အခန်း (၅၄)
Vol. 6 Ch. 54
နောက်ထပ်တစ်နာရီကြာအောင်ပင် စစ်ဆေးနေခဲ့သည်။
ထိုအချက်အလက်များသည် 10GBကျော်လောက် များပြားလှပြီး မည်သည့်အကြောင်းအရာမျှ မသိသည့်လူတစ်ယောက်တောင်ပင် ထိုအရာအား အံ့ဩသင့်သွားမည်ဖြစ်သည်။
အသေးစိတ်အချက်အလက် အများစုသည် နာမည်ကြီးနေသည့် အကြောင်းအရာများ ၊ online ပေါ်မှ သဘောထားများနှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
ဥပမာအနေဖြင့် ပြောရမည်ဆိုလျှင် အချစ်ရူးတစ်ယောက်ဖြစ်သည်ဟု ကောလဟာလများထွက်နေသည့် လင်းရှောင်သည် အမှန်တကယ်တွင် အနုပညာရှင်တစ်ဦးဖြစ်သည်။ သူမသည် ရည်းစားများကို တစ်နှစ်တစ်ယောက်တွဲခဲ့ပြီး ထိုကောင်လေးများအားလုံးသည်လည်း တစ်ခါက အောင်မြင်ကျော်ကြားခဲ့သည့် သူများပင် ဖြစ်သည်။
နောက်ထပ် ဥပမာအနေဖြင့် ပြောရမည်ဆိုလျှင် ရီကျစ်ခိုင်နှင့် မုန့်ရုယန်တို့သည် လိင်ကိစ္စများနှင့် ဆက်ဆံမှု ရှိသည့်ပုံပေါ်နေခဲ့သော်လည်း အမှန်တကယ်တွင် သူသည် မုန့်ရုယန်အား နှစ်ပေါင်းများစွာ တိတ်တခိုးချစ်နေခဲ့ခြင်းဖြစ်ပြီး လက်ထပ်လက်စွပ်တောင်ပင် ဝယ်ယူခဲ့ပြီးပြီ ဖြစ်၏။
နောက်ထပ်ဥပမာတစ်ခုမှာ ခန္ဓာကိုယ်သန်မာကြံ့ခိုင်စေရန်လေ့ကျင့်နေပြီး စိတ်ဓာတ်မာကြောသည့်ပုံစံရှိသည့် ဒုတိယ အမျိုးသားဇာတ်ကောင်ဖြစ်သော ရှောင်ကျီးသည် နူးညံ့သည့်နှလုံးသားကို ပိုင်ဆိုင်ထားခဲ့ပြီး လင်းရှောင်အား တစ်ဖတ်သတ်ကြိုက်နေသော်လည်း ဖွင့်မပြောရဲပေ။
ထို့အပြင် online ပေါ်တွင် အဓမ္မပြုကျင့်သူ ဖြစ်နိုင်သည်ဟု အပုတ်ချခံခဲ့ရသော မိုယွီထျန်တွင်လည်း အလွန်ဝမ်းနည်းဖွယ်ကောင်းသောအတိတ်ကဇာတ်ကြာင်းတစ်ခု ရှိနေခဲ့သည်။
လွန်ခဲ့သည့် တစ်နှစ်တွင် မိုယွီထျန်သည် “ ရှန်းလျန်” TVဇာတ်လမ်းတွဲ၌ ကွမ်းဟန်ရှန့်ကျွင်းဇာတ်ကောင်ဖြင့် ဧည့်သည်သရုပ်ဆောင်နေရာတွင် ပါဝင်ခဲ့ပြီး ညတွင်းချင်းပင် လူအများအား ဖမ်းစားနိုင်ခဲ့ပြီး အနုပညာလောကထဲတွင် ရပ်တည်နိုင်ခဲ့သည်။
သို့သော်လည်း သူ၏ အသက်မွေးဝမ်းကြောင်း အဆင်ပြေတိုးတက်လာသည့်အချိန်တွင် သူ၏အဖေသည် အဓမ္မပြုခဲ့သူတစ်ယောက်ဖြစ်ကြောင်း ထုတ်ဖော်ခံခဲ့ရသည်။ ထိုအရာကြောင့်ပင် လူအများစုသည် မိုယွီထျန်အား ရွံရှာမုန်းတီးလာခဲ့ပြီး သူ့အား စတင်၍ ဖယ်ကျဉ်ထားခဲ့ကြသည်။
သို့သော် သတင်းအစဖော်သူမှာ မိုယွီထျန်၏ အဖေအား အဓမ္မပြုကျင့်သူ ဖြစ်ကြောင်းသာ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုသူအား ထောင်ကျစေရန် တိုင်ကြားခဲ့သူမှာ မိုယွီထျန်ကိုယ်တိုင်ဖြစ်ကြောင်းကို မည်သူမှ မသိခဲ့ပေ။
အထက်တန်းကျောင်းတွင် မိုယွီထျန်သည် ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး သူ့အား ရုပ်ချော၍ စာလည်းတော်သူအဖြစ် သိကြသည်။ ထိုဖြစ်စဉ်များကို ကြည့်မည်ဆိုလျှင် သူသည် တရုတ်နိုင်ငံ၏ မည်သည့်ထိပ်တန်းတက္ကသိုလ်တွင်မဆို တက်နိုင်မည့်ပုံရှိခဲ့သည်။
မိုယွီထျန်သည် ရုပ်ချောရုံသာမက စာလည်းတော်ခြင်းကြောင့် လူအများ၏ မနာလိုခြင်းကို ခံခဲ့ရပြီး သူ့တွင် တောက်ပသည့် အနာဂတ်တစ်ခုရှိနိုင်ကြောင်း သေချာသည်ဟု ပြောဆိုခဲ့ကြသည်။
သို့သော်လည်း မိုယွီထျန်၏ မိသားစုမှာ ကွဲကွာနေခဲ့ကြောင်းကို လူအနည်းငယ်သာ သိကြသည်။
မိုယွီထျန်သည် သူ၏ အဖေအား အဓမ္မပြုကျင့်ခဲ့သူဖြစ်ကြောင်း မဖော်ထုတ််ခင်ကပင် သူ့အဖေသည် ပြင်းထန်သော အိမ်တွင်းအကြမ်းဖက်သည့်ကိစ္စများ လုပ်ခဲ့သည်။ သူသည် လောင်းကစားလုပ်၍ ပိုက်ဆံများကုန်လာသည့် အချိန် ဒါမှမဟုတ် အရက်သောက်လာ၍ အိမ်သို့ပြန်ရောက်သည့်အချိန်များတွင် မိုယွီထျန်နှင့် သူ့အမေအား ရိုက်နှက်လေ့ရှိ၏။
ထိုနှစ်များအတွင်းတွင် မိုယွီထျန်နှင့် သူ့ အမေ၏ ခန္ဓာကိုယ်ပေါ်တွင် အမာရွတ်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။ မိုယွီထျန်မှာ ထိုအမာရွတ်များကို ဖုံးရန်အတွက် ကျောင်းသို့သွားတိုင်း အင်္ကျီလက်ရှည်ဝတ်လေ့ရှိသည်။
လူအများသည် သူ၏ဘဝကို အားကျစရာကောင်းသည်ဟု ယုံကြည်ခဲ့ကြသော်လည်း သူ၏ စိတ်ထဲ၌ အမာရွတ်များစွဲထင်နေခဲ့သည်။
မိုယွီထျန်သည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအား ဖြေဆိုရန် စိတ်အားထက်သန်နေခဲ့ပြီး အောင်မြင်သွားသည့်အချိန်၌ သူ၏ မားမားနှင့်အတူ ထိုငရဲလိုနေရာမှ လွတ်မြောက်ရန်ကြိုးစားမည်ဖြစ်သည်။
သို့သော် စာမေးပွဲဖြေသည့်နေ့၌ သူ၏ ဆိုးရွားလှသာ အဖေသည် အသိစိတ်ပျောက်ကာ သူ၏အမေကို ရုတ်တရက် ပြင်းထန်စွာရိုက်လိုက်လေသည်။ သူ့ အမေသည် ခေါင်းကို စားပွဲခုံထောင့်နှင့် ဆောင့်မိကာ သွေးများထွက်လာခဲ့သည်။
မိုယွီထျန်သည် ရွေးချယ်စရာမရှိတော့သောကြောင့် စာမေးပွဲကို သွားမဖြေတော့ဘဲ သူ့အမေကိုသာ ဆေးရုံသို့ ပို့ခဲ့၏။ သူ့အမေ အား ကယ်တင်နိုင်ခဲ့သော်လည်း သူမသည် ကျန်းမာရေးမကောင်းတော့သောကြောင့် စောက်ရှောက်ရေးဂေဟာ တွင်သာ နေရလေသည်။
မိုယွီထျန်၏ အဆင်မြင့်သည့်တက္ကသိုလ်သို့ တက်ရောက်ရမည့် အခွင့်အရေးကို ဆုံးရှုံးခဲ့သည်။
ထိုနှစ်များတွင် မိုယွီထျန်သည် သူ့အမေကို အချိန်ပိုင်းအလုပ်လုပ်၍ စောင့်ရှောက်ခဲ့သော်လည်း မလုံလောက်ခဲ့သောကြောင့် သူ့ပညာရေးကို စွန့်လွှတ်လိုက်ရ၏။
ဘွဲ့မရရှိသောကြောင့် မိုယွီထျန်မှာ တောက်တိုမည်ရ အလုပ်များကိုသာ လုပ်ကိုင်ခွင့်ရခဲ့သည်။ သူသည် စားသောက်ဆိုင်တွင် စားပွဲထိုးအဖြစ် လုပ်ကိုင်ခြင်း ၊ ပစ္စည်းပို့သူအဖြစ် လုပ်ကိုင်ခဲ့ခြင်း ၃ယွမ်မှ ၅ယွမ်သာရှိသော အသီးအရွက်သာပါသည့် ထမင်းကို စားခဲ့ရခြင်း ၊ ပူပြင်းလှသည့် နွေရာသီတွင် ဆောက်လုပ်ရေးလုပ်ငန်းများ၌ အုတ်ခဲများကို သယ်ဆောင်ပေးရသည့်အလုပ််များကို လုပ်ကိုင်ခဲ့ရသည်။
ကံကောင်းစွာဖြင့် အခွင့်အရေးတစ်ခုရကာ ဟိန်ထျန်းသို့ရောက်သွားသည့်အခါ၌ ဖြတ်လျှောက်တစ်ယောက်အဖြစ် ပါဝင်ခဲ့ရသည်။
သူ့ သရုပ်ဆောင်အရည်အချင်းသည် ညံ့လွန်းသည်လည်း မဟုတ်သလို တော်လွန်းလှသည့်သူတစ်ယောက်လည်း မဟုတ်ပေ။ သို့သော် သူသည် အခြေခံလူတန်းစား ဇာတ်ကောင်မျာကို သရုပ်ဆောင်ခဲ့သည့်အချိန်၌ လူအများ၏ စိတ်ခံစားချက်များကို ဆွဲခေါ်နိုင်ခဲ့သည်။
သူသည် ထိုအဖြစ်အပျက်များကို အတွေ့အကြုံရှိခြင်းကြောင့် အခြေခံလူတန်းစားများ၏ ခံစားချက်များကို ကောင်းကောင်းနားလည်ခဲ့သည်။ မိုယွီထျန်သည် “ ရှန်းလျန်” TV ဇာတ်လမ်းထဲတွင် ဖြတ်လျှောက်အနေဖြင့် ပါဝင်ခဲ့ခြင်းကြောင့် အောင်မြင်လာခြင်းဖြစ်သည်။
Onlineပေါ်တွင် သူ့အား “ရှန်းလျန်” ဇာတ်လမ်းတွဲထဲ၌ ဖြတ်လျှောက်အဖြစ်ပါဝင်ခြင်းသည် သူ၏ ပွဲဦးထွက် ဇာတ်ကောင်ဖြစ်သည်ဟု ပြောနေကြသည်မှာ အမှန်မဟုတ်ပေ။ မိုယွီထျန်သည် ယခင်က သူတို့ထင်ထားသည်ထက် ပိုအရေးမပါသည့် ဇာတ်ကောင်နေရာများတွင် သရုပ်ဆောင်ဖူးခဲ့သည်။
“ရှန်းလျန်” ဇာတ်လမ်းတွဲသည်သာလျှင် သူ့အား အမည်တွင်စေရန် လုံလုံလောက်လောက်တွန်းပို့ပေးသည့် အရာတစ်ခုဖြစ်သည်။ အနုပညာလောကထဲတွင် ညတွင်းချင်းအောင်မြင်ကြသည်မှာ ပုံမှန်ပင်ဖြစ်သည်။ ထိုနည်းတူပင် ညတွင်းချင်း နာမည်ပျက်ဖြစ်သွားသည်မှာလည်း ပုံမှန်အရာတစ်ခုပင် ဖြစ်သည်။
မိုယွီထျန်သည် “ ရှန်းလျန်” ဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့ရခြင်းကြောင့် “ ကံကောင်းခြင်း” များ ရရှိခဲ့၍ သူ့အမေကို လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်ခဲ့သော်လည်း သူသည် ခိုကိုးရာမဲ့သော အချ်ိန်ကာလကို ကြုံတွေ့ခဲ့ရသေးသည်။
သူ့အဖေမှာ အဓမ္မပြုကျင့်ခဲ့သူတစ်ယောက်ဖြစ်ကြောင်း သတင်းများ ပျံ့နှံ့သွားခဲ့သည့် အချိန်တွင် သူ့အား နတ်ဘုရားများထံမှ ကောင်းချီးပေးခံထားရသည့် မျက်နှာဟု ချီးကျူးခဲ့သော အင်တာနက်သုံးစွဲသူများသည် ယခုတွင် သူ့အား အဓမ္မပြုကျင့်မှုကျူးလွန်ရန် အလားအလာရှိသည့်သူတစ်ယောက်ဟုဆက်ဆံ၍ ဆန့်ကျင်ခဲ့ကြသည်။
ရှဲ့ကျစ်ရှင်းပေးလာသည့် အချက်အလက်များထဲတွင် မိုယွီထျန်ငယ်စဉ်အခါ၌ သူ့အဖေမှ ရိုက်နှက်ထားသော ပုံများ ပါဝင်နေခဲ့သည်။
ထိုနုနယ်သောကောင်လေး၏အသားအရေမှာ ကျောက်စိမ်းကဲ့သို့ပင် ဖြစ်နေသော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဆိုးရွားလှသော ကြိမ်တုတ်ဒဏ်ရာများဖြင့် ပြည့်နေခဲ့ပုံမှာ ကြောက်စရာကောင်း၍အဆိပ်ရှိသော မြွေများသည် သူ့အား ပတ်ထား၍ ငရဲသို့ ဆွဲခေါ်နေသည်နှင့် တူလှသည်။
သူ့ပါးပါးက အဓမ္မပြုကျင့်တဲ့သူဖြစ်တာနဲ့ပဲ ဘာလို့ မိုယွီထျန်ကိုတိုက်ခိုက်ကြတာလဲ။ သူကလည်း နစ်နာသူဆိုတာ ထင်ရှားနေတာပဲလေ။
“အရင်တစ်ခေါက်တုန်းက သူ မုန့်ရုယန်ရဲ့လက်က ဒဏ်ရာကို အဲလောက်ဂရုစိုက်နေတာ မထူးဆန်းတော့ပါဘူး”
ရှချန်းချန်းသည် ရုတ်တရက်ပင် နားလည်သွားခဲ့သည်။
ထို့ကြောင့်ပင် သူသည် ထိုဒဏ်ရာများကို အိမ်တွင်းအကြမ်းဖက်မှု ဒဏ်ရာများအဖြစ် မှတ်ယူထားခဲ့ခြင်း ဖြစ်သည်။
ရှချန်းချန်းသည် သူမ၏ လုပ်ငန်းအတွေ့အကြုံများကြောင့်ပင် ထိုဒဏ်ရာများကို သတိထားမိခဲ့ခြင်းဖြစ်သည်။ သို့သော် မိုယွီထျန်အတွက် ထိုအရာမှာ စာနာမှုတစ်ခုပင် ဖြစ်၏။
“Host ဒါဆို ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ မင်းသားက မိုယွီထျန်းမား ဖြစ်နေမလား” ဟု စနစ်မှ ရုတ်တရက် မေးလာခဲ့သည်။
မိုယွီထျန်၏ အတွေ့အကြုံများအရ ထိုကိစ္စမှာ ဖြစ်နိုင်စရာ အကြောင်းမရှိပေ။
“ဒီလောက် ဝမ်းနည်းစရာကိစ္စတွေ အများကြီး ကြုံတွေပြီးတာတောင် သူက အသက်ရှင်ဖို့အတွက် ခက်ခက်ခဲခဲကြိုးစားခဲ့သေးတာပဲလေ၊ ဘယ်လိုလုပ် သူက အကြောင်းပြချက်မရှိဘဲ သတ်သေဖို့ ဆုံးဖြတ်မှာလဲ”
သို့သော်လည်း ရှချန်းချန်းသည် ခဏတာ တုံ့ဆိုင်းသွားခဲ့သည်။
ထိုအရာမှာ ဘဝသည် အလွန်ခက်ခဲပင်ပန်းလွန်းခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ နောက်ဆုံးတွင် သည်းမခံနိုင်လောက်အောင်ဆိုးရွားလာသည့် ပြသာနာမျိုး ရောက်ရှိလာပါက မည်သူမှ ဆက်၍ ဖြေရှင်းနိုင်မည်မဟုတ်တော့ပေ။
တကယ်လို့ ဝတ္ထုထဲမှာ မိုယွီထျန်က နောက်ခံဇာတ်ကောင်က ဖြစ်နေတယ်ဆိုရင်တောင်မှ စန်းနျန်းနျန်းတောင်မှာ သူ့အတွက် ဆိုးရွားတဲ့နောက်ဆုံးပြသာနာတစ်ခု ရှိလာနိုင်တယ်။
“မိုယွီထျန်က သံသယဖြစ်ဖို့အကောင်းဆုံးလူတွေထဲက ပထမဆုံးတစ်ယောက်ပဲ၊ တစ်ခြားလူတွေရဲ့ အချက်အလက်တွေကိုလည်း ကူပြီး ရှာပေးပါဦး”
ရှချန်းချန်း : “ ပြီးရင် အထူးလက်ထောက်ကျိုးကို message ပို့ပြီး မိုယွီထျန်အဖေက အဓမ္မပြုကျင့်တဲ့သူဖြစ်ကြောင်း သတင်း ဖြန်ခဲ့တဲ့ သူကို ရှာခိုင်းလိုက်”
“မိုယွီထျန်က သူ့ရဲ့အောင်မြင်မှုတွေ ရနေတဲ့အချိန်ပဲ ကုမ္ပဏီက ဒီလို သတင်းမျိုးကို ပျံ့စေမှာမဟုတ်ဘူး၊ အနောက်ကနေ ကြိုးကိုင်နေတဲ့သူက သာမန်လူ မဖြစ်နိုင်ဘူး”
စနစ် : “မင်းကရော”
“ငါလုပ်တာတစ်ချို့ရှိသေးတယ်”
ရှချန်းချန်းသည် သူမ၏အင်္ကျီများကို လဲဝတ်လိုက်သည်။
“တကယ်လို့ ဝတ္ထုထဲမှာ ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ မင်းသားက မိုယွီထျန်သာဆိုရင် သူ့ကိုသတ်တဲ့သူက ဒီ စန်းနျန်းနျန်းတောင်ပေါ်မှာ သေချာပေါက်ရှိတယ်၊ အခု သူတို့ကို တွေ့ဖို့ အချိန်ရောက်ပြီ”
ရှချန်းချန်းသည် အပြင်သို့ ထွက်လိုက်သည့်အခါ၌ အဆင့်မြင့်ဇိမ်ခံခန်းသို့ သူတို့နှစ်ယောက်အားလာရှာသည့် လင်းရှောင်ကို မြင်လိုက်ရသည်။
“ကျဲရှရှ က ဒီမှာရှိနေတာပဲ”
လင်းရှောင်းသည် ပြုံးကာ ရှချန်းချန်း၏လက်မောင်းအား ခင်မင်ရင်းနှီးစွာဖြင့် ကိုင်လိုက်သည်။
“လူတွေအကုန်လုံး တောင်ထဲမှာ ပိတ်မိနေကြတာဆိုတော့ အရမ်းပျင်းနေကြတာ၊ ကျဲယန်ယန်က ဘုတ်ဂိမ်းလေးတွေ စီစဉ်ပေးထားတယ် ကျဲရောလာပြီး တူတူကစားချင်လား”
ဆိုဖာပေါ်တွင် ထိုင်၍ အလုပ်လုပ်နေသော ရှဲ့ကျစ်ရှင်းမှာ ငြင်းပယ်ရန် လုပ်နေသော်လည်း ရှချန်းချန်းသည် ဦးစွာ ဝင်ဖြေလိုက်၏။
“ကောင်းပြီလေ အဲမှာလူစုံနေပြီလား”
“လူစုံနေပြီ၊ ကျွန်မပြန်သွားပြီး ကျဲယန်ယန်ကို ကျဲတို့အတွက် နေရာချန်ထားပေးဖို့ပြောလိုက်ဦးမယ်၊ မြန်မြန်လာခဲ့နော်”
ထို့သို့ပြောပြီးနောက် လင်းရှောင်သည် ရှချန်းချန်းအား အသည်းပုံလက်အမူအရာလုပ်ပြကာ အဆင့်မြင့်ဇိမ်ခံခန်းမှ ပျော်ရွှင်စွာ ထွက်သွားလေသည်။
ရှဲ့ကျစ်ရှင်းသည် ကွန်ပျူတာကို ပိတ်လိုက်ပြီး သူ၏ နှာခေါင်းပေါ်မှ ရွှေရောင်အနားကွတ်ထားသော မျက်မှန်ကို ချွတ်လိုက်သည်။
“မင်း အချက်အလက်တွေနဲ့ အတင်းအဖျင်းတွေကို ကြည့်ဦးမှာမဟုတ်ဘူးလား၊ သူတို့နဲ့ ဂိမ်းကစားဖို့ အာရုံလာသေးတာလား”
“အလုပ်ချိန်နဲ့နားချိန်ကို ပေါင်းပြီးလုပ်ရမယ်လေ၊ တစ်ချိန်လုံးတော့ အလုပ်မလုပ်နိုင်ပါဘူး”
ရှချန်းချန်းသည် သက်တောင့်သက်သာရှိသော ဖိနပ်များကို လဲလိုက်သည်။
“ရှင် ကျွန်မနဲ့ အတူတူမသွားချင်ဘူးလား”
မိနစ်အနည်းငယ်ကြာသောအခါ ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း၏လက်မောင်းကို ချိတ်၍ ဟိုတယ် တတိယအထပ်တွင်ရှိသော ဘုတ်ဂိမ်း အခန်းထံသို့ ဦးတည်သွားတော့သည်။
ထိုအခန်းသည် ဟိုတယ်၏ ကာစတန်များအတွက် ပြုလုပ်ပေးထားသော ဂိမ်းကစားရန် အခန်းတစ်ခုဖြစ်သည်။ ထိုအခန်းထဲ၌ များပြားလှသော ဂိမ်းပေါင်းစုံရှိ၏။
ရှချန်းချန်းတို့ ရောက်သွားသည့်အချိန်၌ မုန့်ရုယန်၊ ရီကျစ်ခိုင်နှင့် အခြားသူများမှာ စတင်၍ ကစားနေကြပြီ ဖြစ်၏။
လင်းရှောင်၊ မိုယွီထျန်တို့နှင့်အတူ ကျန်သည့်လေးယောက်မှာ ဖဲကစားနေခဲ့ကြသည်။
သူတို့သည် အကြိမ်မည်မျှလောက် ကစားပြီးသွားကြမှန်း မသိသော်လည်း မုန့်ရုယန်၏ နူးညံ့သောမျက်နှာပေါ်တွင် အဖြူရောင် စာရွက်အချောင်းများဖြင့် ပြည့်နေခဲ့ပြီး သူမ၏ဘေးတွင်ရှိသော ရီကျစ်ခိုင်၏ မျက်နှာမှာ သန့်ရှင်းနေခဲ့သည်။
ရီကျစ်ခိုင်၏လက်ထဲတွင် လေးကဒ်သာ ကျန်ရှ်ိနေခဲ့ပြီး royal flushဖြင့် ပွဲကို အပြီးသတ်ရန် ပြင်ဆင်နေသော်လည်း မုန့်ရုယန်သည် သူ့အား ပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်သည်။
“ငါကတ်လိုနေပြီ မနိုင်တော့ဘူး” ဟု ရီကျစ်ခိုင်မှ တုန်တုန်ရီရီဖြင့် ပြောလာခဲ့သည်။
မုန့်ရုယန်သည် ပြုံးကာ ချက်ချင်းပင် အနိုင်ယူလိုက်သည်။
“အို ဒါပဲလေ၊ ကျွန်မနိုင်သွားပြီ ကပ်ရတော့မယ်”
ရီကျစ်ခိုင်သည် အရှုံးသမား တစ်ယောက်ဖြစ်သောကြောင့် သူ၏ခေါင်းအား မုန့်ရုယန်ရှေ့သို့ အသာတကြည်ဖြင့် တိုးပေးလိုက်သည်။
မုန့်ရုယန်သည် အဖြူရောင်စာရွက်လေးကို ပျော်ရွှင်စွာကိုင်ထားလျက်
“ရှင့်ကို ကျွန်မ သေချာကပ်ပေးဖို့ပြောတယ်နော် ရှင့်ကို ကျွန်မ သေချာကပ်လို့ပြောတယ်လေ၊ ရှင်က ကျွန်မရဲ့မျက်နှာလှလှလေးကို ရုပ်ဆိုးအောင်လုပ်ပစ်တယ် ရီကျစ်ခိုင်၊ ကျွန်မရှင့်ကို အသေသတ်ပြီး ကပ်ပြစ်မယ်”
သူ၏ ဘေးနားတွင်ရှိသော လင်းရှောင်းမှာ မရယ်ဘဲ မနေနိုင်တော့ပေ။
“ကျစ်ခိုင်ကော က ကျဲယန်ယန်ကို တော်တော်ချစ်တာပဲနော်”
ရီကျစ်ခိုင်နှင့် မုန့်ရုယန်တို့၏ မျက်နှာမှာ နီရဲသွားကြတော့သည်။
“ရှူး တိုးတိုး တိုးတိုး ကျွန်တော်တို့က တရားဝင် မကြေညာရသေးဘူးဗျ” ဟု ရီကျစ်ခိုင်မှ တိုးတိုးလေးပြောလာခဲ့သည်။
စာရွက်ကပ်ခံရမည့်နောက်တစ်ယောက််မှာ မိုယွီထျန်ပင် ဖြစ်သည်။ မုန့်ရုယန်သည် အဖြူရောင်စာရွက်လေးကို အလွန်စိတ်ဝင်စားစွာဖြင့် ယူလိုက်ပြီး မိုယွီထျန်ကို ကြည့်ကာ ခဏရပ်တန့်သွားခဲ့သည်။
ထိုအရာမှာ သူမသည် မိုယွီထျန်အပေါ် မည့်သည့် အမြင်မှ ရှိနေခြင်းကြောင့် မဟုတ်ပေ။ သို့သော် သူမသည် “ Niuhulu Strategy” တွင် သရုပ်ဆောင်နေခဲ့ချိန်၌ သူမ အလုပ်လုပ်နေသာ Time and Space media သည် မိုယွီထျန်ပါဝင်မည်ကို စိုးရိမ်သောကြောင့် သူ့အား ထုတ်ပယ်ရန် ရုပ်ရှင်အဖွဲ့သားများကို ခြိမ်းခြောက်ခဲ့သည်။ ရုပ်ရှင်အဖွဲ့သားများမှ မုန့်ရုယန်၏ လစာအား တိုးမြှင့်ပေးလိုက်မှသာလျှင် Time and Space Mediaသည် မိုယွီထျန်ကို ဆက်လက်ပါဝင်ခွင့် ပေးခဲ့သည်။
ထိုကိစ္စသည် မုန့်ရုယန်မှ တိုက်ရိုက် ပါဝင်ပတ်သတ်ခြင်း မရှိသော်လည်း မိုယွီထျန်ကို မြင်လိုက်ရသည့်အခါ၌ အနည်းငယ် ရှက်စရာကောင်းသည်ဟု ခံစားနေခဲ့ရသည်။
ယနေ့၌ မိုယွီထျန်သည် ဘုတ်ဂိမ်းတွင် ပါဝင်ကစားရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ လူမှုဆက်ဆံရေးအလွန်ကောင်းမွန်သည့် လင်းရှောင်၏ အကူအညီကြောင့်ပင် ဖြစ်သည်။ အကယ်၍ ထိုသို့မဟုတ်ခဲ့ပါလျှင် မုန့်ရုယန်သည် မိုယွီထျန်နှင့် အတူ ကစားမည်မဟုတ်ပေ။
မိုယွီထျန်သည် သူ့မျက်လုံးများကို မော့ကယ ညိုးငယ်သည့် အကြည့်လေးဖြင့် ပြောလာခဲ့သည်။
“မုန့်လောင်ရှီး ကပ်လိုက်တော့လေ”
မုန့်ရုယန်သည် မကပ်ဘဲနေလိုက်ရန် စဉ်းစားနေချိန်၌ ရှချန်းချန်းသည် မုန့်ရုယန်၏လက်ထဲမှ အဖြူရောင်စာရွက်ကို ယူလိုက်ကာ မ်ိုယွီထျန်၏မေးစေ့တွင် ကပ်လိုက်သည်။
“ဟားဟား အခုဆို အဘိုးကြီးနဲ့တူသွားပြီ”
မိုယွီထျန်မှာ မှင်သက်သွားခဲ့သည်။ သူသည် ရှချန်းချန်းမှ ထိုသို့ရုတ်တရက်လုပ်မည်ဟု မထင်ခဲ့ပေ။
သို့သော် ရှချန်းချန်းအတွက် ထိုသို့ပြုလုပ်လိုက်ခြင်းမှာ လုံးဝ မထူးဆန်းသည့် အရာတစ်ခုပင်။ သူမသည် လင်းရှောင်ဘက်သို့ လှည့်ကား အနည်းငယ်စိတ်ဆိုးသည့် ပုံစံဖြင့် ပြောလာသည်။
“လင်းလောင်ရှီးပြောတော့ ကျွန်မအတွက် နေရာချန်ပေးထားမယ်ဆို၊ ဘာလို့ အခုကျ အစောကြီး ကတည်းက ဆော့နေကြတာလဲ”
“ဒါကတော့ ရှရှကျဲနဲ့ ရှဲ့လောင်ရှီးတို့က တော်တော်ကြာနေတာလို့ပါ” ဟု လင်းရှောင်မှ နှုတ်ခမ်းလေးဆူ၍ပြောလိုက်သည်။
“အခု ပြည့်စုံသွားပြီ ဒီလောက်လူတွေနဲ့ဆိုရင် ကျွန်မတို့ Werewolf ကစားလို့ရပြီ”
“ရှလောင်ရှီးက ဒီမှာရှိနေတာဆိုတော့ ကျွန်မ တစ်ခြားဟာတွေ မကစားတော့ဘူး”
မိုယွီထျန်သည် နောက်သို့ တစ်လှမ်းဆုတ်သွားခဲ့သည်။ လင်းရှောင်သည် သူ့အား လူပြည့်ရန်အတွက် ဆွဲခေါ်လာခဲ့ခြင်းဖြစ်တာကြောင့် ယခုအချိန်မှာ ထွက်သွားရန်အကောင်းဆုံးအချိန်ဖြစ်သည်။
မိုယွီထျန်သည် ကစားပွဲမှ ထွက်သွားတော့မည်ဟု ကြေညာလိုက်သည့်အချိန်တွင် လူအများ၏ သက်ပြင်းချသံများကို ရှချန်းချန်းမှ ကြားလိုက်လေ၏။
“ဘာလို့လဲ၊ Werewolf က လူပိုများလေ ကောင်းလေပဲလေ”
လင်းရှောင်သည် သူ့အား အားနာသွားကာ မိုယွီထျန်၏လက်ကို လှမ်းဆွဲလိုက်သည်။
“ယွီထျန်ကော၊ အခန်းထဲမှာဆို တစ်ယောက်တည်းပျင်းနေမှာပေါ့၊ ကျွန်မတို့နဲ့အတူတူ ကစားကြရအောင်ပါ”
လင်းရှောင်မှ သူ၏လက်ကို ကိုင်လိုက်သည့်အချိန်တွင် မိုယွီထျန်းမှာ အနေခက်သွားခဲ့၏။
ပြောရမည်ဆိုလျှင် ကစားနေသည့် အချိန်အတောအတွင်းတွင် သူသည် အဖွဲ့သားများနှင့် ရင်းရင်းနှီးနှီးမရှိခဲ့ပေ။ လင်းရှောင်တစ်ယောက်တည်းသာလျှင် သူတို့၏သေးငယ်လှသည့် ကြိုးမျှင်ကလေးကဲ့သို့ ဆက်ဆံရေးကို ထိန်းထားခဲ့ခြင်း ဖြစ်သည်။
“လင်းရှောင်က မိုယွီထျန်အပေါ်မှာ အရမ်းကောင်းတာပဲ”
စနစ်မှ ကြားဝင်၍ ပြောလာခဲ့သည်။
“မိုယွီထျန် ‘’Niuhulu Strategy’ မှာ သရုပ်ဆောင်မယ်လုပ်တုန်းက သူ့ကို အဲရှိုးကနေ မုန့်ရုယန်တစ်ယောက်တည်း ဖယ်ကြဉ်ထားချင်တာမဟုတ်ဘူး ရီကျစ်ခိုင်နဲ့ ဒုတိယ အမျိုးသားဇာတ်လိုက် ရှောင်ကျီးတို့ကလည်း ကန့်ကွက်ခဲ့တာလေ၊ ဒါပေမဲ့ လင်းရှောင်က အဲဒါတွေအကုန်ဆန့်ကျင်ပြီး မိုယွီထျန်ကို ကယ်ခဲ့တဲ့အပြင် ရင်းနှီးမြုပ်နှံမှုတွေလည်း တိုးလိုက်ပုံပေါ်တယ်”
လင်းရှောင်နှင့် မိုယွီထျန်နှစ်ယောက်စလုံးသည် ကျုံရှင်း mediaမှ အနုပညာရှင်များ ဖြစ်ကြသည်။ ထို့အပြင် လင်းရှောင်သည် ကျုံရှင်း Media ဥက္ကဌ၍ သမီးလည်း ဖြစ်သည်။
မိုယွီထျန်အား online ပေါ်၌ နာမည်ပျက်စာရင်းသွင်း၍ သူ့၏ ယခင် ကုမ္ပဏီမှ စာချုပ်ကို ဖျက်သိမ်းလိုက်သည့်အချိန်တွင် သူ့အား လင်ရှောင်းမှ ကယ်တင်ခဲ့ခြင်း ဖြစ်၏။
“လင်းရှောင်က တကယ်တော်တဲ့ကောင်မလေးပဲ” ဟု စနစ်မှ သက်ပြင်းချ၍ ထပ်ပြောလာခဲ့သည်။
“တကယ်လို့ လင်းရှောင်သာ မရှိခဲ့ဘူးဆိုရင် မိုယွီထျန်က ဒီအနုပညာလောကနေ အစောကြီးကတည်းက ထွက်သွားရလောက်ပြီ”
လင်းရှောင်သည် မိုယွီထျန်းအား တားလို့မရတော့သည့်အပြင် သူသည် တစ်ယောက်တည်း ထွက်သွားတော့သည်။
ကံကောင်းစွာဖြင့်ပင် ဒါရိုက်တာလုနှင့် သူ၏မိတ်ဆွေများတစ်ယောက်ပြီး တစ်ယောက်ရောက်ရှိလာကာ လူဆယ်ယောက်ကျော်လောက်ထိ များလာခဲ့သည်။ ထိုသူများအားလုံးသည် Werewolf ဂိမ်းကို ပျော်ရွှင်စွာဖြင့် အတူတူကစားကြလေသည်။
အမျိုးအစား စုံလင်လှသော ဂိမ်းမျိုးစုံကို ကစားပြီးနောက် ည ၁၀နာရီအချိန်ပင် ရှိသွားသည်ကို မည်သူမှမသိလိုက်ပေ။
ရုပ်ရှင်အဖွဲ့သား အများစုမှာ ညဇီးကွက်များပင်ဖြစ်ပြီး ညနက်သည်ထိနေ၍ ရိုက်ကူးရေးများလုပ်ရသည်မှာ ပုံမှန်အရာတစ်ခုပင် ဖြစ်၏။ ထို့ကြောင့် ယခုအချိန်မှာ အလွန်နောက်ကျလွန်းသည်ဟု မဆိုနိုင်ပေ။
သို့သော်လည်း ရှချန်းချန်းသည် တမင်တကာပင် သမ်းချင်ယောင် ဆောင်လိုက်သည်။
“မရတော့ဘူး မရတော့ဘူး ကျွန်မအရမ်းအိပ်ချင်နေပြီ၊ မုန့်လောင်ရှီးနဲ့ရှင်တို့ပဲ ဆက်ကစားကြတော့နော် ကျွန်မပြန်ပြီး အနားယူတော့မယ်”
မုန့်ရုယန်၊လင်းရှောင်နှင့် အခြားသူများသည် ရှချန်းချန်းအား အနိုင်ယူပြီးထွက်ပြေးသည်ဟု အနည်းငယ် မကျေမနပ်ဖြင့် ပြောဆိုလိုက်ကြသည်။
သို့သော်လည်း မည်သူမျှ ကြာကြာ မပြောဆိုနိုင်ပေ ထို့ကြောင့် ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းနှင့်အတူ ဘုတ်ဂိမ်း အခန်းထဲမှ အောင်မြင်စွာ ထွက်လာနိုင်ခဲ့သည်။
ရှချန်းချန်းသည် အခန်းအပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူမ၏ဖုန်းကို ချက်ချင်း ထုတ်လိုက်သည်။
“လက်ထောက်ကျိုးက စာပြန်ပြီလား” ဟု သူမ၏နောက်တွင်ရှိသော ရှဲ့ကျစ်ရှင်းမှ မေးလာသည်။
ရှချန်းချန်းမှာ ခေါင်းငြိမ့်လိုက်သည်။
“အထူးလက်ထောက်ကျိုးက အတော်လေးအလုပ်ကျွမ်းကျင်တာပဲ၊ မိုယွီထျန်ရဲ့အဖြစ်အပျက်တွေဖြန့်တဲ့သူကို အနည်းဆုံး မနက်ဖြန်လောက်မှ သိရမယ်ထင်တာ ဒါပေမဲ့ ကျွန်မတို့ နာရီပိုင်းလေးနဲ့ သတင်းရလိုက်တာပဲ”
ရှဲ့ကျစ်ရှင်းသည် သူ၏ နှုတ်ခမ်းများ အနည်းငယ်ကွေးလိုက်သော်လည်း မည်သည့် စကားမှ မပြောလာခဲ့ပေ။
ပုံမှန်ဆိုလျှင် အချက်အလက်များရရန် အချိန်အများကြီးယူရန်မလိုအပ်ပေ။ ဟိန်ထျန်းတွင် ဖူယန်ရုန်နှင့် သူ၏ IT အဖွဲ့များသည် ရှချန်းချန်းအား ကူ၍ ရှာဖွေပေးနေကြခြင်း ဖြစ်၏။
သူတို့သည် မည်သည့် မကောင်းသောအရာမဆို မတွေ့ရှိဘဲ နေမည်နည်း။
ရှချန်းချန်းသည် စိတ်လှုပ်ရှားစွာဖြင့် email ကို ဖွင့်လိုက်၏။
“မိုယွီထျန်ကို အဲတုန်းက အပုတ်ချခဲ့တဲ့ နောက်ကွယ်ကလူက ဘယ်သူဖြစ်မလဲ ကြည့်ရအောင်”
ဟိုတယ်၏ wifiလိုင်းမှာ မကောင်းသောကြောင့် email screen ပေါ်တွင် အဝိုင်းလည်နေလေသည်။ အချိန်အနည်းအငယ်ကြာပြီးမှသာလျှင် email၌ ပို့ထားသော အကြောင်းအရာများ ပေါ်လာခဲ့သည်။
Email ထဲမှ နာမည်ကို မြင်လိုက်ရသောအခါတွင် ရှချန်းချန်း၏ မူလက စိတ်လှုပ်ရှားနေသော မျက်နှာမှာ အေးခဲသွားကာ မှင်သက်သွားခဲ့သည်။
သူမသည် ဘုတ်ဂိမ်းအခန်းဘက်သို့ လှည့်ကြည့်ကာ အခန်းထဲသို့ စိုက်ကြည့်လိုက်သည်။
ထိုလူများနှင့် မရင်းနှီးသော လူတစ်ယောက်မှာ ထွက်သွားခဲ့ပြီးနောက် ဘုတ်ဂိမ်းအခန်းထဲတွင် ကျန်ရှိနေသော သူများမှာ ပျော်ရွှင်နေကြပြီး ရယ်သံအချိူ့လည်း ထွက်ပေါ်လာခဲ့သည်။
အထူးသဖြင့် ထိုမိန်းကလေးသည် အပြစ်ကင်းလွန်းသည့် အဖြူရောင်ပန်းပွင့်လေးကဲ့သို့ ပြုံးနေခဲ့သည်။ သူမ၏ နူးညံ့သော အပြုံးလေးများ ဖြာထွက်နေခဲ့ပြီး သူမအနားသို့ ချဉ်းကပ်လာသောသူများသည်လည်း သူမ၏ ရယ်သံများဖြင့် ဖုံးလွှမ်းခံလိုက်ရလေ၏။
သို့သော်လည်း ထိုပန်းပွင့်ဖြူလေး၏ နောက်ကွယ်တွင် မမြင်နိုင်သည့် သေစေန်ိုင်သော အဆူးများ ရှိနေခဲ့ပြီး သင်မသိလိုက်ခင်မှာပင် သင့်အား သွေးများထွက်၍ အရိုးများပင်မရှိအောင်လုပ်ရန် အဆင်သင့်ဖြစ်နေလေသည်။
အထူးလက်ထောက်ကျိုး ပို့လာသည့် emailထဲတွင် ရိုးရှင်းသည့် စာကြောင်းအနည်းငယ်သာ ပါဝင်လေသည်။
“မိုယွီထျန်ရဲ့ကိစ္စတွေကို ဖော်ထုတ်ခဲ့တဲ့သူက ကျုံရှင်း Media ဥက္ကဌရဲ့ သမီးဖြစ်သူ လင်းရှောင်ပဲ”
“Niuhulu Strategy” သည် ဟိန်ထျန်းတွင် ယခုလတ်တလောရိုက်ကူးနေသော ဇာတ်ကားများထဲတွင် နာမည်ကြီး ဇာတ်လမ်းရိုက်ကူးရေးတစ်ခုဖြစ်ပြီး အဖွဲ့ Aနှင့် B ဟူ၍ နှစ်ဖွဲ့ခွဲထားလေသည်။
အဖွဲ့ Aသည် စန်းနျန်းနျန်းတောင်ပေါ်၌ ပိတ်မိနေချိန်တွင် အဖွဲ့ Bသည် ဟိန်ထျန်းရုပ်ရှင်နှင့်ရုပ်မြင်သံကြားမြို့တော်တွင် ရိုက်ကူးနေဆဲ ဖြစ်သည်။
စန်းနျန်းနျန်းတောင်ပေါ်၌ ပါဝင်သည့် ရိုက်ကွင်းများမှာ သိပ်၍ အရေးမကြီးသည့်အပြင် အဓိက သရုပ်ဆောင် ငါးယောက်နှင့် ဖြတ်လျှောက်ငါးယောက်သာ ပါဝင်သည်။
ဝတ္ထုထဲတွင် သတ်သေသွားသော မင်းသားသည် ထိုဆယ်ယောက်ထဲတွင် ပါဝင်နေလေသည်။
ဂိမ်းကစားနေချိန်၌ ရှချန်းချန်းသည် လူတိုင်းကို အဓိကထား၍ စောင့်ကြည့်နေခဲ့သည်။ တောင်ပေါ်တွင် ပိတ်မိနေကြသော်လည်း သုံးရက်လုံးလုံး စိတ်ပြေလက်ပျောက် အနားယူခဲ့ရခြင်းကြောင့် အကုန်လုံးမှာ စိတ်အခြေအနေကောင်းနေခဲ့ကြသည်။
စနစ်သည်လည်း ရှချန်းချန်းကို ကူ၍ တောင်ပေါ်တွင်ရှိသော သရုပ်ဆောင်များ၏ ယခုလက်ရှိ အခြေအနေများကို လိုက်လံ ကြည့်ရှုနေခဲ့ပြီး မည်သည့်တစ်ဦးတစ်ယောက်မှ သတ်သေမည့် လက္ခာများ မပြကြပေ။
မိုယွီထျန်သည် online ပေါ်တွင် ဆိုးဆိုးရွားရွားအပြောခံလိုက်ရသော်လည်း သူ၏ စိတ်အခြေအနေမှာ ကောင်းမွန်နေခဲ့သည်။
“ဒီလိုဆိုရင် တစ်ယောက်ယောက်သတ်သေတယ်ဆိုတာက စိတ်ဓာတ်ကျပြီး ပြိုလဲသွားတာကြောင့်ပဲ မဖြစ်နိုင်ဘူး” ဟု ရှချန်းချန်းမှ ဆန်းစစ်နေခဲ့သည်။
“အဲမင်းသား သတ်သေသွားတဲ့အကြောင်းအရင်းနောက်ကွယ်မှာ အကြောင်းတစ်ခုခု သေချာပေါက် ရှိရမယ်၊ ဒါမှမဟုတ် သူက တစ်ခြား အကြောင်းကြောင့် သေသွားတာကို သူ့ကိုယ်သူသတ်သေတာဆိုပြီး ခေါင်းစဉ်တပ်လိုက်တာလား”
သို့သော် မည်သူမျှ ထိုအကြောင်းကို မသိခဲ့ကြပေ။
ည 12 နာရီ၌ တတိယအထပ်တွင်ရှိသော ဘုတ်ဂိမ်းအခန်းသည် ဂိမ်းများပြီးဆုံးသွားပြီဖြစ်၍ လူအကုန်လုံးသည် သူတို့၏ အခန်းထံသို့ အနားယူရန်ပြန်သွားကြတော့သည်။
ထို့နောက် ဟိုတယ်ခြောက်ထပ်မြောက်၏ အခန်းတစ်ခန်းတွင်ရှိသော လေဝင်လေထွက်ပြွန် မှ ခေါင်းတစ်လုံးမှာ ရုတ်တရက်ပေါ်လာခဲ့သည်။
ရှချန်းချန်းသည် မိုယွီထျန်အခန်း၏ ခေါင်မိုးပေါ်သို့ တွားသွား၍ ဝင်သွားကာ ထို လေဝင်လေထွက်ပြွန်အပေါက်များမှ ချောင်းကြည့်လိုက်သည်။
“မိုယွီထျန်က သူ့အခန်းကိုပြန်ပြီး အနားယူမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား၊ ဘာလို့ အထဲမှာ တစ်ယောက်မှမရှိရတာလဲ”
ရှချန်းချန်းမှာ စိတ်ရှုပ်နေခဲ့သည်။
သူမသည် မိုယွီထျန် တစ်ယောက်ထဲရှိနေချိန်တွင် မည်သို့ဖြစ်နေမည်ကို မြင်ချင်နေခဲ့သည်။
“ငါ လည်းမသိဘူး” စနစ်သည်လည်း စိတ်ရှုပ်နေခဲ့သည်။
“ဟိုတယ်ရဲ့ CCTV ကင်မရာတွေက ဒီတိုင်းအပေါ်ယံသက်သက်ပဲ၊ ငါ သူရဲ့လှုပ်ရှားမှုတွေအကုန် လိုက် မကြည့်နိုင်ဘူး”
ရှချန်းချန်းသည် ခြောက်ထပ်မြောက် hall ၏ လေဝင်လေထွက်ပြွန် သို့ တက်ရန်အတွက်ကြိုးစားနေခဲ့ပြီး ထိုသို့ရောက်ရန်အတွက် တွားသွားရုံမှလွဲ၍ တစ်ခြားနည်းလမ်းများမရှိပေ။
လေဝင်လေထွက်ပြွန်သို့ တွားသွား၍ တက်ရသည်မှာ မလွယ်ကူပေ သူမတက်လိုက်သည့်အချိန်တိုင်း အင်္ကျီများမှာ ညစ်ပေသွားလေသည်။ အကယ်၍ ထိုအရာမှာ မခိုင်ပါက သူမသည် ပြုတ်ကျ၍ အရှက်ရမည်ဖြစ်၏။
ရှချန်းချန်းသည် ဟိုတယ်ထဲတွင် ကင်မရာများကို နေရာမျိုးစုံ၌ တပ်ဆင်ရန် ပြင်ဆင်ထားခဲ့ပြီး သူမသည် အခန်းထဲသို့ ပြန်၍ အနားယူချိန်၌ စနစ်ကို စောင့်ကြည့်ခိုင်းထားလေသည်။
သို့သော်လည်း လမ်းတစ်ဝက်တွင် သူမသည် ခြောက်ထပ်မြောက်အထပ်သို့ ခုန်တက်မည့်အချိန်၌ ကြီးမားသောမျက်နှာတစ်ခုကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။
“အားး”
ရှချန်းချန်းသည် အလွန်ပင်ကြောက်လန့်သွားခဲ့သော်လည်း အသိစိတ်ဝင်ကာ သူမ၏ပါးစပ်ကို ပိတ်လိုက်လေသည်။
မထင်ထားတဲ့ တိုက်ခိုက်မှုလေးတစ်ခုကြောင့် ဟန်ချက်မညီဘဲ အောက်ကို တိုက်ရိုက်ပြုတ်ကျသွားတယ်။
ဒါက ဒုတိယအကြိမ်မြောက်ပဲ။
ရှချန်းချန်း မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်ကို မြင်လိုက်သောအခါ hallwayပေါ်တွင် ရှိနေသော တစ်စုံတစ်ယောက်သည် အလျင်အမြန်ပင် သူမအားဖမ်းလိုက်ပြီး မင်းသမီးတစ်ပါးလိုပင် ချီထားလိုက်သည်။
ထိုလူ၏ နူးညံ့သော အသက်ရှူသံမှာ ပို၍ နီးကပ်လာခဲ့ပြီး သူ့တွင် နှစ်လိုဖွယ်ကောင်းသော ပူရှိန်းရှိန်း ဆေးလိပ်ကြီးအနံ့အနည်းငယ်ရှိနေခဲ့သည်။
ရှချန်းချန်းသည် ရှက်သွားကာ အလျင်အမြန်ပင် ရှဲ့ကျစ်ရှင်း ခန္ဓာကိုယ်ပေါ်မှ ဆင်းလိုက်ပြီး အသံတိုးတိုးလေးဖြင့် ပြောလာသည်။
“ရှဲ့ကျစ်ရှင်း! ရှင် ရုတ်တရက်ကြီး ဘယ်လိုလုပ်ပေါ်လာတာလဲ၊ ရှင်က သေလောက်အောင်ကြောက်ဖို့ကောင်းတယ်ဆိုတာ မသိဘူးလား”
ရှဲ့ကျစ်ရှင်းသည် ခြောက်ထပ်မြောက်တွင်ရှိသော လေဝင်လေထွက်ပြွန် ကို စိုက်ကြည့်လိုက်ပြီးနောက် သူ၏ရင်ခွင်ထဲတွင် စကားပြောစရာပျောက်နေသော ရှချန်းချန်းကို ပြန်ကြည့်လိုက်သည်။
“ကိုယ်ပြောပါဦးမယ်၊ မင်း ဒီကနေ ရိုးရိုးတန်းတန်း လျှောက်လာလို့မရဘူးလား၊ အဲပိုက်တွေပေါ် တက်စရာလိုလို့လား”
ပါပါရာဇီဖြစ်ရတာကို တကယ်စိတ်ဝင်စားနေတာလား။
“ကျွန်မက ဒီတိုင်း စုံစမ်းစရာလေးရှိလို့ပါ…”
ရှချန်းချန်းသည် စကားပြောနေရင်း တစ်ဝက်တစ်ပျက်ဖြင့် ရပ်သွားခဲ့သည်။
လိမ်ညာသူများကို ဖော်ထုတ်သူဆိုသည့်အကြောင်းမှာ ပေါ်သွားခဲ့လျှင်လည်း ကိစ္စမရှိပေ။ သို့သော် ဒီကမ္ဘာသည် စိတ်ကူးယဉ်ကမ္ဘာတစ်ခုဖြစ်ပြီး ထိုအရာကို ပြောပြရန်မဖြစ်ပေ။ အကယ်၍ သိသွားခဲ့ပါလျှင် ထိုကမ္ဘာကြီးမှာ ပျက်စီးသွားမည်ဖြစ်သည်။
ရှချန်းချန်း၏မျက်လုံးများမှာ ဟိုကြည့်ဒီကြည့်လုပ်ကာ ဝါးတားတားဖြင့် ပြောလာသည်။
“ကျွန်မ…ကျွန်မက အတင်းအဖျင်းတွေကို စူးစမ်းချင်တာပါ၊ ပါပါရာဇီတစ်ယောက် စူးစမ်းချင်တာက ဘာမှားနေလို့လဲ”
ရှဲ့ကျစ်ရှင်းသည် သူ၏မျက်လုံးကိုစွေ၍ သူမအား ကြည့်လိုက်သည်။
“ဘာမှမမှားပါဘူး၊ ဒါပေမဲ့ အမျိုးသမီးအနုပညာရှင်တစ််ဦးကနေ ဘယ်လိုလုပ်ချက်ချင်းကြီး ပါပါရာဇီဖြစ်ချင်သွားတာလဲ”
ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းအား ထိုမေးခွန်းကို ဟိုအရင်ကတည်းကပင် မေးချင်နေခဲ့ခြင်ရဖြစ်ပြီး သူသည် အစောပိုင်းကတည်းကပင် ဖူယန်ရုန်နှင့် ထိုကိစ္စကို ဆွေးနွေးထားခဲ့ခြင်းဖြစ်သည်။
ရှချန်းချန်းသည် မည်သည့်အချိန်မှ စ၍ စစ်သတင်းပေး ဖြစ်လာသနည်း။ ထို့အပြင် သူမသည် အဘယ့်ကြောင့် ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားခဲ့ရသနည်း။
ရှချန်းချန်း၏ ရင်ခုန်သံများမှာ မြန်လာခဲ့သော်လည်း သူမသည် အလျင်အမြန် အကြောင်းပြချက်တစ်ခုကိုရှာကာ ဖြူစင်သည့်မျက်နှာအနေအထားဖြင့် ပြောလာသည်။
“အမျိုးသမီးအနုပညာရှင်တစ်ဦးက ဘယ်နေရာမှ သွားလို့မရဘူးလေ၊ အရင်တုန်းက ကျိကျင်းဟန် ကျွန်မကို ဘယ်လောက် နာကျင်အောင်လုပ်ခဲ့လဲဆိုတာကို ရှင်လည်းသိတာပဲ၊ အဲဒါကြောင့် ကျွန်မ သူ့ရဲ့ အတင်းအဖျင်းတွေကို ဖော်ပြီး ပြန်တိုက်မှာ ကျွန်မက အမျိုးသမီးအနုပညာရှင်အနေထက် ပါပါရာဇီတစ်ယောက်အဖြစ်ပိုပြီး အရည်အချင်းရှိမယ်လို့ မထင်ထားခဲ့ဘူး၊ ကျွန်မ ဒီလအနည်းငယ်အတွင်းမှာ အံ့ဩစရာကောင်းလွန်းတဲ့ ပါပါရာဇီတစ်ယောက်ဖြစ်လာတာလေ အဲဒါကြောင့် ကျွန်မ ဆက်လုပ်ရမယ်”
ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းအား စူးစိုက်၍ ကြည့်လိုက်သည်။
လိမ်ညာသူများကို ဖော်ထုတ်သူ၏ ပထမဆုံး blog postတွင် ကျိကျင်းဟန်အကြောင်းကို အသားပေး၍ ရေးထားခဲ့ခြင်း ဖြစ်တာကြောင့် ရှချန်းချန်း၏ ဆင်ခြေမှာ သဘာဝကျလေသည်။
သို့သော် ရှဲ့ကျစ်ရှင်းသည် တစ်ခုခုလွဲနေသည်ဟု ခံစားနေရ၏။
သူသည် ရှချန်းချန်းအား ထပ်၍ စိုက်ကြည့်လိုက်ပြီးနောက် တိုးတိုးလေးပြောလာခဲ့သည်။
“မင်းမှာ အဲလို ခိုးကြည့်တက်တဲ့အကျင့်ရှိမယ်လို့ မထင်ထားခဲ့ဘူး”
ရှချန်းချန်း: "??"
သူမ၏ စိတ်ထဲ၌ လှောင်ပြောင်နေခဲ့သည်။
ကျွန်မ ရှင့်ရဲ့ “ အခန်းဖော်ကျူ” accကို မသိဘူးများထင်နေလား၊ ရှင်က အပေါ်ယံသာ လူကြီးလူကောင်းဆန်တဲ့ပုံပေါ်နေပေမဲ့ ရှင်က ကျွန်မထက်တောင် ပိုပြီး အတင်းအဖျင်းတွေနဲ့ ခိုးကြည့်တာတွေလုပ်နေတာမဟုတ်လား။ လာပြီး ဟန်ဆောင်နေတယ် ဟုတ်ပါတယ်လေ ရုပ်ရှင်သရုပ်ဆောင်ပဲ ဒီလောက်တော့ရှိမှာပေါ့။
ရှချန်းချန်းသည် သူမ၏မျက်လုံးကို လှိမ့်လိုက်ပြီးနောက် hallway၏ ထောင့်တစ်နေရာတွင်ရှိသည့် အသုံးမကျသော CCTV တစ်ခုကို စိုက်ကြည့်လိုက်သည်။
“ရှဲ့ကျစ်ရှင်း ရှင်ဒီနေရာကိုတောင်ရောက်နေပြီပဲ ကျွန်မနဲ့အတူပူးပေါင်းပြီး CCTVတွေ လိုက်မတပ်ချင်ဘူးလား” ဟု ပြောကာ သူမသည် တမင်တကာ အကြောင်းအရာကို ပြောင်းလိုက်၏။
ရှဲ့ကျစ်ရှင်း: “သူများတွေအပေါ် ခိုးကြည့်ပြီးစပ်စုရတာ ဝါသနာမပါဘူး”
“ဒါက အများပိုင်နေရာလေ ပြီးတော့ ဟိုတယ်ရဲ့ CCTVတွေ မမြင်ရတဲ့နေရာတစ်ခုပဲ၊ ဒါက ခိုးကြည့်တာမှမဟုတ်တာ ပြီးတော့ ကျွန်မတို့ တစ်ခုခု ထူးခြားတဲ့အရာတွေ သိနိုင်လောက်တယ်”
ရှချန်းချန်းသည် သူ့အား တိုက်တွန်းနေခဲ့ပြီး သူမ၏မျက်လုံးများထဲတွင် ကလိမ်ကကျစ်ဆန်သည့် ပုံစံများပါနေခဲ့သည်။
“ပြောရမယ်ဆိုရင် ဒါရိုက်လာလုနဲ့ လက်ထောက်ဒါရိုက်တာတို့ရဲ့ လျှို့ဝှက်အချစ်ဇာတ်လမ်းမျိုးလေးတွေ ဒါမှမဟုတ် အနုပညာဒါရိုက်တာတစ်ယောက်ကို ဓာတ်ပုံဆရာတစ်ယောက်က ဖောက်ပြန်သွားတာမျိုးတွေ…”
ရှဲ့ကျစ်ရှင်းသည် အေးဆေးတည်ငြိမ်သည့် ပုံစံကို ထိန်းထားခဲ့သည်။
ဒါပေမဲ့ သူ့ရဲ့စိတ်ထဲမှာ ဖရဲသီးကို သိရဖို့အတွက် ဂနာမငြိမ်ဖြစ်နေခဲ့တာလေ။
လိမ်ညာသူများကို ဖော်ထုတ်သူပြောသည့် ကိစ္စများအားလုံးသည် အမြဲ မှန်ကန်တိကျနေခဲ့သည်။
ထိုနေရာတွင် စိတ်ဝင်စားစရာကောင်းသည့် အရာများ တကယ်ရှိပါသလော။
သူ၏မျက်လုံးများမှာ ခဏတာ တောက်ပသွားခဲ့ပြီးနောက် ချက်ချင်းပင် ပုံမှန်အတိုင်း ဖြစ်သွားခဲ့သည်။
“ကိုယ်က ဖရဲသီးတွေကို စပ်စုချင်တာမဟုတ်ဘူးနော် မင်းကို ကူပေးရုံသက်သက်ပဲ” ဟု ရှဲ့ကျစ်ရှင်းမှ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
“ကျွန်မ သိပါတယ်” ရှချန်းချန်းသည် ခေါင်းငြိမ့်ကာ ထပ်ပြောလာခဲ့သည်။
“ဖရဲသီးတွေအကြောင်းကို စပ်စုချင်တာ ကျွန်မတစ်ယောက်တည်းပဲ”
ပြီးတော့ အခန်းဖော်ကျူလည်း ရှိတယ်လေ။
“ဒါက ရှင်နဲ့ဘာမှမဆိုင်ဘူးလေ ဟုတ်တယ်မလား”
ရှဲ့ကျစ်ရှင်းသည် လေးလေးနက်နက်ဖြင့် ခေါင်းငြိမ့်လိုက်၏။
ဟုတ်တာပဲ ကျူကသာ ဖရဲသီးအကြောင်းကို သိချင်တာ မင်းသားရှဲ့နဲ့ ဘာဆိုင်လို့လဲ။
သူတို့နှစ်ဦးလုံးသည် လမ်းတစ်လျှောက်တွင် ကင်မရာများကို လိုက်တပ်ခဲ့သည်။ ထိုအရာမှာ မခက်ခဲပေ သူတို့သည် ကင်မရာကို အနီးအဝေး ချိန်၍ မမြင်နိုင်သည့် နေရာများတွင် ဖွက်ထားရခြင်း ဖြစ်သည်။
ညနက်နေပြီဖြစ်၍ ဟိုတယ်တွင် လူခြေတိတ်နေကာ လုပ်ဆောင်ရသည်မှာ လွယ်ကူလှသည်။
နာရီဝက်ခန့်ကြာပြီးနောက်တွင် ရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်းတို့သည် ခြောက်ထပ်လုံး၏ ကင်မရာမရှိသည့် နေရာများကို အကုန်တပ်ဆင်ပြီးပြီ ဖြစ်၏။
နောက်ထပ် ခုနှစ်ထပ်မြောက်ရဲ့ ကင်မရာမရှိတဲ့ထောင့်နေရာတွေမှာ CCTVတွေတပ်ပြီးရင် အကုန်ပြီးပြီ။
သူတို့ ခုနစ်ထပ်မြောက်သို့ တတ်ရန်ပြင်နေသည့်အချိန်တွင် အပေါ်ထပ်မှ အမျိုးသမီးတစ်ယောက်၏ စူစူးဝါးဝါးအော်ဟစ်သံကြီးကို ရုတ်တရက်ကြားလိုက်ရသည်။
ရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်းတို့မှာ ထိတ်လန့်သွားခဲ့ကြသည်။
ဒီလိုညလယ်ခေါင်ကြီးမှာ ကြောက်စရာကောင်းလောက်အောင်ထိဘာလို့ စူးစူးဝါးဝါး အော်ဟစ်နေရတာလဲ၊ ဘာတွေများ ဖြစ်နေတာပါလိမ့်။
စနစ်သည် ရှချန်းချန်း၏ ခေါင်းထဲ၌ ခုန်ပေါက်နေလေသည်။
“Hostရေ အဲဒါကသတ်သေတဲ့ကိစ္စများဖြစ်နေမလား၊ ဟာ သွားပါပြီ၊ ခုနှစ်ထပ်မြောက်မှာ ဘာ CCTVမှ မရှိဘူးလေ”
လူတစ်ယောက်၏ အသက်ဆုံးရှုံးသည့် ကိစ္စကြီးဖြစ်တာကြောင့် ရှချန်းချန်းသည် မည်သည့်အရာကိုမှ ဂရုမစိုက်တော့ဘဲ ခုနှစ်ထပ်မြောက်သို့ အလျင်အမြန် ပြေးတက်သွားခဲ့သည်။
ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် ရှဲ့ကျစ်ရှင်းသည် သူမအား တားလိုက်၏။
ရှဲ့ကျစ်ရှင်း: “တကယ်လို့ မင်းအခု တက်သွားမယ်ဆိုရင် လူတွေက မင်းကို အခန်းထဲမှာ ရှိတယ်လို့ ထင်နေကြရာကနေ မင်းအပြင်ရောက်နေတာကို သိသွားကြလိမ့်မယ်”
“အဲအချ်ိန်ကျရင် ဘယ်လိုမှ ရှင်းပြလို့မရတော့ဘူးနော်”
ဟိုတယ်၏ ခုနှစ်ထပ်မြောက်တွင် ကင်မရာများအလုပ်မလုပ်ကြသော်လည်း ရှဲ့ကျစ်ရှင်း၏အဆင့်မြင့်ဇိမ်ခံခန်းတံခါးရှေ့တွင်ရှိသော CCTVမှာ အလုပ်လုပ်နေသေးသည်။
“ဒါပေမဲ့..” ရှချန်းချန်းမှာ အလွန်စိုးရိမ်နေခဲ့သည်။
ရှဲ့ကျစ်ရှင်းသည် အမှန်တရားကိုမသိသော်လည်း သူမမှာ သိနေခဲ့၏။ အပေါ်ထပ်မှ ထွက်ပေါ်လာသော ကြောက်စရာကောင်းသည့်အသံသည် ထိုနေရာ၌ ဖြစ်မည့် သတ်သေသောကိစ္စနှင့် ဆက်စပ်နေခြင်း ဖြစ်နိုင်၏။
ဒါက ဘဝပဲ။
“စိတ်မပူပါနဲ့ ကိုယ်အခု အပေါ်ကိုတက်ပြီး အခြေအနေကိုတစ်ချက်ကြည့်လိုက်မယ်၊ တကယ်လို့ တစ်ခုခုဖြစ်တယ်ဆိုရင် မင်းကို အရင်ဆုံးလာပြောမယ်၊ မင်းအခု အရင်ဆုံး ပိုက် လိုင်းကနေ တွားသွားပြီး ပြန်နှင့်လိုက်”ဟု ရှဲ့ကျစ်ရှင်းမှ တည်ငြိမ်စွာဖြင့် ပြောလာခဲ့သည်။
ရှချန်းချန်းသည် စိုးရိမ်နေသော်လည်း ဖြစ်သွားခဲ့သည့်ကိစ္စများအပေါ် စိုးရိမ်နေခြင်းမှာ အသုံးမဝင်ကြောင်းကို သူမ သိလေသည်။
သူမသည် ရှဲ့ကျစ်ရှင်းကို သဘောတူလိုက်ပြီး ခုနှစ်ထပ်မြောက်တွင်ရှိသော အဆင်မြင့်ဇိမ်ခံအခန်းသို့ မျက်နှာကြက်ပေါ်တက်ကာ ပိုက်လိုင်းအတိုင်း တွားသွား၍သွားလိုက်သည်။
နာရီဝက်ကြာပြီးနောက် ရှချန်းချန်းသည် အခင်းဖြစ်သည့်နေရာသို့ ရောက်ရှိလာခဲ့သည်။
ထိုအခန်းမှာ လင်းရှောင်၏ အခန်းဖြစ်ပြီး ကြောက်စရာကောင်းသော အသံမှာ သူမ၏အခန်းမှ ထွက်လာခြင်း ဖြစ်၏။
အခန်းထဲ၌ ရုပ်ရှင်အဖွဲ့သားများဖြင့် ပြည့်နေလေသည်။
အခန်းထဲတွင် လင်းရှောင်သည် ညအိပ်ဝတ်စုံနှင့် အိပ်ယာပေါ်ကွေးနေခဲ့ပြီး သူမ၏မျက်နှာပေါ်မှ မျက်ရည်များလည်း စီးကျနေသည့်အပြင် သူမ၏ ခန္ဓာကိုယ်မှာလည်း တစ်ခုခုကို ကြောက်နေသည့်ပုံစံဖြင့် တုန်လှုပ်နေလေသည်။
မုန့်ရုယန်သည် သူမကိုဖက်၍ နှစ်သိမ့်ပေးနေခဲ့သည်။
“ဘာမှမဖြစ်ဘူးနော် ဘာမှမဖြစ်ဘူး၊ သူထပ်ပြီး လာတော့မှာမဟုတ်ဘူး”
ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း၏ဘေးနားသို့ အလျင်အမြန်လျှောက်လာခဲ့သည်။
“ဘာဖြစ်တာတဲ့လဲ”
ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏ နား နားသို့ကပ်ကာ အသံတိုးတိုးလေးဖြင့် ပြောလာသည်။
“လင်းရှောင်ပြောပုံအရတော့ သူ မနေ့ညက အိပ်နေတုန်း တံခါးသေချာမပိတ်မိတဲ့ပုံပဲ၊ အဲအချိန်မှာ တစ်ယောက်ယောက်က အခန်းထဲဝင်လာပြီး သူ့ကိုစော်ကားဖို့လုပ်တာတဲ့”
ရှချန်းချန်းမှာ အံ့ဩသင့်သွားခဲ့သည်။
“သူ အဲလူရဲ့ မျက်နှာကို မြင်လိုက်လား”
ရှဲ့ကျစ်ရှင်း: “သူပြောတာကတော့ မီးပိတ်ထားလို့ မမြင်လိုက်ရဘူးတဲ့”
တစ်ခြားနည်းဖြင့် ပြောရမည်ဆိုလျှင် ထိုသို့စော်ကားရန်ကြံစည်သည့်သူမှာ မည်သူဖြစ်သည်ကို မသေချာပေ။
သို့သော် ရှချန်းချန်းသည် ဘေးတစ်ဝိုက်ကို ကြည့်လိုက်သည့်အချိန်၌ မိုယွီထျန်လည်း ထိုနေရာတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ လူများအားလုံးသည် သူ့အား ထူးဆန်းသည့် ပုံစံဖြင့် ကြည့်နေခဲ့ကြသည်။
အချိန်အနည်းငယ်ကြာပြီးနောက် ဒါရိုက်တာလုသည် လင်းရှောင်၏ အခန်းထဲသို့ အလောတကြီးဖြင့် ဝင်လာခဲ့သည်။ သူ၏ မျက်နှာမှာ မဲမှောင်နေခဲ့ပြီး သူ၏မျက်လုံးများသည်လည်း အနည်းငယ် အေးစက်နေခဲ့သည်။ အထူးသဖြင့် သူသည် မိုယွီထျန်ကို မြင်လိုက်ရသည့်အခါ၌ သူ၏မျက်လုံးများမှာ ပို၍ ထက်မြက်လာခဲ့သည်။
“ကျွန်တော် လက်ထောက်ဒါရိုက်တာနဲ့အတူ စစ်ဆေးပြီးပါပြီ၊ ဒီစန်းနျန်းနျန်းတောင်ပေါ်မှာ လူ ၅၇ယောက်ရှိပါတယ်၊ အဓိကသရုပ်ဆောင်တွေကလွဲလို့ ကျန်တဲ့ရုပ်ရှင်အဖွဲ့သားတွေက နှစ်ယောက်တစ်ခန်းစီမျှပြီး နေရပါတယ်၊ ဒီလိုအဖြစ်အပျက် ဖြစ်တဲ့အချိန်မှာ သူတို့အခန်းထဲ အတူတူရှိကြတာမလို့ တစ်ယောက်နဲ့တစ်ယောက် အာမခံပေးလို့ရပါတယ် ရီလောင်ရှီး၊ ရှောင်လောင်ရှီး ၊ မိုလောင်ရှီးနဲ့ ကျွန်တော်အပါအဝင် အမျိုးသားလေးယောက်ကို သီးသန့်အခန်းပြင်ဆင်ပေးထားတာပါ၊ ဒါပေမဲ့ အဲအဖြစ်အပျက်ဖြစ်တဲ့အချိန်မှာ ရီလောင်ရှီး၊ ရှောင်လောင်ရှီးနဲ့ ကျွန်တော်တို့က အစည်းအဝေးခန်းထဲမှာ စံအိမ်မှာတိုက်ခိုက်မည့် ဇာတ်ကွက်အကြောင်းတွေကို ဆွေးနွေးနေကြတာပါ၊ ကျွန်တော်တို့အချင်းချင်း အာမခံနိုင်ပါတယ်”
ဒါရိုက်တာလုသည် ထောင့်တွင်ထိုင်နေသော မိုယွီထျန်ကို ကြည့်လိုက်သည်။
“အဲနေရာမှာရှိတဲ့အကြောင်းကို ရုပ်ရှင်အဖွဲ့သားတွေ အာမ မခံပေးနိုင်တဲ့ တစ်ယောက်သောသူက မင်းပဲရှိတယ်” ဟု သူသည် စကားလုံးများကို လေးလေးနက်နက်ဖော်ပြ၍ပြောလိုက်သည်။
“မိုယွီထျန် မင်း ဒီအဖြစ်အပျက်ဖြစ်တုန်းက ဘယ်ရောက်နေခဲ့တာလဲ”
လူအများ၏ အကြည့်များသည် မိုယွီထျန်ထံသို့ ချက်ချင်းပင် ရောက်ရှိသွားခဲ့ပြီး သူတို့၏ မျက်လုံးများထဲတွင် နက်ရှိုင်းသည့် ရွံရှာအထင်သေးမှုများဖြင့်ပြည့်နေခဲ့သည်။
သူသည် မည်သည့်အဖြေမှ မဖြေရသေးသော်လည်း သူတို့သည် မိုယွီထျန်အား အဓိပ္ပာယ်တစ်ခုသတ်မှတ်ထားပြီး ဖြစ်သည်။
“ကျွန်တော်…”
မိုယွီထျန်မှာ အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။
“ကျွန်တော် အခန်းထဲမှာ တစ်ချိန်လုံး ရှိနေတာပါ”
ရှချန်းချန်းမှာ မှင်သက်သွားခဲ့ပြီး မျက်မှောင်ကြုတ်လိုက်လေသည်။
သူမသည် ပိုက်များထဲသို့ တွားသွား၍ ပြန်သွားသည့်အချိန်၌ မိုယွီထျန်၍ အခန်းသို့ ဖြတ်သွားခဲ့လေသည်။
အဲအချိန်တုန်းက သူအဲမှာမရှိဘူးလေ
ဘာလို့ လိမ်ရတာလဲ။
“ဒါပေမဲ့ ခုနှစ်ထပ်မြောက်အလွှာမှာ ကင်မရာမရှိတဲ့နေရာတွေရှိတယ်ပြီးတော့ ဘယ်သူမှ မင်းပြောတာကို ယုံမှာမဟုတ်ဘူး”
ဒုတိယအမျိုးသားဇာတ်ကောင် ရှောင်ကျီးမှ အေးစက်သည့်အသံအနေအထားဖြင့် ရုတ်တရက် ဝင်ပြောလာခဲ့သည်။
မိုယွီထျန်သည် သူ၏နောက်ကျော၌ ဆူးများရှိနေသည်ဟုခံစားရကာ သတ်ိမထားမိဘဲ နောက်သို့ နှစ်လှမ်းဆုတ်သွားခဲ့သည်။
“ဒါက မိုလောင်ရှီးလုပ်တယ်လို့ သက်သေမှမရှိဘူးမဟုတ်လား”
မုန့်ရုယန်မှာ ရုတ်တရက်ဝင်ပြောလာခဲ့သည်။
“ မိုလောင်ရှီးက အခန်းထဲမှာ အိပ်နေတယ်ဆိုရင်ရော”
"မဖြစ်နိုင်ဘူး”
စားပွဲထိုးတစ်ယောက်မှာထွက်လာ၍ မိုယွီထျန်ကို လက်ညိုးထိုးလိုက်သည်။
“ကျွန်တော် အခန်း 602 ကို သန့်ရှင်းရေးလုပ်နေတုန်းက သူ့ကိုမြင်လိုက်တယ်၊ သူ ဓာတ်လှေကားစီးပြီး အပေါ်ကိုတက်သွားတယ်ဆိုတာကို ကျွန်တော်ရှင်းရှင်းလင်းလင်းမြင်လိုက်တယ်”
စန်းနျန်းနျန်းဟိုတယ်သည် ခုနှစ်လွှာတည်းသာ ရှိ၏။
မိုယွီထျန်သည် ခြောက်လွှာတွင်နေ၍ လင်းရှောင်သည် ခုနှစ်လွှာတွင် နေခြင်း ဖြစ်သည်။
“မိုယွီထျန် ငါတို့ မင်းကို အခွင့်အရေးပေးနေတယ်နော်”
ဒါရိုက်တာလုမှ ခက်ထန်စွာဖြင့် ပြောလိုက်သည်။
“မင်း အမှန်အတိုင်း ပြောလိုက်စမ်းပါ၊ ဘယ်နေရာကိုသွားပြီး ဘာလုပ်ခဲ့တာလဲ”
မိုယွီထျန်သည် အံကြိတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။
ရှချန်းချန်းသည် မကျေနပ်မှုများဖြင့် ပြည့်နေသည့် သူ၏မျက်နှာကို မြင်လိုက်ရသော်လည်း သူသည် ဘာမှပြောမလာခဲ့ပေ။ ထို့အပြင် လင်းရှောင်ကို ကာကွယ်ပေးနေသည့် မုန့်ရုယန်သည်လည်း မျက်မှောင်ကြုတ်နေကာ သူမသည် တစ်ခုခုပြောချင်နေသော်လည်း တုံ့ဆိုင်းနေခဲ့သည်။
“Hostရေ မိုယွီထျန်နဲ့ မုန့်ရုယန်ရဲ့ကြားမှာ လျို့ဝှက်ချက်တစ်ခုခု ရှိနေတယ်လို့ ခံစားနေရတယ်”ဟု စနစ်မှ ဖြတ်ပြောလာခဲ့သည်။
ရှချန်းချန်းမှာ ခေါင်းငြိမ့်လိုက်၏။
သို့သော်လည်း ထိုအချိန်တွင် သူတ်ို့သည် မည်သည့်လျို့ဝှက်ချက်ရှိမှန်း မသိခဲ့ကြပေ။
မိုယွီထျန်မှာ မည်သည့်စကားမှမပြောဘဲ တ်ိတ်ဆိတ်နေသည်ကို မြင်လိုက်သည့်အခါ၌ ဒါရိုက်တာလုသည် ပို၍ ခက်ထန်စွာ ပြောလာသည်။
“မိုယွီထျန် တကယ်လို့ ဆက်ပြီး ငြင်းနေဦးမယ်ဆိုရင် ငါတို့လုပ်မည့် တစ်ခုတည်း….”
ဒါရိုက်လု၏ စကားမဆုံးခင်မှာပင် ဟိုတယ် မန်နေဂျာ၏ အသံမှာ ကြားဖြတ်ဝင်လာခဲ့သည်။
“ဒါရိုက်တာလု ကျွန်တော်တို့ ခြေရာခံလို့ရနိုင်တဲ့ CCTVတွေကို စစ်ကြည့်ထားပါတယ် အဲဒါအပြင် တကယ်တော့ အဲနေရာမှာ သက်သေမပြနိုင်တဲ့ နောက်တစ်ယောက်ရှိပါသေးတယ်”
လူအကုန်လုံးမှာ မှင်သက်သွားခဲ့ကြသည်။
မိုယွီထျန်အပြင် နောက်ထပ်သံသယဝင်စရာ မည်သူရှိနိုင်မည်နည်း။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ဟိုတယ်မန်နေဂျာသည် ရှဲ့ကျစ်ရှင်းအား လက်ညိုးထိုးပြလိုက်၍ ပြောလာသည်။
“မစ္စတာရှဲ့က ည ၁၂နာရီမှာ အခန်းထဲက တစ်ယောက်တည်းထွက်လာတယ်လို့ အခန်းတံခါးရဲ့ CCTV ကင်မရာက ပြထားပါတယ်၊ ဒါဆို အဲအချိန်ကြီး ဘယ်သွားပြီး ဘာလုပ်ခဲ့တာလဲ”
လူတိုင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့၏။
ရှဲ့ကျစ်ရှင်းနှင့် ရှရှတို့သည် အဆင့်မြင့် ဇိမ်ခံအခန်းတွင် ရှ်ိနေကြပြီး သူတို့သည် ပုံမှန်အတိုင်းပင် အတူတူရှိနေခဲ့ခြင်းကြောင့် ထိုစကားဝိုင်းမှ ဖယ်ထားလိုက်ခြင်း ဖြစ်သည်။
ဒါပေမဲ့ အပြင်က CCTV ကင်မရာတွေက ရှဲ့ကျစ်ရှင်း အခန်းထဲမှာ မရှိကြောင်း ပြနေတာပဲလေ။ သူက ညလယ်ခေါင်ကြီးကို ဘာထလုပ်တာလဲ။
ရှချန်းချန်းသည် မျက်မှောင်ကြုတ်လိုက်၍ ရှဲ့ကျစ်ရှင်းကို ကာကွယ်ပေးရန် ရှေ့သို့ တိုးလိုက်သော်လည်း သူမအား တားလိုက်၏။
ရှဲ့ကျစ်ရှင်း၏ မျက်လုံးများမှာ အေးဆေး တည်ငြိမ်နေခဲ့သည်။
“စိတ်အပန်းဖြေဖို့အတွက် အပြင်ထွက်သွားတာပါ၊ ဘယ်နေရာလွဲနေလို့လဲ”
“မျက်မြင်သက်သေရော ရှိပါသလား” ဟု ဟိုတယ်မန်နေဂျာမှ မေးလိုက်၏။
“ဒီလောက် ညလယ်ခေါင်ကြီးမှာ ဘယ်လိုလုပ် မျက်မြင်သက်သေရှိမှာလဲ၊ ကျွန်တော်တစ်ယောက်တည်းပဲရှိတာလေ” ဟု ရှဲ့ကျစ်ရှင်းမှ ကြိုးစား၍ ဖြေရှင်းလိုက်သည်။
ထို စကားဝိုင်းမှာ နောက်ဆုံးတွင် အဖြေရှာရမဘဲ ရပ်တန့်သွားခဲ့လေသည်။
ဒါရိုက်တာလုနှင့် အခြားသူများသည် မိုယွီထျန်၏ အဖေမှာ အဓမ္မပြုကျင့်ခဲ့သူဖြစ်သောကြောင့် သူ့အား စွပ်စွဲ၍ ပြောဆိုရဲခြင်းဖြစ်သော်လည်း ရှဲ့ကျစ်ရှင်းအား မည်သူမှ မေးခွန်းမထုတ်ရဲပေ။
လင်းရှောင်အား စော်ကားရန်ကြိုးစားသည်ဟု သံသယရှိသောသူမှာ နှစ်ယောက်ဖြစ်လာခဲ့သည်။
ညအလွန်နောက်ကျနေပြီဖြစ်၍ စော်ကားရန်ကြိုးစားသူမှာ ရှဲ့ကျစ်ရှင်းနှင့် မိုယွီထျန်တို့ဖြစ်သည်ဟု ပြတ်ပြတ်သားသားမပြောခဲ့ပေ။ သူတ်ို့သည် ထိုနေရာမှ လူစုခွဲလိုက်ပြီး ဟိုတယ်မှ လင်းရှောင်ကို ကာကွယ်ရန်အတွက် လုံခြုံရေးနှစ်ယောက်ကို လွှတ်လိုက်လေသည်။
စန်းနျန်းနျန်းတောင်ပေါ်တွင် ဖြစ်လာတော့မည့် သတ်သေသော အမှုသည် ယခုညတွင်ဖြစ်ခဲ့သော ထို စော်ကားမှုနှင့်ပတ်သတ်သည်မှာ 90% လောက် ဖြစ်နိုင်သည်ဟု ရှချန်းချန်းမှ တွက်ချက်ခဲ့သည်။
သို့သော် သူမနှင့် စနစ်သည် ထိုသတ်သေသွားသည့်သူမှာ စိတ်ဓာတ်ကျနေသည့် မိုယွီထျန်ဖြစ်သည်ဟု ယူဆခဲ့သည်။
သတ်သေသွားတဲ့ သရုပ်ဆောင်က လင်းရှောင်များ ဖြစ်နေမလား။ အဲဒါက မိုယွီထျန်ရဲ့ စော်ကားမှုကြောင့်များလား။
အဆင့်မြင့် ဇိမ်ခံအခန်းသို့ ပြန်ရောက်သည့်အခါတွင် ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းကို ဆွဲထားပြီးနောက် စကားပြောရန် တုံ့ဆိုင်းနေခဲ့သည်။
သူမသည် ရှဲ့ကျစ်ရှင်း အဘယ့်ကြောင့် လိမ်ညာခဲ့သနည်း၊ အဘယ့်ကြောင့် ကူညီခဲ့သနည်းဟု မေးချင်သော်လည်း သူမသည် အဖြေကို ဝိုးတိုးဝါးတားဖြစ်နေခဲ့သည်။
နောက်ဆုံးတွင် ရှချန်းချန်းသည် ရိုးသားစွာဖြင့် ပြောလာခဲ့သည်။
“ကျေးဇူးတင်ပါတယ်နော်”
ရှဲ့ကျစ်ရှင်းသည် အစောပိုင်းတွင် လူတိုင်းကိုပြသခဲ့သည့် အေးတိအေးစက်အကြည့်များဖြင့် မတူညီဘဲ သူမအား နူးနူးညံ့ညံ့အကြည့်များဖြင့် ပြောလာခဲ့သည်။
“ကျေးဇူးတင်ဖို့ မလိုပါဘူး”
ရှချန်းချန်းသည် ထိုညတွင် ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။
နောက်နေ့တွင် သူမနှင့် ရှဲ့ကျစ်ရှင်းသည် မနက်စာစားရမည့်နေရာသို့ ထွက်လာခဲ့သည်။
မိုယွီထျန်သည်လည်း မနက်စာစားသည့်နေရာ၏ ထောင့်တစ်နေရာတွင် ရှိနေခဲ့သည်။ သူရှိနေခြင်းကြောင့် ထိုနေရာတစ်ခုလုံး၏ လေထုမှာ မကြည်မလင် ဖြစ်နေခဲ့သည်။
ရှချန်းချန်းသည် သူမပုံမှန်စားနေကြမနက်စာအတိုင်း ကြက်ဥကြော်နှင့် ပေါင်မုန့်ကို ယူလာခဲ့ပြီး ရှဲ့ကျစ်ရှင်းအတွက်လည်း ကော်ဖီတစ်ခွက် ယူလာပေးခဲ့သည်။ သူတို့သည်လည်း မနက်စာစားနေသည့်တစ်လျှောက်လုံး ငြိမ်သက်နေခဲ့သည်။
မနက်စာစားပြီးနောက် ရှချန်းချန်းသည် အခန်းသို့ပြန်၍ CCTV ကင်မရာများကို ပြန်သွားကြည့်ချင်သော်လည်း မုန့်ရုယန်မှ သူ့အား ရုတ်တရက် ဆွဲခေါ်လိုက်လေသည်။
“မိုယွီထျန်က ဖြူစင်ပါတယ်”
မုန့်ရုယန်သည် ထိုစကားကို ဦးစွာပြောလိုက်၏။
ရှချန်းချန်း၏ မျက်ခုံးများမှာ ပင့်တက်လာခဲ့ပြီး သူမ၏စိတ်ထဲတွင်တက်ကြွလာကာ မျက်လုံးများသည်လည်း တောက်ပလာခဲ့သည်။
“နင် ဘယ်လိုသိတာလဲ”
မုန့်ရုယန်သည် ဘေးပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီး အထူးသဖြင့် ထိုမနက်စာစားသည့်နေရာတွင် ကော်ဖီသောက်ကာ emailများကိုပြန်ဖြေနေသည့် ရှဲ့ကျစ်ရှင်းကို သတိထား၍ ပြောလာခဲ့သည်။
“ဘာလို့လဲဆိုတော့ မနေ့ညက… ငါနဲ့မိုယွီထျန်နဲ့ အတူတူရှိနေခဲ့တာ” ဟု သူမသည် အသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည်။
ရှချန်းချန်းမှာ မှင်သက်သွားခဲ့သည်။
အရင်တုန်းက မိုယွီထျန်ကြောင့် မုန့်ရုယန်က “Niuhulu Strategy” မှာ ပါဖို့ ငြင်းခဲ့တာမဟုတ်ဘူးလား ဘာလို့ သူတို့က အတူတူရှိနေရတာလဲ။
“နင်လည်း ဒီလောကထဲမှာ တစ်ဝက်လောက်ပါဝင်နေတဲ့သူပါပဲ၊ ဒီအနုပညာလောကမှ အလုပ်အပေါ်ကြိုးစားအားထုတ်မှုတွေကို မှီခိုနေရတယ်ဆိုတာကို နင်လည်းသိသင့်တယ်၊ တကယ်လို့ နင်ကြိုးစားမှုက်ို ထုတ်မပြနိုင်ရင် ဇာတ်ကားတွေရိုက်နေလည်း အလကားပဲ ပြီးတော့ အခုနောက်ပိုင်း ရေဒီယ်ိုနဲ့ တီဗီဇာတ်လမ်းတွဲတွေရဲ့ ဆင်ဆာစည်းကမ်းတွေက အရမ်းတင်ကြပ်လာပြီ၊ တကယ်လို့ ဇာတ်ကားထဲမှာ နာမည်ပျက်ရှိတဲ့ မင်းသားတစ်ယောက်ပါလာရင် ဒါမှမဟုတ် ဖြတ်လျှောက်တစ်ယောက် ပါလာရင်တောင်မှပဲ သူတို့က သေချာပေါက်ဖျက်ပြစ်မှာပဲ၊ တစ်ခြားနည်းနဲ့ပြောရမယ်ဆိုရင် ဆင်ဆာမအောင်တော့ဘူး လူတိုင်းက မိုယွီထျန်ကို မကြိုက်ကြဘူး၊ သူရဲ့ မကောင်းတဲ့ကိစ္စတွေကို ပြန်ဖော်ထုတ်ပြီး သူတို့ရဲ့ ကြိုးစားမှုတွေ သဲထဲရေသွန်ဖြစ်သွားမှာ စိုးရိမ်နေကြတာ” ဟု မုန့်ရုယန်မှ သက်ပြင်းချကာပြောလာခဲ့သည်။
“မနေ့ညက ရီကျစ်ခိုင်နဲ့တွေ့ဖို့အတွက် သူ့ရဲ့အခန်းကို သွားဖ်ို့လုပ်နေတုန်း မိုယွီထျန်က ရုတ်တရက် ငါ့ဆီ လာခဲ့တာ ငါအရင်က ပါဝင်ဖို့ ငြင်းလိုက်လို့ စာရင်းရှင်းချင်နေတယ်လ်ို့ ထင်နေခဲ့တာ၊ ငါအရမ်း အံ့ဩသွားခဲ့တာ ဒါပေမဲ့ သူက ငါ့ကို ဒါလာပေးမယ်သို့ မထင်ထားခဲ့ဘူး”
မုန့်ရုယန်သည် သူမ၏လက်ကို ဖြန့်လိုက်သည့်အခါ၌ သူမ၏လက်ထဲတွင် ငရုတ်ကောင်း spray တစ်ဘူးရှိနေခဲ့သည်။
“ရီကျစ်ခိုင်က ငါ့ကိုအနိုင်ကျင့်ရင် သူကူပြီး ရိုက်ပေးမယ်လို့ပြောသေးတယ်”
မုန့်ရုယန်၏ မျက်လုံးများမှာနီလာခဲ့ပြီး ရယ်လ်ိုက်လေသည်။
“ငါက သူ့ကို မကောင်းတဲ့သူ၊ အဖွဲ့သားတွေကို အန္တရာယ်ဖြစ်စေမည့်သူလို့ထင်ပြီး ငါ့ကိုတောင် လာပြီး ခြိမ်းခြောက်မယ်လို့တောင်ထင်နေတာ၊ ဒါပေမဲ့ သူက ငါ့ကို တကယ်တမ်း ဂရုစိုက်ဖို့လာခဲ့မယ်လို့ မထင်ခဲ့ဘူး”
ရှချန်းချန်း: “ဒါဆိုရင် လက်ကောက်ဝတ်ပေါ်က အကြောင်းအရင်းအမှန်တွေကို ပြောလိုက်ပြီလား”
မုန့်ရုယန်မှာ ခေါင်းငြိမ့်လိုက်လေသည်။
“ငါ သူ့ကိုထပ်ပြီး မလိမ်ချင်တော့ဘူး”
ယခင်ညတွင် မိုယွီထျန်သည် သူမထံလာသည့်အချိန်၌ သူ၏မျက်နှာမှာ မကြည်မလင်ဖြစ်နေသည်ကို မုန့်ရုယန်မှတ်မိနေသေးသည်။
သို့သော်လည်း သူသည် အမှန်တရားကို သိသွားပြီးနောက် ခဏတာမှင်သက်သွားခဲ့ပြီး အချိန်အနည်းငယ်ကြာသည့်အခါ၌ သူ၏ မကြည်မလင်ဖြစ်နေသည့် မျက်နှာပေါ်တွင် ကလေးဆန်သည့် အပြုံးတစ်ခုပေါ်လာခဲ့သည်။
“ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော်သူများရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်မိသွားပြီ” ဟု မိုယွီထျန်မှ ပြောလာခဲ့သည်။
ထို့အချိန်တွင် မိုယွီထျန်မှာ အသက်နှစ်ဆယ်အရွယ်ကောင်လေးတစ်ယောက်ဖြစ်ကြောင်း ရုတ်တရက် နားလည်သွားခဲ့သည်။
သူ့အဖေရဲ့ ပြစ်မှုတွေက သူနဲ့ ဘယ်လိုပတ်သတ်နိုင်မှာလဲ။
သို့သော် သူ့အဖေ၏ မကောင်းမှုအရာများကြောင့် အပြောအဆိုခံခဲ့ရပြီး ရုပ်ရှင်အဖွဲ့သားများ၏ သံသယဝင်ခြင်းကိုခံရသည့်အပြင် အင်တာနက်သုံးစွဲသူများ၏ အပုတ်ချခြင်းကို ခံခဲ့ရသည်။
“မနေ့ညက သူ့အတွက် ရှင်းပြပေးဖို့ အခွင့်အရေးရှိခဲ့တယ်” ဟု မုန့်ရုယန်မှ အပြစ်ရှိသည့် ပုံစံဖြင့် ပြောလာခဲ့သည်။
“ဒါပေမဲ့ ငါ မပြောရဲခဲ့ဘူး၊ တကယ်လို့ငါပြောလိုက်ရင် ငါ့ရဲ့အကြောင်းတွေအကုန်ပေါ်သွားမှာကို ကြောက်နေတာ၊ တကယ်လို့ အဲဒါတွေအကုန်ပေါ်သွားခဲ့ရင် နောင်အနာဂတ်မှာ ပရိတ်သတ်တွေက ငါ့ကို ဘယ်လိုထင်ကြတော့မလဲ”
မုန့်ရုယန်၏ အသံမှာ ငိုသံလေးဖြစ်နေခဲ့ပြီး မျက်ရည်များလည်းဝဲနေလေသည်။
“ရှရှ ငါ မကောင်းသလိုဖြစ်သွားလား၊ သူက ငါ့ကို စိတ်ရင်းနဲ့ ကူညီဖို့လာခဲ့ပေမဲ့ ငါက တစ်ကိုယ်ကောင်းဆန်ပြီး သူ့အတွက် မရှင်းပြပေးနိုင်ခဲ့ဘူး…”
ရှချန်းချန်းသည် ငြိမ်သက်သွားခဲ့ပြီး emailများကို ပြန်ဖြေနေသည့် ရှဲ့ကျစ်ရှင်းဘက်သို့ မနေနိုင်ဘဲ လှည့်ကြည့်မိလိုက်သည်။
မုန့်ရုယန်က အဲလိုအရာလေးအတွက် အပြစ်ရှိတယ်လို့ ခံစားနေရတယ်ဆိုရင် သူကကျရော။
“ယန်ယန် အခု အဲဒါတွေ တွေးရမည့် အချိန်မဟုတ်တော့ဘူး”
ရှချန်းချန်းသည် ခဏတာ တွေးတောပြီးနောက် သူမ၏ မျက်လုံးများမှာ ထပ်၍ တည်ငြိမ်လာခဲ့သည်။ အပြစ်ရှိသလိုခံစားနေရခြင်းနှင့် ငိုနေခြင်းမှာ သူမ၏ ပုံစံမဟုတ်ပေ။ ဖြေရှင်းရမည့် နည်းလမ်းများကို ရှာဖွေသည်မှာ သူမ၏ပုံမှန်ချဉ်းကပ်မှုပင် ဖြစ်၏။
“အရိုးသားဆုံးပြောရရင် မနေ့ညက ရှဲ့ကျစ်ရှင်း တစ်ယောက်တည်းမဟုတ်ဘူး၊ သူက ငါနဲ့အတူ တစ်ချိန်လုံးရှိနေတာ ဒါဆိုရင် စော်ကားဖို့ကျူးလွန်တဲ့သူက ဒီသံသယရှိနေတဲ့ နှစ်ယောက််မဟုတ်ဘူးဆိုရင် တကယ့် လူယုတ်မာ အစစ်က ဘယ်သူလဲ”
“ဖြစ်နိုင်တာက… တတိယလူရှိနေတာလား”
မုန့်ရုယန်မှာ အဖြေရှာမရဖြစ်သွားခဲ့သည်။
“ဒါပေမဲ့ အပြင်ထွက်တဲ့သူတွေရဲ့ သက်သေအထောက်အထားတွေက ရှင်းရှင်းလင်းလင်းရှ်ိနေတာပဲလေ၊ ဒါမှမဟုတ် တစ်ယောက်ယောက်က ငါတို့မသိအောင် ဒီဟိုတယ်မှာ ပုန်းနေတာများလား”