ကျိယွမ်
Vol. 1 Ch. 1
ရှန်ကွမ်းဂိုဏ်းတော်ကြီးတွင်ဖြစ်သည် ။
မိုးသောက်ခေါင်းလောင်းသံများ ဆက်တိုက်မြည်လာသဖြင့် တပည့်များအားလုံး နိုးထလာ၏ ။ ထို့နောက် လတ်ဆတ်သော ဝိညာဉ်စွမ်းအင်များကို ရှူသွင်း ရှူထုတ်ပြုလုပ်ကာ အားကြိုးမာန်တက် လေ့ကျင့်ကြကုန်သည် ။
ကျောင်းတော်တစ်ခွင်လုံးတွင် နံနက်စောစော ကျင့်ကြံမှုအသံများ ပြန့်နှံ့လျက် သက်ဝင်တက်ကြွမှုနှင့် ပြည့်နေသည် ။
ကျိစယ့် တောင်ထွဋ်ပေါ်တွင် ကျိယွမ်သည် အိပ်ရာပေါ် ၌ လဲလျောင်းနေခဲ့သည် ။ မိုးငောက်ခေါင်းလောင်းသံသည် သူ၏နားအတွင်းသို့ ငှက်ဆိုးထိုးသံတစ်ခုလို ဝင်ရောက်လာသဖြင့် ခြုံစောင်ကိုဆွဲကာ နားကို ပိတ်ပစ်လိုက်သည် ။ ဤအသံဆိုးက သူအမုန်းဆုံးအရာများထဲမှ တစ်ခုဖြစ်လေသည် ။
ထိုအချိန်တွင် သူ၏ သစ်သားကြောင်ရုပ်တုကလည်း မသတီစရာ အသံထွက်လာသည် ။
"အိပ်ယာမှ ထပါ"
"အိပ်ယာမှ ထပါ "
ကျိယွမ်သည် စောင်ခြုံထားလျှက်မှ လက်ဝဲလက်ကို လှုပ်ရမ်းကာ ရုပ်တုကြောင့်၏ ပါးစပ်ထဲသို့ ငါးခြောက်တစ်ကောင်ကို ထည့်လိုက်ရာ ၄င်းအသံက ချက်ချင်းတိတ်ဆိတ်သွားသည် ။
ထို့နောက် သူသည် အနေအထားအနည်းငယ်ပြင်ကာ ကုလားသေကုလားမော ပြန်လည်းအိပ်ပျော်သွားလေ၏ ။
စကားပုံရှိသည်မှာ "နတ်ဘုရားဆိုသည်မှာ အဘယ်သူနည်း ၊ နေမြင့်ချိန်ထိ အိပ်စက်နိုင်သောသူကား နတ်ဘုရားပင် ဖြစ်၏" ဟူသည် ။
နောက်ဆုံးမှာတော့ အချိန်မည်မျှ ကုန်လွန်သွားသည်ကို မည်သူမှ မသိလိုက်ခင်မှာပင် ကျိယွမ် နိုးထလာ၏ ။
သူသည် လေကို ပြင်းပြင်းရှူရှိုက်လိုက်ပြီး စာသံပေသံဖြင့် ချီးမွမ်းလိုက်သည် ။
" ကောင်းလေစွ ကောင်းလေစွ ၊ ဒီကမ္ဘာရဲ့ လေထုက တော်တော်လေး လတ်ဆတ်လှပါပေတယ် "
ကျိယွမ်သည် မူလက ကြယ်ပြာဂြိုဟ်ကြီး၏ များပြားလှသော လူဦးရေများထဲမှ တစ်ယောက်ဖြစ်သည် ။ လွန်ခဲ့သော တစ်နှစ်ခွဲခန့်က သူသည် ဤကမ္ဘာသို့ ဘုမသိဘမသိဖြင့် ဘဝကူးပြောင်းလာခဲ့၏ ။ သူ၏ယခင်ကမ္ဘာနှင့် မတူဘဲ ဤကမ္ဘာတွင် အထူးခြားဆုံးသော သက်ရှိများနှင့် ကျင့်ကြံသူများရှိလေသည် ။
ကံကောင်းထောက်မစွာဖြင့် ကျိယွမ်သည် ရှန်ကွမ်းဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး ကျိစယ်တောင်ထွဋ်၏ တပည့်တစ်ဦးဖြစ်လာကာ ထိုတောင်ထွဋ်၏ တစ်ဦးတည်းသော တပည့်လည်း ဖြစ်သည် ။
မျက်နှာသစ် သွားတိုက်ပြီး အဝတ်အစားများကို ကျကျနန ဝတ်ဆင်ပြီးနောက် ကျိယွမ်သည် သူ၏အိမ်ဝန်းမှ ထွက်ခွာခဲ့သည် ။
မနေ့က သူ၏ဆရာသည် ဘာလုပ်ရမည်ဟူသော ညွှန်ကြားချက်အချို့ကို စာတစ်တန်ပေတစ်တန်ဖြင့် ပို့ဆောင်ခဲ့လေ၏ ။
တောင်ကုန်းတစ်ခု၏ အလယ်တွင် ရပ်နေပြီး နောက် ကျိယွမ်သည် တောင်ထိပ်ဖျားသို့ မျှော်ကြည့်လိုက်သည် ။ မိုးတိမ်များ ဖုံးလွှမ်းနေသော မြင့်မားသော တောင်ထိပ်ဖျားနှင့် တိမ်တိုက်များအတွင်းရှိ နန်းတော်သို့ မျော်ငေးကာ ညည်းညူမိ၏ ။
"ဆရာ့ကို လွမ်းဆွတ်ရဦးမယ် နေ့တစ်နေ့ပါလား "
တောင်ထွဋ်ထိပ်ရှိ တိမ်တိုက်များသည် ခဏအတွင်း လှိုင်းထသွားပြီးနောက် ပြိုကွဲပျက်စီးသွားပြီး ၄င်းတို့မတည်ရှိခဲ့သည်အလား ကင်းစင်သွားသည် ။ သူ၏ဆရာသည် တောင်ထွဋ်ထိပ်တွင်နေထိုင်ပြီး တစ်ဦးတည်းသော တပည့်ဖြစ်သူ ကျိယွမ်အား တောင်ထိပ်သို့ တက်ခွင့်မပြုသည့် ကန့်သတ်ချက်တစ်ခုကို သတ်မှတ်ထားလေသည် ။
တောင်ထွဋ်ထိပ်ရှိ တိမ်တိုက်များ ပြန်လည်စုဝေးပြိုကွဲသည်ကို မမြင်ရသောကြောင့် ကျိယွမ်သည် တိတ်တဆိတ်ခေါင်းခါလျှက် ကျိဆယ်တောင်ထွဋ်ပေါ်မှ ငိုက်စိုက်ငိုက်စိုက်နှင့် ဆင်းသွားသည် ။ တောင်ထွဋ်ပေါ်ရှိ တိမ်တိုက်များ စုဝေးခြင်း ပြိုကွဲခြင်းက တစ်ဦးတည်းသောဆရာနှင့် တစ်ဦးတည်းသော တပည့်တို့အကြား မည်သည့်သင်္ကေတများဖြစ်လေသနည်း ။
ယနေ့သည် ရှန်ကွမ်းဂိုဏ်း၏ တပည့်သစ်များ စုဆောင်းခြင်း အခမ်းအနားဖြစ်သည် ။ သူသည် ကျောင်းတော်၏ တောင်ထွဋ်ငါးခုအနက်မှ တစ်ခုဖြစ်သော ကျိစယ်တောင်ထွဋ်ကိုယ်စား တပည့်သစ်များ စုဆောင်းရန် တာဝန်ရှိသည် ။
ကျိစယ်တောင်ထွဋ်တွင် ညံ့ဖျင်းသော တပည့်တစ်ဦးသာရှိသည် ။ ၄င်းမှာ သူကိုယ်တိုင်ပင် ဖြစ်လေ၏ ။ အခြားတပည့်ဟူ၍ မရှိချေ ။ အခြားတောင်ထွဋ်များက မသင့်တော်ဟု တင်ပြခဲ့သေးသည် ။ သို့ရာတွင် ကျိစယ်တောင်ထွဋ်၏ တောင်ထွဋ်သခင်သည် စွမ်းအားကြီးမားသောကြောင့် ထိုစကားများကို ဖုတ်လေသည့်ငပိ ရှိတယ်မထင် လျစ်လျူရှုခဲ့၏ ။
လက်ရှိမှာတော့ ထိုသို့မဟုတ်တော့ ။ ကျိစယ်တောင်ထွဋ်၏ တောင်ထွဋ်သခင်ပင် ကျိယွမ်နှင့် အဆင်မပြေတော့ပါ ။ ထို့ကြောင့် ဤကဲ့သို့ တပည့်အသစ်များ ထပ်မံစုဆောင်းရန် စီစဉ်လိုက်ရခြင်းပင် ဖြစ်ချေသည် ။
ကျိယွမ်သည် တဖြည်းဖြည်းချင်း တောင်ထွဋ်အောက်သို့ ဆင်းသွားသည် ။ တောင်အောက်ခြေသို့ရောက်သောအခါ ခေတ္တ ရပ်လိုက်၏ ။
သူရောက်နေသောနေရာတွင် ပေပေါင်းများစွာအမြင့်ရှိသော သစ်ပင်ကြီးတစ်ပင်ရှိသည် ။ သူက သစ်ပင်ကြီးအား အထက်မှ အောက်သို့ တဖြည်းဖြည်းကြည့်လာရာ ထူးဆန်းမှုတစ်ခုကို တွေ့လိုက်ရ၏ ။
[၄င်းသည် အနည်းငယ်ထူးခြားသော မြက်ပင် တစ်ပင် ဖြစ်သည် ။ သို့သော် လွန်ခဲ့သော သုံးရက်က အကြီးအကဲ ကူမူနှင့် သာ့ရှန်ဘုရင်မသည် ဤနေရာတွင် လျှို့ဝှက်တွေ့ဆုံခဲ့ကြသည် ။]
သစ်ပင်အောက်တွင် ရပ်နေသော ကျိယွမ်သည် မြေပြင်ပေါ်ရှိ လတ်ဆတ် စိမ်းလန်းသော မြက်ပင်များကို ကြည့်ရှုမိချိန်၌ ထို စကားစုတစ်ခုသည် သူ၏စိတ်ထဲတွင် ပေါ်လာခဲ့ခြင်းပင် ။
ကျိယွမ် အံ့အားသင့်သွားရသည် ။
လွန်ခဲ့သော ရက်အနည်းငယ်က သူ ဤနေရာသို့ ရောက်ရှိလာစဥ်က စကားစု ဤသို့မဟုတ်ချေ ။ ထိုအခါက သူ၏မျက်လုံးများက အောက်ပါအတိုင်း မြင်တွေ့ခဲ့ရသည်-
[၄င်းသည် သာမန်မြက်ပင် တစ်ပင် ဖြစ်သည် ၊ သို့သော် လွန်ခဲ့သော လေးရက်က တောခွေးတစ်ကောင်က သေးနှင့်ပန်းခဲ့သည် ။] ဟူ၏ ။
"ဒီမြက်ပင်က နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းပါလား "
ချီသန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်ပြီးနောက် ကျိယွမ်သည် သူ၏မျက်လုံးများတွင် အခြားသူများ မမြင်နိုင်သော အရာများကို မြင်နိုင်သော ထူးခြားသော စွမ်းရည်တစ်ခုရှိကြောင်း ရှာဖွေတွေ့ရှိခဲ့သည် ။
ဥပမာအားဖြင့် သူက သူ၏ဆရာမှ ပေးသနားသော ကျင့်ကြံရေးပညာရပ်ကို ပထမဆုံးကြည့်ရှုသောအခါ-
"ကျိစယ်မီးတောက်သန့်စင်ခြင်း ပညာရပ် "
[ဤပညာရပ်သည် ကြီးမားသော ချို့ယွင်းချက် ၁,၃၇၁ ခု နှင့် အခြားသော ချို့ယွင်းချက်ငယ်များစွာ ပါရှိသော ကျောက်စိမ်းအဆင့် လေ့ကျင့်ရေး နည်းလမ်း ဖြစ်သည် ။ အမြင့်ဆုံးအဆင့်သို့ လေ့ကျင့်နိုင်လျှင် ကျင့်ကြံသူအား ဖော်ပြ၍မရနိုင်သော စွမ်းအင်အဆင့်သို့ ပြောင်းလဲစေမည် ။]
ထိုအချိန်ကဆိုလျှင် ကျီးယွမ်သည် စာတိုများကို ကြည့်ရှုပြီး ကမ္ဘာပျက်မတတ် တုန်လှုပ်သွားခဲ့သည် ။ ထို့နောက် သူ့ကိုယ်သူ မသင်္ကာသဖြင့် အခြားသော လေ့ကျင့်ရေး နည်းလမ်းများကို စစ်ဆေးကြည့်ရှုမိလေ၏ ။ သို့သော် အလားတူပြဿနာများရှိနေကြောင်း စာတိုများက အသိပေးခဲ့သည် ။
"အမြင့်ဆုံးအဆင့်ထိ ကျင့်နိုင်လျှင် ဟုတ်လား "
" စွမ်းအင်အဆင့်ပြောင်းလဲသွားမှာ တဲ့လား "
ထိုအဆင့်များက ကျိယွမ်ကဲ့သို့သော ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံတစ်ဦးအနေဖြင့် ကြိုတင် စိုးရိမ်သင့်သော အရာများတော့ ဟုတ်မနေပေ ။ အမြင့်ဆုံးအဆင့်ထိ လေ့ကျင့်ရန် ဆိုသည်မှာ လွယ်ကူသောကိစ္စမဟုတ်သောကြောင့်ဖြစ်သည် ။
သို့ရာတွင် သူ၏လေ့ကျင့်မှုက ချီသန့်စင်ခြင်းအဆင့်တွင် ပိတ်မိနေခြင်းမှာ အလွန်ကြာမြင့်လေပြီ ။
သူ၏အသိပညာဗဟုသုများအရ ချီအဆင့်ကိုသာ ချိုးဖြတ်နိုင်ပါက စွမ်းအင်အဆင့်ထိရောက်ရှိကာ သူ၏အဆင့်အတန်းကို တိုးတက်သွားစေမည်ဟု သဘောပေါက်ထားသည် ။ ထို့ကြောင့် ကျီးယွမ်သည် ထိုရည်မှန်းချက်အတွက် သင့်လျော်သော ကျင့်ကြံနည်းလမ်းကို ကြိုးစား ရှာဖွေနေခဲ့ခြင်းဖြစ်သည် ။
-----
ကျောင်းတော်၏ အဓိကခန်းမတွင် ကောင်းကင်မှအလင်းတန်းများက နေရာအနှံ့သို့ ဖြာထွက်နေသည် ။
ဆံပင်အဖြူရောင်ရှိသော ကန်းပုလွီ သည် ယပ်တောင်တစ်ချောင်းကို ဟန်ပါပါ ကိုင်လျှက် လေထဲတွင် ခမ်းနားစွာထိုင်နေသည် ။
သူ၏နောက်တွင် အခြားတောင်ထွဋ်များမှ စီနီယာတပည့်ကြီးများ မတ်တတ်ရပ်လျက် ရှိနေ၏ ။
ကန်းပုလွီကအမူအယာက အောက်တွင်ရှိနေသော ရာနှင့်ချီသည့် တပည့်သစ်များကို ကြည့်ရှုကာ ကျေနပ်အားရနေသော အကြီးအကဲ၏ ပုံစံမျိုးကို ပြသနေသည် ။
သူက တစ်စုံတစ်ခုကို သတိရသွားပြီး အနီးရှိစီနီယာတပည့်ကြီးများကို မေးမြန်းမိသည် ။
"ကျိစယ်တောင်ထွဋ်က ဘယ်သူမှ မရောက်သေးဘူးလား "
"ကန်းအစ်ကိုကြီး ၊ ကျိစယ်တောင်ထွဋ်က စီနီယာတပည့်ကြီးရဲ့ အကျင့်စရိုက်ကိုလည်း သိရဲ့သားနဲ့ ..."
ရွှေရောင်ဝတ်စုံဝတ်ထားသော ယောက်ျားတစ်ယောက်က ညင်သာစွာ ပြောလိုက်သည် ။
ထိုစကားကို ကြားရသောအခါ ကန်းပုလွီ တိတ်ဆိတ်သွားလေ၏ ။
ထိုအချိန်မှာပင် "ကျိစယ်တောင်ထွဋ်၏ အကြီးဆုံးစီနီယာတပည့် ကျိယွမ် ရောက်ရှိလာပါပြီ" ဟု တစ်ယောက်က ကြေညာလိုက်သည် ။
ထိုကြေညာချက်သံနှင့်အတူ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားကာ ခါးတွင် ကျောက်စိမ်းတံဆိပ်တပ်ထားသော ကျိယွမ်က လူအားလုံးရှေ့တွင် ပေါ်လာခဲ့သည် ။
ရှန်ကွမ်းဂိုဏ်း၏ တပည့်ဟောင်းများနှင့် တပည့်သစ်များသည် ကျိယွမ်ကို မတူညီသော ပုံစံများဖြင့် ကြည့်ရှု ဝေဖန်ကြလေ၏ ။
"စီနီယာအစ်ကိုကြီးကျိယွမ် တောင်ထွဋ်ပေါ်က ဆင်းလာလိမ့်မယ်လို့ ထင်မထားမိဘူး"
"သူသည် ကောလာဟလတွေထဲကထက်တောင် ပိုပြီး ချောမောခန့်ညားနေတာပဲ "
"ဒီလို ချောမောခန့်ညားတဲ့သူက ဘာလို့များဝမ်းနည်းစရာ ..."
ဂိုဏ်းသူတစ်ဦးက စကားဆုံးအောင်ပင် မပြောနိုင်ပဲ ကျိယွမ်အား သနားသောအကြည့်များဖြင့် ကြည့်နေ၏ ။
အခြားမိန်းမပျိုများက သိချင်သွားကြသည် ။
"သူက ဘာဖြစ်နေလို့လဲ "
"သူ့ရဲ့ လုပ်ပုံကိုင်ပုံတွေက ထူးဆန်းပြီး စိတ်ပိုင်းဆိုင်ရာမှာ နည်းနည်း ပြဿနာ ရှိနေတာလေ "
"ဟုတ်ရဲ့လားဟယ် ၊ ဒီလောက်ချောမောနေတာကို "
"ရူးနေတာတော့ မဟုတ်ပါဘူး။ သူရဲ့ကျငိ့ကြံမှုက အခြားသူတွေနဲ့ ကွဲပြားနေတာ ။ သူက 'ဥပါဒါန်' သွေးမျိုးဆက်ရှိတယ်တဲ့ ။ ဒီသွေးမျိုးဆက်ပိုင်ရှင် ကျင့်ကြံသူတွေက ထူးခြားတဲ့အကျင့်တွေ ရှိတယ်လေ"
"ကျင့်ကြံခြင်းလောကထဲက စိတ်ဝေဒနာရှင်ပဲ ၊ သူ့ကို သွားပြီးမနှောင့်ယှက်တာ ပိုကောင်းမယ် "
"သူသည် နည်းနည်း ရူးသွပ်တယ် ထင်ရပေမဲ့ ကျင့်ကြံခြင်းမှာတော့ ပါရမီရှင်တစ်ယောက်ပဲ ။ စီနီယာအစ်ကို အစ်မတွေတောင် ကျင့်ကြံခြင်းမှာ အခက်တွေ့ရင် သူ့ဆီက အကြံဉာဏ်တောင်းရတယ် "
အောက်တွင်ရှိနေသော ဂိုဏ်းတပည့်များက အချင်းချင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြပြီး အားလုံးက ကျိယွမ်ကို ထူးဆန်းသော သတ္တဝါတစ်ကောင်အလား ကြည့်ရှုကြလေသည် ။
ချန်းလန်လောကတွင် သွား၍ မနှောင့်ယှက်သင့်သော လူသုံးမျိုးရှိသည် ။
ပထမလူက သမားတော်များဖြစ်၏ ။ ဒုတိယလူက ဓားကျင့်ကြံသူဖြစ်ကာ တတိယကတော့ ဥပါဒါန်သွေးမျိုးဆက် ကျင့်ကြံသူများဖြစ်၏ ။
သမားတော်များသည် ဒဏ်ရာများကို ကုသရန် ဆေးကုသမှုစွမ်းရည်များ ပိုင်ဆိုင်ထားသည် ။ ကျင့်ကြံသူများက အချိန်မရွေး ဒဏ်ရာရနိုင်သောကြောင့် အမြန်ဆုံးသက်သာပြောင်းကင်းစေရန် ၄င်းတို့၏စွမ်းရည်များကို လိုအပ်လေ၏ ။ ထို့အပြင် သမားတော်များသည် သေစေနိုင်သော အဆိပ်များနှင့် ဆေးပြားများ ပြုလုပ်ရာတွင် ကျွမ်းကျင်ပြီး တိတ်တဆိတ် သတ်ဖြတ်တတ်သည် ။ ထို့ကြောင့်သူတို့နှင့် ပြဿနာမတတ်သင့် ။
ဓားကျင့်ကြံသူများသည် ၎င်းတို့၏ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်ရည် နှင့် အညှာအတာ မရှိ သတ်ဖြတ်မှုကြောင့် ၎င်းတို့ကိုလည်း ရှောင်ကြဉ်သင့်ပြန်သည် ။
ဥပါဒါန်သွေးမျိုးဆကိကျင့်ကြံသူများမှာလည်း သိသိသာသာ ထူးဆန်း၏ ။ သူတို့သည် တစ်စုံတရာကို အလွန်အမင်းစွဲလမ်းနေတတ်ကြသည် ။ ၄င်းတို့ စွဲလမ်းမိသော အရာမှာပုံသေမရှိချေ ။ ဓားတစ်ချောင်းလည်း ဖြစ်နိုင်၏ ၊ ပန်းတစ်ပွင့် သို့မဟုတ် လူတစ်ယောက်ပင် ဖြစ်နေနိုင်ပြီး ထိုအရာများနှင့် ပတ်သက်ကာ အချိန်မရွေး စိတ်ဖောက်ပြန်နိုင်သဖြင့် ရှောင်ကျဥ်သင့်လေ၏ ။
ကျိယွမ်သည်လည်း ဥပါဒါန်သွေးမျိုးဆက်ပိုင်ဆိုင်သူ ဖြစ်သည် ။
"ဂိုဏ်းတူညီလေး ကျိယွမ် ၊မင်းနည်းနည်းနောက်ကျတယ်နော်"
ကန်းပုလွီ က ညင်သာစွာ ပြောဆိုလိုက်သည် ။
"မနေ့က ငါ ညနက်မှ အိပ်ရာဝင်လို့လေ " ကျီးယွမ်ကတော့ မညင်သာပါ ။ သူက ဒေါသပင်ထွက်သွားဟန် ရှိ၏ ။
အခြားတောင်ထွဋ်များမှ စီနီယာတပည့်ကြီးများကတော့ စကားမပြောဘဲ တိတ်ဆိတ်နေကြသည် ။
ကန်းပုလွီ က "ကဲ -- လူအားလုံး စုံသွားပြီဆိုတော့ တပည့်သစ်များ စုဆောင်းခြင်းအခမ်းအနားကို စလိုက်ကြရအောင် " စတင်လိုက်သည် ။
စတုရန်းပုံစံကွင်းပြင်ကျယ်သည် ဝင်ခွင့်စာမေးပွဲကို ဖြတ်ကျော်နိုင်ခဲ့သော တပည့်သစ်များဖြင့် ပြည့်နှက်နေ၏ ။ တောင်ထွဋ်တစ်ခုစီမှ အကြီးဆုံးစီနီယာများက ၎င်းတို့၏တောင်ထွဋ်များအတွက် တပည့်သစ်များကို ရွေးချယ်ရန် တာဝန်ရှိသည် ။
ကန်းပုလွီက ရှေ့သို့တက်လာပြီး ရာနှင့်ချီသော တပည့်သစ်များကို ကြည့်လိုက်၏ ။
"ရှန်ကွမ်းဂိုဏ်းကြီးက သာ့ရှန်နိုင်ငံတော်ရဲ့ အဓိက လေ့ကျင့်ရေးကျောင်းတော်ကြီး သုံးခုထဲက တစ်ခုပဲ"
"စမ်းသပ်မှုတွေကို ဖြတ်ကျော်နိုင်ခဲ့တဲ့ မင်းတို့အားလုံးကို ဂုဏ်ပြုပါတယ် ။ အခုက စပြီး မင်းတို့က ရှန်ကွမ်းဂိုဏ်းကြီးရဲ့ တပည့်တွေပဲ "
သူ၏စကားကို ကြားရသောအခါ ရာနှင့်ချီသော နုပျိုသော တပည့်အသစ်များအားလုံး ပြင်းထန်စွာ စိတ်လှုပ်ရှားကုန်သည် ။ ရှတ်ကွမ်းဂိုဏ်းကြီးသည် သာ့ရှန်နိုင်ငံတော်၏ အစွမ်းထက်ဆုံး လေ့ကျင့်ရေးကျောင်းတော်ကြီးများအနက်မှ တစ်ခုဖြစ်သည် ။ ကျောင်းတော်သို့ ဝင်ရောက်နိုင်ခြင်းသည် မြင့်မြတ်သောပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်ဟု ဆိုနိုင်၏ ။
ကန်းပုလွီသည် တပည့်အသစ်များ၏ ပြင်းထန်သော တုံ့ပြန်မှုများကို ကျေနပ်နေသည် ။
"ရှန်ကွမ်းဂိုဏ်းမှာ တောင်ထွဋ်ငါးခု ရှိတယ် ။ မင်းတို့ ဝင်ရောက်ချင်တဲ့ တစ်ခုကို ရွေးချယ်နိုင်တယ် "
"သူက ကောင်းကင်ဘုံဆေးဝါးတောင်ထွဋ်ရဲ့ အကြီးဆုံးတပည့် ကျူးမြောင် "
"သူက အသင်္ချေနိယာမတောင်ထွဋ်ရဲ့ အကြီးဆုံးတပည့် စူးရီရီး "
"သူက ကျိစယ်တောင်ထွဋ်က အကြီးဆုံးတပည့် ကျိယွမ် "
"ဒါက တိုက်ခိုက်ရေးတောင်ထွဋ်ရဲ့ အကြီးဆုံတပည့် ဖန်းဇီ လို့ခေါ်တယ် "
"ငါကတော့ ရောင်ခြည်ငါးပါးတောင်ထွဋ်သခင်ရဲ့ နောက်ဆုံးတပည့်၊ ရှန်ကွမ်းဂိုဏ်းသခင်ရဲ့ သမက်တော်၊ ရောင်ခြည်ငါးပါးသင်တန်းကျောင်းရဲ့ဆရာကြီး ၊ သူရိန် စက်ဝန်း သိုင်းပညာရပ်တီထွင်သူ ၊ ရောင်ခြည်ငါးပါးတောင်ထွဋ်ရဲ့ အကြီးဆုံးသားတပည့် ကန်းပုလွီ ပဲ "
ကန်းပုလွီက ထိုစကားများကိုပြောနေစဉ် အရောင်ငါးမျိုးပါသော ကောင်းကင်ဘုံအလင်းတန်းတစ်ခုကို သူ၏ခေါင်းပေါ်တွင် မသိမသာဖန်တီးလိုက်၏ ။ ၄င်းအလင်းတန်းများက သူ့ကို အလွန်အထင်ကြီးစေပြီး ပို၍ ပို၍ပင် ထင်ရှားစေမည်ဟု တွေးကာ ပီတိဖြစ်နေတော့သည် ။
အမှန်တကယ်မှာလည်း ကန်းပုလွီသည် ရောင်ခြည်ငါးပါးတောင်ထွဋ်သည် အခြားသူများထက်သာလွန်သည်ဟု ခံယူထားသော အကြွားတစ်လိုင်းကျင့်ကြံသူကြီး ဖြစ်လေသည် ။
--------