← Chapters

ဆရာတူအစ်ကိုကြီးက ကာကွယ်ပေးမှာပေါ့

Vol. 1 Ch. 11

ဆရာတူအစ်ကိုကြီးက ကာကွယ်ပေးမှာပေါ့

Vol. 1 Ch. 11

ကျိယွမ်က သူရောက်နေသောပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏ ။ ထိုအခါ ရိကွမ်းတားမြစ်နယ်မြေအတွင်း၌ ရောင်စုံအဝတ်အစားများ လေထဲမျောလွင့်နေကြသည်ကို တွေ့လိုက်ရသည် ။

"ဒီမကောင်းဆိုးရွားပေါက်စတွေက ဒီဇိုင်းထွင်တာတော့ မဆိုးဘူးပဲ "

ရောင်စုံအဝတ်အစားများထဲတွင် ဝတ်ရုံများ ၊ အပေါ်ထည်လက်တိုများ ၊ဂါဝန်ရှည်များ ၊ စွပ်ကျယ်အင်္ကျီများ ၊ စကပ်တိုလေးများ ၊ ကုတ်အင်္ကျီများ နှင့် ချည်ကြမ်းထည်များ စသည့် ခေတ်ဟောင်းအဝတ်အစားများမှစ၍ ခေတ်သစ်အဝတ်အစားများအထိ စုံလင်စွာပါဝင်နေသည် ။

ထိုအဝတ်အစားများအားလုံးက သက်ရှိများလို လေပေါ်ပျံဝဲနေကြ၏ ။

တားမြစ်နယ်မြေထဲသို့ ကျိယွမ်ခြေချလိုက်သည်နှင့် ၄င်းအဝတ်အစားများက ပျံသန်းခြင်းကို ရပ်တန့်ကာ သူထံသို့ ပြိုင်တူလိုလို လှည့်လာကြ၏ ။

အဝတ်အစားများတွင် ဦးခေါင်းများမရှိသော်လည်း မျက်လုံးထောင်ပေါင်းများစွာက အေးစက်စွာစိုက်ကြည့်လိုက်သလို သူခံစားလိုက်ရသည် ။

"ရင်ဆိုင်ရခက်မဲ့ ကောင်တွေဟ ၊ ပြေးမှ "

ကျိယွမ်က ချက်ချင်းလှည့်ပြေး ခဲ့လေ၏ ။

"

သူက လက်ရှိတွင်အဆင့် ၈၂ ထိရောက်နေပြီဖြစ်ကာ အင်အားကြီးမားနေပြီဖြစ်သော်လည်း ရောင်စုံအဝတ်များက အရေအတွက်များပြားလှ၏ ။ နေရာအနှံ့ဝဲပျံနေကြရာ မည်မျှရှိသည်ကိုပင် ရေတွတ်ခြင်းငှာ မစွမ်းသာအောင်ရှိ၏ ။

အားလုံးကလည်း အဆင့် ၅၀ အောက်တစ်ကောင်မှ မပါပေ ။

အရေးအကြီးဆုံးအချက်က ရွှမ်ဟွမ်နယ်မြေအတွင်းရှိသားရဲများက စွမ်းအားကြီးမားသော်လည်း တစ်ကောာင်ချင်း တိုက်ခိုက်တတ်ကြသည် ။ စည်းလုံးမှုမရှိ ။ ရိကွမ်းအတွင်းမှ သတ္တဝါများက ထိုသို့မဟုတ်ချေ ၊ စွမ်းအားကြီးသလို စစ်တပ်ကြီးတစ်ခုအလား အဖွဲ့လိုက်ဝိုင်းတိုက်ကြ

သည် ။

ကျိယွမ်ကသာ တစ်ခုခုလှုပ်ရှားလိုက်လျှင် ၄င်းတို့က ပျားအုံတစ်ခုလို ဝိုင်းတိုက်ခိုက်မည်မှာ လုံးဝသေချာနေ၏ ။ ဘာလုပ်ရမည်နည်း ။

"လူတွေကငါ့ကိုအရူးလို့ ပြောကြပေမဲ့ ငါကတကယ်မရူးဘူးကွ "

ကျိယွမ်က အားမာန်အပြည့်ကြုံးဝါးပြီးနောက် ရွှေရောင်ဓါးကြီးအား ဆွဲကာ လာလမ်းအတိုင်း မှုံနေအောင် ပြန်ပြေးသွားတော့သည် ။

ရောင်စုံအဝတ်အစားများက ကြောင်တောင်တောင်ဖြင့် ကြည့်ကာကျန်နေခဲ့၏ ။ ၄င်းတို့က ဆက်လက်ပျံသန်းရမည်ကိုပင် မေ့လျောနေကြကုန်၏ ။

ဒီလောက်အရှက်မရှိတဲ့လူသားက ရိကွမ်းတားမြစ်နယ်မြေထဲကို ဘယ်အပေါက်ကများ ခိုးဝင်လာတာလဲ ။

ကျိယွမ်ကတော့ ဖနောင့်နှင့်တင်ပါးတစ်သားတည်းကျအောင် ပြေးသွားကာ ယောင်လို့တောင် နောက်သို့ တစ်ချက်ပြန်မကြည့်ချေ ။

အချိန်ကြာကြာပြေးပြီးသောအခါမှ သူက အမောတကောနှင့် သက်ပျင်းကြီး ချလိုက်၏ ။

"အခုမှပဲ လွတ်တော့တယ် "

သူက ရွှေရောင်ဓါးကြီးကို သုံးကာ ကျင်းတစ်ကျင်းကို အမြန်ဆုံးတူးတော့သည် ။

သာမန်အချိန်များထက် ပို၍နက်သည့်အထိတူး၏ ။

စိတ်ချရသောအနက်သို့ရောက်ပြီဟု ယူဆမိသောအခါ ကျင်းမှထွက်ကာ ခပ်ဝေးဝေးနေရာမှ သစ်လုံးကြီးများနှင့် သစ်ကိုင်းများကို ဓားစွမ်းရည်သုံးကာ ခုတ်ပိုင်းယူလာပြီး ကျင်းပေါ်တွင်အုပ်၏ ။ လောလောဆယ်မြေမဖို့သေးပဲ သူက ကျင်းထဲသိူ့ပြန်ဆင်းပြေးလိုက်၏ ။

သူက ကျင်းထဲတွင် ခေတ္တလှဲကာ အနားယူနေစဥ် ဂိမ်းကျောက်ပြားတွင် ကျင်းလီထံမှမက်ဆေ့ရောက်နေသည်ကို သတိပြုမိလိုက်သည်။

သူကချက်ချင်း စာပြန်ပေးလိုက်သည် ။

"ငါ နင့်ကိုမလိမ်ဘူး ၊ လှေကားယူသွားရင် ရွှမ်းဟွမ်ထဲကို သေချာပေါက်ဝင်လို့ရစေရမယ် ၊ ဘာအန္တရာယ်မှ မရှိဘူး ၊ စိတ်ချ "

ထိုစည်းမျဥ်းကို သူကိုယ်တိုင်ချမှတ်ခဲ့သည်မို့ ပြဿနာတစ်စုံတစ်ခုရှိလာရန် အကြောင်းမရှိပေ ။

အမှန်တကယ်တွင် ကျင်းလီက ရွှမ်းဟွမ်သို့ သွားမည်ဟုပြောသည်ကို တွေ့လိုက်ရသဖြင့် ကျိယွမ်က ရွှမ်းဟွမ်အခြေအနေကို သေသေချာချာ ပြန်စစ်ဆေးခဲ့သည် ။

ဂိမ်းချပ်ပြားတွင် ရွှမ်းဟွမ်တစ်ခုလုံးက သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဟုပင် ဖော်ပြ၏ ။

ဆိုလိုသည်မှာ သူကရွှမ်းဟွမ်၏ပိုင်ရှင်ပင်ဖြစ်လေသည် ။

သူက နောက်ထပ်စာပို့လိုက်သည် ။

"စိတ်မပူနဲ့ ၊ ရဲရဲသာသွားပါ "

ထို့နောက် သူကပြင်ဆင်မှုအနည်းငယ်လုပ်ပြီးနောက် ဂိမ်းထဲကထွက်လိုက်တော့သည်။

----------

ကျိစယ်တောင်ထွတ်တွင် --

ကျိယွမ်က မှိန်ပြပြလင်းနေသော လရောင်အားမော့ကြည့်ကာ ငေးနေမိသည် ။ သူအနည်းငယ် ပင်ပန်းသလို ခံစားနေရ၏ ။

ဂိမ်းကိုအချိန်ကြာမြင့်စွာကစားချင်သည် သူ၏စွမ်းအင်ကို များပြားစွာကုန်စေသည် မဟူတ်ပါလား ။

သူက ကျင်းလီထံ စာပို့လိုက်သည် ။

"ရိကွမ်းတားမြစ်နယ်မြေထဲမှာ ရောင်စုံအဝတ်အစားကောင်တွေ အများကြီးပဲ ၊ နောက်နေ့မှပဲ သူတို့ကို ရှင်းရမယ် ၊ ခုတော့ ကျင်းနက်နက်တူးပြီး ငါ့ကိုယ်ငါမြှုပ်ခဲ့ပြီ ၊ ငါနားဦးမယ် ၊ ကောင်းသောညလေး ဖြစ်ပါစေ "

ထို့နောက် သူကဂိမ်းကျောက်ပြားကို သိမ်းလိုက်၏ ။

ဂိမ်းကျောက်ပြားက သက်ရှိအလားဝဲပျံကာ သူ၏ခန္ဓာကိူယ်နှင့် ပေါင်းစပ်သွားလေသည် ။

တစ်ချိန်တည်းမှာပင် ခမ်းနားသော်လည်း မှောင်မိုက်နေသည့်တစ်နေရာတွင် အိပ်စက်နေသည့် ကျင်းလီ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာ၏ ။

သူမက လင်းလုံယွီဇီကျောက်ပြားကို ကြည့်မိသောအခါ မျက်ဝန်းများတောက်ပသွားပြီး အလွန်ပျော်ရွှင်သွား၏ ။

"ကောင်းပါပြီ ၊ ဂရုစိုက်နော် ၊ ဘေးကင်းအောင်နေ ၊ ကောင်းသော ညလေးပါ "

ထို့နောက်သူမ၏ မျက်နှာလေးက ရှက်ရွံသွားသလို နီရဲသွားကာ စောင်ကိုခေါင်းမြီးခြုံလိုက်မိတော့သည် ။

ထိုအချိနိ၌ အမတ်ချုပ်ကြီးစစ်မာတျန်းကတော့ သူ၏နေရာတွင် မအိပ်သေးဘဲ ရှိသည် ။

သူ၏စားပွဲပေါ်၌ လုပ်လက်စ အစီရင်ခံစာများ အပုံလိုက်ရှိနေသည် ။

ကျင်းလီနှင့်နှိုင်းယှဥ်လျှင် သူကအကျိုးစီးပွားအတွက် ရေကုန်ရေခမ်းကြိုးစားတတ်သော နိုင်ငံရေးမြေခွေးအိုကြီး ပီသလှပေသည် ။

"ဒီနေ့ ဧကရီဘာတွေလုပ်ခဲ့လဲ "

သူက ဖက်လက်စ အစီရင်ခံစာကို ဖြေးညင်းစွာချရင်း မေးလိုက်၏ ။

အမှောင်ရိပ်ထဲတွင် ဖုံးကွယ်နေသော အရိပ်တစ်ခုက ခေါင်းညွှတ်ကာဖြေကြားလိုက်သည် ။

"ဒီနေ့ မွန်းလွဲပိုင်းမှာ အခွန်ဘဏ္ဍာဝန်ကြီးနဲ့ ကပ်ဘေးသင့်ပြည်သူတွေအတွက် ရံပုံငွေကိစ္စ ဆွေးနွေးခဲ့ပါတယ် ၊ ညနေပိုင်းမှာ ချင်ကတော်အိမ်ကို သွားရောက်ခဲ့ပါတယ် ၊ နန်းတော်ကိုပြန်ရောက်တဲ့အခါ အစီရင်ခံစာတွေကို စစ်ဆေးပါတယ် ၊ ဒီလောက်ပါပဲ ၊ ဒါပေမဲ့ ညနက်ချိန်မှာတော့ အစေခံတစ်ယောက်ကို ရွှမ်းဟွမ်တားမြစ်နယ်မြေအကြောင်း စာကြည့်တိုက်မှာ စုံစမ်းခိုင်းပါတယ် "

၁၀ ရက်အတွင်းပြုလုပ်မည့် စီချင်းထိုးပွဲသည် ဧကရီကျင်းလီအတွက် သေရေးရှင်ရေးတမျှ အရေးကြီးကြောင်း စစ်မာတျန်းသိ၏ ။

အကယ်၍ ဧကရီဘက်ကသာရှုံးနိမ့်သွားလျှင် သူမ၏မရေမရာဖြစ်နေသောအခြေအနေသည် လုံးဝပျက်စီးကာ တောင်းဆိုမှုကို လိုက်နာပေးရတော့မည်ဖြစ်သည် ။

ချင်ကတော်မှာ ဒဏ်ရာပြင်းထန်နေပြီး နန်ဖန်းတိုင်းပြည်၏ မင်းဆရာကို အနိုင်ယူရန် မဖြစ်နိုင်တော့ပေ ။

ထို့ကြောင့် ဧကရီက အန္တရာယ်များမှန်း သိသိကြီးနှင့် ရွှမ်းဟွမ်တားမြစ်နယ်မြေသို့စွန့်စားဝင်ရောက်ကာ ရှားပါးသောဆေးဘက်ဝင်အပင်များကို ရှာဖွေချင်နေပုံရသည် ။

စစ်မာတျန်းက ထိုသို့သုံးသပ်ပြီးနောက်

သူက ဧကရီကျင်းလီအပေါ် အလေးအနက်မထားတော့ချေ ။

"ရွှမ်းဟွမ်ကို သွားရင် ၊ ဧကရီအတွက် လမ်းက ဆုံးသွားပြီ ၊ သူမကို စိတ်ပူစရာမလိုတော့ဘူး "

လောလောဆယ်တွင် သူစိတ်အပူရဆုံးမှာ သူနှင့်ပူးပေါင်းထားသော မြောက်ဘက် ဟန်ဘုရင်၏နယ်စား နှင့် ရှေ့တန်းစစ်မြေပြင်မှ ဗိုလ်ချုပ်ကြီး ထျန်းချီ တို့ဖြစ်

လေသည် ။

ထိုကိစ္စနှစ်ခုကို သူအရေးပေါ် ကိုင်တွယ်ရန်လိုအပ်နေ၏ ။

သို့သော် သူကပေါ့ဆတတ်သူမဟုတ်သဖြင့် အရိပ်အစောင့်အား မှာကြားလိုက်သည် ။

"မထင်မှတ်ထားတာတွေ မဖြစ်လာအောင် နောက်ယောင်ခံဖို့ လူနည်းနည်းထည့်ပေးလိုက် "

အစစအရာရာ၌ သတိထားခြင်းသည် အမှားနည်းပြီး ပညာရှိရာကျသည်ဟု သူကခံယူထားလေသည် ။

............

ရင်းနှီးနေသော အသံတစ်ခုက နားထဲသို့ ဝင်လာ၏ ။

ကျိယွမ်က လက်တစ်ဖက်ကိုဝှေ့ယမ်းကာ သစ်သားကြောင်ရုပ်နှိုးစက်ကို ပိတ်လိုက်သည် ။

ယခုတစ်ကြိမ်မှာတော့ သူ၏မျက်လုံးများက ပွင့်လာ၏ ။ သူဆက်အိပ်မနေတော့ပါ ။

"နေဖင်ထိုးနေပြီ "

"ကျိစယ်ထောင်ထွတ်ရဲ့ စီနီယာအစ်ကိုကြီးတစ်ယောက်အနေနဲ့ ဂိုဏ်းတူညီမလေးတစ်ယောက်ရှေ့မှာ ငါက စံပြဖြစ်နေရမယ် ၊ အိပ်ပုတ်ကြီးနေလို့ မသင့်တော်ဘူး "

ပုံမှန်ဆိုလျှင် တောင်ထွတ်အားလုံးရှိတပည့်များ သူတို့၏မနက်ခင်းလေ့ကျင့်ခန်းများလုပ်ပြီးသွားလျှင်ပင် ကျိယွမ်က အိပ်ယာမှမထသေးပါ ။

ကိုယ်လက်သန့်စင်ပြီးသောအခါ ကျိယွမ်က နံနက်ခင်းနေရောင်ခြည်ထဲတွင် ပျင်းရိစွာ ခြေဆန့်လက်ဆန့်ပြုလုပ်နေ၏ ။

သိူ့သော် သူ၏ချောမောခန့်ညားမှုကြောင့် ပျင်းရိစွာလုပ်ဆောင်နေခြင်းကပင် အလွန်ကြည့်ကောင်းနေလေသည် ။

"ဂိုဏ်းတူညီမလေး ၊ မင်္ဂလာနံနက်ခင်းပါ "

သူ၏ခြံဝန်းထဲမှထွက်လာစဥ် အနွေးထည်လေးနှင့်ကျန်းလင်စုအား ကျိယွမ်မြင်လိုက်ရသည် ။

သူက သူမအနီးသို့ မသွားပါ ခပ်လှမ်းလှမ်းမှနေ၍ အကဲခတ်လိုက်၏ ။

သူ၏စိတ်ထဲ၌ ကျန်းလင်စု၏ အချက်အလက်အသစ်များ ပေါ်ထွက်လာသည် ။

[သူမသည် သာမန်မိန်းကလေးတစ်ဦးဖြစ်သည် ။ သူမ၌ များပြားသော တာအိုနည်းစနစ်များ ပိုင်ဆိုင်ထားပြီး အလွန်ကြိုးစားသည် ။ တစ်နေ့တွင်စွမ်အားများ သန်မာလာပြီး ကပ်ဆိုးများကို နှိမ်နှင်းကာလောကကြီးကိုကယ်တင်နိုင်ရန် မျှော်လင့်နေသည် ။ ]

ထိုအချက်များကို မြင်လိုက်ရသောအခါ ကျန်းလင်စုအပေါ်ထားသော သူ၏သဘောထားက အနည်းငယ် မြှင့်တတ်သွားသည် ။

မိန်းမကောင်းလေးပဲ ။ရည်ရွယ်ချက်က စစ်မှန်တယ် ။

ကျန်းလင်စုက ကျိယွမ်အားသေသေချာချာကြည့်ကာ မှတ်ချက်ပြု၏ ။

"ဆရာတူအစ်ကိုကြီး ၊ ဘာလို့အရမ်းအားနည်းနေရတာလဲ ၊ ကြည့်ရတာ အပျော်အပါး အရမ်းလိုက်စားမိထားပုံပဲ "

ကျိယွမ်မျက်လုံးပြူးသွား၏ ။ ဘာကိုအပျော်အပါးလဲ ၊ဘုမသိဘမသိနဲ့ ၊ ဂိမ်းဆော့ရတာ စွမ်းအင်အရမ်းကုန်တယ် ။

လက်ရှိတွင် သူက ချီသန့်စင်ခြင်းထိပ်ဆုံးအဆင့်သာရှိသေးသည် ။ အခြေတည်အဆင့်သို့ မရောက်သေးပေ ။

ထို့ကြောင့် သူ၏စွမ်းအားအခြေအနေအရ ယခုလိုပင်ပန်းနေခြင်းက အဆန်းမဟုတ်ပေ ။

ကံဆိုးသည်မှာ သူအနေနှင့် အခြေတည်အဆင့်သို့တတ်ရောက်ရန် ပစ္စည်းနှစ်မျိုးလိုအပ်နေခြင်းပင် ။

ပထမတစ်မျိုးမှာ သင့်တော်သော ကျင့်ကြံနည်းစနစ်ဖြစ်သည် ။ အခြေတည်အဆင့်သို့တက်ရန် သင့်တော်သော နည်းစနစ်ကို ယခုထိ သူမတွေ့သေးပါ ။

ဒုတိယတစ်ခုကတော့ စိတ်ဝိညာဥ်ပစ္စည်းဖြစ်သည် ။ ထိုအရာလည်း သူ့မှာမရှိသေးပါ ။

ယခုပုံစံအရဆိုလျှင် သင့်တော်သောနည်းစနစ်တစ်ခုကို သူကိုယ်တိုင်ဖန်တီးရုံသာရှိတော့သည် ။

သူ၏ကျင့်ကြံဆင့်က နိမ့်ကျနေသော်လည်း ပြဿနာမရှိပါ ။ သူက အရာအရာတိုင်း၏ ဖုံးကွယ်ထားသောစွမ်းရည်များကို

မြင်နိုင်သည် ။

" နည်းစနစ်တစ်ခုကို ငါ့ဘာသာ စိတ်ထဲရှိရာတွေချရေးလိုက်မယ် ၊ ပြီးမှ ငါ့စွမ်းရည်နဲ့အမှားတွေကို နေ့တိုင်းရှာပြီး ပြင်သွားရင်

ပြည့်စုံတဲ့နည်းစနစ်ရပြီပေါ့ "

ကျိယွမ်သည် ရှန်ကွမ်းဂိုဏ်း၏ နည်းစနစ်တစ်မျိုးတည်းကိုသာ လေ့လာဖူးသည် ။ ထို့ကြောင့် ကိုယ်ပိုင်နည်းစနစ်ဖန်တီးရန် အချက်အလက်က လုံလောက်မှုမရှိဖြစ်နေ၏ ။

သို့သော် ယခုအခါ ကျန်းလင်းစုထံ၌ များပြားသောနည်းစနစ်များ ရှိနေသည်ကို သူသိလိုက်ရသည် ။

ကျိယွမ်က ကျန်းလင်းစုထံသို့ မျက်နှာချကာ ချည်းကပ်သွားလိုက်သည် ။

"ဂိုဏ်းတူညီမလေး နင့်ရဲ့ဂိုဏ်းတူအစ်ကိုကြီးကို ကယ်တင်ပေးဖို့လိုနေပြီ "

ကျန်းလင်းစုက ထိုစကားကြောင့် စိတ်ပူသွားလေသည် ။ သူမထင်ထားသလိုဖြစ်လာခဲ့ပြီဟုတွေးမိ၏ ။

ဆရာတူအစ်ကိုကြီး ကျင့်စဥ်ဖောက်ပြန်ပြီး ဒဏ်ရာရနေတာဖြစ်မယ် ။

ကျိယွမ်က သူ၏စကားက်ုဆက်လိုက်သည် ။

"နင်မှာ ထူးခြားတဲ့ နောက်ခံရှိတာကို ငါသိပါတယ်"

"ပိုက်ဆံချေးချင်လို့လား --"

အတွင်းဒဏ်ကုသဆေးများဝယ်ရန် ပိုက်ဆံချေးမည်ဟု သူမကထင်သွား၏ ။

"မဟုတ်ဘူး ၊ နင့်ဆီက နည်းစနစ်တွေငှားချင်တာ ၊ ဘယ်အဆင့်နေနေ အကုန်ရတယ် ၊ ငါ့ကို တစ်ချက်ကလေးလောက်ပဲ ကြည့်ခွင့်ပေး "

ကျန်းလင်းစုက စိတ်သာရာရသွားပြီး သက်ပြင်းချလိုက်သည် ။

"ဆရာတူအစ်ကိုကြီးက ဘယ်နှစ်ခုလိုချင်တာလဲ "

"များလေကောင်းလေပဲ --"

ကျိယွမ်က တတ်ကြွစွာထပ်ပြော၏ ။

"ရာဂဏန်း ဒါမှမဟုတ် ထောင်ဂဏန်းလည်းရတယ် "

အရေအတွက်များလေ သူ၏နည်းစနစ်က ပညာစုံလေဖြစ်လိမ့်မည် ။

"ဆရာတူအစ်ကိုကြီး ၊ ဒီလောက်အများကြီးကို ဘာလုပ်ဖို့လဲ "

ကျန်းလင်းစုက ကျိယွမ်အား နားမလည်သလို ကြည့်နေ၏ ။

"ငါပြောပြရင်တောင် နင်ယုံမှာမဟုတ်ဘူး ၊ နည်းစနစ်တွေကိုသာ ခဏပေးစမ်းပါ ၊ ငါသာအောင်မြင်သွားရင် နင့်ကို ဒီရှန်ကွမ်းဂိုဏ်းထဲတင်မဟုတ်ဘူး ကန်းလန်ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာပါ ကာကွယ်ပေးမှာ "

ထိုစကားကိုကြားသောအခါ ကျန်းလင်စုက

အားရပါးရရယ်မောလေသည် ။

ငါ့ကို ကာကွယ်မယ်တဲ့လား ။

ငါက သူ့ရဲ့ အကာအကွယ်လိုအပ်လို့လား ။

ကျိယွမ်က သူမထက်အရပ်ရှည်ကာ အနည်းငယ်အသက်ပိုကြီးပုံရသော်လည်း သူမကသာ ဆန္ဒရှိလျှင် သူ့အား လက်တစ်ဖက်တည်းဖြင့်ပင် အနိုင်ယူနိုုင်လိမ့်မည်ဟု ခံစားနေရသည် ။

"နည်းစနစ်အများကြီးကို ဘာလုပ်ဖို့လိုနေတာလဲ ၊ ကျွန်မကို အတည်ပြောပြပါ "

ကျန်းလင်စုက အတည်မေးလိုက်၏ ။

ကျိယွမ်က ဖုံးကွယ်ထားစရာ အကြောင်းမရှိပါ ။

"ငါ့ကိုယ်ပိုင် ကျင့်ကြံနည်းစနစ်ကို ဖန်တီး မလို့လေ "

ဤလောကရှိမည်သူကမျှ သူပြောသော အမှန်တရားကို မယုံကြည်ကြပေ ။ ယခင်ကလည်း ဂိုဏ်းချုပ်သည် သူလျိုတစ်ယောက်ဖြစ်သည်ဟု သူပြောပြခဲ့ဖူးသည် ။ သို့သော် မည်သူကမှ သူ့အားမယုံကြည်ခဲ့ပါ ။

ယခုလည်း ကျန်းလင်းစု အေးခဲသွားလေသည် ။ သူက ကျိယွမ်းအား စိတ်ပျက်သလို ငေးကြည့်နေ၏ ။

ကိုယ်ပိုင်သိုင်းပညာအသစ် ဖန်တီးမလို့တဲ့လား ။

ဆရာတူအစ်ကိုကြီးက တကယ်ကို အကြီးကြီး ကြံရဲပါပေတယ် ။

တကယ်ကို မနိူင်တော့ဘူး ။

သို့သော်လည်း သူမကတစ်စုံတစ်ခုကိုတွေးမိသောအခါ ကျောက်စိမ်းလွှာတစ်ချပ်ကို ထုတ်ပေးလိုက်၏ ။

"ဆရာတူအစ်ကိုကြီး ဒီထဲမှာနည်းစနစ်တွေအများကြီးပါတယ် ၊ အစ်ကိုကြီးကို ငှားလိုက်မယ် "

နှစ်ပေါင်းများစွာကြာသည်အထိ ရွမ်ယူချမ်းသည် ကျိယွမ်တစ်ယောက်တည်းကိုသာ တပည့်အဖြစ်လက်ခံခဲ့သည် ။

ဤအချက်ကပင် ရွမ်ယူချင်းက ကျိယွမ်ကို မည်မျှတန်ဖိုးထားကြောင်း ဖော်ပြနေ၏ ။

ကျန်းလင်းစုအနေဖြင့် ကျိယွမ်နှင့် ဆက်ဆံရေးကောင်းဖို့လို၏ ။

"ကျွန်မက နည်းစနစ်တွေကို ငှားပေးလိုက်ပြီနော် ၊ ဒါပေမဲ့ ဆရာတူအစ်ကိုကြီးက ဂိမ်းစွဲတာကိုရပ်ပြီး ကြိုးစားလေ့ကျင့်သင့်တယ် ၊ ဒါမှ အနာဂတ်မှာ ဒီကညီမလေးကို စောင့်ရှောက်နိူင်ပေါ့ "

"ဂိမ်းဆော့တာကလည်း ကျင့်ကြံနည်းတစ်မျိုးပဲကို "

ကျိယွမ်ကထိုသို့ပြောရင် နည်းစနစ်များပါသော ကျောက်စိမ်းပြားကို ယူလိုက်သည် ။

ကျောက်စိမ်းပြားတွင် ညီမလေး၏ ချွေးနံ့အနည်းငယ်သင်းနေသော်လည်း နည်းစနစ်များ၏ မျက်နှာကြောင့် ထိုအနံ့များက ဆိုးရွားမနေဘဲ မွှေးပျံ့နေသည်ဟုပင် သူက ခံစားမိလေသည် ။

------

All Chapters