုတ်ဘဲ သူသေကိုယ်သေတိုက်ပွဲဖြစ်ရာ တစ်ဖက်လူ၏ တန်ပြန်တိုက်ကွက်များကိုသတိထားရသေးသည်။

ထို့ကြောင့် ရှောင်ယောင်တို့နှစ်ဦးက အန်းဒူကိုတဖြေးဖြေးဖိအားပေးတိုက်ခိုက်နေပြီး ဒဏ်ရာများစွာဖြင့်ခြေကုန်လက်ပန်းကျမှ သတ်ဖြတ်ရန်ကြံစည်ထားပေသည် ။

သူတို့၏အကြံအစည်ကို ကောက်ကျစ်ပါးနပ်သည့်မြေခွေးအိုကြီးတစ်ယောက်ဖြစ်သည့် အန်းဒူက မရိပ်မိဘဲမနေပေ။

သို့သော် လက်ရှိအခြေနေမှာ သူ့အတွက်ချောင်ပိတ်မိနေပြီးတတ်နိုင်သည့်အရာမရှိ၍ အန်းဒူလည်း ဒေါသကြီးဖြစ်နေရုံမှလွဲ၍ တတ်နိုင်သည့်အရာမရှိပေ။

အန်းဒူ၏စိတ်ထဲရှိ ဆင်ခြင်တုံတရားကအချိန်ကြာလေလေပျောက်ဆူံးလေလေဖြစ်ပြီး လွတ်မြောက်ရန်မျှော်လင့်ချက်မရှိသည်ကိုသိရှိသွားသည်နှင့် သူ၏မျက်ဝန်းထဲတွင် ရူးသွပ်မှုတို့အစားထိုးဝင်ရောက်လာလေသည်။

ထို့နောက် သူ၏လည်ပင်းဆီသို့လျှင်မြန်စွာဝင်ရောက်လာသည့်စီးတုယွမ်ချင်း၏ဓားကွက်ကို ခုခံခြင်းမရှိဘဲ ခန္တာကိုယ်ကိုအနည်းငယ်တိမ်းစောင်း၍ရှောင်တိမ်းပေးလိုက်သည် ။

“ ရွှပ်....”

“ ဒုတ်....”

အေးစက်ထက်ရှသည့်ဓားရှည်က အန်းဒူ၏ပခုံးအတွင်းမြုပ်ဝင်သွားပြီး သူ၏မျက်နှာက နာကျင်သည့်ခံစားချက်ကြောင့်ရှုံ့မဲ့သွားသော်လည်း အော်သံတစ်ချက်ထွက်မလာ ။

ထိုအစား‌ ကြောက်မက်ဖွယ်အပြုံးတစ်ခုနှင့်အတူ သူ၏လက်ထဲရှိတုတ်ရှည်၏နောက်ပိုင်းတစ်နေရာကိုလှည့်လိုက်သည် ။

တုတ်၏ထိပ်မှလှံချွန်တစ်ခုဖျက်ခနဲထွက်လာပြီး စီးတုယွမ်ချင်း၏လည်ပင်းဆီသို့လျှင်မြန်စွာတိုးဝင်သွားတော့သည်။

&&&&

All Chapters