လောဘနတ်ဆိုး၏အဆုံးသတ်
Vol. 2 Ch. 111
“ သတိထား....”
ရှောင်ယောင်ကအန်းဒူ၏ရည်ရွယ်ချက်ကိုရိပ်စားလိုက်မိ၍ အော်ဟစ်သတိပေးလိုက်သည်။
စီးတုယွမ်ချင်းလည်း ပြိုင်ဘက်၏ထင်မှတ်မထားသည့်လုပ်ရပ်ကြောင့် အံ့အားသင့်သွားသော်လည်း ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်တို့ကိုခံစားလိုက်မိ၍ ဓားကိုလက်လွှတ်ကာ ချက်ခြင်းလိုလိုနောက်ပြန်ဆုတ်လိုက်သည် ။
သို့သော် အန်းဒူ၏တုတ်ရှည်က လှံရှည်သဖွယ်ဖြစ်နေရာ စီးတုယွမ်ချင်းမှာအနည်းငယ်နောက်ကျသွားပြီး လှံသွား၏ထိပ်ဖျားက သူ၏လည်တိုင်ကျော့ကျော့ဆီသို့ အဆိပ်ပြင်းသည့်မြွေတစ်ကောင်ပမာတိုးဝင်လာလေသည်။
“ ရွှပ်....”
ပြက်ရှသံနှင့်အတူ လှံရှည်ကတုံ့ခနဲရပ်တန့်သွားတော့သည်။
လှံဖျားမှာ စီးတုယွမ်ချင်း၏လည်ပင်းနှင့် ဆံခြည်တစ်မျှသာလိုတော့ပြီး သူမ၏အေးစက်စက်မျက်နှာလေးပင်တုန်လှုပ်မှုကြောင့်ဖြူဖျော့လျက်ရှိ၏ ။
ထိုအချိန်လေးတွင် စီးတုယွမ်ချင်း၏စိတ်ထဲ၌ တစ်ကြိမ်မှမဖြစ်ပေါ်ဖူးသည့် ထိတ်လန့်အားငယ်သည့်စိတ်တို့ဝင်ရောက်လာသော်လည်း သူ၏ရှေ့မှလက်တစ်ဖက်က ဖျက်ခနဲတိုးထွက်လာကာ လှံသွားကိုဖမ်းဆုပ်ထားပေသည်။။
လှံသွား၏ထက်ရှမှုကြောင့် နီရဲသည့်သွေးများက လှံရှည်တစ်လျှောက်စီးကျသွားသော်လည်း ရှောင်ယောင်ကား လှံဖျားကိုတင်းတင်းဆုပ်ထားရာမှလွှတ်မပေးပေ။
ထို့နောက် အံ့ဩတုန်လှုပ်ဟန်ဖြင့်ရှိနေသည့်အန်းဒူကိုတစ်ချက်ကြည့်ကာ လှံရှည်ကိုဆက်ခနဲဆွဲယူလိုက်လေသည်။
လူဝကြိးအန်းဒူကား ပုံမှန်လိုအသိစိတ်မျိုးပင်ရှိပုံမရတော့ဘဲ စီးတုယွမ်ချင်းကိုသတ်ဖြတ်ရန် သူကိုယ်တိုင်လည်း သေလုနီးပါးဓားဒဏ်ရာကြီးကိုခံယူခဲ့ပေသည်။
ယခု ထိုမိန်းကလေးကိုသတ်ဖြတ်ခါနီးမှ ရှောင်ယောင်ကအချိန်ကိုက်ဝင်ရောက်ဟန့်တားလိုက်ရာ သူ၏မျက်နှာထက်မှအပြုံးက အေးခဲသွားပြီး မတုန့်ပြန်နိုင်တော့ဘဲ ရှောင်ယောင်ဆဲခေါ်လာရာသို့ ရိပ်ခနဲပါလာတော့သည်။
“ ဝုန်း....”
ရှောင်လင်သံမဏိလက်သီးက အကာအကွယ်ကင်းမဲ့နေသည့်အန်းဒူ၏ရင်ဘက်ကိုတည့်မက်စွာထိမှန်သွားပြီး ကြိုးပြတ်သည့်စွန်တစ်ကောင်ပမာ လွင့်စင်သွားစေသည်။
အန်းဒူမှာ ပခူံးတွင်ဓားရှည်နက်ဝင်လျက်အနေအထားဖြင့် အတော်ဝေးဝေးသို့လွင့်စင်သွားပြီး ပြန်ထနိုင်ခြင်းမရှိတော့ချေ။
ထိုအခါမှ ရှောင်ယောင်လည်း စိတ်သက်သာရာရစွာသက်ပြင်းတစ်ချက်ချရင်း လက်ထဲတွင်ဆုပ်ကိုင်ထားသည့်လှံရှည်ကို ဘေးသို့ပစ်လိုက်ရင်းစီးတုယွမ်ချင်းကိုမေးလိုက်သည်။
“ အဆင်ပြေရဲ့လား....”
သေခြင်းတရားနှင့်လွန်စွာနီးကပ်ခဲ့၍ သွေးမရှိသလိုဖြူလျော်နေသည့်မျက်နှာလေးဖြင့်စီးတုယွမိချင်းကား ရှောင်ယောင့်ကိုပြန်ကြည့်လိုက်ပြီး အလိုလိုခေါင်းညိမ့်ပြလိုက်မိသည်။
ယခုအချိန်ထိ သူမဆီသို့လျှင်မြန်စွာဝင်ရောက်လာသည့်လှံထိပ်ဖျားကို ထိတ်လန့်နေသေးကာ ရှောင်ယောင်၏ဝင်ရောက်ကာကွယ်မှုကိုလည်း ပြန်မြင်ယောင်မိနေဆဲဖြစ်သည်။
သူမ၏သိုင်းပညာမည်မျှအစွမ်းထက်သည်ဆိုပါစေ ယခုမှအသက်နှစ်ဆယ်မပြည့်သေးသည့်မိန်းပျိုလေးတစ်ယောက်ဖြစ်၍ ယခုလိုအသက်အန္တရာယ်မှလက်မတင်လေးလွတ်မြောက်လာသည့်အခါ စီးတုယွမ်ချင်းတစ်ယောက် ထိတ်လန့်တုန်လှုပ်နေခြင်းက ပုံမှန်သာဖြစ်သည် ။
ဝါရင့်သိုင်းထိပ်သီးတစ်ယောက်၏အတွေ့အကြုံများက အထင်သေးစရာမဟုတ်ဘဲ အန်းဒူ၏သ်ုင်းပညာက ထိုမျှမဟုတ်သော်လည်း အကယ်၍ ရှောင်ယောင်သာမရှိပါက စီးတုယွမ်ချင်းမှာ သေဆုံးပြီးဖြစ်နိုင်သညိ။
ထိုနည်းတူ ခန္တာကိုယ်တစ်ခြမ်းလုံးနစ်ဝင်သွားအောင်ခုတ်ဖြတ်ခံလိုက်ရသည့်အန်းဒူသည်လည်း အသက်ရှင်နိုင်ရန်လွန်စွာခက်ခဲပေမည် ။
ယခုတော့ ထိုဒဏ်ရာကြီးအပြင် ရှောင်ယောင်၏လက်သီးချက်မိမိရရထိမှန်သွားသည့်အတွက် အန်းဒူအသက်ရှင်နိုင်ရန် လုံးဝအခွင့်အလမ်းမရှိတော့ပေ။
စီးတုယွမ်ချင်းသည်လည်း အစောပိုင်းကဖြစ်ရပ်ကြောင့်ထိတ်လန့်တုန်လှုပ်သွားမိသော်လည်း အချိန်အနည်းငယ်အတွင်းသတိဝင်လာပြီး ပုံမှန်ပြန်ဖြစ်သွားသည်။။
ထို့နောက် သွေးများတစက်စက်ကျဆင်းနေသညိ့ရှောင်ယောင်၏လက်ကိုအကြည့်ရောက်သွားကာ စိုးရိမ်ပူပန်စွာဖြင့်မေးလိုက်မိသည်။
“ နင့်လက်မှာ ဒဏ်ရာရသွားတာမလား ....”
စီးတုယွမ်ချင်းကပြောပြောဆိုဆိုဖြင့်ရှောင်ယောင်၏လက်ကိုအလျှင်အမြန်ကြည့်ရှုလိုက်သည်။
လှံသွားကိုလက်ဗလာဖြင့်ဖမ်းဆုပ်ခဲ့သည့်ရှောင်ယောင်၏လုပ်ရပ်ကလွန်စွာအန္တရာယ်များလှပြီး အခန့်မသင့်လျှင် သူ၏လက်ချောင်းများပြတ်ထွက်ကာ စီးတုယွမ်ချင်းလည်းသေဆူံးသွားနိုင်သည်။
သို့သော် အံ့ဩဖွယ်ကောင်းစွာဖြင့် ရှောင်ယောင်၏လက်ဖဝါးရှိပြက်ရှရာကြီးမှအပ သူ၏လက်ချောင်းများတွင်ခြစ်ရာပင်ထင်ကျန်ခြင်းမရှိပေ။
သူ့ကိုစိုးရိမ်တကြီးကြည့်ရှုနေပြီး အံ့အားသင့်ဟန်ဖြင့်မျက်လုံးများဝိုင်းစက်သွားသည့်စီးတုယွမ်ချင်းကြောင့် ရှောင်ယောင်က တည်ငြိမ်စွာပြောလိုက်သည်။
“ လျှို့ဝှကိသိုင်းပညာခုနစ်ဆယ့်နှစ်မျိုးထဲက သံမဏိလက်ချောင်းလေ။ ငါ့ခန္တာကိုယ်က သာမန်ပဲဆိုပေမယိ့ ဟောဒီလက်ဆယ်ချောင်းကိုခုတ်ဖြတ်နိုင်ဖို့က ရတနာစာရင်းဝင်လက်နက်တစ်ခုခုလိုလိမ့်မယ်....”
ရှောင်ယောင်၏အပြင်အားလမ်းစဉ်က ဓားလှံမတိုးသည့်အဆင့်သို့ရောက်ရှိရန်များစွာလိုအပ်နေသေးသော်လည်းသံမဏိလက်ချောင်းပညာကိုလေ့ကျင့်ထားသည့်သူ၏လက်ချောင်းများက ဓားလှံများကိုပင်လက်ဗလာဖြင့်ဖမ်းဆုပ်နိုင်စွမ်းရှိသည်။
ယခုလည်းအခြားလူများဆိုလျှင်မည်သို့မှပြုလုပ်မည်မဟုတ်သည့်လုပ်ရပ်ကို ရဲဝင့်စွာလုပ်ဆောင်နိုင်ပြီး အတွင်းအားအပြင်အားပေါင်းစည်းမှုကြောင့် အားကုန်ထုတ်ကာထိုးသွင်းလိုက်သည့် အန်းဒူ၏လှံရှည်က ရှေ့မတိုးနိုင်ဘဲရပ်သွားခြင်းဖြစ်သည် ။
သို့သော် တစ်ဖက်ရန်သူ၏အရိုးများကိုအပိူင်းပိုင်းဖြစ်စေနိုင်သည့် သံမဏိလက်ချောင်းသိုင်းကိုရက်စက်သည်ဟုထင်မိ၍ ရှောင်ယောင်ပင်တစ်ကြိမ်မှထုတ်သုံးခြင်းမရှိခဲ့ပေ။
ရှောင်ယောင်လည်း ယခုအဖြစ်အပျက်က လျှိုစမ်းမြို့တွင် ချူးကုန်နှင့်တိုက်ခိုက်စဉ်ကအဖြစ်နှင့်အနည်းငယ်ဆင်တူသည်ဟုပင်တွေးလိုက်မိပြီး ကွာခြားချက်တစ်ခုကား သူနှင့်အတူလက်တွဲတိုက်ခိုက်သူက ဟောင်ရန်မဟုတ်ဘဲ စီးတုယွမ်ချင်းဖြစ်နေခြင်းဖြစ်သည်။
ရှောင်ယောင်၏အဖြေကြောင့် စီးတုယွမ်ချင်းလည်းထိုလူငယ် ထိပ်တန်းသိုင်းပညာမည်မျှလေ့ကျင့်အောင်မြင်ထားသည်ကိုသိလိုစိတ်ဖြစ်သွားမိ၏ ။
ထိုစဉ် ရှောင်ယောင်၏စနောက်သံထွက်ပေါ်လာသည်။
“ ဒီမှာမိန်းကလေး ကျုပ်ရဲ့လက်ကိုဘယ်ချိန်အထိကိုငိထားဦးမယ်စိတ်ကူးထားလဲ....”
ရှောင်ယောင်၏စကားကြောင့် စီးတုယွမ်ချင်း၏မျက်နှာလေးကအနည်းငယ်နီရဲသွားပြီး သူ၏လက်ထဲရှိရှောင်ယောင်၏လက်ကိုဖျက်ခနဲလွှတ်လိုက်သည်။
အေးတိအေးစက်မိန်းကလေး၏ရှက်ရွံ့သည့်ဟန်ပန်လေးက မြင်ရခဲ၍ ရှောင်ယောင်လည်း ရယ်မောလိုက်မိကာ ရှက်သွေးဖြန်း၍နီရဲနေသည့်သည့်စီးတုယွမ်ချင်း၏မျက်နှာလေးက ယခင်ကထက်အဆများစွာလှပနေပေသည် ။
ထိုနည်းတူ ယခုနှစ်ရက်အတွင်းဒုက္ခခံခဲ့ရသည်များက ထိုက်တန်သည်ဟု တွေးတာလိုက်မိ၏။
“ ဟိုလူမသေသေးဘူး....”
စီးတုယွမ်ချင်း၏မျက်နှာလှလှလေးက အေးစက်တင်းမာသွားပြီး ညည်းသံအနည်းငယ်ထွက်လာသည့်အန်းဒူ၏ဘေးသို့ရိပ်ခနဲရောက်ရှိသွားလေသည်။
ထိုအခါမှရှောင်ယောင်လည်း အချိန်ကောင်းမဟုတ်သည်ကိုသတိပြုလိုက်မိပြီးသူလည်း စီးတုယွမ်ချင်းနည်းတူ ခပ်လှမ်းလှမ်းတွင်လဲကျနေသည့်လူဝကြီး၏အနီးသို့လျှောက်သွားလိုက်သည်။
ပုံမှန်ဆိုလျှင် အကောင်းစားပိုးဖဲဝတ်စုံများကိုသာဝတ်ဆင်တတ်ပြီး သူဌေးသူကြွယ်တစ်ဦးလိုဟိတ်ဟန်ကောင်းသည့်အန်းဒူကား မြေပြင်ပေါ်တွင် ပတ်လက်လဲကျနေပြီး တအီးအီးညဉ်းတွားလျက်ရှိသည်။
မူလကရှိနေသည့်ဒဏ်ရာများကြောင့် ငွေရောင်ဝတ်စုံကညစ်ထေးနေသလို ဒဏ်ရာအသစ်များမှထွက်ပေါ်နေသညိ့သွေးများက သူ၏ဝတ်စုံကိုအနီရောင်ပြောင်းသွားစေသည်။
ထို့ထက်ပို၍ကြောက်မက်ဖွယ်ကောင်းသည်က ပခုံးမှနေ၍ရင်ဘက်နေရာအထိ ခပ်စောင်းစေုင်းအနေအထားဖြင့်နစ်မြုပ်နေသည့်စီးတုယွမ်ချင်း၏ဓားရှည်ဖြစ်ကာ ချက်ကောင်းမဟုတ်၍ချက်ခြင်းမသေသည့်တိုင် အသက်ရှင်နိုင်မည်မဟုတ်တော့ပေ ။
ထို့အပြင် ရှောင်ယောင်၏လင်သီးချက်ကြောင့် သူ၏ရင်ဘက်က ချိုင့်ဝင်သွားပြီးအရိုးမည်မျှကျိူးထွက်သွားသည်ကိုသိနိုင်မည်မဟုတ်ပေ။
ထိုမျှပြင်းထန်လှသည့်ဒဏ်ရာများနှင့် အန်းဒူတစ်ယောက်ချက်ခြင်းသေဆူံးခြင်းမရှိသည်က အံ့ဩဖွယ်ရာပင်ဖြစ်ပြီး သူ၏ပါးစပ်မှသွေးများ အဆက်မပြက်အန်ထွက်နေကာ မျက်နှာတစ်ပြင်လုံးရဲရဲနီနေသည် ။
သို့သော် အန်းဒူ၏မျက်နှာထက်၌ ဆိုးယုတ်သည့်အပြုံးတစ်ခုရှိနေပြီး သူ၏အနီးသို့ရောက်လာသည့် ရှောင်ယောင်နှင့်စီးတုယွမ်ချင်းကိုအားယူ၍ကြည့်ကာပြောလိုက်သည်။
“ ငါ ငါ့ရဲ့ရည်ရွယ်ချက်မ မအောင်မြင်ပေမယ့် မင်းလည်း ငါနဲ့အတူ လိုက်ရတော့မှာပါ....”
အန်းဒူ၏မှိန်ဖျော့သည့်အကြည့်များက ရှောင်ယောင့်ဆီသို့ကျရောက်နေပြီး ရှောင်ယောင်တို့နှစ်ဦးလုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
ထို့နောက် ရှောင်ယောင်က စိတ်ထဲတွင် မသိုးမသန့်ခံစားလိုက်ရပြီး တစ်နေရာကိုကြည့်လိုက်မိရာ သူ၏မျက်နှာကွက်ခနဲပျက်သွားစဉ် အန်းဒူက သွေးများအဆက်ပြက်အန်ထုတ်ရင်းငြိမ်သက်သွားတော့သည်။
ရှောင်ယောင်နှင့်စီးတုယွမ်ချင်းတို့လည်းအချိန်အနည်းငယ်ကြာအောင်ငြိမ်သက်နေကြပြီးမှ စီးတုယွမ်ချင်းက အန်းဒူ၏ခန္တာကိုယ်ထဲတွင်စိုက်ဝင်လျက်ရှိသည့်သူမ၏ဓားရှည်ကိုဆွဲထုတ်လိုက်သည် ။
“ ရွှပ်....”
ခပ်တိုးတိုးအသံနှင့်အတူ အန်းဒူ၏ဘယ်ဘက်ရင်ဘက်တွင် ဟက်တက်ကွဲဒဏ်ရာကြီးပေါ်လာပြီး သွေးများအဆက်မပြက်ထွက်လာသော်လည်း သေဆူံးသွားသူတစ်ယောက်ကား နာကျင်မှုဒဏ်ကို ခံစားရမည်မဟုတ်ပေ။
စီးတုယွမ်ချင်းက အန်းဒူ၏သွေးများဖြင့်နီရဲနေသည့် သူမ၏ဓားရှည်ကို ပြန်သိမ်းလိုက်ရင်းရှောင်ယောင့်ကိုမေးလိုက်သည်။
“ သူဘာကိုဆိုလိုချင်တာလဲ....”
စီးတုယွမ်ချင်းမှာ အန်းဒူပြောသွားသည့်နောက်ဆုံးစကားများကို နားမလည်ခဲ့ပေ။
သူမ၏မေးခွန်းကိုခေါင်းယမ်းပြရင်းရှောင်ယောင်ကပြောလိုက်သည်။
“ သေခါနီးလျှောက်ပြောသွားတာနေမှာပေါ့....”
ထိုစဉ် ရှောင်ယောင်၏ခန္တာကိုယ်က အနည်းငယ်ယိုင်ထိုးသွား၍ စီးတုယွမ်ချင်းလည်းအလျှင်အမြန်ထိမ်းပေးလိုက်ရသည်။
ယောင်္ကျားလေးတစ်ယောက်နှင့် ဤမျှနီးနီးကပ်ကပ်မနေဖူး၍ သူမ၏ရင်ထဲတွင် တဒိန်းဒိန်းအသံများမည်နေပြီး မျက်နှာနီရဲနေသော်လည်း ရှောင်ယောင်၏ပုံစံက ရုတ်တရက်ပင်ပန်းနွမ်းနယ်သွားဟန်တူရာစီးတုယွမ်ချင်းလည်း ရှက်ရွံနေခြင်းကိုဘေးချိန်၍ စိုးရိမ်တကြီးမေးလိုက်သည်။
“ နင်အဆင်ပြေရဲ့လား....”
ရှောင်ယောင်က သူ၏ညာဘက်လက်ကို နောက်သို့မသိမသာပို့လိုက်ပြီးပြုံး၍ခေါင်းညိမ့်ပြလိုက်သည်။
“ ငါအတွင်းအားအများကြီးသုံးလိုက်ရလို့ပါ...ပြန်ပြီးအတွင်းအားဖြည့်တင်းလိုက်ဦးမယ်....”
ရှောင်ယောင်က ပြောပြောဆိုဆိုဖြင့် အန်းဒူ၏အလောင်းဘေးတွင်ခြေချိတ်ထိုင်ကာ အတွင်းအားစတင်လေ့ကျင့်လိုက်သည်။
အစောပိုင်းကတိုက်ပွဲက ပြင်းထန်သော်လည်း တစ်ဖက်သက်အနေအထားဖြစ်၍ သူမ၏အတွင်းအားများပင် အတော်များများကျန်ရှိနေသော်လည်း စီးတုယွမ်ချင်းက ရှောင်ယောင့်၏စကားကိုသံသာမရှိပေ။
အကြောင်းကား ရှောင်ယောင်က သူမကိုဝင်ရောက်ကူညီခြင်းမပြုမီ အန်းဒူခေါ်လာသည့်အဆင့်လွန်ထိပ်သီးတစ်ယောက်နှင့်ရင်ဆိုင်ခဲ့၍ဖြစ်ပြီး သူ၏ထိပ်တန်းအဆင့်သိုင်းပညာဖြင့် အဆင့်လွန်ထိပ်သီးတစ်ယောင်ကိူအနိုင်ယူနိုင်ခြင်းက အံ့ဩဖွယ်ရာပင်။
ဤသို့ဖြင့် တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်တွင် လူသေအလောင်းတစ်လောင်း၊ အလောင်းဘေးတွင်အတွင်းအားလေ့ကျင့်နေသည့်လူငယ်လေးနှငိ့ သူ့ကိုကာကွယ်ပေးနေသည့်မိန်းမလှလေးတို့သာရှိနေပေသည်။
&&&