ရွှမ်းဟွမ် တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်ခြင်း
Vol. 1 Ch. 13
လက်ရွေးစင်စစ်သည်များနှင့် သူတို့၏ တပ်မှူးမှာ မယုံနိုင်သောမျက်နှာအမူအရာများဖြင့် ရှိနေကြသည်။
ရွှမ်းဟွမ်တားမြစ်နယ်မြေသည်
နှစ်ပေါင်းမရေမတွက်နိုင်သော အချိန်အထိ ထိတ်လန့်ဖွယ်ရာနေရာအဖြစ် ကြော်ကြားသော နေရာတစ်ခု ဖြစ်၏ ။
သာမန် ဧကရာဇ်များပင် ရွှမ်းဟွမ်အတွင်းသို့ အလွယ်တကူ ဝင်ရောက်ရန်မဖြစ်နိုင်ခဲ့ပေ ။
နှစ်ပေါင်း တစ်သောင်းကျော်အတွင်း၊ မရေမတွက်နိုင်သော စွမ်းအားကြီးသူများက ရွှမ်းဟွမ်အတွင်းသို့ ဝင်ရောက်နိုင်သည့် နည်းလမ်းများကို ရှာဖွေခဲ့ကြသည် ။ အားလုံး က ကျရှုံးမှုဖြင့်သာ အဆုံးသတ်ခဲ့ကြရ၏ ။
သို့သော် ယခုအခါ၊ လှေကားတစ်စင်းပါလာရုံဖြင့် ဝင်ရောက်နိုင်သည် ဆိုသည်မှာ။
သေချာတွေးကြည့်လျှင် နောက်ဆက်တွဲဖြစ်လာနိုင်သော အရာများမှာ သေချာပေါက် သွေးချောင်းစီးမှုများပင်ဖြစ်ပေလိမ့်မည် ။
ကျင်းလီထံမှ ရေခဲကဲ့သို့ အေးစက်သော အမိန့်သံက ထွက်ပေါ်လာသည် ။
"ဒီကိစ္စကို လုံခြုံစွာ ဖုံးကွယ်ထားရမယ် ”
သူမ၏စကားသံဆုံးသည်နှင့် -
"ယခုကိစ္စကို ဒုတိယသူတစ်ဦးထံ ပြန်မပြောရန် ကျွန်တော်မျိုးမတို့၏ အသက်ကိုရင်း၍ ကျိန်ဆိုပါသည်!”
ယခုနေရာ၌ရှိနေသော လက်ရွေးစင် စစ်သည်တို့သည် ယခုကိစ္စက မည်မျှအရေးကြီးသည်ကို သိရှိကြသည်။
လက်ရွေးစင်တပ်မှူးက ကျိန်ဆိုပြီးနောက် စိတ်လှုပ်ရှားစွာ လျှောက်တင်၏ ။
“ဒါက ဧကရာဇ်မင်းမြတ်အတွက် ကောင်းကင်ဘုံက ကောင်းချီးမင်္ဂလာ ပေးတာပါပဲ ! ကျွန်တော်မျိုးမတို့ရဲ့ လူတွေကို စေလွှတ်လို့ရပြီဆိုတော့ သေချာပေါက် ရှားပါတဲ့ အဆင့်မြင့်ဆေးဖက်ဝင်အပင််တွေကို စုဆောင်းနိုင်ပါပြီ ”
ရွှမ်ဟွမ်တားမြစ်ယ်မြေအတွင်းသို့ သက်ရှိများ ဝင်ရောက်နိုင်ခြင်း မရှိခဲ့သည်မှာ အနည်းဆုံး နှစ်ပေါင်း တစ်သောင်း ရှိပြီဖြစ်သည် ။ အတွင်း၌ အလွန်ရှားပါးသော ဆေးဖက်ဝင်အပင််များစွာ ရှိမည်မှာ မြေကြီးလက်ခတ် မလွဲပင် ။
လက်ရွေးစင်တပ်မှူးကိုယ်တိုင် လှေကားတစ်စင်းကို သယ်ဆောင်လာပြီး ဝင်ရောက်ရန် ပြင်ဆင်လိုက်၏ ။
တားမြစ်နယ်မြေအဝင်ဝမှာပင် အဆင့်မြင့်သော တန်ဖိုးကြီးဆေးပင် လေးငါးပင်ကို သူမမြင်တွေ့နေရသည် ။
ကျင်းလီ၏ မျက်နှာကအေးစက်လျှက်ရှိပြီး သူမက စိတ်လှုပ်ရှားနေသော်လည်း မျက်နှာတွင်မဖော်ပြခဲ့ပေ ။
သူမ၏အနီးတွင် လှေကားတစ်ခုရှိ၏ ။ သို့သော် သူမကအလျင်မလိုပါ ။ နောက်ထပ်အတည်ပြုရန် လိုအပ်နေသေးသည် ။
“လောလောဆယ် အလောတကြီး မလုပ်နဲ့ဦး ။ အခြေအနေကို နည်းနည်းထပ်စောင့် ကြတာပေါ့ "
သေဒဏ်ကျခံရသူ အကျဉ်းသားသုံးယောက်သည် အလွန်ယုတ်မာသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ယခုအခါ ထိုသုံးဦးက ရွှမ်းဟွမ် နယ်မြေအတွင်းသို့ ဝင်ရောက်သွားကြလေပြီ ။
သူတို့၏ မျက်နှာများတွင် ထိတ်လန့်တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုတို့ကို အတိုင်းသားမြင်နေရ၏ ။
အကျဥ်းသားတစ်ဦးသည် ဆေးဖက်ဝင်အပင််တစ်ပင််ကို မြင်လိုက်သောအခါ စိတ်လှုပ်ရှားသွား၏ ။ သူက ဘေးပတ်ဝန်းကျင်ကို လှစ်ခနဲအကဲခတ်လိုက်ပြီးနောက် ချက်ချင်းဆိုသလို ဆေးပင်ကို နှုတ်ယူပြီး ဝါးစားပစ်လေသည် ။
ထိုအရာကိုမြင်သောအခါ ကျန်နှစ်ယောက်က အချင်းချင်းကြည့်လိုက်ကြ၏ ။
အပြင်ဘက်တွင်၊ စွမ်းအားကြီးမားသော လက်ရွေးစင်စစ်သည်များ ရှိနေကြသည်။
အသက်ရှင်သန်ရန်၊ ဆေးဖက်ဝင်အပင််များကို စားသုံးခြင်းသည်သာ ၄င်းတို့အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်လေ၏ ။
ထွက်ပြေးရန်စဥ်းစားကြည့်လျှင် သူတို့၏ လက်ရှိ အမြန်နှုန်းမှာ သာမန်လူများနှင့် အဆင့်တူ ဖြစ်နေသည်။
အပြင်ဘက်၌ လက်ရွေးစင် စစ်သည်များက စောင့်ကြည့်နေ၏ ။
သူတို့၏လက်ရှိအင်အားဖြင့် မည်သို့ ထွက်ပြေးနိုင်မည်နည်း။
ရှားပါးဆေးပင်များကိုစား၍ စွမ်းအားများပြန်ရရန် ကြိုးစားမည်ဟု သဘောပေါက်ကြသည် ။
အကျဉ်းသားများ ဆေးဖက်ဝင်အပင််များကို စားသုံးနေသည်ကို မြင်တွေ့ရသော အခါ၊ လက်ရွေးစင်တပ်မှူးမှာ အလွန်စိုးရိမ်ပူပန်နေတော့သည်။
သူမကိုယ်တိုင်ပင် ထိုဆေးဖက်ဝင်အပင််များကို ဤသို့ စားပစ်ရန် မဝံ့ရဲပါချေ ။
သို့သော် သေဒဏ်ကျအကျဉ်းသားများမှာ စျေးပေါတန်ဆေးပင်များအလား တစ်ပင်ပြီးတစ်ပင် မြိုချနေကြသည်!
ဧကရီကျင်းလီကတော့ အေးဆေးတည်ငြိမ်စွာဖြင့် တားမြစ်နယ်မြေအတွင်းကို ကြည့်ရှုနေဆဲသည်။
ထိုမြင်ကွင်းကို မြင်ရသောအခါ၊ လက်ရွေးစင်တပ်မှူးမှာ နေရာတွင် ရပ်နေရသော်လည်း ရင်ဘတ်အတွင်း နက်ရှိုင်းစွာ နာကျင်မှုကို ခံစားနေရသည်။
ထိုအချိန်မှာပင် ဧကရီ၏ လှပသောမျက်ဝန်းများ ကျုံ့ဝင်သွားသည်။
လက်ရွေးစင်စစ်သည်များလည်း တစ်စုံတစ်ရာ သတိထားမိကြပြီး၊ သတိအပြည့် ဖြစ်သွားကြသည် ။
အလွန်ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံ မြည်ဟီးလာပြီး မျက်လုံးပြာပြာ နှင့် အမွေးဖြူဖြူ အရပ်ဆယ်ပေရှိသော သားရဲကြီးတစ်ကောင််ကို အားလုံးမြင်လိုက်ရလေ၏ ။
သားရဲကြီးလာရာလမ်းတစ်လျောက်ရှိ သစ်ပင်များမှာ ကျိုးပဲ့ကုန်၏ ။ ကြီးမားသောခြေထောက်ကြီးဖြင့် နင်းမိသော အရာများ ကြေမွကုန်ကြသည် ။ လေထဲ၌ သစ်သားစများ ကျောက်မှုံများ လွင့်ပျံ့နေ၏ ။
သားရဲကြီးမှာ မျက်စိတစ်မှိတ်အတွင်းအကျဉ်းသားသုံးဦးအနီးသို့ ရောက်လာတော့သည်။
စွမ်းအားကြီးသောသားရဲတစ်ကောင်အတွက် ထိုအကွာအဝေးမှာ ခဏတာမျှသာ ဖြစ်သည်။
"တောင်တန်းကျားပြာကြီး "
လက်ရွေးစင်တပ်မှူးက ထိတ်လန့်စွာ ရေရွတ်လိုက်သည် ။
“သားရဲဘုရင်အဆင့်ရှိတဲ့ ကြောက်စရာသတ္တဝါပဲ "
လက်ရွေးစင်တပ်မှုးမှာ ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး တောင်တန်းကျားပြာကြီးနှင့် အဆင့်တူညီသည်။
သို့သော် အမှန်တကယ်တိုက်ခိုက်ကြလျှင် သူမသည် တောင်တန်းကျားပြာကြီး၏ ပြိုင်ဘက်မဟုတ်ပေ။
ထိုဆန်းကျယ်သော ကျားကြီးများသည် သသွေးဆာတတ်သော သားရဲများလည်းဖြစ်သည်။ အကျဉ်းသားသုံးဦးမှာ သေဆုံးရန်သာ ရှိတော့သည် ။
ကျားပြာကြီးကို မြင်သော အခါ၊ အကျဉ်းသားနှစ်ဦးသည် လှေကားများကို လွှင့်ချပစ်ကာ အရူးအမူး ထွက်ပြေးကြသည်။
ကျန်တစ်ဦးမှာ အလွန်ကြောက်ရွံ့သွားပြီး ခြေထောက်များ မခိုင်တော့ဘဲ တဆက်ဆက်တုန်နေ၏ ။ သူ၏လှေကားကို ကြောက်လန့်တကြား ဖက်ထားကာ ကြက်သေသေနေခဲ့သည် ။
“ဝေါင်း"
တောင်တန်းကျားပြာကြီးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ထွက်ပြေးနေသော အကျဉ်းသားနှစ်ဦးထံသို့ စွမ်းအားလှိုင်းတစ်ခု မှုတ်ထုတ်လိုက်သည်။
သူတို့၏ ခန္ဓာကိုယ်များ ချက်ချင်းအေးခဲသွားပြီးနောက် နေရာမှာတင်လဲကျ၍ အပိုင်းပိုင်းပြတ်သွား၏ ။ သွေးနှင့် အသားစများ နေရာအနှံ့ပျံ့ကြဲသွားကုန်သည်။
ကျန်ရှိနေသော အကျဉ်းသားမှာ သူ၏ လှေကားကို ဖက်ထားရင်း၊ ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ်တုန်ကာ သူ၏ပေါင်ခွကြားမှ သေးများပင်ထွက်ကျနေသည်။
ကျားပြာကြီးက သူ့ကိုစူးရဲစွာကြည့်ရှုလိုက်ကာ စဉ်းစားနေဟန်ခေတ္တရပ်သွား၏ ။ ထို့နောက် ရိုသေလေးစားသည့်အလား ထူးဆန်းသော အမူအရာကို ပြသလိုက်သည်။
ထို့တောက် ကျားပြာကြီးက ချာခနဲ လှည့်ကာထွက်ခွာသွားတော့သည်။
လက်ရွေးစင်တပ်မှူးမှာ ထုံထိုင်းသွားသည်။
အခြား စစ်သည်များလည်း ထူးဆန်းလွန်း၍ စကားမပြောနိုင်ဖြစ်နေကြသည်။
ဘုရင်အဆင့် တောင်တန်းကျားပြာသားရဲဲကြီးက ဘာလို့ထွက်ပြေးသွားတာလဲ ။
သူကသွေးဆာတတ်တဲ့သားရဲ တစ်ကောင်လေ ။
တားမြစ်နယ်မြေထဲကို ဝင်ရောက်လာသူမှန်သမျှကို သားရဲတွေက တိုက်ခိုက်နေကြ မဟုတ်ဘူးလား ။
ဧကရီကျင်းလီ၏ လှပသောမျက်လုံးများက ဝင်းလက်နေပြီး အနည်းငယ်စိတ်လှုပ်ရှားသောအမူအရာကို မြင်နေရသည် ။
လှေကားတစ်စင်းပါရုံနဲ့ ရွှမ်းဟွမ်တားမြစ်နယ်မြေထဲကို အလွယ်တကူဝင်ရောက်နိုင်ပြီး အန္တရာယ်မရှိတော့ပေ ။
"ကျိယွမ်က ငါ့ကို မလိမ်ညာခဲ့ဘူးပဲ "
ကျိယွမ်သည် ဤမျှအရေးကြီးသော သတင်းအား သူမကိုအမှန်အတိုင်း ပြောပြခဲ့ခြင်းဖြစ်သည် ။
"ကျိယွမ် -- တကယ်ပဲ နင်ကဘယ်သူလဲဟင် "
ကျင်းလီမှာ ဝမ်းသာစိတ်နှင့်အတူ အနည်းငယ်လည်း စိတ်ရှုပ်ထွေးနေမိသည်။
“အားလုံး လှေကားတွေယူလာပြီး ငါ့နောက်က လိုက်ခဲ့ကြ ၊ သားရဲတွေနဲ့ တွေ့ရင် လှေကားတွေကို ထားပြီးထွက်မပြေးကြနဲ့ ၊ နားလည်ကြလား "
“နားလည်ပါပြီ အရှင်မြတ် "
စစ်သည်များက ဦးညွှတ်ကာ လိုက်နာကြသည်။
လက်ရွေးစင်တပ်မှူးက အကြံပေးလာ၏ ။
“အရှင်မြတ်ရဲ့ အသက်က ဂုဏ်သိက္ခာကြီးမားသော အနေအထားတွင် ရှိပါတယ် ။အခုလို အန္တရာယ်များတဲ့ နေရာမျိုးကို စွန့်စား မဝင်ရောက်သင့်ကြောင်း လျှောက်တင်ပါရစေ ။ ကျွန်တော်မျိုးမတို့ ဝင်ရောက်စဉ် အရှင်မြတ်က အပြင်မှ သက်သာစွာ စောင့်ဆိုင်းနေတော်မူပါ ။”
ဧကရီ ကျင်းလီက ကျိယွမ်ကို သတိရသွားပြီး ခေါင်းခါလိုက်သည် ။
သူမက ကြောက်ရွံ့ပြီးမဝင်ရောက်ပါက ကျိယွမ်၏ ယုံကြည်မှုကို သစ္စာဖောက်ရာ ရောက်မည်ဟု ခံစားမိ၏ ။
“ကိစ္စမရှိဘူး ၊ ငါကိုယ်တော်လည်း နင်တို့နဲ့အတူ ဝင်ရောက်မယ်။”
ဧကရီတစ်ပါး၏ စကားကို ငြင်းဆိုခွင့်မရှိသောကြောင့် စစ်သည်များမှာ သဘောတူလိုက်ရတော့သည် ။
အားလုံးက လှေကားများကို သယ်ဆောင်ကာ ရွှမ်းဟွမ်တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
စစ်သည်အချို့က ကျန်ရှိနေသော အကျဉ်းသားကို ဖြေရှင်းလိုက်ကြသည်။ထိုအကျဥ်းသားမှာ ရက်စက်သောပြစ်မှုများစွာကျူးလွန်ထားသော ဓားပြတစ်ယောက်ဖြစ်ပြီး သေဒဏ်နှင့်ထိုက်ထန်၏ ။
“ဆေးဖက်ဝင်အပင််တွေ အများကြီးပဲ ”
“ဟုတ်တယ် "
“ဒါက ပွင့်လွှာသုံးချပ်ပန်းမှတ်လား "
"စွမ်းယွိမြက်ပင်"
"ကြည့်ပါဦး သစ်စိမ်းသီးကြီးတွေ မှည့်နေတာ "
လက်ရွေးစင်စစ်သည်များသည် တားမြစ်နယ်မြေ၏ အပြင်စည်းနားမှာပင် ဆေးဖက်ဝင်အပင််များ ပေါများစွာပေါက်နေကြသည်ကို မြင်တွေ့ရသော အခါ၊ စိတ်လှုပ်ရှားကာ ပျော်ရွှင်နေကြသည် ။
ဤနေရာသည် နှစ်ပေါင်း တစ်သောင်းကျော်ကြာ လူမရောက်ဖူးသောနေရာ ဖြစ်သည်။
ထို့ကြောင့် သဘာဝအတိုင်းပေါက်နေကြသ ဆေးဖက်ဝင်အပင််များမှာ စိတ်ကူးယဉ်ထားသည်ထက် ပိုမိုများပြားသည်။
အခြားတားမြစ်နယ်မြေများဆိုလျှင် အပြင်စည်းတဝိုက်သို့ လူသားများရောက်ရှိနိုင်သဖြင့် တန်ဖိုးကြီးဆေးပင်များ မရှိသလောက်ရှား၏ ။ အတွင်းဆုံးထိဝင်ရောက်မှသာ ရနိုင်သည် ။
“တစ်နာရီပဲရှိသေးတယ် ၊ ငါတို့က ရှင်ဘုရင်အဆင့် ဆေးပင်် ၂၃ ပင််ကို ရထားပြီ ”
ကျင်းလီကျေနပ်နေ၏ ။
ဘုရင်အဆင့် ဆေးပင််များမှာ တန်ဖိုးကြီးမားလှသည် ။ နန်းကန်တိုင်းပြည်၏ ဧကရီဖြစ်သော ကျင်းလီပင်လျှင် သူမ၏ ဘဝတစ်လျှောက်တွင် ဆယ်ပင််ပြည့်အောင် မတွေ့ခဲ့ဖူးချေ ။
သို့သော် ဤနေရာတွင် အချိန်တစ်နာရီမျှအတွင်း၊ သူတို့သည် ၂၃ ပင်် စုဆောင်းမိကြသည်။
အခြားအဆင့် ဆေးဖက်ဝင်အပင််များလည်း များပြားစွာ ရရှိခဲ့သေးသည်။
တစ်နာရီကြာ ရိတ်သိမ်းမှုတစ်ခုတည်းကပင်၊ တိုင်းပြည်ဘဏ္ဍာတိုက်၏ တစ်နှစ်စာဝင်ငွေထက် ပိုမိုတန်ဖိုးရှိသည်။
လက်ရွေးစင်တပ်မှူး၏ မျက်နှာမှာ ဝင်းလက်နေ၏ ။
“ဆေးပင််တွေ အများကြီးပိုင်ထားပြီဆိုရင် ကျွန်တော်မျိုးမတို့က ကျွမ်းကျင်သူတွေ အများကြီးကို အဆင့်မြှင့်ပေးလို့ရပြီ ၊ ပြီးတော့ ကျွန်မတို့အတွက် စွမ်းအားကြီးတဲ့ ကျွမ်းကျင်သူတွေကိုလည်း ဒီဆုလာဘ်တွေနဲ့ ဆွဲဆောင်နိုင်တော့မယ် "
ကျင်းလီကိုယ်တိုင်လည်း ဘုရင်အဆင့်ဆေးပင်တစ်ပင်ကို စစ်ဆေးနေရင်း အလွန်ကျေနပ်နေသည်။
သူမသည် ကျိယွမ်ပြောခဲ့သည်ကို သတိရမိသည် ။
သူက ရွှမ်းဟွမ်နယ်မြေကို ရှင်းလင်းပြီးသွားပြီဟု ဆိုခဲ့သည် ။ သို့သော် သူကတန်ဖိုးရှိသည်များကို ချန်ထားပေးခဲ့၏ ။
ကျင်းလီက အရေးကြီးသည့်အချက်ကို မိန့်ကြားလိုက်သည် ။
"ငါတို့တားမြစ်နယ်မြေရဲ့ အနက်ဆုံးအပိုင်းထဲကို ဝင်ပြီး အင်ပါယာအဆင့်ဆေးပင်တွေ ရှာရမယ် ၊ အထူးသဖြင့် ကိုးပွင့်နတ်သမီးပိုးချည်ဆေးပင် တွေ့အောင်ရှာပါ "
ကျင်းလီသည် ကိုးပွင့်နတ်သမီးပိုးချည်ဆေးပင်ရှာရန်အပြင် အခြားရည်ရွယ်ချက်လည်းရှိနေသည် ။
လက်ရွေးစင်စစ်သည်များ၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွား၏ ။
ရွှမ်းဟွမ်တားမြစ်နယ်မြေ၏ နက်ရှိုင်းသောဒေသများတွင် အင်ပါယာအဆင့် ဆေးဖက်ဝင်အပင််များ ရှိသလို အင်ပါယာအဆင့် ကြောက်မက်ဖွယ်သားရဲကြီးများလည်း ရှိနေသည်။
သူတို့သည် ဘုရင်အဆင့်သားရဲများနှင့် ရင်ဆိုင်ရလျှင် ထွက်ပြေးနိုင်သေးသည်။
သို့သော် အင်ပါယာအဆင့်သားရဲကြီးများနှင့် ရင်ဆိုင်ရပါက၊ သေခြင်းတရားကို ရင်ဆိုင်ကြရုံသာရှိ၏ ။
စစ်သည်အားလုံးသည် လှေကားများကို ပို၍ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိကြသည်။
လှေကားများသည် ထိုနေရာတွင် ထိရောက်မှု ရှိဦးမည်လား ဟု စဉ်းစားနေမိ၏ ။
“ကျွန်တော်မျိုးမတို့အားလုံး ဧကရီနှင့်အတူ ဝင်ရောက်ပါမယ် ”
“ကောင်းပြီ။”
ကျင်းလီက ပြတ်သားသော အမူအယာဖြင့် ခေါင်းညိတ်သည်။
သူမ၏ အခြေအနေကို ပြောင်းလဲရန်အတွက် ဘုရင်အဆင့်ဆေးဖက်ဝင်အပင်် နှစ်ဆယ့်သုံးပင်သည် မလုံလောက်သေးချေ ။
ဒေါ်လေးချင်၏ ဒဏ်ရာကိုတိုးတက်စေရန် ပန်းကိုးပွင့်နတိသမီးချည်ဆေးပင်ကို မဖြစ်မနေလိုအပ်နေ၏ ။ ထို့အပြင် အခြားသော အင်ပါယာအဆင့်ဆေးပင်များကိုလည်း ရနိုင်သလောက် စုဆောင်းရန်လိုအပ်၏ ။
ထို့အတူ ရွှမ်းဟွမ်တားမြစ်နယ်မြေ၏ အနက်ဆုံးအပိုင်းကိုလည်း သူမကိုယ်တိုင်
မျက်ဝါးထင်ထင် ကြည့်ရှုလိုသည် ။
ထိုနေရာတွင် ကျိယွမ်သည် နှစ်ဝက်တိတိ နေထိုင်ခဲ့သည် မဟုတ်ပါလား ။ ထူးဆန်းစွာပင် လူချင်းမတွေ့ဖူးသော်လည်း သူ၏အငွေ့အသက်များကို သူမတွေ့ကြုံချင်နေ၏ ။
လှေကားများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော မိန်းမလှလေးများသည် သတိကြီးစွာဖြင့် ရွှမ်းဟွမ်တားမြစ်နယ်မြေအတွင်းပိုင်းသို့ တရွေ့ရွေ့လျှောက်လှမ်းသွားကြသည် ။
သူတို့က သားရဲများနှင့်ရင်ဆိုင်ရသည့်အခါတိုင်း ရှောင်ကွင်း၍သွားကြ၏ ။ သူတို့အဖွဲ့ထက် အားနည်းသောသားရဲများကိုလည်း မတိုက်ခိုက်ဘဲ ရှောင်သွားသလို အားကြီးသောသားရဲကြီးများကိုလည်း
လှေကားများကို ကျစ်ကျစ်ပါအောင် ဆုပ်လျှက် လျစ်လျူရှုကာ ဆက်သွားကြ၏ ။
ထိုအခါ သားရဲကြီးများကလည်း သူမတို့အဖွဲ့အား မမြင်သလိုပြုမူနေကြလေ၏ ။
ဤမြင်ကွင်းသည် လက်ရွေးစင်တပ်မှူးအား ပို၍ပင် အံ့အားသင့်စေသည် ။ သူမက ထိုစကားကိုပင် ထပ်ကာရေရွတ်မိပြန်၏ ။
"လှေကားတွေက်ု သယ်လာရုံနဲ့ရွှမ်းဟွမ်တားမြစ်နယ်မြေထဲကို ဝင်လို့ရတဲ့အပြင် သားရဲတွေအကုန်လုံးကလည်း မတိုက်ခိုက်ကြဘူး ၊ ဒါက တကယ်ကို မယုံနိုင်လောက်အောင် ဆန်းကြယ်နေတယ် "
သူမက ဧကရီကျင်းလီအား ဦးညွှတ်လိုက်သည် ။
"ဒီနည်းလမ်းကို အရှင်မြတ်အား လမ်းညွှန်ပေးခဲ့တဲ့ မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးအကြောင်း အမိန့်ရှိတော်မူပါ "
အခြားသူများကလည်း ကျင်းလီအား စူးစမ်းသောအကြည့်များဖြင့် ကြည့်ရှုလိုက်ကြသည်၊ သူမတို့အားလုံးက မယုံနိုင်စရာ နည်းလမ်းကို ညွှန်ပြခဲ့သော မြင့်မြတ်သည်ပုဂ္ဂိုလ်ကြီးအကြောင်းကို စိတ်ဝင်စားမှု အပြည့်ဖြင့် သိလိုနေသည် ။
ထိုပုဂ္ဂိုလ်သည် သေချာပေါက် ထိပ်တန်းအဆင့် ဧကရာဇ်တစ်ပါး ဖြစ်မည်မှာ သေချာပေသည်။
******