← Chapters

ယှဉ်ပြိုင်ပွဲနှင့်ပတ်သတ်၍

Vol. 2 Ch. 117

ယှဉ်ပြိုင်ပွဲနှင့်ပတ်သတ်၍

Vol. 2 Ch. 117

“ အစ်ကိုစန်း ဒီနှစ်ရောဘယ်လိုလဲ လက်ကိုးချောင်းရသေ့ရဲ့ပထမနေရာကိုစိန်ခေါ်နိုင်မယ်ထင်လား....”

အနက်ရောင်ဝတ်စုံဝတ်လူ၏မေးခွန်းကြောင့် အဖြူရောင်ဝတ်စုံဝတ်လူက ခေါင်းယမ်း၍ပြန်မေးလိုက်သည်။

“ ဒီလိုပါပဲ ငါ့ရဲ့ဓားပညာက အရင်ကထက်ပိုပြီးတိုးတက်လာပေမယ့် တခြားလူတွေကလည်း ရပ်‌တန့်နေတာမဟုတ်ဘူးလေ...မင်းလည်း သိုင်းလောကထဲကိုမဆင်းဘဲ ကြိတ်ပြီး လေ့ကျင့်‌နေတာမလား....”

အဖြူရောင်ဝတ်စုံဝတ်လူ၏စနောက်သည့်စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူက ခေါင်းယမ်း၍ရှုံ့မဲ့နေသည့်မျက်နှာဖြင့်ပြန်ပြောလိုက်သည် ။

“ ဘယ်ကလာ ကျုပ်မှာ ဂိုဏ်းရဲ့အရေးကိစ္စတွေကိုစီမံရင်း ယားလို့တောင်မကုတ်အားဘူး ဒီလိုမှန်းသိရင် ကျုပ်ရဲ့ဆရာဂိုဏ်းကိုအပ်တုန်းက သေချာပေါက်ငြင်းခဲ့တာပေါ့.....”

သူ၏စကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူလည်း သဘောကျဟန်ဖြင့်ပြုံးလိုက်သည်။

ထိုစဉ်မှာပင် အနက်ရောင်ဝတ်စုံဝတ်လူမှာထားသည့်အရက်နှင့်ဟင်းရွက်စုံကြော်တစ်ပွဲရောက်ရှိလာ၍ အနည်းငယ်မြည်းစမ်းလိုက်ပြီး အချင်းချင်း အပြန်အလှန်ပြောဆိုနေကြသည်။

ဟိတ်ဟန်မရှိ ပေါ့ပါးစွာ ပြောဆိုဆက်ဆံနေသည့် သူတို့နှစ်ယောက်က လက်ရှိသိုင်းလောကထဲတွင် မသိသူမရှိလျှမ်းလျှမ်းတောက်ကျော်ကြားသူများဆိုလျှင် သာမန်လူတို့ယုံကြည်ရန်ခက်ခဲပေလိမ့်မည်။

သို့သော် နဂါးခုနစ်‌ကောင်ဟုတင်စားရသည့် ဒုတိယမျိုးဆက်သိုင်းဝိဇ္ဇာခုနစ်ယောက်မှ လက်သီးဘုရင်စီးတုမင်နှင့် ဓားကျိုးဘုရင်စန်းဟုန်တို့ဆိုလျှင် ထိပ်တန်းအင်အားစုများကပင် လေးလေးစားစားဆက်ဆံရသူများဖြစ်သည်။

အဖြူရောင်ဝတ်စုံဝတ်လူကြီးကဓားကျိုးဘုရင်ဆိုသည့်စန်းဟုန်းလျန်ဖြစ်ပြီး အနက်ရောင်ဝတ်စုံဝတ်လူကား လက်သီးဘုရင်ဟုကျော်ကြားသည့် ခုံတုံဂိုဏ်းချုပ်စီးတုမင်ဖြစ်ပေသည်။

စီးတုမင်မှာ နဂါးခုနစ်ကောင်တွင်အသက်အငယ်ဆုံးဖြစ်သလို အသက်လေးဆယ်မပြည့်မီသိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိခဲ့ပြီး လက်ရှိခုံတုံဂိုဏ်း၏ဂိုဏ်းချုပ်ရာထူးကိုဆက်ခံရရှိထားသူဖြစ်သည်။

စီးတုမိသားစု၏ဖောက်ထွင်းလက်သီးသိုင်းနှင့် ခုံတုံဂိုဏ်း၏ခုနစ်ဆင့်လက်သီးတို့ကိုကြေညက်စွာတတ်ကျွမ်းထားသည့်စီးတုမင်ကို သိုင်းလောကသားများက ယခင် ခုံတုံဂိုဏ်းချုပ်ဟောင်စ၏ဘွဲ့အမည်ဖြစ်သည့် လက်သီးဘုရင်ဟုပင်နာမည်ပေးထားကြသည်။

ယခုအခါ နှစ်နှစ်တစ်ကြိမ်ယှဥ်ပြိုင်‌နေကြ ဟွာရှန်းတောင်တိုက်ပွဲကနီးကပ်နေပြီဖြစ်၍ နဂါးခုနစ်ကောင်စာရင်းဝင်သိုင်းဝိဇ္ဇာများ ဤ‌မြိူ့လေးသို့ရောက်ရှိလာပြီး သူတို့နှစ်‌ယောက်လည်းထိုနည်းတူပင်ဖြစ်သည်။

သူတို့နှစ်ယောက်က လူငယ်မျိုးဆက်ဘဝတွင်ရှိစဉ်ကပင် သိကျွမ်းခဲ့သူများဖြစ်ပြီး နဂါးခုနစ်ကောင်ဟု ခေတ်ပြိုင်ကျော်ကြားလာချိန်တွင် ပို၍ရင်းနှီးလာကြသည်။

သို့သော် စန်းဟုန်းလျန်က အချိန်ပြည့်လှည့်လှည်သွားလာကာ ဓားပညာယှဉ်ပြိုင်နေတတ်ပြီး စီးတုမင်က ဂိုဏ်း၏ကိစ္စများဖြင့်မအားလပ်၍ တစ်နှစ်တစ်ကြိမ်ပင်ကောင်းကောင်းမတွေ့နိုင်ဘဲ ယခုလိုယှဉ်ပြိုင်ပွဲစတင်ဖြစ်ပေါ်စဉ်ကစ၍သာ အေးအေးဆေးဆေးတွေ့ဆုံနိုင်ကြသည်။

ထို့ကြောင့် သူတို့၏ကြားတွင် ပြောစရာကိစ္စများစွာရှိပြီး အများအားဖြင့် လက်ရှိသိုင်းလောက၏အကြောင်းအရာများနှင့် ကျန်ကိစ္စရပ်များဖြစ်ပေသည်။

သူတို့နှစ်ယောက် စားရင်းသောက်ရင်း စကားပြောလိုက်ကြပြီး နောက်နှစ်ရက်အကြာတွင်ရောက်ရှိမည့်ယှဉ်ပြိုင်ပွဲအကြောင်းစကားစရောက်သွားကြသည်။

“ မြို့ထဲမှာ တခြားလူတွေရောက်ကုန်ပြီလား ကျုပ်အပြင်သိပ်မထွက်တော့ မသိလို့....”

စန်းဟုန်းလျန်၏မေးခွန်းကို စီးတုမင်က အရက်တစ်ခွက်ငှဲ့သောက်ရင်း ပြန်ဖြေလိုက်သည်။

“ လက်ကိုးချောင်းရသေ့နဲ့၊လေဘုရင်တို့ကို ကျုပ်တွေ့ပြီးပြီ ။ နဂါးဖြူဓားဘုရင်က မနေ့ကပဲရောက်တယ် ။ ဓားရူးဘုရင်ကလည်း ဒီကိုလာနေပြီလို့ကြားတယ် ။

မရောက်သေးတဲ့ လျှို့ဝှက်ဘုရင်ကလွဲရင် ကျန်တဲ့လူတွေဆုံနေပြီဆိုပါတော့ ။ လျှိူ့ဝှက်ဘုရင်ကလည်း အမြဲတမ်းပြိုင်ပွဲနေ့မနက်မှ ရောက်လာတတ်တာမလား....”

စီးတုမင်၏အဖြေကြောင့် စန်းဟုန်းလျန်၏မျက်ဝန်းများတောက်ပသွားပြီး စိတ်ဝင်စားဟန်ဖြင့်မေးလိုက်သည်။။

“ အဲဒီလျှို့ဝှက်ဘုရင်ကို မင်းဘယ်လိုမြင်လဲစီးတုမင် သူက အမြဲတမ်းနှိမ့်နှိမ့်ချချနေပြီး အရေးကြီးတဲ့နေရာတွေမှာ ထွက်ပေါ်လာတတ်တာကလွဲလို့ တခြားသူ့အကြောင်းဘာမှမသိရဘူး ။

ပြီးတော့ ငါတို့မျိုးဆက်မှာ ဒီလိုလူတစ်ယောက်ရှိတာကိုမသိခဲ့ရဘဲ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကမှရုတ်တရက်ထွက်ပေါ်လာခဲ့တာ ....”

စန်းဟုန်းလျန်၏စကားအဆုံးတွင်စီးတုမင်လည်းအလေးအနက်ဖြစ်သွားပြီး ခေါင်းညိမ့်ကာပြောလိုက်သည်။

“ ကျုပ်လည်း အဲဒါကိုသိချင်နေတာ။ ဒီလူ့ရဲ့နောက်ကြောင်းကဘယ်‌လောက်လျှို့ဝှက်လဲဆိုရင် စွန်းအိမ်တော်နဲ့ကြက်တူရွေးအဖွဲ့တောင် သူ့အကြောင်းကိူအများကြီးမသိကြဘူး ။

ဒါပေမယ့် သူ့ရဲ့သိုင်းပညာက တကယ့်ကိူအစွမ်းထက်ပြီး သိုင်းလောကထဲမှာမြင်တွေ့နေကြလည်းမဟုတ်ဘူး...ဒီလူက အတော့်ကိုဆန်းကြယ်တဲ့လူတစ်ယောက်ပဲ။

ပြီးတော့ ကျုပ်တို့ချင်းယှဉ်ပြိုင်တာ နှစ်ကြိမ်ပြီးသွားပေမယ့် သူကအမြဲတမ်းအားကုန်မတိုက်သလိုခံစားနေရတယ်....ဒီလူက တစ်ခုခုတော့ တစ်ခုခုပဲ “

စီးတုမင်လည်း သူ့လိုပင် ခံစားရကြောင်းသိလိုက်၍ စန်းဟုန်းလျန်လည်း တိတ်ဆိတ်သွားတော့သည်။

ထို့နောက် သူတို့ပြောနေသည့်အကြောင်းအရာက လူငယ်မျိုးဆက်များဆီသို့‌ရောက်ရှိသွားပြီး စန်းဟုန်းလျန်က စီးတုမင်နှင့်အတူပါလာသည့် ခုံတုံဂိုဏ်းသားများကိုတစ်ချက်ဝေ့ကြည့်ပြီး မေးလိုက်သည်။

“ ဟိုက လူငယ်နှစ်ယောက်က မင်းရဲ့တပည့်တွေလား ဒီအသက်အရွယ်နဲ့အစွမ်းထပ်ထိပ်သီးအဆင့်ကိုရောက်တာ မဆိုးဘူးလို့ပြောလို့ရတယ်....”

ဂုဏ်သတင်းကြီးမားသည့် ဓားကျိုးဘုရင်က သူတို့ကိုချီးကျူးပြောဆိုနေသည်ကို တစ်ဝိုင်းကျော်တွင်ထိုင်နေသည့် ခုံတုံဂိုဏ်းသားများလည်းကောင်းစွာကြားနေရပြီး လူရွယ်နှစ်ယောက်က ပျော်ရွှင်ဝမ်းမြောက်ဟန်ဖြင့်အရိုအသေပေး‌လိုက်ကြသည်။

ယခင်က ဝူတန်းဂိုဏ်းသားတစ်ဦးဖြစ်ခဲ့သည့်စန်းဟုန်းလျန်မှာ ထိပ်တန်းဂိုဏ်းကြီးစာရင်းဝင် ခုံတုံဂိုဏ်းနှင့်လည်းရင်းနှီးသည့်ဆက်ဆံရေးရှိပြီး သိုင်းလောက၏ဂိုဏ်းကြီးများ၏ကြားတွင် အခြားလူများထက်ပို၍ရင်းနှီးသည်က သဘာဝပင်ဖြစ်သည်။

စန်းဟုန်းလျန်၏ချီးကျူးမှုကြောင့် စီးတုမင်က ပြုံး၍ပြောလိုက်သညိ။

“ ဟုတ်တယ် သူတို့နှစ်ယောက်က ကျုပ်ရဲ့တပည့်လေးတွေပဲ ...ချီစင်းနဲ့ ချီယင်းတဲ့။ စွန်းအိမ်တော်သိုင်းပြိုင်ပွဲမှာ အတွေ့အကြုံရအောင် ဝင်ပြိုင်ခိုင်းဖို့စိတ်ကူးရလို့ခေါ်လာတာ....”

စိးတုမင်၏စကားကြောင့် စန်းဟုန်းလျန်လည်း ခေါင်းတဆက်ဆက်ညိမ့်လိုက်ပြီး ထပ်မေးလိုက်သညိ။

“ မင်းရဲ့သမီးလေးကလည်း မဟူရာနတ်သမီးဆိုပြီး ကျော်ကြားနေပြီမလား....လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကတောင် သူက အဆင့်မြင့်သိုင်းသမားတစ်ယောက်ဆိုတော့အခုဆို အစွမ်းထပ်အဆင့်လွန်ထိပ်သီးအဆင့်လောက်ရောက်ရောပေါ့....”

စန်းဟုန်းလျန်၏မေးခွန်းကြောင့် စီးတုမင်၏မျက်ဝန်းများက နူးညံ့သွားပြီး နွေးထွေးသည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။

“ ချင်းချင်းက အခုဆို ကြောက်စရာကောင်းတဲ့သိုင်းထိပ်သီးတစ်ယောက်‌တောင်ဖြစ်နေပြီ။ သူ့ရဲ့ပင်ကိုယ်ပါရမီက ကောင်းလွန်းတဲ့အပြင် အော့မေ့ဂိုဏ်းချုပ်ကြီးရဲ့ကြပ်ကြပ်မက်မက်သင်ကြားမှုအောက်မှာ‌ဆိုတော့ ဒီလောက်တော့ရှိမှာပေါ့....”

စီးတုမင်က နှိမ့်ချဟန်ဖြင့်ပြောလိုက်သော်လည်း သူ၏မျက်နှာထက်တွင် ဂုဏ်ယူသည့်အရိပ်အယောင်များရှိနေသည် ။

**သားသမီးတစ်ယောက်ထူးချွန်ထက်မြက်ခြင်းကို မည်သည့်မိဘက ဂုဏ်မယူဘဲနေမည်နည်း**

စီးတုမင်၏စကားကြောင့် စန်းဟုန်းလျန်ကိုယ်တိုင်လည်း အံ့အားသင့်သွားဟန်တူပြီး ခေါင်းညိမ့်၍ပြန်ပြောလိုက်သည်။

“ ဒီနှစ်ဆိုရင် သူကနှစ်ဆယ်လောက်ပဲရှိသေးတာမလား...အင်း...နောက်ပေါက်လူငယ်တွေရဲ့ပါရမီက တကယ့်ကိုကြောက်စရာကောင်းတာပဲ....”

စန်းဟုန်းလျန်၏စကားအဆုံးတွင် စီးတုမင်လည်း တစ်စုံတစ်ခုကိုသတိရသွားပြီး စန်းဟုန်းလျန်မေးလိုက်သည် ။

“ ဒါနဲ့ အဲဒီတုန်းက ကျုပ်‌နဲ့တွေ့ခဲ့တဲ့ကောင်လေးကရော ။ ချင်းချင်းတောင်မှ သူ့ကို ခဏခဏမေးနေသေးတယ် ။ သူက ရှောင်လင်ကျောင်းမှာ သိုင်းပညာသင်ကြားဖြစ်ရဲ့လား..။

စီးတုမင်က အနည်းငယ်နားမလည်နိုင်ဟန်ဖြင့်ဆက်ပြောလိုက်သည်။

“ ဒီကောင်လေးကလည်း တကယ့်ပါရမီရှင်ပဲ ။သိုင်းပညာအခြေခံမရှိတာတောင် ကျုပ်သမီးရဲ့တိုက်ကွက်တွေကို အေးအေးဆေးဆေးရှောင်တိမ်းနိုင်သေးတယ် ။

သူ့ကိုဘာဖြစ်လို့ ခင်ဗျားကိုယ်တိုင်သင်မပေးတာလဲ ...။ ခင်ဗျားရဲ့သိုင်းပညာနဲ့ဆိုရင် ရှောင်လင်ကျောင်းမှာထက်တောင်ပိုပြီး တိုးတက်လိမ့်ဦးမယ်... “

စီးတုမင်၏မေးခွန်းအဆုံး၌ အရယ်အပြုံးနည်းသည့်စန်းဟုန်းလျန်၏မျက်နှာထက်တွင် တောက်ပသည့်အပြုံးတစ်ခုပေါ်လာပြီး ရယ်သံစွက်၍ပြောလိုက်သည် ။

“ ဒီတစ်ခါတော့မင်းမှားသွားပြီ ။ ရှောင်လင်မှာ သူ့ကိုဘယ်သူသင်ပေးနေတာထင်လဲ...ဗုဒ္ဓလက်ဝါးကိုယ်တော်ဆိုတဲ့ ဆရာတော်ရွှမ်းမင်ကိုယ်တိုင်အနီးကပ်သင်ကြားပေး‌‌နေတာ....”

စန်းဟုန်းလျန်၏အဖြေကြောင့် စီးတုမင်၏မျက်လုံးများက ပြူးကျယ်သွားပြီး အံ့ဩတကြီးရေရွတ်လိုက်သည် ။

“ ကျုပ် တကယ်မထင်ထားဘူး....ဗုဒ္ဓလက်ဝါးကိုယ်တော်က အစ်ကိုထင်းရှီ ပြီးရင် ကျုပ်တို့ခေတ်မှာ အထူးချွန်ဆုံးမလား ။

သူသာ သိုင်းလောကထဲပြန်ဆင်းရင် နဂါးခုနစ်ကောင်က‌နေနဂါးရှစ်ကောင်သေချာပေါက်ဖြစ်ပြီး လက်ကိုးချောင်းရသေ့တောင် နံပါတ်တစ်ရဖို့်မသေချာဘူး....”

ထို့နောက် သူတို့နှစ်ယောက်လည်း စကားစပ်မိရင်း ရှေးဟောင်းနှောင်းဖြစ်များကိုပြန်ပြောက ထိုနေ့ညက အတော်လေးညဉ့်နက်သည်အထိ စကားလက်ဆုံကျလျက်ရှိတော့၏။

&&&&

နောက်ထပ် နှစ်ရက်ခန့်ကြာပြီးသည့်နံနက်ပိုင်း၌ စင်းယန်မြို့၏တည်းခိုခန်းများ၊ စားသောက်ဆိုင်များတွင် သိုင်းလောကသားများစွာရှိနေကြပေသည်။

ယနေ့က ဟွာရှန်းတောင်ယှဉ်ပြိုင်ပွဲရောက်ပြီဖြစ်၍ ယခင်ရက်များထက်ပင် ပို၍လူများနေကာ အများစုက ပြိုင်ပွဲကိုကြညိ့ခွင့်မရသော်လည်းနာမည်ကျော်သိုင်းဝိဇ္ဇာများကိုမြင်တွေ့လိုခြင်းနှင့် ပြိုင်ပွဲရလာဒ်ကိုဦးဦးဖျားဖျားသိလိုခြင်းကြောင့် ယခုလိုရောက်ရှိလာကြခြင်းဖြစ်သည် ။

ခေါင်းဆောင်များမည်မျှပါဝင်သည်ကိုမသိရ‌သေးသော်လည်း သိုင်းမဟာမိတ်မှလူများနှင့် မိစ္ဆာဝိညာဉ်အဖွဲ့မှလူများလည်းရောက်ရှိနေပြီး သိုင်းမဟာမိတ်မှသိုင်းသမားများက ဟွာရှန်းတောင်တက်လမ်းကိုစောင့်ကြပ်နေကြသည်။

အမှန်တွင် သူတို့စောင့်ကြပ်ခြင်းမရှိလျှင်ပင် ဟွာရှန်းတောင်ယှဉ်ပြိုင်ပွဲ၏ထုံးစံကိုသိုင်းလောကသားတိုင်းနားလည်ထားကြပြီး မည်သူမှခိုး၍တတ်ရောက်ကြမည်မဟုတ်သော်လည်း သိုင်းမဟာမိတ်မှလူများကား ဟန်ပန်တခွဲသားဖြင့်စောင့်ကြပ်နေကြဆဲဖြစ်သည်။။

“ ဝူး....ဟွာရှန်းတောင်ဆိုတာဒါလား ကြည့်ရတာ ပင်ပန်းဦးမယ့်ပုံပဲ....”

ရှောင်ယောင်က ခပ်ဝေးဝေးတွင်မြင်နေရသည့် မြင့်မားမက်စောက်သည့်ကျောက်တောင်ကြီးကိုမော့ကြည့်ရင်းညဉ်းညူလိုက်သည်။

တောနက်ထဲမှထွက်ခွာလာသည့်သူတို့နှစ်ယောက်က မြို့ရွာအနည်းငယ်သာဖြတ်သန်းခဲ့ရပြီး ဟွာရှန်းတောင်နှင့်နီးကပ်သည့်စင်းယန်မြို့သို့ရောက်ရှိခဲ့ကြသည်။

သို့သော် မြို့ထဲရှိသိုင်းသမားများ၏ပြောစကားအရ ယနေ့နံနက်ပိုင်းတွင် ယှဉ်ပြိုင်ပွဲစမည်ဖြစ်ပြီး နဂါးခုနစ်ကောင်စာရင်းတွင်သိုင်းဝိဇ္ဇာများနှင့် သူတို့နှင့်ရင်းနှီးသူများ တောင်ပေါ်သို့တက်သွားကြပြီဖြစ်ကြောင်းသိလိုက်၍ အနားယူခြင်းပင်မပြုဘဲလိုက်လာခြင်းဖြစ်သည်။

&&&

All Chapters