← Chapters

ထိမ်းချုပ်မရသည့်ခံစားမှု

Vol. 2 Ch. 125

ထိမ်းချုပ်မရသည့်ခံစားမှု

Vol. 2 Ch. 125

သုံးရက်ခန့်ကြာပြီးနောက်

ပန်းတစ်ရာတောင်ကုန်း

တောင်ကုန်းသခင်လီချန်းစိန်၏စံအိမ်

စံအိမ်ခြံဝန်းထဲရှိအဆောင်ငယ်တစ်ခု၏တံခါးမှ ဖြေးညင်းစွာပွင့်လာပြီး အဖြူရောင်ဝတ်စုံကိုသပ်ရပ်စွာဝတ်ဆင်ထားသည့်လူငယ်လေးတစ်ယောက်လမ်းလျှောက်ထွက်လာသည်။

ပင်ကိုယ်ချောမောခန့်ညားသည့်လူငယ်၏ရုပ်ရည်သာမက တန်ဖိုးကြီးပိုးဖဲဝတ်စုံကိုဝတ်ဆင်ထားသည့်အခါ ယခင်ကထက်များစွာသားနားသွားပြီး မင်းညီမင်းသားတစ်ပါးနှင့်ပင်ဆင်တူနေသည်။

လူငယ်က သီးသန့်နေရာတစ်ခုလိုဖြစ်နေသည့်ဧည့်သည်အဆောင်ကို ကျေနပ်သဘောကျသည့်ပုံစံဖြင့်ကြည့်နေပြီး သန့်ရှင်းလက်ဆက်သည့်လေကိုအားရပါးရရှူရှိုက်လိုက်သည်။

အဆောင်များကို လေးခုခန်းတစ်တွဲတွဲထားကာ မျက်နှာချင်းဆိုင်ဆောက်လုပ်ထား၍ စတုရန်းပုံသဏ္ဍာန်ရှိနေပြီး အလယ်တွင် အမျိုးအမည်ခွဲခြားမရသည့် ပန်းလှလှကလေးများကိုစီတန်းလျက်စိုက်ပျိုးထားသည်။

သုံးရက်တိုင်တိုင်အခန်းအောင်းနေရပြီး ယခုမှအပြင်ထွက်ခွင့်ရ၍ လူငယ်၏စိတ်က ပေါ့ပါးလက်ဆက်နေကာ တစ်စုံတစ်ယောက်ကိုရှာဖွေသလိုဟိုဟိုသည်သည်ကြည့်လိုက်မိ၏။

လူငယ်၏အခန်းပြင်သို့ထွက်လာပြီးသည်နှင့် ရှေ့ဆင့်နောက်ဆင့်ပင် ဘေးဘက်ရှိအခန်းတံခါးက ဖျက်ခနဲပွင့်လာပြီး အဖြူရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်လူကြီးတစ်ယောက်ထွက်‌ပေါ်လာသည်။

နောက်ကျောတွင်ဓားတစ်ချောင်းကိုသိုင်းလွယ်ထားသည့်ထိုလူကြီးက အသက်ငါးဆယ်နီးပါးရှိနေသည့်တိုင် ချောမောခန့်ညားနေဆဲဖြစ်ပြီး သူ၏အင်္ကျီလက်စတစ်ဖက်မှာ တွဲလောင်းကျလျက်ရှိသည်။။

ထိုလူကြီးကိုမြင်သည်နှင့် လူငယ်၏မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာသည် ။

“ ဦးလေးစန်း....”

ဘေးအခန်းဆီမှ တံခါးဖွင့်သံကြား၍ထွက်လာသည့်စန်းဟုန်းလျန်မှာ ရှောင်ယောင်၏အနီးသို့အလျှင်အမြန်ရောက်ရှိလာပြီး ဝမ်းသာအားရဟန်ဖြင့်မေးလိုက်သည် ။

“ ရှောင်အာ မင်းရဲ့အဆိပ်က လုံးဝပျောက်ကင်းသွားပြီလား ...”

စန်းဟုန်းလျန်၏စိတ်လှုပ်ရှားပျော်ရွှင်သည့်ပုံစွကြောင့်ရှောင်ယောင်၏စိတ်ထဲတွင်အလိုလိုပျော်ရွှင်လာမိကာ လက်သီးနှစ်ဖက်ဆုပ်၍‌လေထဲတွင် အကြိမ်အနည်းငယ်ဝေ့ယမ်းရင်း ခပ်မြူးမြူးလေးပြောလိုက်သည်။

“ အဆိပ်ပျောက်ကင်းရုံတင်မဟုတ်ဘူး အခုလောလောဆယ်နွားတစ်ကောင်ကိုတောင်လက်ဗလာနဲ့ထိုးသတ်နိုင်မယ်လို့ခံစားနေမိတယ် ...လာ ဦးလေးစန်း ကျုပ်တို့သွားပြီးစမ်းသပ်ကြည့်ရအောင်...”

ရှောင်ယောင်၏ တက်ကြွပျော်ရွှင်သည့်ပုံစံကြောင့် စန်းဟုန်းလျန်၏မျက်နှာထက်တွင် အပြုံးပန်းများဝေနေပြီး လွန်ခဲ့သည့်ရက်ပိုင်းက တစ်ချိန်လုံးမျက်မှောင်ကြီးကြုတ်နေသည့်ပုံစံနှင့် ဆီနှင့်ရေလိုလုံးဝကွာခြားသွားတော့သည်။

ထိုအချိန်တွင်‌ ရှောင်ယောင်၏အခန်းတွင်းမှလူနှစ်ယောက်ထွက်လာပေသည်။

“ ကောင်လေး နွားတစ်ကောင်ကိုလက်ဗလာနဲ့ထိုးသတ်နိုင်တာကနောက်မှ မင်းကိုယ်ထဲက

အဆိပ်ကိုအရှင်းမကုဘဲထားရင် အဲဒီနွားက မင်းကိုပြန်ဝှေ့သွားလိမ့်မယ်....”

အသံပိုင်ရှင်က အနီရောင်ပိုးဖဲဝတ်စုံကိုဝတ်ဆင်ထားသည့် သက်လက်ပိုင်းလူကြီးတစ်ဦးဖြစ်ပြီး အသက်‌ငါးဆယ်‌ကျော်နေသည့်တိုင် ချောမောခန့်ညားနေ‌ဆဲဖြစ်ပြီး ပြုံးရွှင်သည့်မျက်နှာကနူးညံ့ကြင်နာသည့်ဟန်ပန်ရှိသည် ။

သူ၏နောက်ဘက်တွင် ပန်းနုရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်မိန်းမလှလေးတစ်ဦးလည်းအတူပါလာပြီး သူမ၏လက်ထဲတွင် လေးထောင့်စပ်စပ်သဏ္ဍာန်ရှိသည့်သေတ္တာလေးတစ်လုံးနှင့်အတူ ဆေးပုလင်းအနည်းငယ်ကိုလည်းသယ်ဆောင်လာပေသည်။

အနီရောင်ဝတ်စုံဝတ်လူကြီးကိုမြင်သည်နှင့် စန်းဟုန်းလျန်၏အမူအယာကအနည်းငယ်ပြောင်းလဲသွားပြီး ထိုလူကြီးကို ဦးညွှတ်အရိုအသေပေးကာပြောလိုက်သည်။

“ တောင်ကုန်းသခင်ကို ကျုပ်ကျေးဇူးအထူးတင်မိပါတယ်။ ရှောင်အာ့ကိုကယ်တင်ပေးတဲ့အတွက် ဘယ်လိုကျေးဇူးဆပ်လို့ ဆပ်ရမှန်းတောင်မသိတော့ပါဘူး...”

စန်းဟုန်းလျန်၏ လေးလေးစားစားဟန်ပန်ကြောင့် အနီရောင်ဝတ်စုံဝတ်လူကြီးလည်းမျက်လုံးပြူးသွားပြီး အလျှင်အမြန်ထူမကာပြောလိုက်သည်။

“ ဒီလောက်ယဉ်ကျေးနေစရာမလိုပါဘူးညီလေးစန်းရဲ့။ ကျုပ်တို့က ရယူလိုမှုကိုမျှော်ကိုးပြီးကူညီခဲ့တာမှမဟုတ်တာ ။

နာမည်ကြီးဓားကျိုးဘုရင်က ဒီလောက်အထိ မာန်မာနကင်းပြီးနှိမ့်ချနေတာ ယုံရခက်ပဲ ။

ဟားဟား.. တော်ကြာ ကျုပ်သိုင်းလောကထဲမှာ အလိုလိုနေရင်းနာမည်ကျော်လာပါဦးမယ်....”

အနီရောင်ဝတ်စုံဝတ်လူကြီး၏ ဟာသနှောသည့်စကားကြောင့်သူတို့အားလုံးရယ်မောလိုက်မိကြသည်။

ချောမောသည့်ခန့်ညားအနီရောင်ဝတ်စုံဝတ်လူကြီးမှာ ပန်းတစ်ရာတောင်ကုန်းသခင်လီချန်းစိန်ဖြစ်ပြီး သိုင်းလောကတွင်ထင်ရှားသူတစ်ဦးလည်းဖြစ်သည်။

ဤအတောအတွင်း သူတို့၏ကြားတွင်မိတ်ဆွေများလိုရင်းနှီးသည့်ဆက်ဆံရေးရှိ‌နေပြီဖြစ်ကာ သူ၏သမီးနည်းတူ လီချန်းစိန်ကလည်း စိတ်ထားပြည့်ဝသူတစ်ဦးဖြစ်ပေသည်။

ရှောင်ယောင်တို့လူစု ပန်းတစ်ရာတောင်ကုန်းသို့ရောက်ရှိခဲ့သည်မှာ သုံးရက်ခန့်ရှိသွားပြီဖြစ်ပြီး ယခုက လေးနက်မြောက်နေ့နံနက်ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူတို့ရောက်သည့်နေ့ညနေတွင် လီချန်းစိန် တောင်ကုန်းသို့ပြန်လည်ရောက်ရှိလာခဲ့ပြီး ရှောင်ယောင်၏အဆိပ်ကိုညတွင်းချင်းစစ်ဆေးကုသကာ ပြီးခဲ့သည့်သုံးရက်လုံးလုံး အခန်းအောင်းကုသပေးနေခြင်းဖြစ်သည်။

လီချန်းစိန်၏သိုင်းပညာကသိုင်းဝိဇ္ဇာအဆင့်ကိုရောက်ရှိနေပြီးဖြစ်သော်လည်း တိုက်ခိုက်ရခြင်းထက် ဆေးပညာကိုပို၍အားသန်ကာ ပန်းမျိုးစုံပြုစုပျိူးထောင်ခြင်းက ဆွေစဉ်မျိုးဆက်အလေ့အထဖြစ်သည်။

ထို့ကြောင့်လည်း လီချန်းစိန်မှာ ကျန်အင်အားစုခေါင်းဆောင်နှစ်ယောက်လောက်သိုင်းလောကတွင်ကျော်ကြားခြင်းမရှိသော်လည်း သူ၏ဆေးပညာကျွမ်းကျင်မှုက ဩချရလောက်ပေသည်။

ယခု လီချန်းစိန်က သူတို့ထံမှမည်သည့်ကျေးဇူးတုန့်ပြန်မှုမှမျှော်လင့်မထားသော်လည်း စန်းဟုန်းလျန်၏စိတ်ထဲတွင်ကား နောင်တစ်ချိန်တွင် လီချန်းစိန်သာအကူအညီတစ်ခုခုလိုအပ်ပါက အစွမ်းကုန်ကူညီပေးရန် ဆုံးဖြတ်ထားလိုက်သည်။

ထိုအခိုက် ဆေးသေတ္တာနှင့် ပုလင်းများကိုသယ်ဆောင်ထားသည့်မိန်းမလှလေးက ရှောင်ယောင့်ကိုပြောလိုက်သည်။

“ ဟိုက နွားတစ်ကောင်ကိုလက်ဗလာနဲ့သတ်နိုင်တဲ့မောင်လေး ငါ့ကိုဒါတွေပြန်ပို့ဖို့ကူညီပေးလို့ရမလား ...”

ပန်းနတ်သမီးဟုနာမည်ကျော်သည့်လီချင်းချင်းက အသက်နှစ်ဆယ့်ငါးနှစ်ဝန်းကျင်ရှိပြီဖြစ်၍ ရှောင်ယောင်တို့ထက်အသက်အနည်းငယ်ပိုကြီးပေသည်။

သို့သော် သူမ၏ရုပ်ရည်ကမည်သို့ကြည့်ရှုပါစေ နှစ်ဆယ်ဝန်းကျင်ဟုသာထင်ရပြီး အေးချမ်းပြီးလွန်စွာလှပသည့်မျက်နှာလေးက မြင်သူတိုင်းကိုအမောပြေနိုင်စွမ်းရှိသည် ။

သူမ၏ရုပ်ရည်ထက်စိတ်နေစိတ်ထားက ပို၍ပင်သာလွန်ပြီး ဟန်ဆောင်ခြင်းကင်းမဲ့ကာ ကြင်နာတတ်သည့်ထိုမိန်းမလှလေး၏စိတ်ကိုရှောင်ယောင်ပင် တအံ့တသြဖြစ်ရသေးသည် ။

သူ့ကိုကုသနေသည့်သုံးရက်လုံးလုံး ထိုမိန်းကလေးက သူမဖခင်ကိုကူညီပေးနေပြီး လိုအပ်သည်များကိုဆောင်ရွက်ပေးလေ့ရှိသည် ။

ထို့ကြောင့် ရှောင်ယောင်နှင့်လီချင်းချင်းတို့ ထိုသုံးရက်အတွင်းရင်းနှီးလာကြခြင်းဖြစ်ကာ တည်ကြည်အေးဆေးပြီး ဖြောင့်မက်တည်ကြည်သည့်ရှောင်ယောင့်ကိုလီချင်းချင်းကလည်းရင်းနှီးစွာဆက်ဆံပေသည်။

ထိုမြင်ကွင်းကို မျက်တောင်မခတ်ငေးမောနေသူက မျက်နှာချင်းဆိုင်အဆောင်ရှိမိန်းမလှလေးပင်ဖြစ်ပြီး အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်မိန်းမလှလေး၏မျက်ဝန်းထဲတွင် ခါးသက်သက်အရိပ်ယောင်များရှိနေသည်။

“ ချင်းချင်း....ဒီကောင်‌လေးကို သဘောကျနေတာလား....”

သူမ၏ဘေးသို့ ရုတ်တရက်ရောက်လာသည့်ဖခင်ဖြစ်သူကြောင့် စီးတုယွမ်ချင်း၏ခန္တာကိုယ်လေးကဆက်ခနဲတုန်ယင်သွားသည်။

အနက်ရောင်ဝတ်စုံကိုပင် ဝတ်ဆင်ထားသည့်စီးတုမင်၏အမူအယာကတည်ကြည်လေးနက်နေပြီး ခပ်လှမ်းလှမ်းရှိလူစုကိုကြည့်ရှုနေသညိ။

သူ၏မျှော်လင့်မထားသည့်မေးခွန်းကြောင့် စီးတုယွမ်ချင်းမှာ အနည်းငယ်တုန်လှုပ်သွားဟန်တူသည်။

ထို့နောက် ရှေ့တွင် ပြုံးရွှင်စွာစကားပြောဆိုနေကြသည့် ရှောင်ယောင်နှင့်လီချင်းချင်းကိုပြန်ကြည့်လိုက်ရင်း ဖြေးညင်းစွာခေါင်းညိမ့်ပြလိုက်သည်။

“ သမီး သူ့ကိုသဘောကျနေပြီထင်တယ်....”

ပုံမှန်အချိန်များတွင် ရဲရင့်ပြက်သားပြီးအေးစက်လှသည့်မိန်းမလှလေးက ရှက်ရွံ့နေသည့်သာမန်မိန်းမငယ်လေးတစ်ယောက်၏ပုံစံသို့ပြောင်းလဲသွားပြီး သူမဖခင်ကိုမကြည့်ဝံ့ဘဲရှိနေသည်။

စီးတုယွမ်ချင်းနှင့်ရှောင်ယောင်တို့၏ လွန်စွာနီးကပ်သည့်ဆက်ဆံရေးနှင့် သူ့သမီး၏တမူထူးခြားသည့်ခံစားချက်များကိုရိပ်စားမိနေသည့်စီးတုမင်ကား သက်ပြင်းမောကြီးတစ်ချက်ကိုမှုတ်ထုတ်လိုက်လေသည်။

လက်ရှိ ရှောင်ယောင်နှင့် စီးတုယွမ်ချင်းတို၏ကြားရှိဆက်ဆံရေးက သူငယ်ချင်းများထက်ပိုနေသလို တစ်ယောက်နှင့်တစ်ယောက်ပွင့်လင်းစွာဖွင့်ဟပြောဆိုသည့်ချစ်သူအဆင့်ထိလည်းရောက်ရှိခြင်းမရှိပေ။

ထို့အပြင် ငယ်စဉ်ထဲကမည်သည့် ယောင်္ကျားလေးနှင့်မျှပတ်သတ်ဆက်ဆံခြင်းမပြုသည့်စီးတုယွမ်ချင်းတစ်ယောက် ရှောင်ယောင့်ကိုသဘောကျနေခြင်းမှာ ဘေးမှလူဖြစ်သည့်သူက ရှင်းလင်းစွာမြင်နေရသလို ရှောင်ယောင်က စီးတုယွမ်ချင်းကို ချစ်ကြိုက်ခြင်းမရှိဟုလည်း သူခံစားမိနေသည်။

သို့သော် ရှောင်ယောင်နှင့်စီးတုယွမ်ချင်းတို့၏ဆက်ဆံရေးကိုသူ့အနေဖြင့်တားဆီးရန်မသင့်လျော်သလို တစ်ဖက်လူငယ်က သူ၏သမီးဖြစ်သူကို အသက်စွန့်ကယ်တင်ထားခြင်းကလည်းစီးတုမင်ကပင် ကျေးဇူးကြွေးတင်နေသည်ဟုဆိုနိုင်သည် ။

ယခုလိာ မတင်မကျအခြေအနေမျိုးနှင့်ရင်ဆိုင်ရာတွင် လက်ရှိသိုင်းလောက၏အစွမ်းထက်ပုဂ္ဂိုလ်များအနက်တစ်ယောက်ဖြစ်သည့်စီးတုမင်ပင် ခေါင်းကိုက်နေမိ၏။

“ အင်း....ဒီလို စိတ်ခံစားချက်တွေကို ဖိနှိပ်ဖို့ခက်ခဲတယ်ဆိုတာ ဖေဖေနားလည်ပါတယ် ။ ဒါပေမယ့် သမီးက သူများတွေနဲ့မတူဘူးဆိုတာလည်း မေ့မနေနဲ့ဦး....”

ရှုပ်ထွေးသည့်မျက်နှာဖြင့် ငြိမ်သက်သွားသည့်ဖခင်ဖြစ်သူကိုကြည့်ရင်း စီးတုယွမ်ချင်း၏အမူအယာက အနည်းငယ်ပျက်ယွင်းသွားသည် ။

ထို့နောက် သူမ၏မျက်နှာထက်တွင် လွန်စွာလှပသည့်အပြုံးတစ်ခုပေါ်လာပြီး နားလည်ရခက်စွာပြုံးရင်းပြောလိုက်သည်။

“ သမီးလည်းအရွယ်ရောက်နေပါပြီ ဘာလုပ်ရမယ်ဆိုတာကိုသိပါတယ် ....ပြီးတော့ သမီးသူ့ကိုရူးသွပ်စွဲလမ်းတဲ့အဆင့်ထိလည်းမရောက်သေးပါဘူး။ အနာဂတ်မှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဘယ်သူသိမှာလဲ....”

ပဟေဠိဆန်စွာပြောလိုက်သည့်စီးတုယွမ်ချင်းကြောင့် စီးတုမင်လည်း ခေါင်းယမ်းလိုက်မိပြီး လေးနက်သည့်လေသံဖြင့်ပြောလိုက်သည်။

“ ဘာပဲဖြစ်ဖြစ် ဖေဖေက သမီးကောင်းတဲ့လမ်းကိုရွေးချယ်နိုင်မယ်လို့ယုံကြညိပါတယ်။ ဒါပေမယ့် စိတ်ခံစားချက်တွေကြောင့်တော့ သမီးကိုယ်သမီး မထိခိုက်စေပါနဲ့။ ဟွာရှန်းတောင်ထိပ်မှာတုန်းက ဖေဖေ တကယ်ထိတ်လန့်သွားရတာ....”

စီးတုမင်၏စကားအဆုံး၌ စီးတုယွမ်ချင်း၏မျက်ဝန်းထဲတွင် ရှုပ်ထွေးသည့်အရိပ်အယောင်တစ်ခုပေါ်လာသည်။

ထိုအခိုက် သူတို့နှစ်ယောက်ကို သတိပြုမိသွားသည့်ရှောင်ယောင်က စီးတုယွမ်ချင်းကိုကြည့်ရင်း ဝမ်းသာအားရဖြင့်လက်ဝေ့ယမ်းပြလိုက်သည်။

“ ဟေ့....ယွမ်ချင်း ငါတို့ဒီအနီးအနားကိုလျှောက်လည်ရအောင် ...အစ်မချင်းချင်းကို လိုက်အပို့ခိုင်းမယ်လေ....”

ရှောင်ယောင်၏တက်ကြွရွှင်လန်းနေသည့်ဟန်ပန်ကြောင့် စီးတုယွမ်ချင်း၏မျက်နှာထက်တွင် အပြုံးရိပ်ကလေးတစ်ခုပေါ်လာပြီး သူမဖခင်ကိုပြောလိုက်သည် ။

“ ဖေဖေ သမီးအဲဒီကျောက်တုံးခေါင်းနဲ့လျှောက်ပတ်ကြည့်လိုက်ဦးမယ်။ သူကအခုမှ သေတွင်းထဲကလွတ်လာတာဆိုတော့ အတော်ပျော်နေပုံရတယ်....”

=

စီးတုယွမ်ချင်း၏စကားက ရှောင်ယောင့်ကိုအထင်သေးသည့်ပုံစံပေါက်သော်လည်း သူမ၏နှုတ်ခမ်းထက်၌ လှပသည့်အပြုံးလေးတစ်ခုရှိနေသည်။

&&&&

××××ရှောင်လင်ကျောင်းမှသိုင်းဗေဒါ ဒုတိယတွဲ ပြီးပါပြီ ။ တတိယတွဲကို ဆက်လက်စောင့်မျှော်ကြပါရန် ။ ×××

All Chapters