ကြည့်ရှုတော်မူပါ အမှုဆောင်ချုပ်ပိုင်
Vol. 7 Ch. 677
မျိုးနွယ်စုခေါင်းဆောင်မှာ စိတ်ထဲတွင်အံကြိတ်နေပါသော်လည်း အပြင်ပန်းတွင် တည်ကြည်သောအမူအရာဖမ်းကာ မတ်တတ်ထပြီး တောင်းပန်လိုက်လေသည်။
" အမှုဆောင်ချုပ်ပိုင်ခင်ဗျား။ စိတ်ထိန်းတော်မူပါ "
မျိုးနွယ်စုအကြီးအကဲများမှာလည်း ထိုနည်းတူပင်။ ပိုင်ရှောင်ချန်းက ဝိညာဥ်ပုလင်းကိုခွဲလိုက်သည့်လုပ်ရပ်ကြောင့် ဤနေရာသို့ စိတ်ကောင်းစေတနာရှိ၍ ရောက်လာခြင်းမဟုတ်ကြောင်း သူတို့အားလုံးကသိလိုက်ကြသည်။
သူသည် သူတို့၏ အသက်ကို နှုတ်ယူမည်မဟုတ်သော်လည်း သူတို့နှစ်ထောင်ပေါင်းများစွာ စုစည်းခဲ့သည့် ချမ်းသာကြွယ်ဝမှုများကို မောင်ပိုင်စီးတော့မည် ဖြစ်သည်။
" အဲဒီပုလင်းက ကျွန်တော်တို့ ပထမဆုံးပြဖို့ စီစဥ်ထားတဲ့ အရာတစ်ခုပါဗျ။ ခဏစောင့်ပါ အမှုဆောင်ချုပ်ပိုင်။ နောက်ထပ် အများကြီး ထပ်လာဦးမှာပါ "
မျိုးနွယ်စုခေါင်းဆောင်မှာ အသက်ပြင်းပြင်းရှူ၍ အမိန့်ထပ်၍ ပေးလိုက်သည်။
မကြာမီ နောက်ထပ် မျိုးနွယ်စုဝင်တစ်ယောက်မှာ ဝိညာဥ်ပုလင်းငါးပုလင်းနှင့်အတူ အပြေးအလွှားရောက်လာပြီး ပိုင်ရှောင်ချန်း၏ ရှေ့တွင်ချထားလိုက်တော့သည်။ ပိုင်ရှောင်ချန်းမှာ ထိုပုလင်းများကို ကြည့်မိသွားသောအခါ ချက်ချင်းပင်နှလုံးခုန်နှုန်းမြန်လာတော့သည်။
" နှစ်ပေါင်းတစ်ထောင်လောက် စုစည်းလာတဲ့ ချမ်းသာကြွယ်ဝမှုတွေ "
သူ အာခေါင်များခြောက်ကပ်နေတော့သည်။ သို့သော်လည်း ဟန်ဆောင်ကာ မျက်မှောင်ကြုတ်လိုက်ပြန်သည်။
မျိုးနွယ်စုခေါင်းဆောင်မှာ သူတို့၏ မျိုးနွယ်စုသည် ယနေ့တွင် အဆုံးအရှုံးမခံပါက အန္တရာယ်ကြီးနှင့် ကြုံတွေ့ရတော့မည်ဖြစ်ကြောင်း ရိပ်မိလိုက်တော့သည်။ ထို့ကြောင့် သူက အံကြိတ်ကာ သတင်းအချို့ထပ်မံ စေလွှတ်လိုက်သောအခါ မျိုးနွယ်စုဝင်များ ထပ်ရောက်လာတော့သည်။ ယခုတွင်မူ ပိုင်ရှောင်ချန်း၏ရှေ့တွင် သိုေလှာင်လက်ပတ် ရာနှင့်ချီ၍ ရှိနေပြီဖြစ်သည်။
ထိုသိုေလှာင်လက်ပတ်တစ်ခုချင်းစီတွင် မထင်မှတ်ထားလောက်အောင်ပင် ဝိညာဥ်ဆေးဝါးများ အပြည့်ပါဝင်နေသည်။ အရေအတွက်များမှာ များပြားလွန်းလှ၍ အချိန်တိုအတွင်း ရေတွက်ရန်မှာ လုံးဝမဖြစ်နိုင်ချေ။ ထိုလက်ပတ်များကို မြင်လိုက်ရုံနှင့် ပိုင်ရှောင်ချန်းမှာ နှလုံးခုန်နှုန်းများမြန်ဆန်လာပြီး တော်ဝင်အောက်လမ်းဆရာမျိုးနွယ်စုတစ်စု၏ နှစ်ပေါင်းတစ်ထောင်ကျော် စုစည်းလာသည့် ချမ်းသာကြွယ်ဝမှုမျိုးမှာ မည်သို့မည်ပုံရှိနိုင်မည်ကို ကောင်းကောင်းသိသွားတော့သည်။
သို့သော် ယခင်အတိုင်း မကျေနပ်သည့် အမူအရာဖြင့် သူ မျက်မှောင်ကြုတ်နေဆဲ။
ထိုမြင်ကွင်းကြောင့် မျိုးနွယ်စု ခေါင်းဆောင်၏ စိတ်နှလုံးကို ခါးသီးမှုများက ဖုံးလွှမ်းသွားတော့သည်။ ယခု သူ ပြသနေသည့် ပစ္စည်းများမှာ ချိုင်မျိုးနွယ်စု၏ နှစ်တစ်ထောင်ခန့် စုစည်းခဲ့သော ချမ်းသာကြွယ်ဝမှုများအားလုံး မဟုတ်သေးပါသော်လည်း အတော်အတန် များပြားနေပြီဖြစ်သည်။ သို့သော် သူ၏မျိုးနွယ်စု ကြုံတွေ့နေရသည့် အန္တရာယ်အကြောင်းကို သူ တွေးမိလိုက်သောအခါ သူ၏နှလုံးသားထဲမှ နာကျည်းမှုကိုတောင့်ခံကာ သတင်းများထပ်၍ စေလွှတ်လိုက်ပြန်တော့သည်။
ခဏအကြာတွင် တုန်တုန်ရီရီ ဖြစ်နေကြသည့် မျိုးနွယ်စုဝင်များမှာ ပစ္စည်းမျိုးစုံကိုကိုင်ကာ စီတန်း၍ ဝင်လာကြသည်။ မှော်ပစ္စည်း တစ်ထောင်ကျော်ရှိပြီး အများစုကို စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားကြသည်။ သို့သော် ထိုပစ္စည်းများအားလုံးကိုကြည့်ရှုလိုက်ပြီးနောက် ပိုင်ရှောင်ချန်းမှာ စိတ်မကြည်မလင်သည့် အမူအရာဖြင့် မတ်တတ်ထရပ်ကာ ဆိုလိုက်တော့သည်။
" ဒီမှာ မျိုးနွယ်စုခေါင်းဆောင်ချိုင်။ ကျုပ်က ခင်ဗျားရဲ့ ချိုင်မျိုးနွယ်စုကို ဘေးဒုက္ခနဲ့မကြုံရအောင် လာကယ်တာ။ ဒါပေမဲ့ကြည့်ရတာ ခင်ဗျားက ကျုပ်ကို တော်တော် ရွံရှာမုန်းတီးနေတဲ့ပုံပဲ။ ဒီလို အမှိုက်သရိုက်တွေနဲ့ ကျုပ်ကိုချွေးသိပ်ဖို့ စဥ်းစားနေတာလား။ ရတယ်လေ။ ရတယ်။ ဒီကိစ္စ ဒီလောက်နဲ့ပဲ တော်ကြတာပေါ့ "
ထို့နောက် သူက အင်္ကျီလက်ကိုခါယမ်းလိုက်ပြီး အေးစက်စက်ရယ်မောကာ ထွက်ခွာရန်ပြင်လိုက်တော့သည်။
ထိုအခါ မျိုးနွယ်စုခေါင်းဆောင်၏ အမူအရာမှာ ပြောင်းလဲသွားပြီး သူ လုံးဝသည်းမခံနိုင်လောက်အောင် ဖြစ်သွားရတော့သည်။ သူသည် ရင်းမြစ်ပစ္စည်းအမြောက်အမြားကို ပြသခဲ့ပြီးဖြစ်သော်လည်း ပိုင်ရှောင်ချန်းမှာ လက်မခံပဲ ငြင်းဆန်နေသည်သာ ဖြစ်သည်။ ထို့အပြင် သူပေးနိုင်ခွင့်ရှိသော အရာအားလုံးကို ပေးခဲ့ပြီးပြီဖြစ်သည်။ အခြားကျန်ရှိသောအရာများမှာ မျိုးနွယ်စု၏ အုတ်မြစ်များအဖြစ် သတ်မှတ်ထားသဖြင့် ထိုအရာများနှင့် ပတ်သတ်၍ သူ ဆုံးဖြတ်ချက်ချခွင့် မရှိပေ။
ထိုစဥ် ချိုင်မျိုးနွယ်စု မဟာအကြီးအကဲက အသက်ပြင်းပြင်းရှူကာ ပြုံး၍ ရှေ့သို့လှမ်းလာသည်။ ယခုအချိန်က ချိုင်မျိုးနွယ်စုအတွက် သေရေးရှင်ရေးတမျှ အရေးကြီးသောအချိန်ဖြစ်ကြောင်း သူကသိသည်။ အခြားမျိုးနွယ်စုနှစ်ခုနှင့် မတူသည်မှာ သူတို့၏ ခေါင်းဆောင်ကြီးမှာ သေသွားပြီဖြစ်သည်။ ထို့ကြောင့် သူတို့၏ ချမ်းသာကြွယ်ဝမှု တစ်စိတ်တစ်ပိုင်းကို မစွန့်လွှတ်ပါက ကြီးမားသော ဘေးအန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရမည်ကို သူက သိသည်။ မျိုးနွယ်စုတစ်ခုလုံးပင် အသက်ပျောက်သွားနိုင်သည်။
" အမှုဆောင်ချုပ်ပိုင်ရေ။ ခဏစောင့်ပါဗျာ။ ချိုင်မျိုးနွယ်စုဆီမှာ သင်လေ့လာဖို့အတွက် ရတနာတွေ ကျန်ပါသေးတယ် "
သူက အနီးအနားရှိ မျိုးနွယ်စုအကြီးအကဲဘက်သို့ လှည့်ကြည့်ကာ အမိန့်ပေးလိုက်တော့သည်။
" အမှတ်သုံး အကြီးအကဲရေ။ အတွင်းပိုင်း သိုလှောင်အိမ်ကိုဖွင့်ပြီး.... အကုန်သာယူခဲ့တော့ကွာ "
ထိုအခါ အမိန့်ပေးခံလိုက်ရသည့် အကြီးအကဲမှာ သက်ပြင်းချကာ ဦးညွှတ်လိုက်ပြီး အပြေးထွက်သွားတော့သည်။
ထိုအခါ ပိုင်ရှောင်ချန်းမှာ လမ်းလျှောက်နေရမှ ရပ်တန့်သွားပြီး သူ၏နှလုံးသားထဲတွင် မျှော်လင့်ချက်များ နိုးထလာတော့သည်။ အမှန်မှာ ယခုအထိ သူ့ကိုပေးခဲ့သည့် လက်ဆောင်များနှင့်ပင် သူ အလွန်စိတ်နှလုံးလှုပ်ရှားနေပြီဖြစ်သည်။ သူက သူ၏အမူအရာကို အနည်းငယ်ဖြေလျော့လိုက်ပြီး ယခင်နေရာသို့ပြန်သွားကာ ပြန်ထိုင်ချလိုက်တော့သည်။
မကြာမီ တုန်တုန်ရီရီဖြစ်နေသည့် ချိုင်မျိုးနွယ်စု ကျင့်ကြံသူတစ်ယောက်က စေတီအသေးစားလေးတစ်ခုကို ကိုင်၍ အပြေးရောက်လာတော့သည်။
၎င်းမှာ ဝိညာဥ်သိုလှောင်စေတီတော်မဟုတ်ပဲ သစ်သားဖြင့် ထုဆစ်ထားသည့် စေတီတော်တစ်ဆူဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ ၎င်းကို သူ၏နတ်ဘုရားအာရုံနှင့် စစ်ဆေးကြည့်လိုက်သောအခါ ရောင်စုံခြယ်မီးတောက်များဖြင့် ပြည့်နှက်နေကြောင်းကိုတွေ့လိုက်ရသည်။ ၎င်းစေတီတော်ထဲတွင် ဆယ်ရောင်ခြယ်မီးတောက်မှ ဆယ့်ငါးရောင်ခြယ်မီးတောက်အထိ စုစုပေါင်း မီးတောက်ခြောက်ခု ပါဝင်သည်။
သို့သော်လည်း ထိုမျှနှင့် ပြီးမသွားချေ။ အခြားမျိုးနွယ်စုဝင်တစ်ယောက်မှာ ချိုင်မျိုးနွယ်စု၏ ဆယ့်ငါးရောင်ခြယ်မှ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်အထိ ဖော်စပ်နည်းများ ပါဝင်သော အရိုးပေလွှာတစ်ခုကိုယူလာသည်။ သူက ထိုအရိုးပေလွှာကို လက်ခံယူနေစဥ် နောက်ထပ်မျိုးနွယ်စုဝင်တစ်ယောက်မှာ နတ်ဝိညာဥ်တစ်ခုနှင့်အတူ ရောက်လာပြန်သည်။
၎င်းမှာ သလင်းကျောက်သေတ္တာတစ်ခုထဲတွင် သိမ်းဆည်းထားသည့် မီးအမျိုးအစား ဝိညာဥ်တစ်ခုဖြစ်ပြီး ၎င်းကိုမြင်လိုက်ရသောအခါတွင် ပိုင်ရှောင်ချန်း၏ အမူအရာမှာ အနည်းငယ်ဝင်းလက်သွားတော့သည်။ သူက အနည်းငယ်မျှပင် မှင်တက်သွားတော့သည်။ ချိုင်မျိုးနွယ်စုဝင်များမှာ သူ့ကိုသေချာအကဲခတ်နေသဖြင့် ထိုအမူအရာပြောင်းလဲမှုများကို သတိထားမိလိုက်တော့သည်။ မျိုးနွယ်စုခေါင်းဆောင်၏ စိတ်နှလုံးမှာ ဖော်ပြ၍မရနိုင်လောက်အောင် နာကျင်နေတော့သည်။ ယခုတွင် သူတို့မျိုးနွယ်စု၏ ချမ်းသာကြွယ်ဝမှု တစ်ဝက်ကျော်ကျော်မှာကုန်သွားပြီ မဟုတ်ပါလော။
ပိုင်ရှောင်ချန်းကို ကာကွယ်နေသည့် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများပင်လျှင် သူ၏ရှေ့တွင် ဖြန့်ကြက်ထားသည့်အရာများကြောင့် မှင်တက်နေကြရတော့သည်။
ချန်ဟိုင်မှာ အပြင်တွင်စောင့်နေသည်ဖြစ်ပြီး အကယ်၍ သူသာအတွင်းတွင်ရှိနေကာ ယခုမြင်ကွင်းကို မြင်လိုက်ရပါက လုံးဝ ဆွံအသွားမည်သာ ဖြစ်သည်။
" ဒီလောက်ဆို အဆင်ပြေပြီလား အမှုဆောင်ချုပ်ပိုင်ရေ "
ပိုင်ရှောင်ချန်းမှာ စုတ်သပ်လိုက်တော့သည်။ ယခုတွင် သူ၏နှလုံးခုန်သံများမှာ ကျယ်လောင်လွန်းလှ၍ နားထဲတွင် မိုးကြိုးများပစ်နေသည့်အတိုင်းပင် ဖြစ်နေပြီဖြစ်သည်။ သို့သော်လည်း သူက ထိုမေးခွန်းကို ချက်ချင်းမဖြေသလို ပစ္စည်းများကိုလည်း မယူချေ။ သူက သူ၏ သိုလှောင်အိတ်ကို မျှော်လင့်တကြီးဖြင့် ပုတ်နေလိုက်တော့သည်။
စောစောက စိတ်အေးလက်အေး သက်ပြင်းချနေကြသည့် ချိုင်မျိုးနွယ်စုကျင့်ကြံသူများမှာ ရုတ်တရက် ယခင်ကထက်ပို၍ စိုးထိတ်သွားရတော့သည်။
အချိန်အတော်အတန်ကြာ ကုန်လွန်သွားသောအခါ ပိုင်ရှောင်ချန်းမျာ စိုးရိမ်စပြုလာတော့သည်။ ဤအခြေအနေသို့ သူယုံကြည်မှုအပြည့်ဖြင့် ရောက်လာသည့် အကြောင်းပြချက်တစ်ခုမှာ စောစောက သူ ရတနာသိုက်တူးနေကြောင်းကို အိတ်ထဲရှိ လိပ်ကလေးအား သတင်းပို့ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုအချင်းအရာကို လိပ်ကလေးမှာ ချက်ချင်း စိတ်ဝင်စားသွားခဲ့သည်။
သို့သော် ယခုအထိ လိပ်ကလေးဆီမှ အကြောင်းပြန်စကား တစ်ခုမှ မရသေးပေ။ လူတိုင်းက သူ့အားစိုက်ကြည့်နေသည်ကိုသတိထားမိလိုက်သောအခါ သူက ချောင်းဟန့်လိုက်ပြီး ဆိုလိုက်တော့သည်။
" မျိုးနွယ်စုခေါင်းဆောင်ချိုင်ရေ။ သရဲကြီးမြို့တော်မှာတုံးက ခင်ဗျားက ကျုပ်ကို တစ်ရက်တိတိလိုက်ဖမ်းပြီး သတ်ဖို့ကြိုးစားခဲ့တာလေ။ ကျုပ်မှာကြောက်လွန်းလို့ ကျင့်ကြံခြင်းကိုတောင် အာရုံမစိုက်နိုင်ခဲ့ဘူးဗျ "
ပိုင်ရှောင်ချန်းက ထိုသို့ဆိုကာ သက်ပြင်းချလိုက်တော့သည်။
ထိုအခါ မျိုးနွယ်စုခေါင်းဆောင်၏နဖူးေကြာများ ရှုံ့တွလာပြီး သူ၏ဘေးတွင်ထိုင်နေသည့် မဟာအကြီးအကဲကို လှမ်းကြည့်လိုက်တော့သည်။ ထိုအခါ မဟာအကြီးအကဲ၏ အမူအရာမှာ ယခင်ကထက်ပို၍တင်းမာသွားပြီး အံကိုကြိတ်ကာ အခြားမျိုးနွယ်စုဝင်များကို လှမ်းကြည့်လိုက်တော့သည်။
" မင်းတို့ဆီမှာရှိတဲ့ ဝိညာဥ်ဆေးဝါးတွေအကုန်လုံး သူ့ကိုပေးလိုက်ကြစမ်း။ အကုန်လုံးနော် "
ထိုအခါ အခြားမျိုးနွယ်စုဝင်များမှာ သူတို့၏ ဝိညာဥ်ဆေးဝါးများနှင့် အခြားပစ္စည်းများကိုပါ အလျင်အမြန်ထုတ်ယူ၍ ပေးလိုက်ကြတော့သည်။ ပိုင်ရှောင်ချန်းသာ ထွက်ခွာသွားမည်ဆိုလျှင် သူတို့က မည်သည်ကိုမဆို လုပ်ကြမည်ဖြစ်သည်။
မကြာမီ ပိုင်ရှောင်ချန်း၏ရှေ့တွင် ဝိညာဥ်ဆေးဝါးများ အပုံလိုက်ကြီးရောက်လာတော့သည်။ ဤလုပ်ရပ်၏ ရည်ရွယ်ချက်မှာ မဟာအကြီးအကဲသည် သူတို့မှာ ပေးစရာကုန်သွားပြီဟု ပိုင်ရှောင်ချန်းအား တွေးစေလို၍ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ အနည်းငယ် အနေရခက်လာသော်လည်း လိပ်ကလေး သတင်းပြန်မပို့သေးသည့်အချက်ကြောင့် ထူးဆန်းသောအရာတစ်ခုခု ဖြစ်နေကြောင်း သူကသိလိုက်သည်။ ချိုင်မျိုးနွယ်စုသည် အလွန်စွမ်းအားကြီးသော မှော်ရတနာတစ်ခုခုကို လျှို့ဝှက်ထားနိုင်သည်။ ထို့ကြောင့် သူက နောက်ထပ်တစ်ခေါက် ချောင်းဟန့်လိုက်ပြန်သည်။
" ခင်ဗျားတို့က တော်တော်ကို ယဥ်ကျေးလွန်းနေပါပြီ " သူက သက်ပြင်းချလိုက်ပြန်သည်။
" အခုမှ ကျုပ်စဥ်းစားမိတယ် ခင်ဗျားတို့ရဲ့ ဝိညာဥ်မြေတွေကို ကျုပ်မီးတင်ရှို့ခဲ့မိတာလေ။ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး တကယ်ကို အပြစ်မကင်းသလို ခံစားရပါတယ်ကွာ "
ဤ ပိုင်ဟောက်ဆိုသူမှာ အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ကို သိလိုက်ရ၍ မျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာနှင့် လည်ပင်းများပေါ်တွင် သွေးကြောကြီးများထောင်လာတော့သည်။ သို့သော် ထိုကိစ္စနှင့် ပတ်သတ်၍ မည်သည်ကိုမှ သူ မလုပ်နိုင်ပေ။
" အို... အဲဒါ ဘာမှမပြောပလောက်တဲ့ ဝိညာဥ်မြေလေးတွေပါ။ " သူက ဆိုလိုက်သည်။
" ဘာမှ အပြစ်ရှိသလို ခံစားမနေပါနဲ့ အမှုဆောင်ချုပ်ပိုင်။ အခုကစပြီး ကျွန်တော့်တို့ရဲ့ ဝိညာဥ်မြေတွေက အသင့်အတွက်ပါပဲ။ အသင် ပြာချချင်သပဆိုရင် စိတ်အေးလက်အေးသာ ပြာချလို့ရတယ် "
ချိုင်မျိုးနွယ်စုက သူတို့၏ ဝိညာဥ်မြေများကိုပါ ပေးအပ်နေသည့်အတွက် ပိုင်ရှောင်ချန်းမှာ နောက်ထပ် မည်သို့ဆက်လုပ်ရမည်ကို မသိတော့လောက်အောင် လမ်းပျောက်သွားတော့သည်။ အဆုံးတွင် သူက လက်စသတ်လိုက်ရန် ဆုံးဖြတ်လိုက်စဥ်မှာ လိပ်ကလေး၏ အသံက သူ၏အတွေးထဲတွင် ပေါ်လာတော့သည်။
" ဟေ့ကောင်လေး။ လိပ်ကိုယ်တော်က ရတနာအကြီးကြီးတစ်ခု တွေ့ထားပြီကွ။ ဘုရားရေ။ ချိုင်မျိုးနွယ်စုဆီမှာ ဒီလိုမျိုး စွမ်းအားကြီး ရတနာရှိနေတာ မယုံနိုင်ဘူး။ ကောင်းကင်တံတားဒေသမှာဆိုရင်တောင် ဒီလိုမျိုးပစ္စည်းက ရှားတယ်။ မြေရိုင်းဒေသမှာဆိုရင် ပိုလို့တောင် တန်ကြေးရှိဦးမယ် "
လိပ်ကလေးက ဆက်၍ အသေးစိတ်ရှင်းပြလိုက်သောအခါ ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ စူးဏှတောက်ပလာတော့သည်။ သို့သော် တစ်ခဏအကြာတွင် သူက တင်းမာနေသည့်မျက်နှာထားဖြင့် မဟာအကြီးအကဲကြီးနှင့် မျိုးနွယ်စုခေါင်းဆောင်တို့ကို လှမ်းကြည့်လိုက်တော့သည်။
အခြားမျိုးနွယ်စုဝင်များမှာ ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ နှလုံးခုန်သံများ မြန်လာတော့သည်။
" မျိုးနွယ်စုခေါင်းဆောင်ချိုင်ရေ။ ခင်ဗျားတို့ ချိုင်မျိုးနွယ်စုဆီမှာ ဝိညာဥ်ကျောက်စိမ်း ရုပ်ထုတစ်ခုရှိတယ်လို့ ကြားဖူးတယ်။ ကျုပ်အဲဒါကိုကြည့်ချင်တယ် "
သူ၏မျက်ဝန်းများမှာ ရေခဲတမျှ အေးစက်နေသည်။
သူ၏ စကားမှာ သာမန်မျိုးနွယ်စုဝင်များ အတွက် ရေးကြီးခွင်ကျယ်မဟုတ်သော်လည်း မျိုးနွယ်စုခေါင်းဆောင်နှင့် မဟာအကြီးအကဲတို့က ကြားလိုက်ရသောအခါ မျက်နှာပျက်သွားကြပြီး မယုံကြည်နိုင်သည့်အမူအရာများဖြင့် တုန်ရီသွားတော့သည်။
ဝိညာဥ်ကျောက်စိမ်း ရုပ်ထုဆိုသည်မှာ ချိုင်မျိုးနွယ်စု၏ အကြီးမားဆုံးလျှို့ဝှက်ချက်ကြီးဖြစ်ပြီး ခေါင်းဆောင်ကြီးမှလွဲ၍ မျိုးနွယ်စုခေါင်းဆောင်နှင့် မဟာအကြီးအကဲသာ သိသည်။ ထိုလျှို့ဝှက်ချက်မှာ လုံခြုံလွန်းလှသဖြင့် ပိုင်ရှောင်ချန်းပင်မဆိုထားနှင့် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ရှာတွေ့နိုင်မည်မဟုတ်ဟု သူတို့က ယုံကြည်ထားသည်။
သို့သော်လည်း တစ်နည်းနည်းဖြင့် သူတို့၏ လျှို့ဝှက်ချက်ကို သူ သိရှိသွားခဲ့ပြီဖြစ်သည်။ သူတို့ခေါင်းထဲတွင် ပေါ်လာသည့် တစ်ခုထဲသော အဖြေမှာ ထိုအရာကို သရဲကြီးဘုရင်ကိုယ်တိုင်က သိနေမည်ဆိုသည့် ယူဆချက်ဖြစ်သည်။ ထိုသို့သိနိုင်မည့် တစ်ခုထဲသော နည်းလမ်းမှာလည်း သူတို့၏ ခေါင်းဆောင်ကြီးထံမှ ဖြစ်လိမ့်မည်။
သူတို့၏နှလုံးသားထဲတွင် ဒေါသများ ဆူပွက်လာပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဝိညာဥ်ကျောက်စိမ်း ရုပ်ထုမှာ သူတို့အတွက်အလွန်အရေးကြီးသည်ဖြစ်ပြီး မျိုးနွယ်စု၏ စစ်မှန်သော လျှို့ဝှက်ရတနာ ဖြစ်သည်။ သူတို့၏ အမှတ်သေင်္ကတ ရတနာဖြစ်ပြီး ချိုင်မျိုးနွယ်စု၏ ကျင့်ကြံသူများကို သာမန်လူများထက် ပို၍လျင်မြန်စွာ ကျင့်ကြံနိုင်စေရန် ကူညီပေးနေသည့် အရာလည်း ဖြစ်သည်။
ယခုတွင်မူ သူတို့မှာ မည်မျှပင် အမိန့်မနာခံချင်စေကာမူ ထိုရုပ်ထုကို ထုတ်ပြရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ မျိုးနွယ်စုခေါင်းဆောင်မှာ လှုပ်ရှားရန်ပင် ခွန်အားများမရှိတော့သည့်အလား ခံစားနေရတော့သည်။ မဟာအကြီးအကဲကြီးမှာမူ သက်ပြင်းချကာ ရှေ့သို့ခြေတစ်လှမ်းလှမ်း၍ ပျောက်ကွယ်သွားသည်။ ထို့နောက် ပြန်ပေါ်လာပြီး သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သောအခါ သုံးမီတာမြင့်သည့် မိန်းမပျိုတစ်ယောက်၏ရုပ်ထုမှာ ပိုင်ရှောင်ချန်း၏ ရှေ့တွင် ပေါ်လာတော့သည်။
ထို ဝိညာဥ်ကျောက်စိမ်းရုပ်ထုမှ ထွက်ပေါ်နေသည့် မျက်စိကျိန်းမတတ် ရောင်စုံအလင်းတန်းများနှင့် အံသြဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားသည့် စိတ်စွမ်းအင်မှာ ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ မြေရိုင်းဒေသကဲ့သို့ ခေါင်းပါးလှသည့်နေရာမျိုးတွင် ထိုသို့ စိတ်စွမ်းအင်မျိုးမှာ လူတိုင်း၏ အာရုံကိုဖမ်းစားနိုင်သည်သာ ဖြစ်သည်။
လူတိုင်းမှာ လုံးဝတုန်လှုပ်နေကြပြီး ချက်ချင်းပင် ထိုရုပ်ထုကို လိုချင်တက်မက်သည့် အမူအရာများဖြင့် ကြည့်နေကြတော့သည်။