ငွေညှစ်ခြင်း
Vol. 7 Ch. 676
ခန်းမကြီးထဲမှ ထွက်လာပြီးနောက် ပိုင်ရှောင်ချန်းသည် အထင်သေးသည့် အမူအရာများ ဖုံးလွှမ်းနေသည့် မျက်နှာထားဖြင့် မျိုးနွယ်စုသုံးခုရှိရာဘက်သို့ လှမ်းကြည့်လိုက်လေသည်။ သူနှင့် ထိုမျိုးနွယ်စုများအကြားတွင် အာဃာတများ မရှိပါသော်လည်း သူတို့က သူ့ကို ထပ်ခါထပ်ခါ သတ်ရန် ကြံစည်ခဲ့သည် မဟုတ်ပါလော။
သူ ထောင်စောင့်တစ်ယောက် ဖြစ်ခဲ့စဥ်က လက်တုံ့ပြန်ရန် မဖြစ်နိုင်ခဲ့ပေ။ အကျဥ်းသားတစ်ယောက် ဖြစ်သွားခဲ့သည့်အချိန်တွင် ပို၍ပင်ဆိုးသည်။ သို့သော် ယခုတွင်မူ အခြေအနေများမှာ မတူတော့ပေ။ သူသည် ဘုရင်ကြီးကိုယ်စားပြု သရဲကြီးမြို့တော်၏ အမှုဆောင်ချုပ်ပိုင်ဖြစ်နေပြီ ဖြစ်သည်။
" ကောင်းကင်မြို့စား ချန်ဟိုင်ကို ဆင့်ခေါ်လိုက် "
သူက အင်္ကျီလက်ကို ခါယမ်းကာဆိုလိုက်သည်။ ချက်ချင်းပင် အနီးနားရှိ မြို့စောင့်များက သူ၏အမိန့်အတိုင်း ထမ်းရွက်ရန် ပြေးထွက်သွားတော့သည်။
ထို့နောက် သူက ခန်းမ၏အပြင်တွင်ရပ်ကာ လက်ကိုနောက်ပစ်၍ ချန်ဟိုင်ရောက်လာသည်ကိုစောင့်ရင်း ကောင်းကင်ကိုမော့ကြည့်နေတော့သည်။ ထိုသို့စောင့်နေရင်း သူသည် ကျောက်စိန်းပေလွှာတစ်ခုကိုထုတ်ကာ ကျိုးရီရှင်း ဆီသို့ သတင်းပို့လိုက်လေသည်။
" မင်းရဲ့လူတွေကို ငါ့အစား အဲဒီမျိုးနွယ်စုကြီးသုံးစုကို ကြည့်ခိုင်းထား "
" မပူပါနဲ့ သခင်။ ကျွန်တော် အကုန်လုံးတာဝန်ယူလိုက်ပါ့မယ်။ ပြီးတော့လေ ချန်မျိုးနွယ်စုကလူတွေက အသိပျောက်လောက်အောင် ထိတ်လန့်နေကြပြီ "
သူ၏စကားကို နားထောင်ပြီးနောက် ပိုင်ရှောင်ချန်းမှာ ညွှန်ကြားချက်အနည်းငယ်ထပ်ပေးကာ သူ၏မျက်လုံးများကိုမှိတ်၍ ဆက်စောင့်နေလိုက်တော့သည်။ ခဏအကြာတွင် ခပ်လှမ်းလှမ်းမှ အလင်းတန်းတစ်ခုပေါ်ထွက်လာပြီး ထိုအလင်းတန်းထဲတွင် ခပ်ဝဝ သက်လတ်ပိုင်းလူတစ်ယောက်ကို မြင်နိုင်သည်။
သူသည် ပုန်ကန်မှုထဲတွင် မပါခဲ့သည့် ကောင်းကင်မြို့စားကြီးများထဲမှ တစ်ယောက်ဖြစ်သည်။ သူသည် ပိုင်ရှောင်ချန်းကို စံအိမ်တစ်ခုနှင့် အခြား တန်ဖိုးကြီးလက်ဆောင်များစွာ ပေးအပ်ခဲ့သူလည်း ဖြစ်သည်။ ချန်ဟိုင်မှာ နန်းတော်ရှေ့တွင်ရပ်နေသည့် ပိုင်ရှောင်ချန်းကို မြင်လိုက်သည်နှင့် သူ၏မျက်နှာပေါ်တွင် အလွန်တည်ကြည်သော အမူအရာတစ်ခု ပေါ်ထွက်လာတော့သည်။ သူက လက်ကိုယှက်ကာ ဦးညွှတ်လိုက်ပြီး မေးလိုက်လေသည်။
" အမှုဆောင်ချုပ်ပိုင်။ ဘာများလုပ်ဆောင်ပေးရမှာပါလဲ "
" ကောင်းကင်မြို့စားကြီးချန်ရေ။ ခင်ဗျားရဲ့လူတွေကို စုလိုက်တော့။ ခင်ဗျားနဲ့ကျွန်တော် ခရီးနည်းနည်းထွက်ရအောင် "
ပိုင်ရှောင်ချန်းမှာ တပ်ထဲတွင် စစ်ဦးစီးမှူးတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ဖူးသည် ဖြစ်၍ ယခုသူ၏ စကားပြောနေပုံမှာ ဟိတ်ဟန်အပြည့်ပါနေသဖြင့် ချန်ဟိုင်မှာ အံ့အားသင့်နေရတော့သည်။ ပိုင်ရှောင်ချန်းနှင့် တော်ဝင်နန်းတော်ကြီးကို ခေါက်တုံ့ခေါက်ပြန် ကြည့်လိုက်ပြီးနောက် သူက လက်ခံကြောင်းပြောလိုက်တော့သည်။
သူက လုံးဝတွေဝေမနေပဲ သူ၏လက်အောက်ရှိ ဝိညာဥ်ကျင့်ကြံသူများကို အမိန့်ပေးလိုက်သောအခါ မကြာမီ လူအယောက်နှစ်သောင်းပါဝင်သည့် တပ်ဖွဲ့ကြီးတစ်ခု စုစည်းသွားကြတော့သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းနှင့် ချန်ဟိုင်မှာ ထိုတပ်ငယ်လေးနှင့်အတူ သရဲကြီးမြို့တော်အပြင်သို့ ပျံထွက်သွားကြတော့သည်။
ထိုမြင်ကွင်းကြောင့် မြို့ထဲရှိ လူတိုင်းမှာ တုန်လှုပ်သွားကြရသည်။ ထိုဝိညာဥ်ကျင့်ကြံသူ အယောက်နှစ်သောင်းမှာ မျိုးနွယ်စုကြီးသုံးစုအနက် ချိုင်မျိုးနွယ်စုရှိရာဘက်သို့ ဦးတည်ကာ သွားနေကြောင်းသိလိုက်ရသောအခါ ပို၍ တုန်လှုပ်ကုန်ကြတော့သည်။ ထိုအချိန်တွင် လူတိုင်းမှာ ဖြစ်ပျက်နေသည်များကို ရိပ်မိလိုက်တော့သည်။ လက်စားချေခြင်း…
ဝိညာဥ်ကျင့်ကြံသူအယောက်နှစ်သောင်းပါသည့် တပ်ဖွဲ့မှာ ပျံသန်းရာလမ်းတစ်လျှောက်တွင် သတ်ဖြတ်လိုစိတ်များ ထုတ်လွှတ်နေသည်။ ပိုင်ရှောင်ချန်းမှာ ဝင့်ဝါသည့်မျက်နှာထားဖြင့် လက်ကိုနောက်ပစ်ကာ ရှေ့ဆုံးမှဦးဆောင်နေသည်။ ရုတ်တရက် သူသည် မဟာတံတိုင်းဆီသို့ ပြန်ရောက်သွားသည့်အလား ခံစားလိုက်ရသည်။ သူ၏အမိန့်တိုင်းကို မဆိုင်းမတွ နာခံမည်ဖြစ်သော လက်ပါးစေများဝန်းရံနေသည့် စစ်ဦးစီးမှူးတစ်ယောက်ပြန်ဖြစ်သွားသည့်အလား ခံစားနေရတော့သည်။
ချန်ဟိုင်မှာ သူ၏ဘေးတွင်ရှိနေသည်။ သူက ထောက်ခံနေသည့်အမူအရာဖြင့် လက်မကိုထောင်ကာ အားပေးလိုက်သည်။
" တော်တယ် ကိုယ့်လူ ပိုင်ရေ။ မင်းကတော့ တကယ့်ကိုလူတွေအကြားက နဂါးတစ်ကောင်ပါပဲ။ ငါပြောတာနားထောင်။ ပြီးခဲ့တဲ့နှစ်ပေါင်းများစွာမှာ ရုတ်တရက် ရာထူးအကြီးကြီးရပြီးနောက် ကပေါက်တိ ကပေါက်ချာဖြစ်ကုန်တဲ့လူတွေအများကြီး ငါမြင်ဖူးတယ်။ ဒါပေမဲ့ မင်းတော့မပါဘူး ကိုယ့်လူ ပိုင်ရေ။ မင်းကတော့ အခြေအနေတော်တော်ကောင်းနေပြီ။ မင်းက သရဲကြီးမြို့တော်ရဲ့ ချီလင် လက်ရွေးစင် တစ်ယောက်ပါပဲ "
" ဒီ ဝိညာဥ်ကျင့်ကြံသူ အယောက်နှစ်သောင်းက မင်းကို ရွှေ့လို့မရနိုင်တဲ့ တောင်ကြီးတစ်လုံး၊ ထာဝရတည်မြဲနေတဲ့ ပင်လယ်ပြင်ကြီးလို သဘောထားတာ။ မင်းလိုမျိုး ဉာဏ်ပညာထက်မြက်မှုက တော်ဝင်မင်းသားတွေဆီမှာတောင် ခပ်ရှားရှားရယ် "
ချန်ဟိုင်က အလွန်တည်ကြည်သည့်အမူအရာဖြင့် ဆိုနေသည်ဖြစ်ပြီး သူစကားပြောလိုက်တိုင်း သူ၏အဆီများမှာ တဆတ်ဆတ်တုန်ရီနေသည်။ သူ ဖားယားနေသည်မှာ သိသာသော်လည်း သူ၏စကားများမှာ ယုံကြည်ဖွယ်ရာ အပြည့်ရှိနေသည်။
ပိုင်ရှောင်ချန်းမှာ ကျေနပ်သွားပြီး ချန်ဟိုင်မှာ အမြင်ရှိကြောင်း လက်ခံလိုက်တော့သည်။ သူက ပြုံးဖြီးဖြီးနှင့် " သင့်တွင်လှပသော ဝေါယာဥ်တစ်ခုရှိနေလျှင်တောင် သင့်ကို ထမ်းပေးမည့် လူများလိုသေးသည် " ဟူသော ဆိုရိုစကားဟောင်းတစ်ခုကို အမှတ်ရသွားတော့သည်။ ထို့ကြောင့် သူကလည်း မျက်နှာချိုသွေးကာ ပြန်၍ ဖားယားလိုက်ပြန်သည်။ ခဏအကြာတွင် သူတို့နှစ်ယောက်မှာ ဖော်ရွေစွာ စကားပြောနေကြတော့သည်။
တချိန်ထဲမှာပင် ပိုင်ရှောင်ချန်းက ငွေညှစ်ခြင်းကို မည်သို့ဆောင်ရွက်သင့်ကြောင်း တွေးတောလိုက်တော့သည်။ သရဲကြီးဘုရင်က တရားဝင်အမိန့်မထုတ်ထားသဖြင့် အလွန်ကြမ်းတမ်းသော နည်းကိုသုံးရန် မဖြစ်နိုင်ပေ။
" ငါ အကြမ်းနည်း မသုံးရရင်တောင် လက်စားတော့ပြန်ချေနိုင်ပါသေးတယ် "
သူက သူ၏အိတ်ကို ငုံ့ကြည့်လိုက်ပြီး လိပ်ကလေးအကြောင်းတွေးမိလိုက်သောအခါ အကြံအစည်အသစ်တစ်ခု ရသွားတော့သည်။
ခဏအကြာတွင် သူတို့သည် ချိန်မျိုးနွယ်စုကို မြင်နေရပြီဖြစ်သည်။ ဤမျိုးနွယ်စုကို အရင်ဆုံးရွေးချယ်ရသည်မှာ မြို့တော်နှင့်အနီးဆုံးတွင် တည်ရှိသည့်အကြောင်းအရင်းမှလွဲ၍ အခြားမရှိပေ။
သူရောက်လာသောအခါ ချိုင်မျိုးနွယ်စုရှိလူတိုင်းမှာ အလွန်စိုးရိမ်ထိတ်လန့်နေကြသည်။ သူတို့အားလုံးမှာ အသားများတုန်ရီနေကြပြီး မျိုးနွယ်စုခေါင်းဆောင်မှာ ဖြူဆုတ်နေသောမျက်နှာဖြင့် ကျင့်ကြံသူအုပ်စုတစ်စုကို ဦးဆောင်ကာ ဧည့်သည်များကို အပေါက်ဝတွင် ထွက်၍ကြိုလိုက်သည်။
ယခင်က ပိုင်ရှောင်ချန်းကိုသတ်ရန် ကြိုးစားခဲ့သည့် လက်ရွေးစင်ငယ်လေးများလည်း ရှိနေသည်ဖြစ်ပြီး သူ့ကိုချမ်းသာကြွယ်ဝမှုဖြင့် အနိုင်ကျင့်ရန် ကြိုးပမ်းခဲ့သည့် သူဌေးသားများလည်း ရှိနေသည်။ သူတို့အားလုံးမှာ တုန်ရီနေသည်ဖြစ်ပြီး မျက်နှာများမှာ အသက်မရှိတော့သည့်အလား ဖြူဆုတ်နေပြီဖြစ်သည်။
ယခုတွင် သူတို့မျိုးနွယ်စုပေါ်သို့ ကျရောက်နေသည့် ဖိအားကြီးမှာ အလွန်ကြီးမားနေသည်။ သူတို့၏ ခေါင်းဆောင်ကြီးမှာ သေဆုံးသွားပြီဖြစ်ပြီး မျိုးနွယ်စုဝင်တိုင်းမှာလည်း သေဆုံးတော့မည့်အလား ခံစားနေရသည်။
ပိုင်ဟောက်ကိုယ်တိုင် ဝိညာဥ်ကျင့်ကြံသူ အုပ်စုကြီးတစ်ခုကိုဦးဆောင်ကာ သူတို့ဆီသို့လာနေသည်ဟူသော သတင်းကြောင့် မျိုးနွယ်စုရှိလူတိုင်း၏ စိတ်နှလုံးများထဲတွင် ထိတ်လန့်မှုများဖြင့် ဖုံးလွှမ်းနေကြပြီ ဖြစ်သည်။ မျိုးနွယ်စုခေါင်းဆောင်နှင့် အချို့သော မျိုးနွယ်စု အကြီးအကဲများမှာ အကြောက်ရွံ့ဆုံးဖြစ်နေကြသော်လည်း အတတ်နိုင်ဆုံးကြိုးစား၍ စိတ်အေးအေးထားနေသည်။
သရဲကြီးဘုရင်သာ သူတို့ကိုကွပ်မျက်ရန် အစီအစဥ်ရှိပါက အကြာကြီးစောင့်နေမည် မဟုတ်ပေ။
ချိုင်မျိုးနွယ်စု ခေါင်းဆောင်မှာ အရှေ့တံခါးဝတွင်စောင့်နေစဥ် ပိုင်ရှောင်ချန်း၊ ချန်ဟိုင်နှင့် ဝိညာဥ်ကျင့်ကြံသူအယောက် နှစ်သောင်းတို့မှာ တိမ်မည်းကြီးတစ်ခုအလား ရောက်ရှိလာပြီး ကောင်းကင်ကြီးကို ဖုံးလွှမ်းသွားတော့သည်။ သူတို့က အနီးသို့ရောက်လာသောအခါ ချန်ဟိုင်က အသံကျယ်ကျယ်ဖြငံ အော်ပြောလိုက်လေသည်။
" ဒီနေရာကို အဝင်အထွက်ပိတ်လိုက်။ အမှုဆောင်ချုပ်ပိုင်ဆီက အမိန့်မပါရင် ဘယ်သူ့ကိုမှ အဝင်အထွက် မလုပ်စေနဲ့ "
ထို ဝိညာဥ်ကျင့်ကြံသူအယောက်နှစ်သောင်းမှာ ချက်ချင်းပင် လူစုခွဲသွားကြပြီး ချိုင်မျိုးနွယ်စုကိုဝန်းရံကာ အဝင်အထွက်ပိတ်လိုက်တော့သည်။ ချိုင်မျိုးနွယ်စု၏ ကျင့်ကြံသူများအားလုံး တုန်လှုပ်သွားရတော့သည်။ မျိုးနွယ်စုခေါင်းဆောင်၏ အမူအရာပြောင်းလဲသွားသော်လည်း အခြားရွေးချယ်စရာမရှိသဖြင့် အံကိုကြိတ်ကာ ပိုင်ရှောင်ချန်းထံသို့သွား၍ တရိုတသေ လက်ယှက်လိုက်တော့သည်။
" မင်္ဂလာပါ အမှုဆောင်ချုပ်ပိုင်။ မင်္ဂလာပါ ကောင်းကင်မြို့စားကြီးချန်။ "
မျိုးနွယ်စုထဲရှိ လူတိုင်းမှာလည်း သူ့နည်းတူလက်များယှက်ကာ နှုတ်ဆက်လိုက်ကြတော့သည်။
ပိုင်ရှောင်ချန်းသည် သူတို့ကိုလျစ်လျှူရှုကာ နောက်သို့လှည့်လိုက်ပြီး ချန်ဟိုင်ဘက်သို့ စိတ်ပျက်သွားသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။
" ကောင်းကင်မြို့စားကြီးချန်ရေ။ ကျုပ်ဒီကိုလာတာ ချိုင်မျိုးနွယ်စုကို ကွပ်မျက်မလို့မဟုတ်ပါဘူး။ ဘာလို့များ မျိုးနွယ်စုခေါင်းဆောင်ကို လန့်အောင် လုပ်လိုက်ရတာတုံး "
" ကျွန်တော် နားလည်ပါတယ် အမှုဆောင်ချုပ်ပိုင် " ချန်ဟိုင်ကလည်း တည်ကြည်စွာပြန်ဖြေလိုက်သည်။
" ဒါပေမဲ့ ကျွန်တော်မျိုးကို ဒီလိုလုပ်ဖို့ အမိန့်တွေပေးထားလို့ပါ "
ပိုင်ရှောင်ချန်းမှာ ခေါင်းခါကာ မျိုးနွယ်စုခေါင်းဆောင်ထံသို့ တောင်းပန်သည့်အမူအရာဖြင့် လျှောက်သွားတော့သည်။
" အို စိတ်မပူပါနဲ့ဗျာ " မျိုးနွယ်စုခေါင်းဆောင်က ဆိုလိုက်သည်။
" ကောင်းကင်မြို့စားကြီးချန်မှာလည်း သူ့အမိန့်နဲ့ သူ ဖြစ်နေလို့ပါ။ ကျွန်တော်တို့နားလည်ပါတယ်။ အမှုဆောင်ချုပ်ပိုင်ရေ။ အထဲဝင်ခဲ့လေဗျာ။ ဆွေးနွေးစရာရှိတာတွေ ဆွေးနွေးရတာပေါ့ "
ပိုင်ရှောင်ချန်းနှင့် ချန်ဟိုင်တို့မှာ ဇာတ်တိုက်ထားသည့်အတိုင်း ပြုမူနေသည်ကို မျိုးနွယ်စုခေါင်းဆောင် မရိပ်မိနိုင်စရာအကြောင်း မရှိပေ။ သို့သော် ထိုသို့ရိပ်မိလည်း သူ့အတွက် အကျိုးမထူးနိုင်ချေ။
ပိုင်ရှောင်ချန်းက ချိုင်မျိုးနွယ်စုထဲသို့ ချက်ချင်းမဝင်ပေ။ သူက ကျယ်လောင်စွာချောင်းဟန့်လိုက်သောအခါ ချန်ဟိုင်၏အမူအရာမှာ ပို၍တင်းမာသွားတော့သည်။
" ယင်ယန်ဝိညာဥ်အဆင့်မှာရှိတဲ့ အရာရှိတွေအကုန် ရှေ့ကိုထွက်လာပြီး အမှုဆောင်ချုပ်ပိုင်ကို ကာကွယ်ကြစမ်း "
ချက်ချင်းပင် အယောက်နှစ်သောင်းရှိသော လူအုပ်ကြီးထဲမှ လူတစ်ဒါဇင်ခန့်ထွက်လာပြီး ပိုင်ရှောင်ချန်းအနားတွင် ကပ်လိုက်ကြတော့သည်။
ပိုင်ရှောင်ချန်းမှာ ကျေနပ်ဟန်မရှိသေးသော်လည်း အဆုံးတွင် သက်ပြင်းချကာ မျိုးနွယ်စုခေါင်းဆောင်ကြီးကို ခြောက်ကပ်ကပ် ပြုံးပြလိုက်တော့သည်။
" ကျုပ်မှာရွေးချယ်စရာမရှိတာ ခင်ဗျားသိပါတယ်။ ခင်ဗျားရဲ့ ချိုင်မျိုးနွယ်စုကို ကျုပ်က မယုံတာမဟုတ်ရပါဘူး။ ရှင်ဘုရင်မင်းမြတ်က ကျုပ်ကို တန်ဖိုးထားလို့ပါ "
ဤအဖြစ်အပျက်များကြောင့် ရင်ထဲတွင်ခါးသီးနေသည့် မျိုးနွယ်စုခေါင်းဆောင်က ပြန်ဖြေလိုက်လေသည်။
" ဟုတ်တာပေါ့။ ဟုတ်တာပေါ့ဗျာ။ အမှုဆောင်ချုပ်ပိုင်က သရဲကြီးမြို့တော်အတွက် အင်မတန် အရေးကြီးတာကိုး။ အမှားမှားအယွင်းယွင်း ဖြစ်လို့ ဘယ်ရပါ့မလဲ။ ကျွန်တော်နားလည်ပါတယ် "
" ကောင်းပြီလေ။ အထဲဝင်ပြီး စကားပြောကြတာပေါ့ "
ပိုင်ရှောင်ချန်းမှာ သူ၏အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ပြီး အလွန်တန်ခိုးအာဏာကြီးကာ အရေးပါလွန်းနေသည့် ခံစားချက်ကြီးထဲတွင် သာယာနေတော့သည်။ မျိုးနွယ်စုထဲသို့ အရင်ဆုံးဝင်သည့်လူများမှာ သက်တော်စောင့်များအဖြစ် တာဝန်ထမ်းဆောင်နေကြသော ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့၏ ပုံစံအရ ချိုင်မျိုးနွယ်စုထဲရှိ လူတစ်ယောက်ကသာ အနည်းငယ် သင်္ကါမကင်းသည့် အပြုအမူတစ်ခုကို လုပ်ပါက ပိုင်ရှောင်ချန်း၏ ဘေးကင်းမှုအတွက် ချက်ချင်းတိုက်ခိုက်ကြမည်သာဖြစ်သည်။
ချိုင်မျိုးနွယ်စုကျင့်ကြံသူများမျာ ကြောက်ကြောက်လန့်လန့်နှင့် တုန်ရီနေကြတော့သည်။ လက်ရွေးစင်တစ်ယောက်ဆိုလျှင် သတိထားမိခံရမည် စိုးသဖြင့် တချိန်လုံးခေါင်းငုံ့ထားနေသည် အထိပင်။
မျိုးနွယ်စု ခေါင်းဆောင်မှာ လုံးဝသည်းမခံနိုင်တော့ပါသော်လည်း မျိုးနွယ်စုအကြီးအကဲများနှင့် ပူးပေါင်းကာ ပိုင်ရှောင်ချန်းကို မြို့ထဲသို့ ဦးဆောင်ခေါ်သွားရသည်သာ ဖြစ်သည်။
မျိုးနွယ်စု၏ ပင်မခန်းမထဲသို့ ရောက်သောအခါ ပိုင်ရှောင်ချန်းက ထိုင်ချကာ ပြုံးလိုက်သည်။
" မျိုးနွယ်စုခေါင်းဆောင်ကိုင်ရေ။ ကျုပ်ဒီနေ့လာတာ တာဝန်ကိစ္စတွေကြောင့် မဟုတ်ပါဘူး။ ချိုင်မျိုးနွယ်စုဆီမှာ နှစ်ပေါင်းတစ်ထောင်လောက် စုဆောင်းထားတဲ့ ပစ္စည်းလေးတွေရှိတယ်ဆိုလို့ ကျုပ်က နည်းနည်းလောက် စစ်ဆေးကြည့်ချင်ရုံပါ "
" ကျွန်တော်နားလည်ပါတယ် အမှုဆောင်ချုပ်ပိုင်။ ခဏလောက်စောင့်ပါ " မျိုးနွယ်စုခေါင်းဆောင်က အားတင်း၍ပြုံးကာ ဘေးဖက်သို့လှည့်၍ အမိန့်များပေးလိုက်လေသည်။ ခဏအကြာတွင် မျိုးနွယ်စုထဲမှ အခြားအဖွဲ့ဝင်တစ်ယောက်က ပြေးလာပြီး မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည့် ဝိညာဥ်ပုလင်းတစ်ခုကို ယူလာတော့သည်။
ထိုပုလင်းမှာ အလွန်မကြီးမားပဲ သာမန်ပန်းအိုးပုံစံသာ ရှိသည်။ သို့သော် ၎င်းကိုဝန်းရံနေသည့် အလင်းရောင်ကြောင့် ၎င်းသည် တမူထူးခြားသော ပစ္စည်းတစ်ခုဖြစ်ကြောင်း သိနိုင်သည်။ ထို့အပြင် ၎င်း၏မျက်နှာပြင်ပေါ်တွင် ရွှေရောင်အင်းကွက်တစ်ကွက်ရှိသဖြင့် ၎င်းဝိညာဥ်ပုလင်းကို အဆင့်ဆယ့်တစ်အထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားကြောင်း သိနိုင်သည်။
ထိုပုလင်းကို ပိုင်ရှောင်ချန်း၏ အရှေ့တွင် တရိုတသေချကာ မျိုးနွယ်စုခေါင်းဆောင်က ဆိုလိုက်သည်။
" အမှုဆောင်ချုပ်ပိုင်ရေ။ ဒီဝိညာဥ်ပုလင်းက ချိုင်မျိုးနွယ်စုရဲ့ စွမ်းအားကြီး မှော်ရတနာတစ်ခုပါ။ ကျေးဇူးပြုပြီး အကဲဖြတ်ပေးပါဦး "
ပိုင်ရှောင်ချန်းမှာမူ အမူအရာမပြောင်းလဲပဲ ပုလင်းကိုကောက်ယူကာ စစ်ဆေးကြည့်ရှုလိုက်သည်။ သူသည် နတ်ဘုရားအာရုံအချို့ကိုပင်သုံးကာ စစ်ဆေးလိုက်သေးသည်။ ထိုပုလင်းမှာ အံ့သြဖွယ်ကောင်းရုံသာမက အမုန်းဝိညာဥ် အကောင်သိန်းတစ်ထောင်တိတိ ပါဝင်နေသည်။ ထိုလက်ဆောင်မှာ အံ့သြဖွယ်ကောင်းသည့် လက်ဆောင်တစ်ခုဖြစ်ပြီး ပိုင်ရှောင်ချန်းမှာ စိတ်နှလုံး လှုပ်ရှားသွားရပါသော်လည်း ချိုင်မျိုးနွယ်စုမှာအလွန်ချမ်းသာကြွယ်ဝမည်ဖြစ်ကြောင်း သူကရိပ်မိလိုက်ပြီး သူ့ကို အမုန်းဝိညာဥ် အကောင်သိန်းတစ်ထောင်သာ လက်ဆောင်ပေးနေသည်ကိုကြည့်၍ ဒေါသထွက်သွားတော့သည်။
သူက တင်းမာနေသည့်မျက်နှာထားဖြင့် ကျင့်ကြံခြင်းအခြေခံလည်ပတ်လာပြီး သူ၏ညာလက်ကို ညှစ်လိုက်သောအခါ ထိုဝိညာဥ်ပုလင်းမှာ ရုတ်တရက် ကွဲကြေလာသဖြင့် အက်ကွဲသံများထွက်လာတော့သည်။ ထိုအခါ အမုန်းဝိညာဥ် အကောင်သိန်းတစ်ထောင်ကျော်မှာ ပွင့်ထွက်လာတော့သည်။ ကံကောင်းသည်မှာ ဘေးနားတွင် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများစွာရှိနေသဖြင့် ထိုဝိညာဥ်များကို ထိန်းသိမ်းနိုင်လိုက်သည်။
ပိုင်ရှောင်ချန်းက မျိုးနွယ်စုခေါင်းဆောင်ကို ရေခဲတမျှ အေးစက်နေသည့် အကြည့်ဖြင့်ကြည့်ကာ ဆိုလိုက်သည်။
" မျိုးနွယ်စုခေါင်းဆောင်ချိုင်ရေ။ ကျုပ်က ပစ္စည်းပြုလုပ်တဲ့နေရာမှာ ထိပ်တန်းအဆင့်ကျွမ်းကျင်သူမဟုတ်ပေမဲ့ ကျုပ်ရဲ့ ကျင့်ကြံခြင်းသက်တမ်းကိုကြည့်ပြီး ခင်ဗျားက ကျုပ်ကို အရူးမှတ်နေတာလား။ ဒီလို ဝိညာဥ်ပုလင်းလေးနဲ့ ကျုပ်ကိုလှည့်စားနိုင်မယ်လို့ တကယ်ထင်နေတာပေါ့ "