ကျိယွမ်၏ စွဲလမ်းမှု
Vol. 1 Ch. 4
ကျန်းလင်းစု သည် နေရာမှာပင် ရပ်နေမိ၏ ။ ၊ သူမ၏နားကို မယုံနိုင်သလို ဖြစ်နေသည်။
သူမက မည်သူနည်း ။ ... ဂုဏ်သရေရှိမိသားစုကြီး၏ အချစ်တော် မိန်းပျိုလေးတစ်ဦးလေ ။
ငါနေဖို့အိမ်ကို ငါ့ကိုယ်တိုင်ဆောက်စရာလား ။
ထို့အပြင် အိမ်က ကောက်ရိုးအိမ်ကလေးတစ်လုံးဖြစ်နေပြန်သည် ။
ထိုသို့သော နိမ့်ကျသည့်အရာတစ်ခုအတွက်
သူမ၏ မြင့်မြတ်သော မန္တာန်များကို သုံးရမည်လား ။
သူမသည် ကျိယွမ်အား တစ်ခုခု ပြောလိုက်ချင်နေသည် ။
ကံမကောင်းစွာဖြင့် ကျိယွမ်မှာ သူမ၏ မျက်နှာအမူအရာကို သတိထားမိပုံပင် မရချေ ။
သူက ကောင်းကင်ပေါ်မှ မိုးတိမ်များကို ငေးကြည့်ကာ "နင် မြန်မြန်ဆောက်ရင်ကောင်းလိမ့်မယ် ၊ ဒီည မိုးရွာဖို့ရှိတယ်" ဟု ပြောလိုက်သည် ။
ကျန်းလင်းစုမှာ ဘာပြန်ပြောရမှန်းမသိလောက်အောင်ဖြစ်သွားသည် ။
သူမက မျက်တောင်ရှည်များကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်၏ ။
"ဆရာတူအစ်ကိုကြီး၊ ကျွန်မ အချိန်မီ မဆောက်နိုင်ခဲ့ရင်ရော"
ထိုစကား၏နောက်ကွယ်တွင် ဖုံးကွယ်ထားသော အဓိပ္ပါယ်တစ်ခုပါနေသည် ။ ၄င်းမှာ " အစ်ကိုကြီး ကျွန်မကို ကူညီပါ"ဟူ၏ ။
" ငါ့အခန်းထဲမှာခုံအပိုတစ်လုံးရှိတယ်"
ကျိယွမ်က သူမအား စာနာစွာပြောလိုက်သည် ။
"နင် ရွှံ့ပေါ်မှာမအိပ်တတ်ရင်ငှားပြီး ခုံပေါ်မှာ အိပ်လို့ရတယ်"
ကျိယွမ်သည် ကောက်ရိုးအိမ်ထဲသို့ အပူအပင်ကင်းစွာ ဝင်သွားလေသည်။
ကျန်းလင်းစုသည် လက်သီးများကို ကျစ်ကျစ်ဆုပ်ကာ ကျိယွမ်၏ နောက်ကျောကို ကြည့်နေရင်း သူမ၏ဘဝကို စတင်၍ မေးခွန်းထုတ်မိနေသည် ။
ငါဘာလို့ ဒီလောက်ကံဆိုးရတာလဲ ။
နောက်ဆုံးမှာတော့ သူမ၏ကံကြမ္မာကို လက်ခံရန်သာ ဆုံးဖြတ်လိုက်သည် ။
သူမသည် အခြားသူများအား သူမအပေါ် သနားကရုဏာဖြစ်လာစေရန် အတင်းအကျပ် ပြုလုပ်တတ်သည့် အကျင့်မျိုး မရှိပေ ။
မိမိကိစ္စကို မိမိကိုယ်တိုင် ဖြေရှင်းတတ်သည်။
သူမသည်ခြံထဲသို့ဝင်ကာ ကောက်ရိုးများနှင့် သစ်သားတချို့ကို စုဆောင်းပြီး သူမအတွက် အိမ်ကလေးကို စတင်ဆောက်လုပ်ခဲ့သည်။
ထိုအလုပ်များက အလွန်စိတ်တိုစရာကောင်းသော်လည်း ကျန်းလင်းစုသည် သူမဤနေရာသို့ ရောက်ရှိလာရသည့် ရည်ရွယ်ချက်ကို မမေ့ပါ။
သူမ၏အဓိကရည်မှန်းချက်မှာ ကပ်ဘေးမှကယ်တင်ပေးနိုင်သော ထိုမြင့်မြတ်သောပုဂ္ဂိုလ်ကို ရှာဖွေရန်ဖြစ်သည်။
ကျိစယ်တောင်ထွဋ်သခင် ရွမ်ယူချမ်း မှာ အလားအလာအရှိဆုံးတစ်ယောက်ဖြစ်နိုင်သော်လည်း အခြားသူများလည်း ဖြစ်ချင်ဖြစ်နေနိူင်၏ ။
မည်သူသိနိုင်မည်နည်း ။
ရှန်ကွမ်းဂိုဏ်း၏အောက်တွင် အဆင့်မြင့် တားမြစ်စည်းတစ်ခုရှိပြီး ထိုထဲ၌ အလွန်ကြီးမြတ်သော စွမ်းအားရှင်တစ်ဦး ရှိနေခြင်းပင် ဖြစ်နိုင်သည်။
ကျိယွမ်အတွက်မူကား ထိုသူကို သာမန်ဂိုဏ်းတူအစ်ကိုကြီးတစ်ဦးအနေဖြင့် ဆက်ဆံရန် ဆုံးဖြတ်ထားသည်၊ အလွန်ရင်းနှီးခြင်းမရှိသလို သူစိမ်းဆန်ခြင်းလည်း မဟုတ်ဘဲ ကိုယ်ပေါင်းစိတ်ခွာလုပ်ရုံပင် ။
ထက်ကောင်းကင်၌ မိုးတိမ်များ စုဝေးသွားလိုက် လေနှင်ရာပြန့်ကျဲလိုက် ဖြစ်နေစဉ်၊ ကျန်းလင်းစုသည် ကောက်ရိုးအိမ်ဆောက်ရန် ကြိုးစားအားထုတ်နေသည်။
ယခင်က မည်သည့်အရာမှ မရှိခဲ့သော နေရာတွင် ကောက်ရိုးအိမ်ကလေးတစ်လုံး ပေါ်လာသည်။
သူမသည် ယခင်က အိမ်မဆောက်ဖူးသလို ကောက်ရိုးအိမ်၌လည်း မနေဖူးခဲ့သော်လည်း၊ မန္တာန်များကိုတော့ ကျွမ်းကျင်၏ ။
ထို့အပြင် သူမဆီတွင် ရတနာပစ္စည်းများစွာလည်း ရှိနေသည်။
အိမ်က ပြိုလဲမလိုဖြစ်သောအခါ ခိုင်မြဲစေခြင်းအဆောင်စာရွက် ကို အသုံးပြုကာ မပြိုကျအောင် လုပ်ထားသည်။
သူမအိမ်ဆောက်ပြီးသွားသောအခါ အချိန်မှာ အတော်ပင် စောနေသေးသည်။
ကျန်းလင်းစုသည် သူမဆောက်ထားသောအိမ်ကလေးကို ကြည့်ရင်း အလွန်ကျေနပ်နေမိသည် ။
"ဆရာတူအစ်ကိုကြီး။"
သူမသည် ကျီယွမ်၏အိမ်သို့သွားကာ ခေါ်လိုက်သည်။
ဘာပဲဖြစ်ဖြစ်၊ သူမသည် ကျိစယ်တောင်ထွဋ်သို့ ရောက်ရှိလာပြီဖြစ်သည်၊
ထို့ကြောင့် တစ်ချက်ခုတ်နှစ်ချက်ပြတ်အနေဖြင့် ကျိစယ်တောင်ထွဋ်၏ မန္တာန်ပညာရပ်များကို သင်ယူရန် လိုအပ်သည်။
"ဝင်လာခဲ့"
ကျိယွမ်၏ ခွင့်ပြုချက်ရသည်နှင့် ကျန်းလင်းစုက ခပ်မြန်မြတ်ပင် ဝင်သွားလိုက်သည်။
သူမအထဲသို့ရောက်သောအခါ ကျိယွမ်က စတုရန်းပုံ ကျောက်ချပ်ပြားတစ်ခုကို ကိုင်ထားသည်ကို တွေ့ရ၏။
ဤကဲ့သို့သော ကျောက်ချပ်ပြားမျိုးကို သူမယခင်ကတည်းက မြင်ဖူးသည်။
"ဆရာတူအစ်ကိုကြီး၊ ဂိမ်းဆော့နေတာလား" ဟု ကျန်းကျိလင် က မေးလိုက်သည်။
လက်ရှိကျင့်ကြံခြင်းလောကသည် ယခင်ကကဲ့သို့ ပျင်းရိငြီးငွေ့ဖွယ်ရာ မဟုတ်တော့ပါ။
ဖျော်ဖြေရေးများ ပေါများလာသည်။
အဂ္ဂိရတ်လုပ်ငန်းကို လောင်းကစားခြင်း။
ဖျော်ဖြေရေးစံအိမ်များတွင် သီချင်းများ နားထောင်ခြင်း။
ဓားရေးအကများ ရှုစားခြင်းအပြင် ဂိမ်းများလည်း ပေါများလာခဲ့သည်။
ကျိယမ်၏ လက်ထဲတွင်ရှိသော စတုရန်းပုံ ကျောက်ချပ်ပြားသည် ဂိမ်းဆော့ရန် ကျောက်ချပ်ပြားဖြစ်လိမ့်မည်ဟု ထင်ရ၏ ။
ဤကျောက်ချပ်ပြားများတွင် ဂိမ်းအမျိုးအစားမျိုးစုံ သိုလှောင်ထားတတ်သည်။
တိုက်ခိုက်ရေးဂိမ်းများ ၊ မြေအောက်အကျဥ်းခန်းထဲသို့ စွန့်စားဝင်ရောက်ခြင်းဂိမ်းများ ၊ လယ်ယာလုပ်ကိုင်ခြင်း... စသည့်အမျိုးမျိုးသော ဂိမ်းများဖြစ်လေသည် ။
သို့သော်် ဂိမ်းဆော့ရန်ထုတ်လုပ်ထားသော ကျောက်ချပ်ပြားများသည် စျေးမသက်သာပါ။
ထို့ကြောင့် ကျောက်ချပ်ပြားဂိမ်းများ ဝယ်ယူနိုင်သူများသည် ယေဘုယျအားဖြင့် ငွေကြေးချို့တဲ့သူများ မဟုတ်ကြပါ။
ကျိယွမ်သည် ဂိမ်းဆက်ဆော့နေရာမှ ခေါင်းမမော့ဘဲ ဖြေလိုက်သည် ။
"ဟုတ်တယ်"
"ဆရာတူအစ်ကိုကြီးက တစ်နေ့လုံး ဂိမ်းချည်းဆော့နေတာလား"
သူမက ကြိုးစားပမ်းစားအလုပ်လုပ်နေစဉ် ဂိုဏ်းဆူအစ်ကိုကြီးက တစ်နေကုန်ဂိမ်းဆော့နေသည်ကို စဉ်းစားမိသောအခါ အနည်းငယ် မညီမျှသလို ခံစားရသည်။
"ဆရာတူအစ်ကိုကြီးက မကျင့်ကြံဘူးလား ၊ ကျွန်မသာ မမှားရင် အစ်ကိုကြီးက ချီသန့်စင်ခြင်းထိပ်ဆုံးအဆင့်ကို ရောက်နေပြီ ၊ အခြေခံတည်အဆင့်ကိုတက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်
"ငါလား ကျင့်ကြံနေတယ်လေ "
ကျိယွမ်က ထိုမျှသာပြောကာ ဂိမ်းထဲသို့ အာရုံအပြည့်စိုက်ထား၏ ။
ကျန်းလင်းစု အနည်းမကျေမနပ်ဖြစ်သွားသည် ။
ကျင့်ကြံနေတာတဲ့လား ၊ ဂိမ်းဆော့နေတာကို ဗြောင်လိမ်နေတယ် ။
ဂိမ်းဆော့ရန်ထုတ်ထားသော ကျောက်ချပ်ပြားအချို့သည် ကျင့်ကြံမှုကို အနည်းငယ် အထောက်အကူပြုနိုင်သော်လည်း၊ ထိုသို့သော ကျောက်ချပ်ပြားများသည် ရှားပါးပြီး အလွန်တန်ဖိုးကြီးလှသည်။
"ဂိမ်းဆော့တာလား "
" ကျင့်ကြံတာလား "
ကျန်းလင်းစု ခဏလောက် စိတ်ရှုပ်ထွေးသွားပြီးနောက် တစ်စုံတစ်ရာ သတိရလာသည်။
"ဆရာတူအစ်ကိုကြီး၊ ရှင်က ဥပါဒါန်သွေးမျိုးဆက်တစ်ယောက်နော်။ တစ်ခုခုကို မစွဲလမ်းဘဲ မနေနိုင်ဘူးမှတ်လား ၊ ရှင့်ရဲ့ စွဲလမ်းမှုက ဘာလဲ။"
ဥပါဒါန်သွေးမျိုးဆက်များ၏ ကျင့်ကြံမှုသည် အခြားသွေးမျိုးဆက်များနှင့် သိသိသာသာ ကွဲပြားသည်။
အခြားသူများသည် မိမိတို့၏ ဝိညာဉ်အမြစ်များနှင့် ကိုက်ညီသော နည်းလမ်းတစ်ခုကို ရှာဖွေပြီး မိမိကိုယ်တိုင် ကျင့်ကြံကြသည်။
ဥပါဒါန်သွေးမျိုးဆက်များက ထိုသို့မဟုတ်ပေ ၊ စွဲလမ်းစရာ တစ်စုံတစ်ခုကို ရှာဖွေရန် လိုအပ်သည်။
ဥပါဒါန် သို့မဟုတ် တစ်စုံတစ်ခုကို စွဲလမ်းခြင်း။
ဥပမာ- ကျောက်မျက်ရတနာ၊ ပန်းများ၊အပင်များ သို့မဟုတ် ဓားများကိုပင် စွဲလမ်းတတ်ကြလေ၏ ။
ကျန်းလင်းစု၏ မိသားစုရှိ ဘိုးဘွားများ၏ အဆိုအရ ဥပါဒါန်သွေးမျိုးဆက်များ၏ ကျင့်ကြံမှုသည် စိတ်ပိုင်းဆိုင်ရာ ခွန်အားကို အဓိကထားသည်။
သူတို့စွဲလမ်းသော အရာဝတ္ထုအပေါ် နက်ရှိုင်းစွာ သစ္စာရှိကြ၏ ။
သို့သော်အလွန်အမင်း စွဲလမ်းမှုကြောင့် သူတို့က ရူးသွပ်မှုနေသူများလို ဖြစ်သွားနိုင်သည်။
ဤအချက်ကြောင့် သူတို့က ပြင်ပလောကနှင့် အနည်းငယ် သဟဇာတမရှိသလို ဖြစ်သွားကြ၏ ။
ထို့ကြောင့် သာမန်ကျင့်ကြံသူများအနေဖြင့် ဥပါဒါန်သွေးမျိုးဆက်ကျင့်ကြံသူများနှင့် ပေါင်းသင်းဆက်ဆံရန် အလွန်ခက်ခဲသည်။
ကျန်းလင်းစု သည် ဥပါဒါန်သွေးမျိုးဆက်အချို့ကို မြင်ဖူးသော်လည်း၊ ဂိမ်းကို စွဲလမ်းသူကိုတော့ မတွေ့ဖူးပါ။
ပုံမှန်အားဖြင့်၊ ဂိမ်းစွဲလမ်းသူများကို ကုသမှုခံယူရန် ပို့ဆောင်ကြပြီး၊ကုသရန် လျှပ်စီးကုထုံးကို အများဆုံးသုံးကြ၏ ။
အမှန်အတိုင်းဆိုရလျှင် ဂိမ်းကိုစွဲလမ်းရန်မှာ ဥပါဒါန်သွေးမျိုးဆက်ရှိဖို့ မလိုပါ ။ သာမန်ကျင့်ကြံသူများသည်လည်း ဂိမ်းစွဲလမ်းမှု ရှိကြ၏ ။ ဂိမ်းကစားခြင်းက လူအများကို စွဲစေသည် ။
ထို့ကြောင့် ဥပါဒါန်သွေးမျိုးဆက်တစ်ဦးအနေဖြင့် ဂိမ်းကိုစွဲခြင်းမှာ သဘာဝမကျပေ ။ ၄င်းတို့က သာမန်ကျင့်ကြံသူများ မစွဲလမ်းနိူင်သော အရာများကိုသာ စွဲလမ်းလေ့ရှိသည် မဟုတ်ပါလား ။
"ဂိမ်းလား ၊ ဒါက ဥပါဒါန်မျိုးဆက်အတွက် စွဲလမ်းမှုလို့ ခေါ်နိူင်လိူ့လား ၊ လူတိုင်းဂိမ်းစွဲနိုင်တယ်လေ "
ကျိယွမ် ကလက်မခံပါ ။
"ငါက စွဲတယ်ဆိုရင် စွဲတယ်ပဲ ၊ ငါဒါကို စွဲလမ်းနေတာပါဆို "
ကျန်းလင်းစု ဘာပြောရမှန်း မသိတော့ပါ။
သူ့၏အစ်ကိုကြီးအတွက် လျှပ်စီးကုထုံးကို အကြံပြုသင့်သလား။
ဂိမ်းစွဲသူများအတွက် မည်သို့ အနာဂတ်ရှိနိုင်မည်နည်း ။
"ဆရာတူအစ်ကိုကြီး၊ ဒါက နည်းနည်းတော့ မယုံနိုင်စရာမကောင်းဘူးလား။ ဂိမ်းစွဲလမ်းပြီး မြင့်မြတ်တဲ့ထိပ်တန်းပညာရှင်ဖြစ်လာတဲ့သူကို ကျွန်မမြင်လည်းမမြင်ဖူးသလို ကြားလည်းမကြားဖူးဘူး"
ဥပါဒါန်သွေးမျိုးဆက်ကျင့်ကြံသူများသည် စွဲလမ်းသော အရာဝတ္ထု၏ အဆင့်ကိုလိုက်၍ ၄င်းတို့၏ အနာဂတ်အလားအလာသည် ကွဲပြားသည်။
ဥပမာ- နှစ်တစ်ထောင် နဂါးသွေးသစ်ပင်အား စွဲလမ်းသူက သာမန်သစ်ပင်တစ်ပင်ကို စွဲလမ်းသူထက် အနာဂတ်ပိုကောင်းသည်၊
ထိုအတူ ကောင်းကင်ဘုံသစ်နက်ပင်ကို စွဲလမ်းသူ၏ အနာဂတ်က နှစ်တစ်ထောင် သွေးနဂါးသစ်ပင်ကို စွဲလမ်းသူထက် စွမ်းအားပိုကြီးပြန်သည်။
ဂိမ်းကိုစွဲလမ်းသူကား .. မည်သို့သော အနာဂတ်အလားအလာရှိမည်နည်း ။
"ခေတ်သစ်က သမိူင်းအသစ်တွေကို ဖန်တီးလိမ့်မယ် "
ကျိယွမ်က ကျန်းလင်းစုကို ကြည့်ရင်း နားလည်ရန်ခက်ခဲသော စကားကိုပြောလိုက်သည်။
အမှန်က သူသည် ဤဂိမ်းကျောက်ချပ်ပြားကို ယခုကမ္ဘာသို့ မကူးပြောင်းမီက ရရှိခဲ့သည်။
အားလုံး၏ အမြင်တွင် ထိုအရာက ဂိမ်းဆော့ရန် ကိရိယာတစ်ခုနှင့် တူသည်။
သို့သော် ဤကိရိယာသည် လူမသိသူမသိ ထူးခြားနေပြီး မမြင်နိုင်သော ကွန်ရက်တစ်ခုနှင့် ချိတ်ဆက်ထားဟန်ရှိသည်။
ကျိယွမ် ဤကမ္ဘာသို့ ကူးပြောင်းလာခြင်းမှာလည်း ဤဂိမ်းကျောက်ချပ်ပြားကြောင့် ဖြစ်၏ ။
ကျိယွမ်ပိုင်ထားသော သက်ရှိ သက်မဲ့များ၏ အချက်အလက်များကို မြင်နိုင်သည့်စွမ်းရည်သည် ဤကျောက်ချပ်ပြားကြောင့် ရလာခြင်းပင် ။
ထိုအရာက ထူးဆန်းနေသောကြောင့် ဤကမ္ဘာရှိ ဂိမ်းကျောက်ချပ်ပြားများစွာနှင့် နှိုင်းယှဥ်လေ့လာကြည့်ခဲ့ဖူးသည် ။ အပြင်ဘက် ပုံသဏ္ဍာန်တူသော်လည်း အတွင်းဘက်ရှိ လုပ်ဆောင်မှုစွမ်းရည်က အလွန်ကွာခြားနေသည်ကို တွေ့ခဲ့ရ၏ ။
ကျန်းလင်းစုတစ်ယောက် ပြောစရာစကားများပင် ပျောက်ဆုံးသွားရသည် ။
သူမလာခဲ့ရသည့် ရည်ရွယ်ချက်ကို ချက်ချင်းသတိပြန်ရလိုက်၍သာ တော်တော့သည် ။
"ဆရာတူအစ်ကိုကြီး၊ ကျိစယ်တောင်ထွတ်ရဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေကို နည်းနည်းပြောပြပေးလို့ရမလား ။"
ယခုအခါမှာတော့ ကျိယွမ်က ကျန်းလင်းစုကို သေသေချာချာ အာရုံစိုက်၍ ဖြေလိုက်သည် ။
"ကျိစယ်တောင်ထွတ်ရဲ့ နည်းစနစ်တွေက ကျင့်ကြံလို့မရဘူး "
"ဘာလို့လဲ "
ကျန်းလင်းစု၏မျက်လုံးလေးများက စိတ်ဝင်စားမှုကြောင့် လက်သွား၏ ။
ဆရာတူအစ်ကိုကြီးက လျှို့ဝှက်ချက်တစ်ခုခုကိုများ သိထားသလား။
လျို့ဝှက်ချက်က တောင်ထွတ်သခင်မနဲ့ ပတ်သက်နေမလား မသိဘူး ။
"နည်းစနစ်တွေက အမှားတွေပဲ "
"ဖူး..."
ကျန်းလင်းစု၏ ပါးစပ်ထဲတွင် ရေရှိခဲ့လျှင် ထွေးထုတ်မိမည်ဖြစ်သည်။
ကျိယွမ်သည် ပြောရဆိုရခက်ခဲသော အရူးတစ်ယောက်နှင့် တကယ်ပင်တူနေသဖြင့် သူမခမျာ ဘာဆက်ပြောရမလဲပင် မသိတော့ပါ ။
သို့သော် ဤနေရာသို့မလာမှီ ကြိုတင်စုံစမ်းခဲ့သော အချက်အလက်များကို ပြန်သတိရမိသောအခါ ကျိစယ်တောင်ထွတ်ရှိ တစ်ဦးတည်းသောတပည့်သည် ပုံမှန်မဟုတ်ဟူသော ဂုဏ်သတင်းရှိကြောင်းကို ပြန်သတိရလိုက်သည်။
ကျန်းလင်းစု သူမ၏အာရုံကို ပြန်စုစည်းနိုင်သွား၏ ။ သူမက ထပ်မံတောင်းဆိုလိုက်သည် ။
"ဆရာတူအစ်ကိုကြီး၊ ကျွန်မ အဆင်ပြေပါတယ် ။ ကျေးဇူးပြုပြီးတော့ နည်းစနစ်တွေကို သင်ပေးပါ"
ကျိယွမ်က သူမအား ထူးဆန်းလွန်းသူဟု ကြည့်လိုက်၏ ။
သို့သော် သူက မငြင်းဆိုတော့ပါ ။
ကျောက်ချပ်ပြားတစ်ခုကို ဖြေးညှင်းစွာ ထုတ်ယူကာ ကျန်းလင်းစုထံသို့ ပေးသည်။
"ဒါက ကျိစယ်တောင်ထွတ်ရဲ့ ကျင့်ကြံခြင်းနည်းစနစ်ပဲ ။ ဒါပေမယ့် တစ်ဝက်ပဲရှိတယ်။"
"ပထမပိုင်းက ဂိုဏ်းရဲ့မူရင်းနည်းစနစ်ဖြစ်တယ်။ သိပ်မကြိုက်လို့ နောက်တစ်ပိုင်းကို ငါပြန်ပြင်ထားတာ ၊ ဒါပေမဲ့ မပြည့်စုံသေးဘူး။"
ကျန်းလင်းစုမှာ ကျောက်ပြားအား ယူရမလိုလို ငြင်းရမလိုလို ဖြစ်သွား၏ ။
မကြိုက်လို့ ပြန်ပြင်လိုက်တယ်တဲ့လား ။
လောကမှာ ဒီလိုတပည့်လည်းရှိတယ်ပေါ့ ။
------