သေခြင်းတရားကိုရင်ဆိုင်ခြင်း
Vol. 2 Ch. 122
“ သူတို့ကိုဆုံးမလိုက်....ခြေလွန်လက်လွန်တော့မဖြစ်စေနဲ့.....”
ဝေါယာဉ်အတွင်းမှထွက်ပေါ်လာသည့်အသံကြောင့် ထိုနေရာရှိလူအားလုံး အလွန်အမင်းအံ့အားသင့်သွားကြသည် ။
ဆည်းလည်းသံနှင့် ကရဝိတ်သံတို့ကို အချိုးကျပေါင်းစပ်ထားသည့်နှယ် ပီသရှင်းလင်းပြီး ကြည်လင်ချိုမြသည့်အသံက ကြားမိသူတိုင်း၏စိတ်နှလုံးကို အေးချမ်းသွားစေနိုင်သည်။
အသံကြားသနားပါစေဆိုသည့်ဆုထက်များစွာပြီးပြည့်စုံဟန်ရှိသည့် ထိုအသံကလေးမှာ အသံပိုင်ရှင်၏ရုပ်ရည်ကိုမမြင်ရသေးခင်ကပင် ယောင်္ကျားသားတို့ကို ငုတ်တုတ်မေ့အောင်စွမ်းဆောင်နိုင်စွမ်းရှိနေသည်။
ဝေါယာဥ်အတွင်းမှထွက်ပေါ်လာသည့် ချိုလွင်ကြည်သာသည့်စကားသံလေးကြောင် နဂါးနက်ရဲတိုက်မှသိုင်းသမားများနှင့် သူတို့၏ဦးဆောင်သူချင်ယန်ကိူယ်တိုင် ကြောင်အသွားစဉ် ဝေါယာဉ်၏ဘေးတစ်ဖက်တစ်ချက်ရှိအဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်က နဂါးနက်ရဲတိုက်မှသိုင်းသမားများ၏ကြားသို့မုန်တိုင်းမွေ့သလို တတရကြမ်းဝင်ရောက်သွားတော့သည်။
လူတစ်သိန်းတွင် တစ်ယောက်မရှိနိုင်မည့် ထူးခြားသာယာသည့်အသံပိုင်ရှင်လေးကြောင့် ကျောက်ရုပ်များလိုတောင့်တင်းနေကြသည့်နဂါးနက်ရဲတိုက်မှသိုင်းသမားများကား အရုပ်ကလေးများလိုလွင့်စင်သွားကြတော့သည် ။
သုံးဆယ်နီးပါးရှိမည့်ထိုလူများက အချိန်အနည်းငယ်အတွင်း တစ်ယောက်မကျန်ရှင်းလင်းခြင်းခံလိုက်ရပြီး နာကျင်စွာအော်ဟစ်ညည်းညူသံများက နေရာအနှံ့ထွက်ပေါ်နေပေသည်။
လွန်ခဲ့သည့်အချိန်အနည်းငယ်ကပင် ရဲရင့်တက်ကြွစွာရှိနေကြသည့်နဂါးနက်ရဲတိုက်မှလူများမှာ တစ်ယောက်မကျန်လဲကျနေကြပြီး သူတို့၏လက်များသို့မဟုတ် ခြေထောက်များမှာ ရိုက်ချိုးထားခြင်းခံထားကြရသည် ။
ထိုမြင်ကွင်းကြောင့် ချင်ယန်မှာ တုန်လှုပ်ထိတ်လန့်သွားပြီး နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်မိသည်။
မည်သည့်အတွက်ကြောင့်မှန်းမသိဘဲ ထိုလူလေးယောက်ကချင်ယန့်ကိုတိုက်ခိုက်ခြင်းမရှိဘဲ ချန်ထားခဲ့ပြီး ကျန်လူအားလုံးကား ခြေကျိုးလက်ကျိုးဖြင့်အော်ဟစ်နေကြပေသည်။
အဖြူရောင်ဝတ်စုံဝတ်လူလေးယောက်ကား လုပ်ရိုးလုပ်စဉ်တစ်ခုကိုပြီးမြောက်သွားသည့်အလား ထူးခြားသည့်ဟန်ပန်မပြဘဲ ဝေါယာဉ်၏ဘေးတစ်ဖက်တစ်ချက်တွင် အစောင့်အကြပ်များလိုပြန်ရပ်နေကြ၏ ။
ယခုအခါမှ ထိတ်လန့်တုန်လှုပ်သည့်အမူအယာဖြင့်ရှိနေသည့် ချင်ယန့်ကိုကြည့်ရင်း အစိမ်းရောင်ဝတ်စုံဝတ်မိန်းမချောလေး၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ပွင့်ပေါ်လာကာ ဖြေးညင်းစွာပြောလိုက်သည် ။
“ ကျမတို့ကို ပိုင်ဖုန်းလူဆီ ခေါ်သွားစမ်း... အထွတ်အမြတ်နတ်နန်းတော်က သခင်မလေးရောက်လာတယ်လို့လည်းပြောလိုက်ဦး....”
&&&
လျှို့ဝှက်ဘုရင်
နဂါးခုနစ်ကောင်ဟုတင်စားရသည့်သိုင်းဝိဇ္ဇာခုနစ်ယောက်အနက်ခြောက်ယောက်က ယခင်လူငယ်မျိုးဆက်၏ကျော်ကြားသူများဖြစ်ပြီး သူတစ်ဦးသာနာမည်မရှိသည့်သိုင်းသမားတစ်ဦးဖြစ်သည်။
သူ၏နောက်ကြောင်း ၊ အသုံးပြုသည့်သိုင်းပညာ စသည်တို့ကိုမည်သူမှမသိကြသလို လွန်ခဲ့သည့်ဆယ်နှစ်မတိုင်ခင်ကသိုင်းလောကတွင်မရှိဘဲ ထို့နောက်ပိုင်းမှရုတ်တရက်ပေါ်ထွက်လာခြင်းဖြစ်၏။
ထို့ကြောင့် သူ၏အမည်ကိုသိုင်းလောကသားများက လျှို့ဝှက်ဘုရင်ဟုဘွဲ့အမည်ပေးခဲ့ခြင်းဖြစ်ပြီး သူ၏ပင်ကိုယ်စရိုက်ကလည်း တိတ်ဆိတ်ပြီး ခံစားချက်ကင်းမဲ့သည့်မျက်နှာသေဖြင့်သာ တစ်ချိန်လုံး ရှိနေတတ်သည်။
ယခင်ယှဉ်ပြိုင်ပွဲနှစ်ကြိမ်လုံးတွင်လျှိူ့ဝှက်ဘုရင်ပါဝင်ခဲ့သော်လည်း စကားဆယ်ခွန်းပင်ပြည့်အောင်မပြောခဲ့ပေ။
ကျန်သိုင်းဝိဇ္ဇာများကတစ်ယောက်နှင့်တစ်ယောက် စကားအနည်းငယ်ပြောဖြစ်ကြသော်လည်း လျှို့ဝှက်ဘုရင်ကပြိုင်ပွဲစခါနီးမှရောက်ရှိလာတတ်ကာ ယှဉ်ပြိုငိပွဲပြီးဆုံးလျှင်လည်းဦးစွာထွက်ခွာသွားသူဖြစ်၏။
ထိုသို့သောလူတစ်ယောက်က ယခုအခါရှောင်ယောင်မိထားသည့်အဆိပ်အမည်ကိုဝင်ရောက်ပြောဆိုနေပြီး သူ့ကိုကြည့်ရှုနေကြသည့်ကျန်လူများကို ဂရုစိုက်ဟန်မတူဘဲ အက်ရှရှအသံဖြင့်ဆက်ပြောလိုက်သည် ။
“ ပုံမှန်ဆိုရင် အဆိပ်ငါးမျိုးဂိုဏ်းရဲ့ ခြေသုံးလှမ်းမရဏအဆိပ်က အဆိပ်မိတဲ့လူကို အသက်ရှူချိန်အနည်းငယ်အတွင်းသတ်ဖြတ်နိုင်ပြီး သိုင်းထိပ်သီးတွေတောင် အဆိပ်ဒဏ်ကိုမတွန်းလှန်နိုင်ကြဘူး။
ခန္တာကိုယ်က လှုပ်ရှားမှုလုပ်လေလေ အဆိပ်က ပိုပြီးပျံ့လေလေဖြစ်ပြီး အဆိပ်မိထားတဲ့လူက ခြေသုံးလှမ်းထက်ပိုမသွားနိုင်ကြလို့ ခြေသုံးလှမ်းမရဏအဆိပ်လို့နာမည်တွင်လာတာပဲ....”
“ ဒါပေမယ့် ခြေသူံးလှမ်းမရဏအဆိပ်က အဆင့်လွန်ထိပ်သီးတွေကိုတောင် အချိန်တခဏအတွင်းသတ်ဖြတ်နိုင်တယ်လို့နာမည်ကျော်တယ်မလား ။
ဒီကောင်လေးက ဘာဖြစ်လို့အခုချိန်ထိအသက်ရှင်နေသေးတာလဲ ..ပြီးတော့ ခြေသူံးလှမ်းမရဏအဆိပ်ကြောင့်သေတဲ့လူမှန်းသမျှက မျက်နှာကစပြီးထန္တာကိုယ်တစ်ခုလုံးမည်းနက်ပြီးသေသွားကြတာမလား ။ အခုသူက ဒီလိုပုံမဟုတ်သလိုပဲ....”
ရှောင်ယောင့်ကိုအကဲခပ်၍ဝင်မေးလိုက်သည့် ဓားရူးဘုရင်ကြောင့် စန်းဟုန်းလျန်၏တင်းမာသည့်အကြည့်က တန်းခနဲရောက်ရှိလာသည်။
ထိုအခါမှ စန်းဟုန်းလျန်ထိုလူငယ်လေးကိုမည်မျှဂရုစိုက်သည်ကိုပြန်သတိရသွားသည့်ဓားရူးဘုရင်က ရယ်ကျဲကျဲဖြင့်ခေါင်းကုတ်လိုက်သလို လျှို့ဝှက်ဘုရင်က သူ၏မေးခွန်းကိုရှင်းပြလိုက်သည်။
“ ခြေသုံးလှမ်းမရဏအဆိပ်ရဲ့အစွမ်းနဲ့ သူ့ရဲ့လက္ခဏာတွေက မင်းပြောတဲ့အတိုင်းပဲ ။။
ဒါပေမယ့် အဲဒီအဆိပ်က အလွန်ရှားပါးပြီး ကြောက်စရာကောင်းလွန်းလို့ အဆိပ်ငါးမျိုးဂိုဏ်းမှာတောင် ဒီအဆိပ်ကိုင်နိုင်တာ လက်ငါးချောင်းမပြည့်ဘူး ။
ပြီးတော့ တစ်ကြိမ်သုံးရင်အဆိပ်ပမာဏကအတော်များများသုံးရပြီး ထိရောက်ဖို့ဆိုတာလည်း အဆိပ်ပညာကိုကျွမ်းကျင်ဖို့လိုသေးတယ်။
လောဘနတ်ဆိုးဆိုတဲ့အန်းဒူကအဲဒီအဆိပ်ကို ပမာဏနည်းနည်းပဲရခဲ့တာဖြစ်ရမယ် ။ဒါကြောင့်သူက တခြားနည်းလမ်းတစ်ခုနဲ့အသုံးပြုခဲ့တာ....”
လျှို့ဝှက်ဘုရင်၏ရှင်းပြမှုကြောင့် ကျန်လူများ အံ့အားသင့်စွာကြည့်ရှုနေကြစဉ် ထိုလူက ရှောင်ယောင်၏ညာဘက်လက်ဖဝါးကိုညွန်ပြရင်းဆက်ပြောလိုက်သည်။
“ အခု သူအဆိပ်မိထားတာက လက်ကဒဏ်ရာကနေတစ်ဆင့်ဖြစ်နိုင်တယ်။ အန်းဒူရဲ့လက်နက်ကနေပေါ့ ။ ပြီးမှ အဆိပ်ကသွေးကြောထဲကနေတစ်ဆင့်ပျံ့နှံ့လာခဲ့တာ။
ဒါကြောင့်လည်း အဆိပ်တတ်တာက နှေးပြီး အတွင်းအားနဲ့ပါထိမ်းချုပ်ထားလို့ အခုချန်ထိအသက်ရှင်နိုင်တာ...”
လျှို့ဝှက်ဘုရင်၏ကောက်ချက်ချမှုက သူတို့ကိုတစ်ချိန်လုံးဘေးမှထိုင်ကြည့်နေသလို တိကျမှန်ကန်လှ၍ ရှောင်ယောင်နှင့်စီးတုယွမ်ချင်းတို့မှာ အခြားလူများထက်ပို၍အံ့ဩနေမိကြ၏ ။
ထိုစဉ် စန်းဟုန်းလျန်က စိုးရိမ်ပူပန်သည့်လေသံဖြင့် အလျှင်အမြန်မေးလိုက်သည် ။
“ ဒါဆိုရင် ဒီအဆိပ်ကိုဘယ်လိုကုသနိုင်မယ်ဆိုတာ သိလား....”
ရှောင်ယောင်၏ကိုယ်တွင်းရှိ အဆိပ်၏အကြောင်းကိုသိရှိပြီးနောက် စန်းဟုန်းလျန်မှာ ပို၍ပင်စိုးရိမ်တကြီးဖြစ်လာမိ၏။
အကြောင်းကား ခြေသူံးလှမ်းမရဏအဆိပ်မှာ အဆိပ်ငါးမျိုးဂိုဏ်း၏လျှိူ့ဝှက်လက်နက်တစ်ခုဖြစ်သလို ဖြေဆေးသည်လည်းသူတို့ထံတွင်သာရှိနေ၍ဖြစ်သည် ။
လျှို့ဝှက်ဘုရင်က စန်းဟုန်းလျန်ကိုခေါင်းယမ်းပြ၍ဆက်ပြောလိုက်သည်။
“ ဒီအဆိပ်က ရှားပါးပြီး ကြောက်စရာကောင်းတော့ သူ့ကိုပြန်ပြီးချေဖျက်နိုင်တဲ့ပစ္စည်းတွေက အလွန်ရှားပါးတာတွေကြီးပဲ။
တစ်ချို့ဆိုရင်အနှစ်တစ်ရာမှာတစ်ခါမတွေ့နိုင်တဲ့ သဘာဝရတနာတွေ ။ ဒါကြောင့် အဆိပ်ငါးပါးဂိုဏ်းဆီက အဆိပ်ဖြေဆေးရနိုင်ရင်ပိုကောင်းမယ်...”
လျှို့ဝှက်ဘုရင်၏စကားကြောင့် စန်းဟုန်းလျန်လည်း လက်သီးကိုတင်းတင်းဆုပ်လိုက်မိသည်။
စိုးရိမ်ပူပန်သည့်ခံစားချက်များပြည့်နှက်နေသည့်သူ၏မျက်နှာက အစောပိုင်းကထပ်ပင်ပို၍ကြောက်မက်ဖွယ်ကောင်းနေပြီး အဆိပ်ဖြေဆေးကိုရရှိရန် အဆိပ်ငါးမျိုးဂိုဏ်းတစ်ခုလုံးကိုမြေလှန်ပစ်ရလျှင်ပင်သူဖြစ်မြောက်အောင်ဆောင်ရွက်ဖြစ်ဖြစ်ကြောင်း သိသာပေသည်။
သူ၏စိတ်ကိုအားလုံးအကဲခပ်မိကြပြီး လျှို့ဝှက်ဘုရင်က ခေါင်းယမ်း၍ဆက်ပြောလိုက်သည်။
“ အဆိပ်ဖြေဆေးကို မြန်နိုင်သမျှ မြန်မြန်ရယူတာပိုကောင်းလိမ့်မယ်... ။
ဒီကောင်လေးက သိုင်းပညာထိပ်တန်းအဆင့်ပဲရှိတာဆိုပေမယ့် ထူးခြားမှူတစ်ခုခုရှိရမယ် ။ ဒါကြောင့်လည်း အဆိပ်ကိုအခုချိန်ထိ ခုခံနိူင်သေးတာ ။
အဆင့်လွန်ထိပ်သီးတွေတောင်သူ့နေရာမှာဆို နှစ်ဆယ့်လေးနာရီအတွင်းသေနိုင်တယ် ။
ဒါပေမယ့် သူ့ရဲ့အခြေအနေကိုအကဲခပ်ရင်အဆိပ်ကအတော်ပျံ့နေပြီလို့ဆိုနိုင်တယ်။ အလွန်ဆုံးနှစ်ရက်အတွင်းမှာ နှလုံးအထိရောက်သွားမှာပဲ ။
အဲဒီအခါကျရင် နတ်သိကြားတွေဆင်းကယ်ရင်တောင် မဖြစ်နိုင်တော့ဘူး ....”
လျှိူ့ဝှက်ဘုရင်၏စကားအဆုံး၌ လူအားလုံးတိတ်ကျသွားပြီး စန်းဟုန်းလျန်၏မျက်နှာက ကွက်ခနဲပျက်သွားပြီး စကားတစ်ခွန်းမှမဆိုနိုင်ဘဲ ရှောင်ယောင့်ကိုကြည့်လိုက်မိသည်။ ။
အကြောင်းကား အဆိပ်ငါးမျိုးဂိုဏ်းမှာ ဟွာရှန်းတောင်နှင့်ဝေးလံသည့်အနောက်ပိုင်းတွင်တည်ရှိ၍ဖြစ်ပြီး သိုင်းဝိဇ္ဇာတစ်ယောက်နေ့မနားညမနားခရီးသွားလျှင်ပင် အနည်းဆုံးငါးရက်အထိသွားရမည်ဖြစ်၍ဖြစ်သည်။
အကယ်၍ ဖြေဆေးမရပါက နှစ်ရက်အတွင်းရှောင်ယောင်သေဆုံးတော့မည်ဖြစ်ပြီး ထိုအဖြစ်ကြောင့် စန်းဟုန်းလျန်၏စိတ်ထဲတွင်မိုက်ခနဲဖြစ်သွားလေသည်။
တစ်ဖက်တွင် စီးတုယွမ်ချင်း၏မျက်နှာကလည်းသွေးမရှိသလိုဖြူလျော်သွားပြီး သူမ၏နှုတ်ခမ်းကိုသွေးထွက်သည်အထိ တင်းတင်းဖိကိုက်ထားမိသည်။
ဤကိစ္စများဖြစ်ပွားခဲ့ရသည်က သူမကြောင့်သာဖြစ်ပြီး စီးတုယွမ်ချင်းမှာ ထိုတိုက်ပွဲတွင် ရှောင်ယောင်မထိခိုက်ဘဲ သူမသေဆုံးလျှင်ကောင်းမည်ဟုပင်တွေးလိုက်မိသည် ။
လူအားလုံး၏အကြည့်က ရှောင်ယောင့်ဆီသို့ကျရောက်နေပြီး ထိုလူငယ်လေး၏ဆိုးရွားလှသည့်ကံကြမ္မာကြောင့် သူတို့အားလုံးစိတ်မကောင်းဖြစ်မိကြသည်။
အခြားလူများပင်ထိုသို့ခံစားမိကြလျှင် ကာယကံရှင်ဖြစ်သည့်ရှောင်ယောင်၏စိတ်ထဲတွင်မည်သို့ရှိမည်နည်း ။
လျှို့ဝှက်ဘုရင်၏စကားလုံးများက ရှောင်ယောင်၏စိတ်ထဲတွင်ကျယ်လောင်စွာမြည်ဟည်းနေပြီး သူ၏လက်ရှိအဖြစ်ကိုမယုံကြည်နိုင်သလိုပင်ခံစားနေမိသည်။
အကြောင်းကား လွန်ခဲ့သည့်အချိန်အနည်းငယ်ကပင် စီးတုယွမ်ချင်းနှင့်စလိုက်နောက်လိုက်ဖြင့်ရှိနေခဲ့ပြီး ဦးလေးစန်းကိုတွေ့ရမည့်အတွက် အတော်လေးဝမ်းမြောက်ပျော်ရွှင်နေမိသညိ။
သို့သော် အချိန်အနည်းငယ်အတွင်းပြောင်းလဲသွားသည့်အဖြစ်အပျက်များက ရိုက်ချက်ပြင်းလှပြီး သူပေါ့ပေါ့တန်တန်တွေးမိသည့်အရာမှာ သူ၏အသက်ကိုနုတ်ယူမည့် မရဏမင်း၏စေတမာန်ဖြစ်နေပေသည်။
အမှန်အတိုင်းဆိုရလျှင် သေရမည်ဆိုသည့်အသိက ရှောင်ယောင်၏ရင်ကိုတဆစ်ဆစ်နာကျင်စေပြီး ထိတ်လန့်တုန်လှုပ်နေမိသည်။
လူတိုင်းသေရမည်ကိုကြောက်လန့်ကြသည်သာဖြစ်ပြီး ရှောင်ယောင်လည်းချွင်းချက်မဟုတ်ပေ။
ယခုမှသိုင်းလောကအတွင်းဝင်ရောက်ကာ သူစအိပ်မက်အတိုင်းသိုင်းလောကသားတစ်ယောက်အဖြစ်ကျင်လည်နေခိုက်တွင်တစ်လပင်မပြည့်မီသေဆုံးရမည့်သူ့အဖြစ်က တွေးမိလျှင် ရယ်စရာပင်ကောင်းနေသေးသည်။
သို့သော် ရှောင်ယောင်၏စိတ်ထဲတွင် နောင်တရသည့်စိတ်ကလုံးဝရှိမနေဘဲ တောနက်ထဲတွင်ရှိစဉ်က စီးတုယွမ်ချင်းကိုသူပြောခဲ့ဖူးသလို မိမိယုံကြည်ရာကို ပြုလုပ်ရင်းသေဆုံးရခြင်းကို လုံးဝနောင်တရမည်မဟုတ်ပေ။
အကယ်၍ စီးတုယွမ်ချင်းကိုကယ်တင်ပါက သူသေဆုံးရမည်ဖြစ်မှန်းသိလျှင်ပင် သူ၏စိတ်ဆန္ဒအတိုင်း နောက်တစ်ကြိမ်ကယ်တင်ဦးမည်ဖြစ်သည်။
ရှောင်ယောင်လည်း ထိုသို့တွေးလိုက်မိကာ ရှုပ်ထွေးလေးလံနေသည့်သူ၏စိတ်အစဉ်က တခဏအတွင်း ပေါ့ပါးရှင်းလင်းသွားပြီး ပြိုတော့မည့်မိုးကဲ့သို့ ဝမ်းနည်းအုံ့မှိုင်းနေသည့်စီးတုယွမ်ချင်းနှင့် စိုးရိမ်ပူပန်ခြင်း၊ တုန်လှုပ်ထိတ်လန့်ခြင်းတို့ကြောင့် ကျောက်ရုပ်တစ်ရုပ်လိုတောင့်တင်းနေသည့် စန်းဟုန်းလျန်တို့ကို ပြုံးပြလိုက်ပြီး ခေါင်းယမ်းကာပြောလိုက်သည်။
“ နှစ်ရက်အတွင်း ကျုပ်ရဲ့ခန္တာကိုယ်ထဲကအဆိပ်ကိုဖြေရှင်းနိုင်မယ့်နည်းလမ်းတစ်ခုခုရှိမှာပါ ။
မရှိရင်လည်းကံတရားပေါ့ ။ ကိုယ့်ရဲ့စိတ်ဆန္ဒအတိုင်းအသက်ရှင်ပြီး နောင်တမရလဲသေဆုံးသွားရတာက အများကြီးလွတ်လပ်ပေါ့ပါးပါ်လေ..”
သူ၏အသက်အရွယ်နှင့်မလိုက်အောင်လေးနက်တည်ကြည်လှသည့်ရှောင်ယောင်၏စကားကြောင့် သိုင်းဝိဇ္ဇာများပင် ငြိမ်သက်သွားကြတော့သည်။
&&&&