← Chapters

အခန်း (၅၀)

Vol. 5 Ch. 50

အခန်း (၅၀)

Vol. 5 Ch. 50

ဆယ်မိနစ်အကြာတွင် ရှချန်းချန်းသည် စောင့်ကြည့်မခံရသော ဂင်ကျာမော်လ်ရှိ လူပါးသည့်နေရာတစ်ခုဖြစ်သည့် လှေကားထစ်သို့ ပြေးသွားခဲ့သည်။

ပထမတွင် နှာခေါင်းစည်းနှင့်နေကာမျက်မှန်တပ်၍ ‌ရုပ်ဖျက်နိုင်ခဲ့သည်။

သို့သော် ရှဲ့အဖွဲ့ ဖန်တီးထားသည့် Skynet စောင့်ကြည့်မှုစနစ်သည် ခန္ဓာကိုယ်ပုံသဏ္ဍာန်၊ လက်အရှည်၊ ခြေထောက်အရှည်နှင့် လမ်းလျှောက်သည့် ကိုယ်ဟန်အနေအထားများအထိ အသိအမှတ်ပြုပေးနိုင်သည်ဟု စနစ်မှ ပြောဆိုခဲ့သည်။

ဤသည်မှာ အရမ်းများလွန်းသည်။ ထိုအရာကို မည်သို့ ရုပ်ဖျက်နိုင်မည်နည်း။

ရှချန်းချန်းသည် ဝတ္ထုထဲတွင် ရှဲ့ကျစ်ရှင်း၏ အမဲလိုက်ခြင်းကို ခံခဲ့ရသော ယဲ့ရှီဝမ်အား ကိုယ်ချင်းစာမိသည်။

မဟုတ်သေးချေ၊ ယခုတွင် သူမသည် အမဲလိုက်ခြင်းကိုခံနေရပြီဖြစ်သည်။

ရှချန်းချန်းသည် လှေကားထစ်သို့ ပြေးသွားခဲ့သည်။ဤနေရာတွင် စောင့်ကြည့်ကိရိယာများ မရှိသည့်အတွက် ရှဲ့ကျစ်ရှင်းသည် သူမအား အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်နိုင်မည်မဟုတ်ချေ။သို့သော် လှေကားထစ်သည် ဒေါင်လိုက်အသွား တစ်ခုသာရှိသောကြောင့် ကုံသန်း နှင့် အခြား‌သော ပါပါရာဇီများ ဖမ်းမိရန် လွယ်ကူသည်။

ရှချန်းချန်းသည် သူမ ပထမထပ်သို့ ဦးတည်နေသည်ကို သတိပြုမိပြီး တံခါးလော့ဖွင့်ပြီးလျှင် သူမသည် နေရာအသစ်(ပထမထပ်)သို့ ရောက်ရှိတော့မည်ဖြစ်သည်။

ရုတ်တရက် ရှချန်းချန်းသည် ကုံသန်း နှင့် အခြားသူများ အပေါ်ထပ်သို့ တက်လာသည့် အသံကို ကြားလိုက်ရသည်။

"သူ လှေကားမှာ ၊သူ့ဆီကို ပြေးလိုက်"

"ဒုတိယထပ်နဲ့ တတိယထပ်က မိသားစုဝင်တွေက လှေကာနားကို လာ၊ ပထမထပ်က မိသားစုဝင်တွေက ပထမထပ်လှေကားမှာ စောင့်နေကြ၊ ဒီတစ်ခါတော့ သူ့ကို အလွတ်မခံနိုင်ဘူး”

သေစမ်း!

အနုပညာသတင်းထောက် မီနာ ဤတစ်ခါ အမှန်တကယ် ကြိုးစားလွန်းလှသည် မဟုတ်လော။

ရှချန်းချန်းသည် သူတို့မလာခင် ထွက်သွားလိုက်ရမှာ ဖြစ်သည်။

သူမသည် လှည့်ကြည့်လိုက်ပြီး ပထမထပ်ရှိ လှေကားတံခါးကို ဖွင့်ရန်သွားလိုက်သည်။ သို့သော် တံခါးသည် သံချေးတက်နေပြီး တွန်းဖွင့်၍မရချေ။

ကုံသန်း နှင့် သူ၏အပေါင်းအပါများဖြစ်သည့် ပါပါရာဇီများသည် အပေါ်ထပ်သို့ တက်လာနေကြပြီဖြစ်ပြီး သူမ၏ရှေ့တွင် ဖွင့်မရသည့် တံခါးတစ်ခုသာရှိသည်။ ရှချန်းချန်းသည် အမိခံလိုက်ရတော့မည်ဟု ခံစားလိုက်ရသည်။

စင်္ကြံရှိ ခြေသံများ နီးကပ်လာသည်နှင့်အမျှ ပါပါရာဇီများသည် ပထမထပ်သို့ အပြေးအလွှား တက်လာသည့်အချိန် ရုတ်တရက် မှောင်နေသောလှေကားထစ်တွင် အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး တွန်းမဖွင့်နိုင်သော တံခါးသည် ပွင့်သွားခဲ့သည်။

ရှချန်းချန်းသည် တုံ့ပြန်ရန် အချိန်မရှိဘဲ စိတ်လှုပ်ရှားစွာဖြင့် ထွက်သာသွားချင်မိသည်။ နောက်တစ်စက္ကန့်တွင် လူတစ်ယောက်သည် သူမကို ဆွဲလိုက်ပြီး လှေကားအောက်ရှိ စွန့်ပစ်ထားသော စာအုပ်စင်နောက်ဘက်၌ ကျဉ်းမြောင်းသည့် နေရာလွတ်တွင် ပုန်းနေခဲ့သည်။

နှစ်ယောက်သားသည် နေရာကြပ်နေခဲ့ပြီး သူတို့၏ရှေ့တွင် အမှောင်ထုသာရှိနေသည်။ လေးလံသော အသက်ရှုသံများသည် ကြား‌နေရပြီး လက်တစ်ဆစ်သာသာ နီးကပ်နေသည်။

အပြင်၌ ကုံသန်းနှင့် အခြားသော ပါပါရာဇီများ၏ အသံများကို ကြားနေရသည်။

"လူကော၊ သူဘယ်ကို ထွက်သွားတာလဲ”

“ပထမထပ် တံခါးတွေအကုန်ပွင့်နေတယ်ဆိုတော့ သူထွက်ပြေးသွားလောက်ပြီ”

“လိုက်၊ ဒါကသတင်းအကြီးစားပဲ၊ ငါတို့သူ့ကို အလွတ်ခံလို့မဖြစ်ဘူး”

“ဟုတ်ပြီ၊ဟုတ်ပြီ၊ ကျွန်တော်တို့ မလွတ်မခံဘူး”

...

ပတ်ဝန်းကျင်ရှိ အသံများ နည်းပါးလျော့ပါးသွားသော်လည်း ပါပါရာဇီများသည် လှည့်ပတ်ကြည့်နေကြဆဲဖြစ်သည်။

သူမ၏ရှေ့ရှိ အမှောင်ထုနှင့် တဖြည်းဖြည်း ရင်းနှီးလာသည်။

ရှချန်းချန်းသည် ခေါင်းကို မော့လိုက်သည့်အခါ သူမ၏ရှေ့တွင် ထိုလူကို တွေ့လိုက်သည်။

သူ၏မျက်လုံးများသည် စူးရှထက်မြက်ပြီး နတ်ဘုရားကဲ့သို့ ချောမောလွန်းလှသော ထိုလူသည် နက်မှောင်သော စင်္ကြံတွင် ကွယ်ဝှက်‌နေသော သူ၏ ပင်ကိုယ်အရှိန်အဝါကို မဖုံးလွှမ်းနိုင်ပေ။

ရှချန်းချန်း၏လည်ချောင်းသည် ဆို့နစ်သွားသည်။ သူမသည် စကားပြောချင်သော်လည်း အသံမထွက်ရဲ‌ချေ။ သူမ၏နှလုံးခုန်မြန်ပြီး အသက်ရှုရပ်သွားတော့မည့်အလား ခံစားနေရသည်။

သူမ၏ရှေ့ရှိလူသည် အေးစက်စက် နက်မှောင်နေသော မျက်လုံးများနှင့်ကြည့်နေပြီး ဤအချိန်မှာတော့ သူသည် ခပ်‌ရေးရေး ပြုံးပြနေသည်။ သူသည် ရှချန်းချန်း၏ မေးစေ့ကို ညင်သာစွာ မော့လိုက်ပြီး ပူနွေးစိုစွတ်သော လေသည် သူမ၏နားထဲသို့ ဝင်ရောက်လာသည်။

“မတွေ့တာကြာပြီနော် မဒမ်"

ရှချန်းချန်း: "..."

ရှချန်းချန်း၏ မျက်လုံးများ မှေးသွားပြီး သူမသည် ငိုချင်‌နေသော်လည်း မျက်ရည် မကျလာ‌ပေ။

ကျွန်မ ရှင့်ကို တကယ်မတွေ့ချင်ဘူးလို့။

အမှောင်ထဲ၌ အမြင်အာရုံများ ပျောက်ဆုံးသွားပြီး တစ်ချိန်တည်းမှာပဲ အခြားအာရုံလေးပါးသည် ပို၍ပြတ်သားလာသည်။

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းအား လင်းယုန်ငှက်သည် သူ၏သား‌ကောင်အားဖမ်းပြီး အလိုကျ ဆော့ကစားခဲ့နိုင်သည်ဟု ထင်ခဲ့သည်။ ထို့အပြင် သူနှင့်နီးကပ်နေသော ကောင်မလေး၏ အသက်ရှုသံ၊ သူ၏နှာခေါင်း၌ လာရောက်ကျီစယ်နေသော မွှေးပျံ့သည့် အမွှေးအကြိုင်ရနံ့များနှင့် သူ၏ရင်ဘတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသော နူးညံ့သည့် ပျော့ပျောင်းမှုများ ထိုအရာအားလုံးသည် သူ၏ခိုင်မာသော ဆင်ခြင်တုံတရားများကို တုန်လှုပ်သွားစေသည်။

နောက်ဆုံးတွေ့ခဲ့သည်မှာ တစ်ရက်ခွဲသာရှိသေးသော်လည်း အချိန်တော်တော်ကြာသွားပုံရသည်။

သူတို့ပြန်ဆုံသည့်အခါ ရှဲ့ကျစ်ရှင်းသည် သူ့အား အကြိမ်ကြိမ် လိမ်ညာခဲ့သည့်အတွက် စိတ်ဆိုးလိမ့်မည်ဟု ထင်ခဲ့မိသည်။

ပိုဆိုးသည်မှာ သူသည် နောက်တစ်ခေါက်ပြန်ဆုံရသည်ကို ပျော်ရွှင်နေသေးသည်။

သူမ၏ နားရွက်များသည် သတိမမူမိစွာဖြင့် နီရဲနေခဲ့ပြီး မှောင်မိုက်‌နေသော စင်္ကြံတွင် သွေးများထွက်လုမတတ် ခံစားချက်များပြင်းထန်နေသည်။

သို့သော် ရှချန်းချန်းသည် သတိမမူမိချေ။ သူမသည် အမှောင်ထဲတွင် ရှဲ့ကျစ်ရှင်း၏ ပခပ်ရေးရေး အသွင်အပြင်ကိုသာ မြင်နိုင်ပြီး သူ၏ ပြင်းထန်သော အသက်ရှုသံများကိုသာ ကြားနေရသည်။

အား၊ သူ့ရဲ့အသက်ရှူသံက အရမ်းပြင်းတယ်။

သူ အရမ်း ဒေါသထွက်နေလောက်တယ် မဟုတ်လား။

သူ သူ့ကိုယ်သူ သတ်သေချင်နေလောက်မယ် မဟုတ်လား။

ထိုသို့တွေးပြီး ရှချန်းချန်း၏ ရင်ထဲတွင် ပို၍ထိတ်လန့်သွားသည်။

"ငြိမ်ငြိမ်နေ"

ရှဲ့ကျစ်ရှင်းသည် တိုးတိုးလေးပြောလိုက်သည်။

“မင်း အပြင်က ပါပါရာဇီတွေနဲ့ တွေ့ချင်နေတာလား"

ဘယ်ဟုတ်ပါမလ။

ရှချန်းချန်း စိတ်ထဲတွင် ညည်းတွားနေမိသည်။ နာမည်ကြီး မင်းသားတစ်ယောက်သည် ထူးဆန်းသည့် အမျိုးသမီးတစ်ယောက်နှင့် လျို့ဝှက်စွာတွေ့ဆုံနေသည်ကို ဖော်ထုတ်ခံရလျှင် ရှဲ့ကျစ်ရှင်း၏ အချစ်တော်ပရိသတ်များသည် သူမကို ဝိုင်းဝန်းပြောဆိုကြပေလိမ့်မည်။

"ဒါပေမဲ့...."

ရှဲ့ကျစ်ရှင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ရှချန်းချန်းအား စိမ်းကားစွာဖြင့် အထက်အောက်စုန်ဆန်ကြည့်လိုက်သည်။

"ငါလည်း မပြောချင်ပါဘူး၊ မင်းက ဖော်ထုတ်ခံရလည်း ဘာမှမဖြစ်ဘူးမလား ဘယ်လိုဖြစ်ဖြစ် မင်းကရုပ်ဖျက်ထားတာပဲလေ၊ ဒီသတင်းကို လိမ်ညာသူများကို ဖော်ထုတ်သူက ဖော်ထုတ်ပြီး လမ်းကြောင်းမရှာနိုင်ရင် သနားစရာပဲ ”

ရှချန်းချန်းသည် ကြက်သွန်ဖြူထောင်းသကဲ့သို့ ချက်ချင်း ခေါင်းညိတ်လိုက်ပြီး

“ဒါပေါ့၊ ဒါပေါ့၊ ဆုံးရှုံးစရာတွေဖြစ်ကုန်မှာပေါ့"

နောက်တစ်စက္ကန့်တွင် သူမသည် အမှောင်ထဲတွင် ပို၍ပင် မှောင်မိုက်လာသော ရှဲ့ကျစ်ရှင်း၏မျက်နှာကို မြင်လိုက်ရသည်။

ရှချန်းချန်း: "..."

မင်းဘယ်လိုတောင်ပြောလိုက်တာလဲ။

ရှချန်းချန်းသည် လျင်မြန်စွာ ပြောသည်

"ကျွန်မရှင်းပြမယ်၊ ရှင်ထင်သလိုမဟုတ်ဘူး"

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏ ရှင်းပြချက်ကို လျစ်လျူရှုပြီး အသံကိုနိမ့်၍ ဆက်မေးသည်။

“ဒါဆို မင်းက မုန့်ရုယန်နဲ့ ရီကျစ်ခိုင် ကြားက ဆက်ဆံရေးကို မဖော်ထုတ်စေချင်ဘူး‌ပေါ့ ဒါကလည်း အစီအစဉ်တစ်ခုပဲလား၊ ပြီးတော့ ပါပါရာဇီတွေ ဒီလောက်အများကြီးရှိတာကို မင်းတစ်ယောက်တည်းပဲ ရချင်တာလား"

ရှချန်းချန်း: "...”

အဲလိုဆိုရင်တောင် သူမ မုန့်ရုယန်ကို ကူညီပေးလို့ မရဘူးလား။

စနစ်သည် စကားဖြတ်ပြောလာသည်။

“မင်းအဲဒါကို အသံကျယ်ကျယ်နဲ့ပြောရင် ယုံမှာမဟုတ်ဘူး၊ ဟုတ်တယ်မလား"

"နင်ကအသံထွက်ပြောချင်သေးတာလား"

ရှချန်းချန်းသည် သူမ၏ စိတ်ထဲတွင် စနစ်အား ကျိန်ဆဲနေလိုက်သည်။

"ရှဲ့ကျစ်ရှင်းအာဂျင်တီးနားကို မသွားဘူးလို့ ငါ့ကို ဘာလို့ စော‌စော မပြောခဲ့တာလဲ"

စနစ်သည် အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားရသည်။

“ပင်မစနစ်က အဲဒါကို ပြောခွင့်မပေးဘူး ပြီးတော့ မင်းလည်းမမေးဘူးလေ"

ရှချန်းချန်းသည် သူမ၏ စိတ်ထဲတွင် ကူကယ်ရာမဲ့စွာဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။

ချက်ချင်းပင် သူမသည် အခြားတစ်ခုခုကို တွေးမိသွားပြီး ရှဲ့ကျစ်ရှင်းအား စိုက်ကြည့်လိုက်သည်။

“မုန့်ရုယန် နဲ့ ရီကျစ်ခိုင်တို့ ချိန်းတွေ့တဲ့နေရာက အရမ်းသီးသန့်ဆန်တယ်၊ အနုပညာသတင်းထောက်မီနာက ဘယ်လိုသိတာလဲ၊ ရှင် အဲဒါကို ဖော်ထုတ်ခဲ့တာလား"

ထို့အကြောင်းကို သူမ မည်သို့သိသနည်း။

ရှဲ့ကျစ်ရှင်းသည် မျက်လုံးများကို ကျဉ်းလိုက်ပြီး ဂရုမစိုက်‌သော လေသံဖြင့် ပြောလိုက်သည်။

“မင်းဘယ်လိုထင်လဲ"

“ရီကျစ်ခိုင်က ထျန်ရှန့် က အနုပညာရှင်လေ"

ရှချန်းချန်းသည်အနည်းငယ် စိတ်တိုသော်လည်း အသံကိုနိမ့်၍ ဆက်ပြောသည်။

"ရှင် သူ့ကို ဒဏ်ငွေဆောင်ခိုင်းဖို့ လှည့်စားနေတာ မဟုတ်ဘူးလား၊ အခု သူတို့ ဆက်ဆံရေး ပေါ်လာတော့ ရီကျစ်ခိုင်က အွန်လိုင်းထွက်မယ့် ဒရာမာအသစ်မှာ သူ့ရဲ့ CP ကို ဘယ်လို ဈေးကွက်တင်နိုင်‌တော့မှာလဲ"

နှစ်ဖက်စလုံးအထိနာသော်လည်း တစ်ဖက်ကိုတစ်ဖက် နာကျင်အောင်သာပြုလုပ်နေကြပြီး အကျိုးမယူကြချေ။

သို့သော် ရှဲ့ကျစ်ရှင်းသည် လုံးဝ ဂရုမစိုက်ချေ။

"စာချုပ်‌ဖောက်ဖျက်တဲ့ ဒဏ်‌ကြေးငွေစာချုပ်ကို ရီကျစ်ခိုင်နဲ့ ထျန်ရှန့်တို့ကလက်မှတ်ထိုးထားတာာ၊ ပိုဆိုးတာက ငါတို့က ပိုက်ဆံ မလိုချင်ပါဘူး၊ စာချုပ်ဖောက်ဖျက်မှုအတွက် မုန့်ရုယန်ရဲ့ ဒဏ်ကြေးကိုတောင် လျော်ပေးနိုင်သေးတယ်၊ ဒရာမာအသစ်ရဲ့ စျေးကွက်ချဲ့ထွင်ရေး CP အတွက်ဆိုရင်တော့ ငါတို့ အဲဒါကို ဈေးကွက်မတင်ဘူး၊ ထျန်ရှန့်က ဒရာမာဇာတ်ကားသစ်အတွက် သူ့ဘာသာ ပရိုမိုးရှင်းပစ္စည်းတွေ ဝယ်သုံးနိုင်တယ်”

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းအား သရော်စွာကြည့်ပြီး

"ကိုယ်က ပိုက်ဆံကို ဂရုစိုက်တယ်လို့များ မင်းထင်‌နေတာလား"

ထိုသူသည် ချမ်းသာပြီး စိတ်ပြင်းပြလွန်းသည်။

အာဂျင်တီးနားပရိသတ်နှင့် မတော်တဆပေါက်ကြားမှုသည် ရှဲ့ကျစ်ရှင်း၏ သတင်းအတုတစ်ခုဖြစ်သည်မှာ

အံ့သြစရာမဟုတ်ပေ။

သူသည် ဟိန်ထျန်းတွင် ရှချန်းချန်းကိုဖမ်းရန် ဂရုတစိုက်စီစဉ်ခဲ့သည်။

ယဲ့ရှီဝမ်နှင့် ဟန်ကျားလင်း တို့သည် ရှဲ့ကျစ်ရှင်းကို နောက်ဆုံးတွင် အနိုင်ယူနိုင်ခဲ့ပြီး ရှဲ့လုပ်ငန်းစုအား ဒေဝါလီခံ‌စေရုံသာမက ရှဲ့ကျစ်ရှင်းကို ထောင်ထဲသို့ ပို့ခဲ့နိုင်သည်ဟု ဝတ္ထုတွင် ဖော်ပြထားသည်။

ဤအချိန်တွင် ရှချန်းချန်းသည် သူမ၏ရှေ့ရှိ ဗျူဟာချနေသည့် မြေခွေးဟောင်းကြီးကို ကြည့်လိုက်သည်

အကယ်၍ စာရေးဆရာသာ ယဲ့ရှီဝမ်နှင့် ဟန်ကျားလင်း တို့ကို လှည့်စားခွင့်မပေးခဲ့လျှင် ထိုအရူးနှစ်ယောက်သည် ရှဲ့ကျစ်ရှင်းကို မည်သို့အနိုင်ယူမည်နည်း။

အိပ်မက်မက်နေလိုက်!

အပြင်ဘက်ရှိ သတင်းထောက်များသည် ယခုထိ လူစုမခွဲသေး‌ချေ။

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏လက်ကောက်ဝတ်အား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး နံပါတ် 23 ယွီလန်ယွမ်တွင် သူမနောက်ဆုံးအကြိမ်ပြုလုပ်ခဲ့သည့်အတိုင်း နောက်တစ်ကြိမ်ထပ်ချော်သွားမည်ကို ကြောက်ရွံ့‌နေခဲ့သည်။

ရုတ်တရက် ရှချန်းချန်း၏ဖုန်း တုန်ခါသွားပြီး မိနစ် 20 ရေတွက်မှု ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြသလာသည်။

ရှဲ့ကျစ်ရှင်းသည် ရှုပ်ထွေးသွားသည်။ အဘယ်ကြောင့် ထွက်ပြေးလာသည်ကို ရေတွက်ထားသနည်း။

သို့သော်လည်း ရှချန်းချန်း၏ ထိတ်လန့်နေသော မျက်လုံးများပေါ်တွင် ကောက်ကျစ်မှုအရိပ်အမြွက် ထွက်ပေါ်လာသည်။ သူမသည် ဆံပင်စည်းထားသော ခေါင်းစည်းကြိုးအား ရုတ်တရက် ဆွဲဖြုတ်လိုက်သည့်အခါ ပင်လယ်ရေမှော်ကဲ့သို့ ရှည်လျားသည့် ဆံပင်များသည် ဖြာကျလာသည်။ သူမသည် ယောက်ျားအဝတ်အစားများ ဝတ်ထားသော်လည်း ရုတ်တရတ်ကြည့်လျှင် မိန်းမတစ်ယောက်နှင့်တူသည်။

“ရှဲ့ကျစ်ရှင်း ရှင်ပြောတာမှန်တယ်၊ ကျွန်မအခု ရုပ်ဖျက်ထားတာမလို့ ရှင့်ရဲ့ သတင်းထဲမှာ ပါဖို့ လုံးဝ ဂရုမစိုက်ဘူး”

ရှချန်းချမ်း၏အသံသည် ကျေနပ်နေပြီး အသံသည် မကျယ်လွန်းသော်လည်း ကျဉ်းမြောင်းသည့် လှေကားထစ်တွင် ပဲ့တင်ထပ်စေသည်။

“ဒါဆို ကျွန်မက ရှင်နဲ့ အရှုပ်တော်ပုံတွေ ဖော်ထုတ်ခံရတာကို စိတ်မ၀င်စားဘူးဆိုတော့ ရီကျစ်ခိုင်ရဲ့ အရှုပ်တော်ပုံ‌တွေကို ကျွန်မကဘာလို့ ဖော်ထုတ်ရမှာလဲ"

ရှဲ့ကျစ်ရှင်းသည် အံ့အားသင့်သွားသည်။

ရှချန်းချန်း ပြောသည့်စကားများသည် အဓိပ္ပာယ်ရှိသည်။ ထိုအချိန်က အကယ်၍ သူမကို ပါပါရာဇီများ တကယ်ဖမ်းမိခဲ့လျှင်တောင် ဖော်ထုတ်ခံရမည်မှာ မတည်ရှိသည့်မိန်းမတစ်ယောက်နှင့် ရီကျစ်ခိုင်တို့၏ ချိန်းတွေ့မှုတစ်ခုသာ ဖြစ်သည်။ မုန့်ရုယန်နှင့် ရီကျစ်ခိုင်တို့၏ အချစ်ဇာတ်လမ်းကို ထုတ်ဖော်ပြသလိုက်လျှင် သူတို့၏ ယခင်ချိန်းတွေ့ခဲ့သည့် ကောလဟာလများသည် သူ့ဘာသာပျောက်ကွယ်သွားပေလိမ့်မည်။

ဒါဆို ပါပါရာဇီတွေကနေ လွတ်မြောက်ဖို့ သူမ ဘာလို့ တတ်နိုင်သမျှ ကြိုးစားခဲ့တာလဲ။

ဒါမှမဟုတ် သူမက ပါပါရာဇီတွေကို လုံးဝ ဖယ်ရှားဖို့ မကြိုးစားဘဲ တမင်ဆွဲခေါ်နေတာလား။

ရှချန်းချန်းသည် ပါပါရာဇီများကို အမှန်တကယ် ဖယ်ရှားလိုပါက သူမသည် အစကတည်းက ယောက်ျားလေးအဝတ်အစားဆိုင်သို့ ခိုးဝင်ပြီး အဝတ်အစားများပြောင်းဝတ်ကာ ထွက်သွားပြီးလောက်ပြီဖြစ်သည်။ တိဗက်ဝတ်ရုံသာ ပြောင်းလဲဝတ်ဆင်လိုက်လျှင် ပို၍ပင် လွယ်ကူစွာထွက်သွားနိုင်ပေလိမ့်မည်။

သူမသည် သူမ၏ကိုယ်ပေါ်ရှိ အစိမ်းရောင်စကတ်ကို တမင်မပြောင်းဘဲ ပါပါရာဇီများကို ဆက်လက်ရှာဖွေခွင့်ပြုလိုက်သည်။

မိနစ်နှစ်ဆယ် ရေတွက်မှု။ ၎င်းသည် မုန့်ရုယန် ကော်ဖီဆိုင်မှ ထွက်ခွာပြီး ဂင်ကျာရှော့ပင်းမောလ်မှ ထွက်ခွာရန် လုံလောက်ပေသည်။

ရှဲ့ကျစ်ရှင်းသည် နောက်ဆုံးတွင် နားလည်သွားသည်။ ရှချန်းချန်းအားခြေရာခံရန် အနုပညာသတင်းထောက် မီနာကို တိတ်တဆိတ် ကူညီနေသည်ဟု သူထင်ခဲ့သော်လည်း အမှန်တကယ်တွင် သူသည် ရှချန်းချန်း ပါပါရာဇီများကို တမင်ဆွဲထားနိုင်ရန် ကူညီပေးနေခဲ့သည်။

ယခု မုန့်ရုယန်သည် ထွက်သွားပြီဖြစ်ပြီး ရှချန်းချန်းတွင် စိတ်ပူစရာမရှိတော့ပေ။ သူမ ဘာဆက်လုပ်မည်နည်း။

ရှဲ့ကျစ်ရှင်း၏ စိတ်ထဲတွင် အလွန်ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

နောက်တစ်စက္ကန့်တွင် ရှချန်းချန်း၏ မျက်နှာတွင် လိမ္မာပါးနပ်သော အပြုံးတစ်ခုကို သူတွေ့လိုက်ရသည်။ သူမသည် လည်ချောင်းကိုဖိရန် လက်ကိုဆန့်ထုတ်လိုက်ပြီး ယောကျာ်းတစ်ယောက်၏ အော်သံကဲ့သို့ ပြုလုပ်ခဲ့သည်။

"မီနာရေ၊ ငါရှဲ့ကျစ်ရှင်းကိုတွေ့လိုက်ရတယ် သူက ပထမထပ်က လှေကားမှာ၊ သူက တစ်ယောက်ယောက်နဲ့ ချိန်းတွေ့နေပုံရတယ်၊ လာကြဦး"

ထိုစကားကို ပြောပြီးနောက် ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းကို မျက်နှာမူကာ ကြည့်နေလေသည်။

လုပ်ကြည့်လိုက်လေ။

တစ်ယောက်ကိုတစ်ယောက် ဒုက္ခလှလှ ပေးကြ‌တာ‌ပေါ့။

ဘယ်သူက ဘယ်သူ့ကိုကြောက်ရမှာလဲ။

ကုံသန်း နှင့် အခြားသူများသည် ပထမထပ်ရှိ ရီကျစ်ခိုင်၏ ကောလာဟလသတင်းကို ရှာဖွေနေဆဲဖြစ်ပြီး ရုတ်တရက် ထိုအသံအား ကြားလိုက်ရသည်။ ရီကျစ်ခိုင်၏အတင်းအဖျင်းကို

ရှာနေကြတာမဟုတ်ဘူးလား။ ရုတ်တရက် ဘယ်လိုလုပ် ရှဲ့ကျစ်ရှင်းက ပါလာရတာလဲ။

ဘာပဲဖြစ်ဖြစ် ထိုသူသည် ရှဲ့ကျစ်ရှင်းဖြစ်သည်။ ရှဲ့ကျစ်ရှင်းသည် စာရင်း၏ ထိပ်ဆုံးတွင် ရှိ‌နေသူ တစ်ယောက်ဖြစ်သည်။ ဤကဲ့သို့ အတင်းအဖျင်းမျိုးကို မည်သို့အလွတ်ခံနိုင်မည်နည်း။

ကုံသန်းသည် ဂင်ကျာရှော့ပင်းမောလ်ရှိ ပါပါရာဇီ အားလုံးကို ချက်ချင်းအကြောင်းကြားပြီး

“သွား၊ ပထမထပ်က လှေကားနားကို သွားကြ၊ ဟုတ်ဟုတ် မဟုတ်ဟုတ် ငါတို့ မင်းသားရှဲ့ရဲ့ ဓာတ်ပုံတွေ ရိုက်လာရမှာပေါ့"

ပါပါရာဇီများအားလုံးသည် ပထမထပ်ရှိ လှေကားထစ်သို့ ပြေးသွားကြပြန်သည်။ပထမထပ်ရှိ လှေကားထစ်တွင် ရှဲ့ကျစ်ရှင်း၏ မျက်နှာသည် ဖျော့တော့သွားပြီး အံကြိတ်‌နေသည်။

“ရှချန်းချန်း၊ ကိုယ် မင်းကို တကယ်လျှော့တွက်မိခဲ့တယ်"

သူသည် ရုတ်တရက် ရှချန်းချန်းကို လှေကားထစ်မှ ဆွဲထုတ်လိုက်ပြီး ဂင်ကျာရှော့ပင်းမောလ် အပြင်ဘက်သို့ အမြန်လျှောက်လာခဲ့သည်။

လှေကားထစ်မှ ဆင်းလိုက်သည်နှင့် မနီးမဝေးတွင် ပါပါရာဇီ လေးငါးအုပ်ခန့် တွေ့လိုက်ရပြီး သူတို့နှစ်ယောက်ထံသို့ ပြေးလာနေကြသည်။

ရှဲ့ကျစ်ရှင်းသည် mask တပ်ထားသော်လည်း စျေးဝယ်စင်တာတစ်ခုတွင် ပိန်ပါး၍ အရပ် 1.88 မီတာရှိသော အမျိုးသားတစ်ဦးအတွက် အာရုံစူးစိုက်မှုမခံရစေရန် ခက်ခဲလွန်းလှသည်။

နေရာတိုင်းတွင် ပါပါရာဇီများ ရှိနေကြပြီး စင်္ကြံတွင် ပါပါရာဇီများစွာ လှေကားမှ အပြေးအလွှား ဆင်းလာသံကို ကြားနေရသည်။

အလွန် နောက်ကျသွားလေပြီ။

ရှဲ့ကျစ်ရှင်းသည် ဖူယန်ရုန်ကို ချက်ချင်းဖုန်းဆက်ပြီး

"ဂင်ကျာမော်လ်ရဲ့ ပထမထပ်ကို လုံခြုံရေးအဖွဲ့ကို အမြန်ခေါ်လိုက်”

"ရှဲ့သူဌေး၊ ကျွန်တော်စောင့်ကြည့်ခန်းထဲမှာ ကြည့်နေတယ်၊ ပါပါရာဇီတွေက အရမ်းမြန်မြန်လာ‌နေကြတာ၊ လုံခြုံရေးက အမှီလိုက်နိုင်မှာ မဟုတ်ဘူး၊ မင်း ကျွန်တော့်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီး အရင်သွားလိုက်ပါ၊ ဒါဆိုအချိန်ခဏတော့ ရလိမ့်မယ်"

ရှဲ့ကျစ်ရှင်းသည် ချက်ချင်းသဘောတူပြီး သူ၏ညာဖက်နားတွင် Bluetooth နားကြပ်ကိုတပ်ကာ ရှချန်းချန်းနှင့်အတူ ကုန်တိုက်ထဲသို့ ခပ်သွက်သွက် လျှောက်သွားခဲ့သည်။

ဂင်ကျာမောလ်၏ ဖွဲ့စည်းပုံနှင့် အခန်းခွဲသည့်ပုံစံသည် ချောမွေ့နေပြီး လမ်းမှားစဖွယ်မရှိချေ။ သို့သော် စျေးဝယ်စင်တာထဲသို့ ပထမဆုံးအကြိမ်လာသူများသည် ဤနေရာ၌ လူရှာဖွေရန် အနည်းနှင့်အများ‌တော့ ရှုပ်ထွေး‌နေပေလိမ့်မည်ဖြစ်သည်။

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းကို ခေါ်ဆောင်သွားပြီး ဖူယန်ရုန်၏စောင့်ကြည့်မှု‌အောက်တွင် ဆိုင်များကို တစ်ခုပြီးတစ်ခုဖြတ်ကာ လက်စ‌ဖျောက်နေခဲ့သည်။

ဖူယန်ရုန်သည် အလွန်စွမ်းဆောင်နိုင်သည်ဟု ပြောရပေမည်။ သူသည် စောင့်ကြည့်မှုအောက်တွင် အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ထားပြီး ရှဲ့ကျစ်ရှင်းအား ပါပါရာဇီအဖွဲ့များစွာကို ရှောင်ရှားရန် အမှန်တကယ် ကူညီပေးခဲ့သည်။

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းဟူသည့် ဝန်ထုပ်ဝန်ပိုးကို ခေါ်ဆောင်လာသည်မှာ သနားစရာကောင်းလှသည်။

အောက်ထပ်ရှိ လေဟာပြင် ဖျော်ဖြေပွဲကို ဖြတ်သွားသည့်အခါ ရှချန်းချန်း၏ မျက်လုံးများ တောက်ပလာပြီး မျက်တောင်ခတ်လိုက်သည်

“လောင်ကုန်း၊ ရှင် ကျွန်မကို လွှတ်‌ပေးဖို့ အကြံပေးမယ်‌နော် မဟုတ်ရင် ရှင် နောက်မှ နောင်တရလိမ့်မယ်"

ရှဲ့ကျစ်ရှင်းသည် အလောတကြီးပြောလိုက်သည်။

"မရဘူး"

သူ ယခုလွှတ်လိုက်ရင် သူသာ နောင်တရ‌ပေလိမ့်မည်။

ရှချန်းချန်းသည် သက်ပြင်းချလိုက်ပြီး

“ဒါဆို ရှင်ကျွန်မကို အပြစ်မတင်နဲ့‌နော်~”

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းဘာလုပ်မည်ကို မသိခဲ့‌ချေ။ နောက်အခိုက်အတန့်တွင် ရှချန်းချန်းသည် ရုတ်တရက် သူ၏လက်ထဲတွင် တိုးဝှေ့ဝင်ရောက်လာသည်။

ရှဲ့မိသားစု ညစာစားပွဲတွင် သူမကို ဖက်ထားခဲ့ရသည့် ခံစားချက်အတိုင်းပင် သူမ၏ခန္ဓာကိုယ်သည် ပျော့ပျောင်း၍ အေးစက်နေသည်။

သို့သော် ယနေ့တွင် သူမသည် ပိုမိုအသက်ဝင်နေပြီး ကိုင်ဆောင်ထားသည့် မတည်ငြိမ်မှုကြောင့် သူမ၏ဆံပင်များသည် သူ၏လည်ပင်းကိုရစ်ပက်ကာ

လတ်ဆတ်ပြီး မွှေးပျံ့သောရနံ့ကို ခံစားမိစေသည်။

သူ၏ နှလုံးခုန်အနည်းငယ် ပိုမြန်လာပြီး လည်ချောင်းသည် အနည်းငယ် ယားယံလာသည်။

နောက်တစ်စက္ကန့်တွင် ရှဲ့ကျစ်ရှင်း၏ရင်ခွင်ထဲသို့ မိမိဘာသာဝင်လာသော ရှချန်းချန်းသည် လိမ္မာပါးနပ်စွာ ပြုံး၍ သူမ၏လက်ကိုဆန့်ကာ ရှဲ့ကျစ်ရှင်း၏မက်စ်ကို ချက်ချင်း ဆုတ်ဖြဲလိုက်သည်။

ရှဲ့ကျစ်ရှင်း:!!!

ဂင်ကျာမော်လ်၌ ပါပါရာဇီများသာ ရှိသည်လား။

မဟုတ်‌ချေ။ ဤနေရာသည် ဟိန်ထျန်းဖြစ်သည်။ သရုပ်ဆောင်တွေအပြင် ဤနေရာမှာလာကြည့်သည် ပရိသတ်များသည် အများဆုံးဖြစ်သည်။

ရှချန်းချန်းသည် ချက်ချင်း နောက်သို့ ခြေနှစ်လှမ်းခန့်ဆုတ်ကာ ရှဲ့ကျစ်ရှင်းနှင့် ခပ်လှမ်းလှမ်းတွင် နေရာယူလိုက်ပြီး အော်လိုက်သည်။

"ကျဲတို့၊ ရှဲ့ကျစ်ရှင်းရောက်နေပြီ၊ ရှဲ့ကျစ်ရှင်းတကယ် ဂင်ကျာမော်လ်ကို လာတယ်"

မူလက လေဟာပြင်တွင် ဖျော်ဖြေပွဲကို ကြည့်ရှုသူ အများအပြားရှိနေခဲ့သည်။ ဖူယန်ရုန်သည် ပါပါရာဇီများကိုရှောင်ရှားရန် ရှဲ့ကျစ်ရှင်းကို ဤနေရာသို့ တမင် ဦးဆောင်‌ခေါ်လာခဲ့သည်။ သာမာန်လူများသည် ယဉ်ကျေးမှုဖြင့် mask တပ်ထားသော လူကို မကြည့်ကြပေ။ သူတို့ဘေးနားရှိ ဖြတ်သွားဖြတ်လာများ များပြားသည့်အခါ ရှဲ့ကျစ်ရှင်းသည် လူကြားထဲ၌ ပျောက်ကွယ်သွားနိုင်သည်။

လူစုလူဝေးသည် ရှဲ့ကျစ်ရှင်းအတွက် ပါပါရာဇီ ကိုဖယ်ရှားရန်အကောင်းဆုံးနည်းလမ်းဖြစ်သည်။

သို့သော် ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း၏မက်စ်ကို ဆွဲချွတ်ခဲ့သည်။

ထိုစဉ် ပရိသတ်နှင့် ဖြတ်သွားဖြတ်လာများသည် လှည့်ကြည့်လာကြသည်။

“ရှဲ့ကျစ်ရှင်းပဲ၊ တကယ်ကို ရှဲ့ကျစ်ရှင်း”

“ငါ့ယောကျာ်းက အာဂျင်တီးနားမှာမဟုတ်ဘူးလား၊ သူက ဘာလို့ဟိန်ထျန်းကိုရောက်နေရတာလဲ၊ ဘာတွေဖြစ်နေတာလဲ”

“အား ငါဂရုမစိုက်ဘူး၊ သူကအရမ်းချောတာပဲ၊ ဟိန်ထျန်းကို ရုပ်ရှင်ရိုက်ဖို့လာတာလား”

“အဲဒါက ငါ့လောင်ကုန်း၊ လောင်ကုန်း၊ ရှင်ကဟိန်ထျန်းကိုလာတာလား၊ အား အရမ်းချောတာပဲ၊ ငါတော့‌သွားပါပြီ”

...

ပရိသတ်များသည် တခဏချင်း ဝိုင်းအုံလာကြသည်။

ထိပ်တန်းကြယ်တစ်ပွင့်ဆိုသည်မှာ အဘယ်နည်း။

၎င်းသည် ရှဲ့ကျစ်ရှင်းနှင့်တူသည်။ သူ၏နာမည်ကြားသည်နှင့် ရုပ်ရှင်ကြိုက် မိန်းကလေး ဆယ်ယောက်မှာ ကိုးယောက်သည် အော်ဟစ်ကြလေသည်။

“လောင်ကုန်း၊ လောင်ကုန်း၊ လောင်ကုန်း"

"တကယ့်အပြင်က လောင်ကုန်း၊ လာကြ"

"အား၊ သူ့ကို ပွေ့ဖက်လို့ရမလား၊ ပွေ့ဖက်ချင်တယ်၊ သူ့ကို အိမ်ခေါ်သွားချင်တယ်"

...

အကြောင်းပြချက် မရှိ‌ပေ။

ပရိတ်သတ်များသည် ရှေ့သို့ အမြန်ပြေးလာခဲ့ကြပြီး ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏လက်ကို ထပ်မံဖမ်းဆုပ်ရန် အချိန်မရှိတော့ပေ။ သူတို့နှစ်ယောက်သည် ပရိသတ်များကြားတွင် လူစုကွဲသွားကြသည်။

လုံခြုံရေးအစောင့်များ အချိန်မီရောက်လာခဲ့သော်လည်း သူတို့သည် ရှေ့ကို ပြေးလာနေသည့် ပရိသတ်များကို တားနိုင်ရုံမျှသာဖြစ်ပြီး ရှချန်းချန်းကို သတိပြုမိရန် အချိန်မရှိလိုက်ပေ။

တစ်ချိန်တည်းမှာပင် ပါပါရာဇီများလည်းပြေးလာကာ အသံဖမ်းစက်များကိုင်၍ ရှဲ့ကျစ်ရှင်းရှေ့သို့ ချပေးလာကြသည်။

"လောင်ရှီ ရှဲ့၊ ငါတို့ မင်းမိန်းမတစ်ယောက်ရဲ့လက်ကိုကိုင်ထားတဲ့ ဓာတ်ပုံတစ်ပုံကို ရိုက်လိုက်နိုင်တယ်၊ သူက မင်းရဲ့ရည်းစားလား"

"သူမက ဒီအနုပညာလောက ကလားဒါမှမဟုတ် အပြင်ကလား"

“မင်းတို့ တွဲနေတာ ဘယ်လောက်ကြာပြီလဲ၊ မင်းတို့ လက်ထပ်ဖို့ အစီအစဉ်ရှိလား”

...

လုံခြုံရေးအစောင့်များသည် နောက်ဆုံးတွင် စည်းကမ်းထိန်းသိမ်းနိုင်လိုက်ပြီး ရှဲ့ကျစ်ရှင်း၊ ပရိသတ်များနှင့် ပါပါရာဇီများကြားတွင် လူများစုဝေးရာ စည်းတစ်ခုတားနိုင်ခဲ့သည်။

သို့သော်လည်း သူ့ရှေ့ရှိ လူများသည်ပင်လယ်ကြီးသဖွယ်ဖြစ်သည်။ ရှချန်းချန်းသည် အဘယ်သို့ရောက်သွားသနည်း။

ရှဲ့ကျစ်ရှင်းသည် ရုတ်တရက် လှည့်စားသောအကြည့်ကို ခံစားလိုက်ရပြီး မော့ကြည့်သောအခါတွင် ဒုတိယထပ်ရှိ လက်ရန်းကို မှီ‌ထားသော ရှချန်းချန်းသည် သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူမသည် တစ်ချိန်တည်းမှာပင် အမျိုးသားဝတ်အစားများကို ချွတ်လဲလိုက်ပြီး ယခု သူမသည် လေထဲတွင် ညင်သာစွာလွင့်ပျံနေသော bohemian ဂါဝန်ရှည်ကို ၀တ်ဆင်ထားကာ သူမ၏သွယ်လျသောအသွင်ကို ပုံဖော်ထားသည်။

သူမသည် အလွန်စိတ်လှုပ်ရှားနေပြီး လက်ကလေးကို ဝှေ့ယမ်းကာ အော်ဟစ်နေခဲ့သည်။

“ချစ်လောင်ကုန်း ကျွန်မဒီမှာ၊ ကျွန်မဒီမှာ~ "

ရှဲ့ကျစ်ရှင်းသည် အေးစက်သောမျက်နှာဖြင့်ပြောလိုက်သည်။

"ဆင်းလာခဲ့"

ရှချန်းချန်းသည် ဂုဏ်ယူဝံ့ကြွားစွာ ခေါင်းမော့လိုက်ပြီး

"မလာဘူး၊ ရှင်ဆင်းခိုင်းရင် ကျွန်မဆင်းလာလို့ရတယ်လေ၊ ကျွန်မက ရုပ်ဖျက်ထားတဲ့ ကိစ္စကို၊ ရှင့်မှာ သတ္တိရှိရင် ကျွန်မဆီကို လာဖမ်းလေ၊ ဒါပေမဲ့..."

သူမသည် အောက်ရှိ လူအုပ်ကို ငုံ့ကြည့်လိုက်ပြီး

"ရှင်လုပ်နိုင်မယ် မထင်ဘူး ဟီးဟီး~"

ထိုသို့ပြောပြီးနောက် ရှချန်းချန်းသည် ထွက်ပြေးသွားခဲ့သည်။

အောက်ထပ် ရင်ပြင်၌ ဖြစ်ခဲ့သည့် ကြီးမားည့် အရှုပ်တော်ပုံကို သူမ ဂရုမစိုက်ချေ။

ထို့အပြင် သူမသည် ရှဲ့ကျစ်ရှင်း၏နှာခေါင်းအောက်တွင် လမ်းချော်သွားခဲ့သည်။

ဂင်ကျာဈေးဝယ်စင်တာ၏ အနောက်တံခါးတွင် nanny ကားတစ်စီး လာရပ်သည်။

ရှပ်အင်္ကျီအဖြူနှင့် စကတ်အကြပ် ၀တ်ဆင်ထားသော အမျိုးသမီးသည် ပတ်ပတ်လည်ကို သတိထားကြည့်ပြီးနောက် အနီးနားတွင် မည်သူမျှ မတွေ့ရသည်ကို သိသည့်အခါ nanny ကားထဲသို့ ဝင်သွားခဲ့သည်။

ကားထဲတွင် ကောချန်းသည် သူမကို စိတ်ဖြေစေရန် ရေတစ်ခွက်တိုက်သည်

"ငါပြောပါတယ်၊ မင်းနဲ့ ရီကျစ်ခိုင်က ဒီတစ်ခါ သတိမထားလို့ မင်းတို့ကို ပါပါရာဇီတွေ ဖမ်းမိလုနီးပါးပဲ"

ထိုသို့ပြောပြီးနောက် သူ၏ရှေ့ရှိ အမျိုးသမီးကို မြင်သည့်အခါ ကောချန်းသည် အရမ်းလန့်သွားပြီး ခွက်ကို ပစ်ချလိုက်သည်။

"Fuck! မင်းက ဘယ်သူလဲ"

မုန့်ရုယန်သည် ကောချန်းကို သံသယဖြင့် ကြည့်ကာ

"အို မုန့်ရုယန်လေ၊ ရှင် ကန်းနေတာလား"

ချန်းကောသည် ထိတ်လန့်တုန်လှုပ်သွားပြီး နောက်ထိုင်ခုံကနေ မှန်တစ်ချပ်ကို အမြန်ကောက်လိုက်ကာ မုန့်ရုယန်ထံသို့ ပေးလိုက်သည်။

"အခု မင်းကိုယ်မင်း သေချာကြည့်ပါဦး၊ မင်း ဆေးမှားထိုးမိလို့ ဘေးထွက်ဆိုးကျိုးတွေ ခံစားနေရသလား ဒါမှမဟုတ် ဓါတ်မတည့်ဖြစ်နေတာလား၊ မင်းဘယ်လိုဖြစ်လာတာလဲ"

မှန်ထဲက အမျိုးသမီးမှာ မုန့်ရုယန်နှင့် 50% လောက်သာ ဆင်တူသည်။ မူလလှပသော မျက်နှာသည် ယခုအခါတွင် အဖုအထစ်များနှင့် မရေမတွက်နိုင်သော တင်းတိပ်များဖြင့် ဖုံးအုပ်‌နေသည်။ မွဲခြောက်နေသော အသားအရည်နှင့် အလင်းရောင်မှိန်မှိန်ကြောင့် မူလအသွင်အပြင်ကို မမြင်နိုင်ပေ။

မုန့်ရုယန်သည် သူမ၏ မျက်နှာကို ပုတ်၍ ပေါင်ဒါလိမ်းလိုက်သည်။

သူမသည် ဒေါသလုံးဝမထွက်သော်လည်း မနေနိုင်ဘဲနှင့် သက်ပြင်းချလိုက်သည်။

"ရှရှက တကယ်ကို အံ့သြစရာကောင်းတယ်၊ ကျွန်မအတွက် ဒီလိုမျက်နှာမျိုးဆွဲဖို့ မိနစ် 20 ပဲကြာတယ်"

"မင်းဆိုလိုတာက ရှရှက မင်းရဲ့မျက်နှာပေါ်မှာ ဒီလိုထူးဆန်းတဲ့အကြည့်ကို မိနစ် 20 အတွင်းမှာဆွဲခဲ့တာလား"

ကောချန်းသည် အနည်းငယ် အံ့သြသွားပြီး မု့န်ရူယန်၏ မျက်နှာကို ထိလိုက်သည်။ သေချာသလောက်ရှိသည်။ မွဲခြောက်နေသည့် မိတ်ကပ်ကို ဖယ်ရှားပြီးနောက် သူမ၏ နဂိုနူးညံ့သည့် အသားအရေကို ပြန်လည်ထုတ်ပြလိုက်သည်။

ကောချန်း ပြောလိုက်သည်။

"ရိုးရိုးသားသားပြောရရင် ရှရှရဲ့နေ့စဉ်မိတ်ကပ်က သာမာန်ဆိုပေမယ့် သူ့ရဲ့ ဒီလိုပြင်တာက အရမ်းမိုက်တယ်၊ ဒီလက်တွေနဲ့သာဆို အနာဂတ်မှာ ပါပါရာဇီတွေရှာတွေ့မှာကို ကျွန်မမကြောက်တော့ဘူး"

"ဟုတ်တယ် မဟုတ်လား"

မုန့်ရုယန်သည် ရှချန်းချန်း၏လက်ရာကို သဘောကျသည်။ သူမသည် လက်ရှိတွင် ဖော်ထုတ်ခံရပြီး ပါပါရာဇီများ၏ ဓါတ်ပုံရိုက်ခံရမည်ကို စိုးရိမ်နေခဲ့သည်။သို့သော် ယခု ဤပုံစံနှင့် ဓာတ်ပုံရိုက်ခဲ့မည်ဆိုလျှင်တောင် ၎င်းသည် သူမ ဖြစ်မှန်း သိသာထင်ရှားမည် မဟုတ်ချေ။

"ရှရှ ဘယ်မှာလဲ "

ကောချန်းသည် ရုတ်တရက် မေးလာသည်။

"အဲပါပါရာဇီတွေ တကယ်ဖမ်းမိသွားတာလား"

မုန့်ရုယန်လည်း စိုးရိမ်လာသည်။ သူမနှင့် ရှရှတို့သည် ဂင်ကျာမော်လ်၏ အနောက်တံခါးတွင် မိနစ်နှစ်ဆယ်ကြာ တွေ့ဆုံရန် သဘောတူခဲ့ကြသည်။ ယခုဆို မိနစ်နှစ်ဆယ်ရှိပြီ ရှရှမထွက်သေးချေ။

Weibo သတင်းတစ်ခုကြောင့် ဖုန်းမီးလင်းလာသည်။

ကောချန်းသည် အစပိုင်းတွင် ဂရုမစိုက်စွာဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း သတင်းခေါင်းစဉ်ကို မြင်လိုက်သောအခါ မျက်လုံးများ ပြူးကျယ်သွားသည်။

ကောချန်း:!!!

"Fuck! ရှဲ့ကျစ်ရှင်းက ဂင်ကျာမော်လ်မှာ ဘာလို့ရှိနေတာလဲ"

အသေးစိတ်အချက်အလက်များကိုကြည့်ရှုရန် နှိပ်လိုက်သည်။

မုန့်ရုယန်လည်း သိချင်စိတ်ကြောင့် ဝင်ရောက်ကြည့်ရှုလိုက်သည်။

သတင်းပေါက်ကြားခဲ့သူမှာ မားကတ်တင်းအကောင့် "အနုပညာသတင်းထောက် မီနာ" ဖြစ်သည်။ Weibo သတင်းသည် မှုန်ဝါးသော ဓာတ်ပုံတစ်ပုံကိုသာ ရိုက်ယူထားသော်လည်း ဓာတ်ပုံတွင် မျက်နှာဖုံးတပ်ထားသည့် ခြေတံရှည်လူသည် ရှဲ့ကျစ်ရှင်းနှင့် အလွန်ဆင်တူသည်။ ပိုစိတ်လှုပ်ရှားစရာကောင်းသည်မှာ ရှဲ့ကျစ်ရှင်းနှင့် အလွန်ဆင်တူသည့် ထိုအမျိုးသားသည် တကယ်ပင် အမျိုးသမီးတစ်ယောက်ကို ကိုင်ထားခြင်း ဖြစ်သည်။

အမျိုးသမီး၏ ရင်းနှီးသော မျက်နှာကြောင့် မုန့်ရုယန်နှင့် ကောချန်းတို့ ကျောချမ်းသွားသည်။

ရှရှမှ လွဲ၍ မည်သူဖြစ်နိုင်မည်နည်း။

ကောချန်းသည် WeChat အဖွဲ့ထဲမှ သတင်းများကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည် " ပါပါရာဇီက အဲအမျိုးသားရဲ့ မျက်နှာကို ဓာတ်ပုံရိုက်ပြီး ရှဲ့ကျစ်ရှင်းလို့ အတည်ပြုခဲ့တယ်၊ ဒါပေမဲ့ ဒီအမျိုးသမီးက.."

ကောချန်းနှင့် မုန့်ရုယန်တို့သည် တိတ်ဆိတ်နေကြသည်။

အိုး၊ သူတို့သည် အရည်အချင်းရှိသည် မိတ်ကပ်ပညာရှင်ကို ရှာတွေ့ပြီလို့ ထင်ခဲ့ကြပြီး နောက်တစစ်က္ကန့်မှာတင် ထိုမိတ်ကပ်ပညာရှင်သည် ရှဲ့ကျစ်ရှင်း၏ ကောလဟာလထွက်ထားသည် ချစ်သူရည်းစားဖြစ်မည်ဆိုတာ သိလိုက်ရသည်။ အလှည့်အပြောင်းများသည် ထိုမျှ ‌မြန်ဆန်လှချည်လော။

Nanny ကား အပြင်ဘက်ပြတင်းပေါက်ကို ခေါက်သံကြားလိုက်ရသည်။

ကောချန်းသည် တံခါးကို ချက်ချင်းဖွင့်လိုက်သည့်အချိန် bohemian စကတ်ရှည်ဝတ်ထားပြီး တံခါးနားတွင် ရပ်နေသည့် ရှရှကို တွေ့လိုက်ရသည်။

သူသည် မျက်တောင်ခတ်လိုက်သည်။ ယခုမှ ဓာတ်ပုံထဲမှာ ယောက်ျားဝတ်စုံကို ရှင်းရှင်းလင်းလင်း ဝတ်ဆင်ထားပြီး စကတ်ရှည် မည်သို့ဖြစ်လာပြန်သနည်း။

နောက်ထပ်မေးခွန်းတွေမမေးဘဲ ကောချန်းသည် ရှချန်းချန်းကို nanny ကားပေါ်သို့ တက်စေခဲ့သည်။

"ပါပါရာဇီတွေ ဖမ်းမမိဘူးလား " မုန့်ရုယန်မှ မေးသည်။

ရှချန်းချန်းသည်ခေါင်းခါလိုက်သည်။ သူတို့အားလုံးသည် ရှဲ့ကျစ်ရှင်း၏ ပတ်ပတ်လည်မှာသာ ရှိနေကြသည့်အတွက် သူမကို ဖမ်းရန် အာရုံမလာပေ။

“ကောင်းတယ်"

မုန့်ရုယန်သည် သက်ပြင်းချပြီး ကောချန်းကို အချက်ပေးလိုက်သည်။ ဤနေရာတွင် အကြာကြီးနေရန် မသင့်တော်သောကြောင့် ကောချန်းသည် ဒရိုင်ဘာထိုင်ခုံသို့ ချက်ချင်းသွားကာ ဂင်ကျာမော်လ်မှ nannyကား‌ မောင်းထွက်လိုက်သည်။

Nanny ကားသည် ဂင်ကျာမောလ်၏ ဆန့်ကျင်ဘက်သို့ နာရီဝက်နီးပါး မောင်းနှင်လာခဲ့ပြီး နောက်ဆုံးတွင် ဟွာမိန်း ဟော်တယ်အနီးရှိ ကားပါကင်တွင် ရပ်သွားသည်။

“ဒီနားမှာ ပါပါရာဇီတွေရှိလား သွားကြည့်လိုက်ဦးမယ်”

ကောချန်းသည် ထိုသို့ ပြောပြီးနောက်လှည့်လာသည်။

“မင်းတို့ ဖြည်းဖြည်းချင်း စကားပြောလို့ရတယ်”

ကောချန်းသည် ကားပေါ်မှ ဆင်းလာသည့်အခါ မုန့်ရုယန်နှင့် ရှချန်းချန်းတို့သာလျှင် nannyကား‌ပေါ်တွင် ကျန်ခဲ့သည်။

ရှချန်းချန်းသည် မုန့်ရုယန်နှင့် ရှဲ့ကျစ်ရှင်းတို့၏ ဆက်ဆံရေးအကြောင်းသတင်းများကို အင်တာနက်ပေါ်တွင် မြင်တွေ့ခဲ့ရပြီး သူမကို မိတ်ကပ်ပညာရှင်အဖြစ် ဆက်လက်ထားရှိတော့မည်မဟုတ်ကြောင်း ရှချန်းချန်း ခန့်မှန်းမိခဲ့သည်။

ကောချန်ကို သူမ တစ်ယောက်တည်းမေးမြန်းရန် ထွက်သွားခွင့်ပေးလိုက်ခြင်းသည် သူမအတွက် မုန့်ရုယန်၏ အကြီးမားဆုံး သည်းခံမှုပင် ဖြစ်သည်

"ဂင်ကျာမော်လ်မှာ ဖြစ်ပျက်ခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်" မုန့်ရုယန် ပြောသည်။

ရှချန်းချန်းသည် စိတ်ထဲတွင် ပြင်ဆင်ထားလိုက်ပြီး

"ဒါက အသေးအမွှားပါ"

မုန့်ရုယန်မှ ထပ်၍မေးလိုက်သည်။

"နင် ငါ့ကိုပြောစရာမရှိဘူးလား"

ရှချန်းချန်းသည် အပြစ်ရှိသဖြင့် ခေါင်းငုံ့ကာ

"တောင်းပန်ပါတယ် မုန့်လောင်ရှီး၊ ရှဲ့ကျစ်ရှင်းနဲ့ ကျွန်မရဲ့ဆက်ဆံရေးအကြောင်း ကြိုပြောပြခဲ့သင့်တာ တကယ်တော့ ကျွန်မတို့က..."

သူမ စကားမဆုံးခင်မှာပင် မုန့်ရုယန်သည် ရုတ်တရက် လက်ကို ဆွဲလိုက်ပြီး ရှချန်းချန်း၏ မျက်နှာကို ထိလိုက်ကာ သူမ၏ ပါးပြင်တွင် အစက တင်းတင်းကြပ်ကြပ် ကပ်ထားသည့် ဖယောင်းကို မုန့်ရုယန်သည် ခွာချပစ်လိုက်သည်။

ရှချန်းချန်း: !!!

"မင်းမျက်နှာက တကယ်အတုပဲ"

မုန့်ရုယန်သည် မျက်လုံးပြူးသွားသည်။

ရှချန်းချန်းသည်လည်း အံ့သြစွာဖြင့် မျက်နှာအား အုပ်ထားသည်။ ဂင်ကျာရှော့ပင်းမောလ်၌ ဖယောင်းသည် ချွေးများနှင့် စိုရွဲသွား‌သောကြောင့် စေးကပ်မှု မရှိတော့‌ချေ။

သို့ဖြစ်သော်ငြား မုန့်ရုယန် ဤညီမ၏ အာရုံစိုက်မှုသည် လွဲနေသည်ဟု မထင်ချေလော။

ယခုတွင် ရုပ်ဖျက်မိတ်ကပ်ကို အာရုံစိုက်မိနေပြီလော။

"မျက်နှာအတုနဲ့ အတင်းအဖျင်းတွေ အတင်းပြောတာက ပိုအရေးကြီးတာမဟုတ်ဘူးလား"

ရှချန်းချန်းသည် စိတ်ရှုပ်‌ထွေးသွားသည်။

"နင်ဘာပြောနေတာလဲ၊ မျက်နှာအတုက ပိုအရေးကြီးတယ်ပေါ့"

မုန့်ရုယန်သည် သူမ၏လက်ကို ခါးပေါ် တင်လိုက်ပြီး

"ရှဲ့ကျစ်ရှင်းရဲ့ အချစ်ရေးက ငါနဲ့ ဘာမှမဆိုင်ဘူး၊ ငါက အလှနဲ့ ရုပ်ရည်ကိုပဲ ဂရုစိုက်တယ်"

ရှချန်းချန်း: "..."

မုန့်ရုယန်သည် မဂ္ဂဇင်း ဒါမှမဟုတ် ကော်ဇောနီဓာတ်ပုံရိုက်တိုင်း သူမသည် "ငါကသာအလှဆုံး" ဆိုသည့် အမူအရာမျိုး ရှိနေသည်မှာ မထူးဆန်းပေ။

တကယ်လည်း သူမ ထင်တာဖြစ်ကောင်းဖြစ်နိုင်သည်။

မုန့်ရုယန်သည် ရှေ့ကို ထွက်လာပြီး ရှချန်းချန်း၏ မျက်နှာကို သေသေချာချာ ကြည့်ကာ

"ဒီနေ့ နင် ငါ့ကို မိတ်ကပ်လိမ်းတုန်းက နင့်မျက်နှာက တစ်ခုခု မှားနေပြီလို့ ငါ ခံစားရတယ်၊ သာမာန်လူတစ်ယောက်ရဲ့ အသားအရေက ချွေးပေါက်တွေမရှိဘဲ ဘယ်လိုကောင်းနေမှာလဲ၊ နင် ငါ့ကို ရုပ်ဆိုးတဲ့ မိတ်ကပ်လိမ်းပေးလိုက်တော့ နင့်မျက်နှာက အတုဖြစ်မယ်ဆိုတာ ပိုသေချာသွားတယ်”

သူမ ပြောပြီးသည်နှင့် သူမသည် ရှချန်းချန်း၏မျက်နှာကို ပုတ်လိုက်သည်။

“အံ့ဩဖို့ကောင်းတယ်၊ တကယ်လို့ငါသာသေချာမကြည့်ဘူးဆိုရင် ငါသိမှာတောင်မဟုတ်ဘူး၊ အဲတော့ ငါနောက်တစ်ခါ ရီကျစ်ခိုင်နဲ့ထပ်ချိန်းတွေ့ရင် နင်ငါ့ကိုအဲလို မိတ်ကပ်လိမ်းပေး”

ရှချန်းချန်းသည် အံ့အားသင့်သွားပြီး

"နင် ငါ့ကိုအလုပ်မထုတ်ဘူးလား"

ယခုတွင် ကွန်ရက်တစ်ခုလုံးတွင် ရှရှ၏ ဓာတ်ပုံများကို အရူးအမူး ဖြန့်နေကြသည်။ မုန့်ရုယန်သာ သူမကို မိတ်ကပ်ပညာရှင်တစ်ယောက် ဆက်လုပ်ခိုင်းလျှင် ၎င်းသည် ပြဿနာဖြစ်လောက်သည် မဟုတ်ပေလော။ ရီကျစ်ခိုင် နှင့် သူမ၏ဆက်ဆံရေးသည်လည်း ဖော်ထုတ်ခံရနိုင်သည်။

"ဒါဆို ဘာလို့ မျက်နှာမပြောင်းလိုက်တာလဲ"

မုန့်ရုယန်သည် ဂရုမစိုက်ချေ။

“နင် တခြားမျက်နှာတွေ ပြောင်းနိုင်တယ် မဟုတ်လား၊ ငါအဲလို လုပ်ကြည့်ချင်တယ်၊ နောက်တစ်ခါ လော့လီအဖြစ် ပြောင်းလဲပေးရမလား၊ အိုး နင့်ရဲ့ အရပ်နဲ့ သိပ်မလိုက်ဘူး၊ ဒါမှမဟုတ် ချောတဲ့ကောက်လေးလား၊ နင့်ရဲ့ အရပ်က ယောက်ျားလေးလုပ်လည်း ရတယ်၊ မုတ်ဆိတ်မွေးနဲ့ ဦးလေးလည်း အဆင်ပြေတာပဲ၊ အရမ်းမိုက်တယ်"

ရှချန်းချန်းသည် ပြန်လည်မဖြေခင်မှာ မုန့်ရုယန်သည် ရှချန်းချန်း၏ ပုံစံမျိုးစုံကို စိတ်ကူးထားပြီးသားဖြစ်သည်။

လှပသည့် မိန်းကလေး၏ ဦးနှောက်ပတ်လမ်းသည် အမှန်ပင် ကွဲပြားသည်။

"ဒါပေမဲ့"

မုန့်ရုယန်၏အတွေးများသည် ခဏတာ လွင့်စင်သွားပြီးနောက် သူမ အသိပြန်ဝင်လာကာ ပြောလိုက်သည်။

“နင် ငါ့ကို ကူညီထားတယ်လေ အင်တာဗျူးအတွက် နင့်မျက်နှာအတုကိုသုံးတာ ငါစိတ်မဆိုးပါဘူး၊ ငါ နင့်ကို အလုပ်မဖြုတ်ဘူး"

"ဒါပေမဲ့”

မုန့်ရုယန်သည် အကြောင်းအရာကို ပြောင်းလဲလိုက်ပြီး သူမ၏မျက်လုံးများသည် အတင်းအဖျင်းတွေနဲ့ ပြည့်နေသွားသည်။

"ရှဲ့ကျစ်ရှင်း နဲ့ နင့်ရဲ့ဆက်ဆံရေးက ဘာလဲ"

အသွင်အပြင်နှင့် အလှသည် မုန့်ရုယန်၏ နှလုံးသားတွင် ပထမအဆင့်ဖြစ်သည်။သို့သော် အတင်းအဖျင်း လုံးဝ မပြောဘူးဟု မဆိုလိုချေ။

အတင်းအဖျင်းပြောခြင်းသည် လူ့သဘာဝဖြစ်သည်။ ရှဲ့ကျစ်ရှင်းပင်လျှင် ခြွင်းချက်မရှိပေ။

ရှချန်းချန်းသည် အကြာကြီး တုံ့ဆိုင်းသွားသည်။

အိမ်ထောင်ရေး လျှို့ဝှက်ချက်သည် ထုတ်ပြော၍မရချေ။ အကယ်၍ သူပြောလျှင် သူ့ကိုယ်သူ ဖော်ထုတ်ပြီးသား ဖြစ်သွားပေလိမ့်မည်။

သူသည် မုန့်ရုယန်အနား၌ နေမှသာ ဖုံးကွယ်နိုင်လိမ့်မည်။

မုန့်ရုယန်အား ဖုံးကွယ်ရန်အတွက်... ရှချန်းချန်းသည် သူမ၏စိတ်ထဲ၌

လောင်ကုန်း၊ ကျွန်မတောင်းပန်ပါတယ်၊ ရှင့်ကိုထပ်အသုံးချပါရ‌စေ။

ရှချန်းချန်းသည် စိတ်ထိန်းလိုက်ပြီး မျက်လုံးကို မော့ကြည့်လိုက်သည်။ သူမသည် ဒရာမာ၏ ဇာတ်ကွက်ကို စိတ်သွင်းလိုက်ပြီး ဝမ်းနည်းကြေကွဲပြီး ပြောရခက်သည့် အမူအရာသို့ ပြောင်းလဲလိုက်သည်။

"တကယ်တော့ ငါ ရှဲ့ကျစ်ရှင်းရဲ့ မိတ်ကပ်ပညာရှင်ဖြစ်ဖူးတယ်”

“အိုး၊အော် အော်"

မုန့်ရုယန်သည် ခေါင်းငြိမ့်လိုက်သည်။ မိတ်ကပ်ပညာရှင်နှင့် သရုပ်ဆောင်များသည် နေ့ရောညပါ အတူတွဲနေရသောကြောင့် ချစ်သူများဖြစ်လာကြသည်။၎င်းသည် ဤအသိုင်းအဝိုင်းတွင် အထူးအဆန်းမဟုတ်ချေ။

"ဒါပေမဲ့ မင်းဘယ်လိုလုပ်ပြီး ရှဲ့ကျစ်ရှင်းနောက် လိုက်သွားတာလဲ"

မုန့်ရုယန်မှ မေးလိုက်သည်။

"ဒါမှမဟုတ် သူက နင့်ကို လိုက်နေတာလား၊ သူ့လိုမျိုး အချေနတ်ဘုရားက တစ်ယောက်တည်းနေရလိမ့်မယ်လို့ ငါထင်နေတာ"

“မဟုတ်ဘူး၊ ငါသူ့နောက်မလိုက်ပါဘူး”

ရှချန်းချန်းသည် ရှက်ရွံ့ဟန်ဆောင်ပြီး စကားထစ်ကာ

"အခမ်းအနားပွဲတစ်ခုမှာ ငါက သူအရက်မူးနေတာကို အခွင့်ကောင်းယူပြီး သူ့ကိုပေး..."

မုန့်ရုယန်: ? ? ?

ခဏလေး၊ မုန့်ရုယန်သည် သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ပြူးပြီး မေးလိုက်၏။

"အဲဒါက ငါထင်ထားတဲ့ အဓိပ္ပါယ်လား”

ရှချန်းချန်းသည် ရှက်ရွံ့စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။

မုန့်ရုယန်၏ မျက်လုံးများသည် ပို၍ပင် ပြူးကျယ်သွားကာ

"နင်က အစ်မကြီးပဲ၊ နင်က အရမ်းတော်တယ်" ဟု ဆိုလိုသည့် အကြည့်များဖြင့် ကြည့်နေသည်။

"ပြီးတော့ ဘာဆက်ဖြစ်လဲ"

မုန့်ရုယန်သည် nanny ကားပေါ်မှ ကွာစေ့ လက်တစ်ဆုပ်စာကို ယူလိုက်ပြီး စားသောက်နေစဉ် မေးလိုက်သည်။

ရှချန်းချန်းသည်လည်း ကွာစေ့လက်တစ်ဆုပ်စာခန့် ယူပြီး စားနေစဉ် သက်ပြင်းချရင်း

" အစက ငါ့ရဲ့ နတ်ဘုရားနဲ့ အတူတူ စမ်းကြည့်ချင်ပေမယ့် ရှဲ့ကျစ်ရှင်းက မွေးကတည်းက တစ်ကိုယ်တည်းဆိုတော့ အဲအကြံအစည်ကို ရဖို့ မမျှော်လင့်ခဲ့ဘူး၊ အဲနောက်မှာတော့ သူက ငါ့နားပဲ ကပ်နေတော့တာလေ”

မုန့်ရုယန်၏ မျက်လုံးများ တောက်ပလာပြီး ကွာစေ့ကို နှေးကွေးစွာ စားနေသည်။ သူမသည် ရှချန်းချန်းအတွက် အခွံခွာပေးပြီး

"ပြီးတော့ဘာလဲ၊ ဘာဆက်ဖြစ်တာလဲလို့ "

"ပြီးတော့ ငါထင်တာက..."

ရှချန်းချန်းသည် သက်ပြင်းချလိုက်ပြီး ခေါင်းခါလိုက်သည်

“သူက မစွမ်းဆောင်နိုင်ဘူး"

မုန့်ရုယန်:!!!

"ဒါပေမဲ့ သူ့ရဲ့ ဒီအကြောင်းကို ငါဘယ်လိုပြောရက်ပါ့မလဲ၊ ယောက်ျားတစ်ယောက်အတွက် အရမ်း နာကျင်ရတယ်လေ"

ရှချန်းချန်းသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီး

"အဲဒါကြောင့် ငါ့မျက်နှာကို ပြောင်းလဲဖို့ ရုပ်ဖျက်မိတ်ကပ်တွေကို သုံးနေရတာ"

မုန့်ရုယန်သည် ထိတ်လန့်စွာ ပါးစပ်ကိုဖွင့်လိုက်သည့်အချိန် ကွာစေ့များ ပြုတ်ကျလာသည်။

အံ့သြစရာကောင်းသည့်ဖရဲသီးပင် ဖြစ်သည်။ သူမသည် ယနေ့မှ မိတ်ကပ်ပညာရှင်ကို ငှားလိုက်သော်လည်း ချက်ချင်းပင် သူမ၌ အလွန်ကြီးမားသော ဖရဲသီးကို ရရှိခဲ့‌ပြီ ဖြစ်သည်။ ဖျော်ဖြေရေးနယ်ပယ်တွင် အံသြစရာအကောင်းဆုံး ဖရဲသီးမှာ ထိုသို့သတင်းမျိုးဖြစ်မည် မဟုတ်ပါလော။ ညီမလေး နင်က ဘယ်လိုကစားရမလဲဆိုတာ သိသားပဲ။

ရုတ်တရက် မုန့်ရုယန်သည် ရှချန်းချန်း၏ ခေါင်းကို သနားသကဲ့သို့ ကိုင်လိုက်ပြီး သူမ၏လေသံအား လေးလေးနက်နက်ထားကာ

"ကျား၊မ ဆက်ဆံရေးက အရမ်းအရေးကြီးတယ်၊ ရုပ်ရည် ဘယ်လောက်ပဲ ချောနေပါစေ အဲဒါမကောင်းရင်လည်း ဘယ်လိုလုပ်မှာလဲ၊ ညီမလေး နင်ထွက်သွားတာ သာမာန်ပါပဲ ငါသာဆိုလည်း ပြေးမှာပဲ၊ ရှဲ့ကျစ်ရှင်းကို အပြစ်တင်သင့်တယ်၊ သူက မကောင်းဘူး သူက နင့်ကို မဖြည့်စည်းပေးနိုင်ဘူး”

“ဟုတ်တယ်၊ အမှန်ပဲ "

ရှချန်းချန်းသည် ကြက်သွန်ဖြူထောင်းသကဲ့သို့ ခေါင်းငြိမ့်လိုက်သည်။

သူမ ဘာများမှာခဲ့းသနည်း။ သူမသည် မင်းသားတစ်ယောက်နှင့် လွတ်လပ်စွာ ဝေးကွာသွား‌သော ပါပါရာဇီ/မိတ်ကပ်ပညာရှင်တစ်ဦးသာဖြစ်သည်။

"ဒါပေမဲ့ ညီမလေး ရှဲ့ကျစ်ရှင်းက နင့်ကို ဒီတစ်ခါ တကယ်ချစ်သွားတာ ဖြစ်နိုင်တယ်"

မုန့်ရုယန်သည် သက်ပြင်းချလိုက်ပြီး

"နင့်အတွက်နင် သေချာစဉ်းစားကြည့်သင့်တယ်"

ရှချန်းချန်းသည် စိတ်ရှုပ်ထွေးသွားသောကြောင့် မုန့်ရုယန်၏ လက်ကိုင်ဖုန်းကို ဖွင့်သည်ကိုသာ ကြည့်နေလိုက်ပြီး မိုဘိုင်းလ်ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်လာသည်များမှာ ‘’အနုပညာသတင်းထောင် မီနာ’ မှ တင်ထားသည့် ရှဲ့ကျစ်ရှင်း၏ အချစ်ရေးအကြောင်းအတင်းအဖျင်းများသာ ဖြစ်သည်။

မျက်နှာပြင်တွင် အသံသွင်းထားသော ထုတ်လွှင့်ချက် ပေါ်လာပြီး ရှဲ့ကျစ်ရှင်းရှေ့တွင် မရေမတွက်နိုင်သော အသံဖမ်းစက်များနှင့် အနီးနားတွင် ပါပါရာဇီပရိသတ်များသည် ဝန်းရံထားသည်။

"ရှဲ့လောင်ရှီး၊ အခုနက မင်းနဲ့အတူရှိနေတဲ့ အမျိုးသမီးက ဘယ်သူလဲ"

"သူမက အနုပညာလောကထဲကလား ဒါမှမဟုတ် အပြင်ကလား"

"သူမက မင်းရဲ့ရည်းစားလား၊ ဒါမှမဟုတ် အပျော်တွဲတဲ့သူလား၊ ဒါမှမဟုတ် မင်းကို သွေးဆောင်‌နေတဲ့ မိန်းမလား”

ရှဲ့ကျစ်ရှင်းသည် ကင်မရာဘက်သို့ မျက်နှာမူနေပြီး သူ၏တည်ငြိမ်သည့် မျက်နှာထားသည် အစကတည်းက တည်ငြိမ်သော်လည်း "မင်းကို ဖြားယောင်းတဲ့ မိန်းမ" ဆိုသည့် စကားအား ကြားလိုက်ပြီးနောက်တွင် သူ၏မျက်လုံးထဲ၌ ဒေါသအရိပ်အယောင်တွေ ပေါ်လာသည်။

သူသည် မျက်လုံးများကို မော့ကြည့်ကာ စကားတစ်ခွန်းမှ မပြောဘဲ သူ့အား မေးခွန်းထုတ်ခဲ့သည့် ပါပါရာဇီကိုသာ ကြည့်‌နေသည်။

"ကျေးဇူးပြုပြီး သူမနဲ့ပတ်သတ်တဲ့ ကောလဟာလတွေကို ဗရမ်းဗတာ မပြောပါနဲ့၊ သူက ကျွန်တော့်အတွက် အရမ်းအရေးကြီးတဲ့သူတစ်ယောက်ပါ”

ဗီဒီယိုသည် ဤကဲ့သို့ အဆုံးသတ်သွားသည်။

“မင်းကိုတကယ်မကြိုက်ရင် အဲလိုမပြောဘူးမဟုတ်လား"

မုန့်ရုယန် လေးနက်စွာပြောလိုက်သည်။

သို့သော် ရှချန်းချန်းသည် နှုတ်ဆိတ်နေပြီး ဘာမှ ပြန်မပြောချေ။

ရှဲ့ကျစ်ရှင်းသည် အဘယ့်ကြောင့် ထိုသို့ဖြေခဲ့သနည်း။

မရှင်းလင်းတာများလား။

ရှချန်းချန်းသည် အကယ်၍ ရပ်ကြည့်နေသူ သို့မဟုတ် ဖြတ်သွားသူဖြစ်သည်ဟုဆိုလျှင်ပင် သူမ ယုံကြည်နိုင်သေးသည်။

သို့သော် သူမသည် ဂင်ကျာမော်လ်၏ နောက်ယောင်ခံလိုက်မှုများကို တွေ့ကြုံခဲ့ရပြီး ရှဲ့ကျစ်ရှင်းသည် သူမနောက်သို့ ကျန်ချန်းမှ ဟိန်ထျန်းအထိ လိုက်လာခဲ့သည်။

ရှဲ့ကျစ်ရှင်းသည် ယခုတွင်သူမကို သတ်ရန် စိတ်အားထက်သန်နေပြီး သူမကို ဖမ်းရန်အတွက်လည်း ကွန်ရက်များ တည်ဆောက်နေပြီ ဖြစ်သည်။

သူတို့နှစ်ယောက်ကြားတွင် မရေမရာဖြစ်စရာအကြောင်း ဘာမှမရှိချေ။

သို့သော် ရှဲ့ကျစ်ရှင်း ပြောခဲ့သည်များမှာလည်း မမှားပေ။ ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း အတွက် အလွန်အရေးကြီးသည့်သူတစ်ယောက်ဖြစ်သည်။

ကွာရှင်းပြီးနောက်ပိုင်း ပိုင်ဆိုင်မှုတစ်ဝက်ကို ရယူခဲ့ပြီး သူ၏အကြောင်းအား ဖရဲသီးတွေ အများကြီးကို သိနေသည့်အတွက် သူမသည် ရှဲ့ကျစ်ရှင်းအတွက် အဘယ်ကြောင့် အရေးမပါရမည်နည်း။

All Chapters