အခန်း (၄၇)
Vol. 5 Ch. 47
နောက်တစ်ရက် ကျန်းချန်၏ဘဏ်တံခါးဝ၌။
ဘေ့စ်ဘော့ဦးထုပ်ဆောင်းထားသည့် အမာရွတ်ရှိသည့် လူကြီးတစ်ဦးသည် ATM စက်နားမှထွက်လာခဲ့သည်။ သူဝင်သွားချိန်တွင် လက်ဆွဲအိတ်အလွတ်တစ်လုံးအား ယူဆောင်သွားသော်ညား ပြန်ထွက်လာသည့်အချိန်တွင် လက်ဆွဲအိတ်သည်ပြည့်နှက်နေလေသည်။
သူသည် volkswagen ကား၏ ကားမောင်းသူနေရာတွင်နေရာယူလိုက်ပြီး လက်ဆွဲအိတ်အားဘေးသို့ချထားလိုက်သည်။ လက်ဆွဲအိတ်သည်အနည်းငယ် ဟနေကာ ထိုဟနေသည့်နေရာတွင် ပန်းရောင်ငွေစက္ကူများနှင့်ပြည့်နှက်နေသည်ကို မြင်နေရလေသည်။
စနစ်သည် အလွန်ပင်ရှုပ်ထွေးသွားကာ
“Host အခုက မိုဘိုင်းဖုန်းနဲ့ငွေပေးချေတဲ့ခောတ်ဖြစ်နေပြီကို ဘာလို့ပိုက်ဆံအများကြီးထုတ်လာတာလဲ၊ hostကို ခြေရာခံမိသွားမှာကိုကြောက်နေတာလား၊ host ဘာလို့ကျွန်တော်ဆီက ခြေရာခံလို့မရအောင်လုပ်ပေးတဲ့ ပက်ကေ့ချ်ကို ဘာလို့မဝယ်တာလဲ၊ အဲဒါရဲ့သက်ရောက်မှုကတကယ်ကိုအမိုက်စားကြီးနော်”
အမာရွတ်ရှိသည့်ယောကျ်ားကြီး တစ်ဦးကဲ့သို့ရုပ်ဖျက်ထားသည့် ရှချန်းချန်းသည် နောက်ကြည့်မှန်အားကြည့်လိုက်ကာ သူ၏ရုပ်ဖျက်မိတ်ကပ်များအား နည်းနည်းချင်းဖျက်လိုက်ပြီး
“ငါ ခြေရာခံခံရမှာကိုကြောက်တာမဟုတ်ဘူး၊ ငါစိုးရိမ်နေတာက ရှဲ့ကျစ်ရှင်းငါရဲ့ ဘဏ်အကောင့်တွေကို ရပ်ပစ်လိုက်မှာကိုပဲ”
မပြောနိုင်ဘူးလေ သူက ရှချန်းချန်းရဲ့တရားဝင်ခင်ပွန်းဖြစ်ပြီးတော့ သူ့မှာ ကျန်းချန်ရဲ့အင်အားအကြီးဆုံး ရှေ့နေအဖွဲ့ရှိတယ် သူမှာ အဲလိုလုပ်နိုင်စွမ်းရှိမယ်ဆိုတာ အသေအချာပဲ။
ရှချန်းချန်းသည် တီဗီဒရမ်မာအချို့အားကြည့်ထားလေသည်။ ချမ်းသာသည့်သခင်ငယ်လေး အိမ်မှထွက်ပြေးသွားချိန်တွင် မိဘများသည် သူ၏ပိုင်ဆိုင်မှုများအား မပေးတော့ကာ ဆင်းရဲစွာနေထိုင်ခိုင်းလေသည်။ အကယ်၍ သူတို့သာအဓိကဇာတ်ဆောင်ဆိုလျှင် အခက်အခဲများအား ကျော်လွှားနိုင်ကာ သူတို့၏ကိုယ်ပိုင်စွမ်းရည်များနှင့်အောင်မြင် လာမည်ဖြစ်သည်။ အကယ်၍သူသာ အဓိကဇာတ်ဆောင်မဟုတ်ခဲ့လျှင် အရှက်တကွဲဖြစ်၍အိမ်သို့ပြန်သွားရမည်ဖြစ်ကာ သူရဲဘောကြောင်သူတစ်ဦးဆက်ဖြစ်နေမည်ဖြစ်သည်။
ရှချန်းချန်းသည် အဓိကဇာတ်ဆောင်မဖြစ်ချင်သကဲ့သို့ ဇာတ်ပို့လေးလည်း မဖြစ်ချင်ပေ။ ယခုအချိန်တွင်တော့ ထိုလမ်းနှစ်ခုလုံးသည် သူမအတွက်မသင့်တော်နေပေ။
သူမသည် ရှဲ့ကျစ်ရှင်းထံမှသာလွတ်မြောက်ချင်ကာ ပါပါရာဇီတစ်ဦးအနေဖြင့်သာဆက်ရှိသွားချင်သည်။
သူမ၏ဘဝအတွက်ပြေးလွှားနေချိန်တွင် ငွေစက္ကူများသည် အသုံးအဝင်ဆုံးဖြစ်ကာ ဖုန်းထဲမှသုံးခြင်းထက်လည်း ပို၍လုံခြုံလေသည်။
အမှတ် ၂၃ ယွီလင်ယွမ်အားကျော်ပြီးချိန်တွင် ရှချန်းချန်းသည် ပို၍အရှိန်တင်လိုက်ကာ တစ်လမ်းလုံးအရှိန်တင်မောင်းနှင်သွားခဲ့သည်။ နောက်ဆုံးတွင်တော့သူမသည် ကျူရှန်းကုန်တိုက် နှင့်သိပ်မဝေးသည့်နေရာမှ Maybach ထဲမှထွက်လာကာ ကျန်းချင်းထံသို့ အသိပေးစာတိုတစ်စောင်ပေးပို့ခဲ့သည်။
ပြီးနောက်သူမသည် တက္ကစီပြောင်းကာ သာမာန် volkswagen ကားအား တစ်ပတ်ရစ်စျေးကွက်မှဝယ်ယူခဲ့သည်။
နောက်ဆုံးတွင်တော့သူမသည် သူမ၏ဖုန်းထဲရှိ ဖုန်းကဒ်အားလွှင့်ပစ်ကာ ကဒ်အသစ်ဝယ်ယူခဲ့သည်။
သူမ Maybach အားမောင်းနေချိန်တွင် ရှဲ့ကျစ်ရှင်း၏ လက်အောက်ငယ်သားများ သူမ၏နောက်တွင်ပါလာနိုင်သော်ညား ယခုထိုအရာများအား လုပ်ပြီးချိန်တွင်တော့ ထိုနောက်ယောင်ခံလိုက်သူများ မသိနိုင်တော့ပေ။
“ဒါနဲ့ host နောက်ထပ်ဘယ်ကိုသွားမှာလဲ”
စနစ်မေးလိုက်သည်။
“ရှဲ့ကျစ်ရှင်းနားကထောက်လှမ်းရေးကင်မရာတစ်ခုကို ကျွန်တော် hack လိုက်တာ သူအတော်ဒေါသထွက်နေတဲ့ပုံပဲ၊ သူက host ကိုရှာဖို့ပိုက်ဆံအများကြီးသုံးပြီးသွားပြီ သူက ထိပ်တန်းအဆင့် IT အဖွဲ့ကိုကျန်းချန်ကို ခေါ်လာရုံတင်မကဘူး သူကသန်းပေါင်းများစွာသုံးပြီး host ကိုရှာဖို့အတွက် ကင်းထောက်တပ်မှုးဟောင်းကိုလည်း ငှားခဲ့သေးတယ်”
ရှချန်းချန်း: “.....”
ဗီလိန်အကြီးစားတွေရဲ့ မကောင်းတဲ့အချက်က အာဃာဏ တရားတွေချုပ်ကိုင်ထားတာပဲ။
ဝတ္ထုထဲမှာဆိုလျှင်ယခုအချိန်မှာ ကျင်ရိဖန်ကားမတော်တဆဖြစ်ပြီး သေဆုံးသွားသည့် အချိန်ဖြစ်သည်။ ရှဲ့ကျစ်ရှင်းသည် ယဲ့ရှီဝမ်အား ညှဥ်းပန်းနှိပ်စက်ပြီး ချီပိုင်ကို လက်စားချေခဲ့သည်။
သို့ပေမဲ့ ချီပိုင်နှင့် ယဲ့ရှီဝမ်သည် ရှချန်းချန်းနှင့်ပူးပေါင်းထားပြီးဖြစ်ကာ ရှဲ့ကျစ်ရှင်းအား သစ္စာဖောက်ပြီး လှည့်စားခဲ့သည့်သူမှာ သူမ ရှချန်းချန်းပင်ဖြစ်သည်။
ရှဲ့ကျစ်ရှင်းသည် ချမ်းသာကာ အားလပ်ချိန်များရှိလေသည်။ ရှဲ့လုပ်ငန်းစုသည်သူ၏လက်အောက်တွင် တည်ငြိမ်နေကာ သူကိုယ်တိုင်သည်လည်း အနားယူထားပြီး တစ်နေ့တစ်နေ့လုပ်စရာလည်းမရှိပေ။ ၎င်းသည်သူမအား နည်းအမျိုးမျိုးဖြင့် နှိပ်စက်ရန်သာဖြစ်သည်မလား။
ဝတ္ထု၏အမှောင်ညများအား သူမတွေးလိုက်မိချိန်တွင် ရှဲ့ကျစ်ရှင်းသည် ယဲ့ရှီဝမ်အား အလွန်ပင်နှိပ်စက်ညှဥ်းပမ်းခဲ့ကာ သူမအား ကိုယ့်ကိုယ်ကိုယ်သတ်သေစေချင်သည် အထိပင်ဖြစ်သည်။
ကယ်ကြပါဦး။
မဖြစ်ဘူး ငါလွတ်မြောက်မှရမယ် ငါ့ကို ရှဲ့ကျစ်ရှင်း ဖမ်းမိသွားလို့မဖြစ်ဘူး။
ရှချန်းချန်းသည် သူမ၏စိတ်အားပြင်ဆင်ထားပြီးဖြစ်ကာ သူမ၏ဖုန်းအားဖွင့်လိုက်ပြီး Buenos Airesသို့ နောက်တစ်နာရီအကြာတွင်ထွက်ခွာမည့် လေယာဥ်အား ဘိုကင်တင်လိုက်လေသည်။
Buenos Aires သည် အာဂျင်တီးနား၏ မြို့တော်ဖြစ်ကာ တရုတ်နိုင်ငံနှင့်အဝေးဆုံးနေရာဖြစ်သည်။ သူမထိုနေရာသို့ လေယာဥ်နှင့်သွားမည်ဆိုလျှင်တောင် သုံးဆယ်ငါးနာရီကြာမြင့်မည်ဖြစ်သည်။
နောက်သုံးဆယ်ခြောက်နာရီတွင် သူမသည် ကမ္ဘာတစ်ခြမ်းတွင်ရောက်နေမည်ဖြစ်ကာ နိုင်ငံခြားနိုင်ငံ၏ လမ်းမများပေါ်တွင်ရှိနေမည်ဖြစ်သည်။ သူမအား ရှဲ့ကျစ်ရှင်းဖမ်းမိသွားမည်ကို သူမအမှန်တကယ်ပင်မလိုလားပေ။
ရှဲ့ကျစ်ရှင်းသည် ရှဲ့လုပ်ငန်းစု၏ ဥက္ကဌရုံးခန်းထဲတွင် ထိုင်နေသည်။ နဂိုက ပြောင်ရှင်းနေသည့်ရုံးခန်းထဲတွင် ယခုစားပွဲခုံနှစ်ခုံသည် ယာယီရှိနေလေသည်။ ဒါဇင်နှင့်ချီသည့် IT ကျွမ်းကျင်သူများသည် ကွန်ပြူတာအရှေ့တွင်ထိုင်နေကြကာ IT ကျွမ်းကျင်သူများ၏ ကီးဘုတ်ရိုက်သံများသည် အခန်းထဲတွင် ပဲ့တင်ထပ်နေလေသည်။
သူတို့သည် ရှဲ့ကျစ်ရှင်းရှာဖွေထားသည့် ကျန်းချန်၏ အတော်ဆုံးဟက်ကာများဖြစ်သည်။ သူတို့သည် ရှချန်းချန်း၏ အချက်အလက်များရနိုင်ရန်အတွက် အများပိုင်နေရာများ၏ ကွန်ရက်များ အကောင့်များနှင့် စောင်ကြည့်ထောက်လှမ်းရေးကင်မရာများအား ဟက်နိုင်ဖို့ရာ အစွမ်းကုန်ကြိုးစားနေကြသည်။
ရှဲ့လုပ်ငန်းစု၏ skynet မျက်နှာမှတ်မိစနစ်နှင့်ပေါင်းစပ်ထားသည်။ ပြောရလျှင် အရာအားလုံးသည် သူအဖွဲ့ဝင်များနှင့် skynet ၏မျက်စိအောက်တွင် မပုန်းအောင်းနေနိုင်ပေ။
သို့ပေမဲ့ များပြားသည့်ကွန်ပြူတာကျွမ်းကျင်သူများ နှင့် စောင့်ကြည့်ကင်မရာများပြည့်နေသည့်ခေါတ်ဖြစ်ပြီး မိုဘိုင်းဖုန်းနှင့်ငွေပေးချေမှုအား တွင်ကျယ်စွာအသုံးပြုနေသည့်နိုင်ငံတွင် သူတို့သည် ရှချန်းချန်း၏အချက်အလက်များအား လုံးဝပင်ရှာမတွေ့နေပေ။
Skynet ၏မျက်နှာမှတ်မိသည့်စနစ်သည် ရှန်ချန်းချန်း အများပိုင်နေရာများသို့ ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် မှတ်မိနိုင်မည်ဖြစ်ကာ သူမဟိုတယ်များတွင် တည်းခိုနေလျှင်လည်း သူမ၏အချက်အလက်များအား သူတို့ချက်ချင်းပင် သိရှိသွားကြမည်ဖြစ်သည်။
သို့သော်ညား ရှချန်းချန်းသည် သူမကိုယ်သူမရုပ်ဖျက်ထားနိုင်လေသည်။
ပုံမှန်အားဖြင့် အလှကုန်များအား အသုံးပြုကာ အဆင့်မြင့်သည့်သူများမှာ ရုပ်ဖျက်မိတ်ကပ်များအားအသုံးပြုကြသည်။ လူတစ်ဦး၏မျက်နှာကျပုံစံ ကြွက်သားများ၏ ပုံသဏ္ဍာန်များပြောင်းသွားချိန်တွင်တော့ skynet သည်လည်း မမှတ်မိနိုင်တော့ပေ။
ထို့အပြင် သူမသည်ငွေသားအမြောက်အများအား လဲလှယ်ခဲ့ပြီး သူမ၏ဖုန်းကဒ်အားလည်း ပြောင်းလဲခဲ့သည်။ သူမ၏ဘေးတွင် အလွန်ထူးချွန်သည့် ဟက်ကာတစ်ဦးရှိနေပုံရလေသည်။ ထို့အပြင် သူမ ဝေ့ပေါ်နှင့် we chat အကောင့်များအားဝင်လျှင်ပင် ရှဲ့ကျစ်ရှင်း၏ လူများသည် သူမ၏ IP အချက်အလက်များအား ခြေရာခံ၍မရပေ။
“သူမကလုံးဝ ကင်းထောက်ဆန့်ကျင်ရေး ကျွမ်းကျင်သူပဲ”
ရှဲ့ကျစ်ရှင်း ငှားရမ်းထားသည့် ကင်းထောက်တပ်မှူးဟောင်း ဖူယန်ရုန် မှထို့သို့ကောက်ချက်ချခဲ့သည်။ ပြီးနောက် ဖူယန်ရုန် သည်လည်း ပဟေဠိဖြစ်နေခဲ့သည်
“ဘော့စ် မင်း ငါ့ကို ဒီကောင်မလေးကို ထောက်လှမ်းပေးဖို့ပြောတုန်းက သူမကဒီတိုင်း ပါပါရာဇီလေးပဲဆို”
“ပါပါရာဇီတစ်ယောက်အတွက် ဒါကပိုလွန်းမနေဘူးလား၊ ဒီလိုလူမျိုးက ပါပါရာဇီဖြစ်နေတာက လုံးဝအရည်အချင်းတွေကို ဖြုန်းတီးပစ်နေတာပဲ”
ရှဲ့ကျစ်ရှင်းသည်လည်း ထိုကဲ့သို့သံသယရှိနေလေသည်။
သူနှင့်သူ၏ အထူးလက်ထောက်ကျိုးသည် လိမ်ညာသူများကိုဖော်ထုတ်သူမှာ အဖွဲ့တစ်ဖွဲ့ဖြစ်မည်ဟု တွက်ချက်ထားကာ ထိုအသင်းထဲတွင် အနည်းဆုံးဟက်ကာတစ်ဦးပါမည်ဟု မှန်းဆထားလေသည်။
သို့ပေမဲ့ ယခုသူထင်နေသည်မှာ လိမ်ညာသူများကိုဖော်ထုတ်သူ သည် ရှချန်းချန်းတစ်ဦးတည်းသာ ဖြစ်ဖို့များနေကာ သူမ၏တွဲဖက်ဟက်ကာသည် အင်တာနက်ပေါ်တွင်သာပြောဆိုသည့် သူဖြစ်နိုင်သည်။
ထိုအတိုင်းဆိုလျှင် ကျိကျင်းဟန်၊ ချန်မင်ကျယ်၊ ချီပိုင်နှင့် ယဲ့ရှီဝမ်တို့၏ မကောင်းသတင်းများသည် ရှချန်းချန်းကိုယ်တိုင် သိရှိထားသည့်အရာများဖြစ်နေမည်လား။
“ဘော့စ်ရှဲ့ ဒီမှာတစ်ခုရှာတွေ့ပြီ”
IT ကျွမ်းကျင်သူတစ်ဦးသည် ရှဲ့ကျစ်ရှင်းနှင့် ဖူယန်ရုန် အားအော်ခေါ်လိုက်ကာ သူ၏ကွန်ပြူတာမျက်နှာပြင်သည် အဆင့်မြင့်ကလပ်တစ်ခု၏ ပုံရိပ်အားပြသနေသည်ကို တွေ့လိုက်ရသည်။
“တိဟောက် အဆင့်မြင်ကလပ်ရဲ့စောင့်ကြည့်ရေးကင်မရာက ဗီဒီယိုတစ်ခုရှိတယ်”
IT ကျွမ်းကျင်သူသည် ရှင်းပြလေသည်။
“ကျွန်တော်တို့တွေ ကျိကျင်းဟန်ရဲ့စပွန်စာ သသတင်းတွေပေါက်ကြားတဲ့အချိန်တုန်းက ဝတ်ပုံစားပုံတွေ အချိန်တွေကို သေချာခွဲခြမ်းစိတ်ဖြာကြည့်ပြီးတော့ အခု ဒီမတော်တဆဗီဒီယိုဖိုင်ကိုပြန်ရှာတွေ့ခဲ့တာပါ၊ ပြီးတော့တစ်ခြားပါတီတွေရဲ့ အချက်အလက်တွေနဲ့ နှိုင်းယှဥ်ကြည့်ပြီးတဲ့အခါကျတော့ မစ္စရှ လို့ပြောလို့ရနိုင်တဲ့ လူတစ်ယောက်ကိုရှာတွေ့ခဲ့ပါတယ်”
IT ကျွမ်းကျင်သူသည် ဖန်သားပြင်ပေါ်ရှိ စားပွဲထိုးတစ်ဦးကဲ့သို့ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးအား လက်ညှိုးထိုးကာ
“သူမရဲ့မျက်နှာကျပုံစံ အရပ်အမြင့် လက်အရှည် ခြေထောက်အရှည်တွေ လမ်းလျှောက်ပုံတွေ တွေကိုသေချာ ခွဲခြမ်းစိတ်ဖြာပြီးနောက်မှာတော့ သူမက မစ္စရှ ဆိုတာကျွန်တော်တို့သေချာပါတယ်”
ဖူယန်ရုန် သည်သူ၏မျက်လုံးအားမှေးကျဥ်းလိုက်ကာ သေချာလေးပြန်ကြည့်လိုက်ပြီးနောက် သူ၏ဖုန်းထဲရှိ ရှချန်းချန်း၏ လှပကျော့ရှင်းသည့်ကောဇောနီပေါ်ရှိ ဓါတ်ပုံနှင့်နှိုင်းယှဥ်ကြည့်ကာ ဘာမှမတတ်နိုင်စွာနှင့် သက်ပြင်းချလိုက်မိပြီး
“သူမ ရုပ်ဖျက်မိတ်ကပ်တွေကိုမလိမ်းထားပေမဲ့လည်း ဒီနှစ်ယောက်ကတော့ လုံးဝမတူညီတဲ့လူနှစ်ယောက်နဲ့တူနေတာ အမှန်ပဲ”
“အဲဒါက ခံစားချက်ပဲ”
ရှဲ့ကျစ်ရှင်း ရှင်းပြလေသည်။
“မိတ်ကပ်ကလူတစ်ယောက်ရဲ့အသွင်အပြင်ကို အတိုင်းအတာတစ်ခုအထိပဲ ပြောင်းလဲပေးနိုင်တာ၊ ထပ်ပြောရရင် အဲနေရာရဲ့အလင်းရောင်ကမှိန်ဖျော့နေပြီးတော့ တစ်ခြားသူတစ်ယောက်လို ဟန်ဆောင်နေတာက လူတွေကို လူနှစ်ယောက်ရှိနေတယ်လို့ ခံစားသွားစေနိုင်တယ်”
သူမအားပထမဆုံးမြင်လိုက်ချိန်တွင် သူမသည် သာမာန်စားပွဲထိုးတစ်ဦးဟုသာ ခံစားရစေကာ တတိယအဆင့်အနက်နှင့်အနီ အမျိုးသမီးသရုပ်ဆောင်နှင့် တွဲမြင်မိတော့မည်မဟုတ်ပေ။
IT ကျွမ်းကျင်သူသည် တိဟောက်ကလပ်၏ စောင့်ကြည့်ရေးဗီဒီယိုအားဆက်လက်ပြခဲ့သည်။ ရှဲ့ကျစ်ရှင်းနှင့် ဖူယန်ရုန်သည် သူတို့၏မျက်လုံးများနှင့်သေချာကြည့်လိုက်ကြသည်။ လင်းကျွမ် ပွေ့ဖမ်းတာခံရတော့မည်ဖြစ်သည့် ရှချန်းချန်းသည် သူမဘေးရှိ စားသုံးသူအား မသိမသာကန်လိုက်ကာ လှဲကျသွားစေပြီး ရှောင်ရှားခြင်းနှင့် အရှုပ်အထွေးများအား ဖြစ်ပေါ်စေခဲ့သည်။
သူမ၏ကန်ကျောက်ခြင်းနှင့် အိုင်ဒီကဒ်အားကောက်ယူလိုက်သည့် နေရာသည် ဘေးနားရှိပစ္စည်းများကြောင့် မထင်မရှားဖြစ်နေသော်ညား လေးခါ၊ ငါးခါမျှအရှိန်လျှော့ပြီးနောက် သဲလွန်စအချို့အား မြင်တွေ့နိုင်လေသည်။
ဖူယန်ရုန်: “....”
မင်းငါ့ကို ဒီလောက်တောင်တုံ့ပြန်မှုမြန်ဆန်တဲ့အမျိုးသမီးက ဒီတိုင်းပါပါရာဇီတစ်ယောက်ပဲလို့ ပြောချင်နေတာလား။ အခုပါပါရာဇီတစ်ယောက်ဖြစ်ဖို့အတွက် သတ်မှတ်ချက်တွေကအဲလောက်တောင် မြင့်နေပြီလား။
ရှဲ့ကျစ်ရှင်းသည် သူ၏မျက်လုံးအား အနည်းငယ်မှေးကျဥ်းလိုက်သည်။
သူ့ဇနီး၏ လျို့ဝှက်ချက်များသည် ပို၍ ပို၍ များလာလေသည်။
“တကယ်လို့သူမက ပါပါရာဇီမဟုတ်ဘူးဆိုရင်”
ရှဲ့ကျစ်ရှင်းမေးလိုက်သည်။
“ဖူလောင်ရှီ အရင်ကသူမဘာလုပ်ခဲ့မယ်လို့ထင်လဲ”
ဖူယန်ရုန် သည်သူ၏မေးစေ့အား ပွတ်လိုက်ကာ
“တကယ်လို့ မင်းသူမရဲ့စွမ်းရည်တွေကိုပြောရမယ်ဆိုရင် အဲဒါတွေကတအားမြင့်နေတာမျိုးလည်း မဟုတ်ဘူး၊ သူမကတုံ့ပြန်မှုမြန်ဆန်ပြီး ဦးနှောက်ကောင်းပေမဲ့ အဲဒါတွေက မွေးရာပါအရည်အချင်းတွေပဲ လေ့ကျင့်ထားတာမျိုးမဟုတ်ဘူး”
တိဟောက်စောင့်ကြည့်ရေးဗီဒီယိုသည် လင်းကျွမ် နှင့် ရှချန်းချန်း တို့နှစ်ဦး ၎င်းတို့၏အလုပ်သမားကဒ်များအား တောင်းဆိုနေကြသည့်နေရာသို့ ပြန်လည်ရောက်ရှိသွားသည်။
“တွေ့လား ဒီနေရာမှာဆိုရင် မစ္စရှက ကလပ်ရဲ့မန်နေဂျာကို အလုပ်သမားကဒ်ကမ်းပေးနေတဲ့ပုံပေါက်ပေမဲ့ ဒါပေမဲ့သူမရဲ့အကြည့်က မန်နေဂျာအနောက်ကလူကို ကြည့်နေတာ၊ အဲလူက ခဏနေကျရင် သူမဆီက ကန်ကျောက်ခံရမဲ့ယောက်ျားပဲ”
ထိုမြင်ကွင်းသည် မရှင်းလင်သော်ညား ရုပ်ပုံ၏ pixel များအားရှင်းလင်းအောင်ချိန်ညှိပြီးချိန်တွင်တော့ ရှချန်းချန်း၏ ဗာဒံမျက်လုံးလှည့်နေပုံကိုသေချာမြင်နေရကာ သူမ၏အကြည့်သည် လင်းကျွမ် ပေါ်တွင်နည်းနည်းမျှမရှိနေကာ စားသုံးသူများအပေါ်တွင်သာ ရှိနေလေသည်။
ဖူယင်းရုန်: “ပြောရမယ်ဆိုရင် သူမ အလုပ်သမားကဒ်ကိုပေးနေတဲ့အချိန်ကတည်းက သူမအဲစားသုံးသူကိုအကုန်ပုံချဖို့တွေးနေပြီးသားပဲ၊ ဒါပေမဲ့ သူမရဲ့လှုပ်ရှားမှုတွေကိုပြန်ကြည့်လိုက် သူမလှုပ်ရှားမှုတွေက မြန်ပေမဲ့ လေ့ကျင့်ထားတဲ့အရိပ်အယောင်မရှိဘူး၊ အမှန်ပြောရရင် အဲဒါတွေကဒီတိုင်း ပုံမှန်ကန်ချက်တွေလိုမျိုးပဲ”
“သူမကအလွယ်တကူပဲ ကန်နိုင်တာက သူမက အကြပ်အတည်းအခြေအနေတွေမှာ နေခဲ့ဖူးပြီးတော့ ဒေါသထွက်နေတာကြောင့်ဖြစ်နိုင်တယ်၊ မိတ်ကပ်အကြောင်းပြောရမယ်ဆိုရင် မစ္စတာရှဲ့ကကျွန်တော်ထက် ပိုသိပါတယ် မိတ်ကပ်သင်တန်းတစ်တန်း တက်ပြီးသင်ယူလိုက်တာနဲ့ သာမာန်လူတွေလည်း လုပ်တတ်သွားတာပါပဲ၊ ကင်းထောက်ဆန့်ကျင်ရေးစွမ်းရည်ကတော့ အဲဒါက အကဲခတ်တတ်တာအပေါ်အဓိကမူတည်တာပဲ၊ မင်းကမင်းကိုမှတ်မိနေတဲ့ပတ်ဝန်းကျင် ခြေရာလိုက်ခံနေရတဲ့အချိန်တွေကနေ ရှောင်ဖယ်ဖို့လိုတာတွေကြောင့် မဟုတ်ရင် ဘေးပတ်ဝန်းကျင်ကလူတွေဆီကနေ သင်ယူထားတာဖြစ်နိုင်တယ်၊ ပိုပြီးတော့မြင်လေလေ ပိုပြီးတော့ အကဲခတ်တတ်လာလေလေပဲ”
“ဒီလောက်ထိ ခွဲခြမ်းစိတ်ဖြာပြီးတဲ့နောက်မှာတော့ မစ္စတာရှဲ့ မစ္စရှအရင်ကဘာလုပ်ခဲ့မယ်ဆိုတာကို သိလောက်ပြီလို့ ကျွန်တော်ထင်တယ်”
ရှဲ့ကျစ်ရှင်း ခေါင်းငြိမ့်လိုက်သည်။ သူသည် သူမ၏အလုပ်လမ်းကြောင်းများနှင့် မရင်းနှီးသော်ညား ဖူယန်ရုန်၏ခွဲခြမ်းစိတ်ဖြာမှုများအား နားထောင်ပြီးနောက် သူမခန့်မှန်းမိဖို့ရာမဖြစ်နိုင်ပေ။
ထိုအဖြေမှာ ယခုဖူယန်ရုန်၏ လက်ရှိအလုပ်နှင့်ဆင်တူသော်ညား လုံးဝကွဲပြားလေသည်။
“စစ်သတင်းပေး”
ဖူယန်ရုန် ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်တယ် ကျွန်တော်လည်း အဲလိုပဲထင်တယ်၊ ဒီလိုတုံ့ပြန်နိုင်တဲ့စွမ်းရည်မျိုးက တိုက်ပွဲတွေမှာပဲလေ့ကျင့်ယူရတဲ့ အရည်အချင်းမျိုးပဲ၊ ကျည်ဆန်မိုးတွေရွာနေတဲ့အချိန်မှာ မင်းကလည်း ရန်သူတပ်စခန်းမှာ အချိန်မရွေးပိတ်မိသွားနိုင်တယ်၊ အဲဒါကအခုထက်ပိုပြီးအန္တာရယ်များတယ်၊ ကင်းထောက်ဆန့်ကျင့်ရေး စွမ်းရည် အဲအချိန်ကသူမရဲ့ပတ်ဝန်းကျင်ကသူတွေကိုကြည့်ပြီး သင်ယူခဲ့တာဖြစ်နိုင်တယ်”
“ဒါပေမဲ့”
ဖူယန်ရုန်သည် မျက်မှောင်ကြုတ်နေဆဲဖြစ်ကာ
“မစ္စရှရဲ့ အဲလို တုံ့ပြန်နိုင်တဲ့စွမ်းရည်နဲ့ ကင်းထောက်ဆန့်ကျင်ရေး စွမ်းရည်မျိုးနဲ့ဆိုရင် သူမကစစ်သတင်းပေးအဖြစ် နှစ်နှစ်၊ သုံးနှစ်လောက်လုပ်မှရမဲ့ စွမ်းရည်မျိုးတွေပဲ၊ သူမကအသက်ဘယ်လောက်ပဲရှိသေးတာလဲ နှစ်ဆယ်လေးနှစ်မလား သူမစစ်သတင်းပေးကိုဘယ်အချိန်တုန်းကလုပ်ခဲ့တာလဲ”
ရှဲ့ကျစ်ရှင်းသည် ပို၍ပင် ပဟေဠိ ဖြစ်နေလေသည်။
ဖူယန်ရုန်သည် ဖျော်ဖြေရေးနယ်ပယ်အားနားမလည်ပေ သို့သော် ရှဲ့ကျစ်ရှင်း နှင့် ရှချန်းချန်းသည် မနေ့ကလမ်းခွဲပြီးချိန်တွင် သူသည် အထူးလက်ထောက်ကျိုးအး သူမ၏အချက်အလက်များအား စုံစမ်းစစ်ဆေးရန် ပြောခဲ့သည်။
သူမစာသင်ယူလေ့လာကာ ဘွဲ့ရခဲ့ပြီး သူမ ဖျော်ဖြေရေးနယ်ပယ်အားဝင်ခဲ့သည့်အချိန်များသည် အကိုက်ပင်ဖြစ်သည်။ သူမတွင် စစ်သတင်းပေးတစ်ဦးအဖြစ်လုပ်ကိုင်ရန် မည်သည့်အချိန်ရလိုက်သနည်း။
ရှဲ့ကျစ်ရှင်းသည် သူလက်ထပ်ပြီးနောက် ရှချန်းချန်းအား ပထမဆုံးတွေ့ချိန်အား အမှတ်ရမိသည်။
ထိုနေ့သည် သူတို့နှစ်ဦး ကွာရှင်းမည့်နေ့ပင်ဖြစ်သည်။ သူတို့၏ အိမ်ထောင်ရေးအားအပြင်းအထန်ဆန့်ကျင်ခဲ့သည့် ရှချန်းချန်းသည် မထင်ထားစွာဖြင့် ထိုနေ့တွင် မကွာရှင်းပေးခဲ့ကာ သူအားအလွန်ပင်ဖော်ရွေနေခဲ့သည်။ သူမသည် သူ့အား သူမနှင့်အိပ်ချင်လားဟုပင် မေးခဲ့သည်။
ထိုအချိန်တွင် သူသည် ရှချန်းချန်းသည်ပြောင်းလဲသွားကာ ယခင်ရှချန်းချန်းနှင့်မတူတော့ဟု ခံစားလိုက်ရသည်။
ဖြစ်နိုင်တာ သူမကတကယ်ပဲမတူတော့တာများလား။
ဖူယန်ရုန်သည် ရှချန်းချန်းမည်သည့်အချိန်တွင် စစ်သတင်းပေးဖြစ်လာသည်ကို မဖော်ထုတ်နိုင်ခဲ့ပေ။ ဖြစ်နိုင်သည်မှာ ထိုအလုပ်အကိုင်မှာ ခန့်မှန်းချက်တစ်ခုသာဖြစ်သောကြောင့်ဖြစ်နိုင်လေသည်။ တုံ့ပြန်မှုစွမ်းရည်နှင့် ကင်းထောက်ဆန့်ကျင်ရေးအား တွေးကြည့်မည်ဆိုလျှင် ထိုစွမ်းရည်များအား စာအုပ်များအားဖတ်၍လည်း သင်ယူနိုင်သည်ဖြစ်ပြီး ထိုအရာများအားကြုံတွေ့ဖူးလျှင်တော့ ပို၍လွယ်ကူစွာလုပ်နိုင်ရုံသာဖြစ်လေသည်။
သိပ်မကြာခင်မှာပင်လျှင် ရှဲ့ကျစ်ရှင်း၏ IT အဖွဲ့သည် ရှချန်းချန်း၏လုပ်ဆောင်ချက်များအား ထပ်မံရှာဖွေတွေ့ရှိကာ သူတို့အားလုံးသည် ထိုအရာနှင့်ဆွဲဆောင်ခံလိုက်ရလေသည်။
ရှချန်းချန်းသည် Buenos Aires သို့တစ်နာရီအတွင်းထွက်ခွာမည့် လေယာဥ်လက်မှတ်ဘိုကင်တင်ထားလေသည်။ သူမသည် လေဆိပ်တွင် မိနစ်သုံးဆယ်ခန့် လုံခြုံရေးစစ်ဆေးခံရမည်ဖြစ်၍ ယခုအချိန်တွင် သူမလေဆိပ်သို့သွားနေပြီဖြစ်သည်။
ရှဲ့ကျစ်ရှင်းတွင် တွေးစရာအချိန်များများစားစားမရှိတော့ကာ ချက်ချင်းပင်လုပ်ဆောင်ရလေသည်။ အထူးလက်ထောက်ကျိုးအား တူညီသည့်လေယာဥ်လက်မှတ်အား အလျင်အမြန် ဘိုကင်တင်ဖို့ရာ ပြောလိုက်သည်။
အဝေးပြေးလမ်းမပေါ်ရှိ Rolls-Royce တစ်စီးသည် အရှိန်တင်မောင်းနှင်နေခဲ့သည်။ ရှချန်းချန်းနှင့်အဆက်အသွယ်ပြတ်နေသည်မှာ ဆယ့်နှစ်နာရီ တိတိရှိသွားပြီဖြစ်သည်။ ရှချန်းချန်းလေယာဥ်မထွက်ခင် သူတို့သူမအားတားနိုင်မှရမည်ဖြစ်သည်။
နာရီဝက်အကြာတွင်တော့ မီးနီများစွာဖြတ်မောင်းခဲ့သည့် Rolls-Royce သည် လေဆိပ်အဝင်တွင် ရပ်သွားခဲ့သည်။
သနားစရာလောင်မားမှာမူ ထိုနေရာပင်လျှင် ယာဥ်ထိန်းရဲတားဆီးခြင်းကိုခံလိုက်ရပြီးနောက် ရှဲ့ကျစ်ရှင်းသည်မူ ဂရုမစိုက်ပဲ လေဆိပ်ထဲသို့ အလျင်အမြန်ပြေးဝင်သွားခဲ့သည်။
လေဆိပ်ထဲတွင် လူအုပ်ကြီးဖြင့်ပြည့်ကျပ်နေကာ မည်သူသည်မည်သူဖြစ်သည်ကို မပြောနိုင်ပေ။
“မစ္စတာရှဲ့ IT အဖွဲ့ဆီကနေ နောက်ထပ်သတင်းထပ်ရပါတယ်”
ဖူယန်ရုန်ဘက်မှ သတင်းပေးခဲ့သည်။
“မစ္စရှကအခုပဲ Greenland Cape Town ပြီးတော့ New Zealand ဘက်ကိုလည်း လက်မှတ်ဘိုကင်တင်လိုက်ပါတယ်၊ အဲလေယာဥ်အားလုံးက တစ်နာရီအတွင်းမှာထွက်ခွာမဲ့လေယာဥ်တွေပါပဲ”
ဘုရားရေ လေးနေရာ လေးအရပ်မျက်နှာ အကုန်လုံးက တရုတ်ကနေဝေးတဲ့နေရာတွေချည်းပဲ။
“အဲဒါဆို သူမကဘယ်နေရာကိုသွားမှာလဲ”
ဖူယန်ရုန်သည်လည်း စိတ်ရှုပ်ထွေးနေလေသည်။ သူသည် ယခင်က ရှချန်းချန်းသည် တစ်ခဏမျှပေါ့ဆမှုကြောင့် သူမ၏ခရီးစဥ်းအားဖော်ထုတ်သွားမိသည်ဟုထင်သော်ညား သူမသည်ကောင်းစွာပြင်ဆင်ထားပြီးဖြစ်နေခဲ့သည်။
လေဆိပ်သည်လည်း အလွန်ပင်ကြီးမားလှကာ တစ်စုံတစ်ဦးအား ရှာဖွေဖို့ရာမဖြစ်နိုင်ပေ။ ပြီးလျှင်သူမသည် သူမကိုယ်သူမရုပ်ဖျက်ထားနိုင်ပြီး ရှဲ့ကျစ်ရှင်း သည် လေယာဥ်စောင့်အခန်းလေးခန်းအား ရှာဖွေပြီးသွားချိန်တွင် ရှချန်းချန်း၏ လေယာဥ်သည်ထွက်ခွာသွားပြီးဖြစ်လေသည်။
“သူမကိုရှာကြ”
ရှဲ့ကျစ်ရှင်းသည် မှုန်ကုပ်ကုပ်မျက်နှာနှင့်ပြောလိုက်သည်။
“မင်းတို့တွေ လေဆိပ်ကို အထက်အောက် ပြောင်းပြန်လှန်ပစ်ရမယ်ဆိုရင်တောင် သူမကိုရအောင်ရှာကြ”
တစ်နာရီကြာပြီးနောက် ဦးတည်ရာမတူသည့် လေယာဥ်လေးစင်းစလုံးသည် တစ်စင်းပြီးတစ်စင်းထွက်ခွာသွားခဲ့သည်။ လေယာဥ်များသည် ကောင်းကင်ပေါ်တွင်လှပသည့်တိမ်အမှတ်များအားရေးဆွဲသွားကာ နိုင်ငံရပ်ခြား သို့ပျံသန်းသွားခဲ့သည်။
နေဝင်ချိန်၏နေရောင်ခြည်အောက်တွင် Volkswagen ကားလေးသည် လေဆိပ်နှင့်ဆန့်ကျင်ဘက်နေရာသို့ ဦးတည်မောင်းနှင်နေခဲ့သည်။
ရှချန်းချန်းသည် နေကာမျက်မှန်အားဝတ်ဆင်ထားကာ သီချင်းညည်းနေရင်း အမြန်လမ်းပေါ်တွင်မောင်းနှင်နေပြီး ပျော်နေသည့်ပုံပေါက်လေသည်။
“ငါတို့တွေ အာဂျင်တီးနားကိုသွားမယ်လို့သဘောတူထားကြပြီးပြီလေ၊ Host ဘာလို့စည်းကမ်းတွေကိုမလိုက်နာတာလဲ”
စနစ်သည် ရှုပ်ထွေးနေခဲ့သည်။
“Host နိုင်ငံခြားဘက်ကိုမထွက်ဘူးဆိုရင် ငါတို့ဘယ်သွားစရာကျန်သေးလို့လဲ”
“နင်ကဘယ်လိုလုပ် နိုင်ငံခြားသွားမှာလဲ”
ရှချန်းချန်းသည် တုတ်ထိုးချိုချဥ်တစ်လုံးအားဖောက်လိုက်ကာ သူမ၏ပါးစပ်ထဲသို့ ထည့်လိုက်၍ သူမ၏အသံမှာ အနည်းငယ်တစ်မျိုးဖြစ်သွားကာ
“တကယ်လို့ငါ နိုင်ငံခြားထွက်သွားလိုက်မယ်ဆိုရင် ငါဘယ်လိုလုပ်လျို့ဝှက်ဓါတ်ပုံတွေရိုက်လို့ရတော့မှာလဲ၊ ငါဘယ်လိုလုပ်ပါပါရာဇီတစ်ယောက်ဆက်လုပ်လို့ရတော့မှာလဲ”
စနစ်:???
စနစ်သည်အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။
“ဒီလိုအချိန်မျိုးမှာ Host ရဲ့ပါပါရာဇီတစ်ယောက်အဖြစ်နေရမဲ့ မစ်ရှင်ကိုမှတ်မိနေသေးတယ်ပေါ့၊ ရှဲ့ကျစ်ရှင်းက ကျန်းချန်မှာရှိတဲ့အတော်ဆုံး IT အဖွဲ့ကိုခေါ်ထားပြီး ကျန်းချန်ကင်းထောက်အဖွဲ့ရဲ့ တပ်မှူးဟောင်းကိုပါ Host ကိုရှာဖို့ငှားထားတာနော်”
“နင်သဘောမပေါက်သေးဘူးလား”
ရှချန်းချန်းသည်သူမ၏ပါးစပ်ထဲမှ တုတ်ထိုးချိုချဥ်အားထုတ်လိုက်ကာ ပုံမှန်အတိုင်းပုခုံးတွန့်လိုက်ပြီး
“ကမ္ဘာကြီးကအကြီးကြီးပါ၊ နင်ကရှဲ့ကျစ်ရှင်းဆီကနေ နင် မလွတ်မြောက်နိုင်မှာကိုကြောက်နေတာလား”
“အဲဒါဆို Host အခုဘယ်ကိုသွားမလို့လဲ” စနစ်မှမေးလိုက်သည်။
“သေချာပေါက် တရုတ်ကနာမည်ကြီးတွေအများဆုံးနေတဲ့ နေရာကိုပေါ့”
ရှချန်းချန်းသည် ပျော်ရွှင်နေပုံရသည်။
“နာမည်ကြီးတွေအများကြီးရှိတဲ့နေရာက ဖရဲသီးတွေလည်းအများကြီးရှိနေမှာပဲ၊ ငါ့စက်ကထပ်ပြီးတော့လမ်းကြောင်းရှာလို့ရပြီ”
စနစ်: “....”
သေချာတာကတော့ ဖရဲသီးတွေကရှချန်းချန်းသဘောကျတဲ့ တစ်ခုတည်းသောအရာပဲ။
တစ်ခြားဟာတွေအကုန်လုံးကအဲဒါနဲ့ယှဥ်ရင်အနောက်မှာပဲ။
စနစ်သည် တစ်ခဏမျှတွေးလိုက်ကာ
“တရုတ်မှာနာမည်ကြီးတွေအများဆုံးရှိတဲ့ မြို့နှစ်မြို့က မြို့တော်ပေကျင်းနဲ့ စီးပွားရေးမြို့တော်ကျန်းချန်မဟုတ်ဘူးလား၊ ဒါပေမဲ့ ကျန်းချန်မှာက ရှဲ့ကျစ်ရှင်းရှိနေတယ်လေ ပေကျင်းကျတော့ ကားလမ်းကြောင်းသွားတာမှားနေပြီ Host”
ရုတ်တရက် စနစ်သည်အဝေးပြေးလမ်းမပေါ်ရှိ ဆိုင်းဘုတ်အားမြင်လိုက်ကာ တစ်ခုခုအားတွေးမိသွားလေသည်။
တစ်ခြားနေရာတစ်ခုရှိသေးလေသည်။ မချမ်းသာသော်ညား တရုတ်နိုင်ငံ၏နာမည်ကြီးများ စုနေတတ်သည့်နေရာဖြစ်သည်။
ဖျော်ဖြေရေးနယ်ပယ်၏ ဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်ရိုက်ကူးရေးအများစုသည် ထိုနေရာတွင်ရိုက်ကူးကြလေသည်။ ရှချန်းချန်း၏ သူငယ်ချင်းဟောင်းအများစုသည် ထိုနေရာတွင်ရှိနေလောက်ပြီဖြစ်သည်။
ဟိန်ထျန်း ရုပ်ရှင်ဇာတ်လမ်းတွဲများနှင့်ရိုက်ကူးရေးမြို့တော်။
လမ်းသည်ရှည်လျားကာ ညသည်ပို၍နက်မှောင်လာခဲ့သည်။
ရှချန်းချန်းသည် တစ်ပတ်ရစ် Volkswagen တစ်စီးအားဝယ်းကာ ဟိန်ထျန်း သို့ဦးတည်မောင်းနှင်သွားခဲ့သည်။ ဝန်ဆောင်မှုဧရိယာအားဖြတ်သွားချိန်တွင်တော့ ရှချန်းချန်းသည် ညစာအတွက် ကောက်ညှင်းထုပ် အားဝယ်လိုက်လေသည်။
အာဂျင်တီးနားသို့ လေယာဥ်ထွက်ခွာသွားသည်မှာ နှစ်နာရီခန့်ရှိပြီဖြစ်သည်။
ရှဲ့ကျစ်ရှင်းသည် ဒီတိုင်းပြန်မည်လား သို့မဟုတ် ရသည့်အခွင့်အရေးအားယူ၍ လေယာဥ်နှင့်အတူလိုက်ပါသွားမည်လား မသိနိုင်ပေ။
ဖုန်းသည်ရုတ်တရက်လင်းလာခဲ့သည်။ ဤသည်မှာ ရှဲ့ကျစ်ရှင်း၏ Wechat ပင်ဖြစ်သည်။
ရှကျန်းကျန်းအင်ပါယာသစ်တောဥယျာဥ်မှ လွတ်မြောက်ပြီးနောက် ရှဲ့ကျစ်ရှင်းထံမှ Wechat မက်ဆေ့ချ်လက်ခံရရှိသည့်ပထမဆုံးအကြိမ်ဖြစ်သည်။
ရှချန်းချန်းသည် စနစ်ထံမှာ ဝေ့ပေါ်နှင့် Wechat အားခြေရာခံမရသည့်ပက်ကေ့ချ်အား ဝယ်ယူထားပြီးဖြစ်၍ သူမထို app နှစ်ခုအားပုံမှန်သုံးနေလျှင်ပင် ရှဲ့ကျစ်ရှင်းသူမအား ခြေရာခံမိမည်မဟုတ်ပေ။
ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းနှင့် စကားပြောချက်ထဲသို့ဝင်လိုက်သည်။
ရှဲ့ကျစ်ရှင်း: [မင်းကိုယ့်ကိုယ် အာဂျင်တီးနားအထိခေါ်ခဲ့ပြီးပြီ မင်းအခုဘယ်မှာလဲ]
ရှချန်းချန်း: [လောင်ကုန်း ရှင်အာဂျင်တီးနားကိုသွားနေတယ်ဆိုပြီးတော့ ရှင်ဘယ်လိုလုပ် လေယာဥ်ပေါ်ကနေ Wechat မက်ဆေ့ချ်ပို့လို့ရနေတာလဲ]
ရှဲ့ကျစ်ရှင်း: [အဆင့်မြင့်လေယာဥ်အတန်းမှာ ဝိုင်ဖိုင်ရှိတယ်]
ရှချန်းချန်း: [ဟီးဟီး ကောင်းတာပေါ့ သုံးဆယ်ငါးနာရီခရီးစဥ်မှာ ရှင်မပျင်းအောင် ဇာတ်ကားကြည့် ဇာတ်လမ်းတွဲကြည့်ပြီးနေနော်]
ရှဲ့ကျစ်ရှင်း: [မင်းအခုထိကျန်းချန်မှာပဲလား]
ရှချန်းချန်း: [မှန်းကြည့်လေ]
ရှဲ့ကျစ်ရှင်း: [မင်းကျန်းချန်ကနေထွက်သွားရဲမယ်ဆိုရင် ကိုယ်ကိုယ့်ရဲ့ဘိုးဘွားတွေကို မြေမြုပ်ပစ်မယ်]
“ဟွန့်” ရှချန်းချန်းသည် မကျေနပ်စွာနှုတ်ခမ်းဆူလိုက်ကာ ပုံတစ်ပုံအားပြင်လိုက်ပြီး ပို့လိုက်လေသည်။
ရှချန်းချန်း: [လောင်ကုန်း ရှင်ကအပြောကြမ်းပြီး နှလုံးသားနုတယ်ဆိုတာ ကျွန်မ သိပါတယ်၊ ရှင်အရှုံးပေးမှာမဟုတ်ဘူး ဟုတ်တယ်မလား]
သူမပို့လိုက်သည့်ပုံမှာ ကွမ်ကျုံး ရှဲ့ကျစ်ရှင်းအား တက်နင်းနေသည့်ပုံပင်ဖြစ်သည်။
ရှဲ့ကျစ်ရှင်း: [....]
နူးညံ့သည့်ဆိုဖာပေါ်ရှိ လက်မောင်းတင်သည့်နေရာတွင်တင်ထားသည့် သူ၏လက်အား အားဖြင့်ဆုပ်လိုက်ကာ သူ၏လက်ခုံတွင် သွေးကြောများပင်ပေါ်လာခဲ့သည်။
သူသည် ရှချန်းချန်းအား ခြောက်လှန့်ချင်ရုံဖြစ်ကာ ယခုတွင်တော့သူသည် ကွမ်ကျုံးအား မြေမြုပ်ဖို့ရန် အင်အားများရှိသွားလေသည်။
စနစ်သည် မကူကယ်နိုင်စွာဖြင့် ဝင်ပြောလိုက်သည်။
“Host၊ ကျွန်တော် Host ကိုသတိပေးချင်တာလေ Host ကိုယ် Host မသတ်သေမချင်း Host ကမသေနိုင်ဘူးနော်၊ ဘာမှမလုပ်ရင် ဘယ်လိုမှမသေနိုင်ဘူးလေ အဲဒါကိုဘာလို့ ဒုက္ခခံပြီးသေဖို့လမ်းရှာနေရတာလဲ”
“နင်ဘာတွေကြောက်နေတာလဲ”
ရှချန်းချန်းသည် ဂရုမစိုက်ပေ။
“Buenos Aires ကိုသွားတာက သုံးဆယ်ငါးနာရီကြာမှာလေ ပြီးတော့အဲဒါက အသွားနဲ့အပြန်တင်ကို သုံးလေးရက်အချိန်ကြာသွားမှာလေ၊ အဲအချိန်လောက်ဆိုရင် ငါက ဟိန်ထျန်းရဲ့လူအုပ်တွေကြားထဲမှာ ပျောက်သွားလောက်ပြီ၊ ရှဲ့ကျစ်ရှင်းငါ့ကိုဖမ်းချင်နေသေးရင်တောင်မှာ ဘယ်လိုမှဖမ်းလို့မရတော့ဘူး”
စနစ်သည်တုန့်ဆိုင်းသွားကာ “အဲလိုဆိုပေမဲ့လည်း မတော်တဆ”
*
*
ထိုအချိန် ကျန်းချန်လေဆိပ်တွင်၌။
ရှဲ့ကျစ်ရှင်း သည်လေဆိပ်အပြင်ဘက် လမ်းဘေးတွင်ရပ်ကာ ကောင်းကင်ပေါ်ရှိတောက်ပနေသည့်ကြယ်များအားကြည့်လိုက်ရင်း ရံဖန်ရံခါ လေယာဥ်များပျံသန်းသွားမှုကြောင့် လေထုထဲတွင်အသံများတဖျပ်ဖျပ်ထွက်နေလေသည်။
ဖုန်းမျက်နှာပြင်သည် ရှချန်းချန်းနှင့်စကားပြောchatထဲတွင် ဝင်ထားဆဲဖြစ်သည်။
သူ၏ဘေးတွင် အပြစ်ရှိစိတ်ခံစားနေရသည့် ဖူယန်ရုန်ရှိနေလေသည်။
“တောင်းပန်ပါတယ် မစ္စတာရှဲ့၊ ငါတို့ မစ္စရှ ကိုလေယာဥ်မထွက်ခင်ရှာနိုင်ဖို့ကျရှုံးသွားခဲ့ပါတယ် ဒါကကျွန်တော်တို့အမှားပါ”
“ငါတို့တွေ သူမကိုမရှာနိုင်တာကပုံမှန်ပါပဲ”
ရှဲ့ကျစ်ရှင်းသည် အေးဆေးစွာပြောလိုက်သည်။
“သူမကလေဆိပ်ကို လာကိုမလာခဲ့တာပဲ”
“မလာခဲ့ဘူး”
ဖူယန်ရုန်သည် အံ့ဩသွားခဲ့သည်။
“သူမလေယာဥ်လက်မှတ် လေးခုဘိုကင်တင်ခဲ့တာက လှည့်စားခဲ့တာပေါ့”
ရှဲ့ကျစ်ရှင်း ခေါင်းငြိမ့်လိုက်သည်။
သူသည် ကနဦးတွင်မသေချာခဲ့သော်ညား ယခုစကားပြောချက်မှတစ်ဆင့် သူ၏အတွေးများအား အတည်ပြုနိုင်ခဲ့သည်။
ရှချန်းချန်းသည် မည်သည့်နေရာမှမသွားခဲ့ပေ။
ယခုတွင် သူမသည် ကျန်းချန်ထဲတွင်ရှိနေဆဲဖြစ်သည်။
သို့ပေမဲ့ သူမ မကြာခင်လျှင်ထွက်သွားတော့မည်ဖြစ်သည်။
ဖူယန်ရုန်သက်ပြင်းချလိုက်ကာ
“ဒါပေမဲ့ မစ္စရှကတရုတ်ပြည်ထဲမှာပဲဆိုရင်တောင်မှ တရုတ်ပြည်ကတအားကြီးလွန်းတယ်၊ သူမကိုရှာဖို့ကလွယ်မှာမဟုတ်ဘူး”
ကျစ်ရှင်းသည် သူ၏ဖုန်းအားဖွင့်လိုက်ပြီး လိမ်ညာသူများကိုဖော်ထုတ်သူ၏ဝေ့ပေါ်အားဖွင့်လိုက်သည်။
ရုတ်တရက် သူတစ်ခုအားတွေးမိသွားကာ သူ၏မျက်လုံးထဲတွင် ထက်မြက်မှုများ တောက်ပသွားခဲ့သည်။
“တကယ်တော့ သူမဘယ်ကိုသွားမယ်ဆိုတာကို မှန်းရတာသိပ်မခက်ပါဘူး”
ရှချန်းချန်းမည်သည့်နေရာကိုထွက်သွားမည်အား ရိုးရိုးရှင်းရှင်းတွေးကြည့်ဖို့ရာ မလွယ်ကူပေ။
သို့ပေမဲ့ သူမသည် ပါပါရာဇီတစ်ဦးဖြစ်ကာ အန္တရာယ်များလျှင်ပင် သူအနားတွင်နေမည်ဖြစ်ကာ အတင်းအဖျင်းတစ်ခုအား ဖော်ထုတ်ရန်အတွက် အခွင့်အရေးအားစောင့်နေမည်ဖြစ်သည်။
ထိုအချက်အားတွေးမိဖို့ရန် သိပ်မခက်ပေ။
ပါပါရာဇီတွေကဘယ်ကိုသွားရတာကြိုက်တာလဲ။
သေချာပေါက် နာမည်ကြီးတွေများတဲ့နေရာကိုပေါ့။
“သူမသွားမဲ့ နေရာနှစ်ခုပဲရှိတယ်”
ရှဲ့ကျစ်ရှင်းပြောလိုက်သည်။
“ပိုင်ချန် နဲ့ ဟိန်ထျန်းပဲ”
ဟိန်ထျန်းသည် ကျန်းချန်နှင့်ပို၍နီးကာ ထိုသို့သွားရန် လေးနာရီသာကြာမြင့်မည်ဖြစ်သည်။ ဟိန်ထျန်းအားအရင်သွား၍ ပိုင်ချန် သို့ဆက်သွားခြင်းသည် သမားရိုးကျ ထွက်ပြေးလွတ်မြောက်သည့်လမ်းကြောင်းပင်ဖြစ်သည်။
“ဟိန်ထျန်းကိုသွားကြရအောင်”
တစ်နေကုန် မှုန်သုန်နေသည့် ရှဲ့ကျစ်ရှင်း၏မျက်နှာသည် ယခုတွင်တော့အရိပ်အယောင်ပင်မမြင်ရတော့ကာ
“တစ်ချိန်တည်းမှာပဲ ငါအာဂျင်တီးနားကိုသွားမယ်ဆိုတဲ့သတင်းကို လူထုဆက်ဆံရေးဌာနကနေသတင်းလွှင့်ခိုင်းလိုက်ပါ၊ ငါထင်တာမမှားရင် ငါတို့သူမကိုဟိန်ထျန်းမှာ မကြာခင်တွေ့ရလောက်တယ်”
*
ဟိန်ထျန်းတွင် နေထွက်လာကာ နေမင်းကြီးသည်လင်းလက်စွာတောက်ပနေလေသည်။
ရှစ်နာရီတွင် ဟိန်ထျန်းရှိ လူအုပ်ကြီးနှင့်လူအုပ်အငယ်လေးများသည် အလုပ်ရှုပ်နေကြပြီဖြစ်ကာ သရုပ်ဆောင်များသည် မိတ်ကပ်များလိမ်းချယ်နေကြပြီဖြစ်ကာ စတိတ်ဝန်ထမ်းများသည်လည်း ပြင်ဆင်နေကြပြီဖြစ်သည်။ ဤနေရာ၏ ငှားရမ်းခမှာ ကြောက်ခမန်းလိလိစျေးကြီးကာ စတိတ်ဝန်ထမ်းများသည်လည်း ရိုက်ကူးရေးအားတတ်နိုင်သမျှစောပြီးနိုင်ရန် အချိန်နှင့်အပြိုင်အလုပ်လုပ်နေရလေသည်။
လုံ့လဝီရိယရှိပြီး ကုန်ကျစရိတ်သက်သာသည့် အဖွဲငယ်လေးများသည် ယခုအချိန်တွင် ဇာတ်ဝင်ခန်းသုံးလေးခုအား ရိုက်ကူးသွားပြီဖြစ်သည်။
ရှချန်းချန်းသည် ဝီရိယမရှိပေ။
သူမနိုးလာသည့်အချိန်တွင် နေ့လည်ဆယ်နှစ်နာရီပင်ထိုးနေပြီဖြစ်သည်။
မနေ့ညက လေးနာရီကျော်ခန့်ကားမောင်းခဲ့ပြီးနောက် ရှချန်းချန်းသည် ဟိန်ထျန်းသို့ရောက်ရှိခဲ့သည်။ စနစ်သည်သူမအား motorhome ဝယ်ဖို့ရာကူညီပေးခဲ့ပြီး ကျန်းချန်လိုင်စင်နံပါတ်ပြားနှင့် Volkswagen အား ပြန်လည်ရောင်းထုတ်ရန်ကူညီပေးခဲ့သည်။ရှချန်းချန်းသည် ပစ္စည်းတော်တော်များများအား ထုတ်ပိုးခဲ့ပြီး motorhome ထဲရှိ သက်တောင့်သက်သာရှိသည့်အိပ်ရာပေါ်တွင် မနက်သုံးနာရီကျော်လောက်မှသာ အိပ်လိုက်ရလေသည်။
(T/N - motorhome ဆိုတာ အိမ်လိုမျိုး ကားပါ)
ဤအိပ်ရာမှာ ယွီလင်ယွမ်ရှိ နှစ်သန်းတန် အိပ်ရာမျှတော့မကောင်းပေ။ သို့ပေမဲ့ သူမ၏ယခင်ဘဝ ရှချန်းချန်းပါပါရာဇီတစ်ဦးဖြစ်ခဲ့ချိန်တွင် သူမသည်ခြုံပုတ်ထဲတွင် ခုနစ်ရက်ရှစ်ရက်မျှထိုင်နေမည်ဖြစ်ပြီး ယခု motorhome ရှိနေခြင်းမှာမူ ကောင်းမွန်သည်ဟုပြောရမည်ဖြစ်သည်။ ထိုသေးငယ်သည့် motorhome တွင် အိပ်ခန်း သန့်စင်ခန်း မီးဖိုချောင် အကုန်ရှိလေသည်။ motorhome သည် သူမဟိုတယ်တွင်နေလျှင် သူမ၏ အိုင်ဒီကဒ်ဖြင့် ဝင်ရမည့် ပြဿနာအားဖြေရှင်းပေးလိုက်ခြင်းဖြစ်သည်။
ဆေးကြောသန့်စင်ပြီးချိန်တွင် ရှချန်းချန်းသည် သူမ၏ဆံပင်အားထုံးလိုက်ကာ သူမ၏ပါးစပ်ထဲသို့ ပေါင်မုန့်အနည်းငယ်ထည့်လိုက်ပြီး ကွန်ပြူတာဖြင့်ရှာဖွေဖို့ရာ ရိုးရှင်းသည့် ထမင်းစားစားပွဲခုံပေါ်တွင်ထိုင်လိုက်လေသည်။
လပ်တော့ပ်သည်လည်း အသစ်ဝယ်ထားခြင်းဖြစ်သည်။ လပ်တော့ပ်အဟောင်းသည် beetle တွင်ကျန်ခဲ့သည်ဖြစ်ကာ ရှချန်းချန်းသည် ထိုလပ်တော့ပ်အားပြန်ယူဖို့ရာအချိန်မရှိခဲ့ပေ။ ကံကောင်းစွာဖြင့် သူမသည် သူမ၏ပါပါရာဇီအချက်အလက်များအား cloud နှင့် USB ထဲတွင်အကုန် ကူးယူထားပြီးဖြစ်သည်။
သူမ ကွန်ပြူတာအားဖွင့်လိုက်ချိန်တွင် သူမမနေ့ညကရေးထားသည့် “သရုပ်ဆောင်ရှဲ့၏လျှို့ဝှက်အိမ်ထောင်ရေး” စာတမ်းသည် ဖန်သားပြင်ပေါ်တွင်ပေါ်လာခဲ့သည်။
ရှချန်းချန်းသည် ထိုစာတင်းအား ထပ်ခါထပ်ခါ စစ်ဆေးခဲ့သည်။
သူမတွင် ရှဲ့ကျစ်ရှင်းနှင့်ပတ်သက်၍ နောက်ထပ်အတင်းများရှိသေးပါသော်ညား တွေးတောကြည့်ပြီးနောက်တွင် သူမတစ်ခုတည်းအားအာရုံစိုက်ထားလျှင်ပို၍ ကောင်းမည်ဟု တွေးလိုက်လေသည်။
လျှို့ဝှက်အိမ်ထောင်ရေးသတင်းသည် ယခုအချိန်တွင် ဖော်ထုတ်ဖို့ရာအကောင်းဆုံးသတင်းဖြစ်သည်။
ထိုစာတမ်းထဲတွင် ရှချန်းချန်းသည် တော်တော်များများအားထည့်ထားကာ သူမတို့အိမ်ထောင်ရေး၏ လက်ထပ်စာချုပ်ကဲ့သို့အရာများဖြစ်သည်။
ဥပမာပြောရလျှင် ရှချန်းချန်းအား ကွမ်ကျုံး ယောက်ကျူနှင့် ပထမဆုံးမိတ်ဆက်ပေးချိန်တွင် သူမသည် ယွီလင်ယွမ်ထဲတွင် ရှဲ့ကျစ်ရှင်းနှင့်အတူ ဖယောင်းတိုင်မီးနှင့်ညစာစားခြင်း။
ဥပမာပြောရလျှင် လင်ယွီဗီလာ၏ဂိတ်ဝတွင် ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းအား မထင်မှတ်ထားစွာလာကြိုခြင်း။
ဥပမာပြောရလျှင် ယွီလင်ယွမ်ထဲတွင် ရှဲ့ကျစ်ရှင်းသည်သူမ၏ ဒေါက်ဖိနပ်ပွန်းသွားသည့် ခြေဖနောင့်အား ဂရုတစိုက်ဆေးလိမ်းပေးခြင်း၊ သူမ၏ခရမ်းရောင်ပွဲတက်ဝတ်စုံအား ဇစ်ဆွဲပေးခြင်းနှင့် ရုပ်မြင်သံကြားခန်းထဲတွင် သူမအိပ်ပျော်နေချိန်တွင် သူမအားချီ၍ သူမအခန်းထဲသို့ ပြန်သယ်သွားခြင်း။
ရှချန်းချန်းပင်လျှင် လွန်ခဲ့သည့်လအနည်းငယ်အတွင်း သူမနှင့်ရှဲ့ကျစ်ရှင်းတွင် ထိုမျှအမှတ်တရများစွာရှိခဲ့မည်ဟု မထင်ခဲ့ပေ။
ထိုအရာများသည် ထိုနှစ်ဦးအား ခင်ပွန်းသည်နှင့်ဇနီးဖြစ်သည်ကို သက်သေပြနိုင်ကာ သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ချစ်မြတ်နိုးကြသည့်ပုံပေါက်လေသည်။
ထိုအရာအားဖော်ထုတ်လိုက်သည်နှင့် ဖျော်ဖြေရေးနယ်ပယ်တစ်ခုလုံး အလန့်တကြားဖြစ်သွားကြမည်ဖြစ်သည်။
စနစ်: “ host ကျွန်တော်တွက်ချက်ကြည့်လိုက်တာအရဆိုရင် အခုကဖော်ထုတ်ပစ်လိုက်ဖို့အကောင်းဆုံးအချိန်ပဲ၊ ရှဲ့ကျစ်ရှင်းက အခုအချိန်အွန်လိုင်းပေါ်မှာ ဇာတ်လမ်းတွဲအသစ်မရှိနေသေးပေမဲ့ အပန်းဖြေဘဝနှင့် ရှဲ့ညစာစားပွဲရဲ့ ကော်ဇောနီပုံတွေကသူရဲ့ အလွန်အမင်းကျော်ကြားမှုကိုထိန်းထားပေးပါတယ်”
“ပြီးတော့ host လည်း ရှဲ့မိသားရဲ့ ညစာစားပွဲ ကော်ဇောနီကြောင့်မလို့ ရေပန်းစားနေတာ၊ အခုလေးမှာပဲ အင်တာနက်သုံးစွဲသူတွေက ပြည်တွင်းဖျော်ဖြေရေးလောကက ရေပန်းအစားဆုံး မင်းသမီးလေးယောက်ကို ပြန်လည်မဲပေးနေကြတယ်၊ host မှာ ကြေညာအလုပ်တွေမရှိပေမဲ့လည်း host ရဲ့ရုပ်ရည်လေးနဲ့ ထိပ်တန်းလေးယောက်ထဲသို့ဝင်သွားခဲ့ပါတယ်”
စနစ်သည် တွက်ချက်လိုက်ကာ “ထိပ်တန်းသရုပ်ဆောင်နဲ့ နာမည်ကြီးတဲ့လူသစ်သရုပ်ဆောင်မင်းသမီးတို့က ဆက်ဆံရေးတစ်ခုရှိနေကြတယ်၊ လုံးဝကိုမထင်ထားစရာပဲ ဒါကဒီအချိန်အတွင်းမှာ အမိုက်ဆုံးအတင်းအဖျင်းဖြစ်မှာအသေအချာပဲ”
ပြီးလျှင် ရှဲ့ကျစ်ရှင်းသည် အာဂျင်တီးနားသို့သွားမည့် လေယာဥ်ပေါ်တွင် ရှိနေဦးမည်ဖြစ်သည်။ ထိုအရာအားယခုဖော်ထုတ်လိုက်လျှင် သူ့တွင်တုံ့ပြန်ဖို့ရာအချိန်ရှိမည်မဟုတ်ပေ။ သူပြန်လာ၍ ရှင်းပြမည့်အချိန်တွင် အတင်းအဖျင်းသည် နှစ်ရက်မျှထွက်သွားပြီဖြစ်ကာ လူတော်တော်များများသိပြီးကြပြီဖြစ်သည်။
စနစ်သည် ထိုအရာအား များစွာသောစမ်းသပ်မှုများအပြီးတွင် ရှချန်းချန်း၏ လိမ်ညာသူများကိုဖော်ထုတ်သူအကောင့်သည် ဂုဏ်သိက္ခာအမှတ် ငါးသန်းခန့်ရရှိနိုင်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ထိုအမှတ်သည် အကောင့်၏အမြင့်ဆုံး ဂုဏ်သိက္ခာအမှတ်ဖြစ်လေသည်။
“အနာဂတ်မှာ အခုလောက်ကောင်းတဲ့ အခွင့်အရေးမျိုးမရှိနိုင်တော့ဘူး”
စနစ်သည် ရှချန်းချန်းအား စိတ်လှုပ်ရှားသည့် အသံနှင့်ပြောလိုက်သည်။
ရှချန်းချန်း၏လက်သည် ထိရမည့်နေရာတွင်ရှိနေပါသော်ညား သူမသည် ပေးပို့ရန်ခလုတ်အားမနှိပ်ပေ။
“ငါခံစားနေရတာ စာတမ်းကသိပ်မကောင်းနေဘူးလို့ထင်တယ်”
ရှချန်းချန်းသည်အနည်းငယ် တွေဝေနေလေသည်။
စနစ်: ???
စနစ်: “ host ဘာလို့တွေဝေနေသေးတာလဲ၊ host ရဲ့အဆင်မပြေတဲ့အချိန်တုန်းကတောင် host ရဲ့ကိုယ်ပိုင် အတင်းအဖျင်းတွေကို လွင့်ခဲ့သေးတာပဲမလား”
ရှချန်းချန်းသည် အတည်ပြောလိုက်သည်။
“ဒါပေမဲ့ စာတမ်းကမကောင်းနေဘူးလေ၊ ငါ့ရဲ့မီဒီယာဆရာက အဲဒါကပထမတန်းစားသတင်းမျိုးဖြစ်နေရင်တောင် တတိယအဆင့်တုံ့ပြန်မှုပဲရမှာလို့ပြောဖူးတယ်၊ ဒါကတတိယအဆင့်စာတမ်းပဲ အဲဒါကြောင့် ငါ့ကိုစဥ်းစားခွင့်လေးပေးပါဦး စဥ်းစားခွင့်လေးပေးပါဦး”
ရှချန်းချန်းသည် ထိုသို့ပြော၍ ကွန်ပြူတာအားပိတ်လိုက်လေသည်။
စနစ်: “...”
ဘယ်စာတမ်းကမကောင်းတာလဲ။ အရင်တုန်းကတော့ ဗီဒီယိုတင်လိုက်လို့ရတယ် ဒါပေမဲ့ အခုစာတမ်းကအရမ်းအသေးစိတ်ကျတယ်လေ ငြင်းခုံမှုတွေ ပြီးတော့ သက်သေတွေကလည်း ရှင်းလင်းတယ် အဲဒါကိုတောင်မှာ host က စာတမ်းကမကောင်းဘူးလို့ပြောနေသေးတာလား။
“host တစ်ခုခုမှားနေပြီ”
စနစ်သည် အတည်ပေါက်ပြောလိုက်သည်။
“host ဒီနေ့တစ်ခုခုတော့တကယ်ကြီး မှားနေပြီ၊ host ဒါက host ရဲ့ပုံစံမဟုတ်ဘူးလေ”
ရှချန်းချန်းသည် အရှက်ရကာ သူမ၏နှာခေါင်းအား ထိလိုက်လေသည်။
“အဲဒါက ဒီတိုင်းငါ့မှာ တစ်ခြားရှူထောင့်တွေကနေ ကြည့်ဖို့လိုသေးလို့ပါ၊ ငါအခုဒီအချိန်မှာတော့ မသေနိုင်သေးဘူး ဒါကလုံးဝအကြီးစားကြီးပဲ ဒီလိုအကြီးစားဖရဲသီးကြီးကို ဖော်ထုတ်ပြီးသွားရင် လူတွေကငါတို့နောက်ဖော်ထုတ်မဲ့ ဖရဲသီးတွေကိုကျတော့ ဘာမှမဟုတ်ဘူးလို့ထင်သွားလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် ငါတို့တွေက ဟိန်ထျန်းမှာပဲလေ၊ ငါတို့တွေတစ်ခြားဖရဲသီးတွေကိုအရင် ဖော်ထုတ်လို့ရပါတယ်”
စနစ်သည် မျက်မှောင်ကြုတ်လိုက်ကာ
“ငါ့ကို အရူးမလုပ်ပါနဲ့ ငါဝတ္ထုကိုထပ်ခါထပ်ခါဖတ်ထားပြီးပြီ၊ ပြီးတော့ ငါဘယ်အပိုင်းပိုကိုမှမကျော်ခဲ့ဘူး အဲတော့ဘာဖရဲသီးတွေရှိသေးလို့လဲ”
ရှချန်းချန်းသည် ယုံကြည်ချက်အပြည့်ရှိနေကာ
“အဲဒါဆို နင်ကအဆင့်မှီတဲ့ ပါပါရာဇီတစ်ယောက်မဖြစ်သေးဘူးပဲ၊ နင့်မှာအနံ့ခံအာရုံလေးတောင်မရှိဘူး တကယ်လို့ငါသာ ဟိန်ထျန်းမှာအတင်းအဖျင်းရှိနေတာကိုမသိဘူးဆိုရင် ငါဘာလို့ဟိန်ထျန်းကိုလာရမှာလဲ”
စနစ်၏မျက်လုံးများလင်းလက်သွားကာ
“ဘယ်လိုအတင်းအဖျင်းမျိုးလဲ ငါ့ကို မြန်မြန်ပြောပြပါဦး”
ရှချန်းချန်းသည် လိမ္မာပါးနပ်စွာပြုံးလိုက်ကာ
“ဥပမာဆိုရင် ပန်းလေးပွင့်ထဲက မုန့်ရုယန် ရဲ့မိသားစုအကြောင့်အတင်းအဖျင်းဆိုရင်ရော”