သိုင်းဝိဇ္ဇာတို့၏ယှဉ်ပြိုင်ပွဲ
Vol. 2 Ch. 112
စင်းထန်မြို့
အလယ်ပိုင်းဒေသ၏တစ်နေရာတွင်ရှိသည့် စင်းထန်မြို့လေးက ကူးသန်းရောင်ဝယ်ရေးအချက်အချာမဟုတ်သလို၊ ထင်ရှားသည့်ရှုမျှော်ခင်းများလည်းမရှိ၍ လာရောက်လည်ပတ်သူနည်းပါးသည့် သာမန်မြို့လေးတစ်မြို့သာဖြစ်သည်။
မြို့၏မြောက်ဘက်ပိုင်းတွင် မြင့်မားမက်စောက်သည့် ဟွာရှန်းတောင်တည်ရှိပြီး သစ်ပင်ကြီးများနည်းပါးသည့်ကျောက်သားတောင်မြင့်မှာ သာမန်လူများတတ်ရောက်နိုင်ရန်မဖြစ်နိုင်လောက်အောင် ခက်ခဲကြမ်းတမ်းလှသည်။
သို့သော် ထိုဟွာရှန်းတောင်ကိုအကြောင်းပြု၍ သိုင်းလောကသားများ စင်းထန်မြို့လေးဆီသို့်မကြာခဏရောက်လာတတ်ပြီး သူတို့၏ရည်ရွယ်ချက်က ထိုတောင်ပေါ်တွင် ပြုလုပ်လေ့ရှိသည့်တိုက်ပွဲများ ၊ စိန်ခေါ်ပွဲများကို ကြည့်ရှုလိုခြင်းဖြစ်သည် ။
ဟွာရှန်းတောင်မြင့်မှာ ဟူပေကျဲလောင်နယ်စပ်ရှိ နာမည်ကျော်ကျုံဟွာတောင်လောက်ထင်ရှားခြင်းမရှိသော်လည်း ဤနယ်အနီးတစ်ဝိုက်တွင်တော့ မသိသူမရှိအောင်ကျော်ကြားသည်ဟုဆိုနိုင်သည်။
အထူးသဖြင့် နဂါးခုနစ်ကောင်ဟုလူသိများသည့် ဒုတိယမျိူးဆက်သိုင်းဝိဇ္ဇာခုနစ်ယောက်၏ယှဥ်ပြိုင်ပွဲကို ဟွာရှန်းတောင်ပေါ်တွင်ကျင်းပလေ့ရှိသည်မှာ နှစ်ကြိမ်ဆက်တိုက်ရှိခဲ့ပြီးဖြစ်၍ ယခုနှစ်က သုံးကြိမ်မြောက်ဖြစ်ပေမည်။
နဂါးခုနစ်ကောင်ဆိုသည်ကလက်ရှိသိုင်းလောကထဲတွင် မသိသူမရှိလျှမ်းလျှမ်းတောက်ကျော်ကြားနေသည့်လူများဖြစ်၍လည်း သူတို့၏ယှဉ်ပြိုင်ပွဲကို ကျော်ကြားသည့်သိုင်းထိပ်သီးများပင်လာရောက်ကြည့်ရှုလေ့ရှိသည်။
လက်ရှိသိုင်းလောက၏အထင်ရှားဆုံးအဖွဲ့အစည်းနှစ်ခုဖြစ်သည့် မိစ္ဆာဝိညာဉ်နှင့် သိုင်းမဟာမိတ်မှခေါင်းဆောင်များပင် ဟွာရှန်းတောင်ယှဉ်ပြိုင်ပွဲကိုလာရောက်လေ့ရှိပြီး ယခုနှစ်တွင်လည်း ယှဉ်ပြိုင်ပွဲရက်နီးကပ်လာပြီဖြစ်၍ စင်းထန်မြို့လေးထဲတွင်သိုင်းလောကသားများလှုပ်ရှားသွားလာနေကြပြီဖြစ်သည်။
ရွှေဝတ်လွှာစားသောက်ဆိုင်
စင်းထန်မြို့၏အလယ်တွင် ဝံ့ကြွားစွာဖွင့်လှစ်ထားသည့် သုံးထပ်စားသောက်ဆိုင်ကြီးက ဤမြို့နှင့်အနီးတစ်ဝိုက်တွင်အထင်ရှားဆုံးဖြစ်သည်။
သိုင်းလောကအနှံ့ဆိုင်ခွဲများဖွင့်လှစ်ထားသည့်ရွှေဝတ်လွှာလုပ်ငန်းက စင်းထန်တွင်လည်း သူတို့၏ဆိုင်ခွဲကိုလာရောက်ဖွင့်လှစ်ထားခြင်းဖြစ်ကာ စတင်ဖွင့်လှစ်သညိ့ လွန်ခဲ့သည့်ငါးနှစ်မှစ၍ မြို့ထဲရှိအခြားစားသောက်ဆိုင်များကိုကျော်တတ်၍ နံပါတ်တစ်နေရာသို့ရောက်ခဲ့ခြင်းဖြစ်သည်။
စင်စစ် စင်းထန်လို သာမန်မြို့ငယ်လေးတစ်ခုတွင် စားသောက်ဆိုင်နှင့်တည်းခိုခန်းက လက်ချိုးရေနိုင်အောင်နည်းပါးရာ ရွှေဝတ်လွှာစားသောက်ဆိုင်လို ထိပ်တန်းစားသောက်ဆိုင်တစ်ခုက နံပါတ်တစ်နေရာသို့ရောက်ရှိလာသည်မှာမထူးဆန်းပေ။
ယနေ့တွင် ရွှေဝတ်လွှာစားသောက်ဆိုင်၏ အောက်ထပ်တွင်လူများပြည့်နေပြီး ဒုတိယထပ်တွင်လည်း စားသုံးသူအတော်များများရှိနေသည်။
အကယ်၍ ထိုလူများကိုသာသေချာအကဲခပ်ကြညိ့ပါက သာမန်အရပ်သားများမဟုတ်ဘဲ လက်နက်ကိုယ်စီကိုင်ဆောင်ထားကြသည့် သိုင်းလောကသားများဖြစ်သည်ကိုတွေ့နိုင်မည်ဖြစ်ကာ သူတို့ထဲမှအများစုကလည်းသိုင်းလောကတွင် နာမည်တစ်လုံးရှိပြီးသားများဖြစ်သည်။
စင်းထန်လို စိတ်ဝင်စားစရာနည်းပါးသည့် သာမန်မြို့လေးကို ထိုလူများစုရုံးရောက်ရှိလာခြင်းက ဟွာရှန်းတောင်ယှဉ်ပြိုင်ပွဲကြောင့်သာဖြစ်ပြီး နောက်ထပ် လေးငါးရက်နေလျှင်ယှဉ်ပြိုင်ပွဲက ရောက်ရှိလာတော့မည်ဖြစ်သည်။
အမှန်တွင် သိုင်းဝိဇ္ဇာခုနစ်ယောက်၏ယှဉ်ပြိုင်ပွဲကိုကြည့်ခွင့်ရသူများက သူတိူ့နှင့်ရင်းနှီးပတ်သတ်သူများသာဖြစ်သည်။
ထိုသို့သက်မှတ်ထားခြင်းကလည်း များစွာမထူးဆန်းဘဲ တစ်ယောက်နှင့်တစ်ယောက်နှိုင်းယှဉ်သည့် သိုင်းပညာယှဉ်ပြိုင်ပွဲတွင်လူတစ်အုပ်တစ်မကြီးလာရောက်ကြည့်ရှုပါက အနှောင့်အယှက်ဖြစ်စေနိုင်၍ဖြစ်သည်။
ယှဥ်ပြိုင်ပွဲကျင်းပရာ ဟွာရှန်းတောင်ကလည်း မြင့်မားမက်စောက်လှပြီး သိုင်းပညာထိပ်တန်းအဆင့်မရှိဘဲမတတ်ရောက်နိုင်ဘဲ လွတ်လပ်စွာကြည့်ရှုခွင့်ရှိမည်ဆိုလျှင်ပင် တောင်ပေါ်သို့တတ်ရောက်နိုင်သူများစွာရှိမည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ သိုင်းဝိဇ္ဇာခုနစ်ယောက်ကိုအနှောင့်အယှက်မဖြစ်စေရန် သိုင်းမဟာမိတ်မှတောင်တတ်လမ်းကိုစောင့်ကြပ်ပေးကာ သိုင်းဝိဇ္ဇာခုနစ်ယောက်နှင့်ရင်းနှီးသူများကိုသာတတ်ခွင့်ပေးထားသည်။
ထိုကိစ္စနှင့်ပတ်သတ်၍မိစ္ဆာဝိညာဉ်အဖွဲ့က အမြင်ကြည်ဟန်မတူသော်လည်း သိုင်းဝိဇ္ဇာခုနစ်ယောက်မှအများစုက အဖြူရောင်သိုင်းသမားများဖြစ်ရာ မကျေနပ်သည့်တိုင် ထုတ်ဖော်ပြောဆိုခြင်းမပြုကြပေ။
ကျန်လူများကလည်း သိုင်းမဟာမိတ်၏စီစဉ်မှုကို လက်ခံကြပြီး ယှဉ်ပြိုင်ပွဲကိုကြည့်ခွင့်မရလျှင်ပင် သိုင်းဝိဇ္ဇာခုနစ်ယောက်ကိုမြင်တွေ့ခွင့်ရမည်ဖြစ်ပြီး ရလာဒ်များကို ဦးဦးဖျားဖျားသိရမည်ဖြစ်၍ ယှဉ်ပြိုင်ပွဲမတိုင်မီရက်အနည်းငယ်အလိုက ကြိုတင်ရောက်ရှိလာခြင်းဖြစ်ကြသည် ။
ဤသို့ဖြင့် သိုင်းဝိဇ္ဇာခုနစ်ယောက်၏ယှဉ်ပြိုင်ပွဲမရောက်မီ ရက်အနည်းငယ်အလိုကပင် စင်းထန်မြို့လေးတွင်သိုင်းလောကသားများဖြင့်စည်ကားနေပြီး သိုင်းဝိဇ္ဇာခုနစ်ယောက်ထဲမှ အချို့လည်းရောက်ရှိနေကြပြီဖြစ်သည်။
ဆိုင်၏ဒုတိယထပ်တွင် လူနှစ်ဆယ်နီးပါးရှိပြီး ထိုလူများအားလုံးနီးပါးက သိုင်းလောကတွင်ကျော်ကြားသူများဖြစ်ကြသည်။
ထို့ကြောင့် အချင်းချင်းအသိအကျွမ်းများဖြစ်ကြသည်ကများကာ အဖြူရောင်သိုင်းထိပ်သီးများရော အနက်ရောင်သိုင်းထိပ်သီးများပါရှိနေသည် ။
ယခုနှစ်များတွင်သိုင်းမဟာမိတ်နှင့်မိစ္ဆာဝိညာဉ်တို့၏အားပြိုင်မှုများကြောင့် အဖြူရောင်သိုင်းလောကနှင့် အနက်ရောင်သိုင်းလောက၏ပြိုင်ဆိုင်မှုကပို၍ပြင်းထန်လာပြီး သိုင်းလောကအနှံ့တွင်လည်းတိုက်ပွဲများမကြာခဏဆိုသလိုဖြစ်ပေါ်နေကြသည်။
လက်ရှိ ဒုတိယထပ်တွင်ရှိနေသည့်လူအချို့ပင် အချင်းချင်းရန်ငြိုးရန်စများရှိထားပြီး သူတို့ရှိနေသည့်နေရာက ရွှေဝတ်လွှာစားသောက်ဆိုင်မဟုတ်ပါက အချင်းချင်းတိုက်ခိုက်နိုင်ကြပေသည်။
ရွှေဝတ်လွှာစားသောက်ဆိုင်၏ထူးခြားမှုက သူတို့၏လုပ်ငန်းနေရာမှန်သမျှတွင် တိုက်ပွဲကိုတားမြစ်ထားကာ လုံးဝတိုက်ခိုက်ခွင့်မပြုခြင်းဖြစ်သည်။
ထိုလုပ်ငန်းစုပေါ်လာစက သူတို့ကို အကဲစမ်းလိုသူများစွာရှိခဲ့ပြီး တိုက်ပွဲများကိုထမင်းစားရေသောက်လိုဖြစ်နေကြသည့်သိုင်းလောကထဲတွင် ယခုလိုစည်းမျဉ်းမျိုးထုတ်ထားသည့် ရွှေဝတ်လွှာလုပ်ငန်းကိုလူအားလုံးက လှောင်ရယ်ခဲ့ကြသည်။
သို့သော် နောက်ထပ်ဖြစ်ပျက်လာသည့်အရာများက သိုင်းလောကသားများ၏မျက်လုံးများကိုပြူးကျယ်သွားစေပြီး ရွှေဝတ်လွှာလုပ်ငန်းများတွင်ပြဿနာရှာဝံ့သည့်မည်သူမဆိုဆုံးမခံရကာ အဆင့်လွန်ထိပ်သီးများပင်ချွင်းချက်မဟုတ်ပေ။
ကောလဟာလများအရ ရွှေဝတ်လွှာလုပ်ငန်းများ၏ပိုင်ရှင်မှာ ထူးခြားဆန်းကြယ်သည့်လူတစ်ယောက်ဖြစ်သည်ဟုဆိုကြပြီးသူ၏လက်အောက်တွင်အလုပ်လုပ်နေသည့်အင်အားစုတစ်ခုလည်းရှိသည်ဟုဆိုကြသည် ။
ထိုသတင်းများမှန်သည်မှားသည်ကိုမည်သူမှအတိအကျမသိကြသော်လည်း ရွှေဝတ်လွှာလုပ်ငန်း၏လုပ်ငန်းခွဲတစ်ခုချင်းစီတိုင်းတွင် သိုင်းပညာအဆင့်မြင့်သည့် သိုင်းသမားများစောင့်ကြပ်ပေးကြပြီး အဆင့်လွန်ထိပ်သီးများပင်ပါဝင်သည်။
ထို့ကြောင့် ရွှေဝတ်လွှာလုပ်ငန်း၏အကြောင်းကိုသိရှိပြီးနောက်တွင် သူတို့၏စည်းမျဉ်းကိုမည်သူမှပျက်ရယ်မပြုဝံ့ကြဘဲ ကျော်ကြားသည့်အဆင့်လွန်သိုင်းသမားများပင် လိုက်နာကြပေသည်။
ယခု ဆိုင်ထဲရှိလူများရန်ငြိုးရန်စများကိုမေ့ပျောက်ထားခြင်းက ရွှေဝတ်လွှာစားသောင်ဆိူင်၏စည်းမျဉ်းအပြင် ဒုတိယထပ်တွင်ရှိသည့်လူနှစ်ယောက်ကြောင့်ဖြစ်ပေသည်။
အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် သက်လက်ပိုင်းလူတစ်ယောက်နှင့် အညိုရောင်ဝတ်ရုံရှည်ကြီးကိုဝတ်ဆင်ထားသည့် အသက်ငါးဆယ့်ငါးနှစ်ခန့်ရှိမည့်သိုင်းသမားတစ်ဦးတို့က ဒုတိယထပ်၏ပြတင်းပေါက်နားဝိုင်းတွင်နှစ်ဦးထဲထိုင်နေသည်။
သူတို့၏ဝိုင်းတွင် များပြားလှသည့်ဟင်းပွဲများရှိနေသလို အကန့်အသက်ဖြင့်သာရောင်းချသည့်ရွှေဝတ်လွှာနတ်ဘုရားအရက်လေးငါးအိုးလည်းရှိနေသည်။
သက်လင်ပိုင်းလူနှစ်ယောက်ကား သာမန်ရုပ်ရည်သာရှိကြပြီး ထူးခြားချက်တစ်စုံတစ်ရာမရှိဟုထင်ရသော်လည် ဒုတိယထပ်ရှိသိုင်းထိပ်သီးမှန်သမျှ ထိုဝိုင်းသိူ့ သိသိသာသာတစ်မျိုး မသိမသာတစ်ဖုံအကဲခပ်နေကြသည်။
အသေအချာကြည့်ရှုမည်ဆိုပါက သူတို့၏မျက်ဝန်းများထဲတွင် လေးစားသည့်အရိပ်အယောင်များကိုတွေ့မြင်နိုင်ပြီး ကျော်ကြားသည့်သိုင်းထိပ်သီးများပင်လေးစားရလောက်သည့်လူနှစ်ယောက်က မည်သူများဖြစ်နည်း......။
စင်စစ် ထိုနှစ်ယောက်က ဆိုင်၏တတိထပ်သို့တက်ရောက်ရန်အရည်အချင်းပြည့်မှီသူများဖြစ်ပြီး တာဝန်ခံကိုယ်တိုင် လေးလေးစားစားဖိတ်ခေါ်သော်လည်း ငြင်းပယ်ခဲ့ကြသည်။
ထိုလူနှစ်ယောက်က ကျန်လူများ၏အာရုံစိုက်မှုကို သိရှိသည့်တိုင် တည်ငြိမ်စွာရှိနေကြပြီး စကားပြောလိုက်စားလိုက်သောက်လိုက်ဖြင့် လွန်စွာအေးဆေးလှ၏။
“ ဒီနှစ်လည်း ခင်ဗျားပဲနံပါတ်တစ်ဖြစ်နေဦးမယ်နဲ့တူတယ် လက်ကိုးချောင်းဘုရင်....ခင်ဗျားက အမြဲတမ်းနံပါတ်တစ်ပဲရနေတော့မှာလား....”
အနက်ရောင်ဝတ်စုံဝတ်လူက အညိုရောင်ဝတ်ရုံဝတ်လူကြီးကိုပြောလိုက်သည်။
သူ၏စကားကြောင့် လက်ကိုးချောင်းဘုရင်ဆိုသူ ရွှေဝတ်လွှာနတ်ဘုရားအရက်ကိုဇိမ်ဆွဲ၍သောက်နေသည့် အညိုရောင်ဝတ်ရုံဝတ်လူကြီးက ခပ်တိုးတိုးရယ်မော၍ပြောလိုက်သည်။
“ ဒီလိုလည်းမဟုတ်သေးဘူးလေ...တိုးတက်လာတာကျုပ်တစ်ယောက်ထဲမှဟုတ်တာ ။
လေဘုရင်ဆိုတဲ့ခင်ဗျားကလည်း တစ်နှစ်ထဲနဲ့အများကြီးတိုးတက်လာတယ်မလား....”
လက်ကိုးချောင်းဘုရင်၏ မျက်လုံးများကအနည်းငယ်မှေးစင်းသွားပြီး တစ်ဖက်လူ၏စကားကိုပြန်လည်ချေပလိုက်၏။
သူ၏စကားကြောင့် လေဘုရင်ဆိုသည့် အနက်ရောင်ဝတ်စုံဝတ်လူကြီး၏မျက်ဝန်းထဲတွင် အရောင်တစ်ချက်လက်သွားပြီး ခေါင်းယမ်း၍ပြောလိုက်သည်။
“ တိုးတက်တယ်ဆိုမှ ခင်ဗျားရောကျုပ်ရောက ဓားကျိုးဘုရင်ကိုမှီမယ်မထင်ဘူး။ ကျုပ် မနက်ကပဲသူနဲ့တွေ့လာတာ ။
ဒီနှစ်တော့ ခင်ဗျားရဲ့နံပါတ်တစ်နေရာကိုစိန်ခေါ်ဖို့က ကျုပ်တစ်ယောက်ထဲကမယ် မထင်ဘူး ။
ဓားကျိုးဘုရင်က နယ်ခြားဒေသကိုသွားပြီး ဟိုကဓားသမားတွေနဲ့ယှဉ်ပြိုင်လာတယ်ကြားတယ်။ တခြားလူတွေပြောပုံအရဆိုရင် သူကတစ်နှစ်အတွင်းမှာ တိုက်ပွဲပေါင်းလေးဆယ့်ကိုးပွဲတိုက်ခိုက်ပြီးတစ်ပွဲမှအရှူံးမရှိခဲ့ဘူးတဲ့....”
လေဘုရင်၏စကားကြောင့် လက်ကိုးချောင်ဘုရင်ကအနည်းငယ်အံ့အားသင့်သွားဟန်တူပြီး ပြန်မေးလိုက်သည်။
“ ဒီကောင်ရော ရောက်နေပြီလား...ကျုပ် ရောက်နေတာနှစ်ရက်ရှိပြီ ။ ပြီးတော့ ဒီဆိုင်ကိုနေ့တိုင်းလာပါတယ် သူ့ကိုမတွေ့ပါဘူး....”
သူ၏စကားကို သူ့ဘာသာပြန်သတိရသွားဟန်တူပြီး လက်ကိုးချောင်းဘုရင်က ဆက်ပြောလိုက်သည်။
“ အော် ဟုတ်သားပဲ...သူကထင်ထင်ပေါ်ပေါ်နေရတာကိုမှမကြိုက်တာ ။ သာမန်ဆိုင်တစ်ဆိုင်ဆိုင်မှာပဲနေမှာပေါ့ ။
ဒါပေမယ့် သူ့ရဲ့ဓားပညာအပေါ် အာရုံစိုက်မှုက တကယ်ဩချရလောက်တယ် ။
ကျုပ်တော့ အခုလက်ရှိသိုင်းလောကမှာ မျိုးဆက်ဟောင်းတွေကလွဲရင် သူ့ရဲ့ဓားပညာကိုမှီတဲ့လူမရှိဘူးထင်တာပဲ။
ပြီးတော့ တိုက်ပွဲတိုင်းကိုလည်းစိတ်နှစ်ပြီးတိုက်ခိုက်တာ ။ ဒီနှစ်ပိုင်းတွေမှာ တောက်လျှောက်တိုးတက်လာတာက မယုံကြည်နိုင်စရာပဲ....”
လက်ကိုးချောင်းဘုရင်၏လေသံထဲတွင် အံ့ဩချီးကျူးလိုသည့်အရိပ်အယောင်များပါဝင်နေသည်။
လေဘုရင်ကလည်း ခေါင်းညိမ့်၍ထောက်ခံလိုက်သည်။
“ လွန်ခဲ့တဲ့ဆယ်နှစ်က ကျုပ်သူနဲ့တစ်ကြိမ်ဆုံခဲ့သေးတယ်။ အဲဒီတုန်းက ကျုပ်က သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ကိုရောက်ပြီးတော့ သူက ကျုပ်ထက်တောင်သိုင်းအဆင့်နိမ့်နေသေးတယ်။။
ဒါပေမယ့် ဆယ်နှစ်အတွင်းမှာ သူ့ရဲ့တိုးတက်မှုက အံ့မခန်းဖြစ်ပြီး အခုဆိုကျုပ်တောင်သူ့ကိုအနိုင်ရမယ်လို့ အာမခံဝံ့တော့ဘူး ...”
လက်ကိုးချောင်းဘုရင်က သက်ပြင်းတစ်ချက်ချ၍ပြောလိုက်သည်။
“ သူက ကျုပ်တို့ထက်အသက်ငယ်ပေမယ့် အခုလိုအဆင့်မျိုးထိအမှီလိုက်လာနိုင်တာမ ယုံကြည်နိုင်စရာပဲ ။
သူ့ရဲ့ပါရမီကကောင်းတယ်ဆိုပေမယ့်ဒီလောက်မဟုတ်ဘူး။ တည်ငြိမ်ပြီး အာရုံစူးစိုက်မှူအားကောင်းလို့ အောင်မြင်ဖို့ခက်ခဲလှတဲ့ ထိုက်ကျိဓားသိုင်းလို ထိပ်တန်းဓားသိုင်းတစ်ခုကိုအောင်မြင်အောင်လေ့ကျင့်နိုင်ခဲ့တည။
ပိုပြီးအံ့ဩစရာကောင်းတာက စန်နုန်ကျတိုက်ပွဲမှာ ဝမ်းတုဆီရှုံးအပြီးသိုင်းလောကကနေ ဆယ်နှစ်လောက်ပျောက်သွားပြီးနောက်မှ တဟုန်ထိုး တိုးတက်လာခဲ့တာ ။
ပြီးတော့ လက်သီးဘုရင်ဆိုတဲ့ကောင်ကလည်း သိုင်းလောကထဲမဆင်းတာကြာပြီ။ သူ့ရဲ့ပါရမီက ကျုပ်တို့ခုနစ်ယောက်ထဲမှာ အကောင်းဆုံးပဲ။
နောက်ပြီး မှန်းဆရခက်တဲ့လျှို့ဝှက်ဘုရင်နဲ့ ဓားရူးလည်းရှိသေးတယ်။ သေချာတာကတော့ ဒီနှစ်ပြိုင်ပွဲက အတော် လေးစိတ်ဝင်စားစရာကောင်းမှာပဲ....”
သူ၏မျက်လုံးများကား စိတ်ဝင်စားဟနိဖြင့် အရောင်တဖျက်ဖျက်တောက်ပသွားလေသည်။
&&&&