အခန်း (၅၈)
Vol. 6 Ch. 58
င်ရှိသော ဆိုဖာပေါ်တွင်ထိုင်ကာ Weibo ပေါ်မှ မှတ်ချက်များကို ဖတ်နေခဲ့သည်။
[အမှိုက်လို အနုပညာရှင်ပဲ ဒီအနုပညာလောကထဲက ထွက်သွားလိုက်တော့]
[နင်က ငါတို့ကောရဲ့ ဘဝကို ဖျက်ဆီးခဲ့တာ၊ နင့်လို လူယုတ်မာမိန်းမတစ်ယောက်က ဘာလို့ ထောင်နန်းမစံရသေးတာလဲ]
[ငါ နင့်ကို ကြိုက်ခဲ့မိတာတောင် ရှက်မိတယ်၊ ငါထင်ခဲ့တာက ဪ နင်က ချစ်မိသွားပြီပေါ့ ဒီလိုငယ်ရွယ်တဲ့ကောင်မလေးက အချစ်မှာနစ်မြောသွားတာ ပုံမှန်ပဲပေါ့ ဒါပေမဲ့ အခုနင်က ရူးသွပ်ပြီး လမ်းမှားရောက်သွားတာပဲ]
[ရုပ်ကသာ ကြည့်တော့လှပေမဲ့ အရမ်းရက်စက်တဲ့သူပဲ]
[ကျိကျင်းဟန် ၊ ချီပိုင် ၊ ချန်မင်ကျယ် ပြီးတော့ လင်းရှောင် ဟားဟားဟာား ငါတ်ို့အကုန်လုံး ထောင်ထဲမှာ မာကျောက် ကစားကြမယ်]
[လူငါးယောက်ရဲ့ ဘဝတွေကို ဖျက်ဆီးခဲ့တဲ့ နင့်အတွက်တော့ ထောင်ကျတာက နည်းတောင်နည်းသေးတယ်]
[နင့်ကို ထောင်ထဲပို့တာက ဒီနှစ်တွေအများကြီးထဲမှာ ငါတို့ ကောတွေ ခံစားနစ်နာခဲ့ရတဲ့အရာတွေကိုတောင် မှီမှာမဟုတ်ဘူး]
...
လင်းရှောင်သည် မှတ်ချက်များကိုဖတ်ပြီးနောက် အံကြိတ်ကာ သူမ၏ဖုန်းအား ကြမ်းပြင်ပေါ်သို့ ရိုက်ခွဲလိုက်သည်။
အချိန်ခဏလေးအတွင်းများပင် ထိုဖုန်းမျက်နှာပြင်မှာ တစ်စစီကွဲထွက်သွားခဲ့တော့သည်။ သို့သော် ဖုန်းမျက်နှာပြင်ပေါ်၌ ထိုဆိုးရွားလှသော မှတ်ချက်များ ပေါ်နေဆဲဖြစ်ပြီး ထိုအရာများသည် လူအများမှ လင်းရှောင်အား ရွံရှာမုန်းတီးနေကြောင်း သတ်ိပေးနေသလိုပင် ဖြစ်နေသည်။
“ အားးးးးး!”
လင်းရှောင်မှာ အလွန်ဒေါသထွက်နေခဲ့သည်။
သူမသည် ယခင်က လှည့်ကွက်လေးအတိုင်းပင် သုံးခဲ့သည်မှာ ရှင်းရှင်းလင်းလင်းဖြစ်သော်လည်း သူမမှာ အဘယ့်ကြောင့် မိုယွီထျန်အစား အမုန်းခံနေရသနည်း။
အခန်းတံခါးပွင့်လာသည့်အခါ၌ လင်းရှောင်သည် စိတ်ပျက်အားလျော့စွာဖြင့် လှမ်းကြည့်လိုက်သည့်အခါတွင် တံခါးနား၌ ဥက္ကဌလင်း ရပ်နေသည်ကို မြင်လိုက်ရသည်။
ထိုအချိန်အတွင်းမှာပင် သူမသည် ခံစားချက်များကို မထိန်းထားနိုင်တော့ဘဲ သူမ ပါးပါး၏ ရင်ခွင်ထဲသို့ ပြေးဝင်လိုက်သည်။
“ပါးပါး…. ဘာလို့ ဒီလိုတွေဖြစ်ရတာလဲဟင်၊ သမီးက အဲလိုအပြောခံရမည့်လူမဟုတ်ဘူးလေ၊ ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ”
ဥက္ကဌလင်းသည် လင်းရှောင်အား ကမန်းကတန်း ကူတွဲလိုက်သည်။
“ရှောင်ရှောင် အခု အဲဒါတွေ တွေးနေဖို့ အချိန်မရှိတော့ဘူး၊ သမီး နိုင်ငံခြားသွားဖို့အတွက် ပါးပါး လေယာဉ်လက်မှတ်တွေ အကုန်ဝယ်ပြီးသွားပြီ၊ မြန်မြန်ထွက်သွားလိုက်တော့ သမီး”
“နိုင်ငံခြားကို သွားရမယ်ဟုတ်လား”
လင်းရှောင်မှာ လုံးဝသဘောမတူသည့်ပုံစံဖြင့် ပြောလာသည်။
“သမီးက ဘာလို့ နိုင်ငံခြားကို သွားရမှာလဲ မိုယွီထျန်က အခုထိ သမီးဆီလာပြီး ဘာမှမပြောသေးဘူးလေ၊ ဒူးထောက်ပြီးလည်း လာမတောင်းပန်သေးဘူး၊ အင်တာနက်သုံးစွဲတဲ့သူတွေက ရေပန်းစားတဲ့အရာကိုပဲ လိုက်ပြောနေကြတာလေ ပြီးရင် သူတို့က မေ့သွားကြမှာပဲ၊ ဘာလို့ သမီးက ထွက်သွားရမှာလဲ”
ဥက္ကဌလင်းသည် သူ၏ခေါင်းကို ရမ်းလိုက်ပြီး မျက်နှာသည်လည်း တည်ကြည်လေးနက်နေခဲ့သည်။
“ရှောင်ရှောင် အခုချိန်က အရင်ကနဲ့မတူတော့ဘူး၊ ပါးပါး… ပါးပါး သမီးကို ထပ်ပြီး မကာကွယ်ပေးနိုင်တော့ဘူး”
လင်းရှောင်၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့ပြီး သူမ၏ ခေါင်းထဲ၌လည်း ပူထူသွားခဲ့သည်။
ထိုလောကထဲ၌ ကျုံးရှင်း Mediaသည် ထိပ်တန်း အနုပညာကုမ္ပဏီတစ်ခုဖြစ်သည်။
လင်းမိသားစုသည် ချမ်းသာကြွယ်ဝသည့် ထိပ်တန်းမိသားစုမဟုတ်သော်လည်း ကျန်းချန်မြို့၏ အထက်တန်းလွှာမိသားစုတစ်ခုဖြစ်သည်။
ဤမျှ ပြသာနာလေးအား အဘယ့်ကြောင့် မဖြေရှင်းနိုင်ရသနည်း။
လင်းရှောင်သည် နားမလည်သော်လည်း သူ့အား ပျက်ဆီးပြိုလဲတော့မည့်အခြေအနေရောက်လုနီးပါးအထိ တွန်းပို့နေသော အရာတစ်ခုအား ရေးရေးလေး ခံစားမိနေခဲ့သည်။
သူမသည် ခဏတာတွေဝေသွားခဲ့ပြီးနောက် သူမ၏ခရီးဆောင်အိတ်ကို သိမ်းဆည်းထုတ်ပိုးချင်သော်လည်း ဥက္ကဌလင်းသည် သူမအားဆွဲ၍ ပြောလိုက်သည်။
“ဘာမှသိမ်းမနေနဲ့တော့ သွားမယ်”
ဥက္ကဌလင်းသည် လင်းရှောင်အား စန်းနျန်းနျန်းဟိုတယ်၏ ကားပါကင်နေရာသို့ ဆွဲခေါ်လာခဲ့သည်။
အခု အဲသတင်းတွေ အင်တာနက်ပေါ်မှာ ဖော်ထုတ်ခံလိုက်ရပြီဆိုတော့ ရဲတွေက သေချာပေါက် လိုက်ရှာတော့မှာ၊ ဒါပေမဲ့ လင်းရှောင်ကို ရဲတွေလိုက်မရှာခင် ငြိမ်းချမ်းရေးစာချုပ်မှာ လက်မှတ်မထိုးထားတဲ့နိုင်ငံကို ပို့လိုက်ရင် သူအတွက်အဆင်ပြေသွားလိမ့်မယ်။
ဥက္ကဌလင်းသည် လင်းရှောင်ကို nanny ကားထဲသို့ အတင်းဝင်ခိုင်းနေသည့်အချိန်၌ များပြားလှသည့် ရဲများသည် ဥက္ကဌလင်း၏ နောက်သို့ ရုတ်တရက်ရောက်လာခဲ့ပြီး သူတို့၏ အထောက်အထားများကို ထုတ်ပြခဲ့သည်။
“လင်းရှောင် ဟုတ်တယ်မလား၊ မိုယွင်ထျန်၊ ထန်ဝေ့လော့နဲ့ အခြားသူတွေရဲ့ ဂုဏ်သိက္ခာတွေ ညိုးနွမ်းအောင် မှားယွင်းတဲ့စွပ်စွဲချက်တွေ လုပ်ခဲ့တဲ့သူလို့ သံသယရှိနေပါတယ်၊ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ”
“ဒီကရဲအရာရှိတို့ ကျွန်တော်တို့ရဲ့ ရှောင်ရှောင်က ဥပဒေကိုလိုက်နာတဲ့ နိုင်ငံသားတစ်ယောက်ပါ၊ တစ်ခုခုနားလည်မှုများလွဲနေကြတာလားဗျ” ဟု ဥက္ကဌလင်းမှ ဝင်ကာ၍ပြောပေးလိုက်သည်။
“မဟုတ်ပါဘူး”
ရဲအရာရှိခေါင်းဆောင်မှ လေးလေးနက်နက်ဖြင့် ပြောလာခဲ့သည်။
“ရဲစခန်းမှာ သက်သေတွေ ရပြီးပါပြီ၊ မစ္စလင်းရှောင် ကျွန်တော်တို့နဲ့လိုက်ခဲ့ပါ”
ထိုသို့ပြောပြီးနောက် လင်းရှောင်၏လက်များကို လက်ထိပ်ဖြင့် ခတ်လိုက်သည်။ ရဲအရာရှ်ိနှစ်ဦးသည် ကားထဲသ်ို့ဝင်ကာ လင်းရှောင်ကို ထိန်းချုပ်လိုက်သည်။
“ကျွန်မ မလိုက်နိုင်ဘူး”
လင်းရှောင်၏ နူးညံ့လှပသော မျက်နှာလေးမှာ မျက်ရည်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
“ပါးပါး သမီးကိုကယ်ပါဦး၊ သမီး ရဲစခန်းကို မသွားချင်ဘူး ထောင်ထဲလည်း မသွားချင်ဘူး”
ဥက္ကဌလင်းသည် မဝံ့မရဲဖြင့် ရဲများအား တားရန်ကြိုးစားသော်လည်း ကုမ္ပဏီ၏ ဥပဒေအကြံပေးမှ သူ့အား တားလိုက်သည်။
“ဒါရိုက်လင်း ရဲစခန်းမှာ ဘယ်လိုသက်သေအထောက်အထားတွေရှိနိုင်မလဲဆိုတာ ကျွန်တော်တို့ သေချာမသိပါဘူး၊ ကျွန်တော်တို့ သူတို့ကို ပြသာနာလုပ်မိရင် နောက်ဆက်တွဲဖြစ်လာမည့်အရာတွေက ဖြေရှင်းဖို့ မလွယ်လောက်တော့ဘူး”
ဥက္ကဌလင်းသည် မဝံ့မရဲဖြင့် လင်းရှောင်၏ လက်အား ဆွဲလိုက်သော်လည်း ဘေးတွင်ရှိသော ရဲအရာရှိနှစ်ယောက်မှ သူ့အား ဖယ်ထုတ်လိုက်ပြီး လင်းရှောင်ကို အတင်းဆွဲခေါ်သွားတော့သည်။
ဥက္ကဌလင်းသည် ဝေးကွာသွားသော လင်းရှောင်၏ နောက်ကျောကိုကြည့်နေရင်း သူ၏ နှလုံးသားမှာ တဆစ်ဆစ်နာကျင်နေလေသည်။
သူသည် အံကြိတ်ကာ ဥပဒေအကြံပေးကို မေးလိုက်လေသည်။
“ဒါကသတင်းအမှားတွေ ပျံ့နေရုံပဲမဟုတ်လား Weiboကို အဲဟာတွေဖျက်ခိုင်းလိုက်လေ၊ သူတို့ နှစ်တိုင်း ငါတို့ဆီက ပိုက်ဆံတွေအများကြီးယူနေပြီးတော့ ဒီ ရေပန်းစားနေတဲ့ရှာဖွေမှုလေးတွေတောင် ဖျက်ပေးဖို့ ဘာလို့မလုပ်နိုင်ရတာလဲ”
ဥပဒေအကြံပေးမှာ ခေါင်းကို ခါရမ်းလိုက်လေသည်။
“ဒါပေမဲ့ တစ်ခြား ကုမ္ပဏီတစ်ခုကလည်း ရေပန်းစားတဲ့ရှာဖွေမှုတွေကို ဝယ်ယူနေတယ်၊ တကယ်လို့ ကျွန်တော်တို့ တစ်ခုဖျက်လိုက်ရင် သူတို့က သုံးခုပြန်တင်လာတယ် တကယ်လို့ ကျွန်တော်တို့က အင်တာနက်ပေါ်က သတင်းထောက်တွေကိုငှါးလိုက်ရင် သူတို့က လည်း လင်းရှောင်ကို ဖျက်ဆီးဖို့ သတင်းထောက်တွေ ထပ်ငှါးလိုက်တယ်”
ဥက္ကဌလင်း၏မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။
“အဲဒါ ဘယ်သူလဲ၊ ငါတို့ကျုံရှင်း နဲ့ တိုက်ရဲတဲ့အထိ အဲကောင်က မျက်စိကန်းနေတာလား”
ဥပဒေအကြံပေးသည် မှင်သက်သွားခဲ့ပြီး“ ထျန်းရှန့် ကုမ္ပဏီပါ” ဟု တစ်လုံးချင်းပြောလာခဲ့သည်။
ထိုရိုးရှင်းလှသော စကားလုံးလေးလုံးသည် ဥက္ကဌလင်း၏ စိတ်အား ချက်ချင်းပင် ဗလာဖြစ်သွားစေခဲ့သည်။
အနုပညာလောက၏ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပြီး ကျန်းချန်၏ စီးပွါးရေး လုပ်ငန်းစုများကို ဦးဆောင်နေသော ရှဲ့စီးပွါးရေးအုပ်စု၏ ကာကွယ်ခြင်းကို ခံနေရသော လိမ်ညာသူများကိုဖော်ထုတ်သူအား လင်းရှောင်သည် မည်သို့ပြန်၍ တိုက်ခိုက်နိုင်မည်နည်း။
“ ပြီးတော့…”
ဥပဒေအကြံပေးမှ ဆက်ပြောလာခဲ့သည်။
“လိမ်ညာသူများကို ဖော်ထုတ်သူက မစ္စတာရဲ့ ထန်ဝေ့လော့နဲ့အခြားသူတွေအပေါ် နာမည်ဖျက်ခဲ့တဲ့ သက်သေအထောက်အထားတွေ တွေ့ထားရုံတင်မကပါဘူး မစ္စက မိုယွီထျန်ကို အဓမ္မပြုကျင့်တဲ့ကိစ္စတွေကို မဟုတ်မမှန်ဘဲစွပ်စွဲတယ်ဆိုတဲ့ သက်သေတွေရော ရှိနေပါတယ်၊ ဒီတစ်ခေါက်တော့ မစ္စတာလင်းက လွတ်လမ်းမရှိတော့ဘူးထင်ပါတယ်”
ရဲကားသည် ဟိုတယ်၏ ရှေ့တွင် ရပ်လိုက်လေသည်။ လင်းရှောင်သည် အနားသို့ရောက်လာခဲ့ပြီး သူမမှာ ဆက်လက်၍ လွတ်မြောက်ရန် ငြင်းနေဆဲဖြစ်သည်။
“အဲအဓမ္မပြုကျင်တယ်ဆိုတာက မမှန်ပေမဲ့ မနေ့ညက ဖြစ်ခဲ့တဲ့ စော်ကားမှုက အမှန်ပဲ၊ ဒီလောက်သက်သေတွေအများကြီးရှိတာကို ဘာလို့ သမီးကို ဖမ်းရတာလဲ သမီးက နစ်နာသူပါ၊ သွား မိုယွီထျန်ကို သွားဖမ်းလိုက်”
ရဲအရာရှိခေါင်းဆောင်သည် ရပ်လိုက်ပြီး သူ၏စူးရှသောမျက်လုံးများထဲတွင် ရွံရှာမုန်းတီးသည့် အကြည့်တစ်ခုပေါ်လာခဲ့ပြီး လှောင်သလိုလိုဖြင့် ပြုံးလိုက်လေသည်။
“အဲဒါက မဖြစ်နိုင်ဘူးလို့ ထင်တယ်နော်၊ ကျွန်တော်တို့ ဒီတောင်ပေါ်မှာ ရှိတဲ့သူတွေအကုန်လုံးရဲ့ ထွက်ဆိုချက်တွေ အကုန်ယူပြီးပါပြီ၊ မနေ့ညမှာ မစ္စမုန့်ရုယန်က မိုယွီထျန်နဲ့ အတူတူရှိနေတယ်လို့ ထွက်ဆိုထားပါတယ် ပြီးတော့ သူတို့က မင်းရဲ့အော်သံကို တစ်ချိန်တည်းမှာပဲကြားလိုက်ရတာဆိုတော့ မင်းကို စော်ကားတဲ့ သူက မိုယွင်ထျန် မဖြစ်နိုင်ပါဘူး”
လင်းရှောင်မှာ အံ့ဩသွားခဲ့သည်။
“မုန့်ရုယန်က မိုယွီထျန်အတွက် သက်သေလုပ်ပေးခဲ့တာလား၊ သူ ဘယ်လိုတောင်လုပ်ရဲတာလဲ”
လင်းရှောင် အံ့ဩသင့်နေသည့် အချ်ိန်၌ မုန့်ရုယန်နှင့် ရီကျစ်ခိုင်တို့သည် ဟိုတယ်ထဲမှ ထွက်လာခဲ့ပြီး ဟိုတယ်ရှေ့တစ်နေရာတွင် ရဲများဖမ်းဆီးထားသည့် လင်းရှောင်နှင့် မတော်တဆ ဆုံမိသွားခဲ့သည်။
“မုန့်ရုယန်! နင်ဘယ်လိုလုပ် မိုယွီထျန်အတွက် လိမ်ညာပြီး သက်သေလုပ်ပေးနိုင်တာလဲ” ဟု လင်းရှောင်မှ အော်ပြောလိုက်သည်။
“နင် မနေ့က သူ့အတွက် သက်သေမလုပ်ပေးနိုင်တာ ရှင်းနေတာပဲလေ၊ ဒီနေ့ ဘာလို့ရုတ်တရက်ကြီး သက်သေလုပ်ပေးဖို့ စိတ်ကူးပြောင်းသွားရတာလဲ”
လင်းရှောင်၏ မျက်လုံးများမှာ အရောင်တောက်သွားခဲ့သည်။
“ဪ ငါသိသွားပြီ၊ နင်နဲ့ မိုယွီထျန် နှစ်ယောက်လုံးက ငါ့ကို ဒုက္ခရောက်စေချင်တာ ဟုတ်တယ်မလား”
ပျော်ရွှင်စွာဖြင့်တောက်ပနေသော မုန့်ရုယန်၏ မျက်လုံးများမှာ ရုတ်တရက် မဲမှောင်သွားခဲ့သည်။
“ငါ မနေ့က မပြောရဲခဲ့ဘူး ဒါပေမဲ့ အခုတော့….”
သူမသည် ဘေးနားတွင်ရှိသော ရီကျစ်ခိုင်ကို လှမ်းကြည့်လိုက်သည်။ သူ၏ ပြတ်သား၍ နူးညံ့သော အကြည့်များသည် သူမအား သတ္တိရှိလာစေသည်။
“အခုတော့ ငါပြောရဲသွားပြီ၊ ငါ့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် မိုယွီထျန်ရဲ့ အနာဂတ်ကို မဖျက်ဆီးချင်ဘူး”
“ဒါဆိုရင် နင်နဲ့သူနဲ့ အခန်းထဲမှာ ဘာလုပ်နေကြတာလဲ”
လင်းရှောင်မှာ ထိုစကားကို အသားပေး၍ လှောင်သလိုလိုဖြင့် ပြောလိုက်သည်။
“ညလယ်ခေါင်ကြီး ယောကျာ်းလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် အခန်းထဲမှာ အတူတူရှိနေခဲ့ကြတာဆိုတော့ သင့်တော်တဲ့အကြောင်းပြချက်တော့ ရှိရမယ် မဟုတ်လား၊ အဲအကြောင်းကိုရော ထုတ်ပြောရဲလား”
မုန့်ရုယန်သည် လင်းရှောင်အား ချက်ချင်းပင် မျက်မှောင်ကြုတ်၍ စိုက်ကြည့်လိုက်သည်။ အချိန်ခဏကြာပြီးနောက် သူမသည် တစ်စုံတစ်ခုကို သတိရသွားကာ “ ငါကသာ အလှဆုံးပဲ” ဟူသော ပုံမှန် အပြုံးမျိုးကိုလုပ်ယူလိုက်သည်။
“နင်က ငါ မိုယွီထျန်အတွက် သက်သေမလုပ်ပေးဘူးဆိုတာကို ဘာလို့သေချာနေရတာလဲဆိုပြီး စဉ်းစားနေတာ၊ တကယ်တမ်းကျ နင်က ငါ့ကို အိမ်တွင်းအကြမ်းဖက်မှုမှာ နစ်နာသူလို့ တမင်တကာ မိုယွီထျန်အထင်မှားအောင် လုပ်ထားတယ်အပြင် ငါက ငါ့ရဲ့ ဂုဏ်သိက္ခာအတွက် အဲဒါကို ဘယ်သူမှ ထုတ်မပြောဘူးလို့ တွေးနေခဲ့တာပဲလေ”
“အဲတော့လည်း ဘာဖြစ်လဲ” ဟု လင်းရှောင်မှ ပုခုံးတွန့်၍ ပြောလာခဲ့သည်။
“မုန့်ရုယန် ငါနင့်ကို အခွင့်အရေးပေးနေတာနော်၊ တကယ်လို့ နင့်ရဲ့သက်သေလုပ်ပေးတာကို မပြောင်းလဲဘူးဆိုရင် အင်အားကောင်းတဲ့ ကျုံးရှင်း Mediaကို သုံးပြီး နင့်ရဲ့သတင်းတွေ အင်တာနက်ပေါ်မှာ လျှပ်တစ်ပြက်အတွင်း ပျံ့သွားအောင် ငါလုပ်နိုင်တယ်၊ အဲအချိန်ကျရင် နင် ဒီအနုပညာလောကမှ ဘယ်လိုဆက်ပြီး ရပ်တည်မလဲဆိုတာ ကြည့်ဦးမယ်”
မုန့်ရုယန်၏ အကြည့်များမှာ ထပ်၍ အေးစက်လာခဲ့ပြီး လင်းရှောင်အား ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်သည်။
ရဲများ၏ ထိန်းချုပ်ခြင်းခံနေရသော လင်းရှောင်၏ ပုံစံမှာ အားကိုးရာမဲ့နေသည့် ခွေးတစ်ကောင်ပုံစံနှင့် တူနေလေသည်။ သို့သော် မုန့်ရုယန်၏ ကျရှုံးနေသည့်ပုံစံကို မြင်လိုက်ရသည့်အခါ၌ သူမသည် အနိုင်ရရှိသူတစ်ယောက်ပုံစံဖြင့် စိတ်လှုပ်ရှားကာ ခေါင်းကို မော့ထားလေသည်။
မုန့်ရုယန်သည် လင်းရှောင်အား ထိန်းချုပ်ထားသည့် ရဲအရာရှိများကို လေးစားစွာဖြင့် ပြောလိုက်သည်။
“ဒီက ရဲအရာရှိတို့ လင်းရှောင်ကို ခေါ်မသွားချိန်မှာ ကျွန်မ သူနဲ့ သီးသန့် စကားနည်းနည်းလောက် ပြောချင်လို့ပါ၊ အဲဲဒါက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေပါနေလို့ တစ်ခြားသူတွေကြားရင် အဆင်မပြေပါဘူး”
ရဲအရာရှိများမှာ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်သည်။
စန်းနျန်းနျန်းတောင် ဟိုတယ်၏ အစည်းအဝေးခန်းအား ယာယီထိန်းချုပ်ထားခဲ့ပြီး ရဲအရာရှိအချို့သည် ကျန်ရှိနေသည့် တစ်ခြား လုံခြုံရေးဝန်ထမ်းများ၏ ထွက်ဆိုချက်ကို စစ်ဆေးနေဆဲဖြစ်သည်။
သူတို့အားလုံးသည် ရဲစခန်းသို့ အတူတူပြန်သွားရမည်ဖြစ်၍ တစ်စုံတစ်ယောက်အား မိနစ်အနည်းငယ်လောက် စောင့်ပေးရသည်မှာ ကြီးမားသည့် ကိစ္စမဟုတ်ပေ။
ရဲအရာရှိခေါင်းဆောင်မှာ ခေါင်းငြိမ့်ပြလိုက်သည်။
“အချိန်ခဏပဲရမယ်နော်”
“ ကျေးဇူးတင်ပါတယ်” ဟု မုန့်ရုယန်မှ ပျော်ရွှင်စွာဖြင့် ပြောလာခဲ့သည်။
လင်းရှောင်၏လက်တွင် လက်ထိပ်ခတ်ထားဆဲ ဖြစ်သည်။ ရဲအရာရှိများနှင့် ရီကျစ်ခိုင်သည် ထိုနေရာမှ ထွက်သွားခဲ့ကြပြီး ရဲကားနားတွင် လင်းရှောင်နှင့် မုန့်ရုယန်သာ ကျန်ခဲ့လေသည်။
“ဘာလို့ အခုကျမှ ငါ့ကိုတောင်းပန်ချင်နေရတာလဲ၊ ရပါတယ် ဒူးထောက်ပြီး ငါ့ကို သုံးကြိမ် ထိုင်ကန်တော့လိုက် ပြီးရင် ရဲစခန်းကိုသွားပြီး နင့်ရဲ့ သက်သေလုပ်ပေးတာကို ပြင်လိုက်၊ ဒီလောက်ဆိုရင် ငါနင့်ကို ခွင့်လွှတ်ပေးလို့ရတယ်၊ အဲလိုမှမလုပ်ချင်ဘူးဆိုရင်တော့ နောက်ဆက်တွဲ ဘယ်လိုတွေဖြစ်လာမလဲဆိုတာ နင်ကြိုပြီးစဉ်းစားသင့်တယ်နော်၊ နားလည်တယ်မလား”
“ဒူးထောက်ပြီး ငါ့ကို သုံးကြိမ် ထိုင်ကန်တော့လိုက် ပြီးရင်…” ဟု လင်းရှောင်မှ ထပ်၍ တိုးတ်ိုးလေးပြောလာခဲ့သည်။
“ငါက နင့်ကို သနားလို့ပြောနေတာနော် မုန့်ရုယန် နင် ငါ့ပြောတာကို နားလည်သင့်တယ် အား!”
လင်းရှောင်မှာ စကားပြောလို့ မပြီးသေးခင်မှာပင် မုန့်ရုယန်မှ လင်းရှောင်၏မျက်နှာအား လက်ပြန်ပါးရိုက်လိုက်လေသည်။
လင်းရှောင်သည် မယုံနိုင်သည့်ပုံစံဖြင့် သူ၏မျက်နှာကို ကာလိုက်သည်။
“မုန့်ရုယန် နင် နင် ငါ့ကို ရိုက်ရဲတယ်၊ ငါနင်နဲ့ ရီကျစ်ခိုင်ရဲ့အကြောင်းကို ဖော်လိုက်မှာ မကြောက်ဘူးလား”
“ဖော်လိုက်လေ သွားလိုက်၊ ငါ့ဘဝမှာ အဲလိုခြိမ်းခြောက်တာတွေကို အမုန်းဆုံးပဲ”
မုန့်ရုယန်သည် ခါးထောက်ကာ အပေါ်စီးဆန်ဆန်ဖြင့် ပြောလာခဲ့သည်။
“ငါ ချစ်မိတာ၊ ငါ့ နည်းနည်းလေး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတာ ဘာဖြစ်လဲ၊ ငါ့မှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပေမဲ့ ငါ့မှာ အခြေခံ စည်းမျဉ်းတွေရှိတယ်၊ နင့်လိုမျိုး စည်းမရှိ ဘာမရှိတဲ့သူမျိုးမဟုတ်ဘူး၊ နင် ဘယ်လောက်ယုတ်မာခဲ့လိုဆိုတာ နင်ပြန်မစဉ်းစားမိဘူးလား အဲဒါတောင် နင်က ငါ့ကို ဒီနေရာမှာ ခြိမ်းခြောက်နေသေးတယ်”
“နင်က ငါ့ကို ရဲစခန်းသွားခိုင်းပြီး ဝန်ခံချက်ဆိုတောင် ပြောင်းခိုင်းနေတယ်တဲ့လား၊ နင် အိမ်မက် မက်နေလိုက်”
လင်းရှောင်သည် မုန့်ရုယန်၏ အပေါ်စီးဆန်သောစကားများကြောင့် စိတ်ရှုပ်နေခဲ့သည်။ သူမ ကြီးပြင်းလာသည့် တစ်လျှောက်လုံးသည် သူမ၏ မိသားစု နောက်ခံကြောင့် လေးလေးစားစားဆက်ဆံခဲ့ကြပြီး မည်သူမှ သူမအား ဒေါသတကြီးနှင့် မပြောရဲကြပေ။
သို့သော်လည်း မုန့်ရုယန်သည် ထိုသို့ပြောနေရခြင်းကိုပင် စိတ်ကျေနပ်မှု မရှိသေးပေ။
“ငါနင့်ကို သိအောင်ပြောလိုက်ဦးမယ်၊ ငါဒီအနုပညာလောကထဲကို ဝင်လာတဲ့အချိန်မှာ နင်က ဘယ် ရွဲ့အိုင်ထဲ ဆော့ရမလဲတောင် မသိသေးဘူး ပြီးတော့ဒီနာမည်ကြီးတဲ့ မြို့တွေမှာ နှစ်နည်းနည်းနေခဲ့ပြီး ငွေတွေအများကြီး ရှာနိုင်ခဲ့တယ်၊ တကယ်လို့ အနာဂတ်မှာ ပိုက်ဆံရှာမရတော့ဘူးဆိုရင်လည်း ငါမရှာတော့ဘူးလေ”
“တကယ်လို့ အနာဂတ်မှာ ငါပိုက်ဆံမရှာနိုင်တော့ရင်တောင်မှ ငါ မိုယွီထျန်းကို အပြစ်မရှိကြောင်း ငါကူပြီး သက်သေပြပြီး နင့်ကို ထောင်ထဲပို့ပစ်မယ်၊ လင်းရှောင် နင့်ရဲ့ ကျန်နေတဲ့ ဘဝတစ်ခုလုံး ထောင်ထဲမှာပဲ ကုန်ဆုံးရတော့မယ် ဟားဟား”
စကားဝိုင်းတွင် သူတို့နှစ်ယောက်တည်းသာရှိသော်လည်း မုန့်ရုယန်သည် ရှက်မနေသည့်အပြင် သူမ၏ အသံကိုလည်း နှိမ့်ချ၍ မပြောပေ။
“Niuhulu Strategy” အဖွဲ့သားများသည် သူတို့၏ ထွက်ဆိုမှုပြီးနောက် ဟိုတယ်အပြင်သို့ထွက်လာချိန်တွင် ထိုမြင်ကွင်းကိုမြင်လိုက်ရခြင်းကြောင့် အံ့ဩသွားခဲ့ကြသည်။
ရှဲ့ကျစ်သည် ဦးဆောင်၍ မုန့်ရုယန်အား လက်ခုပ်တီး၍ အားပေးလိုက်ပြီး လူများအားလုံးသည်လည်း လက်ခုပ်တီးကာ ထိုအသံများသည် ဟိုတယ်၏ အဝင်ပေါက်မှ ထွက်ရှိလာခဲ့သည်။
ရှဲ့ကျစ်ရှင်း၏ အကြည့်များမှာ အေးဆေးတည်ငြိမ်နေသော်လည်း သူ၏ အသံမှာ ဩဇာအာဏာအပြည့်နှင့် ခြိမ်းခြောက်မှုများပါဝင်နေသည်။
“တကယ်လို့ တစ်ယောက်ယောက်က မုန့်လောင်ရှီးရဲ့ ကိစ္စတွေကိုဖော်ရဲဖော်ကြည့်လေ၊ အဲလူတွေ ဒီလုပ်ငန်းကနေ ကန်ထုတ်ခံရမယ်လို့ ကျွန်တော် အာမခံတယ်”
ရှဲ့ကျစ်ရှင်းသည် ထိုစကားအား လူတိုင်းကိုပြောနေသော်လည်း သူ၏ အကြည့်မှာ လင်းရှောင်ထံသို့ ရောက်နေခဲ့သည်။
လင်းရှောင်၏မျက်နှာတွင် မကျေနပ်မှုများဖြင့် ပြည့်နေခဲ့သည်။ ကျုံးရှင်းသည် ထျန်းရှန့်ကို မယှဉ်နိုင်သည့်အပြင် သူမသည်လည်း ရှဲ့ကျစ်ရှင်းနှင့် မယှဉ်ပြိုင်နိုင်ပေ။
ထိုအချိန်၌ လင်းရှောင်သည် ရှဲ့ကျစ်ရှင်း၏ အနောက်တွင် ကင်မရာကိုင်၍ ရပ်နေသော ကုံသန်းကို သတိထားမိသွားခဲ့သည်။ သူမ၏ မျက်လုံးများမှာ တောက်ပသွားခဲ့ပြီး ရုတ်တရက် ထအော်လိုက်လေသည်။
“ဟေး အနုပညာလောက သာလိကာ အစ်ကိုကြီး၊ ရှင်က ပါပါရာဇီမဟုတ်လား မုန့်ရုယန်က ဒီလောက် ပြသာနာအရှုပ်တော်ပုံအကြီးကြီးရှိနေတာတောင် ရှင်က မဖော်ထုတ်ဘူးလား”
ကုံသန်း သည် ကင်မရာမှန်ဘီလူးအား လက်ထိပ်ခတ်ထားသော လင်းရှောင်၏လက်များထံသို့ ဆွဲလှည့်လိုက်သည်။
“ကျွန်တော်အခု ဖော်နေတာပဲလေ၊ ခင်ဗျားကိုရဲတွေဖမ်းသွားတဲ့ ဗီဒီယိုကို ဖြန့်လိုက်တာက ပိုပြီး ပေါက်သွားမှာမဟုတ်လား မုန့်ရုယန်ကတော့…”
ကုံသန်းသည် အံ့ဩတွေဝေနေသည့် ပုံစံဖြင့် ဘေးကိုလှည့်ကာ မေးလိုက်သည်။
“မုန့်ရုယန်မှာ ပြသာနအရှုပ်တွေရှိတာ ဟုတ်လား၊ ရှဲ့လောင်ရှီး ခင်ဗျားရော မြင်လိုက်လား”
ရှဲ့ကျစ်ရှင်း :”မမြင်ပါဘူး”
“တစ်ခြားသူတွေရော” ဟု ကုံသန်းမှ ထပ်မေးလာခဲ့သည်။
“မြင်လိုက်တဲ့သူရှိလား”
အဖွဲ့သားများအားလုံးသည် “တွေဝေ” နေသည့် အကြည့်ဖြင့် ကြည့်လာခဲ့ကြသည်။
“ဟမ် မုန့်လောင်ရှီးမှာ ပြသာနာအရှုပ်တွေရှိတာလား၊ မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား”
“ကျဲ ယန်ယန်က ဒီကမ္ဘာမှာ အလှဆုံး အမျိုးသမီးပဲလေ၊ ဘယ်လိုလုပ် သူ့မှာ မကောင်းသတင်းတွေရှိနိုင်မှာလဲ”
“ကျွန်တော်တို့ရဲ့ အမျိုးသမီးဇာတ်လိုက်က အလှဆုံးနဲ့ အကောင်းဆုံးပဲလေ၊ အင်တာနက်ပေါ်မှာတောင် သူ့ရဲ့ မကောင်းသတင်းတွေ မရှိဘူး”
“တကယ်လို့ မကောင်းသတင်းတွေရှိလာရင်တောင် အဲဒါက လူယုတ်မာတွေ ဖြန့်တာပဲနေမယ်”
“ဟုတ်တယ် ဟုတ်တယ် အမှန်ပဲ၊ ဘယ်သူကများ ငါတို့ကျဲယန်ယန်ရဲ့ ကောလဟာလတွေဖြန့်ရဲတာလဲ အဲလူက တကယ်ကို အသည်းနှလုံးမရှိတာပဲ”
...
လင်းရှောင်သည် ထိုလူများကြားထဲတွင် မျက်ရည်ကျလုနီးပါးပင် ဖြစ်နေသည်။
ဒါက အလိမ်အညာတွေမဟုတ်ရင် ဘာများ ဖြစ်နိုင်ဦးမှာလဲ။
မည်သို့ပင် ဖြစ်စေကာမူ မုန့်ရုယန်သည် သူတို့ကြောင့် သဘောကျပျော်ရွှင်နေခဲ့သည်။
လင်းရှောင်၏ မျက်နှာတွင် မကျေနပ်မှုများဖြင့် ပြည့်နေခဲ့သော်လည်း ဝန်ထမ်းများအားလုံး၏ ထွက်ဆိုချက်များကို ရရှိပြီဖြစ်သောကြောင့် ရဲအရာရှိခေါင်းဆောင်သည် သူမအား ရဲကားထဲသို့ ဝင်ခိုင်းလိုက်သည်။
သူတို့ထွက်သွားတော့မည်အချိန်တွင် မုန့်ရုယန်သည် ရဲအရာရှိအား မေးလာခဲ့သည်။
“မိုယွီထျန်က အဲကိုရောက်နေတာအတော်ကြာပြီဆိုတော့ သူဘယ်အချိန်ပြန်လွှတ်ပေးမှာလဲဆ်ိုတာ သိချင်လို့ပါ”
ရဲအရာရှိသည် အချိန်အနည်းငယ်စဉ်းစားပြီးမှ ပြောလာခဲ့သည်။
“သက်သေတွေကတော့ မလုံလောက်သေးဘူး၊ သူ့ကို ၂၄နာရီအတွင်း ပြန်လွှတ်ပေးလောက်မှာပါ”
မုန့်ရုယန်သည် သူမ၏ စိတ်လှုပ်ရှားနေသော အသံကို ထိန်းချုပ်လိုက်ပြီး “ကျေးဇူးတင်ပါတယ်” ဟု ပြောလာခဲ့သည်။
လင်းရှောင်ကို ရဲများမှ ခေါ်ဆောင်သွားတော့သည်။
ကုံသန်း၏ ကင်မရာသည် ချက်ချင်းပင် သူတို့နောက်သို့လိုက်၍ လင်းရှောင်၏ စိတ်ပျက်အားငယ်နေသော ပုံအား အမိအရ ရိုက်ကူးလိုက်ရခြင်းကြောင့် အလွန်စိတ်ကျေနပ်နေခဲ့သည်။
သူ၏ဘေးတွင်ရှိသော လမ်းညွှန်တစ်ယောက်သည် ကုံသန်း၏ ပုခုံးကို ပုတ်၍ ပြောလာခဲ့သည်။
“မင်းက စဉ်းစားတွေးခေါ်တက်တဲ့ ပါပါရာဇီတစ်ယောက်ပဲ၊ ရှောင်မိုရဲ့သွေးနဲ့ ခြေရာခံဖို့ CCTVကင်မရာတွေအကုန်လုံး မင်းပေးခဲ့တာလို့ လိမ်ညာသူများကို ဖော်ထုတ်သူက ပြောလာတယ်”
ကုံသန်း၏ မျက်နှာမှာ နီရဲသွားလေတော့သည်။
ထိုအရာမှာ မှန်လေသည်။ ငါးအခုမြောက် အတင်းအဖျင်းကို ဖော်ထုတ်ပြီးနောက် မိုယွီထျန်၏သွေး နှင့် ခြောက်လွှာမှ CCTV ဗီဒီယိုမှတ်တမ်းကို ပေးပို့လာသည့်အတွက် လိမ်ညာသူများဖော်ထုတ်သူသည် အနုပညာသတင်းထောက်မီနာကို mention ၍ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။
သို့သော် အမှန်တကယ်တွင် ထိုသက်သေအထောက်အထားနှစ်ခုလုံးအား လိမ်ညာသူများဖော်ထုတ်သူကိုယ်တိုင် ရှာဖွေခဲ့ခြင်း ဖြစ်သည်။
ပထမဆုံးအချက်မှာ ထိုအချိန်၌ သူမသည် တောင်ပေါ်တွင် မရှိကြောင်း အများကို သက်သေပြရန်အတွက် ကုံသန်းထံမှ ရရှိခဲ့သည်ဟု တမင်တကာ ပြောခဲ့ခြင်း ဖြစ်သည်။
ဒုတိယအချက်မှာ သူမသည် ကုံသန်းနှင့် အပြန်အလှန် အကျိုးရှိမည့် ကိစ္စကို သဘောတူခဲ့ခြင်း ဖြစ်သည်။
အဲဒါကြောင့် ကုံသန်းက အတင်းအဖျင်းတွေကို ဖော်ခဲ့တာ မဟုတ်ပေမဲ့ သူက အောင်မြင်မှုတွေရရှိသွားပြီး မီလီယမ်နဲ့ချီတဲ့ followerတွေရရှိတဲ့အပြင် လင်းရှောင်ကို ရဲတွေဖမ်းသွားတဲ့ သီးသန့်သတင်းကိုလည်း ရရှိသွားတယ်လေ။
ဒီလောက်ဆို လုံလောက်ပြီလေ၊ လိမ်ညာသူများကို ဖော်ထုတ်သူက ပထမနေရာမှာတင် ထုတ်မဖော်လိုက်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်သွားတာပဲ။
တစ်ခြားနည်းဖြင့်ဆိုပါက သူသည် စန်းနျန်းနျန်းတောင်ပေါ်၌ နေ၍ သူ၏ အတင်းအဖျင်းအကဲဖြတ်သည့် ဝါအရဆိုလျှင် မိုယွီထျန်အား အဓမ္မပြုကျင့်သူဖြစ်သည်ဟူသည့် အတင်းအဖျင်းကိုသာ ထုတ်ဖော်နိုင်မည်ဖြစ်သည်။
ဒီလိုစွပ်စွဲခံနေရတာလို့ ဘယ်သူက တွေးမိမှာလဲ။
အခုဆိုရင် ပရိတ်သတ်တွေက လိမ်ညာသူများကိုဖော်ထုတ်သူကို ချီးကျူးတဲ့အပြင် သူ့ကိုပါ ချီးကျူးနေကြပြီ။
ပါပါရာဇီ တစ်ယောက်အနေဖြင့်ဆိုလျှင် သူသည် ပရိတ်သတ်များထံမှ အမြဲ ဆဲဆိုခံနေရခြင်း ဖြစ်သည်။
ဒီလောက် ကောင်းကောင်းမွန်မွန် ဆက်ဆံမှုမျိုးကို သူတစ်ခါမှ မကြုံဖူးဘူးလေ၊
ဒီလောက်ဆို ရပြီလေ လိမ်ညာသူများကို ဖော်ထုတ်သူနဲ့လက်တွဲရတာက စွပ်ပြုတ်ပဲသောက်ရတာမဟုတ်ဘူး အသားပါ စားရတာလေ။
Onlineပေါ်တွင် ရဲအရာရှိများမှ လင်းရှောင်အား ဖမ်းဆီးသွားသည့် ဗီဒီယိုကို တင်လိုက်သည့်အခါ၌ များပြားလှသောကြည့်ရှုသူများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။
[သူတို့ ဖမ်းသွားတာ အဲလောက်တောင်မြန်တာလား၊ ဟိန်းတျန့်က ရဲတွေက တော်တော်မြန်တာပဲ]
[ကောင်းလိုက်တာ၊ အမှိုက်လို အနုပညာရှင်တွေက ထောင်ထဲမှာပဲနေသင့်တယ် မလွှတ်ပေးနဲ့]
[လင်းရှောင်က လူအများကြီးကို ဒုက္ခရောက်စေခဲ့တာလေ ၊သူ့ကို ပြန်ပြီး မလွှတ်ပေးနဲ့]
[စိတ်မပူပါနဲ့ ကျွန်တော်က ဥပဒေကျောင်းသားပါ၊ လိမ်ညာသူများကို ဖော်ထုတ်သူရဲ့ သက်သေတွေက လင်းရှောင်ကို ဆွဲချဖို့အတွက် လုံလောက်ပါတယ်၊ သူလွတ်လာမှာမဟုတ်တော့ဘူး]
[ဟူးး လင်းရှောင်ကို ဖမ်းလိုက်ပေမဲ့လည်း ကောတွေအရင်၂နှစ်က ခံစားရတာတွေကို ပြန်ပြီးပေးဆပ်ဖို့က ခက်ခဲလွန်းတယ်]
[ဟုတ်တယ်၊ အနုပညာရှင်တွေရဲ့ အောင်မြင်တဲ့နှစ်တွေက တိုလွန်းတယ်၊ အထူးသဖြင့် idolတွေလေ ထန်ဝေ့လော့ကတော့ နှစ်အနည်းငယ်ကျန်ပါသေးတယ်]
[ဝိုးးး မိုယွီထျန်ရဲ့ ဘဝကလည်း ခက်ခဲတာပဲ သူ့ရဲ့အခက်အခဲတွေကို စဉ်းစားမိတိုင်း ငါ့ရဲ့နှလုံးသားလေး နာကျင်လာပြီ၊ ရဲတွေက သူ့ကို ဘယ်အချိန် ပြန်လွတ်ပေးမှာလဲ]
...
ဟိန်းတျန့်မှရဲများသည် မိုယွီထျန်အား ၂၄နာရီပြည့်သည်ထိ ထိန်းချုပ်မထားခဲ့ပေ။ နောက်တစ်နေ့တွင် သူသည် လွတ်လာခဲ့၏။
သူသည် online ပေါ်တွင် မည်သည့်အရာများ ဖြစ်နေသည်ကို လုံးဝမသိသည့်အပြင် ရဲစခန်း၌ ရဲအရာရှိများ မေးသော မေးခွန်းများကို ရိုးသားစွာဖြင့် ဖြေဆိုနေခြင်း ဖြစ်သည်။
အစပိုင်းတွင် ရဲအရာရှိများသည် မိုယွီထျန်းအား ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့လေသည်။ သို့သော် နာရီအနည်းငယ်ကြာသည့်အခါ၌ သူတို့သည် သတင်းအသစ်များကိုရရှိကာ သူတို့၏ အထင်အမြင် သဘောထားများသည်လည်း နူးညံ့လာခဲ့သည်။
မိုယွီထျန်သည် ရဲစခန်းထဲမှ ထွက်လာခဲ့သည်။
ဟိန်းတျန့်တွင် တိုင်ဖွန်းမုန်တိုင်းကြောင့် ရက်အတော်ကြာ မိုးများရွာသွန်းခဲ့သော်လည်း ယနေ့တွင် ပြီးဆုံးသွားပြီဖြစ်သည်။
ကောင်းကင်မှာ ကြည်လင်နေခဲ့ပြီး နွေးထွေးလှသည့် လေညှင်းလေးများမှာ မြေကြီးထဲမှ လတ်ဆတ်သော မြေသင်းနံ့လေးများကို သယ်ဆောင်လာခဲ့လေသည်။
သူ၏ရှေ့တွင် ကင်မရာမီးများမှာ တဖြတ်ဖြတ်လင်းနေခဲ့ပြီး ရဲစခန်းရှေ့တွင် များပြားလှသေည သတင်းထောက်များနှင့် ပါပါရာဇီများ စုဝေးနေသည့်ပုံမှာ ယခင်က မိုယွီထျန်အား အဓမ္မပြုကျင့်သူ၏သားဟု ဖော်ထုတ်ခဲ့သည့်အတိုင်းပင် ဖြစ်နေသည်။
သို့သော် ယနေ့တွင် သူ့အား ကြည့်နေသည့် အကြည့်များထဲတွင် မုန်းတီးမှုနှင့် လှောင်ပြောင်ခြင်းများမဟုတ်တော့ဘဲ အပြစ်ရှ်ိသည့်ပုံစံများပေါ်နေလေသည်။
ဒါရိုက်တာလုနှင့် အခြားအဖွဲ့သားများသည် ရဲစခန်းအပြင်ဘက်တွင် ရပ်နေခဲ့ကြပြီး လူတစ်ချို့မှာ တို့ဟူးများ၊ ပန်းစည်းများနှင့် မီးဖိုများကို ကိုင်ဆောင်ထားကြလေသည်။
မိုယွီထျန်မှာ လုံးဝပင် တွေဝေနေခဲ့သည်။
နောက်အနည်းငယ်ကြာတော့ သူ့ရဲ့ သူဌေးဖြစ်တဲ့ ဒါရိုက်တာလုက ဦးဆောင်ပြီး အဖွဲ့သားတွေအကုန်လုံးနဲ့အတူ 90ဒီဂရီ ခါးကိုင်းပြီး ဦးညွတ်လိုက်တယ်။
“မိုယွီထျန် ငါတောင်းပန်ပါတယ်”
“ငါတကယ်တောင်းပန်ပါတယ်၊ ငါအဲလို စွပ်စွဲတဲ့မျက်လုံးတွေနဲ့ မင်းကို မကြည့်ခဲ့သင့်ဘူး အမှန်တရားကို မရှာရသေးဘဲ မင်းကို လူယုတ်မာတစ်ယောက်လို တရားခံတစ်ယောက်လို သဘောထားမဆက်ဆံခဲ့သင့်ဘူး”
အရှေ့တွင် ရပ်နေသော ဒါရိုက်တာလု၏မျက်နှာမှာ တည်ကြည်နေသော်လည်း သူ၏မျက်လုံးထဲတွင် ရိုးသားမှုများရှိနေသည်။
“မိုယွီထျန် ငါတို့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားက လူတွေက ဇာတ်လမ်းတွေအကြောင်းပြောကြတာမဟုတ်ပါဘူး၊ လူတွေအကြောင်းကိုပြောကြတာပါ၊ လူတွေက ဇာတ်လမ်းတွေရဲ့ အဓိကအရာပဲလေ”
“လူတွေက မျက်နှာအမျိုးမျိုးရှိကြတာမလို့ ငါတို့က ပုံသေသတ်မှတ်လို့မရဘူး၊ ငါတို့က ဒီအရာကို အင်တာနက်သုံးစွဲသူတွေထက် ပိုပြီး သိသင့်တာပါ”
“ဒါပေမဲ့ မင်း အဖွဲ့ထဲကိုဝင်လာတဲ့အချိန်မှာ ငါ တစ်ဖက်သက်အမြင်နဲ့ ဆုံးဖြတ်မိသွားတယ်”
“တကယ်လို့ ငါတို့သာ အစကတည်းက မင်းကို ပြစ်မှုကျူးလွန်တဲ့သူလို့ သဘောမထားခဲ့ရင် လင်းရှောင်ရဲ့ ချောက်ချမှုတွေက အောင်မြင်ခဲ့မှာမဟုတ်ဘူး”
သူတို့ ရှဲ့ကျစ်ရှင်းအပေါ်သို့ တစ်ခါမှသံသယမဝင်ခဲ့သည့်ပုံမျိုးဆိုလျှင်။
သို့သော် သူတို့၏ ခံစားချက်များမှာ အစစ်အမှန်များဖြစ်ကြသည် အဘယ့်ကြောင့်ဆိုသော် သူတို့သည် မိုယွီထျန်အား တစ်ဖတ်သတ်အမြင်များဖြင့် ကြည့်ခဲ့ကြပြီး အကြောင်းပြချက်မရှိဘဲ သံသယဝင်ခဲ့ကြခြင်းကြောင့် ဖြစ်သည်။
မိုယွီထျန်၏မျက်လုံးများမှာ နီရဲလာခဲ့သည်။
သူ့ပါးပါး၏ အရှုပ်တော်ပုံများကြောင့် ကမ္ဘာကြီး၏ နှိပ်စက်ခြင်းကို အချိန်အတော်ကြာ ခံစားနေခဲ့ရပြီး သူသည် ထိုအရာများနှင့်တောင် နေသားကျနေပြီ ဖြစ်သည်။ သူသည် တစ်နေ့နေ့တွင် လူတစ်ဦးတစ်ယောက်ချင်းထံမှ တောင်းပန်စကားများ ကြားရမည်ဟု တစ်ခါမှ မတွေးခဲ့ဘူးပေ။
အနားတစ်ဝိုက်တွင်ရှိသော သတင်းထောက်များသည် ရဲစခန်းရှေ့တွင် ဖြစ်ပျက်နေသော အရာအားလုံးအား အင်တာနက်ပေါ်၌ တိုက်ရိုက်ထုတ်လွှင့်၍ ပြသခဲ့သည်။
မိုယွီထျန်အား ရုပ်ရှင်အဖွဲ့သားများမှ တောင်းပန်ရုံသာမကဘဲ အင်တာနက်သုံးစွဲသူများသည်လည်း “တောင်းပန်ပါတယ်” ဟူသည့် စာများ ရေးတင်လာခဲ့သည်။
[ဝူး ဝူး ဝူး ကျွန်တော်လည်း မိုယွီထျန်ကို တစ်ဖတ်သတ်အမြင်နဲ့ ဆုံးဖြတ်မိတာပါ၊ လူတိုင်းမှာ မတူတဲ့ဖြစ်တည်မှုတွေ ရှိကြပါတယ် ပြီးတော့ သူတို့ရဲ့မွေးဖွားလာတာကိုလည်း ရွေးချယ်လို့ မရဘူးလေ သူ့အဖေရဲ့ အရှုပ်တော်ပုံတွေက သူနဲ့ ဘယ်လိုလုပ် ပတ်သတ်မှာလဲ]
[ဟုတ်တယ် ငါ မိုယွီထျန်ရဲ့ အထက်တန်းကျောင်းတုန်းက အကြောင်းတွေကို ပြန်ရှာပြီးသွားပြီ၊ သူက စာအရမ်းကြိုးစားခဲ့တဲ့ ကလေးပဲ]
[သူ ကျောင်းကထွက်ပြီးတော့လည်း အလုပ်အရမ်းကြိုးစားခဲ့တာ၊ သူ့မှာ အရမ်း ခက်ခဲတဲ့အချိန်တွေ ရှိခဲ့တာပဲ]
[တကယ်လို့ ငါသာ သူ့နေရာမှာဆိုရင် ဒီလိုအခက်အခဲပေါင်း သောင်းခြောက်ထောင်ကို ကျော်လွှားပြီးရင် သူ့လောက် ပိုကောင်းအောင်လုပ်နိုင်မယ်လို့ ကိုယ့်ကိုကိုယ် တကယ် အာမ မခံရဲဘူး]
ယခင်နေ့တွင် မုန့်ရုယန်သည် သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှု၌ မိုယွီထျန်အား စော်ကားသူဟု မှားယွင်းစွပ်စွဲခံနေရချ်ိန်တွင် သူမနှင့်အတူရှိခဲ့ကြောင်း ထုတ်ပြောပြခဲ့လေသည်။
[ဒါပေမဲ့ မိုယွီထျန်က မုန့်ရုယန်ရဲ့ အတွင်းရေးကိစ္စတွေကို ကာကွယ်ပေးပြီး အခန်းထဲမှာ တစ်ယောက်တည်းရှိနေတာလို့ ပြောခဲ့တာလေ]
[သူက ဒီလိုအခြေအနေမှာတောင် တစ်ခြားသူတွေအတွက် တွေးပေးနေတာပဲ ငါငိုချင်လာပြီ]
[ငါမျက်ရည်တွေကျလာပြီ၊ ဒီလောက်ကောင်းတဲ့ကောကို အရင်က အပြစ်တင်ခဲ့မိတာပဲ]
[မိုယွီထျန် မင်း ရိုက်ကူးရေးတွေကိုပဲ အားစိုက််လိုက်ပါ၊ အခုကစပြီး မင်းရဲ့ ဇာတ်လမ်းတွဲတွေအကုန်လုံးကို သေချာပေါက် အားပေးမယ်]
[မိုယွီထျန်က တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ မှတ်ချက်တွေကို မမြင်နိုင်လောက်ဘူး၊ ဒါပေမဲ့ သူ့ပတ်ဝန်းကျင်က အကြည့်တွေကိုတော့ သူခံစားနိုင်မှာပါ]
သူအဖေ၏ ကိစ္စများပေါ်ပေါက်လာပြီးကတည်းက ထိုသို့ လူအများထံမှ ညီညီမျှမျှဆက်ဆံခြင်းနှင့် လေးစားခြင်းကို မြင်ရသည်မှာ ပထမဆုံး အကြိမ်ပင် ဖြစ်သည်။
သူသည် ရဲစခန်းထဲမှ ထွက်လာချိန်၌ နေကာမျက်မှန်အနက်ရောင်တပ်ဆင်ထားသော ယောကျာ်းလေးတစ်ယောက်သည် မိုယွီထျန်နားသို့ ချဉ်းကပ်လာခဲ့ပြီး သူ၏ business cardကို ထုတ်ပေးလာခဲ့သည်။
“ဟယ်လို မစ္စတာမို ကျွန်တော််မိတ်ဆက်ပါရစေ၊ ကျွန်တော့်နာမည်က ဟုန့်ပေါ်ချောင်ပါ၊ ကျွန်တော်က တျန်းရှန့်အနုပညာကုမ္ပဏီက အနုပညာရှင်တစ်ယောက်ပါ”
“မင်း ကျုံးရှင်း Mediaနဲ့ စာချုပ်ကိုဖျက်ပြီး ကျွန်တော်တို့နဲ့အတူ တျန်းရှန့်မှာအလုပ်လုပ်ဖို့ စိတ်ဝင်စားလား”
ဟွားမိန်ဟိုတယ်၏ အစည်းအဝေးအခန်းထဲတွင် အလုပ်လာလျှောက်ကြသည့် makeup artist 7ယောက်နှင့် model 7ယောက်တို့ ရှိနေကြသည်။
မုန့်ရုယန်သည် သူမ၏ ခေါင်းကို မော့ထားတာ makeup artist များ၏ ပညာများကို စစ်ဆေးနေခဲ့သည်။
Makeup artist တစ်ဦးသည် model တစ်ယောက်အား သူမအရှေ့သို့ အတင်း တွန်းပို့လိုက်လေသည်။
“မုန့်လောင်ရှီး ကြည့်ပါဦး၊ သူ့ရဲ့လက်မှာ အမာရွတ်တွေရှိပေမဲ့ ကျွန်မ အထူးကောင်းမွန်တဲ့ foundation တစ်ခုနဲ့ ဖုံးထားတာပါ၊ ဘယ်လောက်ပဲ ကောင်းတဲ့ ကင်မရာဖြစ်ဖြစ် ဒီအမာရွတ်တွေကို မမြင်နိုင်ပါဘူး”
နောက်ထပ် makeup artist တစ်ဦးလည်း model တစ်ယောက်ကို တွန့်ပို့လိုက်လေသည်။
“မုန့်လောင်ရှီး ကျွန်မ modelကို ကြည့်ပါဦး သူ့ရဲ့လက်မောင်းမှာ တက်တူးတွေရှိနေတာ ကျွန်မ ပျားဖယောင်းပါးပါးလေးနဲ့ ဖုံးပေးထားတာကြောင့် ဘာတက်တူးမှမမြင်ရတော့ပါဘူး”
“မုန့်လောင်ရှီး ကျွန်မ modelရော၊ ကျွန်မ modelကိုလည်း ကြည့်ပါဦး”
များပြားလှသည့် makeup artistများသည် မုန့်ရုယန်အား သူတို့၏ ထူးခြားပြောင်မြောက်သော ဖုံးကွယ်နိုင်သည့် အရည်အချင်းများကို ပြသလာခဲ့သည်။
မုန့်ရုယန်သည် အကူအညီမဲ့စွာဖြင့် သူမ၏ မျက်နှာကို ကာလိုက်လေသည်။
ယခင်ညတွင် ထွက်ဆိုချက်ပြီးမြောက်ပြီးနောက် မုန့်ရုယန်သည် တိုက်ရိုက်ထုတ်လွှင့်လိုက်ကာ သူမလုံခြုံနေသည့်နေရာတွင်ရှိ၍ ပရိတ်သတ်များ စိတ်မပူစေရန် ပြောကြားခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်နေစဉ်အတွင်း၌ ပရိတ်သတ်တစ်ယောက်သည် သူမ၏ လက်ကောက်ဝတ်တွင်ရှိသော အမှတ်များကို သတိထားမိသွားခဲ့သည်။
မုန့်ရုယန်သည် အစပိုင်းတွင် ဝါယာကြိုးများနှင့် ခြစ်မိသည်ဟု ပြော၍ ဖုံးကွယ်ရန် ကြိုးစားသော်လည်း ကင်မရာအရှေ့တွင် ရင်ဆိုင်လိုက်ရသည့် အခါ၌ သူမသည် ချင့်ချိန်တွေးတောလိုက်၍ နောက်ဆုံးတွင် ရီကျစ်ခိုင်အား လှမ်းခေါ်လိုက်လေသည်။
မုန့်ရုယန်သည် သူတို့၏ ဆက်ဆံရေးအား တစ်နိုင်ငံလုံးရှေ့တွင် ချပြခဲ့ပြီး သူမ၏လက်က အမာရွတ်များသည် အနည်းငယ် ပရောပရည်လုပ်၍ ရလာသည် ဖြစ်ကြောင်း ဝန်ခံခဲ့လေသည်။
ထို့နောက် ရလဒ်မှာ များပြားလှသော သူမ၏ အမျိုးသားပရိတ်သတ်များမှာ ထိုအရာကို လက်မခံခဲ့ကြပေ။ သူတို့သည် မုန့်ရုယန်အား အပြစ်တင် ပြောဆိုခဲ့ကြပြီး သူမကိုဆက်မကြိုက်တော့ကြောင်း ကြေညာခဲ့လေသည်။
သို့သော်လည်း ကျန်ရှိနေသည့် ပရိတ်သတ်များမှာ သူမအား ပို၍ ချစ်ခင်ကာ သစ္စာရှိလာကြသည်။
[ဟားဟားဟား ငါပြောပါတယ်၊ ရီကျစ်ခိုင်ကို ကြည့်တဲ့ ယန်ယန်ရဲ့ အကြည့်တွေက တစ်ခုခုလွဲနေပါတယ်လို့ ပြောပါတယ်၊ အခုတော့ သူတို့က တကယ်ကြီးတွဲနေကြတာပဲ]
[ကျဲကျဲနဲ့ ကောကောတို့က ပြည့်စုံတဲ့အတွဲလေးပဲ တစ်သက်လုံး အတူတူရှိသွားနိုင်ကြပါစေနော်]
[ယန်ယန်ပြောတယ်လေ ဒါက အနည်းငယ်လောက် ပရောပရည်လုပ်တာတဲ့၊ ငါတို့အားလုံးလူတွေပဲလေ ဒီလို ပရောပရည်လုပ်တာက ဘာမှားနေလို့လဲ]
[ယန်ယန် ဖော်ထုတ်ပြီးတော့ Entertainment Bage ကဟိုတယ်ရှေ့မှာ ယန်ယန်က လင်းရှောင်ကို ရင်ဆိုင်ပြီးပြောခဲ့တဲ့ ဗီဒီယိုကို တင်ခဲ့တာလေ၊ အရမ်းကို မိုက်တာပဲ ယန်ယန်က တကယ်လို့ သူ့ကို လှောင်ပြောင်ကြပြီး အနုပညာလောထဲက ကန်ထုတ်ခံရမယ်ဆိုရင်တောင် မိုယွီထျန်ဘက်ကနေ ရပ်တည်ပေးမယ်လို့ပြောခဲ့တာပဲ၊ ဟားဟား သူက အရမ်းကို ရဲရင့်တာပဲ]
[ဒါက ငါသဘောကျရတဲ့ ယန်ယန်ရဲ့ ပုံစံပဲ၊ သူမှာ အခြေခံ စည်းမျဉ်းစည်းကမ်းတွေရှိတယ် မကောင်းတဲ့အရှုပ်တော်ပုံဆိုတာ ဘာလဲ]
[အမှန်ပဲ၊ စရိုက်က အရေးကြီးဆုံး အရာတစ်ခုပဲ၊ ဒီလိုကိစ္စတွေဖြစ်သွားတော့ ငါ ယန်ယန်ကို ပိုပြီး ကြိုက်သွားပြီ ယန်ယန်က ဒါနဲ့ ထိုက်တန်တယ်]
[ဟေးးး ငါက ထန်ကော ဘက်ကနေရောက်လာတာပါ၊ ထန်ကောက Bage ဗီဒီယိုကို like ပေးထားတာတွေ့လို့ မုန့်ရုယန်ကို လာအားပေးတာပါ၊ ကျဲလုပ်တာမှန်တယ် ကျဲ ဥပဒေကို မဆန့်ကျင်နေသရွေ့ ချစ်ကြိုက်တာပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် အကုန်လုပ်လို့ရတယ်]
[ဒီအနုပညာလောကမှာ စရိုက်က ပထမပဲ ပြီးမှ အရည်အချင်းက နောက်ကနေ ပါလာတာ၊ ယန်ယန်က အရည်အချင်းသိပ်မရှိပေမဲ့ အခြား မင်းသမီးငယ်လေးတွေ အထူးသဖြင့် ရှချန်းချန်းနဲ့ ယှဉ်ကြည့်ရင် သူက အရမ်းအလုပ်ကြိုးစားတယ်]
[မုန့်ရုယန်ရဲ့ ပရိတ်သတ်တွေက အမြဲတမ်း ရှချန်းချန်းကို ဆွဲချရတာ သဘောကျနေတာပဲ]
[ကျွန်မက ရှချန်းချန်းရဲ့ ပုံစံကို သဘောကျတဲ့ ပရိတ်သတ်တစ်ယောက်ပါ၊ ဟင်းး ကျွန်မရဲ့ ကျဲက နည်းနည်းတော့ ရူးသွပ်လွန်းတယ်]
[ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ငါကတော့ ယန်ယန်ကို အားပေးတယ်၊ ဒီလိုတွေ ဖြစ်ပြီးတော့ ငါယန်ယန်ကို ပိုပြီးတော့ ကြိုက်လာပြီး ယန်ယန်ရဲ့ အပြုအမူတွေက ငါသူ့ကို ကြိုက်တာမှန်တယ်ဆိုတာ သက်သေပြနေတာပဲ]
...
မူလအစပိုင်း၌ မုန့်ရုယန်သည် သူမ၏အကြောင်းအား ကိုယ်တိုင်ထုတ်ဖော်လိုက်ပါက သူမ၏ အသက်မွေးလမ်းကြောင်းလုပ်ငန်းမှာ ရပ်တန့်သွားမည်ဟု လူအများမှ ထင်နေခဲ့ကြသည်။
သို့သော် မထင်မှတ်ထားဘဲ လူအများသည် ထိုအကြောင်းအား မေ့သွားခဲ့ကြပြီး သူမ၏ ကျော်ကြားမှုနှင့် ဂုဏ်သိက္ခာမှာ မြှင့်တက်လာခဲ့သည်။
သူ့ရဲ့ ဇာတ်လမ်းတွဲကို Strawberry channel မှာ ထုတ်လွှင့်တုန်းက ပိုက်ဆံပေးပြီး ကြေညာတာတွေ ဒါမှမဟုတ် ခိုးကူးပြီး ရောင်းတာတွေ မလုပ်ဘဲနဲ့တောင် သူ့ရဲ့ ကျော်ကြားမှုက တဟုန်ထိုး မြှင့်တင်လာတာပဲ အကဲဖြတ်တဲ့အမှတ်တွေမှာလည်း ထိပ်ဆုံးမှာပဲလေ။
မုန့်ရုယန်၏ ပရိတ်သတ်များမှာလည်း ပျော်ရွှင်ကြည်နူးနေခဲ့ကြသည်။ သူတ်ို့သည် ဖြောင့်မတ်၍ တရားမျှတမှုရှိသော အနုပညာရှင် တစ်ဦး၏ ပရိတ်သတ်များပင် ဖြစ်ကြလေသည်။
သူတို့သည် အဘယ့်ကြောင့် မပျော်ဘဲနေနိုင်မည်နည်း။
နောက်တစ်နေ့တွင် ချန်းကောသည် makeup artist များကို interviewနေသည့် အချ်ိန်၌ ယခင်ညက ပြောနေကြသော online ပေါ်မှ မှတ်ချက်များအကြောင်းကို မုန့်ရုယန်အား ပြောပြလိုက်လေသည်။
“အခုခေတ် ပရိတ်သတ်တွေက အရမ်း ဆန်းကြယ်တာပဲ” ဟု နောက်ဆုံး၌ သူသည် ထိုသို့ သုံးသပ်လိုက်လေသည်။
“သူတို့ရဲ့ အဲလိုတုံပြန်မှုတွေက ကျွန်တော့်ကို တစ်စုံတစ်ခုအကြောင်း သတိရသွားစေတယ်”
မုန့်ရုယန်သည် makeup artist အသစ်အား လက်ခံလိုက်ပြီးနောက် ချန်းကောကို ပြောလာခဲ့သည်။
“အခုက ပြောင်းလဲချိန်တန်ပြီ ကျွန်မက 27 နှစ်ရှိပြီဆိုပေမဲ့ ပန်းပွင့်လေးလို့ ခေါ်နေကြတုန်းပဲလေ၊ အသက် ၂၀ပဲရှိသေးတဲ့ မင်းသမီးလေးတွေက အဲဒါကို ကြိုက်ကြမှာမဟုတ်တော့ဘူး”
“ကျွန်မရဲ့ အတွင်းရေးတွေ ပေါ်သွားမှာကို ဘာလို့ စိုးရိမ်နေခဲ့တာလဲဆိုတော့ ကျွန်မရဲ့ အပျိုလေးဆိုတဲ့ ပုံရိပ်ကို ထိန်းသိမ်းချင်တာ၊ အဲဒါမှသာ အချစ်ဇာတ်လမ်းတွေမှာ သရုပ်ဆောင်ဖို့အတွက် ပိုလွယ်ကူပြီး စျေးကွက်ထဲက ရေပန်းစားတဲ့ ဇာတ်ညွှန်းတွေကို ရနိုင်မှာလေ၊ ဒါပေမဲ့ အခုကျတော့ ကျွန်မမှာ ပိုက်ဆံရော ပရိတ်သတ်တွေရော အများကြီးရှ်ိနေပြီ ကျွန်မ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား လောကမှာ အသစ်အစမ်း အချိူ့ကို စမ်းပြီးရှာဖွေသင့်နေပြီ”
“တကယ်လို့ မတူတဲ့စျေးကွက်က်ို လိုချင်တယ်ဆိုရင် ကျွန်မတို့လို ထိပ်တန်း သရုပ်ဆောင်တွေက အရေးမပါတဲ့ idol ဇာတ်လမ်းတွဲတွေကိုပဲ ကပ်တွယ်နေလို့မရတော့ဘူးလေ ၊ ကျွန်မတို့လို ထိပ်တန်းသရုပ်ဆောင်တွေတောင် လမ်းကြောင်းအသစ်ဖောက်ဖို့မလုပ်ရဲရင် တစ်ခြားဘယ်သူကများ လုပ်ရဲ ဦးမှာလဲ”
ချန်းကောမှာ အနည်းငယ် စိုးရိမ်သွားပြီးနောက် မျက်မှောင်ကြုတ်လိုက်လေသည်။
“မင်းက မတူညီတဲ့ဇာတ်လမ်းအသစ်တွေကို ရှာဖွေချင်တယ် ပြီးတော့ ကျော်ကြားမှု သိပ်မရှိတဲ့ TV ဇာတ်လမ်းတွဲတွေကိုသုံးပြီး မင်းရဲ့ အောင်မြင်မှုတွေကို မြှင့်တင်ချင်တာလား၊ ဒါပေမဲ့ အဲဒါက မလွယ်ဘူးနော် ပြီးတော့ မင်း သိတဲ့အတိုင်းပဲ အဲ့ ဇာတ်လမ်းတွဲတွေက low-budget တွေမလို့ သရုပ်ဆောင်ကြေးပေးတာလည်း အရမ်းနည်းတယ်”
“ကျွန်မအတွက်အဆင်ပြေပါတယ်” ဟု မုန့်ရုယန်မှ ပြုံးလိုက်လေ၏။
“ကျွန်မ ပိုက်ဆံတွေ အများကြီး ရှာခဲ့ပြီးပြီလေ၊ အခုက အဓိပ္ပာယ်ရှ်ိတဲ့အရာတစ်ခုခု လုပ်ရမဲ့ အချိန်ပဲ”
မုန့်ရုယန်သည် မတ်တပ်ရပ်လိုက်တာ သူမ၏ အဆင့်မြင့်ဇိမ်ခံ အခန်းသို့ ပြန်သွားရန် ပြင်ဆင်လိုက်သည်။
သူမ ဓာတ်လှေကားထဲက ထွက်လာသည့်အချိန်၌ ရှရှထွက်လာသည်ကို မြင်လိုက်လေသည်။
သူတို့နှစ်ဦးလုံး အကြည့်ချင်း ဆုံသွားခဲ့သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် မုန့်ရုယန်သည် ရှေ့သို့တိုးကာ ရှချန်းချန်း၏ မိတ်ကပ်များဖြင့်ဖုံးထားသော သူ၏မျက်နှာအား ညှစ်လိုက်လေသည်။
“တစ်ယောက်က ရှရှ ယ၊ နောက်တစ်ယောက်က သုန်သုန် ကောင်းသားပဲ ဒါပေမဲ့ အခုကျ လိမ်ညာသူများ ဖော်ထုတ်သူ ရှ ပေါ့၊ ငါမသိတဲ့ တစ်ခြား ပုံစံတွေများရှိနေသေးလား”
ရှချန်းချန်းသည် အောက်ထပ်သ်ို့ဆင်း၍ မုန့်ရုယန်ကို ထိုကိစ္စများ ရှင်းပြရန် စီစဉ်ထားသော်လည်း ဤနေရာတွင် တွေ့မည်ဟု မထင်ထားခဲ့ပေ။
သူမ၏ နူးညံ့သည့် လက်ချောင်းများကြောင့် ယခုမှ လိမ်းထားသော မိတ်ကပ်များမှာ ပျက်သွားလေသည်။
“ နည်းနည်းလေးပါ တကယ် နည်းနည်းလေးပါပဲ” ဟု ရှချန်းချန်းမှ ငြီးတွား၍ ပြောလိုက်လေသည်။
မုန့်ရုယန်သည် ရှချန်းချန်းအား စိတ်တိုစွာဖြင့် စိုက်ကြည့်ပြီးနောက် လွတ်ပေးလိုက်လေသည်။
ရှချန်းချန်းသည် သူမ၏ ပါးပြင်ပေါ်မှ ပျားဖယောင်းများ ချောမွေ့သွားစေရန် ပွတ်လိုက်ပြီးနောက် နာကျင်နေသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။
“ဒါပေမဲ့ ငါက လိမ်ညာသူများ ဖော်ထုတ်သူမှန်း နင်ဘယ်လိုသိတာလဲ”
မုန့်ရုယန်၏ လှပသော မျက်နှာလေးမှာ မော့လာခဲ့သည်။
“ငါက အရူးမှမဟုတ်တာ၊ တကယ်လို့ အနုပညာသတင်းထောက် မီနာက မိုယွီထျန်ရဲ့ ဖြူစင်ရိုးသားမှာကို တကယ်သက်သေပြနိုင်တယ်ဆိုရင် သူက ဒီလောက် ကောင်းတဲ့သတင်းကို နင့်ကိုပေးမှာလား၊ ပြီးတော့ အထူးလက်ထောက်ကျိုး ငါ့ကိုတင်ပြလာတုန်းက စဉ်းစားမရဖြစ်နေတာ နင့်လို makeup artist တစ်ယောက်က ဘာလို့ လင်းရှောင်နဲ့ မိုယွီထျန် အကြောင်းကို စိတ်ဝင်စားနေတာလဲပေါ့ ပြီးတော့ နင် ရှဲ့ကျစ်ရှင်းအတွက် ကူပြီး ရှင်းလင်းခဲ့ပေးတာတွေနဲ့ဆိုရင် ခန့်မှန်းရတာ အဲလောက်မခက်ပါဘူး”
အကယ်၍ ရှရှသည် လိမ်ညာသူများ ဖော်ထုတ်သူ ဖြစ်နေပါက အရာအားလုံးအား ဖြေရှင်းနိုင်ခဲ့လေမည်။
ရှချန်းချန်းသည် သူမ၏ မျက်နှာကို ကာလိုက်ပြီး သတ်ိထား၍ ပြောလာခဲ့သည်။
“ဒါဆိုရင် နင် ငါ့ကို ဖော်တော့မှာလား”
မုန့်ရုယန်သည် ရှချန်းချန်းအား စိုက်ကြည့်ပြီးနောက် တ်ိတ်ဆိတ်သွားခဲ့သည်။
ခဏကြာပြီးနောက် “ မဖော်ပါဘူး” ဟု ပြောလာခဲ့လေသည်။
မုန့်ရုယန်: “တကယ်တော့ နင်က ငါ့ကို အနိုင်ကျင့်ခံရတယ်လို့ထင်ပြီး ငါ့ရဲ့ makeup artist ဖြစ်လာတာမလား”
ရှချန်းချန်းသည် ရုတ်တရက် အလန့်တကြား ဖြစ်သွားပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငြိမ့်လိုက်သည်။ သူမသည် ထိုအရာအား အိမ်တွင်းအကြမ်းဖက်မှုပြသာနာဟု ထင်ခဲ့ပေမဲ့လည်း ထိုအရာမှာ ကျရှုံးခဲ့လေသည်။
အရင်က မကောင်းတဲ့ဟာတွေ ပြောမနေပါနဲ့တော့။
“ဒါပေမဲ့ နင်ငါ့ကို မဖော်ခဲ့ဘူးလေ” ဟု မုန့်ရုယန်မှ အေးဆေးတည်ငြိမ်စွာဖြင့် ပြောလာခဲ့သည်။
ရှရှသည် သူမ၏ နောက်ထပ်ကိစ္စတွေကိုသာ ဖုံးကွယ်ပေးခဲ့ရုံသာမက အဖွဲ့သားများ တစ်ယောက်ချင်းကိုလည်း လျို့ဝှက်ထားပေးရန် အကူအညီ တောင်းခဲ့လေသည်။
မုန့်ရုယန်သည် ပါပါရာဇီများကို မုန်းတီးခဲ့ပြီး သူမ၏ လျှို့ဝှက်ချက်လေးများ ဖော်ထုတ်ခံရ၍ အနုပညာလောကထဲတွင် အခြေချ၍ မရတော့မည်ကို ကြောက်လန့်နေခဲ့ရသည်။
သို့သော် ယခုတွင် ပါပါရာဇီများအားလုံးသည် မတူညီကြကြောင်း နားလည်သွားခဲ့သည်။
“ပြီးတော့ ငါနင့်ကို ဘာလို့ ဖော်ထုတ်ရမှာလဲ”
မုန့်ရုယန်၏ မျက်လုံးများမှာ ကွေးသွားခဲ့ပြီး ရှချန်းချန်း၏ ပုခုံးကို လှမ်းဖက်လိုက်လေသည်။
“ဒီလို ထူးခြားပြောင်မြောက်တဲ့ ရေတပ်အကောင့် ရှိတဲ့ သူငယ်ချင်းမျိုးကိုပိုင်ဆိုင်ထားရတာ ငါ့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် သေချာပေါက် အကူအညီရမှာပဲလေ ငါက အရူးမှမဟုတ်တာ၊ ငါ့ရဲ့ အသစ်အဆန်းတွေ ပြောင်းလဲဖို့အတွက် နင့်ရဲ့အများဆီကို ကြေညာပေးမှုကိုလိုတယ်၊ နင်ငါ့ကို ကူညီပေးမယ် မဟုတ်လား”
“ဒါပေါ့ ကိစ္စမရှိပါဘူး၊ ကူညီပေးမှာပါ” ဟု ရှချန်းချန်းမှ ချက်ချင်းပင် ခေါင်းငြိမ့်လာခဲ့သည်။
ဒီလို မိန်းမလှလေးတစ်ယောက်က ကြေညာချင်နေတာပဲ ဘယ်လိုလုပ် သူ ငြင်းနိုင်မှာလဲ သေချာပေါက်ကို ကူညီပေးမှာပေါ့။
“ဒါပေမဲ့…”
မုန့်ရုယန်သည် နီးကပ်စွာတိုးလာခဲ့ပြီး သူမ ပွတ်သပ်ထားခြင်းကြောင့် အနည်းငယ် ပုံမကျဖြစ်နေသော ရှချန်းချန်း၏ မျက်နှာအား နီးနီးကပ်ကပ်စိုက်ကြည့်လိုက်လေသည်။
“နင့်ရဲ့အခုမျက်နှာကလည်း အတုကြီးပဲ၊ ဒါဆို နင့်ရဲ့ မျက်နှာ ပုံစံ အစစ်က ဘယ်လိုမျိုးလဲ”
ရှချန်းချန်းမှာ ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။
မုန့်ရုယန်သည် နောက်ဆုံးတွင် ထိုမေးခွန်းအား ထုတ်မေးခဲ့လေသည်။
ရှချန်းချန်းသည် အချိန်ခဏတာ တုံ့ဆိုင်းသွားခဲ့ပြီးနောက် နောက်ဆုံးတွင် မုန့်ရုယန်အား ရှဲ့ကျစ်ရှင်း၏ အဆင့်မြင့်ဇိမ်ခံခန်းသို့ ခေါ်လာခဲ့သည်။
မုန့်ရုယန်အရှေ့တွင် သူမ၏ ဖုံးကွယ်ထားသောမျက်နှာအား တဖြည်းဖြည်းဖြင့် ဖယ်ရှားပြလိုက်လေသည်။ သူမ၏ မျက်နှာအပြည့်အစုံပေါ်လာသည့် အခါ၌ မုန့်ရုယန်မှာ အသက်ရှုပင် မှားသွားခဲ့တော့သည်။
ရှချန်းချန်းရဲ့မျက်နှာက အစစ်မဟုတ်မှန်းသိပေမဲ့လည်း တကယ့် လူအစစ်က သူနဲ့အတူတူ “ ပန်းလေး လေးပွင့်” အဖွဲ့ဝင်ဖြစ်နေမယ်လို့ သူမတွေးခဲ့ဖူးဘူး။
“ဘယ်လိုလုပ် နင်ဖြစ်နေတာလဲ”
မုန့်ရုယန်မှ အလန့်တကြားဖြင့် အော်ပြောလိုက်သည်။
“ငါက ဒီတိုင်း အတင်းပြောတက်တဲ့အကျင့်လေး နည်းနည်းပဲရှိတာပါ ဒါပေမဲ့ အဲဒါက တကယ်ကို နည်းနည်းပါးပါးပါ နည်းနည်းလေးပဲ” ဟု ရှချန်းချန်းမှ ရှက်ကိုးရှက်ကန်းဖြင့် ပြောလာခဲ့သည်။
“ဘယ်သူက အဲအကြောင်းပြောနေလို့လဲ”
မုန့်ရုယန်မှာ မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့သို့တိုးကာ ရှချန်းချန်း၏ မေးစေ့အား ဆွဲလိုက်၍ အပေါ်စီးဆန်ဆန်ဖြင့် ပြောလာခဲ့သည်။
“ငါစိတ်ဆိုးတာက အရင်တစ်ခေါက် ရှဲ့မိသားစုရဲ့ ညစာစားပွဲမှာ ငါ ကိတ်မုန့်လေး ငါးခုစားတဲ့အကြောင်းကို နင်ဖော်ထုတ်ခဲ့လို့ပဲ”
ဒီပုံစံက ဒါနဲ့ နေပါဦး အရမ်းလှတဲ့ကျဲကျဲလေးရေ ဘာလို့ မဟုတ်တရုတ်ခေါင်းစဉ်အပေါ်မှာ အရမ်းအာရုံစိုက်နေရတာလဲ။
“ရှချန်းချန်း နင်က ပြသာနာမပဲ၊ ငါ အမြဲတမ်း အလှနတ်ဘုရားမလေး ဖြစ်ခဲ့တာ အခုတော့ အစားကြီးတဲ့ သူဆိုတဲ့ အစွဲအလမ်းကြီးတဲ့ မှတ်ချက်ကြီးပါလာပြီ အဲဒါ အကုန်နင့်အမှားတွေပဲ”
ရှချန်းချန်း: ???