စိတ်ထားလှသူပန်းနတ်သမီး
Vol. 2 Ch. 124
လက်ကိုးချောင်းဘုရင်မှာ စိတ်နေစိတ်ထားထူးဆန်းသူဖြစ်သည့်အလျောက် သူ့သဘောနှင့်သူလိုက်ပါကူညီခြင်းဖြစ်ပြီး ဓားရူးဘုရင်ကား သူ၏နာမည်နှင့်လိုက်အောင် ယှဉ်ပြိုင်ပွဲရောက်သည်အထိမစောင့်နိုင်ဘဲ စန်းဟုန်းလျန်နှင့်ယှဉ်ပြိုင်လို၍ အတူလိုက်ပါလာခြင်းဖြစ်သည်။
သို့သော် စန်းဟုန်းလျန်၏စိတ်အခြေအနေမကောင်းသည်ကိုရိပ်စားမိ၍ထိုအကြောင်းကိုတစ်ခွန်းမှမဟသေးဘဲ ရှောင်ယောင့်ကိုဦးစွာကုသပြီးမှ သူနှင့်ယှဉ်ပြိုင်ရန်ပြောဆိုမည်ဟုတွေးထားသည်။
ဤသည်က ဓားရူးဘုရင်၏အကြံအစည်ဖြစ်ပြီး စီးတုယွမ်ချင်းနှင့်သူမ၏ဖခင်စီးတုမင်တို့လိုက်ပါလာခြင်းက များစွာထူးဆန်းသည်တော့မဟုတ်ပေ။
ထို့ကြောင့် စန်းဟုန်းလျန်နှင့် စီးတုမင်တို့ပါပေါင်းလျှင် သိုင်းဝိဇ္ဇာခုနစ်ယောက်မှလေးယောက်အထိ ရောက်ရှိနေခြင်းဖြစ်၏။
ထိုအတွက်ကြောင့်လည်း ပန်းတစ်ရာတောင်ကုန်းမှလူများမှာ သူတို့ကိုပေါ့ပေါ့တန်တန်မဧည့်ခံဝံ့ဘဲ တောင်ကုန်း၏ အရေးပါသူများအားလုံးရောက်ရှိနေကြခြင်းဖြစ်သည် ။
သို့သော် သူတို့အဓိကတွေ့ဆုံလိူသည့်ပန်းတစ်ရာတောင်ကုန်းသခင်လီချန်းစိန်ကရှိမနေဟုသိရ၍ အခက်ကြုံနေရခြင်းဖြစ်သည်။
လက်ကိုးချောင်းရသေ့၏မကျေနပ်သည့်ပုံစံကြောင့် လီဖန်းလည်း ခေါင်းကုတ်လိုက်မိပြီး အနီးရှိအဆင့်လွန်ထိပ်သီးများကိုအကူအညီတောင်းသည့်ဟန်ဖြင့်ကြည့်လိုက်သည် ။
ပုံမှန်ဆိုလျှင် သူတို့တောင်ကုန်းကို အကူအညီလို၍ရောက်ရှိလာသူများက လေးလေးစားစားဖြင့်အကူအညီတောင်းလေ့ရှိသော်လည်း ထိုလူစုကားပြောင်းပြန်ပင်။
သူတို့ထံမှလာရောက်အကူအညီတောင်းခြင်းဖြစ်သည့်တိုင် သူတို့ကပြန်၍တောင်းပန်နေရပြီး တစ်ဖက်လူများက သူတို့၏တောင်ကုန်းသခင်နှင့်အဆင့်တူများဖြစ်ကာ သိုင်းလောကသားတိုင်းလေးစားရလောက်သည့်လူများဖြစ်၍လည်း မရိုမသေမဆက်ဆံဝံ့ပေ။
အထူးသဖြင့် ရှောင်ယောင်၏အသက်အန္တရာယ်ကြောင့် အေးစက်မှုန်မှိုင်းနေသည့်စန်းဟုန်းလျန်၏မျက်နှာကိုကြည့်ရသည်မှာ အလိုလိုရင်ထိတ်နေရပြီး သူ၏ပုံစံက အချိန်မရွေးထသတ်တော့မည့်အလားဖြစ်၏။
“ ကြီးကြပ်ရေးမှူးဖန်ပြောတာ ဟုတ်ပါတယ် ကျုပ်တို့တောင်ကုန်းသခင်က တကယ့်ကိုဒီမှာရှိမနေလို့ပါ ။။
သူဘယ်ကိုသွားတာလဲဆိုတာ တိတိကျကျမသိပါဘူး။ ဒါကြောင့် ဒီမှာ ရက်နည်းနည်းလောက်ပဲသည်းခံပြီးစောင့်ပေးပါလို့တောင်းပန်နေတာပါ။
ဒိအတောအတွင်းမှ ကျုပ်တို့လည်း တတ်စွမ်းသလောက်ပညာနဲ့ ဒီလူငယ်လေးရဲ့အဆိပ်ကိုဟန့်တားပေးပါ့မယ်...”
ပန်းတစ်ရာတောင်ကုန်းမှအဆင့်လွန်ထိပ်သီးတစ်ယောက်၏စကားကြောင့် လက်ကိုးချောင်းရသေ့လည်းစိတ်ပျက်စွာခေါင်းယမ်းလိုက်သည်။
အခြားလူများလို ထိုင်နေခြင်းပင်မရှိဘဲရှောင်ယောင်၏အနီးတွင်ရပ်နေသည့် စီးတုယွမ်ချင်း၏အမူအယာက ပို၍အေးစက်လာသည်။
စန်းဟုန်းလျန်ဆိုလျှင် ထိုင်ခုံလက်ရမ်းကိုတင်းကြပ်စွာဆုပ်ကိုင်ထားမိပြီး မာကျောသည့်ကျွန်းသားထိုင်ခုံတွင်လက်ရာများပင်နစ်ဝင်နေသည် ။
ရှောင်ယောင်ကား မချိပြုံးပြုံး၍သာရှိနေပြီး သူ၏ကံကြမ္မာကိုဟားတိုက်၍ရယ်မောလိုစိတ်များပင်ဖြစ်ပေါ်နေမိ၏။
မူလက ပန်းတစ်ရာတောင်ကုန်းသခင်မှာ သူ၏အဆိပ်ကိုဖြေပေးနိုင်သည်ဆိူသောကြောင့် ပန်းတစ်ရာတော်ကုန်းသို့မျှော်လင့်ချက်ကြီးစွာရောက်ရှ်လာခြင်းဖြစ်သော်လည်း ဤရောက်သည့်အခါ တောင်ကုန်းသခင်မှာရှိမနေပေ။
ကျန်ရှိနေသည့်လူများသည်လည်း ရှောင်ယောင်၏အဆိပ်ကိုကုသရန်မည်သူမှမစွမ်းနိုင်ဘဲထိုအတွက်ကြောင့် ခဲလေသမျှ သဲရေကျမည့်အခြေအနေသို့ဆိုက်ရောက်နေခြင်းဖြစ်၏။
“ အဆိပ်ငါးမျိုးဂိုဏ်းရဲ့ ခြေသူံးလှမ်းမရဏအဆိပ်ဆိုရင် ကျမကုသပေးနိုင်တယ်။
သေချာပေါက်အာမခံနိုင်ပေမယ့် အနည်းဆုံး ဖေဖေရောကိလာတဲ့အချိန်ထိ သူ့အဆိပ်ကိုအချိန်ဆွဲပေးထားနိုင်မယ် ....”
ချိုလွင်သည့်စကားသံတစ်သံနှင့်အတူ ပန်းနုရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်မိန်းမလှလေးတစ်ယောက်ဧည့်ခန်းအတွင်းဝင်ရောက်လာသည်။
ထိုမိန်းကလေးကိုမြင်သည်နှင့် ပန်းတစ်ရာတောင်ကုန်းမှသိုင်းထိပ်သီးများအံ့ဩဟန်ဖြင့်ထရပ်လိုက်ကြသလို စန်းဟုန်းလျန်တို့လူစုလည်း သူမ၏စကားကြောင့် လွန်စွာအံ့ဩဝမ်းမြောက်သွားကြလေသည်။
ပျော့ပြောင်းနူးညံ့သည့်ပန်းနုရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသည့်ထိုမိန်းကလေး၏ကိုယ်ဟန်က မိန်းကလေးပီသအချိုးကျလှပနေပြီး ဒေါသမောဟများကင်းမဲ့ကာ ဖြူစင်လှပသည့်မျက်နှာလေးက မြင်သူတိုင်း၏ရင်ကိုအေးချမ်းစေနိုင်လိမ့်မည်။
သူမ၏အလှက မြင်သူတိုင်းငေးရလောက်အောင် အလွန်အမင်းလှပနေခြင်းမဟုတ်သော်လည်း တစိမ့်စိမ့်ကြည့်လေ ပို၍ချစ်ခင်နှစ်သက်လာလေလေဟုခံစားရစေမည့်အလှမျိုးဖြစ်ပြီး မည်သူမဆိုသူမကိုအကာအကွယ်ပေးလိုစိတ်များ တဖွားဖွားထွက်ပေါ်လာပေမည်။။
စီးတုယွမ်ချင်းထက် မနိမ့်ကျသည့်အလှပိုင်ရှင်မိန်းကလေးတစ်ယောက်ရုတ်တရက်ပေါ်ထွက်လာခြင်းက ခန်းမတွင်းရှိအခြေအနေကိုပြောင်းလဲသွားစေခဲ့သည်။
“ သခင်မလေး...”
လီဖန်းအပါအဝင်ပန်းတစ်ရာတောင်ကုန်းမှသိုင်းထိပ်သီးများက မိန်းမလှလေးကိုအရိုအသေပေးလိုက်ကြသည်။
သူတို့၏အခေါ်အဝေါ်ကိုကြည့်ခြင်းဖြင့် ထိုမိန်းမလှလေးမှာ ပန်းတစ်ရာတောင်ကုန်းသခင်လီချန်းစိန်၏သမီး ပန်းနတ်သမီးဟုနာမည်ကျော်သည့်လီချင်းချင်းဖြစ်ကြောင်းလူတိုင်းရိပ်စားမိလိုက်ကြသည် ။
လက်ရှိသိုင်းလောက၏မိန်းမလှခုနစ်ယောက်တွင် မဟူရာနတ်သမီးဟုနာမည်ကျော်သည့်စီးတုယွမ်ချင်းနည်းတူ ပန်းနတ်သမီးလီချင်းချင်းလည်းပါဝင်လျက်ရှိသည် ။
လီချင်းချင်း၏ထူးခြားချက်ကသိုင်းပညာများစွာအဆင့်မမြင့်သလို တိုက်ခိုက်ရခြင်းကိုမနှစ်သစ်၍ သိုင်းလောကသို့တစ်ကြိမ်မှမဆင်းခဲ့ခြင်းဖြစ်သည် ။
သူမ၏ကြင်နာတတ်သည့်စိတ်နေစိတ်ထားက သိုင်းလောကတွင်နာမည်ကျော်ပြီး ဆေးပညာဘက်တွင်လည်းများစွာကျွမ်းကျင်မှုရျိပေသည်။
ထို့ကြောင့် ပန်းတစ်ရာတောင်ကုန်းသို့ရောက်ရှိလာဖူးသည့်သိုင်းလောကသားများကအဆင်းရောအချင်းပါပြည့်စုံသည့်လီချင်းချင်းကိူ ပန်းနတ်သမီးဟုနာမည်ပေးလိုက်ကြပြီး လီချင်းချင်းမှာ သိုင်းလောကသို့ဝင်ရောက်ခြင်းမပြုဘဲ မိန်းမလှခုနစ်ယောက်စာရင်းတွင်အလိုလိုကါဝင်လာခြင်းဖြစ်သည်ဟုဆိုရမည်။
လက်ရှိအချိန်၌ စီးတုယွမ်ချင်း၏အကြည့်များက လီချင်းချင်းထံသို့ကျရောက်နေသလို လီချင်းချင်းသည်လည်း လွန်စွာလှပသည့်စီးတုယွမ်ချင်းကို စိတ်ဝင်စားသည့်ပုံစံဖြင့်ကြည့်နေသည် ။
သို့သော် သူတို့၏အကြည့်များကတူညီခြင်းမရှိဘဲ လီချင်းချင်းက သူမထက်မနိမ့်ကျသည့်အလှပိုင်ရှင်ကို သာမန်အတိုင်းစိတ်ဝင်စားမိ၍ကြည့်ခြင်းသာဖြစ်ပေသည် ။
အေးစက်စက်အမူအယာရှိသည့်မိန်းကလေး၏မျက်ဝန်းထဲတွင်နက်ရှိုင်းသည့် စိုးရိမ်ပူပန်မှု ၊ တိုးလျှိူးနှိမ့်ချမှုစသည့်ခံစားချက်များရှိနေပြီး သူမကို အကူအညီတောင်းလိုဟန်ဖြင့်ကြည့်ရှုနေရာ လီချင်းချင်းလည်း ထိုမိန်းကလေး၏ဘေးရှိလူငယ်မှာ သူမအတွက်လွန်စွာအရေးကြီးသူတစ်ယောက်ဟုရိပ်စားမိလိုက်၏။
ထိုနည်းတူ သိုင်းလောက၏နာမည်ကျော်သိုင်းဝိဇ္ဇာများက တစ်ဦးထက်ပို၍လာရောက်ပြီးအကူအညီတောင်းခံနေကာ သူတို့၏ဂရုစိုက်မှုကိုရရှိသည့်လူငယ့်ကိုလည်း အံ့ဩဟန်ဖြင့်ကြည့်လိုက်မိ၏။
ထိုအခိုက် လီဖန်းက အနည်းငယ်တွန့်ဆုတ်သည့်ဟန်ဖြင့်ပြောလိုက်သည် ။
“ သခင်မလေး သခင်ကြီးလည်းဒီမှာရှိမနေဘဲနဲ့ အခုလိုရဲရဲ အာမမခံသင့်ဘူး....”
လီဖန်း၏စကားကြောင့် စန်းဟုန်းလျန်တို့လူစုစိတ်ပျက်ဒေါသထွက်သွားကြပြီး ထိုအချက်ကိုနားလည်၍ ပန်းတစ်ရာတောင်ကုန်းမှသိုင်းထိပ်သီးများလည်း သူတို့ကိုပင်မကြည့်ဝံ့ဘဲဖြစ်ကြမိ၏။
သို့သော် သူတိူ့၏ဘက်မှကြည့်လျှင်လည်း ကျိုးကြောင်းသင့်လျောနေသည် ။
စန်းဟုန်းလျန်တို့လိုသိုင်းဝိဇ္ဇာများ၏စိုးရိမ်ပူပန်သည့်အမူအယာကိုအကဲခပ်၍ပင် ရှောင်ယောင်က သူတို့အတွက်လွန်စွာအရေးပါသူတစ်ယောက်ဖြသ်ကြောင်းပြောစရာမလိုဘဲသိနိုင်သည် ။
ထို့ကြောင့်အရေးပါသည့်ထိုကဲ့သို့လူတစ်ယောက်၏သေခြင်းရှင်ခြင်းနှင့်သက်ဆိုင်နေ၍ လက်လွတ်စပယ်လက်ခံကုသဝံ့ခြင်းမရှိပေ။
အကြောင်းကား ရှောင်ယောင်သာ သူတို့ကုသနေရင်းမတော်တဆသေဆူံးသွားပါက ပန်းတစ်ရာတောင်ကုန်း၏ဂုဏ်သတင်းက နိမ့်ကျသွားမည်ဖြစ်သလို ထို့ထက်ပို၍အရေးကြီးသည်က သိုင်းဝိဇ္ဇာများ၏ဒေါသမှာသူတို့အပေါ်ကျရောက်လာနိုင်ခြင်းကြောင့်ဖြစ်သည် ။
လီဖန်း၏စကားကြောင့် စန်းဟုန်းလျန်တို့စိုးရိမ်သွားကြစဉ် လီချင်းချင်းက သိမ်မွေ့စွာပြုံး၍ပြောလိုက်သည်။
“ ဦးလေးဖန်းစိတ်ပူစရာမလိုပါဘူး။။ကိုယ့်ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ အကူအညီလိုအပ်နေတဲ့လူတစ်ယောက်ကို ဘယ်လိုလုပ်မျက်နှာလွဲခဲပစ်လုပ်နိုင်မှာလဲ ....”
ထိုမိန်းကလေး၏နူးညံ့အေးဆေးသည့်စကားကြောင့် စန်းဟုန်းလျန်တို့အံ့ဩဝမ်းမြောက်သွား ရုံသာမက လီဖန်းတို့လည်း သူမကိုဖြောင်းဖျမရသည်ကိုသိရှိလိုက်ကြသညိ ။
ထို့နောက် လီချင်းချင်းက စန်းဟုန်းလျန်တို့လူစုကိုအရိုအသေပေး၍ပြောလိုက်သည်။
“ ဆရာကြီးတို့ စိတ်မပူကြပါနဲ့ ကျမသူ့ကိုကယ်တင်ဖို့အစွမ်းကုန်လုပ်ဆောင်ပေးပါ့မယ် ။ တစ်ခုခုမှားယွင်းသွားတာရှိရင်လည်း ကျမရဲ့တခြားလူတွေနဲ့မသက်ဆိုက်ပါဘူး ....”
ကိစ္စမားလုံးကို အပြည့်အဝတာဝန်ယူလိုသည့် လီချင်းချင်း၏ရဲရင့်သည့်စကားကြောင့် လီဖန်းတို့လူစုမျက်လုံးပြူးသွားစဉ် အဆိပ်ဒဏ်ကြောင့် အားနည်းနေသည့် ရှောင်ယောင်က အားယူ၍ထရပ်လိုက်ရင်း စိတ်နှလုံးဖြူစင်သည့်ထိုမိန်းကလေးကိုအရိုအသေပေးရင်းလေးနက်စွာပြောလိုက်သည်။
“ ကျေးဇူးတင်ပါတယ်မိန်းကလေး... မိန်းကလေးရဲ့စေတနာကိ ကျုပ်တို့အားလုံး သိမြင်ပြီးပါပြီ ။ ဒါကြောင့် ကျုပ်သေသွားရင်တောင် မိန်းကလေးကိုအပြစ်မတင်စေရပါဘူး....”
&&&
မှောင်မိုက်နေသည့်အခန်းငယ်တစ်ခု
ပြတင်းပေါက်မှလရောင်မှိန်ဖျော့ဖျော့က တစ်ခုတည်းသောပြတင်းပေါက်ကလေးမှတိုးဝင်နေကာ ပြတင်းပေါက်နှင့်မလှမ်းမကမ်းထိုင်ခုံတစ်လုံးပေါ်တွင်ထိုင်နေသည့်လူတစ်ယောက်၏ပုံရိပ်ကို မသဲမကွဲမြင်နေရသည်။
အားနည်းသည့်အလင်းရောင်ကိုကျောပေး၍ထိုင်နေသည့်ထိုလူ၏ ပုံပန်းသွင်ပြင်ကိုမမြင်ရသော်လည်း သူ၏ရှေ့တွင်ဒူးထောက်နေသည့်လူနှစ်ယောက်ရှိနေသည်ကိုတွေ့ရပေသည် ။
အနက်ရောင်ဝတ်စုံကိုခေါင်းအစခြေအဆုံးဝတ်ဆင်ထားသည့်လူနှစ်ယောက်က အသက်အရွယ်ခန့်မှန်းရန်ခက်ခဲပြီး ကြံ့ခိုင်သန်စွမ်းသည့်ခန္တာကိုယ်အဆစ်အပေါက်များကြောင့် အသက်များစွာမကြီးကြသေးဟုခန့်မှန်းရနိုင်သည်။
ထိုခန့်မှန်းချက်ကိုပို၍သေချာသွားစေသည်က ဒူးထောက်နေသည့်လူနှစ်ယောက်ထဲမှ တစ်ယောက်၏စကားသံထွက်ပေါ်လာ၍ဖြစ်သည်။
“ ခေါင်းဆောင် ကျုပ်တို့ကို ဘာအတွက်ဆင့်ခေါ်လိုက်တာပါလဲ....”
အသံပိုင်ရှင်က နုနယ်ပျိုမြစ်သည့်လူငယ်လူရွယ်ဖြစ်ဟန်တူသော်လည်း ရေခဲတမျှအေးစက်လျက်ရှိသည် ။
သို့သော် အေးစက်စက်ဖြစ်နေသည့်လေသံထဲတွင် နက်ရှိုင်းသည့်ရိုသေလေးစားမှုတို့ပါဝင်နေသည်ကိုတွေ့မြင်နိုင်ပြီး သူတို့၏ခေါင်းဆောင်ဆိုသူသာစေခိုင်းမည်ဆိုပါက ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်ရလျှင်ပင် ရအောင်လုပ်ဆောင်မည်ဟုစိတ်ပိုင်းဖြတ်ထားဟန်တူသည်။။
ဝတ်စုံနက်၏မေးခွန်းကြောင့် ထိုင်ခုံပေါ်တွင်ထိုင်နေသူက ထိုင်ခုံလက်ရန်းကို လက်ဖြင့်တတောက်တောက်ခေါက်လိုက်ရင်း ခံစားချက်ကင်းမဲ့သည့်လေသံဖြင့်ပြောလိုက်သည်။
“ လွန်ခဲ့တဲ့လေးရက်ဝန်းကျင်က လောဘနတ်ဆိုးအန်းဒူ၊ ဝတ်စုံဖြူကျောင်းတော်သားနဲ့ မဟူရာနတ်သမီးတို့ရဲ့တိုက်ပွဲအကြောင်းကို ငါ အတိအကျသိချင်တယ်။ အဲဒီတိုက်ပွဲမှာ အန်းဒူအပြင် မိစ္ဆာဝိညာဉ်က ဘယ်သူတွေပါဝင်နေသေးလဲဆိုတာလည်း စုံစမ်းခဲ့ ...”
အသံပိုင်ရှင်၏စကားက ဝတ်စုံနက်၏လေသံထက်ဆယ်ဆခန့်အေးစက်နေပြီး အစောပိုင်းက မေးလိုက်သည့်ဝတ်စုံနက်က ဦးညွှတ်အရိုအသေပေးလိုက်ကာ အခန်းတွင်းမှ ပျောက်ကွယ်သွားလေသည်။
ထို့နောက် ကျန်ရှိနေသည့်ဝတ်စုံနက်က ထိုင်ခုံပေါ်ရှိလူကိုမေးလိုက်သည်။
“ ခေါင်းဆောင် ကျုပ်ရဲ့တာဝန်ကရော....”
ထိုဝတ်စုံနက်၏အသံသည်လည်း ပထမလူကဲ့သို့အေးစက်နေပြီး ရေခဲတောင်ကြားမှထွက်ပေါ်လာငည့်အလားပင်။
ရုတ်တရက်လွန်စွာများပြားသည့်သတ်ဖြတ်လိုသည့်အငွေ့အသက်များကအခန်းတွင်း၌ဖူံးလွှမ်းသွားပြီး ဒူးထောက်နေသည့်ဝတ်နက်မှာ တုန်လှုပ်ခြောက်ချားသွားလေ၏
သို့သော် ထိုအငွေ့အသက်များက တခဏအတွင်းပြန်၍ပျောက်ကွယ်သွားပြီး ထိုင်ခုံပေါ်မှလူက အေးစက်စက်အသံက ထွက်ပေါ်လာပြန်သည် ။
“ မင်းရဲ့တာဝန်က အန်းဒူကိုကူညီခဲ့တဲ့လူမှန်သမျှကို ရှင်းပစ်ဖို့ပဲ....”
&&&