အခန်း (၅၇)
Vol. 6 Ch. 57
ကျန်းချန်မြို့ရှိ ဟိုတယ်တစ်ခု၏ အပြင်ဘက်တွင် ပစ္စည်းပို့ဆောင်သည့် ဆိုင်ကယ်တစ်စီး ရပ်ထားလေ၏။
ထန်ဝေ့လော့သည် အဝါရောင် ပစ္စည်းပို့သည့် ယူနီဖောင်းအား ဝတ်ဆင်ထားကာ ဆံပင်ရှည်များသည် သူ၏ ချောမောလှပသည့် မျက်နှာပေါ်သို့ ကျဆင်းနေသဖြင့် တစ်မျိူးဖြစ်နေပြီး ညှိုးငယ်နေသည့် ပုံစံပေါက်နေသည်။
သူသည် ဟိုတယ်ဝင်ပေါက်၌ အချိန် ကြာမြင့်စွာ ရပ်နေခဲ့ပြီး ဝင်ရန် သင့်၊ မသင့် အသေအချာ မသိပေ။
ရုတ်တရက်ဆိုသလို ကလေးမလေးတစ်ယောက် သူ့အား ပြေး၍ ကျော်သွားစဉ် “ဘုန်း” ခနဲ အသံဖြင့် မြေပြင်ပေါ်သို့ ချော်လဲကျသွားပေသည်။
ထန်ဝေ့လော့သည် ကလေးမလေးအား ထူပေးရန် ရှေ့သို့တိုးလိုက်သည်။
“ကလေးလေး၊ အဆင်ပြေရဲ့လား”
ကလေးမလေးသည် အော်ဟစ်ငိုယိုလာလေ၏။
“ဝူးဝူးဝူး… သမီး ခြေထောက်က နာတယ်၊ နာတယ် သမီး ရင်ဘတ်ထဲက နာတယ်”
ထန်ဝေ့လော့သည် ကလေးမလေး၏ ဒူးခေါင်းရှိ ပွန်းပဲ့ဒဏ်ရာတစ်ခုကို သတိပြုမိသွားသည်၊၊ သွေးများ ထွက်နေခဲ့ကာ သူမ၏ ခြေသလုံးဖြူဖြူနုနုလေးပေါ်တွင် ထိုမြင်ကွင်းသည် ထိတ်လန့်စရာပင် ဖြစ်နေသည်။
သူသည် သူ၏ အိတ်ကပ်ထဲမှ ပလာစတာတစ်ခုကို ထုတ်လိုက်သည်။
“ဦးဦး သွေးတိတ်အောင် လုပ်ပေးမယ်နော် ခဏနေကျရင် မနာတော့ဘူး”
ထန်ဝေ့လော့သည် ကိုယ်ကို ကိုင်းညွတ်ကာ ကလေးမလေး၏ ဒူးပေါ်ရှိ ဒဏ်ရာအား လေမှုတ်ပေးလိုက်သည်။ထို့နောက် ပလာစတာကို ဂရုတစိုက်ကပ်ပေးလေသည်။
ကလေးမလေးသည် အပူတပြင်း ငိုယိုနေဆဲ ဖြစ်သော်လည်း သူမသည် ထန်ဝေ့လျောင်၏ ဆံပင်ရှည်များအောက်မှ နက်မှောင်သည့် မျက်လုံးများကို သတိပြုမိသွားသည်။ ကလေးမလေး၏ နူးညံ့သည့် နှာခေါင်းလေးမှာ တွန့်ချိုးသွားပြီး သူမ၏ အကြည့်သည် ထန်ဝေ့လော့ထံသို့ ချက်ချင်း ရောက်ရှိသွား၏။
“ကော..ကောက အရမ်းချောတာပဲ”
ထန်ဝေ့လော့သည် ပလာစတာကပ်နေခြင်းအား ရပ်တန့်လိုက်သည်။
ထိုစကားအား တစ်စုံတစ်ယောက်ထံမှ သူ မကြားရသည်မှာ အတော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သူ၏ ရက်စက်ယုတ်မာသည့် မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“မင်းလည်း အရမ်းချောတာပဲ”
သူသည် ကလေးမလေးအား ထူပေးမည့်အချိန်၌ အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးက ရုတ်တရက် ပြေးထွက်လာကာ ကလေးမလေးအား ပွေ့ဖက်လိုက်သည်။
“မင်း ဘယ်သူလဲ ဘာကိစ္စ ငါ့သမီးကို ကိုင်ထားတာလဲ”
ထိုအမျိုးသမီးသည် ထန်ဝေ့လျောင်အား စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် သတိထားခြင်းများဖြင့် ပြည့်နှက်နေလေသည်။
ထန်ဝေ့လော့မူ တိတ်ဆိတ်နေခဲ့သည်။ ဤသို့သော ရွံရှာစက်ဆုပ်သည့် အကြည့်မျိုးအား အသားကျနေခဲ့ခြင်းဖြစ်သည်။
ကလေးမလေးသည် သူမ မိခင်၏ စကတ်ကို မဝံ့မရဲ ဆွဲလိုက်သည်။
“မားမား ဒီကောကောက လူကောင်းပါ၊ သူက ရှင်းရှင်းကို ကူညီပေးရုံပါပဲ”
ကလေးမလေးသည် ပလာစတာကပ်ထားသော သူမ၏ ဒူးခေါင်းအား လက်ညှိုးထိုး၍ ပြောလိုက်သည်။
သို့သော် အမျိုးသမီး၏ မျက်နှာထားမှာ သတိထားနေဆဲ ဖြစ်ပြီး သူမသည် ကလေးမလေးကို ပို၍ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။
“ဘယ်သူက ဒီလောက် ကြင်နာမှာလဲ သူတို့မှာ တခြားရည်ရွယ်ချက်တွေ ရှိကိုရှိရမယ်၊ နောက်တစ်ခါဆို သတိထား”
ထန်ဝေ့လော့သည် သူ၏ ပစ္စည်းပို့ဆောင်သည့် ဦးထုပ်ကို တိတ်ဆိတ်စွာ ဆောင်းလိုက်ပြီး ရှင်းပြခြင်းမရှိဘဲ ထွက်ခွာရန် လှည့်လိုက်သည်။
ထိုအချိန်၌ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးသည် ဟိုတယ်ထဲမှ ထွက်လာကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ထန်ဝေ့လော့နှင့် အငြင်းပွားနေသည်ကို မြင်သည့်အခါ သူမ၏ မျက်လုံးများ တောက်ပသွားပြီး လျင်မြန်စွာ ချဉ်းကပ်လာလေသည်။
“ထန်ဝေ့လျောင် မင်း ရောက်လာပြီပဲ”
ထို သက်လတ်ပိုင်း အမျိုးသမီးသည် ထန်ဝေ့လော့ထံသို့ ချဉ်းကပ်လာ၏။
သူမသည် ထန်ဝေ့လော့ကို မြင်လိုက်သည်နှင့် သူ၏ ရှေ့တွင်ရှိနေသော သားအမိကိုလည်း သတိပြုမိပြီး အံ့ဩနေသည့် အမူအရာတစ်ခု သူမ၏ မျက်နှာပေါ်တွင် ပေါ်ထွက်လာလေသည်။
“ဝမ်ဖန်း မင်းနဲ့ ရှင်းရှင်းလည်း ဒီမှာ ရှိနေတာလား ဒီနေ့က အဘိုးရဲ့ မွေးနေ့ပဲ၊ မင်းတို့ အပေါ်ကိုတက်ပြီး အဘိုးကို သွားနှုတ်ဆက်ပါဦးလား”
ဝမ်ဖန်း အမည်ရှိ အမျိုးသမီးသည် ထန်ဝေ့လော့နှင့် သူ၏ မိခင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
“အန်တီ၊ ဒီတစ်ယောက်က အန်တီဝမ်းကွဲလား”
ထန်၏ မိခင်က ခေါင်းငြိမ့်ပြလိုက်သည်။
“မင်းနဲ့ ထန်ရွှီ လက်ထပ်တုန်းက ရှောင်လော့က ဟန်နိုင်ငံမှာ သင်တန်းဆင်းဆိုတော့ မင်းတို့ မတွေ့ဖူးကြသေးတာ၊ ရှောင်လော့ ဒါက မင်းရဲ့ မရီး ဝမ်ဖန်းပါ၊ ဝမ်ဖန်း ဒါက အန်တီ့သား ထန်ဝေ့လော့”
ဝမ်ဖန်းသည် ထန်ဝေ့လော့အား ခေါင်းအစခြေအဆုံး ကြည့်လိုက်သည်။ သူမ၏ သတိထားနေသော မျက်နှာပေါ်တွင် ဝမ်းသာအားရ ပြုံးနေသော အရိပ်အယောင်တစ်ခု ရှိနေချေ၏။
“ထန်ရှုက မင်းပုံတွေကို ပြတုန်းက မင်းကို လူကိုယ်တိုင်တွေ့ရင်လည်း ချောမှာပဲလို့ ထင်ခဲ့တာ ဒါပေမဲ့ သူက ဒီလိုပုံပေါက်နေတာကိုး၊ လူတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တယ်ဆိုတာလည်း အံ့သြစရာ မကောင်းလှပါဘူး”
ထန်ဝေ့လော့နှင့် သူ၏ မိခင်၏ မျက်နှာများသည် ချက်ချင်းဆိုသလို အရှက်ရသွားပေသည်။
ကလေးမလေး ထန်ရှင်းသည် သူမ၏ မိခင်အား ပွေ့ဖက်ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။
“မားမား၊ မားမားက ကောကောရဲ့ မျက်နှာကို မမြင်ဖူးသေးလို့ပါ၊ သူက တကယ်ချောတာ”
ဝမ်ဖန်းသည် အလွန် စိတ်မကောင်းဖြစ်စွာဖြင့် မေးလေသည်။
“သမီးလေး၊ သမီးလေး ဘာကို သိတာလဲ”
ထို့နောက် သူမသည် အသံကို တိုးညှင်းစွာဖြင့်
“ဒီလူက သမီးရဲ့ ဦးလေးဖြစ်ကောင်းဖြစ်လိမ့်မယ်၊ ဒါပေမဲ့ သူက လူကောင်းတစ်ယောက်မဟုတ်ဘူး ဒီနေ့ကစပြီး သူနဲ့ ဝေးဝေးနေ၊ ကြားလား”
ထန်ရှင်းသည် မည်သည်ကိုမှ နားမလည်ပေ။
သို့သော် သူမ မိခင်၏ ညွှန်ကြားချက်မှုကြောင့် သူမသည် ခေါင်းရှုပ်စွာဖြင့် ခေါင်းသာငြိမ့်နိုင်သည်။
ထို့နောက် ဝမ်ဖန်းသည် ထန်မားမားနှင့် ထန်ဝေ့လော့တို့အား ဟန်ဆောင်အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်၏။
“အန်တီ၊ အဘိုးက အပေါ်ထပ်မှာ စိတ်ပူပူနဲ့ စောင့်နေလိမ့်မယ်၊ ကျွန်မ ရှင်းရှင်းကို အပေါ်ထပ်ကိုအရင် ခေါ်သွားလိုက်မယ်နော်”
ဝမ်ဖန်းသည် ထန်ရှင်းကို ခေါ်သွားခဲ့သည်။
ဝမ်ဖန်း ထွက်သွားသည့်အခါမှသာ ထန်မားမား၏ တင်းမာသော အမူအရာသည် အနည်းငယ် လျော့ကျသွားသည်။ ထန်မားမားက သက်ပြင်းချကာ ထန်ဝေ့လော့၏ လက်အား ပွတ်သပ်လိုက်သည်။
“ရှောင်ော့ မင်းရဲ့ မရီးက အဲလိုပဲလေ၊ သူက သူ့စိတ်ထဲရှိတာကိုဘဲ ပြောတတ်တာ စိတ်ထဲမထားနဲ့၊ သား အိမ်မှာ မနေတာ ကြာသွားတော့ လူတိုင်းက သားကို သတိရနေကြတာ၊ ဒီနေ့က အဘိုး မွေးနေ့ပဲ မားတို့ အတူတူ မိသားစုပြန်ဆုံကြတာကို ကောင်းကောင်း လုပ်နိုင်တာပေါ့”
ထန်ဝေ့လော့က ခေတ္တ ရပ်တန့်လိုက်ပြီးနောက် သူ့မိခင်၏ လက်အား သူ၏ လက်ထဲမှ အေးဆေးစွာ ဖယ်လိုက်ကာ ပစ္စည်းပို့ဆောင်သည့်ပုံးထဲမှ လည်ပင်းနှိပ်စက်တစ်ခုကို ထုတ်လိုက်သည်။
“မား၊ ဒါက အဘိုးအတွက် လက်ဆောင်ပါ ကျွန်တော် အပေါ်ကို မတက်တော့ဘူး၊ မားပဲ သူ့ကို ကျွန်တော့်အစား ပေးလိုက်ပါ”
“ဘယ်လိုလုပ် အပေါ်ထပ်ကို မတက်လို့ရမှာလဲ”
ထန်မားမားသည် စိုးရိမ်တကြီးနှင့်
“မားတို့ အားလုံးက မိသားစုပဲ၊ သားအဘိုးလည်း သားကို သတိရနေတာ သူလည်း အသက်ခုနစ်ဆယ်ရှိပြီ၊ သား သူ့ကို ဘယ်တော့မှ ထပ်မတွေ့ချင်တော့ဘူးလား”
ထန်ဝေ့လော့က ဝန်လေးနေခဲ့သည်။ အဘိုးထန်မူ သူ့အား တကယ်ပင် ချစ်သည်။ မဟုတ်လျှင် သူသည် အပေါ်ထပ်ကို တက်သင့်၊ မတက်သင့် ဟိုတယ်အပြင်ဖက်၌ ဝေခွဲရခက်နေမည်မဟုတ်ချေ။
ထန်ဝေ့လော့တစ်ယောက် ရုန်းကန်နေရသည်ကို မြင်သည့်အခါ ထန်မားမားသည် သူ့အတွက် ချက်ချင်း ဆုံးဖြတ်ချက်ချပေးလိုက်သည်။
“အပေါ်ထပ်ကို တက်လိုက်ရုံပဲ အဘိုးကို မွေးနေ့ဆုတောင်းစကား ပြောပေးရင် ကောင်းတာပေါ့၊ မားတို့က မိသားစုပဲ ဘာလို့ ဒီလောက်တောင် သူစိမ်းဆန်နေရမှာလဲ”
ထိုသို့ပြောလိုက်ပြီးနောက် သူမသည် ထန်ဝေ့လော့ထံမှ လည်ပင်းနှိပ်စက်ကိုယူကာ ပစ္စည်းပို့ဆောင်သည့်ပုံး၏ အဖုံးကို ပိတ်လိုက်သည်။
ရုတ်တရက်ဆိုသလို ပုံးထဲတွင် ပစ္စည်းပို့ဆောင်ရမည့် ပါဆယ်အိတ်နှစ်အိတ် ကျန်နေသေးသည်ကို သူမ သတိပြုလိုက်မိသည်။ အချိန်ကိုကြည့်လိုက်ရာ တစ်နာရီကျော်ကျော် နောက်ကျနေလေပြီ။
“နောက်ထပ် အော်ဒါ ငွေပြန်အမ်းရတာလား”
ထန်ဝေ့လော့သည် ပုံးကို အလျင်အမြန် ပိတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
“ကိစ္စမရှိပါဘူး၊ ကျွန်တော် ညစာအတွက် ပြန်ယူသွားလို့ရတယ်၊ မားက ကျွန်တော် အစားသေချာမစားလို့ အမြဲတမ်း ပွစိပွစိလုပ်နေတာ မဟုတ်ဘူးလား၊ ဒီတစ်ခေါက် ကျွန်တော် ပိုစားလို့ရပြီလေ”
ထန်မားမားသည် ပစ္စည်းသယ်ဆောင်သည့်ပုံးအား စိုက်ကြည့်နေဆဲဖြစ်ပြီး သူမ၏ မျက်လုံးများမှာ အနည်းငယ် နီရဲနေခဲ့သည်။ သူမသည် လှည့်၍ စိတ်နှလုံးပူဆွေးမှုကြောင့် မျက်ရည်တစ်စက်ကို သုတ်လိုက်၏။
ထန်ဝေ့လော့သည် စကားလမ်းကြောင်းကို အလျင်အမြန် ပြောင်းလိုက်သည်။
“မားမားက အဘိုး မွေးနေ့ ကျင်းပဖို့ သွားမယ်လို့ ပြောလိုက်တာမလား အပေါ်တက်ကြရအောင်”
ထန်ဝေ့လော့သည် ထန်မားမားအား နှစ်သိမ့်၍ သူတို့နှစ်ဦးအတူတကွ ဟိုတယ်အခန်းထဲသို့ ဝင်သွားကြသည်။
ယနေ့မှာ ထန်ဝေ့လော့ အဘိုး၏ အသက်ခုနစ်ဆယ်နှစ်ပြည့် မွေးနေ့ဖြစ်ပြီး ငယ်ရွယ်သည့် မိသားစုဝင်အားလုံးသည် မွေးနေ့ပွဲ ကျင်းပရန် တက်ရောက်လာကြသည်။
မူလက ဆူညံနေသော မွေးနေ့ပွဲသည် ထန်ဝေ့လော့ ဝင်ရောက်လာသည့်အချိန်၌ ရုတ်တရက် တိတ်ဆိတ်သွားလေ၏။
ဝမ်ဖန်းနှင့်အတူ ထန်ရှင်းအား စနောက်နေသော ထန်ရှုသည် ထန်ဝေ့လော့ ရောက်လာသည်ကို မြင်သည့်အခါ သရော်လိုက်သည်။
“အိုး၊ ထိပ်တန်း ကြယ်တစ်ပွင့်တစ်ယောက်က ဒီကို ဘယ်လို ရောက်လာတာတုန်း၊ ထိပ်တန်းကြယ်ပွင့်တွေက ငါတို့လုပ်တဲ့ စုဝေးပွဲလေးတွေကို တက်ဖို့ စိတ်မဝင်စားကြဘူးလားလို့”
ထန်ဝေ့လော့ မော့ကြည့်လိုက်ရာ လှောင်ပြောင်ပြောဆိုနေသူသည် သူ့ ဝမ်းကွဲ ထန်ရှုဖြစ်သည်ကို တွေ့လိုက်ရသည်။
“သူက ပစ္စည်းပို့တဲ့ ယူနီဖောင်းကိုတောင် ဝတ်ထားသေးတယ်”
ဝမ်ဖန်းက ထပ်ပြောလိုက်သည်။
“ဘာလို့ သေချာလေး ဝတ်စားပြီး ပွဲမတက်တာလဲ၊ အဘိုး မြေးက ပစ္စည်းပို့သမားဖြစ်နေတာကို တခြားသူတွေ မြင်ရင် သိပ်ရှက်ဖို့ကောင်းတာပဲ”
အဘိုးထန်၏ မျက်နှာသည် ထိုလှောင်ပြောင်မှုကြောင့် အနည်းငယ် မည်းမှောင်သွားသည်။ သို့သော် ထန်ဝေ့လော့အား ကြည့်လိုက်သည့်အခါ သူ၏ ကြင်နာသော အပြုံးမှာ ပြန်၍ပေါ်လွင်လာသည်။
“ထန်ဝေ့လော့ မြေးလေး ပြန်လာပြီ၊ မင်း အဘိုးကို လာမတွေ့တာ ကြာလှပြီ၊ မင်း ဘာဝတ်လာလာ အရေးမကြီးဘူး အဘိုးရဲ့ မွေးနေ့ပွဲကို လာတာနဲ့တင် မင်းက မြေးလိမ္မာလေးပဲ”
ထန်ဝေ့လော့သည် လည်ပင်းနှိပ်စက်အား အဘိုးထန်ကို ပေးလိုက်သည်။
“အဘိုး၊ ဒါက သား အဘိုးအတွက် ဝယ်လာတဲ့ လက်ဆောင်ပါ”
အဘိုးထန်သည် နှိပ်စက်ကိုယူပြီး ထန်ဝေ့လျောင်၏ လက်အား ပွတ်သပ်လိုက်သည်။
“အိုး၊ မြေးလေး လာနိုင်တာကိုပဲ အဘိုးက အရမ်းပျော်နေပါပြီ၊ ဘာကိစ္စ လက်ဆောင်ပေးရတာလဲ”
ထန်မားမားက ပြုံးလိုက်သည်။
“ကျွန်မတို့အားလုံးက လူငယ်တွေပါ၊ လက်ဆောင် သေးသေးလေးပါပဲ”
အဘိုးထန်သည် လည်ပင်းနှိပ်စက်ကို ပျော်ရွှင်စွာ လက်ခံလိုက်ပြီးနောက် ထန်ဝေ့လျောင်အား သူ၏ ဘေးသို့ ဆွဲခေါ်ကာ တိုးဖွစွာပြောလိုက်သည်။
“မြေးလေး ဝေ့လော့၊ အဲဖျော်ဖြေရေးကုမ္ပဏီ ကိစ္စကြောင့် မင်း အကြွေးတွေ အများကြီး ရှိနေတယ်ဆိုတာ အဘိုး သိတယ် စိတ်မပူနဲ့၊ အိမ်ဟောင်းကို ဖျက်လိုက်တော့ အဘိုးတို့မိသားစု သိန်းချီပြီးရတယ် မွေးနေ့ပွဲပြီးရင် အဘိုးဆီလာယူလိုက်၊ အဘိုးတို့ အကြွေးတွေ အားလုံးကို ဆပ်လိုက်မယ် ပြီးရင် အနာဂတ်မှာ လူကောင်းဖြစ်အောင်နေကြတာပေါ့”
ထန်ဝေ့လော့က အံ့အားသင့်သွားသည်။ သူသည် အနားစများ စုတ်ပြဲနေသော အဝတ်အစားကို ဝတ်ဆင်ထားသည့် အဘိုးထန်အား ကြည့်လိုက်ကာ သူ၏ နှလုံးသားမှာ နူးညံ့သွားသည်။
“အဘိုး အဲဒါ အဘိုးရဲ့ ပင်စင်ငွေတွေလေ၊ ကျွန်တော် လျော်ကြေးတွေအတွက် နည်းလမ်းရှာပြီး ကိုယ့်ဘာသာ ကြည့်လိုက်ပါ့မယ်”
“အဘိုး စကားကို နားထောင်”
ထန်အဘိုးက အတင်းအကြပ် ပြောလေသည်။
“အဘိုးတို့က မိသားစုပဲ၊ ဘာကိစ္စ မင်းနဲ့ ငါအဖြစ် ခွဲခြားထားရမှာလဲ”
အနီးနားတွင် ရပ်နေသည့် ထန်ရှုနှင့် ဝမ်ဖန်းတို့သည် အဘိုးထန်၏ စကားကို ကြားသောအခါ သူတို့၏ မျက်နှာများမှာ ချက်ချင်းဆိုသလို အမူအရာ ပျက်လာကြသည်။
“အဘိုး၊ အိမ်ဟောင်းကို ဖျက်ဆီးတဲ့နေရာမှာ ကျွန်တော်တို့လည်း တာဝန်ရှိတယ် ဘာကိစ္စ ပိုက်ဆံအားလုံးကို ဒီကောင်လေး ထန်ဝေ့လော့ အကြွေးဆပ်ဖို့အတွက် သုံးရမှာလဲ”
ထန်ရှုက အော်ဟစ်လိုက်သည်။
“ပြီးတော့ ဒီကောင်လေးက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တဲ့သူ သူနဲ့ တန်တာ ဖြစ်နေတာပဲ”
ဝမ်ဖန်းက ဝင်ပြောသည်။
“ဟုတ်တယ် အဘိုး၊ ရှင်းရှင်းက သူငယ်တန်း တက်ရတော့မှာ သိပ်မကြာတော့ဘူး၊ ကျောင်းကောင်း တစ်ကျောင်းက တစ်လကို ယွမ် ၁၀,၀၀၀ လောက်ကျတယ် ကျွန်မတို့လည်း ပိုက်ဆံပြတ်လပ်နေတာ၊ ဒီလိုလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သူက မွေးနေ့ပွဲကို လာတာတောင် ကံကောင်းလို့ပဲ၊ ဒါတောင် မင်းက ပိုက်ဆံယူဖို့ စဉ်းစားနေသေးတာလား အိမ်မက်မက်မနေနဲ့”
အဘိုးထန်သည် ထန်ရှုနှင့် ဝမ်ဖန်းတို့၏ မေးခွန်းထုတ်မှုကြောင့် လုံးဝရှက်ရွံ့သွားသည်။ ထန်မားမားသည်လည်း ချက်ချင်း ဝင်ရောက်စွက်ဖက်လိုက်၏။
“ပါး အဲဖျက်ဆီးတဲ့ငွေက ပါးရဲ့ ပင်စင်ငွေပါ၊ ရှောင်လျောင်ကို ပါးပါး လုလုံလောက်လောက် ကူညီပေးပြီးပါပြီ၊ သမီးတို့ အဲပိုက်ဆံကို မလိုပါဘူး တကယ်မလိုပါဘူး”
အဘိုးထန်သည် အကူအညီမဲ့ကင်းစွာဖြင့် သက်ပြင်းချလိုက်သည်။
သို့သော် ထန်ရှုနှင့် ဝမ်ဖန်းတို့မူ ဆက်လက် ခေါင်းမာနေကြသည်။
“အဘိုးက မင်းတို့ကို ကူညီပြီးသားဆိုတာ ဘာကိုပြောချင်တာလဲ၊ အိုး ကျွန်တော် သိပြီ၊ အဘိုး ပြီးခဲ့တဲ့တစ်ခေါက်တုန်းက မြို့လယ်က အိမ်ကို ရောင်းလိုက်တယ်လို့ ပြောခဲ့တာ အဲဒါကို ထန်ဝေ့လော့ကို ပေးနေတာပေါ့လေ”
“သူက မင်းရဲ့ အစ်ကိုဝမ်းကွဲပါ”
အဘိုးထန်က ဒေါသတကြီးဖြင့် ပြောလေသည်။
“ပြီးတော့ ငါ့ကို သူဝယ်ပေးထားတဲ့အိမ်ကို ငါက ပြန်ပေးရုံပဲ၊ အဲဒါက ဘယ်လိုလုပ် အကူအညီလို့ခေါ်လို့ရမှာလဲ”
“အဲအိမ်မှာ ကျွန်တော်တို့လည်း ဝေစုပါတယ်လေ”
ထန်ရှုက ကန့်ကွက်သည်။
အဘိုးထန်က အမျက်ဒေါသဖြင့် ရယ်လိုက်သည်။
“မင်းပေးခဲ့တာဆိုလို့ ပရိဘောဂအစုံပဲရှိတယ်၊ ဒီလို ဒေါ်လာသန်းပေါင်းများစွာ တန်တဲ့အိမ်မှာ ဝေစုရှိတယ်လို့ ပြောထွက်တယ်ပေါ့၊ ရှောင်လော့ ငါ့ကို လက်ဆောင်ပေးတုန်းက မင်း လောင်းကစား လုပ်နေခဲ့တာလေ”
ထန်ရှုတစ်ယောက် မကျေမနပ်ဖြစ်နေဆဲပင်။
“ဘယ်လိုပဲဖြစ်ဖြစ်၊ အဘိုး တရားမျှတမှုကို လိုချင်ရင် ထန်ဝေ့လော့နဲ့ ကျွန်တော် အိမ်ကို ခွဲရမယ် အဘိုး မကျေနပ်ရင်–”
ထန်ရှုသည် ထန်ဝေ့လော့၏ အင်္ကျီကော်လံကို ဆွဲလိုက်သည်။
“ငါ မင်းဆီကနေ ပိုက်ဆံကို တိုက်ရိုက်တောင်းတော့မယ်၊ မင်း တစ်ယောက်တည်း အပိုင်သိမ်းနိုင်မယ်လို့ မထင်လိုက်နဲ့”
ထန်ဝေ့လော့သည် သူ၏ နှုတ်ခမ်းများကို စေ့လိုက်ပြီး တစ်ခွန်းမျှ မပြောပေ။ သို့သော် သူ၏ လက်နောက်ကျောဘက်တွင်ရှိသော သွေးကြောများမှာ ထောင်မတ်နေပြီး ကုလားထိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။
သူ့အား အံကြိတ်ပြီး တင်းခံနေသည်ကို မြင်သည့်အခါ ထန်ရှုက လှောင်ပြောလိုက်သည်။
“ဘာလဲ မင်းက ငါ့ကို ရိုက်ချင်သေးတာလား၊ ကဲ လာစမ်းပါ မင်း ရိုက်ရဲရင် ရိုက်ကြည့်လိုက်၊ ငါ ရဲကို ဖုန်းဆက်ပြီး မင်းတစ်သက်လုံး ထောင်ထဲမှာ နေရအောင် လုပ်ပေးမယ်!”
ရုတ်တရက် တံခါးမှ “ဒုန်း” ဟူသော အသံတစ်ခု ထွက်လာသည်။
လူတိုင်းသည် အသံလာရာသို့ လှည့်ကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံနှင့် နေကာမျက်မှန်တပ်ထားသော အမျိုးသားတစ်စုသည် အခန်းထဲသို့ ဝင်လာသည်ကို တွေ့လိုက်ရသည်။
ထန်ရှုနှင့် အခြားသူများက ထိတ်လန့်သွားပြီး ထိုမြင်ကွင်းကို သတိချပ်၍ ကြည့်နေကြသည်။
ထန်ဝေ့လော့သည်လည်း ရှုပ်ထွေးသွားပြီး ဤလူများတွင် မကောင်းသော ရည်ရွယ်ချက်များ ရှိနေသည်ဟု ခံစားလိုက်ရသည်။
ထန်ရှုက အော်ဟစ်ဆဲဆိုသည်။
“ထန်…ထန်ဝေ့လော့ ဒီလူတွေက မင်းဆီက အကြွေးလာတောင်းတာမလား၊ ငါ…ငါ ပြောထားမယ် ဒါက မင်း ကိစ္စ၊ ငါတို့ကို ဆွဲမထည့်နဲ့”
“ဟုတ်တယ်!”
ဝမ်ဖန်းသည် ထန်ရှင်းအား ပွေ့ဖက်၍ သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်နေသည့် အမူအရာတစ်ခု ပေါ်လာသည်။
“မင်း အိမ်တစ်လုံးကို မျိုချရုံနဲ့ မလုံလောက်သေးဘူးလား၊ အခု ငါတို့ကိုပါ ဒုက္ခပေးနေတာ”
ဦးဆောင်လာသည့် အမျိုးသားသည် ထန်မိသားစုအား တစ်ချက်ငဲ့ကြည့်လိုက်ပြီး ထန်ဝေ့လော့ထံသို့ တန်းတန်းမတ်မတ်လျှောက်သွားသည်။
ထိုလူက မျက်မှောင်ကြုတ်လိုက်သော်လည်း လေးစားစွာဖြင့် ပြောလိုက်၏။
“မစ္စတာ ထန်၊ အချိန်လည်း နောက်ကျနေပါပြီ မိသားစု စုဝေးပွဲထဲစိတ်ပါသေးလား”
ထိုအမျိုးသားသည် သူ၏ လက်ကောက်ဝတ်ရှိ အဖိုးမဖြတ်နိုင်သော Patel Phillip နာရီကို ကြည့်လိုက်သည်။
“Weibo ဂါလာပွဲက တစ်နာရီဆိုရင် စပါပြီ၊ ဘာလို့ ဒါကို ဝတ်ထားသေးတာလဲ”
ထန်ဝေ့လော့: “?”
ထန်မိသားစု: “…”
ထန်ဝေ့လော့သည် လုံးဝတွေဝေသွားခဲ့ပြီး အခြေအနေကြောင့် စိတ်ရှုပ်ထွေးနေခဲ့သည်။
သို့သော် ထိုအမျိုးသားက လက်ဝှေ့ယမ်းလိုက်ပြီး အနက်ရောင်ဝတ်စုံနှင့် အမျိုးသားအချို့သည် သပ်ရပ်စွာ ခေါက်ထားသော ဇိမ်ခံဝတ်စုံနှစ်စုံနှင့်အတူ ရောက်ရှိလာကြသည်။
ထိုအမျိုးသားက အေးစက်စွာ အမိန့်ပေးလိုက်သည်။
“မစ္စတာထန်အတွက် ညနေခင်းဝတ်စုံကို ဆယ်မိနစ်အတွင်း ဖန်တီးလိုက်”
“ဟုတ်ကဲ့ပါ”
ထန်ဝေ့လော့တစ်ယောက် မငြင်းဆန်နိုင်မှီပင် သူ၏ စတိုင်ချပေးသည့်အဖွဲ့သည် ယာယီမိတ်ကပ်ခန်းတစ်ခုကို အလျင်အမြန် ပြင်ဆင်လိုက်ကြပြီး ထန်ဝေ့လော့၏ ပုံစံကို ဖန်တီးရန် စုဝေးလိုက်ကြသည်။ သူတို့၏ လှုပ်ရှားမှုများသည် ကောင်းစွာ လေ့ကျင့်ထားပုံရပြီး များစွာသော လူများ တစ်ပြိုင်နက်တည်း လုပ်ကိုင်နေသော်လည်း သူတို့၏ လှုပ်ရှားမှုများသည် ချောမွေ့စွာ လှုပ်ရှားနေကြကာ ရှုပ်ယှက်ခက်နေခြင်းများ လုံးဝမရှိမနေပေ။ ထန်မိသားစုဝင်များသည် ပါးစပ်အဟောင်းသားနှင့် ထိတ်လန့်တုန်လှုပ်စွာ ရပ်နေကြသည်။
ထိုမြင်ကွင်းသည် အလွန်လျင်မြန်ပြီး ပီပြင်စွာ ထွက်ပေါ်လာသောကြောင့် တီဗီဒရမ်မာ၏ ရိုက်ကူးမှု နောက်ကွယ်မှ ဖက်ရှင်ရိုက်ကူးရေးကို ကြည့်နေရသကဲ့သို့ ခံစားရသည်။
အနက်ရောင်ဝတ်ထားသော မိတ်ကပ်ပညာရှင်များသည် ထူးခြားနေခြင်းမရှိသော်လည်း သာမန်အရာများကိုပင် မှော်ဆန်သောအရာများအဖြစ် ပြောင်းလဲနိုင်သည့် လက်များကို ပိုင်ဆိုင်ထားကြသည်။ ထိုသူတို့၏ ကျွမ်းကျင်သော လက်များအောက်တွင် တစ်ချိန်က မသပ်မရပ်နှင့် ပရမ်းပတာဖြစ်ခဲ့သော ထန်ဝေ့လော့သည် တဖြည်းဖြည်းချင်းဖြင့် ထိပ်တန်းအိုင်ဒေါတစ်ဦး၏ အငွေ့အသက်ကို ပေါ်လွင်လာခဲ့သည်။ အထူးသဖြင့် သူ၏ စေ့စပ်သေချာစွာ ထုဆစ်ထားည့် ချောမောခန့်ညားသည့် အသွင်အပြင်များက အလွန်ပင် ဆွဲဆောင်မှု ရှိနေခဲ့သည်။
ထိုအမျိုးသားသည် မိတ်ကပ်ပညာရှင်များ၏ ကျွမ်းကျင်မှုကြောင့် သာယာကြည်နူးမိသွားသည်။ ထန်မိသားစုဝင်များ တွေဝေနေဆဲဖြစ်နေသည်ကို မြင်သည့်အခါ သူသည် အဘိုးထန်ထံသို့ အသာအယာ ချဉ်းကပ်သွားပြီး သူ၏
လုပ်ငန်းလိပ်စာကတ်ပြားကို ကမ်းပေးလိုက်သည်။
“မစ္စတာ ထန်၊ မစ္စ ထန်၊ ကျွန်တော်ကိုယ် ကျွန်တော် မိတ်ဆက်ပေးဖို့ မေ့သွားတယ်၊ ကျွန်တော်က မစ္စတာ ထန်ဝေ့လော့ရဲ့ ကိုယ်စားလှယ် ဟုန့်ပေါ်ချောင်လို့ ခေါ်ပါတယ်”
အဘိုးထန်သည် လုပ်ငန်းလိပ်စာကတ်ပြားကို ကြောင်တောင်တောင်ဖြင့် ယူလိုက်သည်။
ထန်မိသားစုသည် ထိုနာမည်ကို မသိကျွမ်းကြပေ။
သို့သော် ဟုန့်ပေါ်ချောင်၏ ကတ်ပြားပေါ်တွင် စာရင်းသွင်းထားသည့် ကုမ္ပဏီကို မြင်သောအခါ သူတို့အားလုံး အသက်ရှူရပ်တန့်သွားကြသည်။
တျန်းရှန့် ဖျော်ဖြေရေး။
ထန်ရှုနှင့် ဝမ်ဖန်းတို့ နှစ်ဦးစလုံးသည် အသက်သုံးဆယ်ကျော် လူငယ်များဖြစ်သောကြောင့် ထိုနာမည်ကို ပို၍ ရင်းနှီးကြသည်။ ရုပ်ရှင်ရုံသို့ ရုပ်ရှင်ကြည့်ရန် သွားသည့်အခါတိုင်း ယင်းအား ထုတ်လုပ်ရေးကုမ္ပဏီအဖြစ် မကြာခဏဆိုသလို တွေ့ရလေ့ရှိသည်။
အနုပညာလောက၏ ပြင်ပလူများပင် ထိပ်တန်းဖျော်ဖြေရေးကုမ္ပဏီများ အနည်းငယ်ကို သိရှိထားကြသည်။
ထန်ဝေ့လော့သည် ဟုန့်ပေါ်ချောင်၏ နာမည်ကို ကြားသည့်အခါ ပို၍ပင် ထိတ်လန့်သွားသည်။
ဟုန့်ပေါ်ချောင်သည် တျန်းရှန့် ဖျော်ဖြေရေးကုမ္ပဏီ၏ ထိပ်တန်းကိုယ်စားလှယ်တစ်ဦးဖြစ်သည်။
သူသည် အသက်အငယ်ဆုံး အကောင်းဆုံးသရုပ်ဆောင် ရှဲ့ကျစ်ရှင်း၊ ကျန်းစုန့်နှင့် လက်ရှိ အကောင်းဆုံးသရုပ်ဆောင် ရီကျစ်ခိုင်တို့၏ ကိုယ်စားလှယ်လည်း ဖြစ်သည်။
ဟုန့်ပေါ်ချောင်သည် နေကာမျက်မှန်ကို တပ်ဆင်ထားဆဲဖြစ်သော်လည်း လေးစားစွာဖြင့်
“အဘိုးထန်၊ ထန်ဝေ့လော့က ကျွန်တော်တို့ရဲ့ နောက်သုံးလတာအတွက် ပထမဆုံးရွေးချယ်မှုပါ၊ ကျွန်တော်တို့ရဲ့ သူဌေးက သူ့ကို ပြည်တွင်းဖျော်ဖြေရေးလောကရဲ့ ထိပ်တန်းအိုင်ဒေါလ်ဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ထားပါတယ်၊ သူ အရမ်းအလုပ်များနေလို့ အဘိုးရဲ့ မွေးနေ့ပွဲကို တက်ရောက်နိုင်တော့မှာ မဟုတ်ဘူး၊ သူ့ကိုယ်စား ကျွန်တော်ကပဲ တောင်းပန်ပါတယ်”
“ရပါတယ်၊ ရပါတယ်”
အဘိုးထန်က ဂုဏ်ယူမိသည်။ တစ်ဖက်လူသည် ဤမျှ အထင်ကြီးဖွယ်ကောင်းပြီး သူ၏ မြေးကို ကောင်းကောင်းစောင့်ရှောက်ပေးသည်။ ကျေးဇူးတင်၍ပင် မလုံလောက်ပေ။
အနီးအနားတွင် ရပ်နေသည့် ထန်ရှုသည် မကျေမနပ်ဖြစ်နေပုံရသည်။
“ထန်ဝေ့လော့က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တဲ့လူပဲ၊ ခင်ဗျားတို့ ကုမ္ပဏီက သူနဲ့ လက်မှတ်ထိုးရဲတာလား ပိုက်ဆံတွေဆုံးရှုံးမှာကို မကြောက်ဘူးလား”
ဝမ်ဖန်း: “ဟုတ်တယ် ဆိုးရွားတဲ့မှတ်တမ်းရှိတဲ့ အနုပညာရှင်တစ်ယောက်ကို မြှင့်တင်တာက လုံးဝမှားယွင်းတဲ့ တန်ဖိုးတွေကို မြှင့်တင်တာပဲ၊ ရှင်တို့ ကုမ္ပဏီက ဘာတွေ ရည်ရွယ်ထားတာလဲ”
ဟုန့်ပေါ်ချောင်သည် ထန်ရှုနှင့် ဝမ်ဖန်းတို့ကို ခေါင်းအစခြေအဆုံး ကြည့်လိုက်ပြီး သရော်လိုက်သည်။
“မစ္စတာ ထန်၊ ခင်ဗျားတို့လို အမျိုးတွေက မနာလိုဖြစ်နေကြတာလား ခင်ဗျားတို့ ဘယ်လိုလုပ် ဒီလောက်တောင် ယုတ်မာကြရတာလဲ၊ မစ္စတာထန်ရဲ့ အရှုပ်တော်ပုံက နာရီဝက်အကြာတုန်းကပဲ ရှင်းပြီးပါပြီ တရားရုံးကလည်း သူက အပြစ်မရှိဘူးလို့ တွေ့ရှိခဲ့တယ်၊ အဲဒါကို သူက ဘာကိစ္စ ဆိုးရွားတဲ့ အနုပညာရှင်မျိုးလဲ၊ ဘာကိုလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သူလဲ”
မိတ်ကပ်လိမ်းခြယ်ခံနေသော ထန်ဝေ့လော့သည် အံ့အားသင့်သွားပြီး သူ၏ဖုန်းကို အလျင်အမြန် ဖွင့်လိုက်သည်။
သူသည် အလုပ်များလွန်းသောကြောင့် တစ်နေကုန် အွန်လိုင်းပေါ်တွင် မရှိခဲ့ပေ။ သူ့ Weibo ကို ဖွင့်လိုက်သည့်အခါ လွှမ်းမိုးနေသည့် ခေတ်စားနေသော ရှာဖွေမှုများမှာ “လိမ်ညာသူများကို ဖော်ထုတ်သူ” “လင်းရှောင်” “မိုယွီထျန်” “မုန့်ရုယန်” “ထန်ဝေ့လော့” ဟူ၍ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ထန်ဝေ့လော့သည် ၎င်းကို နှိပ်လိုက်ပြီး လိမ်ညာသူများကို ဖော်ထုတ်သူမှ တင်ထားသည့် ပထမဆုံး အတင်းအဖျင်းအပိုင်းမှ သူ့၏ ကိုယ်ပိုင်လုပ်ရပ်များအား ရှင်းလင်းပေးထားသည့် အချက်ကို တွေ့လိုက်ရသည်။
အလွန်ရင်းနှီးသော သက်သေအထောက်အထားသည် သူ၏ မျက်လုံးထဲ၌ ရုတ်ချည်းဆိုသလို မျက်ရည်များဖြစ်ပေါ်လာစေခဲ့သည်။
သူသည် အချိန်ကြာမြင့်စွာ အယူခံဝင်ခဲ့သည်။ စီရင်ချက်ကို လက်ခံခဲ့သည်။ သူ၏ လက်ထောက်ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းမပြုခဲ့ပါဟု ကြိမ်ဖန်များစွာ ပြောဆိုခဲ့သည်။
သို့သော် နှစ်နှစ်ကြာခဲ့ပြီဖြစ်ရာ လူတိုင်းသည် သူ့အကြောင်းကို တဖြည်းဖြည်းချင်း မေ့လျော့သွားခဲ့ကြသည်။ ထိုသို့သော ရှင်းလင်းချက်မျိုးကို စိတ်ဝင်စားတော့ခြင်း မရှိတော့ပေ။
ထန်ဝေ့လော့သည် သူ၏ ပြန်လည်နိုးထမည့်နေ့ကို မည်သည့်အခါမျှ မမြင်နိုင်တော့ဟု ထင်ခဲ့မိသည်။
နှစ်နှစ်ကြာပြီးနောက်တွင် တစ်စုံတစ်ယောက်က သူ၏ နာမည်အား အဖတ်ဆယ်ပေးရန်၊ ထိုအချိန်က သူ မှားယွင်းမှုမရှိကြောင်း ပြောဆိုရန် ဆန္ဒရှိနေလိမ့်မည်ဟု သူ ဘယ်တော့မှ မတွေးခဲ့ပေ။
ထန်ဝေ့လော့သည် အစမှ အဆုံးထိ အမှားတစ်ခုမျှ မရှိခဲ့ချေ။
ဆက်လက်ထိန်းထားနိုင်ခြင်း မရှိတော့သည့် မျက်ရည်များသည် နက်မှောင်သော သမင်မျက်လုံးကဲ့သို့ မျက်လုံးများမှ ကျဆင်းလာပြီး သူ၏ လက်နောက်ကျောထက်သို့ ထိမှန်သည့် ပုတီးစေ့များကဲ့သို့ ပြင်းထန်စွာ လောင်ကျွမ်းစေသည်။
နှစ်နှစ်ကြာခဲ့လေပြီ။ ထန်ဝေ့လော့ မဟုတ်မမှန် စွပ်စွဲခံရသောအခါ၊ သူ၏ စာချုပ်ကို ဖျက်သိမ်းခံရသောအခါ၊ သူ၏ ဝမ်းကွဲနှင့် သူ၏ ဇနီးက လှောင်ပြောင်သောအခါနှင့် မည်သူတစ်ဦးတစ်ယောက်မျှ သူ၏ ရှင်းလင်းချက်ကို မယုံကြည်သောအခါ ငိုကြွေးခဲ့ခြင်းမရှိခဲ့ပေ။
သို့သော် ယခုအခါ မထိန်းထားနိုင်တော့ဘဲ မျက်ရည် တစ်စက်ချင်းစီသည် ပဲစေ့အရွယ်အစားရှိသော မျက်ရည်များ ကျလာသည်။ သူ ကြာမြင့်စွာ ဖုံးဝှက်ထားခဲ့သော နာကြည်းမှုများအားလုံးသည် တစ်ချိန်တည်းတွင် ပေါက်ကွဲထွက်လာခဲ့လေသည်။
ထန်ဝေ့လော့၏ ဆံပင်ကို ညှပ်ပေးနေသော အမျိုးသမီးသည် တစ်ရှူးဖြင့် ထန်ဝေ့လျောင်၏ မျက်လုံးမှ မျက်ရည်များကို ညင်သာစွာ သုတ်ပေးသည်။
ထန်ဝေ့လော့က တစ်ရှူးကို ယူလိုက်သည်။
“ကျေးဇူးပါ”
“ရပါတယ်” ဟု အမျိုးသမီးက ပြောသည်။
“ပြီးတော့ ထန်ဝေ့လော့ ဂုဏ်ယူပါတယ်”
ရှင့်ရဲ့ ဘဝသစ်အတွက် ဂုဏ်ယူပါတယ်။
အနီးအနားတွင် ဝမ်ဖန်းနှင့် ထန်ရှုတို့သည် ဒေါသအမျက် ထွက်နေကြသည်။
“ရှင်တို့ရဲ့ ဖျော်ဖြေရေးကုမ္ပဏီက တကယ်ပဲ အံ့သြစရာပဲ၊ လူတစ်ယောက်ရဲ့ နာမည်ကို ရှင်းလင်းဖို့ ဘယ်နည်းလမ်းမဆို သုံးကြမှာပဲ၊ ကောင်မလေးက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့တယ်လို့ ဝန်ခံထားတာကို ရှင်တို့တွေ အဖြူအမဲ ပြောင်းပြန်လှန်ပစ်လိုက်ကြတာပဲ”
ဟုန့်ပေါ်ချောင်၏ အမူအရာသည် မူလက ယဉ်ကျေးနေခဲ့သော်လည်း ရုတ်တရက် အေးစက်သွားကာ သူသည် ထျန်ဝေ့လော့ ရှေ့သို့ အလျင်အမြန် ဝင်ရပ်လိုက်သည်။
“မစ္စတာ ထန်၊ မစ္စ ဝမ်၊ ကျွန်တော်တို့ တျန်းရှန့်မှာ ကျန်းချန်မြို့ရဲ့ အင်အားအတောင့်ဆုံး ဥပဒေရေးရာအဖွဲ့ ရှိပါတယ်၊ ကျွန်တော်တို့ရဲ့ အနုပညာရှင်တွေကို တစ်ယောက်ယောက်က အသရေဖျက်ရဲရင် ဥပဒေရေးရာအဖွဲ့က သူတို့ကို တစ်သက်လုံး ထောင်ထဲ ပို့ပေးလို့ရပါတယ်၊ ခင်ဗျားတို့နှစ်ယောက် နောက်နောင် စကားပြောတဲ့အခါ ပိုပြီး သတိထားကြမယ်လို့ မျှော်လင့်ပါတယ်”
ဝမ်ဖန်းနှင့် ထန်ရှုတို့နှစ်ဦးစလုံးသည် ထိတ်လန့်သွားကြသည်။
သူတို့သည် တရားရုံး၏ စီရင်ချက်အကြောင်းကို ကြာမြင့်စွာကတည်းက သိရှိပြီးဖြစ်သည်။ ထန်ဝေ့လော့သည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့ခြင်းမ ရှိကြောင်းကိုလည်း သူတို့ သိထားသည်။ သို့သော် သူတို့သာ ထန်ဝေ့လော့အား သေးသိမ်အောင်မလုပ်နိုင်ပါက မည်ကဲ့သို့ သူ၏ အဘိုးနှင့် သင့်မြတ်စွာနေ၍ လျော်ကြေးငွေကို ရနိုင်မည်နည်း။
ယခု၌ ထန်ဝေ့လော့၏ အမည်ကိုလည်း ရှင်းလင်းပြီးဖြစ်ရာ သူတို့၏ လျော်ကြေးငွေသည် ရေထဲတွင် နစ်မြုပ်သွားလေပြီ။
သို့သော် သူတို့ရှေ့၌ ရပ်နေသော လူ ဟုန့်ပေါ်ချောင်သည် ထန်ဝေ့လော့အား အစွမ်းကုန် ကာကွယ်ပေးနေသည်။ ဟုန့်ပေါ်ချောင်သည် အလွန်အစွမ်းထက်ပုံပေါ်ပြီး နောက်ကွယ်တွင် ထိပ်တန်းကုမ္ပဏီတစ်ခု ရှိနေသောကြောင့် သူတို့သည် သူ့အား မစော်ကားဝံ့ကြချေ။
ဝမ်ဖန်းနှင့် ထန်ရှုတို့သည် ထန်ဝေ့လော့အား ဒေါသတကြီးဖြင့် စိုက်ကြည့်နိုင်ရုံသာ တတ်နိုင်တော့သည်။
“ငါတို့က သာမန်စကားနဲ့ပြောရုံပဲ၊ ဘာလို့ ခင်ဗျားက ဒီလောက်တောင် ရန်လိုနေတာလဲ”
ဟုန့်ပေါ်ချောင်၏ မျက်နှာက တည်ကြည်နေသည်။
“ကျွန်တော်တို့အတွက် သာမန်စကားနဲ့ပြောရုံဆိုရင်လည်း အဆင်မပြေပါဘူး”
ထန်ရှုနှင့် ဝမ်ဖန်းတို့သည် စကားမပြောနိုင်တော့ဘဲ နှုတ်ပိတ်လိုက်ကြရတော့သည်။
ထိုအချိန်တွင် ထန်ဝေ့လော့၏ မိတ်ကပ်သည် ပြင်ဆင်ပြီးလုနီးပြီဖြစ်သည်။ ဆယ်မိနစ်အတွင်းတွင် စတိုင်လ်ပညာရှင်သည် သူ့အား ဆံပင်ပုံစံအသစ်နှင့် ကောင်းစွာ ချုပ်လုပ်ထားသော ဝတ်စုံကို ပေးလိုက်သည်။ ဤရိုးရှင်းသော မိတ်ကပ်နှင့် ပုံစံသည် ထန်ဝေ့လျောင်၏ ထူးခြားသော ရုပ်ရည်ကို ပေါ်လွက်စေရန် လုံလောက်ပေသည်။
ထန်ရှင်းသည် ဝမ်ဖန်း၏လက်ကို ပျော်ရွှင်စွာ ကိုင်ထားသည်။
“မားမား ကြည့် သမီး ပြောသားပဲ၊ ကောကောက အရမ်းချောတယ်”
ဝမ်ဖန်း၏ မျက်နှာမှာ မှောင်မိုက်သွားပြီး သူမသည် ထန်ရှင်း၏ လက်ကို ဆွဲ၍ ရပ်ရန် အချက်ပြသည်။
“မစ္စတာထန်က သူ့အဝတ်အစားတွေကို လဲပြီးသွားပြီဆိုတော့ ကျွန်တော်တို့ Weibo ဂါလာပွဲကို တက်ရောက်ရမှာမလို့ အားလုံး ညစာစားနေတာကို အနှောင့်အယှက်မပေးတော့ပါဘူး”
ဟုန့်ပေါ်ချောင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး အနက်ရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦးက ရွှေမက်မွန်သီးကို ကိုင်ဆောင်လာသည်။ ဟုန့်ပေါ်ချောင်က လေးစားစွာဖြင့် ရွှေမက်မွန်ကို အဘိုးထန်အား ပေးလိုက်သည်။
“ဆရာထန်၊ ဒါက မစ္စတာ ထန်ဝေလော့ ကျွန်တော့်ကို အဘိုးအတွက် ဝယ်ခိုင်းတဲ့ မွေးနေ့လက်ဆောင်ပါ၊ ကြီးမြတ်တဲ့ ကံကောင်းခြင်းတွေနဲ့ သက်ရှည်ကျန်းမာပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်”
အဘိုးထန်သည် ပြုံးရွှင်သော မျက်နှာဖြင့် ရွှေရောင်မက်မွန်သီးကို လက်ခံလိုက်၏။
“ကောင်းတယ် ကောင်းတယ်၊ အလုပ်ရှိတာနဲ့ အိမ်ပြန်လာဦး မင်း လာတွေ့တာကိုပဲ ငါ အရမ်းပျော်နေပါပြီ”
ထန်ရှုနှင့် ဝမ်ဖန်းတို့သည် ရွှေရောင်မက်မွန်သီးကို ကြည့်လိုက်ကြသည်။ သူတို့၏မျက်လုံးများမှာလည်း လောဘဖြင့် နီရဲနေခဲ့သည်။ သို့သော် ဟုန့်ပေါ်ချောင်ရှေ့တွင် ပမာမခန့် ပြုမူရဲခြင်းမရှိသဖြင့် ဘေးတွင်သာ ရပ်နေရန်သာတတ်နိုင်လေသည်။
ထန်ဝေ့လော့သည် အဘိုးနှင့် သူ၏ အမေကို နှုတ်ဆက်ပြီးနောက် သီးသန့်အခန်းမှ ထွက်ခွာသွားသည်။
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားများသည်လည်း အခန်းမှ အလျင်အမြန် ထွက်ခွာသွားကြ၏။ ယာယီမိတ်ကပ်ခန်းနှင့် ဇိမ်ခံဝတ်စုံနှစ်စုံကိုလည်း ဖယ်ရှားခဲ့သည်။
ဆယ်မိနစ်အကြာက ဆူညံနေသော မိတ်ကပ်အဖွဲ့သည် ဆယ်မိနစ်အကြာတွင် ပျောက်ကွယ်သွားသည်။
အရာအားလုံးသည် အိပ်မက်တစ်ခုကဲ့သို့ပင် ဖြစ်နေခဲ့သည်။
“ဒါဆို… ငါတို့ရဲ့ ရှောင်လော့လော့က တကယ်ပဲ အရာရာကို ပြောင်းပြန်လှန်နိုင်ခဲ့တာလား”
ထန်မားမားသည် ယုံကြည်နိုင်စွမ်း မရှိသေးပေ။
“ဟုတ်တယ်”
အဘိုးထန်၏ မျက်လုံးများက စိတ်လှုပ်ရှားနေသည်။
“ငါတို့ရဲ့ ရှောင်လော့လော့က စင်ပေါ်မှာ သီချင်းပြန်ဆိုနိုင်ပြီး က,နိုင်တော့မယ်”
“ဖျော်ဖြေရေးလောကမှာ ကိုယ့်အတွက် နာမည်တစ်ခု ရအောင်လုပ်ဖို့ အရမ်းခက်ခဲတယ်၊ ထန်ဝေလော့ နာမည်ကြီးနိုင်သေးလားဆိုတာ ဘယ်သူသိမှာလဲ”
ထန်ရှုက ဒေါသတကြီးဖြင့် ပြောသည်။
အဘိုးထန်သည် သူ၏လက်ထဲမှ ရွှေရောင်မက်မွန်သီးကို ဖြည်းဖြည်းချင်း ထိလိုက်သည်။
“ရှောင်လော့ရဲ့မားရေ ငါ ဘာလို့ လေထဲမှာ ချဉ်စုတ်နေတယ်လို့ ခံစားနေရတာလဲ၊ ရှူကြည့်ပါဦး မထင်ဘူးလား”
ထန်မားမားက ပြုံးလိုက်သည်။
“ဟုတ်တယ်၊ ခုနကတည်းက အခုထိ လမ်းတစ်လျှောက်လုံး ချဉ်နေတာ”
ထန်ရှု: "..."
ဝမ်ဖန်း: "..."
*
ဟုန့်ပေါ်ချောင်သည် ထန်ဝေ့လော့ကို သီးသန့်အခန်းမှ ခေါ်ထုတ်ကာ ဟိုတယ်ဧည့်ခန်းရှိ ကော်ဖီဆိုင်သို့ ခေါ်သွားသည်။
သူ့နောက်မှ လိုက်လာသည့် အနက်ရောင်ဝတ်စုံနှင့် အမျိုးသားများသည်လည်း ကွဲကွာသွားသည်။ ဟုန့်ပေါ်ချောင်သည် ရုတ်တရက် ကော်ဖီဆိုင်၏ တံခါးဘောင်ကို မှီလိုက်ပြီး ဓာတ်လှေကားဘက်သို့ တစ်ချက်ကြည့်လိုက်သည်။
“မင်းရဲ့ အကျင့်ယုတ် ဝမ်းကွဲနှစ်ကောင် မလိုက်လာကြဘူးမလား”
ထန်ဝေ့လော့က ခေါင်းရှုပ်သွားသည်။
“သူတို့အားလုံးက ကျွန်တော့်အဘိုးရဲ့ မွေးနေ့ပွဲကို ကျင်းပနေတာ၊ ဘယ်လိုလုပ် လိုက်လာနိုင်မှာလဲ”
“သူတို့ မလိုက်လာတာ ကောင်းတယ်၊ သူတို့ မလိုက်လာတာ ကောင်းတယ်”
ဟုန့်ပေါ်ချောင်သည် သက်ပြင်းချလိုက်ပြီး သူ၏ အနက်ရောင် နေကာမျက်မှန်ကို ချွတ်လိုက်ရာ ချစ်စရာကောင်းသော မျက်ဝန်းတစ်စုံ ထွက်ပေါ်လာသည်။
“ခုနက ငါ သရုပ်ဆောင်တာဘယ်လိုလဲ နတ်ဘုရားတစ်ပါး ဆင်းသက်လာသလို ခံစားရလား၊ အရမ်းချောပြီး မိုက်တယ်လို့ ခံစားရလား”
သူ၏ ပဲစေ့ကဲ့သို့ မျက်လုံးနှစ်လုံးသည် ထန်ဝေ့လော့အား စိုက်ကြည့်၍ မျက်တောင် တဖျက်ဖျက်ခတ်နေခဲ့သည်။
ထန်ဝေ့လော့၏ သမင်မျက်လုံးလေးများလည်း မထိန်းနိုင်ဘဲ မျက်တောင်ခတ်လိုက်သည်။
ထန်ဝေ့လော့: ဘာတွေဖြစ်နေတာလဲ။
ဟုန့်ပေါ်ချောင်သည် စိတ်လှုပ်ရှားစွာဖြင့် ထန်ဝေ့လောဘ့ား ထိုင်ရန် ဆွဲခေါ်သည်။
“ဒါက အဲခပ်မိုက်မိုက် ဝတ္ထုတွေအားလုံးမှာ ငါအကြိုက်ဆုံး ဇာတ်လမ်းပဲဆိုတာ မင်းမသိလို့၊ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ပါရမီရှင်ကို ကယ်တင်ပြီးမှ အရမ်းလန်းတဲ့အသွင်အပြင်နဲ့ ပြန်ပေါ်လာတာ အဲလိုဇာတ်လမ်းမျိုးက အရမ်းမိုက်တာပဲ၊ အား အရမ်းမိုက်တာ၊ ငါ အစ်ကိုကြီးရှဲ့နဲ့ ရှောင်ကျင်တို့ကို ပြဖို့ အခွင့်အရေး မရခဲ့တာ နှမြောစရာပဲ၊ ဒီနေ့ မင်းနဲ့ မင်းရဲ့ အံ့သြစရာကောင်းတဲ့ မိသားစုနဲ့ တွေ့ရတာ အရမ်းကံကောင်းတယ်”
“ကြည့်လိုက်”
ဟုန့်ပေါ်ချောင်သည် သူ၏ အနက်ရောင် နေကာမျက်မှန်ကို ပြန်ချိန်ညှိလိုက်သည်။
“ငါ ဒါကို တမင်တကာ ဝတ်ခဲ့တာ၊ မဟုတ်ရင် ငါ့မျက်လုံးသေးသေးလေးတွေနဲ့ သူတို့ သေချာပေါက် လုံလောက်အောင် ကြောက်မှာ မဟုတ်ဘူး”
ထန်ဝေ့လော့သည် မူလက ဟုန့်ပေါ်ချောင်အား တည်ကြည်သော လူတစ်ဦးဖြစ်သည်ဟု ထင်ခဲ့သည်။ သို့သော် ယခုအခါ သူ မရယ်ဘဲ မနေနိုင်တော့ဘဲ ရိုးသားစွာဖြင့် “အရမ်းချောပါတယ်” ဟု ပြောလိုက်သည်။
တကယ် အရမ်းချောတာပဲ။
“ငါတို့ တရားဝင် မိတ်ဆက်ကြရအောင်”
ဟုန့်ပေါ်ချောင်သည် သူ၏ ဟာသဉာဏ်ကို ထိန်းချုပ်လိုက်သည်။ ဝတ်စုံကော်လံကို ဖြောင့်လိုက်ပြီး ချက်ချင်း တည်ကြည်သွားသည်။ နေကာမျက်မှန်မပါသည့် မျက်လုံးသေးသေးလေးများ ပေါ်လာသည်။ သူသည် ချစ်စရာကောင်း၍ ရယ်စရာကောင်းနေသော်လည်း ရှင်းပြ၍မရသော ကြောက်မက်ဖွယ်ကောင်းသည့် ခံစားချက်တစ်ခု ရှိသည်။
“ကျွန်တော့်နာမည်က ဟုန့်ပေါ်ချောင်ပါ၊ ကျွန်တော်က တျန်းရှန့် ဖျော်ဖြေရေးရဲ့ အဓိကကိုယ်စားလှယ်ပါ၊ ကျွန်တော်တို့ တျန်းရှန့်က ခင်ဗျားနဲ့ စာချုပ်တစ်ခု ချုပ်ဆိုဖို့ စိတ်ဝင်စားပါတယ်၊ မစ္စတာ ထန် စိတ်ဝင်စားလား မသိဘူး”
ထန်ဝေ့လော့သည် အနည်းငယ် စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး သူစကားပြောသည့် အသံမှာ တုန်ယင်နေသည်။
“ကျွန်တော် စာချုပ်ကို လက်မှတ်ထိုးဖို့ သဘောတူပါတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ မေးစရာတစ်ခုရှိတယ်”
ဟုန့်ပေါ်ချောင်သည် သူ့အား ဆက်ပြောရန် လက်အမူအရာပြသည်။
“ပြောပါ”
ထန်ဝေ့လော့၏ မျက်လုံးများသည် စိတ်လှုပ်ရှားနေသော်လည်း သည်းခံနေဆဲဖြစ်ပြီး စကားလုံးတိုင်းကို ရှင်းလင်းလင်းဖြင့် ပြောဆိုလာ၏။
“ဘာလို့ ကျွန်တော်လဲ”
ဆိုးရွားသောမှတ်တမ်းရှိသည့် အနုပညာရှင်တစ်ယောက်နှင့် စာချုပ်ချုပ်ဆိုခြင်းသည် ပညာရှိသော ရွေးချယ်မှု မဟုတ်ပေ။ ထန်ဝေ့လျောင်သည် ပထမတန်းစားအဆင့်မှ ကျရှုံးခဲ့ပြီး ယခုအခါ ၁၈၀ တန်းစားတွင်ပင် မရှိတော့ချေ။ ပထမတန်းစားသို့ ပြန်လည်ရောက်ရှိရန် သူသည် ပါရမီနှင့် ကြိုးစားအားစိုက်မှုသာမက အရင်းအမြစ်များနှင့် ကံကောင်းခြင်းများလည်း လိုအပ်ပေသည်။
ဤအရင်းအမြစ်များရှိနှင့်ပြီး အလားအလာရှိသော အသစ်ရောက်လာသူတစ်ဦးကို နာမည်ကြီးအောင် လုပ်ခြင်းက ပို၍ လွယ်ကူနိုင်ပေသည်။
ဟုန့်ပေါ်ချောင်သည် သူ၏လက်များကို စုလိုက်ပြီး မေးစေ့ပေါ် လက်တင်ထားသည်။
“ခင်ဗျား မှန်တယ်၊ ခင်ဗျားက ကျွန်တော်တို့ရဲ့ အကောင်းဆုံး ရွေးချယ်မှု မဟုတ်ပါဘူး၊ ခင်ဗျားရဲ့ ပါရမီက ကျွန်တော်တို့ ရွေးချယ်မှုရဲ့ ၅၀% ကိုပဲ အကျုံးဝင်ပါတယ်”
ထန်ဝေ့လော့က ရှုပ်ထွေးသွားသည်။
“ဒါဆို ကျန်တဲ့ ၅၀% အတွက် ရွေးချယ်ရတဲ့ အကြောင်းရင်းကရော ဘာလဲ”
“အဲဒါ လိမ်ညာသူများကို ဖော်ထုတ်သူပဲ”
ဟုန့်ပေါ်ချောင်က ရိုးသားစွာပြန်ဖြေသည်။
“သူက ခင်ဗျားနဲ့ လက်မှတ်ထိုးဖို့ ကျွန်တော်တို့ကို အကြံပြုခဲ့တာ”
“ခင်ဗျားက အခု အနုပညာ လုပ်ငန်းကနေ နှစ်နှစ်လောက် အပြင်ရောက်နေတာဆိုတော့ ဒီစျေးကွက်ရှာဖွေရေး အကောင့်က လုပ်ငန်းထဲမှာ ဘယ်လောက်အထိ လွှမ်းမိုးမှုရှိတယ်ဆိုတာ ခင်ဗျား မသိလောက်ဘူး၊ ဒါက ထိပ်တန်းကြယ်တစ်ပွင့်ကို တစ်ညတည်းမှာ ပြိုလဲသွားအောင် လုပ်နိုင်သလို၊ နာမည်မရှိတဲ့ ၁၈၀ တန်းစားကြယ်တစ်ပွင့်ကို တစ်ညတည်းနဲ့ အွန်လိုင်းမှာ နာမည်ကြီးအောင် လုပ်နိုင်တယ်၊ အဲဒါကြောင့် ၅၀% က ခင်ဗျားရဲ့ ပါရမီကြောင့်ဖြစ်ပြီး ၅၀% က လိမ်ညာသူများအား ဖော်ထုတ်သူကြောင့်ဖြစ်တယ်”
“ဒီစျေးကွက်ရှာဖွေရေး အကောင့်ကို ကျွန်တော်တို့ ယုံကြည်ပြီး သူရွေးချယ်တဲ့လူက မှားမှာမဟုတ်ဘူးလို့ ယုံတယ်၊ ထန်ဝေ့လော့က တျန်းရှန့်နဲ့ စာချုပ်ချုပ်ဆိုတဲ့အချိန်မှာ စွမ်းမော့စူ၊ ချိန်းချင်းယန်နဲ့ လုယွမ်ရှန်းတို့လည်း တျန်းရှန်နဲ့ စာချုပ်ချုပ်ဆိုခဲ့ကြပါတယ်"
တျန်းရှန့်၏ တရားဝင် Weibo အကောင့်တွင် ၎င်းတို့လေးဦးလုံး စာချုပ်ချုပ်ဆိုကြောင်း တစ်ပြိုင်နက်တည်း ကြေညာခဲ့ပြီး ထိပ်တန်းအနုပညာရှင်များအဖြစ် လေ့ကျင့်ပေးမည်ဖြစ်ကာ ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိရန် ခွင့်ပြုမည်ဟု ဖော်ပြထားသည်။
ထို့အပြင် တရားဝင် Weibo အကောင့်တွင် လိမ်ညာသူများကို ဖော်ထုတ်သူ၊ ကျီကျီကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြထားပြီး ဤအနုပညာရှင်လေးဦးအား တျန်းရှန့်သို့ ဝင်ရောက်ရန် အကြံပြုခဲ့သောကြောင့် ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။ ဤအနုပညာရှင်လေးဦးသည် သူတို့၏ သက်ဆိုင်ရာနယ်ပယ်များတွင် ဆက်လက်ထွန်းလင်းတောက်ပနေမည်ဟုလည်း ယုံကြည်သည်။
[ဝိုး၊ တစ်ချိန်တည်းမှာ လေးယောက်ကို လက်မှတ်ထိုးတာ ပြီးတော့ သူတို့ကို ထိပ်တန်းအနုပညာရှင်တွေလို ဆက်ဆံတာ တျန်းရှန့်က တိုးတက်နေပြီပဲ၊ ထိပ်တန်းကုမ္ပဏီဖြစ်ဖို့ ထိုက်တန်တယ်]
[ထန်ဝေ့လော့နဲ့ တခြားသူတွေက အခု ၁၈၀ တန်းစားဖြစ်နေပေမယ့် သူတို့မှာ ပါရမီရှိတယ်၊ ကောင်းတဲ့ အရင်းအမြစ်တချို့နဲ့ဆိုရင် သူတို့က ထိပ်တန်းအဆင့်ကို သေချာပေါက် ပြန်ရောက်နိုင်မှာ]
[ကျွန်တော် ခုနလေးတင် Bilibili မှာ ထန်ဝေ့လော့ရဲ့ စင်မြင့်ဖျော်ဖြေမှုဟောင်းကို ဗီဒီယိုအတိုလေး မြင်ခဲ့တယ်၊ အားးးးး သူက အရမ်းချောတာပဲ၊ အဲဗိုက်သားကြွက်သားတွေကို တကယ်ပဲ လျက်ချင်လာပြီ၊ ဟင်း သူ ဘာလို့ မဲအရေအတွက် အများကြီးနဲ့ စနိုင်ခဲ့လဲဆိုတာ၊ အံ့သြစရာတော့ မဟုတ်ဘူး သူ့ရဲ့ စင်မြင့်ဖျော်ဖြေမှုအသစ်ကို မစောင့်နိုင်တော့ဘူး]
[အပါ်ကလူနဲ့အတူတူပဲ၊ ကျွန်တော် Bilibili မှာ စွမ်းမော့စူရဲ့ ဇာတ်ကောင်တည်းဖြတ်မှု ဗီဒီယိုကို မြင်ခဲ့တယ်၊ သူ့ သရုပ်ဆောင်မှုက ဒီလောက်အထိ ပေါက်ကွဲနေတာ၊ သူက ပြီးပြည့်စုံတဲ့ အစ်ကို ဒါမှမဟုတ် ဦးလေးဖြစ်နေတာ၊ သူ့လိုမျိုး ဒီ လောကမှာ မရှိဘူး၊ စွမ်းမော့စူရဲ့ ရိုက်မဲ့ရုပ်ရှင်ကို ကျွန်တော် တကယ်ပဲ မျှော်လင့်နေပြီ]
[တျန်းရှန့်က ဒီတစ်ခါ သေချာပေါက် အနိုင်ရပြီ၊ လင်းရှောင် လှည့်စားခဲ့တဲ့ သူတွေက ပါရမီရှိတဲ့ အနုပညာရှင်တွေချည်းပဲ၊ သူတို့က သူတို့ရဲ့ ထိပ်ဆုံးကို သေချာပေါက် ပြန်ရောက်နိုင်မှာပါ]
[ကျီကျီက အရမ်းကောင်းတာပဲ၊ သူက ကင်ဆာဖြစ်စေတဲ့ လင်းရှောင်ကိုလည်း ဖယ်ရှားပေးခဲ့ပြီး ထန်ကောလို အိပ်မက်ရှိတဲ့ လူတွေကို ကူညီပေးခဲ့တာ]
[ကျီကျီက တကယ်ပဲ စိတ်ဓာတ်ကောင်းတဲ့ ပါပါရာဇီကွ]
[ဟားဟားဟား၊ ကျွန်တော် ကျီကျီကို အခုထိ အားပေးလာခဲ့တာ၊ ကျီကျီက ကျွန်တော့်ကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး၊ သူက အနုပညာလောကမှာ လှည့်ပတ်သွားလာနေတဲ့ အမှိုက်ကောက်သမားပဲ]
[ဟုတ်တယ်၊ ကျီကျီကို ကျေးဇူးတင်ပါတယ်၊
ကျွန်တော်တို့ ယန်ယန်က အဲလင်းရှောင်ဆိုတဲ့ မိန်းကလေးကြောင့် ပျက်စီးတော့မလို ဖြစ်ခဲ့တာ]
[ကျီကျီက မိုက်လိုက်တာ ဘောပင်ဖြည့်၊ ဘောပင်ဖြည့် ကျီကျီဆီက နောက်ထပ် ဂွါဂွါကို မျှော်လင့်နေပါတယ်]
…
ဟွာမေ့ ဟိုတယ်ရှိ သူမ၏ အခန်းတွင် ရှချန်းချန်းသည် လိမ်ညာသူများကို ဖော်ထုတ်သူအကောင့်မှ နောက်ဆုံး အချက်အလက်များကို ကျေကျေနပ်နပ်ဖြင့် ကြည့်နေသည်။
ဤ “One five gossip” လှိုင်းလုံးသည် မိုယွီထျန်၊ ထန်ဝေ့လျောင်နှင့် အခြားသူများအကြောင်း မကောင်းသည့်အရာများကို ရှင်းလင်းပေးရုံသာမက သူမအတွက် သွားလာရန် လှိုင်းလုံးတစ်ခုလည်း ယူဆောင်လာပေးခဲ့သည်။
(T/N: 'One Five Gossips' သည် တရုတ်ပြည်၌ ''၁၅' ရက်နေ့တွင် ထွက်ပေါ်လေ့ရှိသည့် အတင်းအဖျင်းသတင်းများကို ရည်ညွှန်းခြင်းဖြစ်သည်။ အထူးသဖြင့် နာမည်ကြီးများ၏ အကြောင်းအရာများ ဖြစ်သည်။)
ဤနာမည်အား အင်တာနက်ပေါ်တွင် အတင်းအဖျင်းများ ဖြန့်ဝေသည့် 'အတင်းအဖျင်း' အကောင့်များမှ စတင်သုံးစွဲခဲ့ပြီး အများအားဖြင့် လျှို့ဝှက်ချက်များကို ဖော်ထုတ်ခြင်း၊ သတင်းအမှားပေးခြင်းများ ဖြစ်တတ်သည်။ သို့သော် နောက်ပိုင်းတွင် လူစိတ်ဝင်စားမှုရရန် သုံးသည့် စကားလုံးတစ်လုံးကဲ့သို့ ဖြစ်လာသည်။
ပြီးခဲ့သည့်တစ်ခေါက်မှ ရှဲ့ကျစ်ရှင်းအတွက် ရှင်းလင်းပေးခဲ့သော အတင်းအဖျင်းများနှင့် ပေါင်းစပ်လိုက်သည့်အခါ လိမ်ညာသူများကို ဖော်ထုတ်သူ၏ ဖော်လိုဝါအရေအတွက်သည် ယခုတွင် သန်း ၅၀ ကျော်လွန်သွားပြီဖြစ်သည်။
ဖျော်ဖြေရေးလုပ်ငန်းတွင် ဖော်လိုဝါ သန်း ၅၀ ကျော်ရှိသော ဘလော့ဂါ အနည်းငယ်သာ ရှိပြီး လိမ်ညာသူများကို ဖော်ထုတ်သူသည် အမြန်ဆုံး တိုးလာပြီး အထူးခြားဆုံး စျေးကွက်ရှာဖွေရေး အကောင့်ဖြစ်လာသည်မှာ ငြင်းဆန်၍မရပေ။
ထို့အပြင် “One Five Gossips” ကြောင့် ဖြစ်ပေါ်လာသည့် လူပြောများမှုသည် လိမ်ညာသူများကို ဖော်ထုတ်သူ၏ ထုတ်ဖော်မှုများဖြင့် ယခင်က ကူညီခံခဲ့ရသော နာမည်ကျော်များသည်လည်း ပရိသတ်များ၏ စူးစမ်းရှာဖွေမှုကြောင့် ဖော်လိုဝါများစွာ ရရှိခဲ့ကြသည်။
ဥပမာအားဖြင့် လင်ရှီချန်၊ ကျင်ရိဖန်၊ ရှချန်းချန်းတို့အားလုံးသည် ဖော်လိုဝါအရေအတွက် သိသိသာသာ တိုးလာခဲ့သည်။
လုယွမ်ရှန်း၏ Weibo အကောင့်တွင်ပင် လိမ်ညာသူများကို ဖော်ထုတ်သူက လုယွမ်ရှန်း၏ ချီပိုင်ကို ပါးသုံးချက်ရိုက်သည့် ဗီဒီယိုကို လိုက်ခ်လုပ်ခဲ့သောကြောင့် ဖော်လိုဝါများ ရုတ်တရက် တိုးလာခဲ့သည်။ ရှချန်းချန်းတစ်ယောက် အလွန်ကျေနပ်နေခဲ့၏။
ရုတ်တရက် သူမ၏ ဖုန်းမြည်လာသည်။ ခေါ်ဆိုသူ၏ အမည်မှာ ရှဲ့ကျစ်ရှင်း ဖြစ်သည်။
“မိုယွီထျန်ရဲ့ ကိစ္စက ပြီးသွားပြီ”
ရှဲ့ကျစ်ရှင်းက ပျင်းရိစွာ ပြောလောယသည်။
“မင်း ခန့်မှန်းတာ မှန်တယ် သူ တကယ်ပဲ သတ်သေဖို့ ကြိုးစားခဲ့တယ်၊ မင်း သူ့အခန်းထဲ ထည့်ထားတဲ့ နားထောင်စက်ကို သုံးပြီး ငါ သူ့အခန်းနားမှာ စောင့်နေခဲ့တယ်လေ”
လင်းရှောင်က တုံ့ပြန်စက်နဲ့ တွေ့တဲ့ ကင်မရာနှစ်လုံးနဲ့ တင်ကုန်ပြီလို့ ထင်နေတာလား။
ရှချန်းချန်းသည် လင်းရှောင်မှာ နားထောင်သည့် ကိရိယာများအား စစ်ဆေးလိမ့်မည်ဟု ယခင်ကတည်းက ခန့်မှန်းထားပြီးသားဖြစ်သည်။ သူမသည် နှစ်ပေါင်းများစွာ လူများစွာကို ထိခိုက်စေခဲ့သော်လည်း ရှင်းလင်းသော အထောက်အထားဖြင့် မည်သည့်အခါကမှ အဖမ်းမခံခဲ့ရပေ။ သူမသည် လှည့်စားမှုအနည်းငယ်ကို သိထားရမည်ဖြစ်သည်။
ထို့ကြောင့် ရှချန်းချန်းတစ်ယောက် အပင်များနှင့် စာအုပ်များကြားတွင် ဝှက်ထားသော ကင်မရာများသည် လင်းရှောင် ရှာတွေ့နိုင်ရန်အတွက် လှည့်စားမှုတစ်ခုသာ ဖြစ်သည်။ တကယ့်အစစ်အမှန် စောင့်ကြည့်ရေးကိရိယာမှာမူ အပင်များ၏ မြေကြီးထဲတွင် မြှုပ်ထားသည့် ခလုတ်အသံဖမ်းစက်ဖြစ်သည်။ လင်းရှောင်သည် အစိမ်းရောင်အပင်များကို သတ်ထားမိပြီး ၎င်းတို့နောက်တွင် ရှိနေသော ကင်မရာများကို တွေ့သည့်အခါ သာမန်များဖြစ်ရာ ဒုတိယအကြိမ် ထပ်မံ၍ မစစ်ဆေးကြတော့ပေ။
ထို့အပြင် ရှချန်းချန်းသည် စာအုပ်စင်ပေါ်တွင် ကင်မရာတစ်ခုအား ဒုတိယအလွှာ လှည့်စားမှုအဖြစ် ထားခဲ့သည်။ ကင်မရာနှစ်လုံးကို တွေ့ရှိရခြင်းက လင်းရှောင်၏ သတိထားမှုအား သိသာစွာ လျော့ကျသွားစေခဲ့သည်။ မိုယွီထျန်နှင့် စကားပြောသည့်အခါ သူမသည်လည်း ပို၍ပင် ပေါ့ဆလာခဲ့သည်။
“လင်းရှောင်နဲ့ တခြားသူတွေ စန်းနျန်းနျန်းတောင်ကနေ ထွက်သွားကြပြီလား” ရှချန်းချန်းက မေးလိုက်သည်။
လင်းရှောင်မှ မိုယွီထျန်နှင့် အခြားသူများကို ပြုလုပ်ခဲ့သည့်အရာမှာ မမှန်မကန် စွပ်စွဲမှုသာမက ၎င်းတို့၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေခြင်းဖြစ်သည်။ ချိန်ချင်းအား မိုယွီထျန်နှင့် အခြားသူများကို တရားစွဲရန် ကူညီခိုင်းပါက လင်းရှောင်တစ်ယောက် ထောင်ကျမည်မှာ အသေအချာပင်။
“လင်းရှောင်က ရဲတွေ မိုယွီထျန်ရဲ့ အဓမ္မကျင့်တဲ့ အမှုကို စုံစမ်းနေတဲ့ အချိန်ကွာဟချက်ကို အခွင့်ကောင်းယူပြီး နိုင်ငံခြားကို ထွက်ပြေးသွားမှာကို ကျွန်မ စိုးရိမ်မိတယ်၊ သူ့ကို စန်းနျန်းနျန်းတောင်ကနေ မထွက်ခိုင်းတာက အကောင်းဆုံးပဲ”
ရှချန်းချန်းက ထပ်ပြောလေသည်။
“ဟုတ်တယ်၊ သူတို့ကို တောင်ပေါ်မှာ ထားခဲ့တာ၊ ရဲတွေက ဖမ်းသွားတဲ့ ဗီဒီယိုရိုက်နိုင်ရင် ပိုတောင် ကောင်းသေးတယ်”
ဘယ်လိုပဲဖြစ်ဖြစ် ဒါကလည်း ဖရဲသီးကြီးပဲလေ။
အခြားတစ်ဖက်က တိတ်ဆိတ်နေခဲ့သည်။
ခဏအကြာတွင် ရှဲ့ကျစ်ရှင်း၏ ရယ်သံကို ကြားလိုက်ရပြီး အနည်းငယ် လှောင်ပြောင်မှုပါ နေခဲ့သည်။
“မဒမ်၊ အခုတော့ သတင်းတွေကို ထုတ်ဖော်တဲ့နေရာမှာ ကိုယ့်ကို လုံးဝ မရှက်တော့ဘူးပေါ့လေ”
ရှချန်းချန်း၏ မူလက တည်ကြည်သော မျက်နှာမူ တုံ့ဆိုင်းသွားပြီး မျက်တောင်ခတ်လိုက်သည်။
“ဟေး ရှင်က အရာအားလုံးကို သိပြီးသားပဲ၊ ကျွန်မကို ကူညီလိုက်လေ ပြီးတော့ ရှင်တို့ တျန်းရှန့်က ထျန်ဝေ့လော့က တခြားသူတွေနဲ့ စာချုပ် ချုပ်ထားတယ်မလား၊ လင်းရှောင် အဖမ်းခံရတာကို ဗီဒီယိုရိုက်တာက ရှင်တို့အတွက် ကောင်းတာပဲ ကျွန်မ ဒါကို ရှင်တို့အတွက် ကောင်းတာကို လုပ်ပေးနေတာ”
“စိတ်မပူပါနဲ့”
ရှဲ့ကျစ်ရှင်းသည် သူ၏ မူလ တည်ကြည်သည့် ဗျူဟာမြောက်သော ပုံစံသို့ ပြန်သွားပြီး သူ၏ နှုတ်ခမ်းထောင့်ကို ကွေးညွတ်လိုက်သည်။
“ကိုယ် ဒီမှာ ရှိနေတာပဲဟာ၊ သူတို့ ထွက်ပြေးလို့မရပါဘူး”