← Chapters

နတ်ဘုရားနှင့်နတ်ဆိုးလောကသို့ ပြန်သွားခြင်းနှင့် ရဲရှင်းချန် တိုက်ခိုက်ခံရခြင်း

Vol. 14 Ch. 184

နတ်ဘုရားနှင့်နတ်ဆိုးလောကသို့ ပြန်သွားခြင်းနှင့် ရဲရှင်းချန် တိုက်ခိုက်ခံရခြင်း

Vol. 14 Ch. 184

ဆေးလိပ်တို လက်နက်ဝိညာဉ်နှင့် စကားပြောပြီးနောက်တွင် ရဲရှင်းဟွေ့၏ စိတ်အာရုံသည် လက်နက်ဝိညာဉ်နေရာမှ ထွက်ခွာသွားလေ၏။

ထိုနေရာမှ ထွက်ခွာလာပြီးနောက်တွင် ရဲရှင်းဟွေ့သည် နောက်ဆုံး၌ သူနှင့် ဆေးလိပ်ခွက်ကြားမှ ဆက်သွယ်မှုကို ခံစားလိုက်ရချေသည်။

ရဲရှင်းဟွေ့က စိတ်ဖြင့် တွေးလိုက်သည်နှင့် ဆေးလိပ်ခွက်သည် စားပွဲပေါ်မှ လွင့်ပျံတက်လာပြီ။ ထို့နောက် ရဲရှင်းဟွေ့က ဆေးလိပ်ခွက်ကို လှည့်ပတ်ပျံသန်းစေရန် ထိန်းချုပ်လိုက်ပုံပင်။

"ဝူးဟူး... ဧကရာဇ်အဆင့် လက်နက်တစ်ခုရဲ့ ခံစားချက်က ဒီလိုမျိုးလား။"

ခဏမျှ ကစားပြီးနောက် ရဲရှင်းဟွေ့က ဆေးလိပ်ခွက်ကို အကြီးအသေး ပြုလုပ်ရန် ထိန်းချုပ်လိုက်ပေသည်။

သို့သော် ရဲရှင်းဟွေ့က ဆေးလိပ်ခွက်ကို ပိုကြီးလာစေရန် ကြိုးစားလိုက်သည့်အခိုက်တွင် သူ့ခန္ဓာကိုယ်ထဲမှ မာနာနှင့် စွမ်းအင်များက ချက်ချင်းပင် တစ်ဝက်ကျော် လျော့ကျသွားသည်ကို ခံစားလိုက်ရ၏။

"ဘာဖြစ်ရတာတုန်း။ စွမ်းအင်တွေ အဲ့လောက်တောင် သုံးရတာလား။"

ရဲရှင်းဟွေ့သည် တစ်မီတာကျော်သာ ကြီးလာသော ဆေးလိပ်ခွက်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အဲ့ဒီ ငတုံးနတ်ဘုရားဆီကနေ ဒီလိုလက်နက်ကောင်းတစ်ခုရလိုက်တာက တော်တော်တန်တယ်။ ဟားဟားဟား။"

တစ်ဖက်တွင်မူ…

ကုတ်များရေးသားရန် ကြိုးစားလုပ်ဆောင်နေသော အလုံးစုံမြင်နတ်ဘုရားသည် ဆေးလိပ်တိုမီးဖြင့် လောင်ကျွမ်းထားသော အနက်ရောင်အမှတ်အသားများပါသည့် စက္ကူပုံးကို ကြည့်ကာ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

"ဟူး။ ဆေးလိပ်ခွက်အသစ်တစ်ခု ထပ်ဝယ်ရဦးမယ်နဲ့ တူတယ်ကွာ။"

ထိုသို့ ရေရွတ်ပြီးနောက် အလုံးစုံမြင်နတ်ဘုရားသည် သူ၏ဖုန်းကိုထုတ်ကာ Taobao စတိုးအက်ပ်ကို ဖွင့်လိုက်၏။

ဤ Taobao စတိုး၏ တရားဝင်အမည်မှာ နတ်ဘုရားများ၏ ပစ္စည်းအများအပြား လက္ကားဈေး ဖြစ်ပြီး လူ့လောကရှိ Taobao စတိုး မဟုတ်သည်မှာ ထင်ရှားလှပေသည်။

ထိုအထဲသို့ ဝင်ရောက်ပြီးနောက် သူသည် အရင်တစ်ခုနှင့် တစ်ပုံစံတည်းတူသော ဆေးလိပ်ခွက်တစ်လုံးကို ရှာတွေ့ခဲ့ပြီး မှာယူကာ ငွေချေခြင်းကို တစ်ထိုင်တည်း ပြုလုပ်ခဲ့သည်။

အကယ်၍ သေချာကြည့်မည်ဆိုလျှင် ထိုဆေးလိပ်ခွက်၏ မှာယူမှုအရေအတွက်မှာ ကိုးဆယ့်ကိုး ဖြစ်နေပြီး တစ်ရာပြည့်ရန် တစ်ခုသာ လိုတော့သည်ကို တွေ့မြင်နိုင်ပေသည်။

….

ရဲရှင်းဟွေ့သည် ခဏမျှကစားပြီးနောက် သူ၏အစ်ကိုကြီးကို ရှာဖွေလိုက်သည်။

"အစ်ကို၊ ဟိုဘက်ကမ္ဘာကို သွားကြည့်ချင်လား"

ရဲရှင်းဟွေ့က ပြုံး​ပြီး မေးလိုက်၏။

"သွားချင်တာပေါ့။"

ရဲရှင်းချန်က တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်ချေသည်။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ထိုကမ္ဘာကို မြင်တွေ့လိုသောကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ကမ္ဘာပေါ်တွင် ကျင့်ကြံသူများအတွက် ကန့်သတ်ချက်များ အလွန်များပြားလှပြီ။ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည့် ဝိညာဉ်စွမ်းအင်ချီမှာ အလွန်ရှားပါးပြီး အခြားသောအရင်းအမြစ်များမှာလည်း လူအနည်းငယ်၏ လက်ထဲတွင်သာ ရှိနေပုံပင်။

ရဲရှင်းချန်အတွက်မူ ထိုအရင်းအမြစ်များကို အခြားသူများက ဖုံးကွယ်သိမ်းဆည်းထားခြင်းသည် လုံးဝမရှိခြင်းနှင့် ဘာမှမခြားနားပေ။

ရဲရှင်းချန် သဘောတူသည်ကို မြင်သောအခါ ရဲရှင်းဟွေ့က မီးကွင်းတံခါးပေါက်တစ်ခုကို တိုက်ရိုက်ဖွင့်လိုက်သည်။

တံခါးပေါက်၏တစ်ဖက်တွင် ရဲရှင်းဟွေ့ အရင်က ရှိနေခဲ့သော သစ်ပင်ကြီးများတောအုပ်ရှိပြီး ယခုအခါတွင်မူ ထိုတောအုပ်အလယ်၌ လွင်ပြင်တစ်ခုရှိနေကာ လွင်ပြင်၏အလယ်တွင် ချိုင့်ကြီးတစ်ခုပင် ရှိနေသေး၏။

"မင်းရဲ့စွမ်းရည်က တော်တော်အသုံးဝင်တာပဲ"

ရဲရှင်းချန်က ရဲရှင်းဟွေ့အသုံးပြုသော မီးကွင်းတံခါးပေါက်ကို ကြည့်ကာ ပြောလိုက်သည်။

"ဒါပေါ့။ စုန်းဘုရင်ဆီက ရထားတာလေ။"

စကားပြောနေစဉ်မှာပင် ရဲရှင်းဟွေ့က ရှေ့မှဦးဆောင်၍ မီးကွင်းတံခါးပေါက်ထဲသို့ ဝင်သွားသည်။

လူနှစ်ယောက်လုံး ဝင်ရောက်ပြီးနောက် ရဲရှင်းဟွေ့က တံခါးပေါက်ကို ပြန်ပိတ်လိုက်၏။

ရဲရှင်းချန်သည် ဤကမ္ဘာသို့ ရောက်သည်နှင့် သူ၏အာရုံခံနိုင်စွမ်းကို အမြင့်ဆုံးသို့ ချက်ချင်းဖွင့်လိုက်ချေသည်။

သူသည် မသေမျိုးဧကရာဇ်တစ်ပါး၏ အစွမ်းကို မပိုင်ဆိုင်တော့သော်လည်း ရဲရှင်းချန်၏ စိတ်ပိုင်းဆိုင်ရာအာရုံခံနိုင်စွမ်းနှင့် ဝိညာဉ်စွမ်းအားတို့မှာ အလွန်အမင်း အစွမ်းထက်နေဆဲဖြစ်သည်။

ရဲရှင်းချန်က သူ၏အာရုံခံနိုင်စွမ်းကို ချဲ့ထွင်လေလေ သူ၏မျက်နှာအမူအရာမှာ ပို၍စိတ်လှုပ်ရှားလာလေလေ ဖြစ်ပြီ။

အကြောင်းမှ သူသည် ဤကမ္ဘာတွင် သူ၏အရင်ဘဝက ကျင့်ကြံခြင်းလောကထက် မနိမ့်ကျသော အရှိန်အဝါတစ်ခုကို ခံစားမိသောကြောင့် ဖြစ်သည်။

"ဒီကမ္ဘာက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။"

ရဲရှင်းချန် စကားဆုံးသည်နှင့် သူ၏မူလစိတ်လှုပ်ရှားနေသော မျက်နှာအမူအရာသည် ရုတ်တရက် တည်သွားသည်။

"သတိထား၊ တိုက်ခိုက်မှုလာနေပြီ။"

ထိုအချိန်တွင် ရဲရှင်းဟွေ့ ရင်းနှီးနေသော နေရာဒေသဆိုင်ရာ လှိုင်းဂယက်တစ်ခု ပေါ်ပေါက်လာပြီး မြားတစ်စင်းက ရဲရှင်းချန်ထံသို့ ပစ်ခွင်းလာ၏။

‘ဖြောင်း’ ဟူသော အသံများနှင့်အတူ ရဲရှင်းချန်၏ ယာယီအကာအကွယ်ဒိုင်းနှင့် အခြားသော ခုခံရေးနည်းလမ်းအချို့သည် ရုတ်တရက် ကွဲကြေသွားပြီး နောက်ဆုံးတွင် မြားသည် ရဲရှင်းချန်၏ ရင်ဘတ်ကို ထုတ်ချင်းဖောက်ဝင်သွားသည်။

ရဲရှင်းဟွေ့သည်လည်း သူနှစ်ကြိမ်တိုင်တိုင် တားဆီးနိုင်ခဲ့သော မြားက သူ၏အစ်ကိုကြီးခန္ဓာကိုယ်ကို ထုတ်ချင်းဖောက်ဝင်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အလုံးစုံမြင်နတ်ဘုရား - မင်း ဘာလို့ အဲ့ဒါကို တားနိုင်ခဲ့လဲလို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိသေးရဲ့လား။ အဲ့ဒါ ငါ အထူးလုပ်ထားတဲ့ ပစ္စည်းကွ။

ရဲရှင်းဟွေ့သည် ထိုတိုက်ခိုက်မှုကို နှစ်ကြိမ်တားဆီးနိုင်ခဲ့၏။ တစ်ကြိမ်မှာ အလုံးစုံမြင်မျက်လုံးကြောင့်ဖြစ်ပြီး နောက်တစ်ကြိမ်မှာ ထိုမျက်လုံးမှ အသစ်ဖြစ်ပေါ်လာသော နတ်ဘုရားစွမ်းရည်ကြောင့် ဖြစ်သည်။

ထိုနှစ်ကြိမ်စလုံးသည် အလုံးစုံမြင်နတ်ဘုရားနှင့် သက်ဆိုင်နေပေသည်။

ဖန်တီးရှင်နတ်ဘုရား (ပရိုဂရမ်မာ) တစ်ပါးဖြစ်သော အလုံးစုံမြင်နတ်ဘုရားအတွက်မူ ကမ္ဘာပေါ်ရှိ မည်သည့်အင်အားအကြီးဆုံးပုဂ္ဂိုလ်မဆို လွယ်လွယ်ကူကူ နင်းခြေသတ်ဖြတ်နိုင်သော ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။

ပုရွက်ဆိတ်များ၏ တိုက်ခိုက်မှုသည် သူ့ကို အများဆုံး စိတ်အနှောင့်အယှက်ဖြစ်စေခြင်း သို့မဟုတ် ဒေါသထွက်စေခြင်းသာ ပြုနိုင်ပေ၏။

ဥပမာအားဖြင့် သူခုလေးတင်ရေးပြီးသော ကုတ်များ ပျက်သွားခြင်းမျိုးဖြစ်သော်လည်း သူ့အပေါ်တွင်မူ ခြိမ်းခြောက်မှုတစ်စုံတစ်ရာ မပြုနိုင်ခဲ့ချေ။

အလုံးစုံမြင်နတ်ဘုရား - ကျစ်၊ မြားက ငါ့လက်ကို တွန်းလိုက်တာထက်စာရင် လက်ဖြစ်ဖြစ်၊ လက်ချောင်းဖြစ်ဖြစ် ပေါက်ကွဲသွားတာကမှ တော်ဦးမယ်။ ဒါဆို ငါ ဖျက်ရန်ခလုတ်ကို နှိပ်မိမှာမဟုတ်ဘူး။

…

"အစ်ကို၊ အဆင်ပြေရဲ့လား"

ရဲရှင်းဟွေ့က ရဲရှင်းချန်ထံသို့ လာကာ စိုးရိမ်တကြီး မေးလိုက်သည်။

"ငါ အဆင်ပြေပါတယ်..."

ရဲရှင်းချန်က သူ၏ဘယ်ဘက်လက်ဖြင့် ဒဏ်ရာကို ညင်သာစွာ ဖိလိုက်သည်နှင့် ဒဏ်ရာမှ သွေးထွက်ခြင်းသည် ချက်ချင်း ရပ်တန့်သွားသည်။

"ဒီကမ္ဘာကလူတွေက ငါတို့ကို မကြိုဆိုဘူးထင်တယ်။ အရင်ဆုံး ထွက်သွားကြစို့။ ကမ္ဘာနှစ်ခုကြားက လမ်းကြောင်းကို တော်တော်လေး စောင့်ကြပ်ထားပုံပဲ။"

ထိုစကားကိုကြားသော် ရဲရှင်းဟွေ့က ခေါင်းညိတ်လိုက်ပြီး ကမ္ဘာသို့ပြန်ရန် တံခါးပေါက်ကို ဖွင့်လိုက်သည်။

ကမ္ဘာသို့ ပြန်ရောက်ပြီးနောက် ရဲရှင်းဟွေ့က တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲမှ ဂျင်ဆင်းအမြစ်တစ်ချောင်းကို ထုတ်ယူကာ ရဲရှင်းချန်ထံသို့ ပေးလိုက်၏။

ရဲရှင်းချန်က ဂျင်ဆင်းကို ယူ၍ တိုက်ရိုက် စားသုံးလိုက်ချေသည်။

ဤဂျင်ဆင်းတွင် သန့်စင်သော ဝိညာဉ်စွမ်းအင်ချီများ ပါဝင်သည်။ ၎င်းကို စားလိုက်သည်နှင့် ရဲရှင်းချန်၏ ရင်ဘတ်ပေါ်မှ ဒဏ်ရာသည် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

..

ထိုအချိန်တွင်…

နတ်သူရဲချုပ်ယိသည် သူ၏လက်ထဲမှ လေးနှင့်မြားကို ချထားလိုက်ပြီး "အငွေ့အသက်တွေ ပျောက်သွားပြီလား" ဟု တိုးတိုးရေရွတ်လိုက်သည်။

သူခုလေးတင်ပစ်လွှတ်လိုက်သော မြားသည် မည်သူ့ကိုမျှ မသတ်နိုင်ခဲ့သည်ကို သူခံစားမိ၏။ တစ်နည်းအားဖြင့်ဆိုသော် အရင်ကျူးကျော်သူသည် သူ၏မြားထိမှန်ပြီးနောက် အသက်ရှင်ကျန်ရစ်ရုံသာမက ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

"ထင်တဲ့အတိုင်းပဲ... တခြားကမ္ဘာကလူတွေက တော်တော်အစွမ်းထက်တာပဲ။"

နတ်သူရဲချုပ်ယိသည် အရှိန်အဝါနှစ်ခုအနက် တစ်ခုမှာ အရင်က ဤကမ္ဘာသို့ ရောက်ဖူးသော ရဲရှင်းဟွေ့၏ အရှိန်အဝါဖြစ်ပြီး နောက်တစ်ခုမှာ သူ မသိသော အရှိန်အဝါဖြစ်သည်ကို ခံစားမိသည်။

ရဲရှင်းဟွေ့၏ အရှိန်အဝါက အားနည်းသော်လည်း သူ၏စွမ်းရည်များမှာ အလွန်ထူးဆန်းလှသောကြောင့် သူသည် ပိုမိုအားကောင်းသော အခြားအရှိန်အဝါကို ပစ်မှတ်ထားခဲ့၏။ သို့သော် နတ်သူရဲချုပ်ယိသည် ထိုသူကိုပင် မသတ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အရင်တစ်ခေါက် ဖြစ်ခဲ့သောအဖြစ်အပျက်ပြီးနောက် သူသည် ကိုယ်တိုင်သွားရောက်ရန် အစီအစဉ်မရှိတော့ဘဲ အဝေးမှသာ စောင့်ကြည့်နေခဲ့သည်။ ရှင်းပြမရသော နေရာဒေသဆိုင်ရာ အက်ကွဲကြောင်းများမှ အခြားသက်ရှိတစ်ဦးဦး ထွက်ပေါ်လာသည်နှင့် သူသည် အဝေးမှ တိုက်ရိုက် ပစ်ခတ်မည်ဖြစ်သည်။

ဤသို့ပြုလုပ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ နတ်ဘုရားနှင့်နတ်ဆိုးလောကတွင် စစ်ပွဲဖြစ်ပွားနေပြီး ရှေးဟောင်းတောအုပ်၏ တည်နေရာမှာ နတ်မျိုးနွယ်စု၏ နယ်မြေနောက်ဘက်ခြမ်းနှင့် ညီမျှနေသောကြောင့် ဖြစ်သည်။

သူ စုံစမ်းစစ်ဆေးလိုလျှင်ပင် စစ်ပွဲပြီးဆုံးသည်အထိ စောင့်ဆိုင်းရပေဦးမည်။

…

နောက်တစ်နေ့…

ရဲရှင်းဟွေ့၊ ရဲရှင်းချန်နှင့် ဖန်လုံတို့သည် ခွန်းလွန်တောင်အောက်ရှိ နယ်စပ်မြို့လေးမှ အတူတကွ ကားမောင်းထွက်ခွာလာကြသည်။

ဤခွန်းလွန်တောင်ခရီးစဉ်တွင် ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်နှစ်ဦးစလုံး အကျိုးအမြတ်များစွာ ရရှိခဲ့ကြ၏။

ရဲရှင်းဟွေ့သည် အိမ်မွေးတိရစ္ဆာန်သုံးကောင်၊ ကျားနှစ်ကောင်နှင့် နဂါးတစ်ကောင်၊ ယခု တောင်တန်းနှင့်မြစ်ချောင်းများမြေပုံတွင် စိုက်ပျိုးထားသော ဆေးဖက်ဝင်အပင်မျိုးစုံနှင့် ရှေးဟောင်းကျမ်းစာများမှ လက်နက်များကို ရရှိခဲ့သည်။

ရဲရှင်းချန်မှာမူ အခြားကမ္ဘာတစ်ခုသို့ သွားရောက်နိုင်သော တံခါးပေါက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ချေသည်။

နတ်ဘုရားနှင့်နတ်ဆိုးလောကသည် မည်သို့သောကမ္ဘာမျိုးပင်ဖြစ်စေ သူတို့လက်ရှိရောက်နေသော ကမ္ဘာထက် ပိုမိုအားကောင်းသည်မှာ သေချာပြီ။

အားကောင်းသောသူများရှိသည့် ကမ္ဘာသည် သဘာဝအားဖြင့် အရင်းအမြစ်များ ပေါကြွယ်ဝမည်သာ ဖြစ်သည်။

နတ်ဘုရားနှင့်နတ်ဆိုးလောကသို့ ပြန်သွားရန် စီစဉ်ခြင်းမှာ ပေါကြွယ်ဝသော အရင်းအမြစ်များကြောင့်သာမက သူ့ကိုမြားဖြင့်ပစ်ခတ်ခဲ့သောသူကို ရှာဖွေရန်လည်း ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေကာမူ သူ၏ မသေမျိုးဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာကို ထိပါးစော်ကားရန် လွယ်ကူလှသည်မဟုတ်ပေ။

နတ်ဘုရားကျင့်ကြံခြင်းလောကတွင် ရဲရှင်းချန် အားနည်းနေသေးစဉ်က တတိယတန်းစားဂိုဏ်းတစ်ခု၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

နောက်ပိုင်းတွင် စွန့်စားခန်းပေါင်းများစွာ တွေ့ကြုံပြီးနောက် ရဲရှင်းချန်သည် အစွမ်းထက်လာခဲ့၏။

ထိုတတိယတန်းစားဂိုဏ်းကို တိုက်ခိုက်ရန် လုံလောက်သောအစွမ်း မရှိသေးသော်လည်း သူသည် ထိုနေရာသို့ သွားရောက်လည်ပတ်ခဲ့ချေသည်။

ပထမဦးစွာ သူသည် လုပ်ကြံသတ်ဖြတ်မှုအမျိုးမျိုးကို လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးတွင် သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ အဆုံးတွင် ထိုတတိယတန်းစားဂိုဏ်းမှာ ပျက်စီးသွားခဲ့ရသည်။

ယခုတစ်ကြိမ် မြားဖြင့်အပစ်ခံရပြီးနောက် ရဲရှင်းချန်သည် များစွာမကျေမနပ်ဖြစ်မနေဘဲ သူ၏စိတ်အခြေအနေမှာ တည်ငြိမ်နေဆဲဖြစ်ပြီ။ သူသည် ထိုကဲ့သို့သောအရာကို လွှတ်ထား၍မဖြစ်ဟုသာ ခံစားမိ၏။

အကယ်၍ သူ မကျေမနပ်ဖြစ်ခဲ့ပါက ရဲရှင်းဟွေ့မှာ အလွန်ပျော်ရွှင်နေမည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် သူ၏အစ်ကို စိတ်အခြေအနေပြောင်းလဲမှသာ သူသည် ဆက်လက်၍ လိမ်လည်လှည့်ဖြားနိုင်မည်ဖြစ်သောကြောင့်ပင်။

ရဲရှင်းချန်သည် ပြဿနာရှာမည့်သူမဟုတ်သော်လည်း အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို ရန်စလာပါက သူတို့၏အဆုံးသတ်မှာ သိပ်ကောင်းလှမည်မဟုတ်ပေ။

××××××

All Chapters