← Chapters

အခန်း (၄၈)

Vol. 5 Ch. 48

အခန်း (၄၈)

Vol. 5 Ch. 48

မုန့်ရုယန်သည် အသက် ၂၇ နှစ်အရွယ် ပြည်တွင်းဖျော်ဖြေရေးနယ်ပယ်တွင် ရေပန်းအစားဆုံး မင်းသမီးလေးယောက်ထဲမှ တစ်ဦးဖြစ်သည်။

မင်းသမီးလေးယောက်ထဲ၌ မုန့်ရုယန်သည် သန်မာပြီး သိမ်မွေ့သည့် နှင်းဆီရိုင်းကဲ့သို့ ကမ္ဘာပေါ်တွင် လှပခြင်း၏ ဂုဏ်ရောင်ဝါကို ပေါ်လွင်စေသည်။

သူမ၏ပုံစံသည် ရှချန်းချန်းနှင့်အနည်းငယ်ဆင်တူပြီး အသွင်အပြင်မှာ ချွတ်စွပ်တူနေခြင်းမျိုးတော့ မဟုတ်ပေ။ သူမ၏ပြင်းပြသောအလှသည် ရင့်ကျက်သောအမျိုးသမီးများကဲ့သို့ နူးညံ့သိမ်မွေ့၍လှပပြီး ရှချန်းချန်း၏အလှသည် ဖြူစင်၍ကြည်လင်လှပလေသည်။

လတ်တလောတွင် မုန့်ရုယန်သည် ဟိန်ထျန်းတွင် နန်းတော်ဒရမ်မာတစ်ခုဖြစ်သည့် "Niuhulu Raiders" ကို ရိုက်ကူးလျက်ရှိသည်။ ထိုကားတွင် သူမသည် ဆွဲဆောင်မှုရှိ၍ ချစ်စရာကောင်းပြီး အဖျက်သဘောဆောင်သော ကိုယ်လုပ်တော်အဖြစ် သရုပ်ဆောင်ထားသည်။

(T/N- ဇာတ်ကားနာမည်မလို့ Eလို ထားခဲ့လိုက်ပါတယ် )

ရှချန်းချန်းသည် ရိုက်ကွင်းသို့ရောက်သောအခါ နေ့လည် သုံးနာရီထိုးနေပြီဖြစ်သည်။ မုန့်ရုယန်သည် ကျန်ချန်းတွင် ကြေညာကိစ္စတစ်ခုကြောင့် ဗြာများနေပြီး ဟိန်ထျန်းမြို့သို့ရောက်ရှိရန် နောက်ထပ်တစ်နာရီခန့်ကြာမြင့်ဦးမည်ဖြစ်သည်။

အရံသရုပ်ဆောင်များ၊ ပရိသတ်များနှင့် ပရိသတ်အသစ်များအပါအဝင် "Niuhulu Raiders" ၏အပြင်ဘက်တွင် လူများ ပြည့်နှက်နေသည်။

ရှချန်းချန်းသည် သူမကိုယ်သူမ သုံးဖက်မြင်နှင့် နက်ရှိုင်းသော မျက်နှာအသွင်အပြင်ကို ဖုံးကွယ်ရန်အတွက် မျက်အိတ်များ ပုံဖော်ခဲ့ပြီး ပါးပြင်များကို ဖယောင်းမိတ်ကပ်(skin wax)ဖြင့် ဖြည့်ခဲ့သည်။ ထို့နောက် သူမသည် ကင်မရာကို ယူကာ ပရိသတ်များအဖွဲ့သို့ ဝင်ရောက်လာခဲ့သည်။

သူမသည် Skynet ၏စောင့်ကြည့်မှုကိုရှောင်ရှားရန်အတွက် ဖယောင်းမိတ်ကပ်ကို အသုံးပြုခြင်းဖြစ်သည်။ ရှဲ့ အမည်ခံအောက်ရှိ Skynet စနစ်သည် မျက်နှာအတည်ပြုမှုစနစ်ကို အဓိကအသုံးပြုသည်။ ကျန်ချန်းမြို့၏ ပြည်သူ့လုံခြုံရေးဗျူရိုကပင်လျှင် ဤစနစ်ကို အသုံးပြု‌ပေသည်။

ထို့ကြောင့် ရုပ်ဖျက်မိတ်ကပ်သည် မရှိမဖြစ်လိုအပ်သည်။

ရှချန်းချန်းသည် ပရိသတ်တစ်စုနှင့် ရောနှော၍ နာရီဝက်ကျော် ထိုင်နေခဲ့သည်။ဤ‌နေရာသည် ရိုက်ကွင်းနှင့် အနည်းငယ်လှမ်း‌သောကြောင့် လျို့ဝှက်ချက်များသည် တိုးတိတ်စွာပင်ရှိနေသေးသည်။ သူမသည် ယခုထိ မည်သည့်ပုံမျှမရိုက်ကူးရသေးပေ။သူမ ဝင်ရောက်ကြည့်မှရပေမည်။

ထိုအချိန်တွင် သူမ၏ဘေးနားရှိ မိန်းကလေးပရိသတ်ငယ်လေးသည် ရှချန်းချန်းအား သတိပြုမိသွားသည်

“ညီမလေး၊ နင်ရော ယန်ယန်ရဲ့ ပရိသတ်လား”

ရှချန်းချန်း၏လက်တစ်ဖက်သည် မုန့်ရုယန်ကိုအားပေးသော ပရိတ်သတ်များအားဝေပေးသည့် ပန်ကာအသေးလေးတစ်ခုကို ကိုင်ဆောင်ထားပြီး နောက်တစ်ဖက်သည် ကင်မရာကိုကိုင်ဆောင်ထားသည်။ သူမသည် မုန့်ရုယန်၏ အမာခံ ပရိသတ်တစ်ဦးဟု မထင်မှတ်ချင်စရာ မရှိချေ။

ရှချန်းချန်းသည် မျက်လုံးပင့်၍ ရင်းနှီးဟန်ဆောင်လိုက်သည်။

"ဟုတ်တယ်၊ ဒါပေမဲ့ ကျွန်မ ဒီမှာ ဝင်ထိုင်တာ ဒါပထမဆုံးအကြိမ်ပါ၊ နင်ကရော ပရိသတ်ပဲလား”

ထိုပရိတ်သတ်သည် ချက်ချင်း စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်ပြသည်။

“ငါ ယန်ယန်ရဲ့ အမာခံပရိသတ်ဖြစ်လာတာ သုံးနှစ်ရှိပြီ ငါ့နာမည်က လုကျောင်းကျောင်းပါ၊ နင်ဒီမှာ ထိုင်နေတာကိုတွေ့တော့ နင်က ပရိတ်သတ်အသစ်ဖြစ်မယ်လို့ ငါထင်လိုက်တာ”

ရှချန်းချန်း၏ မျက်လုံးများ တောက်ပလာသည်။

"ဒီနေ့ အင်ပါယာသစ်တောဥယျာဉ်မှာ ရိုက်ကူးရေးရှိတယ် မဟုတ်ဘူးလား၊ ဝန်ထမ်းတွေ အကုန်လုံး ဒီကနေ ဝင်လာတာကို ငါမြင်တယ်၊ ယန်ယန်လည်း ဒီကနေပဲ ဝင်လာမယ်ထင်တယ်"

လုကျောင်းကျောင်းလှည့်ကြည့်လိုက်သောအခါ ရိုက်ကွင်းတွင် သတင်းထောက်များနှင့် ပါပါရာဇီ အများအပြား ရှိနေသည်ကို တွေ့လိုက်ရသည်။

သူမသည် ရှချန်းချန်း၏လက်ကိုဆွဲလိုက်သည်။

"ငါနဲ့အရင်လိုက်ခဲ့"

နှစ်ယောက်သားသည် အရှေ့တံခါးအနားသို့ လျှောက်လာကြပြီး လမ်းသေးသေးလေးထဲသို့ ဝင်လာကြသည်။ လမ်းလျှောက်နေစဉ် လုကျောင်းကျောင်းသည် ရှင်းပြသည်။

"ယန်ယန်က အနောက်တံခါးကနေ ဖြတ်သွားတာကို ငါတို့ပရိသတ်တွေနဲ့ ပရိတ်သတ်ဟောင်း အနည်းငယ်ပဲ သိကြတာ၊ ရိုက်ကွင်းမှာ ထိုင်နေကြတဲ့ သတင်းထောက်တွေနဲ့ ပါပါရာဇီတွေမှ အများကြီးပဲ၊ ယန်ယန်က ပါပါရာဇီတွေကို သိပ်မုန်းတာ၊ အဲဒါကြောင့် အမြဲတမ်း အနောက်တံခါးကနေပဲ ဖြတ်သွားတာ"

ရှချန်းချန်း: "..."

"ဘာပဲဖြစ်ဖြစ် နင်က ပါပါရာဇီမဟုတ်ဘူးဆို‌တော့ နင့်ကို ဒီကို ခေါ်လာလို့ ရပါတယ်"

လုကျောင်းကျောင်းသည် ထိုသို့ပြောပြီးနောက် ရှချန်းချန်းအား ငုံ့ကြည့်သည်။

“ညီမလေး၊ နင်က ပါပါရာဇီ မဟုတ်ဘူးမလား"

ရှချန်းချန်းသည် ခါးမတ်လိုက်ပြီး တည်ကြည်စွာ ပြန်ပြောသည်

"ဒါပေါ့၊ ငါက ယန်ယန်ရဲ့ ပရိသတ် အသစ်‌လေးပါ၊ ယန်ယန်ကို အရမ်းကြိုက်တာ ငါကသူနဲ့ ဓါတ်ပုံအတူတွဲရိုက်ချင်ရုံပါ၊ ဘယ်လိုလုပ် ပါပါရာဇီ ဖြစ်ရမှာလဲ"

စနစ်- "..."

မိနစ်အနည်းငယ်ကြာ လမ်းလျှောက်ပြီးနောက် လုကျောင်းကျောင်း နှင့် ရှချန်းချန်း တို့သည် အင်ပါယာသစ်တောဥယျာဉ်၏ ရိုက်ကွင်း အနောက်တံခါးထံသို့ ရောက်လာကြသည်။

ထို‌နေရာတွင် ပရိတ်သတ်များ ဒါဇင်နှင့်ချီ၍ စုနေကြသည်။ မုန့်ရုယန်၏ များပြားသည့် ပရိသတ်များအပြင် အခြား ဇာတ်ပို့သရုပ်ဆောင်များ၏ ပရိတ်သတ်အချို့လည်း ရှိနေကြသည်။ အဖွဲ့သားများနှင့်အတူ တွဲရိုက်ထားသည့် ဓာတ်ပုံများနှင့် အလုပ်ရှိ သူတို့၏ အဓိက ဇာတ်ကောင် ဓာတ်ပုံများကို မျှဝေရင်း လူတိုင်း ဆက်ဆံရေးအဆင်ပြေနေကြသည်။

"အား၊ မင်းအရင်တုန်းက လေဆိပ်မှာ ယန်ယန်နဲ့အတူ ဓာတ်ပုံရိုက်ခဲ့တာ အရမ်းလှတာပဲ"

“အဲဓာတ်ပုံကို ကျွန်တော် wallpaper အဖြစ် အမြဲထားထားတာ၊ ဘယ်လို တည်းဖြတ်ရမှာလဲ သင်ပေးပါ၊ နောက်တစ်ကြိမ် အဲလို တည်းဖြတ်ချင်လို့"

"ငါ့မိန်းမိန်းက အလှဆုံးပဲ၊ ‘’Niuhulu Strategy’ ရဲ့မိတ်ကပ်ဓာတ်ပုံတွေကလည်း အရမ်းလှတယ်။ နောက်ကျမှ ဓာတ်ပုံနည်းနည်းရိုက်ရမယ်”

"+1+1+1 ဘာလဲဟ၊ ရှချန်းချန်းက ရုပ်ရည်အရ ပြည်တွင်း ဖျော်ဖြေရေးလုပ်ငန်းရဲ့ ထိပ်တန်းမင်းသမီးတဲ့၊ သူမက အခွံ့သက်သက်ကြီးဟာကို၊ ငါတို့ရဲ့မိန်းမိန်းလေးကသာ ရုပ်ရည်မှာ ပြည်တွင်းဖျော်ဖြေရေးလောက ထိပ်တန်းမင်းသမီးအချောလေး"

"ဟုတ်တယ်၊ ရှချန်းချန်းက ရုပ်လှ‌ပေမဲ့ စိတ်မလှဘူး၊ ငါတို့မိန်းမိန်းက အရမ်းကိုညပ်ညောပြီး တပ်မက်ချင်စရာကောင်းအောင် လှတာ၊ သူမက ရှချန်းချန်းထက်တောင် ပိုတော်တယ် အိုကေ"

လူကိုယ်တိုင်ကြားနေရသော ရှချန်းချန်း- "..."

မုန့်ရုယန်ကိုမူ ချီးကျူးနေပြီး ထိုပရိသတ်များသည် အဘယ့်ကြောင့် သူမကို ဆွဲချနေကြသနည်း။

မကောင်း‌တော့ဘူး၊ မကောင်းတော့ဘူး။

သို့သော် အရည်အချင်းပြည့်မီသော ပါပါရာဇီတစ်ယောက်အနေဖြင့် ရှချန်းချန်းသည် ဤအရာများနှင့်ပတ်သက်၍ ပြန်လည်ချေပမည်လော။ လုံးဝမဖြစ်နိုင်ချေ၊ သူမသည် ပရိတ်သတ်များထက်ပင်ပို၍ စိတ်လှုပ်ရှားစွာ အော်ပြောပစ်မှာပင် ဖြစ်သည်။

"မှန်တယ် ယန်ယန်က အလှဆုံးပဲ၊ ရှချန်းချန်းက အကျင့်မကောင်းဘူး ငါတို့ ယန်ယန်နဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ၊ ယန်ယန်က ပိုကောင်းတယ်၊ ပိုကောင်းတယ်"

စနစ်: "??"

ထို့မျှမက‌သေး သူမသည် မုန့်ရုယန်၏ ပရိသတ်ဖြစ်ကြောင်း သက်သေပြနိုင်ရန်နှင့် မုန့်ရုယန်၏ ပရိသတ်များအဖွဲ့တွင် ဝင်ရောက်နိုင်ရန်အတွက် ရှချန်းချန်းသည် ရှဲ့မိသားစု၏ ညစာစားပွဲတွင် မိုက်ခရိုကင်မရာဖြင့် ရိုက်ထားသော မုန့်ရုယန်၏ ဓာတ်ပုံများကိုလည်း ထုတ်ဖော်ပြသခဲ့သေးသည်။

ဓာတ်ပုံတစ်ပုံသည် မုန့်ရုယန်ကိတ်မုန့်များကို တိတ်တိတ်လေး စားနေသည့်ပုံဖြစ်သည်။

ထိုပုံတွင် ရှချန်းချန်းသည် ဘူဖေးဧရိယာတွင် ကိတ်မုန့်စားနေချိန် မုန့်ရုယန်သည်လည်း စပွန်ဆာပေးထားသော ထမင်းစားခန်းသို့ တိတ်တဆိတ် လာသည်ကိုမြင်ခဲ့ပြီးနောက် ကိတ်မုန့်ငါးခုကို စားနေသော မုန့်ရုယန်ကို မြင်လိုက်ရ၍ ရိုက်ထားလိုက်ခြင်းဖြစ်သည်။

မုန့်ရုယန်သည် ရှချန်းချန်း၏ပုံကို သတိပြုမိသည့်အချိန်တွင် သူမ၏လှပသောမျက်နှာ‌လေးသည် နီရဲသွားပြီး ကိတ်မုန့်လေးကို နောက်သို့ အမြန်ဝှက်ထား၍ အော်ပြောလိုက်သည်။

"နင်ဘာကြည့်တာလဲ၊ ကြည့်ပါဦး ချောမောလှပတဲ့မိန်းမတစ်ယောက် ကိတ်မုန့်စားနေတာကို နင်မမြင်ဖူးဘူးလား"

ရှချန်းချန်း: "..."

ချောမောလှပသော အမျိုးသမီးတစ်ဦးသည် ကိတ်မုန့်အသေးငါးလုံးကို တစ်လုပ်တည်းစားသည်ကိုတော့ သူမ တစ်ခါမျှ မမြင်ဖူးချေ။

ထိုပုံကို ရှချန်းချန်း၏ မီနီကင်မရာအသေးလေးဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

လုကျောင်းကျောင်းနှင့် အခြားပရိသတ်များမှ ပုံကိုမြင်သောအခါ သူတို့၏မျက်လုံးများ ပြူးကျယ်သွားကြသည်။

"အားး၊ ငါတို့ ယန်ယန်လေးက ဘယ်လိုတောင် ချစ်ဖို့ကောင်းတာလား"

"သူမက အစာကို ကာကွယ်နေတဲ့ ကြောင်လေးကျနေတာပဲ၊ ဒီလိုချစ်စရာကောင်းတဲ့ ယန်ယန်ကို ပထမဆုံးအကြိမ်တွေ့ဖူးတာပဲ၊ ညီမလေး နင် ဓာတ်ပုံရိုက်ရတာ အရမ်းတော်တာပဲ"

“အစ်မမှာ ဓါတ်ပုံဘယ်နှစ်ပုံရှိလဲ ကျွန်မ ပက်ကေ့ချ်နဲ့ ဝယ်လို့ရမလား ဟင်၊ အိုး ယန်ယန်ရဲ့ ဒီပုံတွေက အရမ်းချစ်စရာကောင်းတယ်"

“ငါတို့မိန်းမိန်းက အချောဆုံးပဲ"

...

ရုံရှိ ညီအစ်မများသည် ပစ္စည်းအသစ်များအကြောင်း ဆွေးနွေး‌နေကြပြီး ရုံတွင် တင်ရန် ဓာတ်ပုံများ စုစည်းမှုများ တည်းဖြတ်နေကြစဉ် nanny car တစ်စီးသည် ရိုက်ကွင်း၏ တံခါးဝ‌ရှေ့တွင် လာရပ်သည်။

"အဲဒါ ယန်ယန်လား" တစ်ယောက်ယောက်မှ မေးလိုက်သည်။

"မဟုတ်ဘူး၊ “Niuhulu Raiders" ရဲ့ ဒုတိယမြောက် အမျိုးသမီး ဇာတ်ဆောင် လင်းရှောင်လား မသိဘူး”

ပရိသတ်များ ဆွေးနွေးနေစဉ် လင်းရှောင်သည် ကားပေါ်မှပင် ဆင်းနေပြီဖြစ်သည်။

သူမသည် မိတ်ကပ် ခပ်ပါးပါးသာ လိမ်းခြယ်ထားပြီး သူမ၏ ချောမောလှပသော မျက်နှာပေါ်တွင် ပါးနီနှစ်ဖက်မှာ ထင်းလင်းနေသည်။ သူမသည် နူးညံ့၍ ချစ်စရာကောင်းပြီး သိမ်မွေ့သော ချစ်စဖွယ်မိန်းကလေးသဖွယ် ဖြစ်နေသည်။

ကားပေါ်မှ ဆင်းပြီးသည်နှင့် လင်းရှောင်သည် သူမ၏ ပတ်ဝန်းကျင်ရှိ ပရိသတ်များကို ယဉ်ကျေးသိမ်မွေ့စွာ နှုတ်ဆက်ခဲ့ပြီး ပရိသတ်များ၏ နှလုံးသားကို အရည်ပျော်သွားစေခဲ့သည်။

"ဝူး ဝူး ဝူး၊ ကောင်မလေးရေ၊ မားမားကိုကြည့်ပါဦး၊ ဒီဘက်ကို တစ်‌ချက်‌လောက်ကြည့်ပါဦး"

"ဒီနေ့ကောင်မလေးက ပိုတောင်လှနေတယ်၊ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ နတ်သမီးလေးကျနေတာပဲ၊ ငါသူ့ကို ထိချင်လိုက်တာ"

"သမီးလေးမှာ ဟိုတလောက ပရိသတ်တွေ အများကြီးရှိ‌နေပြီကြားတော့ မေမေ စိတ်သက်သာရာရသွားပါပြီ သမီးရယ် လာပါဦး၊ အသဲလေးရေ”

လင်းရှောင်နှင့် ယဲ့ရှီဝမ်တို့သည် အနုပညာလောကထဲတွင် တူညီသောလမ်းကြောင်းအတိုင်း လျှောက်လမ်းနေကြပြီး နှစ်ဦးစလုံးသည် အတော်လေး ဖြူစင်သော အချစ်ဦးမျက်နှာရှိကြသည်။ သို့သော် ယဲ့ရှီဝမ်သည် စောလျင်စွာ ပွဲဦးထွက်ခဲ့ပြီး ပို၍နာမည်ကြီးသည်။ လင်းရှောင်သည် နောက်မှတက်လာသူဖြစ်ပြီး သူမကို မကျော်လွန်နိုင်‌ချေ။

မကြာသေးမီအထိ ယဲ့ရှီဝမ်သည် ဂုဏ်သိက္ခာများ ကျဆင်းသွား‌သောကြောင့် ယဲ့ရှီဝမ်ကို စိတ်ပျက်သွားသော ပရိသတ်အများစုသည် လင်းရှောင်ဘက်သို့ လှည့်လာကြသည်။ လင်းရှောင်အား ယဲ့ရှီဝမ်၏ အစားထိုးအဖြစ် လာရောက်အားပေးခြင်းသည် လင်းရှောင်၏တန်ဖိုးကို များစွာတိုးမြင့်စေသည်။

ရှချန်းချန်းသည် ယခင်က သူမ စုံစမ်းခဲ့သော အချက်အလက်များကို ပြန်စဉ်းစားကြည့်လိုက်သည်။ လင်းရှောင်သည် ဖျော်ဖြေရေးနယ်ပယ်တွင် အမြဲတမ်း နာမည်ကောင်းရခဲ့သည်။ တစ်ခုတည်းသော ချို့ယွင်းချက်မှာ သူသည် အချစ်ရူးရူးနေသူဖြစ်ပြီး တစ်ခါတစ်လေ အချစ်အတွက် သရုပ်ဆောင်ခွင့်အချို့ကို စွန့်လွှတ်တက်သောကြောင့် အနုပညာ ပရိသတ်တစ်ချို့ စိတ်ပျက်ရုံမျှသာဖြစ်သည်။ သို့သော် လင်းရှောင်၏ မိသားစုနောက်ခံသည် မဆိုးလှပေ။ သရုပ်ဆောင်ခြင်းသည်လည်း ဝါသနာပါသောကြောင့် များများစားစားပြောဆိုခြင်း မရှိကြပေ။

လင်းရှောင်သည် ကားပေါ်မှဆင်းပြီး ခဏအကြာတွင် လူငယ်တစ်ယောက်သည်လည်း ကားပေါ်မှ ဆင်းလာသည်။

သူသည် အနက်ရောင်ဝတ်စုံ၊ အနက်ရောင်မျက်နှာဖုံးနှင့် အနက်ရောင်ဘေ့စ်ဘောဦးထုပ်ကို ၀တ်ဆင်ထားပြီး သူ၏ပြန့်ကျဲနေသော ဆံစလေးများသည် မျက်လုံးကိုကွယ်ထားပြီး ပရိသတ်များအား အေးစက်၍ လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်များကို ပေးစွမ်းနေသည်။

ထိုမျက်လုံးတစ်စုံကို ကြည့်လိုက်ရုံဖြင့် ရှချန်းချန်းသည် ချောမောသောလူဖြစ်လိမ့်မည်ဟု ခံစားမိသည်။

သူ၏အသွင်အပြင်သည် ကျင်ရိဖန်ထက် မနိမ့်နေပေ။

သို့သော် သူ၏ပတ်ဝန်းကျင်ရှိ ပရိတ်သတ်များသည် လူငယ်လေးကိုတွေ့ပြီး ရွံရှာသည့်အမူအရာများ ပြုလုပ်ခဲ့ကြသည်။

"မိုယွီထျန်လား၊ ရိုက်ကူးရေးအဖွဲ့သားတွေက သူ့ကို ဘာလို့ ဒီကို ဖိတ်တာလဲ"

"သူက တတိယမြောက် အမျိုးသားဇာတ်ဆောင်လို့ ကြားတယ်၊ အဖွဲ့သားတွေကလည်း သူ့ကို တတိယမြောက် အမျိုးသားဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ခွင့်ပေးဖို့ တကယ်ကို တွန့်ဆုတ်နေကြတယ်"

"ဒီလိုအမှိုက်မျိုး ဖျော်ဖြေရေးနယ်ပယ်ထဲကနေ ထွက်သွားနိုင်မလား “

"အခုထွက်သွား‌ပေးပါ၊ သူက ယန်ယန် နဲ့ ရှောင်ရှောင်တို့ကို နှောင့်ယှက်မှာကြောက်မိတယ်"

…

သူတို့အထဲတွင် အမှန်တရားကိုမသိသေးသော ပရိတ်သတ်အသစ်တစ်ယောက်မှ ထမေးလေသည်။

“ဒီမောင်လေးက အရမ်းချောမယ်ထင်တာပဲ၊ နင်တို့ သူ့ကို ဘာလို့အရမ်းမုန်းနေတာလဲ သူ့မှာ အမဲစက်တွေများရှိလို့လား"

"နင်မသိဘူးလား" ပရိသတ်များသည် တစ်ခဲနက်ရှင်းပြသည်။

“မိုယွီထျန် က "Xian Lian" မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပွဲဦးထွက်သရုပ်ဆောင်ခဲ့တာလေ၊ အစကတော့ အရမ်းအလားအလာကောင်းတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပေမယ့်လည်း သူ့ရဲ့အဖေက မုဒိမ်းကျင့်သမားဆိုတာကို သိပ်မကြာသေးမီခင်က ထုတ်ဖော်သိခဲ့ရတာလေ”

"မိုယွီထျန် နဲ့ ပတ်သက်ပြီး ငါ့မှာ ဘာထင်မြင်ချက်မှ မရှိဘူး၊ ဒါပေမဲ့ ဒီလိုလူမျိုးက ကြယ်ပွင့်မဖြစ်သင့်ဘူး ဒါက တကယ်ကို ရွံရှာစရာပဲ"

"မိုယွီထျန် သာမန်လူတစ်ယောက်ဖြစ်တာကို ငါ မကန့်ကွက်ဘူး၊ ဒါပေမဲ့ ဖျော်ဖြေရေးနယ်ပယ်ကို မလာပါနဲ့၊ သန့်ရှင်းပြီး ပြစ်မှုမရှိတဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ပရိတ်သတ်တစ်ယောက်ပဲဖြစ်ချင်တယ်၊ အဲဒါက ငါ့အတွက် ခက်ခဲနေလို့လား"

"အို ဘုရားရေ၊ လင်းရှောင်နဲ့ မိုယွီထျန်တို့က ဇာတ်လမ်းထဲမှာ စုံတွဲရိုက်ရမှာတဲ့၊ လင်းရှောင် က အချစ်ကိုစွဲလမ်းနေတာ မိုယွီထျန်ရဲ့ အရူးမလုပ်ခံရပါ‌စေနဲ့"

"ဝူး ဝူး ဝူး ကောင်မလေးရေ မင်းသတိထားရ‌တော့မယ်၊ မင်း ချစ်ချင်ရင် ရှဲ့ကျစ်ရှင်းနဲ့ ကျင်ရိဖန်လိုမျိုး ပိုကောင်းတဲ့ တစ်ယောက်ကိုသာ ရွေးလိုက်ပါ၊ မိုယွီထျန်ကိုတော့ မရွေးလိုက်ပါနဲ့"

….

ပရိတ်သတ်များသည် ထိုစကားကို အသံခပ်ကျယ်ကျယ် ပြောဆိုနေကြသည်။

တံခါးငယ်လေးထဲသို့ လှမ်းဝင်ပြီးသား မိုယွီထျန်သည် ရုတ်တရက် ရပ်လိုက်ပြီး ပရိသတ်များကို ပြန်လှည့်ကြည့်လိုက်သည်။

မူလက အေးစက်တိတ်ဆိတ်နေသည့် မျက်လုံးတစ်စုံသည် အနည်းငယ်ပို၍ ပြင်းထန်လာပြီး အတင်းပြောနေသော ပရိသတ်များအားလုံးကို ချက်ချင်း တိတ်ဆိတ်သွား‌စေခဲ့သည်။

သို့သော် ပရိသတ်များကြားထဲတွင် သူ့အားပြောနေသူသည် မည်သူဖြစ်မည်ကို သူ မပြောနိုင်ချေ။ နောက်ထပ် အနည်းငယ် ကြည့်လိုက်ပြီးနောက် မိုယွီထျန်သည် ခေါင်းပြန်လှည့်၍ ဘေ့စ်ဘောဦးထုပ်ကို လျှော့ချကာ ရိုက်ကွင်းထဲသို့ လျှောက်သွားခဲ့သည်။

ဆယ်မိနစ်ခန့်အကြာတွင် နောက်ထပ် nanny car တစ်စီးသည် အနောက်တံခါး၌ လာရပ်သည်။

တံခါးပွင့်လာပြီး ချောမောလှပသော မုန့်ရုယန်သည် ပရိတ်သတ်များ၏အကြည့်များအောက်တွင် nanny car ထဲမှ ဖြည်းညှင်းစွာထွက်လာခဲ့သည်။ ရှချန်းချန်းသည် မုန့်ရုယန်မှာထက်မြက်ပြီး အရိပ်အကဲသိသူဖြစ်ကြောင်း သတိရမိသည်။

ယခင်တုန်းက သူမ၏ လေဆိပ်၌ ရိုက်ထားသော ပုံများသည် အလွန်‌ခေတ်စားသွားသေးသည်။ ထိုပုံများထဲတွင်သူမသည် ချောမောလှပသည့် မျက်နှာနှင့် ဆွဲဆောင်မှုရှိသည့် အသွင်အပြင်ကို ပြသခဲ့သည်။

သိူ့သော် ယနေ့တွင် သူမသည် ပေါ့ပေါ့ပါးပါး အိမ်တွင်း၀တ်စုံကိုသာ ဝတ်ဆင်ထားပြီး လက်နှစ်ဖက်၌ နေရောင်ကာသည့် လက်အိတ်များကို ဝတ်ဆင်၍ တစ်ကိုယ်လုံးကို တင်းတင်းကြပ်ကြပ် ဖုံးအုပ်ထားသည်။

မုန့်ရုယန် ပေါ်လာသည်နှင့် ချက်ချင်းပင် ပရိသတ်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

"အား ယန်ယန်၊ ငါရဲ့မိန်းမိန်း‌လေး၊ ချစ်တယ် ချစ်တယ်"

"ငါ့မိန်းမိန်းလေးက အရမ်းလှပြီး ဖြူဖွေးနေတာပဲ၊ မင်းကို မွမွပေးပါရစေ"

“ဝိုး၊ ယန်ယန်ကအရမ်းတော်တာပဲ၊ သူမက ၃၆၅ ရက်မှာ ရက်ပေါင်း ၃၆၀ လောက်ကို အလုပ်ကြိုးစားတယ်”

...

မုန့်ရုယန်သည် ပါပါရာဇီများအပေါ် အလွန်ရိုင်းစိုင်းသော်လည်း သူမသည် ပရိသတ်တိုင်းကို အလေးအနက်ထား၍ ဓာတ်ပုံရိုက်ကာ လက်မှတ်ထိုးပေးနေသည်။

"တို့က အလုပ်မကြိုးစားပါဘူး၊ ရှင်လေးတို့နဲ့ ဒီမှာနေဖို့ ကြိုးစားနေတာ"

“တို့ရဲ့အလှကို တန်ဖိုးထားပြီး TV ကြည့်‌ပေးရုံပါပဲ၊ တို့က လက်တွေ့ဘဝကလို ဖန်သားပြင်ပေါ်မှာ မလှပေမယ့် ရပါတယ်၊ ရိုက်ကွင်းအထိ လာကြည့်စရာ မလိုပါဘူး~"

"အရံပစ္စည်းတွေအတွက်လည်း ပိုက်ဆံသုံးဖို့မလိုပါဘူး၊ ထောင်ဆယ်ချီတန်တဲ့ပစ္စည်း ဒီပစ္စည်းတွေက တို့ကို ပိုလှစေမှာမှမဟုတ်ဘဲ အဲငွေတွေကို ရှင်လေးတို့မိဘကို ထောက်ပံ့ဖို့နဲ့ ရှင်လေးတို့ရဲ့အလုပ်အတွက်ပဲ သုံးသင့်တယ်”

ဒါဇင်ပေါင်းများစွာသော ပရိသတ်များ စုဝေး‌နေကြပြီး မုန့်ရုယန်သည် သူတို့အား တစ်ယောက်ချင်းစီ လက်မှတ်ရေးထိုးပေးနေခဲ့သည်။

လက်မှတ်ရေးထိုးပြီးချိန်တွင် အေးဂျင့် ချန်းကော သည် တက်လာပြီး ပရိသတ်များကို လာရောက်တားဆီးခဲ့သည်။

“အိုကေ လက်မှတ်လည်းထိုးပြီးပြီ၊ ဓာတ်ပုံတွေလည်းရိုက်ပြီးပြီ၊ ယန်ယန်၊ မင်းရိုက်ကူးရေးစဖို့အချိန်ရောက်ပြီ၊ မင်းနောက်ကျရင် ဒါရိုက်တာက မင်းကို ထပ်ပြီးပြောဆိုနေလိမ့်မယ်"

ဘေးနားရှိ ပရိတ်သတ်များသည် ချက်ချင်းပြောဆိုကြသည်။

"သွားပါ ယန်ယန်"

"အပြင်ကနေ အားပေးနေမယ်နော်"

"ဗိုက်ဆာရင် သည်းမခံနဲ့၊ ကိတ်မုန့်စားလို့ ဝလာရင်တောင် ငါတို့အပြစ်မဆိုပါဘူး"

“ကိတ်မုန့်ငါးလုံးကို တပြိုင်တည်းစားတာက ဘာမှမဖြစ်ပါဘူး”

မုန့်ရုယန်၏မျက်နှာသည် မူလက ယုံကြည်မှုအပြည့်ရှိခဲ့သော်လည်း ထိုစကားများကိုကြားလိုက်ရသောအခါတွင် သူမ၏နားများသည် ရုတ်တရက်နီရဲလာခဲ့သည်။

ရှဲ့မိသားစု၏ ညစာစားပွဲတွင် သူမ ကိတ်မုန့်အသေးငါးခုစားတာကို ပရိသတ်များ မည်သို့ သိသွားကြသနည်း။

သို့သော် သူမ နောက်ထပ် မစုံစမ်းနိုင်သေးခင်မှာ သက်တော်စောင့်များသည် လမ်းဖွင့်ထားပြီး မုန့်ရုယန်အား ခေါ်သွားခဲ့သည်။

ထိုအချိန်တွင် လုကျောင်းကျောင်းသည် ဟန်ချက်ပျက်သွားကာ ရှေ့တန်းရှိ ပရိတ်သတ်တစ်ဦးမှ မတော်တဆ တွန်းထုတ်ခြင်းကိုခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့ဘေးရှိ ကျောက်တုံးနှင့် ထိမိသွားသောကြောင့် လက်မောင်းတွင် ဒဏ်ရာရသွားလေသည်။

မုန့်ရုယန်သည် ရိုက်ကွင်းသို့ ဝင်ရောက်ရန် အဆင်သင့်ဖြစ်ခဲ့သော်လည်း ထိုမြင်ကွင်းကို မြင်သည့်အခါ ချက်ချင်းပြန်လှည့်လာပြီး လုကျောင်းကျောင်းကို ကိုယ်တိုင် သွားကူညီ‌ပေးခဲ့သည်။

"အဆင်ပြေရဲ့လား၊ ရှင်အလည်ရောက်လာပြီး ထိခိုက်မိသွားတော့ ကျွန်မရင်ထဲမကောင်းဘူး"

သူမသည် စိုးရိမ်နေပုံရပြီး ပရိသတ်များအတွက် တွေးနေပုံရသည်။ နောက်တစ်စက္ကန့်တွင် သူမသည် စကားလွှဲသွားသည်

“ရှင်က ကျွန်မရဲ့ မျက်နှာလှလှလေးကို ဝမ်းနည်းစေချင်တာလား”

ရှချန်းချန်း: ???

စနစ်: ???

အနီးနားပတ်ဝန်းကျင်ရှိ ပရိသတ်များသည် အမှားအယွင်းကို လုံးဝသတိမထားမိဘဲနှင့် သနားစိတ်ဖြင့်သာ ပြောဆိုနေကြသည်

“အဲလို အဖြစ်မခံနိုင်ပါဘူး”

ချောမောလှပသည့် မိန်းကလေးတစ်ယောက် ဝမ်းနည်းနေသည်ကို မည်သို့ကြည့်ရက်မည်နည်း။ ဝမ်းနည်းတိုင်း သူမသည် အဘယ့်ကြောင့် ကြည့်ရဆိုးမည်နည်း။ (T/N ဝမ်းနည်းလည်း လှနေသေးသည်)။ လုံးဝမဖြစ်နိုင်‌ချေ။

ရှချန်းချန်း : "..."

ထို့နောက် မုန့်ရုယန်သည် လုကျောင်းကျောင်း၏ လက်မောင်းပေါ်ရှိ ဒဏ်ရာကို ထပ်မံကြည့်ရှုပြီး

"ဒဏ်ရာက တော်တော်ပြင်းတယ်၊ ရှင့် ကို အနီးနားက ဆေးရုံကို ခေါ်သွားဖို့ ကျွန်မလက်ထောက်ကို ပြောလိုက်မယ်”

တိုက်မိသည့် ဝေဒနာကြောင့် လုကျောင်းကျောင်း၏ မျက်လုံးများသည် နီရဲနေသည်။

ဤအခိုက်တွင် သူမအတွက် မုန့်ရုယန်၏ စိုးရိမ်မှုကို ကြားလိုက်ရပြီး သူမ၏ မျက်ရည်များဝိုင်းလာသည်။ သို့သော် သူမသည် လက်ကိုဝှေ့ယမ်းလိုက်သည်။

"ရပါတယ် ဒီတိုင်းလဲကျတာပါ၊ ယန်ယန် ရိုက်ကွင်းကိုပြန်သွားလိုက်ပါ"

မုန့်ရုယန်သည် နှစ်စက္ကန့်ကြာ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် ခေါင်းငြိမ့်လိုက်သည်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ထောက်ကာ မတ်တပ်ရပ်လိုက်ကြသည်။

ရုတ်တရက် လုကျောင်းကျောင်းအားကိုင်ထားသည့် မုန့်ရုယန်၏ လက်ချော်သွားပြီး ညာဘက်လက်ပေါ်ရှိ လက်အိတ်ကို ဆွဲချွတ်မိသကဲ့သို့ ဖြစ်သွားသည်။

ထို့နောက် မုန့်ရုယန်၏ လက်ကောက်ဝတ်ပေါ်ရှိ ကြောက်မက်ဖွယ်ရာ ညိုမဲစွဲနေသည့် ကြာပွတ် အမှတ်အသားများ ပေါ်လာခဲ့သည်။

ပရိတ်သတ်များအားလုံး ထိတ်လန့်သွားသည်။

၎င်းသည်မည်သို့သော ဒဏ်ရာမျိုးဖြစ်သနည်း။ အလွန်ပြင်းထန်လှပေသည်။

လုကျောင်းကျောင်းသည် ပြောစရာများပျောက်ဆုံးသွားသည်။

"ယန်ယန်၊ ရှင့် လက်ကောက်ဝတ်က ဒဏ်ရာက ဘယ်လိုဖြစ်တာလဲ"

ထိုအမှတ်အသားများကိုမြင်သည့်အချိန် မုန့်ရုယန်၏ ချောမောလှပသည့် မျက်နှာပေါ်တွင် ထိတ်လန့်တကြား အရိပ်အယောင် ပေါ်လာသည်။ သူမသည်လက်ကို အမြန်ပြန်ဆွဲထုတ်လိုက်ပြီး လက်ကောက်ဝတ်ရှိ ဒဏ်ရာကို လက်အိတ်ဖြင့် ဖုံးအုပ်လိုက်သည်။

သူမ၏ပုံစံသည် အနည်းငယ် မူမမှန်လှပေ။

“ဘာမှမဟုတ်ပါဘူး၊ ဝိုင်ယာကြိုးနဲ့ ငြိပြီး ထိမိသွားတာ၊ ရက်အနည်းငယ်လောက် နေရင် ကောင်းသွားမှာ၊ စိတ်မပူကြပါနဲ့"

ထိုနေရာရှိ ပရိတ်သတ်များသည် ဝမ်းနည်းပူဆွေးသွားကြသည်။

"ဝိုး၊ ယန်ယန်အတွက် စိတ်မကောင်းလိုက်တာ၊ ဒဏ်ရာရ‌ နေပေမယ့် အရမ်းကြိုးစားနေတုန်းပဲ"

"မိန်းကလေးလေးယောက်ထဲမှာ ရည်မှန်းချက်အရှိဆုံးက ငါတို့ယန်ယန်ပဲ"

"လာပါ ယန်ယန်၊ မင်း အဆင်မပြေရင် ဆရာဝန်သွားပြလိုက်ပါ၊ ရက်နည်းနည်းလောက် နားလိုက်လည်း ဘာမှမဖြစ်ပါဘူး”

…

သူမ၏ လက်ကောက်ဝတ်ရှိ ဒဏ်ရာ‌အကြောင်းကို မုန့်ရုယန် လိမ်လည်ပြောဆိုခဲ့သည်။

မုန့်ရုယန်သည် ပရိသတ်များနှင့် စကားအနည်းငယ်ပြောပြီး ရိုက်ကွင်းသို့ ပြန်သွားခဲ့သည်။

ထိုနေရာရှိ ပရိတ်သတ်များသည်လည်း အလွန်သတိရှိခဲ့ကြသည်။ မုန့်ရုယန်ထွက်သွားပြီးသည်နှင့် သူတို့သည် ဓာတ်ပုံများကို တည်းဖြတ်ပြီး မုန့်ရုယန်၏ ရိုက်တာဓာတ်ပုံအသစ်များကို ဝဘ်ဆိုက်ပေါ်တွင် တင်ရန် ပြင်ဆင်ကြသည်။ လက်ရှိမုန့်ရုယန်၏လှပသော ဓါတ်ပုံတွေအကြောင်းများကိုလည်း ပြောဆို‌နေကြသေးသည်။

ရှချန်းချန်းတစ်ယောက်သာလျှင် ရှုပ်ထွေးနေသော မျက်နှာဖြင့် ကျန်ခဲ့‌လေသည်။

ဝါယာကြိုးက လက်ကောက်ဝတ်မှာချိတ်မိတယ်။ အဲဒါကဘယ်လိုလုပ် လက်မောင်းအထိ ဒဏ်ရာရစေမှာလဲ။

၎င်းသည် အိမ်တွင်းအကြမ်းဖက်မှုကြောင့်ရလာသည့် ဒဏ်ရာတစ်ခုဆိုတာ သိသာပါသည်။

‘Niuhulu Strategy’ ရိုက်ကူးပြီးနောက် မုန့်ရုယန်သည် သူမ၏ အချစ်ရေးကို ထုတ်ဖော်ပြသခဲ့သည့်အကြောင်းအား ဝတ္ထုထဲတွင် ဖော်ပြထားသည်။ သူမသည် ဇာတ်လမ်းထဲတွင် အင်ပါယာအား အုပ်ချုပ်ရသည့် ဧကရာဇ်ဇာတ်ဆောင်ဖြစ်သည့် ရီကျစ်ခိုင်နှင့် ချစ်ကြိုက်ခဲ့ပြီး မကြာမီ သူတို့နှစ်ယောက်သည် မင်္ဂလာခန်းမထဲတွင် လက်ထပ်ထိမ်းမြားခဲ့ကြသည်။

၎င်းသည် အမှန်တကယ့်ကို ပျော်ရွှင်စရာကောင်းသည့် ဇာတ်လမ်းတစ်ပုဒ်ပင်ဖြစ်သည်။

အဓိကအချက်မှာ မုန့်ရုယန်၏အိမ်တွင်းအကြမ်းဖက်မှုဒဏ်ရာကို လျစ်လျူရှုရန်ဖြစ်သည်။နှစ်ယောက်ကြားဆက်ဆံရေးတွင် "အိမ်တွင်းအကြမ်းဖက်မှု" နှင့် ထိုအချစ်သည် တကယ်ပင် ပျော်ရွှင်နိုင်ပါ့မည်လော။

လုကျောင်းကျောင်းသည် ဓာတ်ပုံများကို တည်းဖြတ်ပြီး ပေးပို့ခဲ့သည်။ပုံအောက်တွင် "အရမ်းလှတယ်!"ဟူသော မှတ်ချက်များကိုလည်း တွေ့နေရသည်။

သူမသည် အလွန်ပင်ကျေနပ်သွားသည်။ ရိုက်ကွင်းနေရာကို လှမ်းကြည့်နေပြီး ရှေ့သို့သွားချင်နေသည့် ရှချန်းချန်းကို သတိပြုမိသွားသည်။

"ယန်ယန်က ရိုက်ကွင်းကိုသွားပြီလေ နင်က ဘာ‌တွေဆက်ကြည့်နေတာလဲ"

"အင်း ဒီနေ့ယန်ယန်ရဲ့ရိုက်ကွင်းက ရီကျစ်ခိုင်နဲ့ မလား”

ရှချန်းချန်းမှ မေးသည်။

"ဟုတ်တယ်‌ အမျိုးသားနဲ့ အမျိုးသမီး ဇာတ်ဝင်ခန်းလေ၊ ဇာတ်လမ်းရဲ့ 50% က သူတို့ပဲ"

လုကျောင်းကျောင်းသည် ယခင်က ကင်မရာထဲတွင် ရိုက်ကူးထားသည့် ရီကျစ်ခိုင်နှင့် မုန့်ရုယန်တို့၏ ဓာတ်ပုံများကို ထုတ်ပြလေသည်။

“ရီကျစ်ခိုင်က တော်တော်ချောတယ်၊ သူနဲ့ ယန်ယန်က အတူတူနေတာလေ ပြီးတော့ သူတို့မှာ စုံတွဲလိုပုံစံမျိူးလည်း ရှိတယ်‌"

ရှချန်းချန်းသည် လုကျောင်းကျောင်းရိုက်ကူးထားသော ဓာတ်ပုံများကို တစ်ချက်ကြည့်လိုက်သည်။ နှစ်ယောက်သားသည် တစ်ယောက်ကို တစ်ယောက် မျက်လုံးချင်းစုံအောင် ကြည့်နေကြပြီး သူတို့ကြားထဲတွင် တစ်ခုခုရှိနေသည့်ပုံပေါ်သည်။

သို့သော် ရှချန်းချန်းသည် ရီကျစ်ခိုင်၏ နူးညံ့ပြေပြစ်သောမျက်နှာကိုမြင်သောအခါ မျက်မှောင်မကြုတ်ဘဲ မနေနိုင်ချေ။

"ဘာစုံတွဲ‌လဲ ငါ‌တော့မထင်ပါဘူး၊ သူတို့က မလိုက်ဖက်ဘူး”

ချောမောလှပသော မိန်းကလေးသည် တစ်ယောက်တည်းလည်း လှပနိုင်သည်။အိမ်တွင်းအကြမ်းဖက်တက်သည့် ယောကျာ်းမျိုးနှင့် အတူမရှိသင့်ပေ။

ညနေပိုင်းတွင် ရှချန်းချန်းသည် RVထဲသို့ပြန်လာခဲ့သည်။

(T/N - RV ကလေ အရှေ့မှာပါတဲ့ motorhome လို ကားမျိုး)

နေ့ခင်းဘက်တွင် သူမနှင့်သူမ၏ပရိသတ်များသည် အပြင်ဘက်တွင် အချိန်အတော်ကြာ ထိုင်‌စောင့်နေခဲ့ကြပြီး အဖွဲ့သားများ နေရာပြောင်းနေချိန်တွင် ဓာတ်ပုံများများရိုက်ကူးလိုကြသည်။ သို့သော် အဖွဲ့သားများသည် တူညီသည့် ရိုက်ကွင်းများကိုသာ အပြီးရိုက်ကူးနေကြသည်။ အင်ပါယာသစ်တောဥယျာဉ်တွင် ဇာတ်ဝင်ခန်း သုံးခန်းရှိပြီး ထိုဇာတ်ဝင်ခန်းများကို ညနေ ရှစ်နာရီ သို့မဟုတ် ကိုးနာရီအထိ ရိုက်ကွင်းမပြောင်းဘဲ ရိုက်ကူးနေကြသည်။

တစ်နေ့တာလုံး ထိုင်‌နေခဲ့ရပြီး ကျောက်ရုပ်သဖွယ် ကော်စေးမိသကဲ့သို့ ထိုင်စောင့်နေရသည်။

၎င်းသည် အလုပ်မဖြစ်နိုင်‌ချေ။ မိန်းမ‌လှ‌လေးသည် ရီကျစ်ခိုင်၏ အနိုင်ကျင့်နှိပ်စက်ခြင်းကို ခံခဲ့ရပြီး သူမသည် ဤဖရဲသီးကို တတ်နိုင်သမျှ အမြန်ဆုံး ဖော်ထုတ်ရ‌ပေမည်။

အဖွဲ့တွင်းသို့ ဝင်ရောက်ပြီး အဖွဲ့သားတစ်ဦးအဖြစ် ဟန်ဆောင်ခြင်းသာ သူမ တက်နိုင်သည်။

ထို့နောက်တွင် ရှချန်းချန်းသည် လုကျောင်းကျောင်းကို လုပ်စရာရှိသည်ဟု လိမ်ပြီး RV ထဲသို့ ခေတ္တပြန်လာခဲ့သည်။

ညစာအမြန်စားပြီးနောက် ရှချန်းချန်းသည် ဘာမှမလုပ်ဘဲနှင့်နေခဲ့သည်။ သူမသည် မကြာသေးမီက အလုပ်အကိုင် အခွင့်အလမ်းများ ရှိမရှိကို စုံစမ်းနေခဲ့သည်။

"Niuhulu Strategy" ကို ရိုက်ကူးနေသည်မှာ တစ်လခွဲကျော်ကြာပြီဖြစ်ပြီး အဖွဲ့သားများကိုလည်း တာဝန်များပေးထားပြီးသား ဖြစ်သည်။အကယ်၍ သူမ ဝင်ရောက်လိုလျှင် ဝန်ထမ်းတစ်ဦးနေရာတွင် အစားထိုးမှသာ ရပေလိမ့်မည်။

၎င်းသည် သိပ်၍မလွယ်ကူလှပေ။

တစ်ညလုံး ရှာဖွေပြီးနောက် ရှချန်းချန်းသည် ဝင်ရောက်ရန် သင့်လျော်သော နည်းလမ်းကို ရှာမတွေ့ဘဲ RV ထဲရှိ ကုတင်ပေါ်၌သာ အိပ်ပျော်သွားခဲ့သည်။

နောက်နေ့တွင် ကောင်းကင်သည် ဖျော့တော့တော့ လင်းလက်လာပြီး စနစ်သည် ရှချန်းချန်းအား စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။

"Host ငါ အလုပ်သစ်ရှာတွေ့ပြီ၊ မင်း အဖွဲ့ထဲကို ဝင်နိုင်မဲ့ အလုပ်တစ်ခု"

"ဘာအလုပ်လဲ"

အိပ်မက်ထဲတွင် ကျောက်ကုံး နှင့် စစ်တုရင်ကစားနေသော ရှချန်းချန်းသည် ရုတ်တရတ် လန့်နိုးလာသည်။

စနစ်: "မုန့်ရုယန်က မကြာသေးမီက မိတ်ကပ်ပညာရှင်တစ်ဦး ခေါ်နေတယ်၊ မင်း မိတ်ကပ် ကောင်းကောင်းလိမ်းတက်တယ်‌လေ သွားပြိုင်ကြည့်ပါလား"

ရှချန်းချန်းသည် အထုပ်အပိုးများ ပြင်ဆင်ပြီး ရုပ်ဖျက်မိတ်ကပ်လိမ်းခြယ်ကာ ၈ နာရီတွင် မုန့်ရုယန်နေထိုင်သည့် ဟွားမိန် ဟော်တယ်သို့ ရောက်ရှိလာခဲ့သည်။

မုန့်ရုယန်၏အေးဂျင့်ဖြစ်သည့် ကောချန်းသည် မုန့်ရုယန်အတွက် မိတ်ကပ်အနုပညာရှင်များကို တွေ့ဆုံမေးမြန်းရန် ကျယ်ဝန်းသည့် အခန်းတစ်ခန်းကို ငှားရမ်းခဲ့သည်။ ရှချန်းချန်းရောက်ရှိလာသည့်အချိန်တွင် မိတ်ကပ်ပညာရှင် ခုနစ်ဦး ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

ယခုတစ်ကြိမ်တွင် မုန့်ရုယန်သည် မိတ်ကပ်ပညာရှင်များကို အလွန်မြင့်မားသောစျေးနှုန်းဖြင့် ကမ်းလှမ်းခဲ့‌သောကြောင့် မိတ်ကပ်ပညာရှင်များစွာက စမ်းကြည့်ချင်ခဲ့ကြသည်။

စနစ်သည် ထိုနေရာရှိ မိတ်ကပ်အနုပညာရှင်များကို စကင်န်ဖတ်လိုက်သည်။

“ဘုရားရေ၊ Host မင်းတော့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဖိအားတွေအောက်မှာ ပြိုင်ရတော့မှာပဲ"

"ဘယ်ဘက်မှာရှိတဲ့ ပထမတစ်ယောက်ကတော့ "Heroic Boys" ဇာတ်ကားမှာ ရှဲ့ကျစ်ရှင်းအတွက် မိတ်ကပ်လိမ်း‌ပေးတဲ့တစ်‌ယောက်၊ သူကအရမ်းနာမည်ကြီးတယ်”

“ညာဘက်က ဒုတိယတစ်ယောက်က ရှဲ့ကျစ်ရှင်း အတွက် ကော်ဇောနီဓာတ်ပုံတွေ ရိုက်‌ပေးခဲ့တာလေ၊ သူမရဲ့ မိတ်ကပ်လိမ်းပုံက အရမ်းပေါ့ပါးတယ် ပြီးတော့ ပါးရိုးဖော်ထားလည်း အရမ်းလှတာ"

"မင်းနဲ့ အနီးဆုံးတစ်ယောက်က အလှမယ် ဘလော့ဂါ၊ သူမရဲ့ အရည်အချင်းက သာမာန်ဆိုပေမယ့် မက်မွန်မိတ်ကပ်(လိမော်ရောင်သန့်သည့်မိတ်ကပ်)၊ ရွှေမျက်ပါးမိတ်ကပ်(ကြည်ပြောင်ဝင်းလက်သည့်မိတ်ကပ်) လိုမျိုး လူကြိုက်များတဲ့ မိတ်ကပ်တွေအများကြီးကို လိမ်းခြယ်တက်တဲ့သူလေ"

"Host၊ ဒီရှုထောင့်ကနေကြည့်ရင် မင်းက အဆိုးဆုံးထင်တယ်"

စနစ်၏အသံသည် တဖြည်းဖြည်း တိမ်ဝင်သွားသည်။

ရှချန်းချန်း: "..."

မိတ်ကပ်ပညာရှင်များသည် ရှချန်းချန်းကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ သူတို့သည် အကြံဥာဏ်များ ဖလှယ်ခဲ့ကြပြီး ယခု ရှချန်းချန်းသာ ကျန်တော့သည့်အတွက် သူသည် ယဉ်ကျေးစွာမေးလေသည်။

"ရှ လောင်ရှီ၊ နင် အနုပညာရှင်တစ်ယောက်ကို မိတ်ကပ်လိမ်း‌ပေးဖူးလား"

ရှချန်းချန်း၏အမည်ကို မိတ်ကပ်ပညာရှင်အင်တာဗျူးတွင် "ရှရှ" အဖြစ် စာရင်းပေးသွင်းခဲ့သည်။

သူမသည် မေးစေ့ကိုပွတ်၍ ခဏတာမျှ စဉ်းစားလိုက်သည်။ ထို့နောက် ဘာမှမပြောလျှင် အမှိုက်သာသာဖြစ်သွားမည်ဖြစ်ပြီး ထင်ရာပြောလျှင်လည်း အလွယ်တကူ ထုတ်ဖော်ခံရလိမ့်မည်ဟု ခံစားလိုက်သည်။ ထို့ကြောင့် သူမသည် အမှန်အတိုင်းသာပြောခဲ့သည်။

“ရှချန်းချန်းအတွက် မိတ်ကပ်လိမ်း‌ပေးဖူးတယ်၊ အဆင်ပြေလား"

မိတ်ကပ်ပညာရှင်အများအပြား၏ မျက်လုံးများသည် ချက်ချင်းတောက်ပလာပြီး သူတို့၏ စူးစမ်းရှာဖွေမှုသည် ယခုအခိုက်အတန့်တွင် အထင်ကြီးစရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"နင်တကယ်ပဲ ရှချန်းချန်းအတွက် မိတ်ကပ်လိမ်း‌ပေးခဲ့တာလား"

"ရှချန်းချန်းရဲ့မိတ်ကပ်ပုံစံက မကြာသေးခင်က အရမ်းရေပန်းစားနေတာ၊ ဆရာရှက သူ့ကို လိမ်းပေးခဲ့တာပဲ"

"ရှ လောင်ရှီက အရမ်းအံ့သြဖို့ကောင်းတယ်"

"ဒါဆို ရှ လောင်ရှီ၊ နင် မကြာသေးမီက ရှဲ့မိသားစုရဲ့ ညစာစားပွဲအတွက် ရှချန်းချန်းရဲ့ ကော်ဇောနီမိတ်ကပ်ကို လိမ်းပေးခဲ့တာလား”

ရှချန်းချန်းသည် ခေတ္တရပ်ဆိုင်းသွားပြီး ရှက်ကိုးရှက်ကန်းဖြင့် နှာသီးဖျားကို ပွတ်လိုက်သည်။

"တကယ်မဟုတ်..."

၎င်းသည် ဆရာအိုင်ဗီ၏ လက်ရာဖြစ်သည်။

"မဟုတ်ဘူးလား၊ ဒါဆို ရှချန်းချန်းရဲ့ ထင်ရှားပေါ်လွင်တဲ့ တခြားမိတ်ကပ်တွေကရော"

မိတ်ကပ်ဆရာများသည် သေချာစွာ စဉ်းစားနေကြသည်။

တကယ်ပင် တစ်ခုမျှ မရှိချေဟု ထင်ရသည်။

ယခင်က ငှားရမ်းခဲ့သည့် မိတ်ကပ်ပညာရှင်များသည် ရှချန်းချန်း၏ ပုံပန်းသဏ္ဍာန်ကို တစ်ရာခိုင်နှုန်းတောင် ပို၍ မလှပ‌စေခဲ့ပေ။ သူတို့တို့ကို အမှိုက်ဟုသာ ခေါ်လိုက်ချင်ပေသည်။

သူတို့ရှေ့ရှိ ရှရှသည် သူမဟာ ကော်ဇောနီဓာတ်ပုံများကို လိမ်းခြယ်ခဲ့သည့် မိတ်ကပ်ပညာရှင်မဟုတ်ဘူးဟု ဆိုလိုသည် မဟုတ်ဘဲ သူမသည် ယခင်က အမှိုက်သာသာမိတ်ကပ်များကို လိမ်းခြယ်ခဲ့သည့် မိတ်ကပ်ပညာရှင်မဟုတ်ဘူးဟု ဆိုလိုခြင်းသာဖြစ်သည်။

အားလုံးသည် ရှချန်းချန်းအား တခဏချင်း မထီမဲ့မြင်ပြုလာကြသည်။

ရှချန်းချန်း: "..."

လူတွေက ဒီလောက်တောင် အပြောင်းအလဲမြန်တာလား၊ မျက်နှာပြောင်းသွားတာက မြန်လိုက်တာ။

စနစ်- "Host မင်းမှာ ဘာအားသာချက်မှ မရှိဘူး၊ မင်းရဲ့ ခြယ်သမှုက အရမ်းကောင်းပေမယ့် မင်းကိုယ်မင်း ရုပ်ဆိုးအောင်ပဲ ခြယ်တာလေ၊ ဘာပဲဖြစ်ဖြစ် မင်းထက် ပိုကောင်းတဲ့ မိတ်ကပ်မျိုးမလိမ်းဖူးဘူး”

"ဒါပေမဲ့ ရှေ့မှာရှိနေတဲ့ ဒီလူတွေက မတူဘူး၊ သူတို့တစ်ဦးစီမှာ ဆွေးမြေ့ပျက်စီးခြင်းကို မှော်ဆန်အောင်ပြုလုပ်နိုင်တဲ့ လက်တစ်စုံစီရှိကြတယ်၊ ရုပ်ဆိုးတဲ့ အမျိုးသမီးတွေကို လှပအောင် ပြောင်းလဲပေးနိုင်တယ်၊ သာမန်မိန်းမတွေကို မိန်းမလှလေးတွေဖြစ်အောင်၊ မိန်းမလှလေးတွေကို နတ်သမီးအလားဖြစ်‌အောင် ပြောင်းလဲပေးနိုင်တယ်။"

စနစ်မှ ထပ်ပြောလိုက်သည်။

"မင်းက သူတို့နဲ့ ဆန့်ကျင်ဘက်ပဲ"

ရှချန်းချန်း: "..."

ဆယ်မိနစ်အကြာတွင် မိတ်ကပ်ပညာရှင်အင်တာဗျူး စတင်လေသည်။

ကောချန်းသည် မိန်းကလေး ခုနစ်ယောက်ကို မိတ်ကပ်ပညာရှင်အင်တာဗျူးအခန်းထဲသို့ ခေါ်လာသည်။

“အင်တာဗျူးက အရမ်းရိုးရှင်းပါတယ်၊ တစ်ယောက်ချင်းစီက သူတို့ အလှပြင်‌ပေးချင်တဲ့ မော်ဒယ်ကို ရွေးခြယ်ခွင့်ရှိတယ်၊ သူတို့ရဲ့ပုံစံကို ဘယ်လိုပုံစံမဆို မင်းတို့ခြယ်သနိုင်တယ်"

ဟု ကောချန်းသည် ပြောကြားသည်။

"တစ်နာရီပြည့်ရင် ယန်ယန် နဲ့ ကျွန်တော် ရလဒ်တွေကို စစ်ဆေးဖို့ လာခဲ့မယ်"

စာမေးပွဲမေးခွန်းများသည် ကန့်သတ်ချက်များမရှိသည့်အပြင် မေးခွန်းပုံစံသည်လည်း အလွန်ကျယ်ပြန့်လှသည်။

မိတ်ကပ်ပညာရှင်တော်တော်များများသည် ယုံကြည်မှုရှိ‌နေကြသည်။ ကောချန်းမှစဖို့ပြောသည့်အခါမှစ၍ သူတို့သည် မော်ဒယ်များကို ချက်ချင်းရွေးပြီး သူတို့ ကိုယ်ပိုင်ပစ္စည်းများကို ထုတ်ကာ မော်ဒယ်များအား စတင်ခြယ်သကြလေသည်။

ကောချန်းသည် ရှချန်းချန်းထံသို့ လျှောက်လာပြီး သူ၏လက်ထဲရှိ မှတ်ပုံတင်ပုံစံနှင့် နှိုင်းယှဉ်ပြီး

“ရှရှ ဟုတ်တယ်မလား၊ မင်း ဒီနေ့ မနက်ကမှ စာရင်းသွင်းတာဆို‌တော့ ငါတို့က မင်းအတွက် မော်ဒယ်ကို မပြင်ဆင်ထားမိလိုက်ဘူး၊ ဒါမှမဟုတ် မင်းကိုယ်တိုင် ရွေးလို့ရတယ် ပြီးတော့မှ ရလဒ်တွေကို အတူတူ စစ်ဆေးလို့ရတယ်"

ရှချန်းချန်းသည် မိတ်ကပ်လိမ်းခြယ်ရန် မော်ဒယ်များကို ငုံ့ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ခဏအကြာတွင် သူမသည် တစ်ခုခုကို သတိရသွားပြီး မေးလိုက်သည်။

"ကျွန်မသူငယ်ချင်းကို မော်ဒယ်လုပ်ခိုင်းလို့ရမလား"

ကောချန်းမှပြောသည်။ "တစ်နာရီပဲရှိတာ‌နော်၊ အရမ်းနောက်ကျသွားလိမ့်မယ်"

“မဟုတ်ဘူး"

ရှချန်းချန်းသည် ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောသည်။

"ကျွန်မလိမ်းတာ နာရီဝက်လောက်ဆို လုံလောက်ပြီ"

နာရီဝက်အကြာတွင် လုကျောင်းကျောင်းသည် အစည်းအဝေးခန်းသို့ ရောက်လာသည်။

တံခါးဝရှိ အင်တာဗျူးသတိပေးချက်ကို မြင်သည့်အခါ လုကျောင်းကျောင်းသည် ရှရှ မုန့်ရုယန်၏ မိတ်ကပ်ပညာရှင်အတွက် လျှောက်ထားနေသည်ကို သဘောပေါက်သွားသည်။

"ရှရှ ဒီမော်ဒယ်တွေက အရမ်းလှတာကို၊ နင်က ငါ့ကို မော်ဒယ်လုပ်ခွင့်ပေးလိုက်လို့ ရှုံးရင် ဘယ်လိုလုပ်မလဲ"

လုကျောင်းကျောင်းသည် အရမ်းစိုးရိမ်သွားသည်။

"ငါသူတို့လောက် မလှ..."

"ပေါက်ကရတွေ"

ရှချန်းချန်းသည် စိတ်ပြေအောင်ပြောပေးလိုက်သည်

"အဲမိန်းကလေးတွေက ကြည့်ကောင်းရုံပါ"

လုကျောင်းကျောင်းသည် စိတ်မပြေသေးပေ။ ရှရှသည် ပရိတ်သတ်တစ်ဦးမှ မိတ်ကပ်ပညာရှင်အဖြစ်သို့ အဘယ်ကြောင့်ပြောင်းလဲသွားသည်ကို နားမလည်သော်လည်း အခြားအဖွဲ့သို့ မကူးပြောင်းခင်အထိ သူတို့သည် အတူတူထိုင်ပြီး တစ်သက်လုံး ခင်မင်ရင်းနှီးနေမည် ဖြစ်သည်။

ထို့အပြင် ရှရှသာအနိုင်ရပါက သူမသည် မုန့်ရုယန်၏ အနီးနားတွင် နေ့တိုင်းရှိနေနိုင်မည်ဖြစ်ပြီး သူမသည် ထိုပရိသတ်များအတွက် လက်မှတ်အနည်းငယ်လည်းရနိုင်မည်ဖြစ်သည်။

လုကျောင်းကျောင်းသည် တခြားမော်ဒယ်များကို တစ်ချက်ကြည့်လိုက်သည်။

“ငါနားလည်ပါတယ်၊ ငါကရုပ်ဆိုးတော့ နင်ငါ့ကို မိတ်ကပ်လိမ်းရင် အများကြီး ပိုလှသွားမှာ၊ ဟုတ်တယ်~"

"အဲဒါကြောင့် မဟုတ်ပါဘူး”

ရှချန်းချန်းသည် ငိုမလိူ၊ရယ်မလို ဖြစ်သွားသည်။

သူမသည် လုကျောင်းကျောင်း၏မျက်လုံးများကိုကြည့်ကာ

"ကျောင်းကျောင်း၊ နငိသိထားရမှာက နင်အရမ်းလှတယ် ပြီးတော့--"

ရှချန်းချန်းသည် မျက်လုံးကို မှိတ်လိုက်ပြီး

"ငါတို့ ကျိန်းသေပေါက်ကိုအနိုင်ရမှာ"

နာရီဝက်ကုန်ဆုံးသွားသည်။

မိတ်ကပ်ဆရာများအားလုံးလည်း မိတ်ကပ်လိမ်းပြီးသွားပြီဖြစ်သည်။ မူလက သာမန်မိန်းကလေး ခုနစ်ယောက်သည် မိတ်ကပ်ဆရာများ၏ မှော်ဆန်မှုအောက်တွင် အလှတရားလေးများ ဖြစ်လာခဲ့သည်။

သူတို့၏ အလှဖန်တီးမှုများသည် ချမ်းသာပြီး ပြေပြစ်သည်။ သို့မဟုတ် တီထွင်ဖန်တီးမှုရှိသည် အမျိုးသမီးများ၏ အလှကို ပေါ်လွင်စေသည်။

ရှချန်းချန်း၏ အရည်အချင်းသည် ဤလူအုပ်စုထဲတွင် မ‌ပေါ်လွင်ချေ။ လုကျောင်းကျောင်း၏ မျက်နှာပေါ်ရှိ တင်းတိပ်များနှင့် ဝက်ခြံအချို့ကို ပြုပြင်ပေးကာ အလွန်ရိုးရှင်းပြီး အံဝင်ခွင်ကျရှိသော နေ့စဉ်မိတ်ကပ်ကို ရွေးချယ်ပြင်ဆင်‌ပေးခဲ့သည်။ သူမ၏ မျက်နှာအသွင်အပြင်အား သုံးဖက်မြင်ဖြစ်အောင် ဖော်စပ်ထားသော အမှုန့်ကို အသုံးပြု၍ လုကျောင်းကျောင်းအား လန်းဆန်းပြီး ပြေပြစ်သော မိန်းမလှလေးအဖြစ်သို့ ပြောင်းလဲပေးခဲ့သည်။

သို့သော် လုကျောင်းကျောင်း၏ ရိုးစင်းသည့် အလှတရားသည် လှပသော မိတ်ကပ်လိမ်းခြယ်ထားသည့် မိန်းကလေးများရှေ့တွင် မပေါ်လွင်ချေ။

မုန့်ရုယန်နှင့် ကောချန်းတို့သည် ထိုနေရာသို့ ရောက်ရှိလာပြီး မိတ်ကပ်ပညာရှင်တစ်ဦးစီ၏ ရလဒ်များကို စစ်ဆေးခဲ့သည်။

စက်တင်ဘာလကုန်တွင် ရာသီဥတုသည် အနည်းငယ် ပူ‌နွေးနေသေးသည်။

သို့သော် မုန့်ရုယန်သည် သူ့ကိုယ်သူ ကာကွယ်ရန် အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်ကို ၀တ်ထားဆဲပင် ဖြစ်သည်။

ကောင်မလေး ခုနစ်ယောက်အား သိပ်၍ မစူးစိုက်ဘဲ တစ်ချက်ကြည့်လိုက်သည်။ သူမသည် ကျေနပ်ပုံမပေါ်သည့်တိုင် မကျေနပ်သည့်ပုံလည်း မပေါ်ချေ။

လှည့်ကြည့်လိုက်သည့်အခါ ရှဲ့ကျစ်ရှင်း၏ မိတ်ကပ်ပညာရှင်သည် အကောင်းဆုံးဖြစ်ပုံရသည်။ သူမသည် မော်ဒယ်၏ မျက်နှာရှိ ချို့ယွင်းချက်များကို ပြုပြင်မွမ်းမံရုံသာမက သူမ၏ အားသာချက်များကို မီးမောင်းထိုးပြကာ အားနည်းချက်များကို ဖုံးကွယ်၍ "ပုံမှန်အနုပညာရှင်မိတ်ကပ်" အစား သူမ၏ မျက်နှာသွင်ပြင်လက္ခဏာများကိုသာ ထင်ဟပ်အောင် ခြယ်သ‌ခဲ့သည်။

“ဒါဆို နောက်ဆုံးရွေးချယ်လိုက်တဲ့ မိတ်ကပ်ပညာရှင်က…”

ကောချန်းသည် မိတ်ကပ်အနုပညာရှင်များ၏ အင်တာဗျူးအမှတ်များကို ကြေညာရန် စတင်လိုက်သည်။

တစ်ချိန်တည်းမှာပင် မုန့်ရုယန်သည် နောက်တန်းတွင် ရှချန်းချန်း နှင့် လုကျောင်း‌ကျောင်းအား သတိပြုမိသွားသည်။ သူမသည် လုကျောင်းကျောင်းကို မှတ်မိဟန်ပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်သည်။

နောက်တစ်စက္ကန့်တွင် မုန့်ရုယန်သည် တစ်စုံတစ်ရာကို ရုတ်တရက်မြင်လိုက်ပြီး လုကျောင်းကျောင်းနှင့် ရှချန်းချန်းထံသို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။

သူမသည် လုကျောင်းကျောင်းကို တစ်ဖန် မော့ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် အံ့သြမှုအချို့ ရှိနေသည်။

သူမ၏ နှလုံးသားထဲရှိ စိတ်လှုပ်ရှားမှုတွေကို မြိုသိပ်လိုက်ပြီး ရှချန်းချန်းအား မေးလိုက်သည်ာ

"သူက မင်းရဲ့ မော်ဒယ်လား၊ သူမရဲ့ မိတ်ကပ်ပုံစံက..မင်းပြင်ပေးထားတာလား"

ရှချန်းချန်းသာ် ယဉ်ယဉ်ကျေးကျေး ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်ပါတယ်"

"အကုန်... အကုန်လုံးကိုလား"

မုန့်ရုယန်သည် လုကျောင်းကျောင်း၏ ခန္ဓာကိုယ်ကို အံ့ဩစွာ ညွှန်ပြပြီး သူမ၏ မျက်လုံးများသည် အနည်းငယ် ပြောင်းလဲသွားသည်။

"ဟုတ်ပါတယ်"

ရှချန်းချန်းသည် အတည်ပြု‌ပြောဆိုခဲ့သည်။

ကောချန်းလည်း ရောက်လာခဲ့ပြီး

“ယန်ယန် ဘာဖြစ်လို့လဲ၊ ရမှတ်ပေါ်မူတည်ပြီး မိတ်ကပ်ပညာရှင်ကို ရွေးမှာမဟုတ်ဘူးလား”

မုန့်ရုယန်၏မျက်လုံးများသည် ပျော်ရွှင်မှုများ ပြည့်‌နေသည်။ သူမသည် ရှချန်းချန်းအား လက်ညှိုးထိုးပြပြီးနောက်

"ရမှတ်တွေ ဘာတွေမလိုဘူး၊ ဒီမိတ်ကပ်ပညာရှင်ကိုပဲ လိုချင်တယ်”

All Chapters