← Chapters

ကျိယွမ်၏ အွန်လိုင်းမိတ်ဆွေ

Vol. 1 Ch. 8

ကျိယွမ်၏ အွန်လိုင်းမိတ်ဆွေ

Vol. 1 Ch. 8

ကျိယွမ်သည် ရှန်ကွမ်းဂိုဏ်းအတွင်း မီးဖိုချောင်သုံးဓားကို ကြိုးဖြင့်ဆွဲလျက် အေးအေးဆေးဆေး လျှောက်သွားနေသည် ။ လမ်းတစ်လျှောက် သာယာသောညနေခင်းလေပြေ၌ လွင့်ပျံလာသော ရယ်မြူးသံလေးများနှင့် မိန်းမလှလေးများ၏ချိုမြိန်သော စကားပြောသံများကို ရံဖန်ရံခါ ကြားရသည် ။

မည်မျှသာယာလှပသော ကျင့်ကြံခြင်းကမ္ဘာကြီးဖြစ်လေသနည်း ။

သူက ကောင်းကင်ကို မော့ကြည့်မိသောအခါ မှ အချိန်ကိုသတိရ၏ ။

"တောင်ထွတ်ကို ပြန်ဖို့ အချိန်တန်ပြီပဲ "

အချိန်မှာ အနည်းငယ်စောနေသေးသောကြောင့် ဂိမ်းကစားနိုင်သေးသည် ။

သို့သော်ကျိစယ်တောင်ထွတ်သို့ ပြန်ရောက်သောအခါ ညပိုင်းသို့ ရောက်နေလေပြီ ။ တောင်ထွတ်ပေါ်တွင် ကျောက်စိမ်းဖြူ နန်းတော်ကြီးသည် လခြမ်းကွေးကွေးလေး၏ အလင်းရောင်အောက်တွင် ငြိမ်သက်နေသည် ။ အေးစက်သော လရောင်ခြည်အောက်တွင် ကျတ်သရေရှိသော ပုံရိပ်လေးတစ်ခုသည် ညဉ့်အမှောင်ကို ဖြတ်ကျော်လျှက် ကျိယွမ်အား လှစ်ခနဲ တစ်ချက်ကြည့်ကာ ချက်ချင်းပျောက်ကွယ်သွားလေ၏ ။

ကျိယွမ်သည် တောင်ထိပ်မှ မျက်နှာလွှဲကာ ကျန်းလင်စု ၏ ကောက်ရိုးတဲအိမ်ကလေးကို ငေးကြည့်ကာ "ကမ္ဘာပေါ်မှာသာ ဒီလိုခိုင်မြဲစေခြင်းအဆောင်တွေရှိခဲ့ရင် ငလျင်ဒဏ်ကြောင့် အိမ်တွေ ပြိုကျမှာ မဟုတ်ဘူး " ဟု ညည်းညူလိုက်သည် ။

သူက သက်ပြင်းမောတစ်ခုချပြီးနောက် မီးဖိုချောင်သုံးဓားကို ခေါ်ဆောင်ကာ သူ၏ ခြံကလေးထဲသို့ ဝင်သွားသည် ။

သူသည် ဓားရိုးတွင် ချည်နှောင်ထားသော ကြိုးကို ဖြေပေးလိုက်ပြီး သတိပေးလိုက်၏ ။

"အိမ်မှာ မင်းကို ချည်နှောင်စရာ မလိုတော့ဘူး၊ ဒီနေရာကို ဖျက်ဆီးရင်တော့ မင်းကို အကုန်လုံးက ရိုက်လိမ့်မယ် "

ကျိယွမ်သည် ဓားပေါ်ရှိ အစင်းကြောင်းငယ်များကို ပွတ်သပ်ပေးကာ ဂိမ်း ကမ္ဘာထဲသို့ ဝင်ရောက်ရန် စတင်လိုက်သည် ။

ဂိမ်းထဲသို့ ရောက်သောအခါ ကျိယွမ်သည် ငေးသွားသည် ။

"သူမ အွန်လိုင်းပေါ်ရှိနေတာလား?"

သူသည် ယခင်ဘဝက ဂိမ်းပြားကို ပထမဆုံးအချိန် ရရှိခဲ့စဉ် ၄င်း၏အလုပ်လုပ်ပုံများကို မကျွမ်းသေးပါ ။ထို့ကြောင့် လျှောက်ကလိရင်းမှ မည်သည်ကမည်သို့ဖြစ်သွားသည်ကို မသိလိုက်ဘဲ သူငယ်ချင်းတစ်ယောက်ကို add မိသွားခဲ့၏ ။

ထိုစဥ် သူနေမကောင်းဖြစ်နေချိန်ဖြစ်သည် ။ သူမမှာ သူနေမကောင်းသောအချိန်က ရရှိခဲ့သော တစ်ဦးတည်းသော မိတ်ဆွေလည်းဖြစ်သည် ။ နေမကောင်းဖြစ်ပြီးကတည်းက သူတစ်ယောက်တည်း နေထိုင်ခဲ့ပြီး စကားပြောဟူ၍ တစ်ယောက်တလေမှ မရှိပေ ။

ထိုအခါ ဂိမ်းထဲမှ ထိုသူငယ်ချင်းသည် သူ့အတွက် အဖော်ဖြစ်လာခဲ့သည် ။

သူတို့သည် မကြာခဏလိုလို အကြောင်းအရာမျိုးစုံအကြောင်း စကားစမြည်ပြောဖြစ်ကြသည်၊ အများအားဖြင့်တော့ ကျိယွမ်က သူမ ပြောသည်ကို နားထောင်ပေးရသည် ။

သူမ၏ စကားပြောဆိုပုံက သာမန်လူများနှင့်မတူ ထူးဆန်းပြီး၊ မကြာခဏဆိုသလို "တော်ဝင်သက်တော်စောင့်" နှင့် "အမတ်ချုပ်" စသော သာမန်လူများနှင့် မနီးစပ်သည့် အသုံးအနုန်းများ စကားလုံးများကို ညွှန်းဆိုလေ့ရှိသည် ။ ကျိယွမ်က သူမသည် ချမ်းသာကြွယ်ဝသည့် မိသားစုထံမှ သမီးကြီးတစ်ဦး ဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့သည် ။

သို့သော် ကံမကောင်းစွာပင် ဂိမ်းဗားရှင်းအသစ်ကို မြှင့်တင်ပြီးနောက် သူ၏ မိတ်ဆွေစာရင်းသည် ပျောက်ကွယ်သွားကာ သူမကို နောက်ထပ်မတွေ့ရတော့သည်မှာ ကြာခဲ့ပြီဖြစ်၏ ။

ယခု မိတ်ဆွေစာရင်းထဲတွင် သူမကို ပြန်တွေ့ရသောအခါ သူပျော်ရွှင်သွားသည် ။

ကျိယွမ်က ခေတ္တစဥ်းစားပြီး စာပို့လိုက်သည် ။

"မင်းအဲဒီမှာရှိနေတာလား"

ယခုအခါ သူသည် ကျင့်ကြံခြင်းကမ္ဘာသို့ ကူးပြောင်းလာခဲ့သဖြင့် သူမသည် သူနှင့်တူညီသော ပတ်ဝန်းကျင်တွင် ရှိနေချင်မှရှိနေပေလိမ့်မည် ။ သို့သော် ကမ္ဘာမတူတော့လျှင်ပင် သူတို့က သူငယ်ချင်းများဖြစ်နေဆဲဟုသာ ယူဆထားသည် ။

..................

မြူများသည်လေထုကို လွှမ်းခြုံထား၏ ။ နံရံပေါ်တွင်ရှိသော မင်ရေးပန်းချီသည် အစွန်းအထင်းများဖြင့် စွန်းထင်းနေဟန် ရှိပြီး ရှည်လျားသော အနားကြောင်းအချို့ပင် ပေါ်လွင်နေသည် ။

"ထွက်သွားကြ"

အေးစက်ပြီး ခမ်းနားသောအသံတစ်သံက အမိန့်ပေးလိုက်သည်၊

နန်းတွင်းအစေခံများအားလုံးသည် ခေါင်းငုံ့ပြီး တိတ်ဆိတ်စွာထွက်ခွာသွားကြသည် ။ အားလုံးထွက်ခွာသွားသည်နှင့် နန်းကန်တိုင်းပြည် ဧကရီကျင်းလီ၏ လှပသောမျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုအရိပ်အယောင်များ ထင်ရှားလာ၏ ။

လွန်ခဲ့သော ဆယ်နှစ်က မကောင်းဆိုးဝါးမျိုးနွယ်စုများ တိုင်းပြည်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည် ။ သူမ၏ ခမည်းတော်သည် စစ်တိုက်ရင်း ကျဆုံးသွားခဲ့ပြီး သူမက ခုနှစ်နှစ်သမီးအရွယ်တွင် နန်းကန် နိုင်ငံ၏ ဧကရီဖြစ်လာခဲ့ရသည် ။

ကျယ်ပြန့်ကြီးမားသော အင်ပါယာကြီးတစ်ခုလုံး၏ တာဝန်ကို သူမက အချိန်ပြည့်ထမ်းဆောင်ခဲ့ရ၏ ။

မကောင်းဆိုးဝါးမျိုးနွယ်စုများ၏ ကျူးကျော်မှု၊ ရန်သူနိုင်ငံများ၏ ရန်စမှုနှင့်အတူ သစ္စာဖောက်မှုးမတ်များအကြားတွင် ဆယ်နှစ်လုံးလုံး အသက်နှင့်ရင်းကာ ရုန်းကန်ခဲ့ရပြီးနောက် ယခုအခါတွင် သူမက အင်ပါယာ၏ ဟန်ချက်ညီမှုကို အတန်အသင့် ထိန်းသိမ်းထားနိုင်သော်လည်း သူမ၏ပခုံးပေါ်ရှိ ဖိအားများကတော့ ပိုမိုလေးလံလာသည် ။

အမှားလေးတစ်ခုကပင် သူမ၏သေဆုံးမှုကို ဖြစ်စေနိုင်သည် ။

မကြာသေးမီက စစ်မာတျန်းအမတ်ကြီးသည် အနောက်ဘက်ဟန်တိုင်းပြည်မှပုန်ကန်သူများနှင့် ပူးပေါင်းကာ တိတ်တဆိတ်ကြိုးကိုင်နေခဲ့သဖြင့် သူမ၏အခြေအနေက ပိုမိုဆိုးရွားသွားခဲ့သည် ။ လွန်ခဲ့သော သုံးရက်ကဆိုလျှင် သူမယုံကြည်ရဆုံးဖြစ်သော ဘုရင်အဆင့်ရှိသော ဒေါ်လေးချင်ပင် လုပ်ကြံသူတစ်စု၏ တိုက်ခိုက်ခြင်းကိုခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည် ။

လုပ်ကြံသူများကကောင်းစွာ ကောင်းစွာဖုံးကွယ်ထားသော်လည်း တရားရုံးရှိ လူတိုင်းသည် ၎င်းတို့ကို မည်သူက စေလွှတ်ခဲ့သည်ကို သိရှိကြသည် ။

ရန်သူကိုသိသော်လည်း တုန့်ပြန်ရန်အင်အားမရှိခြင်းသည် သူမအား ခံစားရခက်စေသည် ။

ပန်းချီကားအနီးတွင် ရပ်နေရင်း ကျင်းလီသည် သူမ၏ အဖြူရောင်ခါးသိုင်းကြိုးကို ဖြေလျှော့လိုက်၏ ။ သူမ၏အဝတ်အစားများ လျောကျသွားသောအခါ ပြီးပြည့်စုံသော ကျောက်စိမ်းကဲ့သို့ အပြစ်ကင်းစင်သည့် အသားအရေကို ထုတ်ဖော်ပြသလိုက်သလို ဖြစ်သွားသည် ။ သူမ၏ အသက်ကငယ်ရွယ်သော်လည်း သူမ၏ခန္ဓာကိုယ်သည် အချိုးအစားလှပနေပြီး သိမ်ကျဥ်သောခါးကြောင့် အလှတရားများက ပို၍ပင်ပေါ်လွင်နေ၏ ။

သူမက ရေချိုးကန်ထဲသို့ ဝင်ရောက်လိုက်သည် ။အေးမြသောရေနှင့် ပန်းရနံ့များကို မျက်လုံးများ မှိတ်လျှက် ရှုရှိုက်လိုက်စဥ် ပင်ပန်းနွမ်းနယ်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားသလို ခံစားရ၏ ။

ထိုအချိန်တွင် စားပွဲပေါ်တွင် အနီရောင်အလင်းတစ်ခု မှိတ်တုတ်မှိတ်တုတ်လင်းသည် ။

ကျင်းလီ၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်လာ၏ ။

"ကျိယွမ်လား "

လွန်ခဲ့သော တစ်နှစ်ခန့်က ကျင်းလီသည် ဘဏ္ဍာတိုက်အတွင်းမှ လင်းလုံယွီရှီဟူသော ထူးဆန်းသည့်ကျောက်ပြားချပ်တစ်ခုကို တွေ့ရှိခဲ့ပြီး လေ့လာရန် ယူဆောင်လာခဲ့သည် ။

ထိုကျောက်ချပ်ပြားမှတစ်ဆင့် ကျိယွမ်ဟုခေါ်သော စိတ်ဝင်စားဖွယ်ကောင်းသောလူတစ်ဦးနှင့် တွေ့ဆုံခဲ့သည် ။ သူသည် ထူးဆန်းသောစကားများကို ပြောလေ့ရှိပြီး မကြာခဏဆိုသလို သူမနားမလည်နိုင်သော နည်းလမ်းများကိုလည်း အကြံပြုတတ်သူဖြစ်သည် ။

သူတို့သည် တစ်ဦးကိုတစ်ဦး လုံးဝမသိကြပါ၊ ထို့အပြင် အလွန်ဝေးကွာစွာနေထိုင်ကြသူများ ဖြစ်သောကြောင့် သူမသည် စိတ်ထဲရှိသည်များကို ဖွင့်ဟပြောပြရ၍ လွတ်လပ်မှုရှိသည်ဟု ခံစားရသည် ။

ဧကရီတစ်ပါးအနေဖြင့် သူမသည် အားနည်းချက်ကို အနီးရှိလူများအား မပြသနိုင်ပါ ။

သို့ရာတွင် လွန်ခဲ့သော ခြောက်လက ထိုသူနှင့် ရုတ်တရက် ဆက်သွယ်၍မရတော့သဖြင့် သူမ စိတ်မကောင်းဖြစ်ခဲ့ရသည် ။

ယခု သူ့ကို အွန်လိုင်းပေါ်၌ ပြန်လည်တွေ့ရလေပြီ ။

ကျင်းလီ ပျော်ရွှင်သွားပြီး ချက်ချင်းစာပြန်လိုက်သည် ။

"ကျွန်မ ရှိတယ်လေ "

မက်ဆေ့ပို့ပြီးနောက် ကျင်းလီသည် ခဏစဉ်းစားပြီး "ဒီလောက်ကြာအောင် ဘယ်ရောက်နေခဲ့တာလဲ" ဟုထပ်မံမေးမြန်းလိုက်သည် ။

"ကျွန်တော်တို့အတူတူ သတ္တဝါတွေတိုက်ဖို့ ဖိတ်မလို့ပဲ ၊ ဒါပေမဲ့ ဂိမ်းကမြေပုံပြောင်းသွားတော့ ဘယ်လိုမှ ဆက်သွယ်လို့မရတော့ဘူး"

"အဲဒါက အန္တရာယ်ရှိတဲ့နေရာဖြစ်မှာပဲ၊ ဟုတ်လား"

ကျင်းလီက စိတ်အားထက်သန်လာသည် ။

သူမ၏အမြင်တွင် ကျိယွမ် သည် လွတ်လပ်သော သားရဲအမဲလိုက်သမား ဖြစ်သည် ။ သူမကြာခဏပြောလေ့ရှိသော "ဆန်းကြယ်သားရဲများကို တိုက်ခိုက်ခြင်း" နှင့် "ဂိမ်းမြေပုံ" ဆိုသည့် စကားစုများသည် သားရဲများကို အမဲလိုက်ခြင်းအား ရည်ညွှန်းသည်ဟု ကျင်းလီ သဘောပေါက်ထား၏ ။

"အန္တရာယ်လား ။ မဖြစ်နိုင်ပါဘူး ၊ ဒီသတ္တဝါလေးတွေက ကျွန်တော်တို့အတွက် အတွေ့အကြုံရမှတ်လေးတွေပါပဲ"

ကျင်းလီသည် သူ၏ ရင်းနှီးသောအသံနှင့် တုံ့ပြန်မှုကို ကြားရသောအခါ စိတ်ချမ်းသာသွားသလို ခံစားရသည် ။ ဘာကြောင့်မှန်းမသိသော်လည်း သူတို့စကားပြောသည့်အခါတိုင်း ကျိယွမ် ၏စကားများသည် ထူးဆန်းနေသော်လည်း သူမက စိတ်ငြိမ်းချမ်းမှုကို ခံစားရသည် ။

"ကျွန်တော် သားရဲတွေကို တစ်ယောက်တည်း တိုက်နေရတာ ၆ လလောက်ရှိပြီ ။ ကျွန်တော်တို့ အသင်းဖွဲ့ကြမလား ၊ နှစ်ယောက်ဆို ပိုသက်သာတာပေါ့ ။ ကျွန်တော်တို့နှစ်ယောက်ဆို မကြာခင်မှာ အဆင့် ၁၀၀ ကို ရောက်သွားလိမ့်မယ်"

ကျင်းလီက ခေတ္တစဥ်းစားပြီး ပြန်ဖြေလိုက်သည် ။

"ကျွန်မအိမ်မှာ ကိစ္စလေးတွေရှိနေလို့ အပြင်ထွက်လို့မရဘူး"

"ဂိမ်းကစားဖို့တောင် အချိန်မရှိလောက်တဲ့အထိ အလုပ်များနေတာလား။ ထားစရာမရှိအောင် ကြွယ်ဝနေတဲ့သူဌေးကြီးတွေက ဒီလောက်အလုပ်ကြိုးစားကြတယ်ဆိုရင် ကျွန်တော်တို့ ဆင်းရဲသားတွေက ဘာသွားလုပ်ရတော့မှာလဲ "

ကျိယွမ် ၏ မက်ဆေ့ကြောင့် ကျင်းလီက လှပသောနှုတ်ခမ်းလေးများ ဖွင့်ကာ ရယ်မောမိသွားသည် ။

"ကျွန်တော့်နဲ့အတူ သားရဲတွေတိုက်ဖို့ မကူချင်ဘူးပေါ့ ၊ မြေပုံအသစ်ထဲမှာ သားရဲတွေက အရမ်းများတယ်။ မင်းရဲ့အကူအညီတကယ်လိုနေတာ ၊မိန်းကလေးကျင်း "

သူ၏ပေါ့ပါးသောအသံကို ကြားရသောအခါ ပါးနပ်သောကျင်းလီသည် ကျိယွမ်က အန္တရာယ်ထဲတွင် ရောက်နေခြင်း မဟုတ်ကြောင်း သိရသည် ။

သူမက ပြုံးရယ်ကာ ဖြေလိုက်သည် ။

"အခုအချိန်မှာတော့ မရနိုင်သေးဘူး"

"ဘာလုပ်နေလို့လဲ ၊ ညနက်တဲ့အထိ အလုပ်တွေလုပ်နေတာလား"

"ကျွန်မ..."

ကျင်းလီသည် မက်ဆေ့မပို့မီ ခဏရပ်နားပြီးမှ

"ရေချိုးနေတာ" ဟု ပို့လိုက်သည် ။

ကျိယွမ်၏ ပြန်စာကချက်ချင်းမရောက်လာတော့ပေ ။ ခဏရပ်တန့်သွားသည် ။

"ဒါဆို ရေချိုးပြီးမှ တွေ့ကြမယ်လေ"

ကျင်းလီက မတတ်နိုင်စွာဖြင့် "မရဘူး "ဟု ငြင်းလိုက်ရပြန်သည် ။

ပြီးမှ သူမသည် တစ်ခုခုကို သတိရလိုက်သဖြင့် "ရှင်က ဘယ်မှာလဲ" ဟု မေးလိုက်၏ ။ယနေ့ထိ ကျိယွမ်၏ နေရပ်ကိုသူမ မသိရသေးပါ ။

"ကျွန်တော် အရင်က ရွှမ်းဟွမ်တားမြစ်နယ်မြေမှာ ၊ အခု ရိကွမ်းတားမြစ်နယ်မြေကိုသွားနေတယ်"

လက်ရှိတွင် ကျိယွမ်သည် နောက်မြေပုံသို့သွားရန် ဂိမ်း၏အခြားနေရာသို့ပို့ဆောင်ရေးစနစ် ထဲတွင် ရှိနေသည် ။

"ရွှမ်းဟွမ်တားမြစ်နယ်မြေ နဲ့ ရိကွမ်းတားမြစ်နယ်မြေတွေလား "

ကျင်းလီ ငေးငိုင်သွားခဲ့သည် ။

ထိုနေရာများသည် တားမြစ်ထားသောနေရာများ ထဲမှ ဖြစ်ပြီး ဘုရင်အဆင့် ကျွမ်းကျင်သူများပင် သေဆုံးနိုင်ကာ ဧကရာဇ်အဆင့် ကျွမ်းကျင်သူများ ကျရှုံးနိုင်သည့်နေရာများ ဖြစ်သည် ။ ရွှမ်းဟွမ်ဆိုလျှင် ဧကရာဇ်အဆင့် ကျွမ်းကျင်သူများပင် ဝင်ရောက်၍မရနိုင်ပါ ။

----

All Chapters