အခန်း (၅၁)
Vol. 6 Ch. 51
ရှဲ့ကျစ်ရှင်း၏ အချစ်ဇာတ်လမ်းသည် online ပေါ်၌ ထိပ်ဆုံးခေါင်းစဉ်နေရာတွင် ရှိနေခဲ့သည်။
အစပိုင်းတွင် သူ၏ ပရိတ်သတ်များသည် ကောလဟာလများအား ငြင်းဆိုခဲ့ကြပြီး နောက်ပိုင်းတွင် ထိုမိန်းကလေး၏ အကြောင်းအရာများကို လူသိရှင်ကြားဖော်ထုတ်၍ ပြောဆိုလာကြသည်။
[ ဘယ်လိုကြီးလဲဟ အဲကောင်မလေးက ငါတ်ို့ရဲ့ လူအိုကြီးရှဲ့ကို ဘယ်လိုတောင် မြူဆွယ်ရဲတာလဲ]
[ သူရဲ့ရုပ်ရည်က ပုံမှန်ပါပဲ အရပ်လေးရှည်တာတစ်ခုပဲ၊ ဒီလိုအမျိုးသမီးက ဘယ်လိုလုပ် ငါတို့ရဲ့ လူအိုကြီးရှဲ့နဲ့ တန်မှာလဲ]
[ လူအိုကြီးရှဲ့ရေ အမြင်ကျယ်ကျယ်လေးထားပြီး ကိုယ်နဲ့အဆင့်အတန်းတူတဲ့ ကောင်မလေးလှလှလေးကို ရှာပါ့လား၊ ဥပမာပြောရမယ်ဆိုရင် ကျဲချန်းလို့ လူမျိုးပေါ့]
[ ငါကတော့ လူအိုကြီးရှဲ့က ဒီထက်ပိုကောင်းတဲ့သူနဲ့ တန်တယ်လို့ပဲ မြင်တယ်]
...
သို့သော် ရှဲ့ကျစ်ရှင်းသည် ထိုမိန်းကလေးမှာ သူ့အတွက် အလွန်အရေးပါသူတစ်ဦးဖြစ်ကြောင်း ဝန်ခံလိုက်သည့်အချိန်တွင် အစပိုင်း၌ ထိုမိန်းကလေး ရှရှအကြောင်းများအား ဖော်ထုတ်ပြောဆိုချင်နေကြသည့် ပရိတ်သတ်များမှာ ငြိမ်သက်သွားရတော့သည်။
[ အွန်းပါ၊ လူအိုကြီးရှဲ့က သူ့ကို သဘောကျနေတယ်ဆိုတော့လည်း ငါတို့ဘယ်တက်နိုင်ပါ့မလဲ]
[ ကုန်တိုက်ထဲမှာ သူတို့ ပါပါရာဇီတွေကိုရှောင်နေတဲ့ ဗီဒီယ်ိုကို ကြည့်လိုက်ဦး ရှဲ့ကျစ်ရှင်းက အဲမိန်းကလေးကို အမြဲ ကာကွယ်ပေးနေတာ၊ သူတကယ် အဲမိန်းကလေးကို သဘောကျနေတာ ဟုတ်တယ်မလား]
[ ရှဲ့ကျစ်ရှင်းက single ဖြစ်နေတာ အတော်ကြာခဲ့ပြီးမှ နောက်ဆုံးတော့ အချစ်ကို ရှာတွေ့သွားပြီပဲ၊ သူတို့က သိပ်မလိုက်ဖက်ဘူးလို့ ထင်ပေမဲ့လည်း ငါသူ့ကို လေးစားတဲ့အနေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးလေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်]
[ လူအိုကြီးရှဲ့က ရုပ်ရည်ကို ကြည့်ပြီးဆုံးဖြတ်တာမဟုတ်ဘူး သူက စိတ်ရင်းကိုကြည့်ပြီး ရွေးချယ်တာပဲ၊ ငါအစကတည်းက သိခဲ့ရင်ကောင်းမယ်]
[ အဲမိန်းကလေးက လူအိုကြီးရှဲ့ကို ကောင်းကောင်းဆက်ဆံပါစေလို့ မျှော်လင့်ပါတယ်၊ လူအိုကြီးရှဲ့က အပြင်ပိုင်းသာ ရေခဲတုံးကြီးလို ဖြစ်နေတာ ဒါပေမဲ့ သူ့မှာ နွေးထွေးတဲ့နှလုံးသားရှိတယ်လေ၊ သူတို့နှစ်ယောက်လုံး ပျော်ရွှင်ဖို့ပဲ မျှော်လင့်ပါတယ်]
[ ငါတို့ မျက်စိကိုအစာကျွေးဖို့အတွက် ရှဲ့ကျစ်ရှင်းကို တစ်ခါတစ်လေ ဇာတ်လမ်းလေးတွေရိုက်ဖို့ပဲ တိုက်တွန်းချင်ပါတယ်၊ အဲလောက်ဆို စိတ်ကျေနပ်ပါပြီ]
[ လူအိုကြီးရှဲ့ သဘောကျတဲ့မိန်းကလေးဆိုတော့ ငါတို့မမြင်နိုင်တဲ့ ထူးခြားချက်တွေ ရှိနေမှာပဲလေ]
[ လူအိုကြီးရှဲ့ သဘောကျနေရင် ပြီးတာပါပဲ သူတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူနေသွားဖို့ပဲ မျှော်လင့်တယ်၊ လူအိုကြီးရှဲ့ရေ တစ်နှစ်ကို ကလေးနှစ်ယောက် ၊ နှစ် နှစ်ကို ကလေး သုံးယောက်လောက် လုပ်လိုက်တော့]
...
Weibo serverတွင် ဂယက်တစ်ခု ထသွားခဲ့သည်။
သို့သော် လူအများသည် ရေပန်းစားနေသည့် ရှာဖွေမှုအဆင့်သတ်မှတ်ချက်များအား ကြည့်လိုက်သည့်အခါ၌ ကောင်းမွန်သည့် ဆုတောင်းများဖြင့် ပြည့်နေခဲ့သည်။
ပရိတ်သတ်အချို့သည် ရှဲ့ကျစ်ရှင်းနှင့် ရှရှအား လိုက်ဖက်သည့်အတွဲမဟုတ်ကြောင်း ယုံကြည်ထားခဲ့ကြပြီး ရှရှအား ဝေဖန်ရှုတ်ချခဲ့ကြသော်လည်း သူတို့၏ မှတ်ချက်များကို ရှဲ့ကျစ်ရှင်းပရိတ်သတ်များ၏ မှတ်ချက်များက ဖုံးအုပ်သွားခဲ့သည်။
ရှဲ့ကျစ်ရှင်းအား ဆုမွန်ကောင်းတောင်းပေးခြင်းသည် သူတို့ပေးနိုင်သော လက်ဆောင်တစ်ခုဖြစ်သည်။
ရှချန်းချန်းသည် RV ကားထံသို့ ပြန်ရောက်သည့်အချိန်၌ ည ၁၀ နာရီကျော်နေပြီ ဖြစ်သည်။
သူမပြန်သည့်လမ်းတစ်လျှောက်တွင် online ပေါ်မှ ဂုဏ်ပြုပြောဆိုနေကြသည့်မှတ်ချက်များကို မြင်ခဲ့ရသည်။
အင်တာနက်သုံးစွဲသူများနှင့် ပရိတ်သတ်များအကြား အဆင်ပြေမှုများ ဖြစ်လာရသည့် အကြောင်းအရင်းမှာ “သူမက ကျွန်တော့်အတွက် အလွန်အရေးပါတယ်” ဟူသည့် စကားတစ်ခုတည်းကြောင့်ပင် မဟုတ်ပေ။
တျန်းရှန့် လူထုဆက်ဆံရေးအဖွဲ့သည် မှတ်ချက်များကို ထိန်းချုပ်ရန်ကြိုးစားထားခြင်းကြောင့် ဖြစ်သည်။
သို့သော် ရှဲ့ကျစ်ရှင်းသည် အဘယ့်ကြောင့် ထိုလုပ်ရပ်များကို လုပ်ရသနည်း။
ရှချန်းချန်းသည် မုန့်ရုယန်၏ စကားများကို ပြန်သတိရသွားခဲ့သည်။
“တကယ်လို့ ငါသဘောမကျဘူးဆိုရင် အဲလိုပြောမှာမဟုတ်ဘူးလေ မှန်တယ်မလား”
ရှချန်းချန်းသည် သတိလွတ်သွားကာ အနည်းငယ် တုန်သွားခဲ့သည်။
သို့သော် သူမသည် ခေါင်းကို ခါရမ်းလိုက်၍ ထိုအတွေးများကို အဝေးသို့ ထုတ်ပစ်လိုက်သည်။
နင်ဘာတွေတွေးနေတာလဲ သူက ဗီလိန်တစ်ယောက်ပဲ။
ဗီလိန်တစ်ယောက်ကို ကြိုက်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ စာရေးဆရာတွေက ဗီလိန်တွေကို ပြသာနာတွေရှာဖို့ ထည့်ပေးထားတာလေ။
ဒါက သူ့ရဲ့ အစီအစဉ်ထဲက တစ်ခုပဲ ဖြစ်ရမယ်၊ တကယ်လို့ ရှဲ့ကျစ်ရှင်းက သူ့ကိုမဖမ်းနိုင်ဘူးဆိုရင် သူ့ရဲ့စိတ်ကိုဖမ်းနိုင်ဖို့ ကြိုးစားနေတာပဲ။
အရမ်းအံ့ဩဖို့ကောင်းလိုက်တာ။
ရှချန်းချန်းသည် သူမ၏ရင်ဘတ်ကလေးအား ပွတ်လိုက်လေသည်။ သူမသည် သူ့အပေါ်အား သဘောကျလုနီးပါး ဖြစ်ခဲ့လေသည်။
ကံကောင်းတာတစ်ခုက သူ ဉာဏ်ကြီးရှင်ဖြစ်နေတာပဲ။
ဖုန်းမှာ ရုတ်တရက်ဝင်လာလေသည်။ Wechatမှ ခေါ်လာသော လုယန်ရန်၏ ဖုန်းဖြစ်သည်။
ရှချန်းချန်းမှာ ခေါင်းရှုပ်သွားခဲ့သည်။
လုယန်ရန်က ဒီနားမှာရှိတဲ့ ရုပ်ရှင်အဖွဲ့မှာ “ ယွီကွမ်း” ဇာတ်ကား ရိုက်နေတာ မဟုတ်ဘူးလား။ ဘာလို့ သူ့ကို ရုတ်တရက်ကြီး ဖုန်းခေါ်လာရတာလဲ။
သို့သော် သူမသည် ဖုန်းကိုင်လိုက်၏။
“ဟယ်လို!!”
လုယန်ရန်သည် ဖုန်း၏တစ်ဖက်မှ အော်ဟစ်လိုက်ခြင်းကြောင့် ရှချန်းချန်းသည် ဖုန်းကို နားနားမှ ခွါ၍ နားထောင်နေရသည်။
“ရှချန်းချန်း နင်နဲ့ ရှဲ့ကျစ်ရှင်းက ဘာလို့ အတူတူရှိနေရတာလဲ၊ ဘာတွေဖြစ်ကြတာလဲ ငါဘာလို့ မသိရတာလဲ”
ရှချန်းချန်း: !!!
ရှချန်းချန်း၏ မျက်လုံးများမှာ ပြူးကျယ်လာခဲ့ပြီး ဖုန်းကို အလန့်တကြားဖြင့် စိုက်ကြည့်နေလေသည်။
“နင် ဘယ်လိုသိတာလဲ”
“နင့်ရဲ့ ပုံတွေက လိုင်းပေါ်မှာ ပျံ့နေပြီလေ”
လုယန်ရန် : “ဒါပေမဲ့ ပုံထဲက လူကို ရှရှလို့ ဘာလို့ ခေါ်နေကြတာလဲ ၊ ရှရှက နင်ဆိုတာ မသိကြဘူးလား”
ရှချန်းချန်း: " ခဏနေပါဦး”
ရှချန်းချန်းသည် တံတွေးမြိုချလိုက်သည်။
“နင် အဲပေါက်ကြားနေတဲ့ပုံတွေကို မြင်ခဲ့တာမလား ငါဆိုတာ ဘယ်လိုသိတာလဲ”
ရှဲ့ကျစ်ရှင်းလျှင်ပင် Skynet အသိအမှတ်ပြုစနစ် ကို အားကိုးနေရခြင်းဖြစ်ပြီး မုန့်ရုယန်သည်လည်း ထိုပုံများကိုကြည့်ပြီးနောက် သူမ၏မျက်နှာကို မမှတ်မိခဲ့ပေ။
လုယန်ရန်နဲ့ သူ့ကြားမှာ မျက်နှာပြင်တစ်ခုလုံး ခြားနေတာလေ။
ပထမနှစ်ခေါက်တုန်းက မှတ်မိတယ်ဆိုတာ ထားပါတော့ ဒါပေမဲ့ အခုတစ်ခေါက် အထူး effect makeup တွေ လုပ်ထားတာလေ။
ဖုန်း၏တစ်ခြားတစ်ဖက်တွင် ရှိသော လုယန်ရန်မှာ မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ခေါင်းကို စောင်းလိုက်သည်။
“မှတ်မိဖို့ အဲလောက်ခက်ခဲနေတာလား ပုံတွေကြည့်ရုံနဲ့ မှတ်မိဖို့က မလွယ်ပေမဲ့ ဗီဒီယိုနဲ့ဆိုရင်တော့ လွယ်လွယ်နဲ့ မှတ်မိတယ်လေ”
ရှချန်းချန်း: "..."
စွန်းဝူခုန်းတောင် သူ့လောက်မျက်လုံးကောင်းမှာမဟုတ်ဘူး။
ထိုအရာမှာ ပြီးဆုံးသွားခဲ့သည်။
သူမသည် ရှဲ့ကျစ်ရှင်းနှင့် လျှို့ဝှက်ကာ လက်ထပ်ထားသည့်အဖြစ်အပျက်ကို ထုတ်ဖော်မခံရသေးခင်တွင် ပါပါရာဇီအဖြစ်ဟန်ဆောင်ထားသော သူမ၏ သရုပ်မှန်ကို ဖော်ထုတ်ခံရတော့မည် ဖြစ်သလော။
“ ဒါဆိုရင်…”
လုယန်ရန်: “နင် ဘာလို့ ဒီလောက်ရုပ်ဆိုးတဲ့ မိတ်ကပ်ကြီးကို ထပ်လိမ်းရပြန်တာလဲ”
ရှချန်းချန်း: "အဲဒါက…”
သူမသည် မည်သို့ ဖြေသင့်သနည်း။
သို့သော် လုယန်ရန်သည် သူမ၏အဖြေကို စောင့်မနေတော့ပေ။
သူမတွေးထားသည့်အရာများကို စ၍ပြောလာခဲ့သည်။
“ငါသိသွားပြီ နင် ဒီလိုရုပ်ဆိုးတဲ့မိတ်ကပ်တွေခဏခဏပြင်တာက ရှဲ့ကျစ်ရှင်းနဲ့ ချိန်းတွေ့ဖို့ပဲ မဟုတ်လား၊ ပထမတစ်ခေါက်တုန်းက သူ့ရဲ့ကုမ္ပဏီမှာ ပြီးတော့ သူ့ရဲ့ရသစုံရှိုးမှာ ဒီတစ်ခေါက်ကျ ချိန်းတွေ့ကြရင်းနဲ့ ပရိတ်သတ်တွေမိသွားတာ ငါပြောတာ မှန်တယ်မလား”
ရှချန်းချန်း:???
ရှင်းပြရန်အတွက် အခြားနည်းလမ်းများ ရှိပါသေးလား။
ရှချန်းချန်းသည် လုံးလုံးမှင်သက်သွားခဲ့သော်လည်း လုယန်ရန်၏ စမ်းစစ်ချက်များကို ခေါင်းငြိမ့်၍ ထောက်ခံလိုက်သေးသည်။
“နင်ပြောတာမှန်တယ်”
လုယန်ရန်သည် သင့်လျော်သည့် အတွေးအခေါ်များဖြင့် ပြောဆိုတက်ပြီး သူမပို၍ အကြောင်းပြချက်ပေးလေလေ သူမ၏ အကြောင်းပြချက်များသည် ပို၍ လက်ခံနိုင်ဖွယ်ရှိလေလေ ဖြစ်၏။
“ဒါပေမဲ့ နင်က မိန်းကလေးတစ်ယောက်ပဲလေ၊ မိန်းကလေးတွေက အဲလောက် မလိုက်လျောသင့်ဘူး နင် အဲ့လူကို ကြိုးရှည်ရှည်နဲ့လှန်းထားရမှာလေ၊ နင်အရင်က ဟန်ကျားလင်းနဲ့ အကြီးအကျယ် အမှားကြီးဖြစ်ခဲ့တာတောင် အခုထိ အသိတရားမရသေးဘူးလား”
ရှချန်းချန်းသည် အလျင်အမြန်ပင် ခေါင်းငြိမ့်လိုက်သည်။
“ငါသိပါတယ် ငါအရင်ကတည်းက အသိတရားရနေပါပြီ”
လုယန်ရန် : “နောက်တစ်ခါ နင်တို့ ချိန်းတွေ့ရင် နင်ကိုယ်တိုင်မလုပ်ဘဲ ရှဲ့ကျစ်ရှင်းကို ရုပ်ဆိုးအောင်လုပ်ခိုင်းလိုက် ၊ မိန်းကလေးတွေက ချိန်းတွေ့တဲ့အချိန်မှာ ဣန္ဒြေရှိရှိနဲ့ လှလှလေး ဖြစ်သင့်တာ၊ ရှဲ့ကျစ်ရှင်းကို ပါပါရာဇီကိစ္စတွေ ဖြေရှင်းခိုင်းလိုက် နားလည်လား”
ရှချန်းချန်း၏ မျက်လုံးများမှာ တောက်ပလာခဲ့ပြီး ခေါင်းကို လေးလေးနက်နက်ဖြင့် ငြိမ့်လိုက်သည်။
“ငါနားလည်ပါတယ်”
လုယန်ရန်သည် ရှချန်းချန်း၏ အသိတရားရ၍ နားလည်သွားပုံကို စိတ်ကျေနပ်သွား၍ ဖုန်းချလိုက်သည်။
သူမ၏ စိတ်ထဲ၌ စနစ်သည် တိတ်ဆိတ်နေခဲ့သည်။
သူသည် မုန့်ရုယန်ကို လိမ်ညာ၍ အရူးလုပ်ခြင်းမှာ ကိစ္စမရှိသော်လည်း လုယန်ရန်မှာ အမှန်တရားကို သိသွားခဲ့ပြီး ဖြစ်သည်။ Host တောင်လျှင်ပင် အလိမ်အညာများကို မစတင်ရသေးသည်ကို အဘယ့်ကြောင့် သူမကိုယ်သူမ ယုံကြည်ချက်ရှိနေရသနည်း။
ယခုတစ်ခေါက်တွင် Host ၏ဖုံးကွယ်ထားသော ပုံစံအစစ်အမှန်ကို သိသိသာသာ ဖော်ထုတ်ခံရတော့မည်ဟု ခံစားနေခဲ့ရသည်။ သို့သော် ထိုကဲ့သို့ ဖြစ်မည်ပုံ မရှိပေ။
ဟွားမိန် ဟိုတယ်၏ အဆင့်မြင့် ဇိမ်ခံခန်းတွင်ရှိသော ရေချိုးခန်းထဲမှ ရေချိုးနေသည့် အသံများထွက်လာလေသည်။
အထဲတွင် ရေငွေ့များရှိနေပြီး အရာအားလုံးကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
ရှဲ့ကျစ်ရှင်းသည် ရေပန်းအောက်တွင် ရပ်နေခဲ့ပြီး ရေများသည် သူ၏ သန်မာလှသည့် ကြွက်သားများအပေါ်သို့ စီးကျနေခဲ့သည်။
ဧည့်ခန်းထဲတွင် ဖူယန်ရုန်နှင့် အထူးလက်ထောက်ကျိုးတို့မှာ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကြည့်နေခဲ့ကြသည်။
ဂင်ကျာ ကုန်တိုက် တွင် ရှချန်းချန်း၏ နောက်သို့ နောက်ယောင်ခံလိုက်ရန် အကောင်းဆုံး အစီအစဉ်ဖြစ်သည်။
ထိုအဖြစ်အပျက်များ မဖြစ်ခင်အချိန်ကပင် ရှဲ့လုပ်ငန်းစုသည် ဂင်ဇာကုန်တိုက် ကို ဝယ်ယူခဲ့ပြီး စောင့်ကြည့်သည့်စနစ်ထဲသို့ Skynet အသိအမှတ်ပြုစနစ်ထဲကို ထည့်သွင်းထားခဲ့သည်။
ရီကျစ်ခိုင်သည် မုန့်ရုယန်ကို ခေါ်၍ ကော်ဖီဆိုင်ထဲသို့ ချိန်းတွေ့သည့်ဖြစ်ရပ်မှာ အထူးလက်ထောက်ကျိုးအား သူ၏ ကိုယ်စားလှယ်မှ အကြံပေးခဲ့ခြင်းဖြစ်ပြီး ရှချန်းချန်းကို ဆွဲဆောင်စေရန်ဖြစ်သည်။
ဒီလောက်ပြီးပြည့်စုံတဲ့ အကွက်ချထားတာတောင် သူက လွယ်လွယ်လေးနဲ့ လွတ်သွားတာပဲ။
ဖူယန်ရုန်သည် စိုးရိမ်စိတ်များဖြင့် ချွေးစေးများကို သုတ်လိုက်သည်။
ကျန်းချန်းမှ ဟိန်ထျန်း သို့ ခရီးထွက်လာသည့်အချိန်မှာ ယနေ့နှင့်ဆိုလျှင် သုံးရက်မြောက်ရှိပြီ ဖြစ်၏။
ဒီကိုလာတဲ့အကြောင်းအရင်းက မိန်းကလေးတစ်ယောက်ကို ဖမ်းဖို့ အတွက်တစ်ခုတည်းပဲ။
ဖူယန်ရုန်သည် အနည်းငယ် စိုးရိမ်နေခဲ့သည်။ သူ၏ အရည်အချင်းသည် တစ်နှစ်လျှင် ရရှိသည့် လစာ တစ်မီလီယမ် နှင့် မထိုက်တန်တော့သည့်အကြောင်းကို ရှဲ့ကျစ်ရှင်းမှ တွေးနေပါသည်လား။
ရေချိုးခန်းထဲမှ ရေသံများ ရပ်သွားခဲ့ပြီးနောက် ရှဲ့ကျစ်ရှင်းသည် အနက်ရောင် bathrobe ကိုဝတ်ဆင်ကာ အပြင်သို့ ထွက်လာခဲ့သည်။
သူ၏ရေစိုနေသော ဆံပင်တိုလေးများမှာ နဖူးအရှေ့တွင် ကျနေခဲ့ပြီး သူ၏ တောက်ပနေသောမျက်လုံးများကို ဖုံးကွယ်နေသောကြောင့် ရှဲ့ကျစ်ရှင်း၏ မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
“မစ္စတာရှဲ့”
ဖူယန်ရုန်မှ အစီရင်ခံစာ တင်ပြလာခဲ့သည်။
“ဒီနေ့ ဂင်ဇာ ကုန်တိုက်ထဲမှာ ပရိတ်တွေနဲ့ ပါပါရာဇီတွေ အရမ်းများတယ်၊ ကျွန်တော်တို့ သူ့တို့ကို တားဖို့ လူအင်အားအများကြီးသုံးခဲ့ရတာမလို့ အဲအချိန်မှာ မစ္စတာရှက ထွက်ပြေးသွားပါတယ်”
ဖူယန်ရုန်သည် အစီရင်ခံစာတင်ပြသည့်အချိန်၌ အနည်းငယ် ကြောက်နေခဲ့သော်လည်း ရှဲ့ကျစ်ရှင်းမှ အပြစ်တင်သည့်စကားများ မပြောဘဲ “ အမ်း” ဟုသာ ပြောလိုက်သည်။
ဖူယန်ရုန်သည် သူ့၏ခေါင်းအား ဂရုတစိုက်ဖြင့် မော့လာခဲ့ပြီး ရှဲ့ကျစ်ရှင်းအား ခိုးကြည့်လိုက်သည်။
ရှဲ့ကျစ်ရှင်း၏ မျက်နှာ အမူအရာမှာ ရှချန်းချန်းကို မဖမ်းနိုင်ခဲ့၍ စိတ်ဆိုးနေသည့်ပုံပေါ်နေမည့်အစား ပျော်ရွှင်နေသည့်ပုံ ပေါ်နေခဲ့သည်။
ဖူယန်ရုန်:? ? ?
ဖူယန်ရုန်သည် ဤလောက ကြီးကို နားမလည်နိုင်တော့ပေ။
မိန်းမတစ်ယောက်သည် ချမ်းသာကြွယ်ဝသည့် မိန်းမလှလေးတစ်ယောက်အဖြစ် ပျော်ရွှင်စွာ နေထိုင်ရမည့်အစား ပါပါရာဇီအဖြစ် နေထိုင်ခဲ့သည်။
ယောကျာ်းတစ်ယောက်သည်လည်း သူ၏ဇနီးမှ ခုနစ်ကြိမ်၊ ရှစ်ကြိမ်မျှပင် သစ္စာဖောက်ခဲ့သည်ကို စိတ်ဆိုးရမည့်အစား ပြုံးရွှင်နေခဲ့သည်။
ထိုအရာမှာ အကျိုးအကြောင်း ဆီလျော်ပါသလော။
“ဒီနေ့အဖြစ်အပျက်တွေ ဖြစ်ပြီးတော့ ဒီညမှာ မစ္စရှက ဟိန်ထျန်းကနေ သေချာပေါက် ထွက်သွားလိမ့်မယ်”
ဟု ဖူယန်ရုန်မှ ဆက်ပြောလာခဲ့သည်။
“ အခု ဟိန်ထျန်းမှာ သတင်းတွေ ဖော်ထုတ်ခံလိုက်ရပြီဆိုတော့ သူ့ရဲ့သဘောထားအရဆိုရင် ပိုင်ချန်ကို သွားဖြစ်ဖို့ များလိမ့်မယ်ထ ကျွန်တော်တို့ ပိုင်ချန်ကို အရင်ဦးအောင် သွားသင့်တယ်မဟုတ်လား”
ပိုင်ချန်သည် တရုတ်အနုပညာရှင်များအတွက် အထင်ရှားဆုံး အပန်းဖြေ၍စုဝေးရာ နေရာတစ်ခုဖြစ်ပြီး ပါပါရာရာဇီများအတွက်လည်း အကြိုက်ဆုံးနေရာတစ်ခုပင်ဖြစ်သည်။
သို့သော် ရှဲ့ကျစ်ရှင်းသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“သူ သေချာပေါက် ထွက်သွားမှာ မဟုတ်ဘူး”
ဂင်ဇာ ကုန်တိုက်တွင် ရှချန်းချန်းသည် ပါပါရာဇီများကို ခေါ်လိုက်သည့် အချိန်၌ သူသည် ရီကျစ်ခိုင်နှင့် မုန့်ရူယန်တို့၏ အချစ်ဇာတ်လမ်း သတင်းများကြောင့် ရောက်ရှိလာခြင်းမဟုတ်ကြောင်းကို ရှဲ့ကျစ်ရှင်းမှ သိလိုက်ရသည်။
အကယ်၍ သူမသည် မုန့်ရုယန်နှင့် နီးစပ်ချင်သည်ဆိုပါက ဤမျှလောက် ကြိုးစားမည်မဟုတ်ပေ။
အနုပညာလောကမှ ပါပါရာဇီများသည် သူတို့အနားမှာနေ၍ အနည်းငယ်ဉာဏ်ကောင်းပါက သူတို့၏ ချိန်းတွေ့သည့် ပုံများကို ရိုက်ကူးနိုင်မည်ဖြစ်သည်။
ထို့ကြောင့်ပင် သူမ၏ ပုံစံကို ပြောင်းလဲလိုက်ပြီး သူမ၏ ပုံစံအစစ်အမှန်ကို ဖော်ထုတ်ခံရနိုင်သည်ကို သိသိလျက်ပင် စွန့်စား၍ မုန့်ရုယန်နားသို့ ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။
ထိုအရာအတွက် အကြောင်းပြချက်များရှိလေသည်။
ထိုအကြောင်းပြချက်များမှာ မည်သည်ဖြစ်ကြောင်းကို ရှဲ့ကျစ်ရှင်းသည် အချိန်ခဏအတွင်း ပုံမဖော်နိုင်ပေ။
သူခန့်မှန်းမိသည့် တစ်ခုတည်းသော အရာမှာ ရှချန်းချန်း၏ ဇွတ်တရွတ်လုပ်တက်သည့် အကျင့်စရိုက်အရ သူမသည် ထိုအဖွဲ့ထဲတွင် ဆက်နေရန်အတွက် သေချာပေါက် နည်းလမ်းတစ်ခု ရှာဖွေမည်ဖြစ်သည်။
“Niuhulu Strategy” အဖွဲ့တွင် မည်သည့်အရာများ ရှိမည်နည်း။
ရှဲ့ကျစ်ရှင်းသည် အနည်းငယ်တွေးမိသွားကာ မျက်မှောင်ကြုတ်လိုက်သည်။
“ငါတို့ မနက်ဖြန်ကျရင် ရီကျစ်ခိုင်ရဲ့ သူငယ်ချင်းအနေနဲ့သွားပြီး ရိုက်ကွင်းကို သွားကြည့်ကြမယ်”
နောက်တစ်နေ့တွင် ကောင်းကင်ကြီးမှာ မဲမှောင်နေလေသည်။ မုန့်ရုယန်သည် nanny ကားပေါ်တွင် ထိုင်၍ ရေနွေးငွေ့ eye maskကို တပ်ထားလေသည်။ နေ့အသစ်တစ်နေ့ကို လှပစွာ စတင်မည်ဖြစ်သည်။
ဘေးနားတွင်ရှိသော ချန်းကောသည် အဖွဲ့၏ သတိပေးစာများကို ကြည့်ရှုနေခဲ့သည်။
“ရာသီဥတု ခန့်မှန်းတဲ့သူတွေပြောကတော့ ဒီနေ့ နေ့လည် ဟိန်ထျန်းမှာရှိတဲ့ စန်းနျန်းနျန်း တောင်မှာ မိုးရွာနိုင်ချေ 70% ရှိတယ်လို့ပြောတယ်၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဇာတ်ညွှန်းထဲမှာ ဇာတ်လိုက်နဲ့ဇာတ်လိုက်မက မိုးတွေရွာနေတဲ့အချိန် စန်းနျန်းနျန်း တောင်ပေါ်မှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်းမှာ ပြန်ဆုံတဲ့အခန်းပါတယ်လေ၊ အဲမှာရိုက်ဖို့အတွက် ဒါရိုက်တာလုက မနက်ကတည်းက အဲနေရာသွားပြီး အကုန်စီစဉ်ထားပြီးပြီ နေ့လည်လောက်ကျရင်တော့ ကျွန်တော်တို့ စရိုက်လို့ရပြီ”
မုန့်ရုယန်သည် သူမ၏မျက်နှာပေါ်တွင်တပ်ထားသော ရေနွေးငွေ့ eye maskကို ဖိလိုက်သည်။
“ကျွန်မ သိသလောက်တော့ စန်းနျန်းနျန်း တောင်မှာရိုက်ရမဲ့ ရိုက်ကွင်းတွေ များတယ်မလား၊ ဒါဆို ကျွန်မ အဲမှာ ရက်တော်တော်များများနေပြီး မပြန်ရဘူးဆိုတဲ့ သဘောလား”
“ကျွန်တော်တို့က စန်းနျန်းနျန်း တောင်မှာ ရှိတဲ့ ဘုရားကျောင်းရဲ့ အပြင်ဘက်မြင်ကွင်းတွေကိုပဲ သုံးမှာပါ ကျန်တဲ့အတွင်းပိုင်း မြင်ကွင်းတွေက ဟိန်ထျန်းက studioမှာပဲ ရိုက်ကူးမှာမလို့ ကံကောင်းရင်တော့ ကျွန်တော်တို့ မနက်ဖြန်ပြန်ရမှာပါ၊ B အဖွဲ့ကတော့ ကျန်နေတဲ့ ရိုက်ကွင်းတွေကို ဆက်ရိုက်ပြီးကျန်နေခဲ့မှာမလို့ ကျွန်တော်တို့နဲ့ မဆိုင်တော့ပါဘူး”
ထိုသို့ပြောပြီးနောက် ချန်းကောသည် ဘေးနားတစ်ဝိုက်သို့ လှည့်ပတ်ကြည့်လိုက်သည်။
“လူတိုင်းသွားဖို့ အဆင်သင့်ဖြစ်နေပြီကို ရှရှက ဘာလို့ မရောက်လာသေးတာလဲ”
မုန့်ရုယန်၏ မျက်နှာအမူအရာမှာ ပျက်သွားသော်လည်း သူမ၏ “ ငါသာလျှင် အမိုက်ဆုံး” ဟူသော ပုံစံကို အလျင်အမြန်ပင် ပြောင်းလိုက်သည်။
“ပါပါရာဇီတွေက သူနဲ့ ရှဲ့ကျစ်ရှင်းနဲ့ပုံတွေကို ရိုက်ထားကြတာလေထ သူဘယ်လိုလုပ် ဒီအဖွဲ့ထဲမှာ နေဖို့ ဖြစ်နိုင်တော့မှာလဲ”
ချန်းကောသည် ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်သည်။
“ဘယ်လောက်တောင် နှမြောစရာကောင်းလိုက်လဲ ငါသူ့ရဲ့ အရည်အချင်းတွေကို သဘောကျတာကိုး”
သူစကားပြောနေချိန်၌ လူတစ်ယောက်မှ nanny ကား၏ ကားပြတင်းပေါက်ကို လာခေါက်လေသည်။
ချန်းကောသည် ကားတံခါးဖွင့်လိုက်သည့်အချိန်၌ သားရေကုတ်အကျီဝတ်ထားသည့် အသက် သုံးဆယ်အရွယ် ယောကျာ်းတစ်ယောက်ကို မြင်လိုက်ရ၍ အံ့ဩသွားခဲ့သည်။
သူ့တွင် နက်ရှိုင်းသည့် မျက်ခုံးနှင့် မျက်လုံးများရှိပြီး အနုပညာဆန်ဆန် ဆံထုံးတစ်ခု ထုံးထားသည့်အပြင် သူ၏ မေးစေ့တွင်လည်း အစိမ်းရောင် မုတ်ဆိတ်မွှေးပါးပါးလေး ရှိလေသည်။
သူသည် မိတ်ကပ်အိတ်ကို ပုခုံးပေါ်သို့ မ တင် လိုက်ပြီးနောက် အသံတိုးတိုးလေးဖြင့် မေးလာသည်။
“တစ်စိတ်လောက်ပါ ဒါက မုန့်ရုယန်လောင်ရှီးရဲ့ nanny ကားလား မသိဘူး”
ချန်းကောမှာ မျက်မှောင်ကြုတ်လိုက်သည်။
“အားနာပါတယ်နော် မုန့်လောင်ရှီးက treatment လုပ်နေလို့ လက်မှတ် မထိုးပေးနိုင်သေးဘူး”
မုန့်ရုယန်သည် ချက်ချင်းပင် ထလာကာ သူမ၏ ရေနွေးငွေ့ eye maskကို ဖြုတ်၍ ထိုအနုပညာဆန်သောလူကြီးကို စိုက်ကြည့်လိုက်သည်။
သူမ၏မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။
“ ရှင်…ရှင်က…”
ချန်းကောမှာ အဖြေရှာမရဖြစ်သွားခဲ့သည်။
“ယန်ယန် မင်းသူ့ကိုသိတာလား”
မုန့်ရုယန်သည် အလျင်အမြန်ပင် သဘောပေါက်သွားခဲ့သည်။
“မသိပါဘူးထ ဒါပေမဲ့ မနေ့က ရှရှအလုပ်ထွက်မယ်ပြောတုန်းက သူ ကျွန်မကို နောက်ထပ် မိတ်ကပ်ပြင်ဆရာရှာပေးမယ်လို့ ပြောခဲ့တယ်၊ သူပြောတဲ့တစ်ယောက်က ရှင်လား”
ထိုဦးလေးသည် နူးနူးညံ့ညံ့ပြုံးပြ၍ သူ၏လက်ကို ထုတ်လာသည်။
“ဟုတ်ပါတယ်၊ မုန့်လောင်ရှီးနဲ့ ချန်းကောတို့ မဂ်လာပါ ကျွန်တော်က ရှရှရဲ့ အစ်ကိုပါ ကျွန်တော့်နာမည်က…“
ထိုဦးလေး၏ မျက်ခုံးအောက်တွင်ရှိသော တောက်ပနေသည့်အညိုရောင်မျက်လုံးများမှာ တစ်ခုခုကို စဉ်းစားနေသလိုပင် ဖြစ်နေသည်။
“ ရှသုန်သုန်ပါ”
မုန့်ရုယန်: "…"
နာမည်ကို အဲထက်ကောင်းတာလေး မပေးတက်တော့ဘူးလား။
သို့သော် ချန်းကောသည် ထိုအခြေအနေများကို နားမလည်ခဲ့ပေ။
၄င်းအစား သူသည် ပြက်လုံးတစ်ခုကို ပြောလိုက်လေ၏။
“ခင်ဗျားတို့ မိသားစုဝင်တွေရဲ့ နာမည်တွေက အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ၊ တစ်ယောက်က ရှရှ နောက်တစ်ယောက်က သုန်သုန်ဖ နောက်အနာဂတ်တွေမှာ ချွန်းချွန်း တွေ ချူချူ တွေ ရှိလာတော့မယ်ထင်တယ်နော်”
ထိုဦးလေး ရှချန်ချန်သည် မျက်တောင်ခတ်ကာ ခေါင်းကိုစောင်းလာခဲ့ပြီး လေးလေးနက်နက်ဖြင့် ပြောလာခဲ့သည်။
“အဲဒါက တကယ် ဖြစ်လာနိုင်ပါတယ်”
ချန်းကော : ???
ချန်းကောသည် ရှချန်းချန်းအား ထိုတောင်ပေါ်တွင် တစ်ည တည်းမည့်အကြောင်းကို ပြောပြခဲ့သည်။
ကံကောင်းစွာဖြင့်ပင် ရှချန်းချန်း၏ RVကားသည် သိပ်မဝေးသည့်နေရာတွင် ရပ်ထားလေသည်။ သူမသည် ချက်ချင်းပင် သူ၏ခရီးဆောင်အိတ်ကိုယူကာ nanny ကားထံသို့ ပြန်လာခဲ့သည်။
ထိုအချိန်၌ ရုပ်ရှင်အဖွဲ့သားများ ရောက်ရှိလာကြပြီး ရှည်လျားသည့် ယာဉ်တန်းအရှည်ကြီးတစ်ခုသည် စန်းနျန်းနျန်းတောင်သို့ ဦးတည်သွားကြတော့သည်။
ကားသည် ခါရမ်းနေသောကြောင့် ရှချန်းချန်းသည် မုန့်ရုယန်အား မိတ်ကပ်ပြင်ပေး၍ မရပေ။ သူမသည် ၄င်းအစား skincare ပစ္စည်းများကိုထုတ်၍ မုန့်ရုယန်၏မျက်နှာကို ဂရုစိုက်ပေးနေခဲ့သည်။
မုန့်ရုယန်သည် လုပ်စရာများမရှိ၍ ဇာတ်ညွှန်းစာအုပ်ကိုထုတ်ကာ သူမပြောရမည့် စာကြောင်းများကို မှတ်နေလေသည်။
ချန်းကော : “ဇာတ်ညွှန်းစာကြောင်းတွေကို ဒီထက်ပိုပြီး မှတ်သင့်တယ်”
“စန်းနျန်းနျန်းတောင်ရဲ့ ရိုက်ကူးရေး အချိန်စာရင်းက အရမ်းတင်းကြပ်တယ်၊ တကယ်လို့ ငါတို့ NGs တွေ လုပ်မိပြီး ရိုက်ကူးရေးမှာ နှောင့်နှေးသွားမယ်ဆိုရင် မကောင်းဘူးလေ”
(T/N - NGs / No Good scenes)
“ကျွန်တော်တို့ စန်းနျန်းနျန်းတောင်ကို သွားနေကြတာလား”
ရှချန်းချန်းမှာ မှင်သက်နေခဲ့သည်။
“အာ ကျွန်တော်မပြောမိတာလား”
ချန်းကောသည် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
“ဇာတ်ညွှန်းထဲမှာ ဇာတ်လိုက်နဲ့ဇာတ်လိုက်မက ဒီတောင်ပေါ်မှာရှိတဲ့ ရှေးဟောင်း ဘုရားကျောင်းမှာ ပြန်ဆုံမည့် အခန်းပါတယ်လေ ၊ စန်းနျန်းနျန်းတောင်ပေါ်မှာ ရှိတဲ့ ဘုရားကျောင်းက အရမ်းပြည့်စုံတယ်၊ သုန်သုန်လောင်ရှီး ခင်ဗျားရဲ့ ခရီးဆောင်အိတ်ကိုတောင် ယူလာပြီးပြီ မဟုတ်လား ဘာများ အဆင်မပြေတာရှိလို့လဲ”
“အို” ဟုပြောကာ ရှချန်းချန်းသည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြုံးပြလိုက်သည်။
“အဆင်မပြေတာမရှိပါဘူး ဒါက ကျွန်တော် ပထမဦးဆုံး စန်းနျန်းနျန်းတောင်ကို တက်ဖူးတာဆိုတော့ နည်းနည်းစပ်စုကြည့်တာပါ”
ထို့နောက် nanny ကားထဲတွင်ရှိသော လူသုံးယောက်သည် သူတို့၏အလုပ်များကို ကိုယ်စီလုပ်ကာ မည်သည့် စကားသံမှ ထွက်မလာခဲ့တော့ပေ။
ရှချန်းချန်းသည် မုန့်ရုယန်၏ ဘေးတွင်ထိုင်ကာ ကွေးကောက်နေသည့် တောင်တန်းရှုခင်းများကို ကြည့်နေခဲ့သည်။
ဆောင်းဦးရာသီရောက်ရှိနေပြီဖြစ်၍ တောင်ထိပ်များတွင် စတင်၍ အေးစပြုလာပြီဖြစ်သည်။
ရှချန်းချန်းသည် သူမ၏ မျက်လုံးများကို မှိတ်ကာ အနားယူလိုက်ပြီးနောက် သူမ၏စိတ်ထဲတွင် ယခုကမ္ဘာ၏ဝတ္ထုကို ထပ်၍ ဖွင့်လိုက်သည်။
စန်းနျန်းနျန်းတောင်သည် ဝတ္ထုထဲတွင် ဖော်ပြထားသော နေရာတစ်ခု ဖြစ်သည်။
ဝတ္ထုထဲတွင် စန်းနျန်းနျန်းတောင်၌ ရိုက်ကူးရေးအဖွဲ့သားများ ရိုက်ကူးနေကြစဉ် ရွံမြေပြိုကျမှုများကြောင့် ထိုတောင်ထဲတွင် ပိတ်မိသွားခဲ့ကြသည်။
ထိုအချိန်၌ ဒဏ်ရာရသူများ မရှိသည့်အပြင် အဖွဲ့သားများသည် ကယ်ဆယ်ရေးအဖွဲ့အား အချိန်ကိုက် ဆက်သွယ်နိုင်ခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့များသည် လေးရက်၊ ငါးရက်အတွင်း ယာယီတောင်တက်နိုင်သည့်လမ်းတစ်ခုကို ဖောက်နိုင်မည်ဟု တွက်ချက်ခဲ့သည်။
သို့သော်လည်း ကယ်ဆယ်ရေးအဖွဲ့များ လမ်းမဖောက်ရသေးခင်အချိန်၌ စန်းနျန်းနျန်းတောင်တွင်ရှိသော ဟိုတယ်တစ်ခုတွင် သရုပ်ဆောင်တစ်ဦး သတ်သေသွားခဲ့သည်။
ထိုသတ်သေသွားသည့်အကြောင်းအား မည်သူမျှ မသိကြသည့်အပြင် ဝတ္ထုထဲတွင်လည်း သူ၏ အသေးစိတ်အကြောင်းအရာများကို ဖော်ပြထားခြင်း မရှိပေ။
ထို့နောက် “ရှန်းကျွယ်” ရိုက်ကူးရေးအဖွဲ့သည် စန်းနျန်းနျန်းတောင်သို့လာ၍ ရိုက်ကူးရေး လုပ်သည့်အချိန်၌ လူအများသည် ထိုနေရာ၏ သေဆုံးမှုအဖြစ်အပျက်ကို ပြန်တွေးမိကာ အနည်းငယ် ကြောက်နေခဲ့ကြသည်။
အထူးသဖြင့် ယဲ့ရှီဝမ်သည် ညအချိန်၌ ထိုသတ်သေသွားသည့်အကြောင်းကို စဉ်းစားမိကာ ကြောက်လန့်၍ အိပ်မပျော်ခဲ့ပေ။
ထိုအချိန်၌ ဟန်ကျားလင်းသည် ယဲ့ရှီဝမ်ထံသို့ရောက်လာကာ ကြောက်စရာကောင်းသည့် ညကို အတူတူဖြတ်သန်းကာနေခဲ့ကြသည်။
ထိုအရာသည် ဝတ္ထုထဲမှ အရံလှည့်ကွက်လေးတစ်ခုပင် ဖြစ်သည်။ စန်းနျန်းနျန်တောင်မှ သရုပ်ဆောင်တစ်ယောက် သတ်သေသည့် ကြောက်စရာကောင်းသော အဖြစ်အပျက်သည် ယဲ့ရှီဝမ်နှင့် ဟန်ကျားလင်းတို့ အတူတူ ချိုမြိန်သောညနေခင်းလေးကို ဖြတ်သန်းရန်အတွက် နောက်ခံဇာတ်လမ်းတစ်ခုဖန်တီးပေးထားခြင်း ဖြစ်သည်။
ရှချန်းချန်းသည် ဟိန်ထျန်းသို့ မလာခင်အချိန်ကတည်းကပင် စန်းနျန်းနျန်းတောင်၏ အကြောင်းကို ရှာဖွေခဲ့သော်လည်း “သရုပ်ဆောင်များ သတ်သေသွားခဲ့သည်” ဟူသော သတင်းများကို ရှာမတွေ့ခဲ့ပေ။
တစ်ခြားအဓိပ္ပာယ်ဖြင့် ပြောရမည်ဆိုလျှင် ထိုအဖြစ်အပျက်သည် ယခုအချိန်ထိ မဖြစ်ခဲ့သေးပေ။
“ရွဲ့မြေပြိုကျမှုများကြောင့် ပိတ်မိသွားသော ကံမကောင်းသည့်အဖွဲ့မှာ ‘Niuhulu Strategy’ ရုပ်ရှင်အဖွဲ့များ ဖြစ်နေမလား” ဟု ရှချန်းချန်းမှ သံသယရှိနေခဲ့သည်။
သို့သော်လည်း စနစ်သည် သဘောမတူခဲ့ပေ။
“အဲဒါက မဖြစ်နိုင်ပါဘူး၊ မင်းက သေမင်းတမန်မူလတန်းကျောင်းရဲ့ ကျောင်းသားမှမဟုတ်တာ ဘယ်လိုလုပ် သွားတဲ့နေရာတိုင်း ပြသာနာဖြစ်မှာလဲ”
ကားထဲတွင် မုန့်ရုယန်နှင့် ချန်းကောတို့သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့ကြသည်။
သူတို့သည် ခရီးရောက်ခါနီးပြီးဖြစ်၍ မုန့်ရုယန်မှ နိုးလာခဲ့သည်။
သူမသည် အကြောဆန့်လိုက်ပြီး သူမ၍လက်ထောက်သည် ဝီရိယ ရှိရှိကားမောင်းနေသည်ကိုမြင်လိုက်ရပြီး ချန်းကောသည် အိပ်ပျော်နေဆဲဖြစ်သည်။
သူမသည် ဘေးတွင်ရှိသော ရှချန်းချန်းကိုဆွဲလိုက်၍ တိုးတိုးလေး ပြောလိုက်သည်။
“ ငါတို့ ဒီည စန်းနျန်းနျန်းတောင်မှာ နေရမှာ တကယ်လို့ နင်ဟိုတယ်မှာ စာရင်းသွင်းလိုက်ရင် နင့်ရဲ့ ပုံစံအစစ်အမှန်ကသေချာပေါက် ပေါ်သွားလိမ့်မယ် ၊ ဒီည နင် ငါနဲ့နေတာက ပိုကောင်းတယ်”
ရှချန်းချန်းမှာ နာခံ၍ ခေါင်းငြိမ့်လိုက်သည်။ သူမသည် ဟိုတယ်တွင် စာရင်းသွင်းရမည့်အကြောင်းကို စိုးရိမ်နေခဲ့ပြီး မုန့်ရုယန်သည် သူမ၏ပြသာနာကို ဖြေရှင်းပေးလိုက်သလိုပင် ဖြစ်သွားသည်။
သို့သော် မုန့်ရုယန်သည် သူမ၏လက်ကို ကိုင်လာသည့်အခါ၌ မုန့်ရုယန်၏ လက်ကောက်ဝတ်ပေါ်တွင် အမှတ်များ ပိုဆိုးလာသည့်ပုံပေါ်သည်က်ို ရှချန်းချန်းမှ သတိထားမိသွားခဲ့သည်။
ရှချန်းချန်းမှာ မျက်မှောင်ကြုတ်လိုက်သည်။
“မုန့်လောင်ရှီး မနေ့ညက ရှင်နဲ့ ရီကျစ်ခိုင်…”
မုန့်ရုယန်သည် သူမ၏လက်မှ အမှတ်များကိုချက်ချင်းပင် ကာလိုက်ပြီး အကြည့်ကိုလွှဲလိုက်သည်။
“အို ဒါက ချစ်သူရည်းစားတွေကြားက ကိစ္စလေးတွေပါ မမေးပါနဲ့တော့”
ရှချန်းချန်းသည် သည်းမခံနိုင်ပေ။
“ရှင် ရီကျစ်ခိုင်ကို အရမ်းသဘောကျတာလား”
မုန့်ရုယန်သည် အောက်သို့ငုံ့လိုက်ပြီး သူမ၏ ပါးများလည်း အနီရောင်သန်းနေခဲ့သည်။
“ငါ သူ့ကိုသဘောကျတာ သူ့ကိုပထမဆုံးအကြိမ်စတွေ့ကတည်းက သဘောကျခဲ့တာ”
ရှချန်းချန်း : “ဒါပေမဲ့ သူက ရှင့်ကို ဒီလိုဆက်ဆံတာလေ….”
မုန့်ရုယန်မှာ ဆက်၍ ငြင်းဆန်နေခဲ့သေးသည်
“ဘာမှမဖြစ်ပါဘူး သူအဲလိုတွေလုပ်ပြီးတိုင်း အမြဲ ပြန်တောင်းပန်တယ်၊ ဒီလိုတွေလုပ်တာက သူ့စိတ်ထဲကမပါဘူးဆိုတာ ငါသိပါတယ်၊ သူပြောင်းလဲလာမယ်လို့လည်း ငါယုံကြည်တယ်”
သူသည် ပြောင်းလဲလာနိုင်မည်လော။
ရှချန်းချန်း၏ မျက်နှာမှာ ပို၍ မည်းနက်လာခဲ့သည်။
သူ ဘယ်တော့မှ ပြောင်းလဲလာနိုင်မည်မဟုတ်သည်ကို စိုးရိမ်မိသည်။
နေ့လည် ၁၂နာရီ မွန်းတည့်ချိန်၌ အဖွဲ့သားများ၏ ဘတ်စ် ကားများနှင့် သရုပ်ဆောင်များ၏ အမျိုးမျိုးသော nannyကားများသည် စန်းနျန်းနျန်းတောင်၏ ဂိတ်အရှေ့တွင် ရပ်လိုက်ကြသည်။
ရာသီဥတုသည် အလွန်ကောင်းမွန်သည့်အပြင် ထိုအချိန်၌ မြူခိုးများနှင့်မိုးရေစက်များ ရောယှက်၍ ကျလာခဲ့ပြီး စန်းနျန်းနျန်းတောင်ကို ဖုံးကွယ်သွားခဲ့သည် ထိုမြူအုံ့ဆိုင်းနေ၍ လှပသောတောတောင်အား ဆန်းကြယ်လှပသည့်အလွှာဖြင့် ဖုံးအုပ်ထားသလိုပင် ဖြစ်နေခဲ့သည်။
ဒါရိုက်တာလုသည် ရိုက်ကွင်းအတွက် စိတ်လောနေခြင်းကြောင့် သရုပ်ဆောင်များနှင့် ရုပ်ရှင်အဖွဲ့သားများအား ရိုက်ကွင်းနေရာသို့ ဦးစွာ သွားရောက်ခိုင်းခဲ့ပြီး ခရီးဆောင်အိတ်နှင့် အခြားပစ္စည်းများကို သယ်ယူရန်အတွက် လက်ထောက်များနှင့် ကိုယ်စားလှယ်များကို နေခဲ့ခိုင်းလေသည်။
ရှချန်းချန်းသည် သူမ၏ မိတ်ကပ်သေတ္တာကို သယ်၍ ရိုက်ကွင်း၏ ယာယီဆောက်ပေးထားသော အလှပြင်ခန်းထဲသို့ မုန့်ရုယန်နှင့်အတူ လိုက်သွားခဲ့သည်။
လမ်းတစ်လျှောက်လုံးတွင် သရုပ်ဆောင်အများစုနှင့် ရုပ်ရှင့်အဖွဲ့သားများသည် မုန့်ရုယန်နှင့် ရှချန်းချန်းတို့အား စူးစမ်းလိုသည့်အကြည့်များဖြင့် ကြည့်နေခဲ့ရသည့် အကြောင်းအရင်းမှာ ယခင်ညတွင် ရှဲ့ကျစ်ရှင်း၏ အချစ်ဇာတ်လမ်းအကြောင်းအား ပြောဆိုနေခဲ့ကြပြီး မင်းသားရှဲ့၏ ကောလဟာလများထွက်နေခဲ့သော ကောင်မလေးမှာ မည်သို့ပုံစံအနေအထားရှိသည်ကို သိချင်လွန်း၍ စပ်စုနေခဲ့ကြခြင်းဖြစ်သည်။
သို့သော် ကံမကောင်းစွာဖြင့်ပင် ယနေ့၌ မုန့်ရုယန်၏ အနောက်တွင်ပါလာသော မုတ်ဆိတ်မွှေးအပြည့်နှင့် ယောကျာ်းလေးတစ်ယောက်ကို မြင်လိုက်ရသည့်အခါ၌ စောင့်ကြည့်နေသောသူများမှာ စိတ်ပျက်သွားခဲ့ရသည်။
ထိုယာယီအလှပြင်ခန်းလေးသည် အလွန်သေးငယ်လွန်းလှပြီး စန်းနျန်းနျန်းတောင်သို့ လာကြသော များပြားလှသည့် နာမည်ကြီး သရုပ်ဆောင်များမှာ အချိန်စာရင်းတင်းကြပ်မှုတောင် အတူတူမျှ၍ သုံးကြရသည်။
မုန့်ရုယန်သည် မည်သည့်အရာကိိုမှ ဂရုမစိုက်ခဲ့ပေ။ သူမသည် သက်တောင့်သက်သာ အရှိဆုံးအနေအထားကိုရွေးကာ ထိုင်လိုက်ပြီးနောက် ရှချန်းချန်းအား မိတ်ကပ်ပြင်ခိုင်းလေသည်။
လမ်းတစ်လမ်းလုံးတွင် မျက်နှာ၌ mask ကပ်လာခြင်းကြောင့် ယခုတွင် မုန့်ရုယန်၏ အသားအရေသည် နူးညံ့တောက်ပနေပြီး မိတ်ကပ်လိမ်းရသည်မှာလည်း လွယ်ကူလှသည်။
မုန့်ရုယန်၏ဘေးတွင် တတိယမြောက် အမျိုးသားဇာတ်ဆောင်ဖြစ်သည့် မိုယွီထျန်ပင် ဖြစ်သည်။
မိုယွီထျန်တွင် ရိုက်ကူးရမည့် ဇာတ်ဝင်ခန်း အနည်းအကျဉ်းသာ ပါရှိခဲ့ပြီး သူ့တွင် ကိုယ်ပိုင် မိတ်ကပ်ပြင်ပေးသည့် အနုပညာရှင် မရှိခြင်းကြောင့် ရုပ်ရှင်အဖွဲ့သားများ၏ မိတ်ကပ်အနုပညာရှင်များကို အခြားသူများ လိမ်းပေးပြီးသည့်အချိန်ထိ စောင့်နေရသည်။
ရှချန်းချန်းသည် မိုယွီထျန်အား ယခင်ကတည်းက သတ်ိထားမိနေခဲ့သော်လည်း သူ့၏ ဖခင်ကြောင့်ပင် ရုပ်ရှင်အဖွဲ့သားများသည် သူ့အား သဘောမကျ ကျပေ။
သူသည် သူနှင့် အတူသရုပ်ဆောင်ရသည့် လင်ရှောင်းနှင့်သာ တစ်ခါတစ်ရံ စကားပြောကြလေသည်။
မိုယွီထျန်သည် တစ်ယောက်ထဲထိုင်၍ သူ၏ ဇာတ်ညွှန်းစာသားများကို နွေးနေသည့်အချိန်၌ လင်ရှောင်းမှာ မိတ်ကပ်ပြင်နေခဲ့သည်။
သူသည် သူ၏ဘေးနားတစ်ဝိုက်တွင် မည်သည့်အရာများဖြစ်နေသည်ကို သတိမထားမိသည့်အပြင် သူ့၏ဘေးတွင်ထိုင်နေသော မုန့်ရုယန်ကိုလည်း တစ်ခါမှ မကြည့်ခဲ့ပေ။
မုန့်ရုယန်သည် မိုယွီထျန်အား နှစ်ကြိမ်မျှ စိုက်ကြည့်ပြီးမှသာ စိတ်သက်သာရာရခဲ့သည်။
မုန့်ရုယန်သည် သူမ၏ ရှပ်အင်္ကျီလက်များကို ခေါက်တင်လိုက်ပြီး သူမ၏လက်ပေါ်မှ အရာများကို ဖုံးပေးရန် ရှချန်းချန်းကို အကူအညီတောင်းလိုက်သည်။
မမျှော်လင့်ထားသည့်အချိန်တွင် မိုယွီထျန်သည် သူမအား စိုက်ကြည့်လာခဲ့သည်။
“မုန့်လောင်ရှီး… ခင်ဗျားရဲ့လက်က”
မိုယွီထျန်သည် မည်သည့်အရာမျှ မစဉ်းစားတော့ဘဲ မေးလိုက်သည်။
မုန့်ရုယန်သည် အလွန်ပင် လန့်သွားကာ သူမ၍လက်ကို အလျင်အမြန် ပြန်သိမ်းလိုက်သည်။
ထိုအချိန်၌ ရှချန်းချန်းသည် သူတို့နှစ်ယောက်ကြားဝင်လိုက်၍ မိုယွီထျန် မမြင်စေရန် အရှေ့မှ ကာလိုက်သည်။
ရှချန်းချန်း: “ခင်ဗျား အမြင်မှားတာနေမှာပါ”
မိုယွီထျန်၏ အမူအရာသည် မဝံ့မရဲဖြစ်နေသည့်ပုံနှင့် မတူတော့ဘဲ အရှေ့သို့ တိုးလာခဲ့သည်။
“ဒါပေမဲ့ ကျွန်တော် အသေအချာကို မြင်လိုက်တာပါ”
သူသည် မုန့်ရုယန်၏ရှေ့တွင် ခါးကိုင်း၍ အနီးကပ်ကြည့်လိုက်သည်။
သို့သော် မုန့်ရုယန်၏ လက်ကလေးသည် ကျောက်စိမ်းလေးကဲ့သို့ပင် ချောမွေ့တောက်ပနေခြင်းကြောင့် သူသည် မည်သည့်အရာမှ ရှာမတွေ့ခဲ့ပေ။
မိုယွီထျန်သည် စိတ်သက်သာရာရသွားသည့် အမူအရာနှင့် အတူ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာခဲ့သည်။
“ကျွန်တော် မှားမြင်မိတာပါ”
ထို့နောက် သူသည် တခစ်ခစ်ရယ်၍ ပြောလာခဲ့သည်။
“ကျွန်တော် အဲ့လိုမျိုး ဒဏ်ရာတွေကို ကျွန်တော့် မားမားဆီမှာ မြင်ဖူးတယ်၊ မုန့်လောင်ရှီးမှာလည်း ဒီလို တူတဲ့အဖြစ်အပျက်တွေ ကြုံနေရတာလားဆိုပြီး တွေးမိသွားတာပါ”
“ မဟုတ်ရပါဘူး” ဟု မုန့်ရုယန်မှ ရှင်းပြလာခဲ့သည်။
“စိတ်ပူပေးတဲ့အတွက် ကျေးဇူးပါနော် ကျွန်မ အဆင်ပြေပါတယ်”
မိုယွီထျန်သည် ထိုစကားကိုကြားလိုက်ပြီးနောက် မျက်လွှာချလိုက်ပြီး သူ၏အသံတွင်လည်း ပျော်ရွှင်သည့်အရိပ်အယောင်တစ်ချိူ့ပါနေခဲ့သည်။
“အဲဒါဆိုရင်တော့ ကောင်းပါတယ်”
ခဏအကြာတွင် မိုယွီထျန်၏ မိတ်ကပ်လိမ်ရမည့်အလှည့်ကို ရောက်ပြီဖြစ်၍ သူသည် မုန့်ရုယန်ဘေးမှ ထသွားခဲ့သည်။
သို့သော် ရှချန်းချန်းသည် နောက်သို့လှည့်ကာ သတိမထားမိဘဲ မိုယွီထျန်ကို အနည်းငယ်ကြာအောင် စိုက်ကြည့်နေခဲ့မိသည်။
မိုယွီထျန်၏စကားများသည် သူမ၏နားထဲ၌ စွဲကျန်နေခဲ့သည်။
သူပြောသည့်“ ကျွန်တော်အဲလိုမျိုးဒဏ်ရာတွေကို ကျွန်တော့် မားမားဆီမှာ မြင်ဖူးတယ်” ဟူသော စကားမှာ မည်သည်ကို ဆိုလိုသနည်း။ သူ၏မားမားသည် အိမ်တွင်းအကြမ်းဖက်မှုကို ခံနေရပါသလော။
ရှချန်းချန်းသည် မိုယွီထျန်အား ထူးခြားသော ဇာတ်ကောင်တစ်ခုဖြစ်သည်ဟု အမြဲခံစားနေရသော်လည်း သူမသည် ဝတ္ထုထဲတွင် သူ၏ အကြောင်းများကို ရှာလို့မတွေ့ခဲ့ပေ။
“သူက အဖြူထည် NPC တစ်ခုပဲ” ဟု စနစ်မှ ရှင်းပြရန် ထွက်လာခဲ့သည်။
(T/N- NPC / Non-player Chapter)
“သူက ဒီဝတ္ထု ကမ္ဘာထဲမှာ အဓိက ဇာတ်ကြောင်းကို အခြေခံပြီးတော့ အဓိကစနစ်က ဇာတ်လမ်းကို အရှိန်မြင့်အောင် ဖန်တီးထားတဲ့ ဇာတ်ကောင်တစ်ခုပါပဲ၊ ဝတ္တုထဲမှာ သူရဲ့အကြောင်းကို ဘာမှမရေးထားဘူး သူ့အဖေက အဓမ္မပြုကျင့်တဲ့သူဆိုတဲ့ဟာပဲ ပါတာ၊ အဲ့ဒါကလည်း ဝတ္ထုကမ္ဘာထဲမှာ ဇာတ်ကြောင်းဆီလျော်အောင် အလိုအလျောက်ထည့်ထားတာပါ၊ ဝတ္ထုထဲမှာ သူနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို ရဖို့ ခက်တယ်”
ရှချန်းချန်း: “သူက မထင်ရှားတဲ့ အရန် NPC တစ်ယောက်ဆိုရင် အဓိကစနစ်ရဲ့ ပင်ကိုယ်စရိုက်က အရမ်းဆန်းကြယ်တယ်လို့ မထင်ဘူးလား”
မုန့်ရုယန်သည် သူမ၏မိတ်ကပ်ပြင်ဆင်ပြီးနောက် ဘေးတွင် ထိုင်စောင့်နေခဲ့သည်။
သူမသည် စန်းနျန်းနျန်းတောင်တွင် ကိုယ်လုပ်တော်မိဖုရားမှ သီလရှင် တစ်ဦးအဖြစ် ပြောင်းလဲရမည်ဖြစ်သည်။
သူသည် သီလရှင်များဆောင်းသည့် ခေါင်းအဆောင်းတစ်ခုကို အမြဲဆောင်းထားရမည့်အပြင် ဆံထုံး ထုံးစရာမလိုသောကြောင့် သူမ၏ မိတ်ကပ်ပြင်ချိန်းမှာ အချိန်ခဏပဲ ကြာခဲ့သည်။
သို့သော် ရီကျစ်ခိုင်နှင့် မိုယွီထျန်တို့မှာ မတူကြပေ။ ထို အမျိုးသားဇာတ်ဆောင်မင်းသားများသည် ဆံပင်များပြင်ဆင်ရမည်ဖြစ်သောကြောင့် ပို၍ အချိန်ကြာခြင်း ဖြစ်သည်။
ရိုက်ကူးရေးလုပ်ရန် စောင့်နေကြသည့်အချိန်၌ လင်ရှောင်းသည် မုန့်ရုယန်၏ဘေးတွင် ရုတ်တရက် ဝင်ထိုင်လိုက်သည်။
လင်ရှောင်းသည် ခန္ဓာကိုယ်သေးသွယ်၍ နူးညံ့သိမ်မွေ့လေသည်။ သူမသည် မုန့်ရုယန်နားသို့ကပ်ကာ အတင်းပြောသည့်ပုံစံဖြင့် ပြောလာခဲ့သည်။
“ကျဲယန်ယန်ရဲ့ မိတ်ကပ်ပြင်ပေးတဲ့ အနုပညာရှင်က ဒီနေ့မလာဘူးလား”
မနက်ခင်းတစ်ပိုင်းလုံး ရုပ်ရှင်အဖွဲ့သားများနှင့် သရုပ်ဆောင်များသည် သိချင်လိုစိတ်ပြင်းပြနေသော်လည်း မုန့်ရုယန်နှင့် သူတို့၏ကြားတွင် အဆင့်အတန်းကွာခြားမှုတစ်ခုရှိခြင်းကြောင့် မည်သူမှ သူမအား သွားမနှောက်ယှက်ရဲပေ။
လင်ရှောင်းသည် မုန့်ရုယန်လောက် အဆင့်အတန်းမမြင့်မားသော်လည်း သူမသည် လူမှုရေးကောင်းမွန်၍ နှစ်လိုဖွယ်ကောင်းသော ပင်ကိုယ်စရိုက်တစ်ခုရှိသည်။
သူမသည် တစ်ခါတစ်ရံတွင် မုန့်ရုယန်နှင့် အတင်းစကားများ၊ အလှပရေးရာ ဆွေးနွေးမှူများ ပြောလေ့ရှိပြီး ရင်းနှီးနေကြပြီဖြစ်၍ သူမသည် တိုက်ရိုက်ပင် မေးလိုက်သည်။
မုန့်ရုယန်သည် ဘေးနားတွင် ဂိမ်းဆော့နေသော ရှချန်းချန်းကို စိုက်ကြည့်လိုက်ပြီး သူမ၏မျက်လုံးကို လှိမ့်လိုက်သည်။
“ရှရှက အလုပ်ကိစ္စတစ်ခုလုပ်ဖို့ရှိလို့ သူမလာနိုင်ဘူး”
လင်ရှောင်း၏မျက်နှာတွင် ဝမ်းနည်ပူဆွေးမှုများဖြင့် ပြည့်နေခဲ့သည်။
“သူ ဘယ်တော့မှ ထပ်ပြီး မလာတော့ဘူးလား”
မုန့်ရုယန်သည် သူမအား စနောက်လိုက်သည်။
“ညီမလေးမှာ မိတ်ကပ်ပြင်ပေးတဲ့ အနုပညာရှင်မရှိဘူးလား၊ ဘာလို့ သူ့ကို အဲလောက်လွမ်းနေရတာလဲ”
“ကျွန်မ သူ့ကို မလွမ်းပါဘူး” ဟု လင်ရှောင်းမှ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောလာသည်။
“ရှဲ့လောင်ရှီးက ဒီကိုလာလည်တာလေ သူ ရှရှကိုတွေ့ဖို့ ဒီနေရာကိုလာတယ်လို့ ကျွန်မထင်တာ၊ ဒါပေမဲ့ ရှရှက ဒီမှာမရှိဘူး အရမ်းဝမ်းနည်းဖို့ကောင်းတာပဲ”
မုန့်ရုယန်သည် မှင်သက်သွားခဲ့ပြီး သူမ၏မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။
“ဘယ်သူလာလည်တာ”
ရှချန်းချန်းနှင့် မုန့်ရုယန်တို့သည် အံ့ဩသွားကာ အလှပြင်ခန်းထဲမှ ထွက်လာခဲ့ကြသည်။
သူတို့ထွက်လာသည့်အခါ၌ နားနေသည့်နေရာတွင် အစားအသောက်များပါသည့် ကားနှစ်စီးကိုမြင်လိုက်ရပြီး ထိုထဲတွင် စားသောက်စရာ အမျိူးအစားပေါင်းများစွာ ပါဝင်နေခဲ့သည်။
စန်းနျန်နျန်းတောင်သည် ဝေးလံသော နေရာတစ်ခုဖြစ်၍ အစားအသောက်ကောင်းကောင်းရှာဖွေရသည်မှာ မလွယ်ကူပေ ထို့ကြောင့် ရှဲ့ကျစ်ရှင်းသည် အစားအသောက်များအပြည့်ပါသည့် ကားနှစ်စီးကို ဝယ်ယူခဲ့ပြီး အစားအသောက်များပြင်ဆင်၍ လတ်လတ်နှင့် အရသာရှိရှိစားသောက်ရန် များပြားလှသည့် စာဖိုမှူးများကိုလည်း ခေါ်ယူလာခဲ့သည်။
မုန့်ရုယန်သည် သူမ၏ဘေးနားတွင်ရပ်နေသော ဦးလေးကြီးအား မစိုက်ကြည့်ဘဲ မနေနိုင်တော့ပေ။ ထို့အပြင် သူမ၏ မျက်လုံးထဲ၌ ရှင်းရှင်းလင်းလင်းပြောနေသည့်အရာမှာ..
ရှဲ့ကျစ်ရှင်းက နင့်ကို စိတ်ဝင်စားနေတာပဲ၊ သူက စန်းနျန်းနျန်းတောင်ထိ လိုက်လာပြီး နင့်ကိုလာဖမ်းတာပဲ။
ဟိန်ထျန်းရိုက်ကူးရေး စတူဒီယိုနဲ့ စန်းနျန်းနျန်းတောင်က နှစ်နာရီလောက်ပဲ ဝေးတာဆိုပေမဲ့ ရှဲ့ကျစ်ရှင်းအတွက် အဲနှစ်နာရီက ရှဲ့လုပ်ငန်းစုမှာ ပိုက်ဆံတွေအများကြီး ရှာလို့ရတယ်၊ ဒါပေမဲ့ သူက ရှရှကိုတွေ့ဖို့အတွက် ဒီလောက်ဝေးလံတဲ့ စန်းနျန်းနျန်းတောင်ကိုလာခဲ့တာပဲ ဒါအချစ်စစ်ပဲ။
ရုပ်ရှင်အဖွဲ့သားများသည် နေ့လည်စာကို ပျော်ရွှင်စွာဖြင့် စားသောက်နေကြသည်။
ရှဲ့ကျစ်ရှင်း၏ အချိန်ကိုက် ကူညီပေးမှုကြောင့် ရုပ်ရှင်အဖွဲ့သားများ၏ နှလုံးသားများကို ဖမ်းစားနိုင်ခဲ့သည်။
အကယ်၍ ရှရှသည် ထိုနေရာတွင် ရှိနေပါက သူတို့သည် သူမအား ကြိုးတုပ်၍ ရှဲ့ကျစ်ရှင်းထံသို့ ပို့မည်ပင်။
ရီကျစ်ခိုင်သည် salad တစ်ပွဲကို ကိုင်ထားပြီး သူ၏ဘေးတွင် black coffee အား ဇိမ်ခံသောက်နေသည့် ရှဲ့ကျစ်ရှင်းကို စိတ်ရှုပ်သည့် ပုံစံဖြင့် ကြည့်လိုက်သည်။
ရှဲ့ကျစ်ရှင်းသည် ‘Niuhulu Strategy’ ရုပ်ရှင်အဖွဲ့သားများထံသို့လာလည်ခြင်းသည် ရှရှအတွက်မဟုတ်ဘဲ ရီကျစ်ခိုင်အတွက် ဖြစ်ကြောင်း ခေါင်းစဉ်တပ်ခဲ့သည်။
ဟမ် သူတို့က သူ့ကို ကစားစရာတစ်ခုလို ဆက်ဆံနေတာလား ဘာမှတောင် မဆွေးနွေးဘဲနဲ့လေ။
“ဒါပေမဲ့ ရှရှက အလုပ်ထွက်သွားပြီလေ”
ရီကျစ်ခိုင်သည် ရှဲ့ကျစ်ရှင်းကို သတိပေးလိုက်သည်။ သူ၏ကောင်မလေးသည် ဤနေရာ၌ မရှိဘဲ ရုပ်ရှင်အဖွဲ့သားများထံသို့ လာလည်သည်မှာ မည်သို့ အဓိပ္ပာယ်ရှိမည်နည်း။
“ဟမ်” ရှဲ့ကျစ်ရှင်းသည် သူ၏ မျက်ခုံးကို ပင့်လိုက်သည်။
“မင်းဆီကို လာလည်တာပါလို့ ငါမပြောခဲ့ဘူးလား”
“အဲလိုစကားတွေလာမပြောနဲ့”
ရီကျစ်ခိုင်သည် အရာအားလုံးကို မယုံကြည်ခဲ့ပေ။
သူတို့သည် တျန်းရှန့် အနုပညာကုမ္ပဏီတွင် သူဌေးနှင့် ဝန်ထမ်း ဆက်ဆံရေးဆိုသည်ကို ခဏဖယ်ထားနိုင်ပါသည်။
လွန်ခဲ့တဲ့က ငါးနှစ်က ရိုက်ကူးရေးအတူတူလုပ်ဖူးတဲ့ အကြောင်းကို ပြောကြစို့!
“ငါတို့က အချိန်အတော်အကြာ အချင်းချင်းသိလာတယ်ဆိုပေမဲ့ တစ်ယောက်ရဲ့ Wechatကို တစ်ယောက်က သိကြတဲ့ သူစိမ်းတွေလိုပဲလေ၊ မင်း ငါ့ရဲ့ moment တွေကို ဘယ်တော့မှ like မပေးဖူးဘူးလေ”
ဒီကိုလာလည်တာက တကယ်ကို အတုအယောင်တစ်ခုပဲ
“Wechat moment တွေမှာ ဘယ်သူမှ like မလုပ်ပေးလို့ ငါကိုယ်တိုင် ဒီလို မင်းကို လာကြည့်ပေးတာလေ”
ရှဲ့ကျစ်ရှင်းသည် လှောင်ပြောင်၍ပြောလိုက်၏။
“ငါကြားတာကတော့ မနေ့တုန်းက ပါပါရာဇီတွေ မင်းတို့ ချစ်သူဆက်ဆံရေးကို မိတော့မလို့ဆို၊ ဂရုစိုက်ဦး တျန်းရှန့်နဲ့ စာချုပ်ချုပ်ထားတာ မမေ့နဲ့ဦး၊ တကယ်လို့ မင်းတို့ရဲ့ဆက်ဆံရေးတွေ ပေါက်ကြားသွားရင် စာချုပ်ဖျက်သိမ်းပြီး ဒဏ်ငွေဆောင်ရလိမ့်မယ်”
ရီကျစ်ခိုင်; “နေပါဦး၊ ဒါက ရှဲ့ကျစ်ရှင်းရဲ့ တကယ့် ရည်ရွယ်ချက်လား၊ သူတို့ရဲ့ ဆက်ဆံရေးကို မပေါ်အောင် သတိပေးနေတာလား ဒါမှမဟုတ် ဒဏ်ကြေးဆောင်ဖို့ ပြောနေတာလား”
ရီကျစ်ခိုင်မှာ အနည်းငယ် ဒေါသထွက်သည့်ပုံစံဖြင့်
“အမှန်ပဲ သူဌေးတွေအကုန်လုံးမကောင်းကြဘူး”
သူ၏ ဇနီးမယားကို ကူညီပေးပြီး ရဲကျစ်ခိုင်မှ သူတို့၏ဆက်ဆံရေးကို ဖော်မည်ကို စိုးရိမ်နေသည့် မင်းသားရှဲ့: “?”
ရှဲ့ကျစ်ရှင်းသည် ရီကျစ်ခိုင်အား စနောက်နေရာမှရပ်ကာ သူ၏ ကော်ဖီခွက်ကို ချလိုက်သည်။
“ရှရှက အလုပ်ထွက်သွားပြီဆိုတော့ အခု မုန့်ရုယန်နဲ့ မိတ်ကပ်ပြင်ပေးတဲ့အနုပညာရှင်က ဘယ်သူလဲ”
ထိုသတင်းသည် ယခင်ညနက်မှ သိရှိရခြင်း ဖြစ်သည်။ မုန့်ရုယန်သည် မိတ်ကပ်ပြင်ပေသည့်အနုပညာရှင်များကို ရွေးချယ်ရာ၌ ထူးဆန်း၍ ဇီဇာကြောင်တက်သူ တစ်ဦးဖြစ်သည်။
ညတွင်းချင်း သင့်တော်မည့်တစ်ယောက်ကို ရှာဖွေရမည်မှာ သေချာပေါက်ပင် မလွယ်ကူလှပေ။
ရီကျစ်ခိုင်သည် ယာယီအလှပြင်ခန်းထဲသို့ လက်ညွှန်းထိုးပြလိုက်သည်။
“ယန်ယန်နောက်မှာ ရပ်နေတဲ့ အဲလူကိုကြည့်လိုက် သူ ဒီနေ့အသစ်ရောက်တဲ့တစ်ယောက်ပဲ”
ရှဲ့ကျစ်ရှင်း ကြည့်လိုက်သည့်အခါ၌ အတွေ့ကြုံရှိ၍ အနုပညာဆန်သော အရပ် 1.80 မီတာရှည်သည် ယောကျာ်းကြီးတစ်ယောက်ကိုမြင်လိုက်ရသည်။
သူ၏ မုတ်ဆိတ်မွှေးများသည် သူ၏အသက်အား မထင်မရှားဖြစ်စေခဲ့သော်လည်း အကြမ်းဖျင်း ခန်းမှန့်ချက်အရ သူသည် အသက် 30 ဝန်းကျင် ဖြစ်နိုင်လေသည်၊
ရှဲ့ကျစ်ရှင်း၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးသွားခဲ့သည်။
သူသည် ကော်ဖီခွက်တစ်ခွက်ကို ကိုင်၍ ရှချန်းချန်းထံသို့ လျှောက်သွားခဲ့သည်။
ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းမှ သူမအနား ချဉ်းကပ်လာသည်ကို ကြည့်၍ ထိတ်လန့်ပြီး သူမ၏နှလုံးသားမှာ တထိတ်ထိတ် ခုန်နေခဲ့သည်။
ဒီတစ်ခေါက်တော့ မဆိုးရွားလောက်ဘူးထင်တယ် သူထပ်ပြီး ဖော်ထုတ်ခံရတော့မှာလား ဒီနေရာမှာ Skynet စနစ်မရှိဘူးလေ။ ရှဲ့ကျစ်ရှင်းက သူ့ကို ဘယ်လိုလုပ် မှတ်မိနိုင်မှာလဲ။ ဒါမှမဟုတ် သူမိတ်ကပ်ပြင်တဲ့အရည်အချင်းက တဖြည်းဖြည်း ညံ့လာတာလား။
ထိုအရာသည် လုယန်ရန်တောင်ပင် အရူးလုပ်လို့ မရခဲ့သလို ရှဲ့ကျစ်ရှင်းကိုလည်း အရူးလုပ်နိုင်တော့မည်မဟုတ်ပေ။
သူက ရှဲ့ကျစ်ရှင်း အေးအေးဆေးဆေးနဲ့လမ်းလျှောက်လာပြီး ကော်ဖီခွက်လာပေးတာကို ကြည့်နေတာ ဒါပေမဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ ဖြစ်ရပ်က ပြောင်းသွားတယ် ရှဲ့ကျစ်ရှင်းက သူကိုင်လာတဲ့ ကော်ဖီခွက်ကို ရှချန်းချန်းဘေးမှာရှိတဲ့ မုန့်ရုယန်ကို ပေးလိုက်တာပဲ။
မုန့်ရုယန်:? ?
မုန့်ရုယန်သည် ရှချန်းချန်းအား စိုက်ကြည့်ပြီးနောက် ရှဲ့ကျစ်ရှင်းနှင့် ထိုကော်ဖီကိုလည်း ကြည့်လိုက်သည်။ မည်သည့်အရာများ ဖြစ်နေသနည်း။
“မုန့်လောင်ရှီး”
ရှဲ့ကျစ်ရှင်းသည် ယဉ်ကျေးသိမ်မွေ့စွာဖြင့် ပြုံးကာ ပြောလာခဲ့သည်။
“ကျွန်တော်ကြားတာကတော့ ခင်ဗျား ရှီကွမ်း ရုပ်ရှင်နဲ့ရုပ်မြင်သံကြား ကုမ္ပဏီနဲ့ စာချူပ်ချုပ်ထားတာ ဒီတစ်နှစ်ပဲကျန်တော့တယ်ဆို၊ တျန်းရှန့်ကိုရော စိတ်ဝင်စားလား”
မုန့်ရုယန်သည် စက္ကန့်အနည်းငယ် မှင်သက်သွားခဲ့သည်၊
“ အို ဟို.. တစ်နှစ်တောင်ကျန်သေးတာပဲ၊ ကျွန်မကို စဉ်းစားခွင့် ပြုပါဦး”
ရှဲ့ကျစ်ရှင်းမှာ ခေါင်းငြိမ့်လိုက်သည်။
“ဒါဆိုရင်တော့ တျန်းရှန့်ကို joinဖို့ ကြိုဆိုပါတယ်၊ ကျွန်တော်တို့ တျန်းရှန့် အရမ်းသည်းခံနိုင်ပါတယ် ခင်ဗျားရဲ့ အနာဂတ် တိုးတက်မှုအတွက် မိတ်ကပ်အဖွဲ့တစ်ခုလုံးခေါ်လာရင်လည်း ကိစ္စမရှိပါဘူး”
မုန့်ရုယန်: "..."
ရှချန်းချန်း: "..."
ထိုနေရာတွင် ထောင်ချောက်ရှိနေခြင်း ဖြစ်သည်။
မုန့်ရုယန်: “ ရှင်… ကျွန်မကို စဉ်းစားခွင့်ပေးပါဦး”
“ကောင်းပါပြီ”
ရှဲ့ကျစ်ရှင်းသည် သူ၏မျက်လုံးများကို လှန်ကြည့်လိုက်ပြီး ဘေးနားတွင်ရှိသော ရှချန်းချန်းကိူ ကြည့်လိုက်သည်။
“ဒီ မိတ်ကပ်ပြင်ပေးတဲ့အနုပညာရှင်ကို သိပ်မရင်းနှီးသလိုပဲ၊ သူက အခုမှ ဒီလောကထဲဝင်တာလား”
သူ၏ဘေးတွင် ရီကျစ်ခိုင်မှာ ဖြတ်ပြောလာခဲ့သည်။
“အဲလိုတော့ မဟုတ်လောက်ဘူး၊ သူ့ကို ရှရှက မိတ်ဆက်ပေးတာဆိုတော့ သူက အတော်လေး အတွေ့အကြုံရှိလောက်တယ်”
ရုတ်တရက်ပင် သူသည် တစ်ခုခုကို တွေးမိသွားခဲ့သည်။
“ဒါနဲ့ မဟုတ်သေးပါဘူး၊ သုန်သုန်လောင်ရှီးက ရှရှရဲ့အစ်ကို မဟုတ်လား ရှဲ့ကျစ်ရှင်း မင်း သူ့ကို မသိဘူးလား”
မုန့်ရုယန်: "..."
ရှချန်းချန်း: "..."
မုန့်ရုယန်က ရီကျစ်ခိုင်းကို စိုက်ကြည့်ပြီး ရီကျစ်ခိုင်ရဲ့ ပါးစပ်ကို ဆွဲဖြဲချင်နေပြီ။
သို့သော် ရီကျစ်ခိုင်သည် ထိုအခြေအနေများကို နားမလည်ဘဲ သူ၏ ထူထပ်သော မျက်ခုံးများအောက်တွင်ရှိသော မျက်လုံးများထဲတွင် ရိုးအ၍ အကင်းမပါးမှုများ ပေါ် လွင်နေခဲ့သည်။
ရှဲ့ကျစ်ခိုင်၏ လှပသော ဓားသွားကဲ့သို့ မျက်ခုံးများမှာ ထပ်၍ ပင့်တက်သွားခဲ့သည်။
“ဒါဆို ခင်ဗျားတို့က မောင်နှမတွေပေါ့၊ ဒါပေမဲ့ ရှရှက ခင်ဗျားအကြောင်း သိပ်မပြောဖူးဘူး”
ရှချန်းချန်းမှာ ကမန်းကတန်းပြုံး၍ ပြောလာခဲ့သည်။
“ကျွန်တော်တို့က သိပ်ပြီး မတွေ့ဖြစ်ကြလို့ပါ”
ရှဲ့ကျစ်ရှင်းမှာ ပြုံးလိုက်၏။
“ဒါဆို နောက်ကျရင် ခဏခဏ တွေ့ကြမယ်လေ၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့က မောင်နှမတွေပဲလေ သဘောတူတယ်မလား”
ရှချန်းချန်း: "ကောင်းပါပြီ”