အဖြူရောင်ဝေါယာဉ်
Vol. 2 Ch. 121
မြင့်မားကျယ်ပြန့်သည့်ကုန်းပြင်မြင့်ပေါ်တွင် ကြီးကျယ်ခမ်းနားသည့်အနက်ရောင်ရဲတိုက်ကြီးတစ်ခုက ဝင့်ကြွားစွာတည်ရှိလျက်ရှိသည်။
ထုထည်ကြီးမားပြီး ခိုင်ခန့်မာကျောသည့်ကျောက်တုံးကြီးများကို အဓိကအသုံးပြု၍တည်ဆောက်ထားခြင်းဖြစ်ကာ သုံးထပ်ရဲတိုက်ကြီးကိုဗဟိုပြု၍ အခြားအဆောက်အဦးငယ်များစွာလည်းရှိသည်။
အဝေးမှကြည့်လျှင် ကုန်းမြင့်ပေါ်တွင် ခမ်းနားစွာတည်ရှိနေသည့်ထိုရဲတိုက်ကြီးမှာ မင်းစိုးရာဇာများနေထိုင်သည့်နေရာတစ်ခုလို ကြီးကျယ်ခမ်းနားလှပြီး ရဲတိုက်ကြီးနှင့်အဆောက်အဦးများကို ပေနှစ်ဆယ်နီးပါးမြင့်မားသည့်တံတိုင်းဖြင့်ပတ်လည်ကာရံထားသည်။
လီပေါင်းများစွာကျယ်ဝန်းသည့်ကုန်းပြင်မြင့်နှင့်အနီးတစ်ဝိုက်တွင် အခြားအဆောက်အဦးများမရှိဘဲ ထိုရဲတိုက်ကြီးတစ်ခုသာထီးထီးကြီးတည်ရှိနေပြီး သိုင်းလောကသားများ၏အခေါ်အဝေါ်အရ ထိုရဲတိုက်၏အမည်ကနဂါးနက်ရဲတိုက်ဟူ၍ဖြစ်ပြီး ရဲတိုက်ပိုင်ရှင်မျိုးရိုးအမည်က ပိုင်မျိုးနွယ်ဖြစ်ပေသည်။
နဂါးနက်ရဲတိုက် ၊ ပန်းတစ်ရာတောင်ကုန်းနှင့် ပညာရှိစံအိမ်တို့မှာ ကျုံဟွာတောင်တိုက်ပွဲပြီးဆယ်နှစ်ခန့်ကြာမှသိုင်းလောကအတွင်းဝင်ရောက်လာသည့်အင်အားစုများဖြစ်ကြပြီး သိုင်းဝိဇ္ဇာတစ်ယောက်စီဦးဆောင်သည့်ထိုအင်အားစုများမှာ သိုင်းလောကအတွင်းရှိအခြားထိပ်တန်းအင်အားစုများကိုရင်ဘောင်တန်းနိုင်စွမ်းရှိပေသည်။
နဂါးနက်ရဲတိုက်မှပိုင်မျိုးနွယ်၊ ပန်းတစ်ရာတောင်ကုန်းမှလီမျိုးနွယ်နှင့် ပညာရှိစံအိမ်၏ရှန့်မျိုးနွယ်တို့က အချင်းချင်းလွန်စွာရင်းနှီးသည့်ဆက်ဆံရေးရှိကြပြီး ထိုအင်အားစုများမှာ အချင်းချင်းရင်းနှီးမှုရှိသည်ကိုသိုင်းလောကသားတိုင်းသိရှိကြပေသည်။
ယခင်က သူတို့၏ရပ်တည်မှုနှင့်ပတ်သတ်၍ အခြားထိပ်တန်းအင်အားစုများမှသတိထားစောင့်ကြည့်ခဲ့ကြသော်လည်း ထိုအင်အားစုများမှာ သိုင်းလောကပြဿနာများတွင်ဝင်မပါဘဲ အေးအေးဆေးဆေးနေကြ၍ အဖြူမကျအနက်မကျအင်အားစုများဟု သက်မှတ်လိုက်ကြပေသည်။
အင်အားစုသုံးခုသည်လည်း သိသာထင်ရှားသည့်ကျော်ကြားမှုတစ်ခုစီရှိကြပြီး ပန်းတစ်ရာတောင်ကုန်းမှဆေးပညာ ၊ ပညာရှိစံအိမ်မှသိုင်းပညာနှံ့စပ်မှုနှင့် နဂါးနက်ရဲတိုက်၏တိုက်ပွဲရူးသွပ်မှုတို့က ကျော်ကြားပေသည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်က နဂါးနက်ရဲတိုက်သခင်ပိုင်ဖုန်းလူမှာ တိုက်ပွဲစွဲလမ်းသူဟုနာမည်ကျော်သည့်သံမဏိသွေးဂိုဏ်းချုပ်ထျန်ရှန်းနှင့် တစ်ရက်နှင့်တစ်ညတိုင်အောင်တိုက်ခိုက်ခဲ့ဖူးသည်။
သူတို့၏တိုက်ပွဲမှာ အနိုင်ရသူမရှိသရေကျခဲ့သော်လည်း နဂါးနက်ရဲတိုက်သခင်၏သိုင်းပညာနှင့်တိုက်ပွဲရူးသွပ်မှုကို သိုင်းလောကသားတိုင်းက ဩချခဲ့ရပြီး မည်သူ့ကိုမှလူမထင်သည် သံမဏိသွေးဂိုဏ်းချုပ်ပင် ပိုင်ဖုန်းလူကိုအသိအမှတ်ပြုပေသည်။
သိုင်းလောကထဲတွင် နဂါးနက်ရဲတိုက်မှလူများ မကြာခဏလှုပ်ရှားလေ့မရှိသော်လည်း သူတို့နှင့်ရန်ငြိုးဖွဲ့မိပါက မိုးမြေအဆုံးထိလိုက်လံတိုက်ခိုက်တတ်ပေသည်။
ထို့ကြောင့် အဖြူအနက်သိုင်းလောကသားများမှာ အနက်ရောင်သိုင်းလောက၏ထိပ်တန်းဂိုဏ်းကြီးဖြစ်သည့် သံမဏိသွေးဂိုဏ်းနှင့် အဖြူမကျအနက်မကျ နဂါးနက်ရဲတိုက်မှလူများကို အတိုက်အခံမပြုဘဲ ဝေးဝေးရှောင်လေ့ရှိကြသည်။။
ယခု နဂါးနက်ရဲတိုက်ရှိရာသို့ဦးတည်ကာ အဖြူရောင်ဝေါယာဉ်တစ်ခု တရိပ်ရိပ်ပြေးလာနေပြီး ဝေါယာဉ်၏အမြန်နှုန်းက သာမန်အဆင့်လွန်ထိပ်သီးတစ်ယောက်၏ကိုယ်ဖော့ပညာနှင့်တူညီသည်။
ဝေါယာဉ်၏ ရှေ့နောက်နှင့် ဝဲယာနှစ်ဖက်တွင်လည်း အစောင့်အကြပ်များလိုက်ပါလာကြပြီး လူလေးယောက်ထမ်းသည့်ဝေါယာဉ်မှာ ဤမျှမြန်ဆန်သည့်နှုန်းဖြင့်ပြေးလွှားနေသည်မှာ ယုံကြည်ရန်ပင်ခက်ခဲလှသည်။
နဂါးနက်ရဲတိုက်၏တံခါးဝတွင်အစောင့်ကျနေသည့်သိုင်းသမားများမှာ အဝေးဆီမှ တရိပ်ရိပ်ပြေးဝင်လာသည့်အဖြူရောင်ဝေါယာဉ်ကြီးကိုကြည့်ရင်း အံ့ဩတုန်လှူပ်နေကြစဉ် ဝေါယာဉ်က သူတို့ရဲတိုက်တံခါးဝရှိရာသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာ၍ လက်နက်ကိုယ်စီဆွဲထုတ်ကာ ကမန်းကတန်းအော်ဟစ်ဟန့်တားလိုက်ကြသည်။
“ ရပ်လိုက်စမ်း...ဘယ်သူတွေလဲ....”
ရဲတိုက်ရှေ့တွင်အစောင့်ကျနေသည့်သိုင်းသမားလေးယောက်ကရဲတိုက်ထဲတွင် သာမန်အဖွဲ့သားများသာဖြစ်သော်လည်း တစ်ယောက်ချင်းစီ၏သိုင်းပညာက အဆင်မြင့်အဆင့်ရှိသည်။
ဓားကိုယ်စီစွဲထုတ်၍ ရန်သူမိတ်ဆွေမကွဲပြားသည့်လူများကိုတညီတညာထဲရင်ဆိုင်လိုက်ပုံက ကောင်းစွာလေ့ကျင့်ထားသည့်သိုင်းသမားများဖြစ်ကြောင်းသိသာလှပြီး တစ်ဖက်လူများက ထူးခြားဆန်းကြယ်သော်လည်း သူတို့၏အမူအယာများက တွန့်ဆုတ်ထိတ်လန့်ဟန်မရဘဲ ရဲရင့်ပြက်သားလှသည်။
လေထဲတွင်လွင့်မျောနေသလို လျှင်မြန်စွာရွေ့လျားလာသည့် အဖြူရောင်ဝေါယာဉ်ကလည်း နဂါးနက်ရဲတိုက်၏တံခါးဝအရောက်တွင် ဖြေးညင်းစွာအရှိန်လျော့သွားသည်။
ဝေါယာဉ်၏အပြင်အဆင်က အလွန်အမင်းခန်းနားလှပြီး ဝေါယာဉ်ထမ်းသည့်လူလေးယောက်ကလည်း တစ်မူထူးခြားပေသည်။
သန်မာထွားကြိုင်းပြီး အပေါ်ပိုင်းကိုယ်ဗလာဖြစ်သည့်လူလေးယောက်က ဝေါယာဉ်ကိုထမ်းလာကြခြင်းဖြစ်ကာ သံမဏိရုပ်ထုများလိုအရယ်အပြုံးမရှိဘဲတည်ကြည်သည့်မျက်နှာများက သက်ရှိလူသားများနှင့်ပင်တူညီခြင်းမရှိပေ။
ကြီးမားသည့် ဝေါယာဉ်တစ်ခုကိုထမ်းလာကြသည့်တိုင် သူတို့၏အရှိန်က လွန်စွာမြန်ဆန်လှသည်ကိုတွေ့ရမည်ဖြစ်ပြီး အသေအချာအကဲခပ်မည်ဆိုပါက သူတို့တစ်ယောက်ချင်းစီ၏ခြေအနုတ်အသိမ်းများက ထပ်တူကျနေသည်ကို အံ့ဩဖွယ်တွေ့ရပေမည်။
ဝေါယာဉ်၏ရှေ့တွင် အစိမ်းနုရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ကျစ်ဆံမြီးနှစ်ခွစည်းထားသည့် မိန်းမချောလေးတစ်ယောက်ရှိကာ သူမ၏အသက်က ဆယ့်ငါးနှစ်ဆယ့်ခြောက်နှစ်ခန့်သာရှိဦးမည်ဖြစ်သည်။
ဝေါယာဉ်၏ဘေးနှစ်ဘက်တွင်တော့ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် လူနှစ်ယောက်စီခြံရံလိုက်ပါလာကာ ဝေါယာဉ်၏နောက်၌ အသက်ခုနစ်ဆယ်အရွယ်ခါးကုန်းကုန်းအဖိုးအိုတစ်ယောက်လိုက်ပါလာသည်။
ထိုလူစု၏ပုံသဏ္ဍာန်က ထူးခြားပြီးတစ်ချက်ကြည့်ရုံနှင့်သာမန်မဟုတ်မှန်းသိနိုင်ကာ ရဲတိုက်တံခါးရှေ့တွင် တိခနဲရပ်သွားကြပြီး အစောင့်သိုင်းသမားများ အံ့ဩတကြီးကြည့်ရှုနေကြစဉ် အစိမ်းနုရောင်ဝတ်စုံဝတ်မိန်းကလေးက တည်တင်းသည့်အမူအယာဖြင့်မေးလိုက်သည်။
“ စောစောက ကျမတို့ကိုဟန့်တားတာ ဘယ်သူလဲ....”
မိန်းမချောလေး၏အသံကကြွပ်ဆပ်ပြီးချိုလွင်ကာ ချစ်စရာကောင်းသည့်ပုံစံဖြစ်သော်လည်း လှပသည့်မျက်နှာလေးကအနည်းငယ်အေးစက်နေသည် ။
ထိုမိန်းကလေး၏မေးခွန်းကြောင့် အစောင့်သိုင်းသမားများလည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြကာ သိုင်းသမားတစ်ယောက်ကပြောလိုက်သည်။
“ ကျုပ်ပြောလိုက်တာပါ ...ဒီကမိတ်တွေတို့က ရဲတိုက်ကိုဘာကိစ္စရှိလို့....”
ထိုသိုင်းသမားမှာ စကားဆုံးအောင်ပြောခွင့်မရလိုက်ဘဲ အစိမ်းရောင်အရိပ်တစ်ခုက သူ၏ရှေ့သို့လျှပ်ပြတ်သလိုဝင်ရောက်လာ၍ ထိတ်လန့်တကြားခုန်ဆုတ်လိုက်လေသည်။
“ ဖြန်း....”
ကျယ်လောင်သည့်အသံက တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်တွင်ဟိန်းထွက်လာကာ အစောင့်သိုင်းသမားမှာ နီရဲနေသည့်လက်ငါးချောင်းရာကြီးထင်နေသည့်သူ၏ပါးကိုပွတ်ရင်း တုန်လှုပ်စွာရပ်နေမိ၏။
ထိုနည်းတူကျန်သိုင်းသမားသုံးယောက်လည်း လူရိပ်ပင်မကွဲအောင်လျှင်မြန်လှသည့်အစိမ်းရောင်ဝတ်စုံဝတ်မိန်းမချောလေးကိုငေးကြည့်နေမိကြပြီး မူလနေရာသို့ပြန်ရောက်နေပြီဖြစ်သည့် မိန်းမချောလေးက သူမ၏ သေးငယ်သည့်လက်ကောက်ဝတ်ကလေးကိုလှည့်ပတ်ရင်း နှာခေါင်းတစ်ချက်ရှုံ့၍ပြောလိုက်သည်။
“ ရှင့်လိုဘာမဟုတ်တဲ့လူတစ်ယောက်က ကျမတို့ကိုဟန့်တားဝံ့တယ်ပေါ့ ...သွားစမ်း ပိုင်ဖုန်းလူဆိုတဲ့လူကိုမြန်မြန်ခေါ်လိုက်....”
မိန်းမချောလေး၏ခပ်ဆက်ဆက်စကားကိုကြားမှ အစောင့်သိုင်းသမားများမှာ သတိဝင်လာကြကာ ဒေါသထွက်သည့်လေသံဖြင့်အော်ဟစ်လိုက်ကြသည်။
“ ရိုင်းလိုက်တာ...”
“ ငါတို့ရဲတိုက်ရှေ့ကိုလာပြီး ငါတို့ကိုစော်ကားနေသေးတယ်....”
ဓားကိုယ်စီတင်းတင်းဆုပ်ကိုင်ထားသည့်လူများ၏ပုံစံက တင်းမာခတ်ထန်နေပြီး မိန်းမချောလေး၏လက်ချက်ကြောင့် ပါးတစ်ဖက်နီရဲသွားသည့်လူမှာ ဒေါသအထွက်ဆုံးဖြစ်သည် ။
သို့သော် အမည်မသိမိန်းကလေးတစ်ယောက်၏သိုင်းပညာကပင် သူတို့ထက်များစွာအဆင့်မြင့်နေပြီး ကျန်လူများလည်းရှိနေသေးရာ တိုက်ခိုက်ခြင်းမပြုဘဲ အော်ဟစ်အသံပြု၍ အကူအညီရောက်ရှိလာသည်အထိအချိန်ဆွဲနေကြခြင်းဖြစ်၏။
သူတို့၏ရည်ရွယ်ချက်ကိုရိပ်စားမိဟန်တူ၍ အစိမ်းရောင်ဝတ်စုံဝတ်မိန်းမချောလေးက နှုတ်ခမ်းမဲ့ကာပြောလိုက်သည်။
“ ရဲတိုက်တစ်ခုလုံးကိုခေါ်ရင်တောင်ဂရုမစိုက်လူး...အခုက ဆုံးမရုံပဲရှိသေးတယ် နောက်တစ်ကြိမ်တိုက်ခိုက်လာရင်တော့ အသက်ကိုအာမမခံတော့ဘူး ...”
မိန်းမချောလေး၏ပုံစံက လွန်စွာမောက်မာဝံ့ကြွားဟန်တူသော်လည်း အစောင့်သိုင်းသမားများ၏စိတ်ထဲတွင် အေးစိမ့်မှုကိုခံစားလိုက်ရသည်။
အကြောင်းကား ဝေါယာဉ်၏ဘေးနှစ်ဘက်မှလူလေးယောက်ကသူတို့ကိုစူးစိုက်ကြည့်နေ၍ဖြစ်ကာ အစောင့်သိုင်းသမားများမှာ ယခုအချိန်ထိဘစကားတစ်ခွန်းမှဝင်မပြောသေးသည့်ထိုလူများကလွန်စွာကြောက်မက်ဖွယ်ကောင်းလှသူများဖြစ်သည်ကိုရိပ်စားမိလိုက်ကြ၍ဖြစ်သည်။။
ထိုစဉ် ရဲတိုက်ထဲမှသိုင်းသမားများစွာလည်းထွက်ပေါ်လာပြီးတစ်ချက်ကြည့်ရုံနှင့်အခြေအနေကိုရိပ်စားမိလိုက်ကာ ဝေါယာဉ်၏ပတ်လည်တွင်ဝိုင်းထားလိုက်ကြသည်။
နဂါးနက်ရဲတိုက်တွင် စုစုပေါင်းသိုင်းသမားတစ်ရာကျော်ရှိပြီး သိုင်းလောကထဲတွင်လှုပ်ရှားလေ့မရှိ၍လည်း အင်အားအများစုက ရဲတိုက်တွင်အချိန်ပြည့်ရှိနေပေသည်။
ယခု ထွက်ပေါ်လာသည့်လူများက အယောက်သုံးဆယ်နားနီးပြီး ထိုအထဲတွင်အဆင့်လွန်ထိပ်သီးများပင်ပါဝင်ကာ အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်သက်လက်ပိုင်းလူတစ်ဦးက မူလရှိနေသည့်အစောင့်များကိုအကျိူးအကြောင်းမေးလိုက်သည်။
အံ့ဩဖွယ်ကောင်းစွာဖြင့် ဝေါယာဉ်၏ဘေးဘက်ရှိလူလေးယောက်၊ အစိမ်းရောင်ဝတ်စုံဝတ်မိန်းမချောလေးတို့က နဂါးနက်ရဲတိုက်မှသိုင်းသမားများဝိုင်းထားသည်ကိုပင် လုံးဝဂရုစိုက်ဟန်မတူဘဲ အေးစက်စက်အမူအယာများဖြင့်ရှိနေကြပြီး ဝေါယာဉ်နောက်ဘက်ရှိခါးကုန်းအဖိုးအိုဆိုလျှင် ခေါင်းပင်မော့မကြည့်ပေ ။
အစောင့်များထံမှ အကြောင်းစုံသိလိုက်ရပြီး ပါးတွင်လက်ငါးချောင်းရာကြီးထင်ကျန်နေသည့်အစောင့်၏မျက်နှာကိုကြည့်ကာ သက်လက်ပိုင်းလူက ဒေါသထွက်သွားပြီး မိန်းမချောလေးကိုမေးလိုက်သည်။
“ မိန်းကလေး ကျုပ်တို့နဂါးနက်ရဲတိုက်က ဘယ်သူ့ကိုမှရန်မစပေမယ့် ကျုပ်တို့ကိုရန်စလာရင်လည်းသည်းမခံတတ်ဘူး...ဘာကြောင့် ကျုပ်တို့လူကို တိုက်ခိုက်ရတာလဲသိရမလား....”
အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်သက်လက်ပိုင်းလူက နဂါးနက်ရဲတိုက်တွင်အရေးပါသည့်လူတစ်ဦးဖြစ်ပြီးသူ၏သိုင်းပညာက အစောင့်များထက်များစွာမြင့်မားလှ၏။
ချင်ယန်ဟုအမည်ရသည့် ထိုလူကကြောက်စရာကောင်းသည့်အဆင့်လွန်ထိပ်သီးတစ်ဦးလည်းဖြစ်ပြီး သိုင်းလောကတွင်ပါကျော်ကြားသည့်သိုင်းသမားတစ်ဦးဖြစ်သည် ။
သို့သော် အစိမ်းရောင်ဝတ်စုံဝတ်မိန်းမချောလေးကား ထိုသို့သောသိုင်းထိပ်သီးတစ်ယောက်ကိုပင်မျက်နှာသာမပေးဘဲစိတ်မရှည်သည့်ဟန်ဖြင့်ပြောလိုက်သည်။
“ သူက လျှာရှည်လို့....”
မိန်းမချောလေး၏ရိုင်းစိုင်းသည့်စကားကြောင့် ချင်ယန်၏မျက်နှာက တင်းမာသွားသည်။
တစ်ဖက်လူများကို တိုက်ခိုက်ခြင်းမရှိသေးဘဲ ယခုလိုလေကုန်ခံ၍မေးမြန်းနေခြင်းက မိန်းမချောလေး၏သိုင်းပညာကြောင့်ဖြစ်ပေသည် ။
မောက်မာရိုင်းစိုင်းသည့်ထိုမိန်းကလေးက အသက်ဆယ့်ခြောက်နှစ်ခန့်သာရှိမည်ဖြစ်သော်လည်း သိုင်းထိပ်သီးတစ်ယောက်ဖြစ်နေခြင်းက ချင်ယန့်ကိုများစွာတုန်လှုပ်သွားစေပြီး ထိုသို့သောအရည်အချင်းကလက်ရှိသိုင်းလောက၏လူငယ်မျိုးဆက်ကိုအရှက်ရစေနိုင်၍ဖြစ်သည်။
ထို့အပြင် သူ့ထက်မနိမ့်ကျသည့်လူလေးယောက်နှင့် ခန့်မှန်းမရသည့်ခါးကုန်းအဖိုးအိုတစ်ယောက်တို့ပါရှိနေရာ ချင်ယန်လည်းတစ်ဖက်လူများကို ယခုလိုမျက်နှာသာပေးနေခြင်းဖြစ်၏။
သို့သော် သူ၏စိတ်ရှည်သည်းခံမှုက စော်ကားမှုကိုငြိမ်ခံနေခြင်းမဟုတ်ဘဲ မိန်းမချောလေး၏စကားအဆုံး၌ ချင်ယန်က သူ၏လက်ကိုမြောက်ကာ နဂါးနက်ရဲတိုက်မှသိုင်းသမားများကိုအချက်ပြလိုက်သည်။
“ ကျုပ်တို့က ယဉ်ယဉ်ကျေးကျေးဆက်ဆံတာကိုတောင် ရိုင်းစိုင်းနေမှတော့ ကျုပ်တို့အဆိုးမဆိုနဲ့တော့....အဖွဲ့သားတို့....”
ချင်ယန်က တစ်ဖက်လူများကိုဝိုင်းဝန်းတိုက်ခိုက်ရန် ရဲတိုက်မှသိုင်းသမားများကိုအချက်ပြခြင်းဖြစ်ကာ သူ၏စကားအဆုံး၌ နဂါးနက်ရဲတိုက်မှလူများက ဓားကိုယ်စီဆွဲထုတ်လိုက်ကြသည် ။
တိုက်ခိုက်လိုစိတ်များပြည့်နှက်နေသည့်သိုင်းသမားသုံးဆယ်က ကြောက်မက်ဖွယ်ကောင်းသည့်အင်အားဖြစ်ပြီး သူတို့ထဲရှိအနိမ့်ဆုံးလူကပင် အဆင့်မြင့်သိုင်းသမားများဖြစ်သည်။
ထိုသို့သောလူများ၏ဝိုင်းရံထားမှုအောက်တွင် အဖြူရောင်ဝတ်စုံဝတ်လူများကတည်ငြိမ်ဆဲဖြစ်ပြီး အစိမ်းရောင်ဝတ်စုံဝတ်မိန်းမချောလေးဆိုလျှင် အထင်သေးဟန်ဖြင့်ကြည့်နေသေးသည်။
&&&&