← Chapters

လှေကားပါလာရင် တကယ်ဝင်လို့ရမှာလား

Vol. 1 Ch. 12

လှေကားပါလာရင် တကယ်ဝင်လို့ရမှာလား

Vol. 1 Ch. 12

ကျန်းလင်းစုသည် ကျိယွမ်နှင့်ယှဥ်၍ ငြင်းခုန်မနေတော့ပါ ။

ဥပါဒါန်သွေးမျိုးဆက်များသည် အများနှင့်မတူကြပါ ။ထို့ကြောင့် ငြင်းခုန်နေ၍ အကျိုးမရှိပေ ။

ကျိယွမ်၏ ဂိမ်းအပေါ်စွဲလမ်းနေခြင်းနှင့် ပတ်သက်၍ ပြောရလျှင် အနာဂတ်၌ စွမ်းရည်ရှိခြင်းမရှိခြင်းမှာ လူပေါ်တွင်သာ မူတည်၏ ။

ထူးချွန်သော ဓားပါရမီရှင်တစ်ဦးသည် အခြေခံဓားရေးပညာကို လေ့ကျင့်ထားသည့်တိုင် သာမန်စွမ်းရည်ရှိသူများ ကျောက်စိမ်းအဆင့်ဓားရေးကို လေ့ကျင့်ထားသည်ထက်ပို၍ အစွမ်းထက်နိုင်သည် ။

ဆရာတူအစ်ကိုကြီးသည် ထိုသို့သောပါရမီရှင်များ ဖြစ်နိုင်သလား ။

သူမ၏အမြင်တွင်တော့ သူသည် ပါရမီရှင်တစ်ဦးဖြစ်ကောင်းဖြစ်နေနိုင်သော်လည်း ထူးချွန်သူတစ်ဦးတော့ မဟုတ်ပါ ။

သာ့ရှန်းတိုင်းပြည်သည် အလွန်သေးငယ်လှသည် ။ထို့အပြင် ကန်းလန်ကုန်းမြေတိုက်ကြီးသည် အလွန်ကြီးမားလှ၏ ။

သာ့ရှန်းတိုင်းပြည်ကို လျစ်လျူရှုနိုင်သော သူမ၏ မိသားစုပင် ကန်းလန်ကုန်မြေတိုက်ကြီးတွင် အရေးပါသောအနေအထားတွင် ရှိမနေပါ ။

"ဂိုဏ်းတူအစ်ကိုကြီး. အနာဂတ်မှာ ညီမလေးကို ကာကွယ်ပေးနိုင်အောင် ကောင်းကောင်းလေ့ကျင့်ဖို့ မမေ့နဲ့နော် "

ထိုမျှသာပြောကာ ကျန်းလင်းစုသည် သူမ၏ ကောက်ရိုးအိမ်သို့ ပြန်သွားခဲ့သည် ။

ကျိယွမ်လည်း လိုချင်တာရသွားပြီမို့ သူ၏ အခန်းသို့ ပြန်သွားလေသည် ။

ထို့နောက် ကျန်းလင်းစုပေးထားသော ကျောက်စိမ်းလွှာကို ထုတ်ကာ နည်းစနစ်များကို စတင်စစ်ဆေးတော့သည် ။

" မြေမိစ္ဆာဝိညာဥ်နည်းစနစ် ဆိုပါလား "

"ဒါကရော ဘာလဲ ၊ လေးဆင့်တိုးတက်ရေး နည်းစနစ်တဲ့ ၊ ကောင်းမဲ့ပုံပဲ "

"ဒီတစ်ခုက ယွမ်သုံးပါးသန့်စင်ခြင်း သိုင်းပညာ တဲ့ ၊ သူလည်းမဆိုးဘူး "

ကျိယွမ်သည် ကျောက်စိမ်းလွှာအတွင်းရှိ သော နည်းစနစ်များကို လျှင်မြန်စွာ ဖတ်ရှုနေသည် ။

သူ၏ ဖုံးကွယ်ထားသော အချက်အလက်များကို မြင်နိုင်သော စွမ်းရည်ကိုလည်း ဆက်တိုက် အသုံးပြုနေ၏ ။

【ဤအရာမှာ ကျင်းချုန်းသူရဲကောင်းလေးပါး ဖန်တီးထားသော လေးဆင့်တိုးတက်ရေး နည်းစနစ် ဖြစ်သည် ။ အဆင့်မြင့်နည်းစနစ် ဖြစ်သော်လည်း အမှန်တွင် လူလေးဦးအတွက် စုံတွဲလေ့ကျင့်သော နည်းလမ်းဖြစ်သည် ။ လေးဦးအတူတကွ လေ့ကျင့်ပါက ကျောက်စိမ်းအဆင့်သို့ ရောက်ရှိနိုင်သည် ။】

ကျင့်ကြံရေးနည်းစနစ်များကို စဦးအဆင့်၊ အလတ်တန်းစားအဆင့်၊ ထိပ်တန်းအဆင့် ၊ ကျောက်စိမ်းအဆင့်၊ နက်နဲသောအဆင့်နှင့် ကောင်းကင်အဆင့်ဟူ၍ ခွဲခြားထားသည် ။

အဆင့်မြင့်လာလေလေ ကျင့်ကြံရန်ခက်ခဲလာလေဖြစ်ပြီး စွမ်းအားလည်း ပိုကြီးမားလာမည်ဖြစ်သည် ။

ကျောက်စီမ်းလွှာတွင် စုစုပေါင်း နည်းလစနစ် ၆၂၇ ခုပါရှိပြီး အများစုမှာ စဦးအဆင့်နှင့် အလတ်တန်းစားအဆင့်များဖြစ်သည် ။ ထိပ်တန်းအဆင့် နှင့် ကျောက်စိမ်းအဆင့်မှာ အနည်းငယ်သာ ပါရှိသည် ။

နှစ်ရက်ဆက်တိုက် ကျိယွမ်သည် ကျောက်စိမ်းလွှာကို ဖတ်ရှုနေခဲ့သည် ။

ကျောက်စိမ်းလွှာမှ ပညာရပ်များကို စုဆောင်းခြင်းသည် သူ့အတွက် အလွန်များပြားသော အကျိုးကျေးဇူးများ ရရှိခဲ့သည် ။

ဒုတိယနေ့ ညနေရောက်သောအခါတွင် ကျိယွမ်၏ မျက်လုံးအောက်တွင် အမည်းစက်များ ဖြစ်ပေါ်နေသည် ။ နေ့မနား ညမနား နည်းစနစ်များကို လေ့လာနေခြင်းကြောင့်မျက်ကွင်းများ ညိုလာခြင်း ဖြစ်သည် ။

အများက ကျိယွမ်မည်မျှကြိုးစားသည်ကို မသိကြပေ ။ သူတို့က သူ့ကိုစိတ္တဇသမားဟုသာ ထင်မြင်ကြ၏ ။

ထိုအချိန်မှာပင် သူသည် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည် ။

"ဟားဟား ဟားဟားဟား ၊ ရပြီကွ ရပြီ "

နောက်ဆုံးမှာတော့ သူက ရှန်ကွမ်းဂိုဏ်း၏ နည်းစနစ်များနှင့် ကျန်းလင်းစုပေးသော နည်းစနစ်များကို အခြေခံပြီး နည်းစနစ်အသစ်ခု၏ အကြမ်းထည်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည် ။

သူသည် သူ၏ နည်းစနစ်ကို စွမ်းရည်ဖြင့် ကြည့်ရှုလိုက်သည် ။

【ဤအရာမှာ ချို့ယွင်းချက်ရှိသော နည်းစနစ်တစ်ခုဖြစ်သည် ။ ဤနည်းဖြင့် လေ့ကျင့်ခြင်းသည် မှတ်ဉာဏ်ရှုပ်ထွေးမှုကို ဖြစ်စေနိုင်ခြေရှိပြီး ချီသနိ့စင်ခြင်းအဆင့်ထိပ်ဆုံးသို့ လေ့ကျင့်နိုင်သည် ။

ထူးခြားချက်မှာ ဤနည်းလမ်းဖြင့်ကျင့်ကြံလျှင် မည်သည့်စွမ်းအားကြီးသူမှန်သမျှ၏ အမြှောက်စာ မဖြစ်နိုင်တော့ပါ ။】

ကျိယွမ်က စာသားများကို ဖက်ကာအလွန်စိတ်လှုပ်ရှားနေသည် ။

သူ၏ မအိပ်မနေ ကြိုးစားအားထုတ်မှုသည် အချည်းနှီးမဖြစ်ခဲ့သည့်အပြင် အမှန်တကယ်ပင် အောင်မြင်မှုကို ဖြစ်စေခဲ့သည် ။

"ဒီလိုအောင်မြင်စေတဲ့ နည်းစနစ်မျိုးကို အမည်တစ်ခုတော့ ဂုဏ်ပြုထိုက်တယ် "

ကျိယွမ်က သူ၏နည်းစနစ်အား ဖတ်ရင်းမှ လေးလေးနက်နက် စဉ်းစားနေ၏ ။

ခဏကြာသည်အထိ စဉ်းစားပြီးနောက် နောက်ဆုံးတွင် သူက နည်းစနစ်၏အမည်ကို စဥ်းစား၍ရသွားလေသည် ။

"အခုချိန်ကစပြီး ဒီနည်းစနစ်ကို ကျိယွမ်ကျမ်း လို့ နာမည်ပေးလိုက်ပြီ "

ထိုနာမည်က ရိုးရိုးရှင်းရှင်းနှင့် နားလည်ရလွယ်ကူသည် ၊

ကျိယွမ်က နည်းစနစ်ကို အထပ်ထပ်ဖတ်ကာ အလွန်ကျေနပ်နေသည် ။

အတန်ကြာ ပျော်ရွှင်ပြီးနောက် ပြင်းထန်သော ပင်ပန်းနွမ်းနယ်မှုကို သူ စတင်ခံစားရသည် ။ သူသည် အမှန်တကယ်ကို ပြင်းထန်စွာ အားစိုက်ထုတ်ခဲ့ရသည် မဟုတ်ပါလား ။

"ကံမကောင်းတာက ဒါက ချီသန့်စင်ခြင်း ထိပ်ဆုံးအဆင့်ထိပဲ ကျင့်ကြံနိုင်တယ် ၊ အခြေတည်အဆင့်အတွက် နည်းစနစ်ဖန်တီးဖို့ဆိုရင် ငါက အခြေတည်အဆင့်ကို နားလည်ဖို့လိုတာပဲ ၊ မနက်ဖြန် ဂိုဏ်းရဲ့ပို့ချမှုတွေကို သွားပြီးနားထောင်ရမယ်

သူက အိပ်ယာပေါ်သို့ လှဲချလိုက်ပြီး ဂိမ်းကျောက်ပြားအား ထုတ်ယူလိုက်သည် ။

သို့သော် အလွန်ပင်ပန်းနွမ်းနယ်နေပြီဖြစ်သောကြောင့် သူ၏မျက်ခွံများသည် အလိုလိုမှေးစင်း၍ ပိတ်သွားကြ၏ ။ ဂိမ်း ကျောက်ပြားသည်လည်း သူ၏ခန္ဓာကိုယ်ထဲသို့ အလိုလို ပေါင်းစည်းသွားခဲ့သည် ။

"ကျင်းလီတစ်ယောက် ဘာတွေလုပ်နေမလဲ မသိ..."

ကျိယွမ်သည် နက်ရှိုင်းစွာ အိပ်ပျော်သွားခဲ့သည် ။

......

ရွှမ်းဟွမ်တားမြစ်နယ်မြေသည် လူသူအရောက်အပေါက်နည်းသော နေရာတစ်ခုဖြစ်သည် ။ တားမြစ်နယ်မြေများသည် ကြီးမားသော အန္တရာယ်များကို ကိုယ်စားပြု၏ ။

ရွှမ်းဟွမ်တားမြစ်နယ်မြေဆိုလျှင် အပြင်စည်းကပင် အန္တရာယ်ကြီးမားလှသဖြင့် သြဇာအကြီးမားဆုံးဖြစ်သော ဧကရာဇ်အဆင့်များပင် မဝင်ရောက်နိင်ပေ ။

ယခုအချိန်တွင် တားမြစ်နယ်မြေ၏ အပြင်ဘက်တွင် မျှော်လင့်မထားသော လူစိမ်းတစ်စု ရောက်ရှိလာခဲ့သည် ။

သူတို့ထဲတွင် ထူးဆန်းသော အဝတ်အစားများဝတ်ဆင်ထားသော အမျိုးသမီးခုနစ်ဦးနှင့် အကျဉ်းသားဝတ်စုံဝတ်ဆင်ထားသော အမျိုးသားသုံးဦး ပါဝင်၏ ။

အထူးခြားဆုံးအချက်မှာ အားလုံး၏ ကျောဘက်တွင် လှေကားတစ်စင်းစီ သယ်ဆောင်လာခြင်းပင်ဖြစ်သည် ။

ကျင်းလီသည် သူမ၏ရှေ့တွင်ရှိသော ရွှမ်းဟွမ်တားမြစ်နယ်မြေကို ကြည့်ရှုနေသည် ။

သူမသည် တားမြစ်နယ်မြေ၏အပြင်ဘက်ပတ်ပတ်လည်တွင် အကာအကွယ်အတားအဆီးတစ်ခုရှိသည်ကို တွေ့ရသည် ။

ထိုအတားအဆီးကို ဧကရာဇ်တစ်ပါးကတောင် ချိုးဖောက်၍မရနိုင်ပါ ။

အတားအဆီးအပြင်မှ ရပ်၍ ရွှမ်းဟွမ်တားမြစ်မြေအတွင်းသို့ လှမ်း၍ ကြည့်ရှုနိုင်၏ ။

သို့သော် မီတာရာချီသော အကွာအဝေးအတွင်း၌ပင် သူမသည် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများစွာကို မြင်တွေ့နေရလေသည် ။

လက်ရွေးစင်တပ်မှူးသည် ရှေ့သို့တက်လာကာ ရိုသေလေးစားစွာ လျှောက်တင်သည် ။

"အရှင်မြတ်၊ ကျွန်မတို့ အနီးအနားတဝိုက်မှာ စုံစမ်းကြည့်ခဲ့ပါတယ် ၊ ရွှမ်းဟွမ်တားမြစ်နယ်မြေ အပြင်စည်းမှာလည်း ပြောင်းလဲမှုမရှိသလို အတွင်းမှာလည်း ဘာမှထူးခြားတာမျိုး မရှိဘူးလို့ အားလုံးက ပြောခဲ့ပါတယ် "

၎င်းကိုကြားလိုက်ရသော ကျင်းလီ၏ မျက်လုံးများတွင် သံသယအရိပ်အငွေ့များ ပေါ်လာခဲ့သည် ။

မကြာသေးမီက ကျိယွမ်က သူမအား ရွှမ်းဟွမ်တွင် သတ္တဝါများကို အဆက်မပြတ် တိုက်ခိုက်နေရသည်ဟု ပြောကြားခဲ့သည် ။

ထို့သို့သာ တိူက်ခိုက်နေခဲ့ပါက ရွှမ်းဟွမ်၏ အတွင်းဘက်တွင် သေချာပေါက် လှုပ်လှုပ်ရှားရှားဖြစ်နေသင့်သည် ။

သို့သော် ယခု သူမရရှိသော အချက်အလက်များသည် ထိုအရာများမရှိပါဟု ဆိုလာ၏ ။

သူမသည် မည်သည့်အရာကို ယုံကြည်ရမည်နည်းဟု ရှုပ်ထွေးသွားလေ၏ ။

တစ်ဘက်တွက်ရပ်နေသော တပ်မှူး၏ စိတ်ထဲတွင်လည်း သံသယမေးခွန်းများစွာ ရှိနေခဲ့သည် ။

သို့သော် သူမသည် ဧကရီ၏ သစ္စာခံဖြစ်သောကြောင့် ဧကရီ၏ အမိန့်ကို မတုန်မလှုပ် လိုက်နာမည်ဖြစ်သည် ။

"အင်း"

ကျင်းလီ၏ အသံသည် အေးစက်ပြီး ဂုဏ်သိက္ခာရှိသည် ။

"နင်တို့အားလုံး လှေကားတွေကို သယ်ပြီးရွှမ်းဟွမ်းတားမြစ်နယ်မြေကို သွားကြစမ်း " ။

တပ်သားခြောက်ဦးသည် ဓားများကို ရုတ်တရက်ဆွဲထုတ်လိုက်ပြီး အကျဥ်းသားများကို ချိန်ရွယ်လိုက်၏ ။

ထိုအကျဉ်းသားသုံးဦးစလုံးသည် သေဒဏ်ကျခံထားရသူများဖြစ်ပြီး မည်သည့်အတွက်ကြောင့်ဟု မသိဘဲ ဤနေရာသို့ ခေါ်ဆောင်လာခြင်း ခံခဲ့ရသည် ။

သူတို့သိထားသည်မှာ ရှေ့တွင်ရှိ နေသော ရွှမ်းဟွမ်တားမြစ််နယ်မြေသည် ဧကရာဇ်အဆင့် စွမ်းအားရှင်များပင် ဝင်ရောက်၍မရနိုင်သော နေရာဖြစ်သည် ။

သူတို့လို အကျဥ်းသားများက မည်သို့ဝင်ရောက်နိုင်မည်နည်း ။

သို့သော် ကျောပြင်တွင် ထောက်ထားသော ဓားများနှင့်ရင်ဆိုင်နေရသဖြင့် လှေကားများကို သယ်ဆောင်ကာ ဖြည်းဖြည်းချင်း ရှေ့သို့ ရွေ့လျားနေကြရသည် ။

ဘေးနားတွင် ရပ်နေသောတပ်မှူးက ထိုမြင်ကွင်းအားကြည့်ကာ မရဲတရဲလျှောက်တင်၏ ။

"အရှင်မြတ်က ရွှမ်းဟွမ်တားမြစ်နယ်မြေထဲကို ကို ဝင်ချင်တယ်ဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမယ့်... ဒါကတကယ်အလုပ်ဖြစ်ပါ့မလားဆိုတာကိုတော့ စိုးရွံ့မိပါတယ် "

ကျင်းလီကိုယ်တိုင်လည်း စိတ်ထဲတွင် စိုးရိမ်နေခဲ့သည် ။

သူမက ထိုအမျိုးသမီးခြောက်ဦးကို အလွန်ယုံကြည်သဖြင့် အနည်းငယ်ထုတ်ပြောလိုက်သည် ။

"ငါ့ မိတ်ဆွေတစ်ဦးက လှေကားတစ်ခုပါလာသူတိုင်း ရွှမ်းဟွမ်တားမြစ်နယ်မြေထဲကို ဝင်ရောက်ခွင့်ရနိုင်တယ်လို့ ပြောခဲ့လို့ပဲ ။

တပ်မှုးမှာ ဧကရီအားပြန်မပြောဝံ့သော်လည်း အနည်းငယ် မျက်နှာပြောင်းသွားလေသည် ။

"ဒီဟာ... ဒီဟာက အတော်လေး အဓိပ္ပါယ်မရှိ ဖြစ်နေသလိုပဲ"

အခြား အဖွဲ့ဝင်များကလည်း ထုတ်မပြောဝံ့ကြသော်လည်း ထိုနည်းတူစွာ ခံစားခဲ့ကြသည် ။

ထိုနေရာနှင့် မီတာရာချီဝေးသောနေရာရှိ သစ်ပင်ကြီးပေါ်တွင် အမျိုးသားနှစ်ဦးရှိသည် ။

သံသယရှိရန်မလိုအောင်ပင် သူတို့က အမတ်ချုပ်စစ်မာတျန်း၏ သူလျိုများဖြစ်လေ၏ ။

စစ်မာတျန်းသည် ကျင်းလီကရွှမ်းယွမ်သို့ဝင်ရောက်နိုင်ရန် မျှော်လင့်ချက်မရှိသောကြောင့် အဆင့်မြင့် ကျွမ်းကျင်သူများကိုပင် မစေလွှတ်ခဲ့ပါ ။

သစ်ပင်ထက်မှ ချောင်းမြောင်းနေသူနှစ်ဦးက ကျင်းလီး၏ လုပ်ရပ်ကို စူးစမ်းနေကြသည် ။

"ဧကရီကဘာလုပ်ချင်နေတာလဲ ၊ ရွှမ်းဟွမ်တားမြစ်နယ်မြေထဲကိုချိုးဖောက်ဝင်ရောက်ဖို့လား"

"ရွှမ်းဟွမ်တားမြစ်နယ်မြေထဲ ကိုချိုးဖောက်ဝင်ရောက်ဖို့ဆိုလည်း ထားပါတော့ ဒါပေမယ့် ဘာလို့လှေကားတွေ ထမ်းလာရတာလဲ"

"အဆန်းကြီးဟ "

"ကမ္ဘာကြီးက အမျိုးသားတွေပဲ အုပ်စိုးပြီး အမျိုးသမီးတွေက ရှားရှားပါးပါးအုပ်စိုးရတာ သိပ်တော့မဆန်းဘူး။ ဒီဧကရီကိုပဲကြည့်ပါလား... ရီစရာတော်တော်ကောင်းတယ် "

လှေကားများထမ်းပြီး ရွှမ်းဟွမ်တားမြစ်နယ်မြေထဲကို ဝင်ရန်မှာ တော်တော်ပင် အဓိပ္ပါယ်မရှိသလိုပင် ။

တစ်စုံတစ်ဦးက အီးကျယ်ကျယ်ပေါက်နိုင်လျှင် ကောင်းကင်သို့တတ်နိုင်သည်ဟု ပြောခြင်းနှင့် တူနေလေသည် ။

သိူ့သော် နောက်ဆက်တွဲမြင်လိုက်ရသော မြင်ကွင်းကြောင့် သူတို့၏ မျက်လုံးများပြူးကျယ်သွားကာ မေးရိုးများသစ်ပင်ပေါ်မှ ပြုတ်ကျမတတ်ဖြစ်ကုန်၏ ။

အဘယ်ကြောင့်ဆိုသော် ဧကရာဇ်အဆင့် စွမ်းအားရှင်များပင် မချိုးဖောက်နိုင်သော ရွှမ်းဟွမ်တားမြစ်နယ်မြေ၏ အကာအကွယ်အတားအဆီးကို လှေကားသယ်ဆောင်လာသော အကျဉ်းသားသုံးဦးက လွယ်ကူစွာဖြတ်သန်းသွားသည်ကို မြင်လိုက်ရသော့ကြောင့်ဖြစ်သည် ။

ကျင်းလီ၏ နှလုံးသားသည် စိတ်လှုပ်ရှားလွန်း၍ တဆက်ဆတ်တုန်နေခဲ့သည် ။သူမ၏ရင်ခုန်သံများကိုပင် ပြန်ကြားနေရ၏ ။

"ကျိယွမ် ၊ သူ--သူငါ့ကို မလိမ်ခဲ့ဘူးပဲ "

ကျိယွမ်ပြောခဲ့သည်မှာ အမှန်ပင်ဖြစ်သည် ။

တပ်မှူးနှင့် အခြားအဖွဲ့ဝင်အားလုံးသည် လည်း မျက်လုံးများပြူးကျယ်နေကြပြီး မိမိတို့မြင်နေရသည်ကို ယုံကြည်ဖို့ ခက်ခဲနေခဲ့ကြသည် ။

ကျင်းလီကစိတ်လှုပ်ရှားနေသော်လည်း အရေးကြီးသည့်ကိစ္စကို မမေ့ပါ ။

"ဟွားယွီ နောက်က ပိုးကောင်နှစ်ကောင်ကို ဂရုစိုက်လိုက်ပါ" ။

ဟွားယွီအမည်ရှိသော အဖွဲ့ဝင်သည် ရုတ်တရက် ပျောက်ကွယ်သွားလေသည် ။

ကျင်းလီကတော့ ရွှမ်းဟွမ်တားမြစ်နယ်မြေကို တည်ငြိမ်စွာ စိူက်ကြည့်နေ၏ ။

သူမ တစ်စုံတစ်ရာကို စဉ်းစားနေခြင်းဖြစ်သည် ။

--------

All Chapters