အေးစက်ပြက်သားသည့်ဓားကျိူးဘုရင်
Vol. 2 Ch. 119
“ ဖေဖေ...ခဏလေးရပ်လိုက်ဦး....”
ချိုလွင်သာယာသည့်အသံနှင့်အတူ အနက်ရောင်ဝတ်စုံဝတ်မိန်းမလှလေးက လက်သီးဘုရင်စီးတုမင်၏အနီးသို့ချဉ်းကပ်သွားလေသည်။
သိုင်းဝိဇ္ဇာခုနစ်ယောက်သည်လည်း အခြားလူများနည်းတူ သူတို့ဆီသို့ချဉ်းကပ်လာသည့်လူငယ်နှစ်ယောက်ကိုသတိပြုမိပြီး အံ့အားသင့်နေကြသည် ။
ထိုအထဲတွင် စီးတုမင်နှင့် စန်းဟုန်းလျန်တို့က အံ့ဩမှုအရှိဆုံးဟုဆိုနိုင်သည်။
“ ဒါက မဟူရာနတ်သမီးနတ်သမီးစီးတုယွမ်ချင်းပဲ....”
“ ဘာဖြစ်လို့များပါလိမ့်....”
မိန်းမလှလေး၏အရေးတကြီးပုံစံကြောင့် ကျန်လူများသို့လောသို့လောဖြစ်သွားကြသလို အချင်းချင်းတိုက်ခိုက်မည်ပြင်နေသည့် သိုင်းဝိဇ္ဇာများလည်းသူတို့ကို အာရုံစိုက်လိုက်မိကြ၏ ။
“ ရှောင်အာ.....မင်းလား....”
တောင်ပေါ်သို့ရောက်ရှိစဉ်ကပင် အရယ်အပြုံးမရှိဘဲတည်ကြည်လှသည့်စန်းဟုန်းလျန်၏အမူအယာက ပထမဆုံးအကြိမ်အဖြစ်ပြောင်းလဲသွားတော့သည် ။
သူတို့၏အနီးသို့ရောက်ရှိလာသည့်အနက်ရောင်ဝတ်စုံဝတ်လူငယ်လေးကိုကြည့်ရှုနေသညိ့ စန်းဟုန်းလျန်၏မျက်နှာထက်တွင် မျှော်လင့်မထားခြင်းအံ့အားသင့်ခြင်း ၊ ဝမ်းမြောက်ပျော်ရွှင်ခြင်းစသည့်ခံစားချက်တို့ပေါ်ထွက်နေကာ နေရာတွင်တောင့်တင်းနေလေသည်။
လွန်စွာစိတ်လှုပ်ရှားနေဟန်တူသည့် စန်းဟုန်းလျန်၏မျက်နှာကိုကြည့်၍ ရှောင်ယောင်လည်း ပြုံး၍ပြောလိုက်သည်။
“ ဦးလေးစန်း....”
ရင်းနှီးနေသည့်ခေါ်သံကြောင့် စန်းဟုန်းလျန်၏ခန္တာကိုယ်က ဆက်ခနဲတုန်ယင်သွားပြီး ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ရှောင်ယောင်၏ခန္တာကိုယ်ကို ပွေ့ဖတ်ထားလိုက်သည်။
သူငယ်စဉ်ကလိုနွေးထွေးကြင်နာဆဲဖြစ်သည့် စန်စဟုန်းလျန်၏အပြုအမူကြောင့် ရှောင်ယောင်၏မျက်နှာထက်ရှိအပြုံးက ပို၍ပီပြင်လာပြီး စန်းဟုန်းလျန်၏ပခုံးကိုပုတ်ကာပြောလိုက်သည်။
“ ဦးလေးစန်း ကျုပ်ကလေးမဟုတ်တော့ပါဘူး....”
ရှောင်ယောင်၏စကားကိုကြားမှ စန်းဟုန်းလျန်က သူ၏ခန္တာကိုယ်ကိုလွှတ်ပေးလိုက်ပြီး ခံစားချက်များပြည့်နှက်နေသည့်လေသံဖြင့်ပြောလိုက်သည်။
“ မင်းဘယ်လိုလုပ်သိုင်းလောကထဲရောက်လာတာလဲ ..ရှောင်လင်ကျောင်းကထွက်လာတာတောင် ငါ့ကိုအကြောင်းမကြားဘူး ... “
သူတို့နှစ်ယောက်မတွေ့ရသည်က ရှစ်နှစ်ကျော်ရှိပြီဖြစ်၍ စန်းဟုန်းလျန်က လွန်စွာပျော်ရွှင်ဝမ်းမြောက်နေပြီး သူ့ထက်ပင်အရပ်မြင့်ကာ ကြံ့ခိုင်သန်မာသည့်ရှောင်ယောင့်ကို အားရကျေနပ်စွာကြည့်နေမိသည်။
တစ်ချိန် ပိန်ပါးအားနည်းသည့်လူငယ်လေးမှာ ယခုအခါ ယောင်္ကျားပီသချောမောလာပြီး အရွယ်ရောက်လာသည့် လူကြီးတစ်ယောက်ဖြစ်နေချေပြီ။
အခြားလူများမှာ တူဝရီးနှစ်ယောက်၏ ရင်းနှီးနွေးထွေးလှသည့်ပြန်လည်ဆုံတွေ့မှူကို အံ့အားသင့်စွာကြည့်ရှုနေကြပြီး အနီးရှိသိုင်းဝိဇ္ဇာများပင် ထူးခြားသည့်အမူအယာများဖြင့်ရှိနေကြသည် ။
လက်ကိုးချောင်းရသေ့၊ နဂါးဖြူဓားဘုရင်တို့နှစ်ဦးက ရှောင်ယောင့်ကိုဤနေရာတွင်မြင်တွေ့ရခြင်းအပေါ်အံ့ဩနေဟန်တူပြီး ရှောင်ယောင့်ကိုမသိသည့် လေဘုရင်၊ ဓားရူးဘုရင်နှင့်စီးတုမင်တို့ကား ပဟေဠိဖြစ်သည့်အမူအယာဖြင့်ကြည့်ရှုနေကြ၏။
တစ်ဖက်တွင် ဖြူဖျော့ဖျော့မျက်နှာဖြင့်လျှို့ဝှက်ဘုရင်ကဟန်အမူအယာကင်းမဲ့စွာကြည့်နေသော်လည်း သူ၏မျက်ဝန်းထဲ၌ ထူးခြားသည့်အရိပ်အယောင်များထွက်ပေါ်လာပြီး မည်သူမှသတိမထားမိခင် ပြန်၍ ပျောက်ကွယ်သွားလေသည် ။
တစ်ဖက်တွင် စီးတုမင်သည်လည်း ဆိုင်းမဆင့်ဗုံမင့်ရောက်လာပြီး သူတို့ကိုအော်ဟစ်ဟန့်တားလိုက်သည့် သူ၏သမီးဖြစ်သူကိုအံ့ဩသည့်ဟန်ဖြင့်မေးလိုက်သည်။
“ ချင်းချင်း ဘာကိစ္စရှိလို့လဲ... ပြီးတော့ သမီးနဲ့အတူပါလာတဲ့ ဟိုလူငယ်က ဘယ်သူလဲ “
သူမဖခင်၏မေးခွန်းကြောင့် ရှောင်ယောင်နှင့်စန်းဟုန်းလျန်တို့ကိုငေးကြည့်နေမိသည့်စီးတုယွမ်ချင်းလည်း သတိဝင်လာပြီး လေးနက်သည့်အမူအယာဖြင့်ပြောလိုက်သညိ ။
“ သူက ဆရာကြီးစန်းရဲ့တူ ရှောင်ယောင်လေ ....လမ်းမှာ သမီးတို့တခြားလူတွေရဲ့တိုက်ခိုက်တာကိုခံရပြီး သူက သမီးကိုကယ်ရင်းနဲ့ ပြင်းထန်တဲ့အဆိပ်မိသွားခဲ့တယ်....။
အဆိပ်က အတော်ကြောက်စရာကောင်းတော့ ဖြစ်နိုင်သမျှ မြန်မြန်သူ့ရဲ့အဆိပ်ကို ကုသပေးဖို့လိုအပ်နေတယ်။ “
စီးတုယွမ်ချင်း၏စကားကြောင့် စီးတုမင်လည်း ရှောင်ယောင့်ကိုပြန်၍မှတ်မိလိုက်ပြီး စကားအဆုံး၌ သူ၏အမူအယာက တည်ကြည်သွားသည်။
တစ်ဖက်တွင် ရှောင်ယောင့်ကိုပြန်လည်ဆုံတွေ့ရ၍ ဝမ်းမြောက်ဝမ်းသာဖြစ်နေသည့်ရှောင်ယောင်လည်း စီးတုယွမ်ချင်း၏စကားကိုကြားလိုက်၍ ရှောင်ယောင်၏မျက်နှာကိုအသေအချာကြည့်မိကာ မျက်နှာကွက်ခနဲပျက်သွားပြီး အလျှင်အမြန်မေးလိုက်သညိ။
“ ပြင်းလိုက်တဲ့အဆိပ်ပါလား.. ရှောင်အာ ... မင်းဘာဖြစ်လာတာလဲ....”
စန်းဟုန်းလျန်၏အမူအယာက ပုံမှန်မြင်နေကြ တည်ငြိမ်အေးဆေးသည့်ဟန်နှင့်ကွဲပြားနေပြီး လွန်စွာစိုးရိမ်ပူပန်နေဟန်တူသည် ။
ရှောင်ယောင်၏ပုံစံက လွန်စွာပြင်းထန်လှသည့်အဆိပ်တစ်မျိုးမိထားသည်မှာ တစ်ချက်ကြည့်ရုံနှင့်သိသာနေပြီး စန်းဟုန်းလျန်ယခုလိုအရေးတကြီးဖြစ်နေသည်ကမထူးဆန်းပေ။
သူတို့၏ရှုပ်ထွေးသည့်အဖြစ်အပျက်ကြောင့် အနီးရှိသိုင်းဝိဇ္ဇာများလည်း တစ်စုံတစ်ခုနှောင့်ယှက်ခြင်းမရှိဘဲ နားထောင်နေကြသလို တောင်ပေါ်ရှိကျန်လူများလည်း သူတို့ကိုအာရုံစိုက်နေကြပေသည်။
ရှောင်ယောင်လည်း စန်းဟုန်းလျန်၏စိုးရိမ်မှုကိုသိရှိ၍ လောဘနတ်ဆိုးအန်းဒူက သူတို့ကိုလိုက်လံတိုက်ခိုက်ခဲ့သည့်အကြောင်းအရာများကိုအကျဉ်းချုံး၍ရှင်းပြလိုက်သည်။
ထိုအကြောင်းအရာများကြောင့် တောင်ထပ်ရှိလူအားလုံးအံ့သြတုန်လှုပ်စွာနားထောင်နေကြပြီး စန်းဟုန်းလျန်နှင့် စီးတုမင်တို့၏မျက်နှာများက တင်းမာခတ်ထန်လာကြသည်။
အထူးသဖြင့် သူ့ကိုရန်ငြိုးထားပြီးလက်စားချေလို၍ စီးတုယွမ်ချင်းကိုပစ်မှတ်ထားသည့်ဆိုသောအကြောင်းအရာကိုသိလိုက်ရသည့်အခါ စီးတုမင်၏အေးစက်သည့်မျက်ဝန်းများက မိစ္ဆာဝိညာဉ်မှလူနှစ်ယောက်ဆီသို့ရောက်ရှိသွားပြီး ထိုနှစ်ယောက်လည်း အနည်းငယ်တုန်လှုပ်သွားမိကြ၏ ။
သို့တိုင် ရှောင်ယောင်က စီးတုယွမ်ချင်း၏ဂုဏ်သိက္ခာကိုထိခိုက်မည်စိုး၍ ရမ္မက်ကြွဆေးအသုံးပြုသည့်အကြောင်းအရာများကိုထိမ်ချန်ထားခဲ့ခြင်းဖြစ်သည် ။
ရှောင်ယောင်၏စကားအဆုံး၌ စန်းဟုန်းလျန်၏နှင့်စီးတုယွမ်ချင်းတို့၏ အေးစက်စက်အသံများက ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာကြသည်။
“ မင်းတို့နှစ်ယောက် ကျုပ်တို့ကို ရှင်းပြဖို့လိုလိမ့်မယ်....”
သိုင်းလောကတွင် လူငယ်မျိုးဆက်များကို အကြီးပိုင်းများက တမင် ပစ်မှတ်ထားတိုက်ခိုက်ရခြင်းမရှိသည်မှာ လွန်စွာကြာမြင့်နေပြီဖြစ်ပြီးဤသည်က ပြောစရာမလိုဘဲနားလည်ရမည်စည်းမျဉ်းတစ်ခုလည်းဖြစ်သည်။။
ယခု ပစ်မှတ်ထားခံသူကသူလွန်စွာချစ်ခင်ရသည့် သမီးအရင်းအချာဖြစ်နေရာ စီးတုမင်၏ဒေါသကိုလူအားလုံးခံစားမိကြပြီး သူ၏ဒေါသတကြီးစကားအဆုံးတွင် စန်းဟုန်းလျန်၏အေးစိမ့်သည့်လေသံကထွက်ပေါ်လာသည်။
“ ရှောင်အာတစ်ခုခုဖြစ်ရင် မိစ္ဆာဝိညာဉ်တစ်ဖွဲ့လုံးကို ငါဖျက်ဆီးပစ်မယ်....”
ရုတ်တရက်ပြောင်းလဲသွားသည့်အချင်းအရာကြောင့် လူအားလုံး အံ့ဩထိတ်လန့်သွားကြသည်။
လက်သီးဘုရင်စီးတုမင်နှင့် ဓားကျိုးဘုရင်စန်းဟုန်းလျန်တို့က ဖြောင့်မက်မှန်ကန်သည့်အဖြူရောင်သိုင်းသမားများဖြစ်သော်လည်း အနက်ရောင်သိုင်းသမားများအပေါ်တွင်လည်းဖိနှိပ်ခြင်းမရှိဘဲ သိုင်းလောကအရှုပ်အထွေးများမှာပင်ပါဝင်ခြင်းမရှိကြပေ။
ယခုအခါ အန်းဒူ၏ယုတ်မာအရှက်မဲ့သည့်လုပ်ရပ်က သိုင်းဝိဇ္ဇာနှစ်ယောက်ကို အမျက်ထွက်စေကာ တည်ကြည်အေးဆေးသည့်စန်းဟုန်းလျန်လိုလူမျိုးက မိစ္ဆာဝိညာဉ်တစ်ဖွဲ့လုံးကိုဖျက်ဆီးပစ်မည်ဟုကြုံးဝါးခြင်းကမယုံကြည်နိုင်စရာပင်။
သို့သော် သူတို့တစ်ယောက်ချင်းစီကပင် ထိုသို့လုပ်နိုင်သည့်စွမ်းအားရှိပြီ ထိုသို့သောလူနှစ်ယောက်ဒေါသထွက်လာသည့်အခါ အဖြူအနက်သိုင်းသမားများအားလုံးတုန်လှုပ်ကြရသည် ။
မိစ္ဆာဝိညာဉ်၏ခေါင်းဆောင်နှစ်ယောက်ဆိုလျှင် အနည်းငယ်ထိတ်လန့်သည့်မျက်နှာဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
သူတို့၏စိတ်ထဲတွင် ပြဿနာအကြီးအကျယ်ဖြစ်စေခဲ့သည့် အန်းဒူကိုအကြိမ်ကြိမ်ကျိန်ဆဲနေမိကာ ရှည်လျားသည့်အရပ်အမောင်းနှင့်ပိန်လှီလှသည့် အရိုးနတ်ဆိုးဟူအိုကအလျှင်အမြန်ဖြေရှင်းလိုက်သည်။
“ လက်သီးဘုရင်နဲ့ ဓားကျိုးဘုရင်တို့ ခဏနေပါဦး...ဒီကိစ္စက အန်းဒူတစ်ယောက်ထဲရဲ့ဆုံးဖြတ်ချက်ပါ ကျုပ်တို့နဲ့ဘာမှမဆိုင်ပါဘူး....”
ဟူအို၏စကားအဆုံးတွင် စာပေသမားပုံစံရှိသည့်စုထန်ကလည်း ခေါင်းညိမ့်ကာပြောလိုက်သည်။
“ ဟုတ်တယ် တစ်ဦးတစ်ယောက်ရဲ့မကောင်းမှုကြောင့် ကျန်တဲ့လူတွေအကုန်လုံးကိုအပြစ်ပေးမယ်ဆိုရင် သိုင်းလောကတစ်ခုလုံးက လှောင်ရယ်စရာဖြစ်မှာပေါ့....”
သူတို့၏ဖြေရှင်းချက်ကလည်းမှန်ကန်နေ၍ ကျန်လူများ ခေါင်းညိမ့်လိုက်မိကြသလို စီးတုမင်၏မျက်နှာက အနည်းငယ်ပျော့ပြောင်းသွားသည်။
သိူ့သော် စန်းဟုန်းလျန်၏ အေးစက်တင်းမာသည့်အမူအယာက ပြောင်းလဲခြင်းမရှိဘဲ သူ၏နောက်ကျောမှဓားကိုရွှမ်းခနဲဆွဲထုတ်ကာပြောလိုက်သည်။
“ ဒီလိုဖြေရှင်းချက်တွေငါမလိုချင်ဘူး ငါပြောခဲ့တဲ့စကားအတိုင်းပဲ ရှောင်အာတစ်ခုခုဖြစ်ရင် မိစ္ဆာဝိညာဉ်အဖွဲ့ကို ငါ့လက်နဲ့ဖျက်ဆီးပစ်မယ်။ ဘယ်သူမှ ကြားဝင်လို့မရစေရဘူး...”
စန်းဟုန်းလျန်၏အေးစက်ပြက်သားသည့်စကားကြောင့် ဟူအိုတို့နှစ်ယောက်မှာ မျက်နှာပျက်သွားကြသည် ။
ဓားကျိုးဘုရင်ဆိုသည့်နာမည်မရမီက ထိုက်ကျိဓားဟုကျော်ကြားခဲ့သည့် စန်းဟုန်းလျန်က သူ၏ဖြောင့်မက်မှန်ကန်မှုကြောင့် လူအများ၏လေးစားမှုကိုရရှိခဲ့ပြီးယခုတောင်ပေါ်ရှိလူငယ်မျိုးဆက်များထဲတွင်သူ့ကိုစံပြအဖြစ်သက်မှတ်ထားသူများပင်ပါဝင်သည်။။
ထိုသို့သောလူတစ်ယောက်က ယခုအခါမည်သူမှနားချမရအောင် ဒေါသတကြီးဖြစ်နေပြီး သူနောက်ဆုံးရည်ရွယ်ခဲ့သည့်စကားက အနက်ရောင်သိုင်းလောက၏ ဂိုဏ်းကြီးခြောက်ဂိုဏ်းကိုပင် ဂရုမစိုက်ဆိုသည့်သဘောဖြစ်သည်။
ထို့ကြောင့် စန်းဟုန်းလျန်လိုလူမျိုးကို ယခုလိုဒေါသတကြီးဖြစ်စေသည်ကိုထောက်ရှု၍ သူ၏အနီးရှိလူငယ်လေးက စန်းဟုန်းလျန်အတွက်မည်မျှအရေးပါသည်ကို သိရှိနိုင်ပေသည်။
“ ဟီးဟီး ဟိုနှစ်ကောင်တော့မြွေကိုက်ပြီ...တွေ့လား မာနတခွဲသားနဲ့စုထန်ဆိုတဲ့ကောင် ထိတ်လန့်နေတဲ့မျက်နှာကို.....”
ယှဥ်ပြိုင်ပွဲကို ရောက်ရှိလာသည့် သိုင်းမဟာမိတ်၏ခေါင်းဆောင်လေးယောက်ထဲမှနန်ကုန်းယန်က ခပ်တိုးတိုးပြောလိုက်သည် ။
သိုင်းမဟာမိတ်နှင့် မိစ္ဆာဝိညာဉ်တို့၏အားပြိုင်မှုက သိုင်းလောကသားတိုင်းသိရှိထားကြသည့်ကိစ္စဖြစ်ပြီး ယခုလိုမိစ္ဆာဝိညာဉ်မှ ထိပ်ပိုင်းခေါင်းဆောင်နှစ်ယောက် ဒုက္ခရောက်နေချိန်တွင် သူတို့ဝမ်းမြောက်နေသည်က များစွာထူးဆန်းခြင်းမရှိပေ။
နန်ကုန်းယန်၏စကားကြောင့် ဝေ့မင်းက ခေါင်းညိမ့်ကာပြောလိုက်သည်။
“ အမှန်ပဲ....ဓားကျိုးဘုရင်ဒေါသထွက်ပြီး သူတို့နှစ်ယောက်ကိုသတ်ပစ်လိုက်ရင်အကောင်းဆုံးပဲ....”
ဝေ့မင်း၏မျက်နှာထက်တွင် ကျေနပ်အားရသည့်အရိပ်အယောင်များရှိနေပြီး ဟူအိုတို့နှစ်ယောက်ကိုကြည့်နေသည့်အကြည့်ထဲတွင် မုန်းတီးမှုတို့ပါဝင်နေသည်။
&&&&